ဓါတ်ပုံ – Getty
တဆင့်တိုးလာတဲ့သံတမာန်ရေးဖိအား
– ဝင်းမျိုးသူ (သူ့အတွေးသူ့အမြင်)
ကုလလုံခြုံရေးကောင်စီက မြန်မာပြည်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် Resolution ထုတ်ပြန်ပါတယ်။ တရုပ်၊ ရုရှားတို့က statement ကြေငြာချက် သာ ထုတ်ပြန်စေချင်ပေမဲ့ ဒီတခါတော့ Resolution ဆုံးဖြတ်ချက်အနေနဲ့ ထုတ်ပြန် တာပါ။ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် လိုက်နာဘို့ရာ တောင်းဆိုတာ ဖြစ်ပါတယ်။
မလိုက်နာရင် နောက်တဆင့် ပိုပြင်းထန်တဲ့ အရေးယူမှုမျိုးတွေ ဆောင်ရွက်နိုင်ဖို့ တဆင့် တိုးသွားတာ ဖြစ်ပါတယ်။ လက်ရှိဆုံးဖြတ်ချက်မှာတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ နှင့် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့တောင်းဆိုထားတာပါ။
တချိန်တည်း ထိုင်းနိုင်ငံကအလွတ်သဘောတွေ့ဆုံမှုမျိုးတွေ စီစဉ်နေတာလို့လည်းသိရတော့ မြန်မာ SAC အနေနဲ့ တစုံတရာ သံတမာန်ရေးလှည့်ကွက်ကို ကစားမယ်လို့ မျှော်လင့်ရပါတယ်။ အနည်းဆုံး ထုံးစံအတိုင်း မင်းတို့ကြောက်လို့ လုပ်တာမဟုတ်ဘူး ငါတို့အစီအစဉ်အတိုင်းလွတ်လပ်ရေးနေ့မို့ လွှတ်တာဆိုပြီး နိုင်ငံရေး အကျဉ်းသားတချို့ပြန်လွှတ်မှာဖြစ်ပါတယ်။
အာဆီယံကိုယ်စားလှယ်လာတာ ခွင့်ပြုကောင်းခွင့်ပြုမှာဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြု မှာတော့ မဟုတ်လောက်ပါဘူး၊ တရားစီရင်ရေးမပြီးသေးတဲ့အတွက် တို့အချုပ်အချာအာဏာကို လေးစားပါ၊ မနှောက်ယှက်နဲ့ဆိုပြီး ကန့်ထားဦးမယ်ထင်ပါတယ်။
တချို့တိုင်းရင်းသားအဖွဲ့တွေနဲ့ ပေးတွေ့တာမျိုး တွေ့ဆုံဆွေးနွေးတာမျိုးတွေ လုပ်မယ်မျှော်လင့် ရပါတယ်။
ဘာပဲဖြစ်ဖြစ် statement ထက်စာရင် resolution ဆုံးဖြတ်ချက်ဟာ မဖြစ်မနေ လိုက်ပါ ဆောင်ရွက်ရတဲ့ စည်းနှောင်အားရှိတဲ့အတွက် ၂၀၂၃ ထဲ ဒေါ်အောင်ဆန်းစုကြည်အမှုပြီးအောင် စီရင်ပြီး ရွေးကောက်ပွဲ လုပ်ကာနီး ကပ်ပြီး အာဆီယံ ကိုယ်စားလှယ်နဲ့ပေးတွေ့တဲ့ သံတမာန်ရေးအချိန်ဆွဲ diplomatic delay ရွှေ့ကွက် လောက်တော့ မြန်မာဖက်က လုပ်လာလိမ့်မယ် ထင်ရပါတယ်။
အာဆီယံဘုံသဘောတူညီချက် ငါးချက်ကလည်း စင်စစ်တော့ အခွံချည်းသာမို့ ဒါကိုပဲ စျေးတတ်နိုင် သလောက်စစ်ပြီး အချိန်ဆွဲကာ SAC က သူအလိုရှိရာ သူလုပ်သွားမှာပါ။ တခုရှိတာကတော့ ရွေးကောက်ပွဲ လုပ်မလား ဒါမှမဟုတ် ၂၀၀၈ခြေဥဖျက်ပြီးစစ်အုပ်ချုပ်ရေးဆွဲဆန့်မလား ချီတုံချီချ ဖြစ်နေစဉ်မှာ ဒီ resolution ကြောင့် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ဖို့များသွားမယ်ထင်ပါတယ်။
ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ဒါမှမဟုတ်လည်း အိမ်မှာ အကျယ်ချုပ် ထားတာမျိုး လျှော့ပေါ့ပြီး SAC လုံးဝနှိမ်နင်းလို့မရတော့တဲ့ PDF တွေကို ပြန်ပြီးဖိအားပေး သွားနိုင် ဖွယ်ရာ ရှိပါတယ်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ နိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲလာတဲ့ DASSK အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ပြောင်ပြောင်တင်းတင်း လက်ခံဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးထင် ပါတယ်။
ပြည်သူတွေဆုံးဖြတ်တာကိုပဲ လိုက်နာပါမယ်ဆိုပြီး မယုတ်မလွန်ပြောမဲ့သဘောရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံပါဆိုတဲ့ ရပ်တည်ချက်ကိုပဲ ဆက်လက်ကိုင်ဆွဲမယ်လို့ယူဆရပါတယ်။
တဖက်မှာလည်း ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာမဲ့ ဒီမိုကရေစီရုပ်သေးအစိုးရ လက်ထက်မှာ အရပ် သား အစိုးရ ဖြစ်သည့်အလျောက် စစ်အုပ်ချုပ်ရေးကဲ့သို့ မဟုတ်ပဲ အာဏာလေဟာနယ် power vacuum တခုပေါ်လာနိုင်စရာရှိပါတယ်။ လုံခြုံရေးအကြောင်းပြပြီး စစ်အုပ်ချုပ်ရေး နေရာဒေသ အလိုက် ဆက်ကျင့် သုံးနေရဦးမဲ့သဘောလည်းရှိပါတယ်။
လက်ရှိ SAC ခေါင်းဆောင်က တပ်ကို လက်မလွှတ်ချင်သေးဘူးလို့ ယူဆချက်မှန်ရင် တနည်းနည်းနဲ့ တပ်ကို ဆက်ကိုင်ထားနိုင်ရေးကြိုးပမ်းမဲ့ institution ကစားတာတွေ လုပ်လာတဲ့အခါ လက်ရှိအာဏာ အထိုင်ဟာ ပိုရွဲ့စောင်းလာစရာရှိပါတယ်။
အာဏာ setting အသစ်မှာတပ်တွင်းပိုပြီး မကျေနပ်ချက်တွေ တိုးပွါးလာမလား ဒီအတိုင်းပဲ မကြိုက် သော်လည်း အောင့်ကာနမ်းနဲ့ ကျောကပ်မပျက် နေကြဦးမှာလား ကတော့ စောင့်ကြည့်ရမှာပါ။
ရွေးကောက်ပွဲလုပ်တဲ့အခါ PR စနစ်ပြဌာန်းထားသော်လည်း အလိုရှိတဲ့အစိုးရ တက်လာဖို့ သာမန်မဟုတ်တဲ့ နည်းလမ်းတွေကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးမှသာဖြစ်နိုင် လိမ့်မယ်လို့ ယူဆပါတယ်။
ဒီအခါ ပိုပြီးအိုးနင်းခွက်နင်းထိန်းရ ပိုခက်လာနိုင်ပါတယ်။ ကြံဖွံ့အနေနဲ့ ၂၅% မဲရမှသာ တပ်၂၅% နဲ့ပေါင်းပြီး အစိုးးဖွဲ့နိုင်မှာမို့ ရွေးကောက်ပွဲစိတ်တိုင်းကျလုပ်တာတောင် အဲ့လောက် မဲရနိုင်ပါ့ မလားစဉ်းစားစရာ ရှိပါတယ်။
ဒီအီလည်လည်နိုင်ငံရေးလမ်းစဉ်ထဲမှာ နိုင်ငံရေးတွန်းထိုးလှုပ်ရှား မှုက ဘယ်လိုဖြစ်လာမလည်း တိုင်းရင်းသားနိုင်ငံရေးနှင့်လက်နက်ကိုင်များရဲ့ အရွေ့ကဘယ်လောက်ရှိမလည်း PDF တွေ ရွေးကောက်ပွဲ အလွန် အတိုးအဆုတ် ဘယ်လောက်ထိလုပ်နိုင်မလည်း political space ဘယ်လောက်တိုးချဲ့ နိုင်မလဲ သို့လောသို့လော များစွာနဲ့ ကုလကာလုံရဲ့ ပထမဆုံး ထွက်လာတဲ့ ဆုံးဖြတ်ချက်ကို အတွေးနယ်ချဲ့ မိပါတယ်။
U.N. council demands end to Myanmar violence in the first resolution in decades