(No. 84, November 15, 2022)
၁။ မော်လမြိုင် ပစ်ခတ်မှုတွင် PDF ရဲဘော် ၅ ဦး ဖမ်းဆီးခံရ
November 15, 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ (၃) ရပ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု အတွင်း PDF ရဲဘော် ၅ ဦး လက်နက်နဲ့တကွ ဖမ်းဆီးခံလိုက်ရတယ်လို့ အထူးမြေအောက်လှုပ်ရှားမှုအင်အားစုက ထုတ်ပြန်ပါ တယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ဇေယျာ (၃)ရပ်ရှိ နေအိမ်တလုံးမှာ PDF ရဲဘော်တွေ ရောက်ရှိ နေကြောင်း ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ လာရောက်စီးနင်းစဉ် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဇေယျာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးသားဖြစ်သူ ဦးဟိန်းကိုဦးတို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး သားဖြစ်သူ ဦးဟိန်းကိုဦးဟာ ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာရရှိပြီး မော်လမြိုင်စစ်ဆေးရုံမှာ တက်ရောက်ကုသစဉ် သေဆုံးသွားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ် သူတွေက ပြောပါတယ်။ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောာင်စီတပ်ဖွဲ့ ၂ ဦးကလည်း မော်လမြိုင်စစ်ဆေးရုံမှာ တက်ရောက် ကုသနေပြီး အဲဒီထဲက တဦးကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
မော်လမြိုင်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က တပ်အင်အား ၁၀၀ ကျော် အသုံးပြုပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် PDF ရဲဘော် ၅ ဦးဟာ လက်နက် ငယ် ၃ လက်နဲ့အတူဖမ်းဆီးခံလိုက်ရတာပါ။ အပြန်အလှန်ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က ညောင်ပင်ဆိပ်ရပ်ကွက် အပါအဝင် ရပ်ကွက်တချို့မှာ တအိမ်တက်ဆင်း ဧည့်စာရင်း စစ်ဆေးတာနဲ့ မသင်္ကာတဲ့သူတွေကို ဖုန်းစစ်တာတွေပါ လုပ်ဆောင် ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာတော့ အခုဖြစ်စဉ်ဟာ စစ်တပ်အာဏာသိမ်းပြီး နောက် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ကြားပထမဦးဆုံးဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။
၂။ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီစခန်းတွေကို KNU တိုက်ခိုက်၊ ဒေသခံနှစ်သောင်းကျော်ထွက်ပြေးနေရ
November 14, 2022
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်တပ်မဟာ (၃) နယ်မြေအတွင်းက စစ်ကောင်စီရဲ့တပ်စခန်း သုံးခုကို KNLA က နိုဝင်ဘာလ ၁၂ ရက်နေ့က တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က နိုဝင်ဘာလ ၁၄ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။ (KNLA) တပ်ရင်း (၇)နဲ့ တပ်ရင်း (၉) တို့ပူးပေါင်းပြီး စစ်ကောင်စီရဲ့ သံဆိပ်စခန်း၊ ဘောကထာနဲ့ တုံးတံတာ စခန်းတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် (၄) နာရီ ကနေ နေ့လယ် (၁၁း၃၀) အချိန်အတွင်း တိုက်ခိုက်ရေးသုံး ဒရုန်းတွေ အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ KNLA က ဒီစခန်း တွေကို တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အကြိမ် (၂၀) ခန့် တိုက်ခိုက်ခဲ့တာကြောင့် စခန်းအတွင်း က ပစ္စည်းတွေကို KNLA ဘက်က အကုန်ယူဆောင်နိုင်ခဲ့တာမရှိဘူးလို့ ပြောပါတယ်။
နိုဝင်ဘာလ (၁၂) ရက်နေ့ကနေ (၁၃) ရက်နေ့အတွင်း စစ်ကောင်စီက ရွာတွေကို တိုက်ခိုက်လို့ ညောင်လေးပင်ခရိုင် အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာပေါင်း (၁၈) ရွာက ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရတယ် လို့ ပြောပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်၊ သထုံဘက်မှာလည်း နိုဝင်ဘာလ (၁၁)ရက်နေ့ ည(၈)နာရီ ခန့်က စစ်ကောင်စီရဲ့ ခမရအမှတ်(၉) (ဝီယော်)စခန်းနဲ့ လေ့ကျင့်ရေး (၉) (အလံတစ်ရာ) စခန်းက သထုံမြို့နယ်၊ ဝီယော် ကျေးနယ်အုပ်စု၊ ထုံးဘိုလေး ရွာထဲကို လက်နက်ကြီး (၈) လုံးပစ်ခတ်ခဲ့လို့ လူနေအိမ် (၆) လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
၃။ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှုမှာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး
November 14, 2022
နိုဝင်ဘာလ ၁၃ ရက် ညနေ ၃ နာရီခွဲ ဝန်းကျင်အချိန် ရိက္ခာသယ်ပို့ဖို့ သွားနေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်( KNDF) တပ်ရင်း ၁၀ က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဖက် ဗိုလ်ကြီး အဆင့် ရှိသူ တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး MA-1 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု ၊ ကျည်ဆံတချို့နဲ့ ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ” စစ်ကောင်စီရဲ့ လောထော်စခန်း အဲဒီကနေမှ ရိက္ခာ သယ်ပို့ လုပ်နေတဲ့ စစ်ကောင်စီ ကို ကြားဖြတ်တိုက်ခိုက်တယ်ပေါ့နော်။ ကြားဖြတ်တိုက်ခိုက်တဲ့ အခါမှာ ဒီထိတွေ့မှုကတော့ ၁၀ မိနစ် ဝန်းကျင်လောက်ပဲကြာတယ်။အဲမှာ သူတို့ တိုက်ခိုက်ပြီးတော့ ဒီစစ်ကောင်စီဘက်က ဗိုလ်ကြီး တစ်ဦးပေါ့နော်။ ဗိုလ်ကြီး တစ်ဦး ပါတယ်။ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၃ ယောက်ပေါ့နော်။ ၃ ယောက် သေဆုံးတယ်။ သူတို့ထဲက တစ်ယောက်ကိုင်တဲ့ MA-1 အမျိုးအစားပေါ့။ သေနတ်တစ်လက်ကို ကျနော်တို့ သိမ်းဆည်းရရှိတာ။ သေနတ်တစ်လက်နဲ့ ကျည်ဆံအချို့။” လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လောပိတမြို့၊ ဘီလူးချောင်း အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လောထော်တောင်ပေါ်စခန်းကနေ ရိက္ခာ သယ်ပို့ ဖို့ လက်နက်အပြည့်အစုံ အရပ်ဝတ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲ ဖြစ်ပွားပြီး နောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တာတွေ ရှိခဲ့ပြီး KNDF B-10 ဖက် အထိအခိုက် မရှိပဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ပါတယ်။ လောပိတ အခြေစိုက် ခလရ ( ၇၂ ) တပ်နဲ့ ၅၃၀ တပ်တို့ကနေပြီး ည ၉ နာရီလောက်ထိ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာနံဘေးတွေ လယ်ကွင်းတွေထဲ ကျရောက်တာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်နေတာတွေ ရှိနေတာကြောင့် ပြည်သူလူထုအနေနဲ့ သတိထား သွားလာကြဖို့လည်း KNDFက တိုက်တွန်းထား တာတွေလည်း ရှိနေပါတယ်။
၄။ ချောင်းနှစ်ခွဲတိုက်ပွဲမှာ ရဲ ၄ ဦးဖမ်းမိပြီး လက်နက်တွေပါ သိမ်းနိုင်ခဲ့
November 13, 2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ ရဲ ၄ ဦးဖမ်းမိပြီး လက်နက် တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ နဂါးနီစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။ နိုဝင်ဘာလ ၁၂ ရက် မနက် ၅ နာရီကျော်လောက်မှာ ချောင်းနှစ်ခွနယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့၊ နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ စခန်းမှူး ရဲအုပ်လှကျော်ဦး၊ ဒုတပ်ကြပ် စိုးငြိမ်းဦး၊ တပ်သား အောင်နန်းဇွန်းတို့ သေဆုံး ခဲ့ပြီး၊ ရဲ ၄ ဦးဖမ်းဆီးရမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းတာဝန်ရှိသူတဦးက ပြောပါတယ်။ “သွားရောက်တိုက်ခိုက်ချိန်မှာ အချိန်ကို တွက်ဆပြီးလုပ်ခဲ့ရလို့ ရဲစခန်းတခုတည်းကိုဘဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အတွေ့အကြုံအရ အဲလို တိုက်ခိုက်ပြီးရင် လေယာဥ် လာတတ်လို့ မြန်မြန်တိုက်ပြီး မြန်မြန်ဘဲ ပြန်ဆုတ်လာပါတယ်။ စကစ ဘက်က လေယာဥ်နဲ့ ဗုံးကျဲခဲ့တာတွေတော့ရှိတယ်။ ဘယ်နှစ်လုံးကျဲခဲ့တယ်ဆိုတာတော့ မသိရဘူး။ ဖမ်းမိထားသူတွေကိုလဲ သုံးပန်းဥပဒေအရဘဲ ဆက်လက်ဆောင်ရွက်သွားမှာ ပါ”လို့ ပြောပါတယ်။
ရဲတပ်ကြပ်ကြီး အေးကို၊ ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ ရဲတပ်သား ကိုလင်းတို့ကို ဖမ်းမိခဲ့တာဖြစ်ပြီး၊ AK 47 ၁ လက်၊ M 16 ၄ လက်၊ G 3 ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ AK 47 ကျည် ၂၀၀ တောင့်၊ M 16 ကျည် ၅၀၀ တောင့်၊ G3 ကျည် ၃၀၀ တောင့်၊ ၆၀ မမ ကျည် ၁၀ လုံးနဲ့ ကျည်ကာတွေအပါအဝင် ပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့ ပြီး ရဲစခန်းအတွင်းမှလည်း စစ်ကောင်စီတပ်သားတွေ အထိုင်ချနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က လေယာဥ်နဲ့ ပစ်ခတ်နေလို့ ကြောက်လန့်ပြီး ထွက်ပြေးနေတဲ့ ဒေသခံ ၇၀၀ ကျော်ကတော့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းထိ နေရပ်ကို မပြန် ရဲကြသေးဘူးလို့ သိရပါတယ်။
၅။ KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများများမှတဆင့် နောက်ဆက်တွဲ ဖမ်းဆီးမှုများပြုလုပ်နေ
November 15 , 2022
မြစ်ကြီးနားမြို့ KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများမှတဆင့် အခြား ထပ်မံ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးပေါ်ရှိ Happy KTV ၌ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် စစ်ကောင်စီ အင်အား ၂၀ ခန့်သည် KIO အုပ်ချုပ်ရေးပိုင်း အရာရှိများ ပျော်ပါးနေသော အခန်းသို့ တိုက်ရိုက်ရောက်လာကာ စုစု ပေါင်း ၁၆ ယောက်ကို ဖမ်းဆီးသွားပြီးနောက် အမျိုးသမီး ၃ ဦးကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လွတ်ပေးလိုက်သည်။ ထိုအနက် KIO အရာရှိ ၁၃ ယောက် ဖမ်းဆီးခံရပြီးနောက် ၎င်းတို့မှတဆင့် နေ့တွင်းချင်း နောက်ထပ် လူ ၁၀ ယောက်ကျော်လည်း ထပ်မံ ဖမ်းဆီးခံလိုက်ရသည်ဟု အမည်မဖော်လိုသူ KIA အရာရှိတချို့ထံမှ သိရသည်။ “နောက်ဆက်တွဲလိုက်ပြီး ပြန်ဖမ်းတာက ည ၁၁ နာရီအထိပြန်လိုက်ကြတယ်။ သူတို့ဖုန်းကနေ Contact list ကိုကြည့်ပြီး ဖုန်းဆက်တာတွေ၊ ပြီးရင် ဖုန်းထဲကနံပါတ် ကိုကြည့်ပြီး ဒီတစ်ယောက်က ဘယ်မှာနေတယ်။ ဘယ်သူလဲ ဘာလုပ်တယ်ဆိုတဲ့ ဟာတွေမေးပြီး လူကိုယ်တိုင်ခေါ်လိုက်ပြခိုင်း ပြီး အိမ်တိုင် ရာရောက် လိုက်ဖမ်းတာ။ လူ ၄၀ လို့ပြောကြတာက သိပ်မသေချာဘူး။ ၁၀ ယောက်ကျော် ပြန်ပါသွားတာက မှန်ပါတယ်။” ဟု အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးက ပြောသည်။ နိုဝင်ဘာ ၁၄ ရက်နေ့အထိ မြစ်ကြီးနားမြို့ ၊ ဝိုင်းမော်မြို့တွင် စစ်ကောင်စီ တပ်များသည် အိမ်စီးကားများဖြင့် လျှောက်ပတ်သွားကာ နောက်ဆက်တွဲများကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။ ထို KTV ဆိုင်မှ တစ်ဆင့် KIO အရာရှိများ ဖမ်းဆီးခံရမှုမှာ ၂ ကြိမ်ထက်မနည်း ရှိခဲ့သေးကြောင်းလည်း ၎င်းက ပြောဆိုသည်။
စစ်ကောင်စီ ထောက်ခံသူများ၏ မီဒီယာ ပလက်ဖောင်းများမှတဆင့် နိုဝင်ဘာ ၁၄ ရက် ယနေ့ ပျံ့နှံ့လာသည့် ဖမ်းဆီး ခံရသော KIO အရာရှိပုံများသည် ဖမ်းဆီးရမိသူအားလုံး မဟုတ်သေးကြောင်းလည်း KIA နှင့် နီးစပ်သူသော နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။ “အခုဆက်ပြီး ဆက်တိုက်လိုက်ပြီး ဖမ်းဆီးသွားလိမ့်မယ်။ ဒါကြောင့် ရှိနေတဲ့သူတွေက အမြန်သာရှောင် ပေတော့။ ဒါကပိုပြီး ဆိုးရွားလာဖို့ပဲရှိတယ်။ KIA ဘက်ကလည်း အနန်ပါဖြစ်စဉ်ပြီးနောက် ဘယ်လိုမှတောင် မဆုံးဖြတ်နိုင် သေးတဲ့အချိန် ဒီလိုပြန်ဖြစ်တော့ မြစ်ကြီးနားတွင်းမှာတော့ နှစ်ဖက်စလုံး အခြေအနေတင်းမာလာလိမ့်မယ်။” ဟု KIA နဲ့နီးစပ်သူ မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။ မြစ်ကြီးနားမြို့တွင် အခြားဒေသများထက် စစ်တပ်သတင်းပေး ပိုမိုများပြားပြီး စစ်တပ် သည် တော်လှန်ရေးအဖွဲ့များ၏ သတင်းရရှိရန် ငွေကြေးပမာဏ အများအပြား သုံးစွဲနေသည်ဟုလည်း KIA အသိုင်းအဝိုင်းက ပြောသည်။ KIO အရာရှိများသည် အခွန်ငွေကောက်ခံရန်သွားစဉ် ထောင်ခြောက်စဉ် ဖမ်းဆီးခံရမှုများရှိသလို အခြားသတင်း မထွက်ခဲ့သော ဖမ်းဆီးခံရမှုများလည်း ပြီးခဲ့သည့် လပိုင်းများတွင် ရှိခဲ့သည်ဟု KIA နီးစပ်သူများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့ ဖားကန့် အနန့်ပါတွင် KIO အထိမ်းအမှတ်အကြိုနေ့ ဂီတဖျော်ပွဲကြီးပြုလုပ်နေစဉ် စစ်တပ်ဗုံးကြဲခဲ့ သောကြောင့် အသက်သေဆုံးခဲ့ရသည့် ပြည်သူ ၁၀၀ နီးပါးအဖို့ ဝမ်နည်းကြေကွဲရသည်မှာ ၃ ပတ်ခန့်သာရှိသေးချိန် ထိုသို့ KIO အရာရှိခေါင်းဆောင် များ ထပ်မံဖမ်းဆီးခံရခြင်းကြောင့် ကချင်အသိုင်းအဝိုင်းကြား ဝေဖန်ပြောဆိုမှု များစွာရှိနေသည်။
၆။ ရခိုင်မှာ လေးရက်အတွင်း အရပ်သား ၁၂ ဦး သေဆုံး၊ ၁၁ ဦးဒဏ်ရာရ
November 14, 2022
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ အပြင် မြေမြှုပ်မိုင်း ကြောင့် နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ လေးရက်အတွင်း အရပ်သား ၁၂ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ သေဆုံးသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူတစ်ဦး၊ မောင်တောမှာ သေဆုံးသူ တစ်ဦးနဲ့ ဒဏ်ရာရသူ တစ်ဦး၊ ကျောက်တော်မြို့နယ်မှာ ဒဏ်ရာရသူ ခုနစ်ဦးနဲ့ မြောက်ဦးမြို့နယ်မှာ ဒဏ်ရာရသူ နှစ်ဦး ရှိခဲ့တာပါ။ ကျောက်တော်မြို့ နယ် ရွှေပြည်ကျေးရွာမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက် ကြီးကြောင့် ကလေးတစ်ဦး အပါ အဝင် ရွာသား ခုနစ်ဦး ဒဏ်ရာရသွား တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါ တယ်။ လက်ရှိမှာ တော့ ဒဏ်ရာရလူနာတွေဟာ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြ ပြီး ခုနစ်အရွယ် မိန်းကလေး တစ်ဦးကတော့ ဦးခေါင်းထိသွားတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ပြောပါတယ်။ အလားတူပဲ နိုဝင်ဘာ ၁၂ ရက်နေ့ က မင်းပြားမြို့နယ် ပန်းမြောင်းရွာအနီး တောင်ဖြူ တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် မြောက်ဦး မြို့နယ် ကျောင်းတောင်ရွာထဲကို ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ဒေသခံ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှာတော့ နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီ တပ်သားတွေ ရွာထဲကို ဝင်လာပြီး နောက် ရွာသား ကိုးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလိုပစ်ခတ်မှုတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် က တန်းခိုး၊ ဆင်အင်းကြီးရွာတွေအပါ အဝင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ နှစ်သောင်းကျော်ဟာလည်း ဒီနေ့အထိ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ပြောကြပါ တယ်။ ရွာမှာ ကျန်ခဲ့တဲ့ တန်းခိုးရွာသား လေးဦး၊ ကွမ်းတောင်ရွာက သုံးဦး၊ ကျော်ဇံရွာက သုံးဦးနဲ့ ကျွဲထိုးရွာကတစ်ဦးကိုလည်း စစ်ကောင်စီတပ်ကဖမ်းဆီးထားပြီး အခုအချိန်အထိ အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တန်းခိုးရွာသား တစ်ဦးက ပြောပါတယ်။ ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီတပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲလုပ်လာပြီး ဒါဟာ ပြည်သူတွေကို အကြောက်တရား ရအောင် AA ကို မထောက်ခံရဲအောင် လုပ်နေတာလို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန် တာ အခုဆိုရင် လေးလကျော်အထိရှိနေပြီဖြစ်သလို တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ အရပ်သား သေဆုံးဒဏ်ရာရတာတွေဟာ လည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
၇။ KNU အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ဒေသခံလူထု ၁၅၀၀ ကျော် တက်ရောက်ခဲ့
November 14, 2022
KNU-ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်၍ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတွေ့ဆုံ ဆွေး နွေးပွဲ အခမ်းအနားကို လှိုင်းဘွဲမြို့နယ်၊ တကော(ကြာအင်း)ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံလူထု ၁၅၀၀ ကျော် တက် ရောက်ခဲ့သည်ဟု KNU ၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် ကျင်းပခဲ့သည့် လူထုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဒေသခံလူထုများမှာ KNU ဖားအံခရိုင် ထိန်းချုပ်နယ် မြေအတွင်းရှိ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ထီလုံ၊ နဘူးနှင့် ဒုံရင်းမြို့နယ် (၅)မြို့နယ်မှ ပြည်သူလူထုတို့ဖြစ်ကြပြီး လူထုတွေ့ ဆုံပွဲ အခမ်း အနားကို ထိုနေ့မနက် (၉)နာရီမှ (၄)နာရီခွဲအထိ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း KNU ခေါင်းဆောင်များထံမှ သိရ သည်။ “KNU ရဲ့ လက်ရှိသွားနေတဲ့ လုပ်နေတဲ့ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်နဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ပြည်သူများသိရှိဖို့၊ ကရင့်အမျိုးသား အချင်းချင်းကြားမှာ တည်ဆောက်ရမည့် လုပ်ငန်းစဉ်အတွက်နဲ့ မတူကွဲပြားတဲ့ အခြေအနေအောက်မှာ ပြန်လည်ပြီး စည်းလုံးနိုင် ရေးအတွက် လုပ်သွားကြဖို့ပါ။”ဟု ၎င်းတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ပဒိုစောလှထွန်း က ပြောဆိုသည်။
KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဗဟိုအမြဲတမ်းကော်မတီဝင် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး တို့တက်ရောက်ခဲ့ကြပြီး မြန်မာ့တပ်မတော်က အာဏာသိမ်းယူပြီးအလွန် (၂)နှစ်နီးပါးကာလ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအောက်တွင် KNU ၏ နိုင်ငံရေးရပ်တည်ချက်၊ ဦးတည်ချက်၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆိုင်ရာချဉ်းကပ်မှုတို့ကို ဒေသခံများ အား အသိပေးရှင်းလင်းပေးခဲ့ပြီး ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ကြာအင်းကျေးရွာ လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် KNU/KNLA PC မှ ဒုဥက္ကဌ ဗိုလ်ချုပ်ဒေါက်တာ နော်ကပေါ်ထူး၊ နယ်ခြားစောင့်တပ်-BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ DKBA-ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်မှ ဗိုလ်မှူးကြီး ဆန်းအောင်၊ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည့် မဲဆမိတ်ကျောင်းတိုက်ဆရာတော် အရှင် စန္ဒရ၊ နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရဆရာတော် စောဆာစေးဖော နှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုး တို့ကလည်း အခမ်းအနား၏ သဘာပတိအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ကရင်လက်နက်ကိုင် များ စည်းလုံးညီညွတ်ရေးကော်မတီကို ကရင်လက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်း ပစ်ခတ်မှုမဖြစ်ရန်နှင့် မူးယစ်ဆေးဝါး ကိစ္စများ တိုက်ဖျက်သွားရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ကရင်လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၈။ လွိုင်ကော်မြို့တွင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်သစ်များပြုလုပ်ရန် Non-CDMများ တိုက်တွန်း
November 14, 2022
ကရင်နီပြည် လွိုင်ကော်မြို့ တချို့ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီလက်အောက်ခံ Non-CDM တွေဖြစ်တဲ့ မြို့နယ် ထွေအုပ်ကနေ အိမ်ထောင်စုစာရင်းပြင်တာတွေ၊ မှတ်ပုံတင် အသစ်ပြုလုပ်ဖို့ အစည်းအဝေးခေါ်ပြီး တိုက်တွန်းနေ တာတွေ ပြုလုပ်နေတယ်လို့ လွိုင်ကော်မြို့ ဒေသခံတချို့က ပြောပါတယ်။ “ ရပ်ကွက်တွေမှာ မှတ်ပုံတင်လုပ်မယ်။ အိမ်ထောင်စု စာရင်း ပြင်တာတွေလုပ်မယ်လို့ အစည်းအဝေးခေါ်ပြီးပြောတယ်။” လို့ လွိုင်ကော် နမ့်ဘော်ဝမ်ရပ်ကွက်က ဒေသခံတစ်ဦး ပြောပါတယ်။ ဒါဟာ စစ်ကောင်စီကနေ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။ “ တချို့သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်ကောက်တဲ့ ဟာ မျိုးတွေမှာလည်း သူတို့လုပ်တာမျိုးတွေရှိတာပေါ့နော။ ဒါပေမဲ့ သူတို့လုပ်တဲ့ အဲဒီသန်းခေါင်စာရင်းက ဒါကသန်းခေါင်စာရင်း ပါဆိုပြီးတော့ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောတာမျိုးမဟုတ်ဘူးပေါ့လေ။ အဲလိုမျိုး ဒီလွန်ခဲ့တဲ့ ဩဂုတ်လမှာစပြီးတော့ ဒီလိုမျိုး တိုးတိုးတိတ်တိတ်နဲ့ ပြင်ဆင်နေတဲ့ ပုံစံမျိုးကိုတော့ ရှိတယ်။ “လို့ သူက ပြောပါတယ်။ စစ်ကောင်စီက Non-CDM တွေကို ခေါ်ပြီး ကျေးရွာတွေမှာ လူထု ငါးယောက်၊ ဆယ်ယောက်ကို စည်းရုံးတဲ့ပုံစံနဲ့ ပြုလုပ်ခိုင်းနေတာတွေရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ကတော့ လက်ရှိမှာ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းနဲ့ မဲရုံလျာထားသတ်မှတ်ချက်တွေကို စတင်လုပ်ဆောင်နေပြီဖြစ် ပါတယ်။
၉။ ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲပြင်းထန်
November 15, 2022
ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးတွင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ ဝှေခါ – အင်းတော်ကြီးလမ်းပေါ်ရှိ ညောင်ထောက်ကျေးရွာ အနီး တွင် ဟွေလုံတောင်ခြေနှင့် ကဝါးဘွမ်တောင်မှ ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းတို့ကို တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ဟွေလုံတောင်ခြေကနေလည်း တက်လာတယ် ပြီးတော့ကဝါးဘွမ် အရင်ကတက်ပလက်မှော် အဲ့ကနေလည်း တက်လာတယ်။ အစကတည်းက ကျွန်တော်တို့ကေအိုင်အေတွေ ညောင်ထောက်မှာ ရှိနေတယ်လေ။ သူတို့တက်လာတော့ တိုက်ပွဲဖြစ်ပြီပေါ့” ဟုပြောသည်။ ညောင်ထောက်ကျေးရွာရှိ ကေအိုင်အေတပ်ဖွဲ့ဝင်များက ယမန်နေ့က ၆၀ မမ ဗုံးသီးများ တင်ဆောင်လာသည့် ကားကို ဖမ်းဆီးလိုက်ပြီးနောက် ဝှေခါစစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း သူကဆက်ပြောသည်။ “လိုင်းကားမှာ ၆၀ မမ ဗုံးသီးတွေ သယ်လာတဲ့ချိန် ကျွန်တော်တို့ဘက်က စစ်တဲ့ချိန်မှာ ဖမ်းမိလိုက်တယ်။ ဖမ်းမိလိုက်တဲ့နောက် သူတို့ဘက်ကနေပြီးတော့ ဝှေခါစစ်တပ်ကနေ တော်တော်လေးပစ်ပေးတယ်။ အဲ့ကနေ စတော့တာပေါ့” ဟုပြောသည်။
“ဝှေခါညောင်ထောက်စခန်း၊ ဝှေခါအကျော်ကို သူတို့(စစ်ကောင်စီ)က ကေအိုင်အေတွေရှိတဲ့ စခန်းကို အင်အား အလုံး အရင်းနဲ့ ဝင်ချလာတာ။ လက်နက်ကြီးတွေနဲ့လည်းအဆက်မပြတ်ပစ်နေတယ်။ မပြီးသေးဘူး” ဟုပြောသည်။ ဖားကန့်မြို့နယ်၊ တာမခံကျေးရွာအနီးတွင်လည်း အောက်တိုဘာ ၂၅ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူခဲ့ကြောင်း သိသည်။ ကချင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဩဂုတ်လခန့်မှစတင်ကာ နေရာအနှံ့အပြားတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က ကေအိုင်အေ တပ်စခန်းရှိ သည့်နေရာများသို့ ကုန်းကြောင်းနှင့် လေကြောင်းမှတဆင့် ထိုးစစ်ဆင်နေသည်။
၁၀။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF)၏ ဘတ်တံဆိပ် အဖွဲ့ဝင် မဟုတ်သူများ အသုံးပြုနေကြောင်း PNDF အသိပေး
November 15, 2022
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF)၏ ဘတ်တံဆိပ်ကို အဖွဲ့ဝင် မဟုတ်သူများ အသုံးပြုနေတယ်လို့ PNDF ဘက်က အသိပေး ထုတ်ပြန်ပါတယ်။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ အခြေစိုက်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက် နေ့ ၂၀၂၂ခုနှစ် မွန်းလွဲ (၄)နာရီအချိန်ခန့်မှာ စစ်ကောင်စီက စစ်ကြောင်း သုံးကြောင်း ခန့်မှန်းအင်အား(၂၀၀)ကျော် ဝန်းကျင်ဖြင့် ပိတ်ဆို့ ဝန်းရံခဲ့တာကြောင့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဟာ လက်နက်ခဲယမ်း မလုံလောက်မှု များကြောင့် ထိပ်တိုက် မရင်ဆိုင်ဘဲ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။ ယင်းသို့ အရေးပေါ် ဆုတ်ခွာချိန်တွင် စခန်းအတွင်းက ပစ္စည်း များကို သယ်ယူနိုင်ဖို့ အခက်အခဲများ ရှိခဲ့တာကြောင့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဘတ်တံဆိပ်များအပါအဝင်၊ အခြားရိက္ခာ ပစ္စည်း များကို ချန်ထားခဲ့ရတယ်လို့ ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီမှ PNDF က သယ်ယူနိုင်ခြင်းမရှိခဲ့တဲ့ စခန်းထဲက ရိက္ခာများနှင့် အခြားအသုံး အဆောင် ပစ္စည်းများကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၅)ရက်နေ့ မနက်(၇)နာရီ ဝန်းကျင်ခန့်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။ ယခုအခါမှာတော့ PNDF ဘတ်တံဆိပ်နှင့် ယူနီဖောင်းများကို ယူဆောင်သွားကာ အသုံးပြုခြင်းများ ရှိနေသည့် အတွက် မလားလားအပ်တဲ့ ပုံရိပ်အသုံး ပြုပြီး ပြဿနာဖြစ်ပွားလာအောင် ဖန်တီးပေးလာနိုင်တယ်လို့ ပအိုဝ်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ က ညီနောင်မဟာမိတ် များကို အသိပေးအပ်တယ်လို့ ထုတ်ပြန် ထားတာပါ။ ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ဝင်များအားလုံးဟာ လုံခြုံတဲ့ နေရာ တွင် တစ်စုတစ်စည်း တည်းရှိနေသည့်အတွက် PNDF တပ်ဖွဲ့၏ ဘတ်တံဆိပ်များနှင့် သွားလာမှုများကိုတွေ့ရှိပါက ညီနောင် မဟာမိတ်များအနေဖြင့် PNDF တပ်ဖွဲ့၏ တာဝန်ရှိသူများနှင့် ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။
၁၁။ စစ်ရှောင်စခန်းတစ်ခုမှာ ပန်းပုပညာ စိတ်၀င်စားသူတွေအတွက် ပန်းပု သင်တန်းဖွင့်ပေး
November 14, 2022
ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ပန်းပုပညာ စိတ်၀င်စားသူအတွက် ပန်းပုဆရာတစ်ဦးက နေပြီး ပန်းပု သင်တန်းဖွင့်လှစ်သင်ကြားပေးနေတယ်လို့သိရပါတယ်။ မြန်မာ့ရိုးရာ မြန်မာမှုမပပျောက်ဖို့ကို ရည်ရွယ်ပြီး သင်ကြားပေးဖြစ်တာလို့ ပန်းပုသင်ကြားပေးသူ ဆရာဒေါမိနစ် ကအခုလိုပြောပါတယ်။ ” အရင်တုန်းကတော့ဒီလိုလုပ်လာခဲ့တာ ထုလာခဲ့တာပေါ့နော ၇ နှစ်လောက်ရှိပြီ။ အဲ့ဒါ အခုကတော့ကလေးတွေပေါ့ အငယ်သားတွေ ပညာပေးချင်လို့ပေါ့။ ဒီပန်းပုတွေ ကမပျောက်သွားအောင်ပေါ့။ ဒီလိုမြန်မာမှုတွေဆိုတာက ကမ္ဘာသိအောင်မျိုးဆက်လည်းမပျက်အောင်ဆိုတော့ အခုလ သင်တန်း ပို့ချပေးတာပေါ့ ” လက်ရှိမှာတော့ သင်တန်းသား ၇ ယောက်ရှိပြီး သင်တန်းသားအများစုက စစ်ရှောင်ဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်မှာ သင်ကြားပေးတာ ပထမဆုံးဖြစ်ပြီး သင်တန်းသားတွေက ၁၂ မှ ၁၈ နှစ်ထိ ကျောင်းနေအရွယ်တွေဖြစ် တယ်လို့သိ ရပါတယ်။
သင်တန်းလာတက်ရောက်တဲ့ သူတွေကိုယ်တိုင် တတ်မြောက်တဲ့ထိ သင်ကြားပေးမှာဖြစ်ပြီး နောက်ထပ် ပန်းပု စိတ်၀င် စားသူတွေကို ထပ်မံသင်ပေးသွားမယ်လို့ ဆရာ ဒေါမိနစ် က ပြောပါတယ်။ ပန်းပုထုတဲ့ခါ ယဥ်မနီ၊ ကျွန်း၊ ပိတောက်၊ ကုက္ကို၊ သာမလန်းစတဲ့ အပင်နဲ့ထုရင် အကောင်းဆုံးဖြစ်တယ်လို့လည်း ဆရာကပြောပါတယ်။ ယခုသင်တန်းမှာတော့အခြားအပင် တွေမရတဲ့အတွက် ယဥ်မနီ ကိုသုံးထားတယ်လို့ဆိုပါတယ်။ သင်တန်းသားတွေ ထုပြီးတဲ့ ပန်းပုကိုအချောသတ်ပြီးရင် ထုတ် ရောင်းဖို့ အစီအစဥ်လည်းရှိတယ်လို့သိရပါတယ်။ အောက်တိုဘာလ၂၅ ရက်နေ့ကစပြီး အပတ်စဥ် စနေနေ့တိုင်း သင်တန်းကြေး အခမဲ့ နဲ့ စတင်သင်ကြားပေးနေပြီဖြစ်ပါတယ်။
၁၂။ မိုးမောက်တွင် အုပ်ချုပ်ရေးမှူးဟောင်း ၂ ဦး ဖမ်းဆီးခံရ
November 15, 2022
ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက အုပ်ချုပ်ရေးမှူးဟောင်း နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ အုပ်ချုပ်ရေးမှူဟောင်းတွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။ ၁၅ မိုင်ရွာက အုပ်ချုပ် ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော် နဲ့ ဦးလမာယော်ထုံ တို့ကို မိုးမောက်အခြေစိုက် ခလရ ၄၃၇ က နေအိမ်မှာ လာရောက် ဖမ်းဆီး သွားတယ်လို့သိရပါတယ်။ အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ နီးစပ်သူက “မနက် ၇ နာရီလောက်က စစ်တပ်က အုပ်ချုပ်ရေးမှူး ဟောင်းတွေကို လာဖမ်းသွားတာ။ ဦးလမာယော်ထုံကိုတော့ ညနေပိုင်းမှာ ပြန်လွှတ်ပေးတယ်။ ဦးဂျန်မာဂမ်အောင် ကိုတော့ ဖမ်းထားသေးတယ်။ ဘာလို့ ဖမ်းတာလဲတော့ မသိရဘူး”လို့ ပြောပါတယ်။ ဦးဂျန်မာဂမ်အောင် ကို ဘယ်နေရာမှာ ဖမ်းဆီးထား တယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။ မိုးမောက်မြို့နယ်မှာ ကချင်လွတ်မြောက် ရေးတပ် KIA နဲ့ စစ်ကောင်စီတ်တို့ အောက်တိုဘာ ၂၂ ရက်က စပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဒေသခံ နှစ်ထောင်ကျော်ဟာ နေရပ် စွန့်ခွာ စစ်ဘေးရှောင် နေရပါတယ်။
၁၃။ အမ်းနှင့် မအီတွင် အလယ်တန်းပြ ကျောင်းအုပ် ၁ဦးနှင့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
November 15, 2022
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မအီမြို့နယ်တို့မှ အလယ်တန်းပြ ကျောင်းအုပ်ဆရာတစ်ဦးနှင့် စီးပွားရေး လုပ်ငန်းရှင် ၁ ဦး တို့ ကို နိုဝင်ဘာ ၁၄ ရက် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများနှင့် မိသားစုဝင်များက ပြောသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်ခန့်က င/လက်ကျကျေးရွာအုပ်စု၊ ခရမ်းကျွန်းကျေးရွာ အလက (ခွဲ) စာသင်ကျောင်းမှ အလယ်တန်းပြ ကျောင်းအုပ်ဖြစ်သူ အသက် ၃၀ အရွယ်ရှိ ဦးဇော်ဖြိုးဝေ ကို အရပ်ဝတ်များ ဝတ်ဆင်ထားသည့် လက်နက်များကိုင်ဆောင်သူများက စာသင်ကျောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ “အရပ်ဝတ်နဲ့ လက်နက်တွေကိုင်ဆောင်ထားတဲ့ လူ ၄ ယောက်က ကျောင်းကိုဝင်လာတယ်။ ဖိနပ်ကတော့ စစ်ဖိနပ်စီးထားတယ်။ ပထမဆုံးက တော့ သူနာမည်ကိုမေးတယ်။ ပြီးတော့ မေးစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတယ်။ စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတာ။ ဘာကြောင့် ဖမ်ဆီးခေါ်ဆောင်သွားတယ်ဆိုတာပြောမသွားဘူ။ ခဏလေးမေးမြန်းစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတာ”ဟု ပြောသည်။
ယင်းကဲ့သို့ ကျောင်းအုပ်အားဖမ်းဆီးသွား၍ တာဝန်ကျဆရာ၊ ဆရာမများမှာလည်း စိုးရိမ်ထိတ်လန့်လျက်ပြီး အဆိုပါ ကျောင်းအား ယာယီပိတ်ထားလိုက်ကြကြောင်း ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူ ကျောင်းအုပ်ကြီး ဦးဇော်ဖြိုးဝေမှာ အမ်းမြို့နယ်၊ ခွဆုံပြင်ကျေးရွာဇာတိဖြစ်ပြီး ခရမ်းကျွန်းကျေးရွာတွင် တာဝန်ကျနေသည်မှာ ၄ နှစ်ခန့် ရှိပြီးဖြစ်ကာ အဆိုပါ ကျောင်းတွင် ဦးဇော်ဖြိုးဝေ အပါအဝင် ဆရာ၊ ဆရာမ ၄ ဦးရှိကြောင်း သိရှိရသည်။ ယင်းအပြင် မအီမြို့၊ အမှတ် ၂ ရပ်ကွက်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အသက် ၅၆ နှစ်အရွယ်ရှိ ဦးထွန်းကြွယ်ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် ဖမ်းဆီးခံရကြောင်း မိသားစုဝင်များ က ပြောသည်။ ယမန်နေ့ ည ၄ နာရီအချိန်ခန့်က ဦးထွန်းကြွယ်သည် တောင်ကုတ်မြို့သို့ အလုပ်ကိစ္စဖြင့် သွားစဉ်တွင် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုး ရွာအနား ဖမ်းဆီးခံရကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ ဦးထွန်းကြွယ် မှာ မအီနှင့်တောင်ကုတ် ပြေးဆွဲနေသည့် လိုင်းကား များလုပ်ငန်း၊ ဆီဆိုင်လုပ်ငန်း၊ ဘက်ဖိုးလုပ်ငန်း၊ ကုန်စုံဆိုင်ရောင်းဝယ်ရေးလုပ်ငန်းများနှင့် ရွှေဇီးဇံကုမ္ပဏီလုပ်ငန်းလုပ်ကိုင် သည့်အပြင် တခြားစီးပွားရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းကြွယ် နှင့် အလယ်တန်းပြကျောင်းအုပ် ဦးဇော်ဖြိုးဝေ တို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းထားသည် မည်သည့်အတွက်ကြောင့် ဖမ်ဆီး ခေါ်သွားသည် ဆိုသည်ကို မသိရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးနှင့် မိသားစုဝင်များ က ပြောသည်။
၁၄။ ဖာလာစေ့ ထွက်နှုန်းတိုးသော်လည်း စျေးနှုန်းကျဆင်းလျှက်ရှိ
November 15, 2022
ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်အတွင်း ယခုနှစ် ဖာလာစိုက်ပျိုးရာတွင် ဖာလာစေ့အထွက်နှုန်း တိုးလာသော်လည်း အရောင်းစျေးနှုန်းကျဆင်း လျှက်ရှိကြောင်း ဒေသခံ စိုက်တောင်သူများထံမှ သိရသည်။ ယခင်နှစ်တွင် ဖာလာစေ့ တစ်ပိသာလျှင် ကျပ် ၁ဝဝဝဝ ကျော်အထိ စျေးနှုန်းရရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလ ဖာလာသီးခူးသည့်ရာသီမှ နိုဝင်ဘာလအထိ ကျပ် ၇ဝဝဝ ကျော်လောက်သာ စျေးနှုန်းရှိနေတော့သည်ဖြစ်၍ ဥယျာဉ်ခြံစိုက် ကုန်ကျမှုနှင့် အလုပ်သမား ငှားရမ်းခအတွက်သာ အမြတ်အစွန်းရရှိသည်ဟု ဖာလာစိုက်တောင်သူများထံမှ သိရသည်။ “ရာသီဥတုမှန်လို့ပေါ့နော်။ ဒီနှစ် ဖာလာအသီး တအားထွက်တယ်။ စျေးက ကျပ် ၈ဝဝဝ အောက်မှာပဲရှိ တော့တယ်။ ၁ဝ,ဝဝဝ ကျော်လောက်စျေးနှုန်းရှိမှ အဆင် ပြေကြမယ်ပေါ့။ ငွေတန်ဖိုးက သိပ်မှမရှိတာလေးနော်။ အလုပ်သမားငှားခလောက်ပဲ ရနေကြတော့ တယ်။ ဒီဖာလာစေ့ကနေပဲ ဆီ၊ ဆန်၊ ဆားတွေ ပြန်ဝယ်ရတယ်။ ဒီနှစ်စျေးနှုန်းအတိုင်းဆို စားဝတ်နေရေး အားလုံးခက်ခဲသွားကြတယ်။”ဟု သံတောင်မြို့ ဖာလာစိုက်တောင်သူ နော်ကပေါ်ရှီုးက ပြောသည်။
သံတောင်၊ သံတောင်ကြီး၊ ဘောဂလိ(ခလယ်လာ)၊ ဖာပွန်၊ လိပ်သိုနှင့် ကလယ်စိုးခွီးဒေသများတွင် ယခုနှစ် ဖာလာစေ့ အများအပြားထွက်ရှိကြပြီး အောက်တို ဘာလအတွင်းက ပိဿာချိန် ၉သိ န်းအထိ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြသည်ဟု ဖာလာ ရောင်းဝယ်သည့်ဒိုင်များထံမှ သိရသည်။ သံတောင်ကြီးမြို့ ဖာလာအဝယ်ဒိုင် နော်ဆာထူးက “ဖာလာစျေးကျတာက အဓိက တရုတ်ဘက်ကို တင်ပို့တဲ့ ကုန်းလမ်း ပိတ်ထားတာပေါ့နော်။ သင်္ဘောကနေ တစ်ဆင့် ပြန်ပို့ရတော့ ၁ပိသာကို ပို့ခ ၃၅ဝဝ ကျပ် လောက် ကုန်ကျမှုရှိသွားတယ်။ ဒေါ်လာစျေးနှုန်းအပြောင်းအလဲအပြင် မြန်မာငွေတန်ဖိုးပါကျတော့ ဖာလာ စိုက် တောင်သူရော ဒိုင်တွေရော မကိုက်ကြဘူးပေါ့နော်။ တရုတ်တွေက စျေးပေါပေါပဲ ဝယ်ချင်ကြတယ်။ ဒီလုပ်ငန်းပဲရှိနေတော့ ရတဲ့စျေးနဲ့ရောင်း ကြပြီး စားဝတ်နေရေး အခက်အခဲ ဖြေရှင်းနေရတယ်။”ဟု ပြောသည်။
၁၅။ ဖလမ်းမြိုု့နယ်အတွင်း CDF – Hualngoram က ကုတင် ၈လုံးဆံ့ ဆေးရုံဖွင့်လှစ်
November 15, 2022
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် CDF-Hualngoram ထိန်းချုပ်နယ်မြေအတွင်းဒေသတစ်ခုတွင် Hualngoram Peoples Organization မှဉီးဆောင်ကာ နိုဝင်ဘာလ ၁၂ ရက်၌ ကုတင် ၈လုံးဆံ့ဆေးရုံကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
Liando Hospital ဟု အမည်ပေးထားသည့် အဆိုပါဆေးရုံတွင် ခွဲစိတ်ခန်းတစ်ခုပါရှိပြီး ဆရာ၀န်တစ်ဦးအပါအ၀င် သူနာပြု ဆရာမများက ကုသပေးနေပြီဖြစ်ကြောင်း CDF-Hualngoram အဖွဲ့ဝင်ထံမှ သိရသည်။ “ဆေးကုသမှုခံယူလာတဲ့ လူနာများထံမှ ငွေကြေးကောက်ခံပြီး ဆေးကုသတာမျိုးအတွက်တော့ မဟုတ်ဘူး။ ဒီဆေးရုံကို ကျွန်တော်တို့ CDF ရဲဘော်တွေအတွက်ရော ဒီဆေးရုံအနီးနားက ကျေးရွာတွေအတွက် အဓိကရည်ရွယ်ပြီး ဆောက်တာဖြစ်တယ်။ နိုင်ငံခြားကအလှူငွေ၊ Hualngoram နယ်မြေက အသင်းတော်တွေရဲ့ အလှူငွေတွေနဲ့ ဆေးဝါးများကို ဝယ်နေတာ။ ဆက်လက်ပြီးအလှူရှင်တွေ၊ စေတနာ့ ဝန်ထမ်း တွေလည်းလိုအပ်နေပါတယ်”ဟု CDF-Hualngoram အဖွဲ့ဝင်တစ်ဦးက ပြောသည်။ Liando Hospital အနီးပတ်ဝန်ကတင်ရှိ ရွာပေါင်း၃၀ ဝန်းကျင်က ဒေသခံများ တက်ရောက်ကုသနိုင်ပြီး လူနာရှင်အနေဖြင့် စေတနာကြေးထည့်ဝင်နိုင်ပြီး ငွေကြေးခက်ခဲ နေသူများကိုမူ အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၁၆။ မူဆယ်မြို့ ဗုံးပေါက်ကွဲ ပြည်သူ့စစ် ၂ ဦးအပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရ
November 14, 2022
သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ် ၂ ဦး အပါ အဝင် ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်းသိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မှ မင်္ဂလာ မူဆယ်ဘက်သွားသည့် လမ်းမကြီးတွင် ဆင်ထားသည့် ဗုံးသုံးလုံး ရှေ့ဆင့်နောက် ဆင့် ပေါက် ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၇ ဦးရရှိခဲ့ရာ ထိုထဲတွင်ပြည်သူ့စစ် ၂ ဦးပါဝင်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “ဘယ်သူက လာဆင်ထားတဲ့ မိုင်းလဲတော့ မသိရဘူး၊ ဗုံးသုံးလုံးက တစ်နေရာတည်း ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသွားတာ၊ အကျယ်ဆုံးကြားရတာတော့ တစ်လုံးပဲ၊ အနီးမှာ ရှိတဲ့ အိမ်တွေတောင်တုန်သွားတယ်၊ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ ၇ ယောက် ရှိ ပြီးဆေးရုံကို ပို့ထားလိုက်ပြီ၊ အဲ့ထဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်လည်း ပါတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်တွင်လည်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။
၁၇။ ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် ညအချိန်မတော် လက်နက်ကြီးခြိမ်းခြောက်ပစ်ခတ်မှု ပြုလုပ်
November 14, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း လအိ ၊ လတိန် ကျေးရွာဘက်သို့ စစ်ကောင်စီက မှ ည အချိန် မတော် လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်မှုပြုလုပ်သဖြင့် ပြည်သူများ ကြောက်လန့်နေကြောင်း သိရသည်။ နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လအိကျေးရွာ ပတ်ဝန်းကျင်ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြိမ်းခြောက်ကာ ဒေသခံများ ကြောက်လန့်နေရကြောင်း ဖယ်ခုံမြို့နယ်မှ ဒေသခံအမျိုးသား တစ်ဦးကပြောသည်။ “ ညညဆိုရင်တော့ ကောင်းကောင်းမအိပ်ရဘူး။ ကြောက်လန့်နေရတယ်။ စိုးရိမ်စိတ်တွေနဲ့ နေနေတာပေါ့။ ညအိပ်ပျော်နေတဲ့ချိန်ဆိုရင် ရုတ်တရက် လက်နက်ကြီးသံတွေကြားရတာ။ နေ့တွေဆိုရင် မပစ်ဘူး။ ညရောက်ရင် စပစ်ပြီ။ ကြောက်ရတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ နှင့် ပျက်စီးဆုံးရှုံးမှုမရှိ ကြောင်းသိရသည်။
ယခုလအတွင်း စစ်ကောင်စီဘက်မှ လအိကျေးရွာသို့ ညအချိန်မတော် လက်နက်ကြီး၊ငယ် ပစ်ခတ်သည်မှာ ၃ ကြိမ်ရှိပြီ ဖြစ်သော်လည်း ဒေသခံများက ကျေးရွာတွင်း ဆက်လက်နေထိုင်လျက်ရှိကြောင်း သိရသည်။ “ သူတို့တွေက ကျေးရွာတွေထဲမှာ ပဲနေထိုင်ကြတာ။ နေ့လည်ဆိုရင်တော့ ပုံမှန်ပဲ တောင်ယာတွေပဲလုပ်ကြတာ။ ညဆိုရင်တော့ အိမ်ပြင်တွေ သိပ်မထွက်ရဲကြ တော့ဘူး။ မီးပိတ်ပြီးနေရတာပေါ့” ဟု ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်တွင်လည်း စစ်ကောင်စီက လအိကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး နှင့် ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန် ပြီး ဒဏ်ရာရရှိခဲ့ပြီး ထိုသူများကို လုံခြုံသည့် နေရာသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးထားကြောင်း သိရသည်။
၁၈။ ကုန်းလမ်းရေလမ်းပိတ်ထားသဖြင့် ပုဏ္ဏားကျွန်းဒေသခံများ အခက်ကြုံ၊ မောင်တောနယ်စပ် ငါးမြစ်ချင်းတင်ပို့မှု လျော့ကျ
November 15, 2022
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အနောက်ဘက်ခြမ်းကျေးရွာတွေကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကတည်းက ကုန်းလမ်းရေလမ်းတွေ ပိတ်ထားလို့ ဒေသခံတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၀ ရက်က ပုဏ္ဏားကျွန်း မြို့နယ် ဆင်အင်းကြီးကျေးရွာနဲ့ ပဒေသာကျေးရွာ ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်ကားတချို့ကို ရက္ခိုင့်တပ်တော် (အေအေ)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို မြို့ဝင်တပ်ထိန်းဂိတ်က နိုဝင်ဘာ ၁၃ ရက်အထိ ပိတ်ထားတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်း ဒေသခံတယောက်က ပြောပါတယ်။ “ကျနော်တို့မှာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့ ဘယ်မြို့ကိုမှ စျေးသွားမဝယ်ရလို့ ရွာမှာ စားနပ်ရိက္ခာနဲ့ လူသုံးကုန်တွေလည်း စျေး ၂ ဆနီးပါးလောက် တက်သွားသလို ဝယ်လို့လည်း မလွယ်တော့ဘူး။” ဒါ့အပြင် ပုဇွန်၊ ကဏန်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သူတွေ လည်း ကုန်တွေပိတ်မိနေပြီး မြို့ပေါ်မှာရှိတဲ့ ဒိုင်တွေကို သွားရောက်ဖို့ လမ်းကြောင်းတွေပိတ်ထားတော့ ရေထွက်ကုန်ပစ္စည်းတွေ ပျက်စီးပြီး ကျပ်သိန်းပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်နေလို့ ကျေးရွာ ၁၀ ရွာကျော်လောက်က ပြည်သူသောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး လတ်တလောမှာတော့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ကို ပို့နေတဲ့ ငါးမြစ်ချင်းတင်ပို့မှုဟာ အောက်တိုဘာလမှာ ၅ ရာခိုင်နှုန်းသာ ရှိပြီး သြဂုတ်လကစလို့ တလထက် တလ ကျဆင်းလာခဲ့တယ်လို့ မောင်တောမြို့နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောပါတယ်။ မောင်တော-အငူမော်လမ်းကို သြဂုတ် ၁၄ ရက်က စပြီး စစ်ကောင်စီက အကန့် အသတ်မရှိ ပိတ်ထားသလို စစ်တွေ-ဘူးသီးတောင် ရေလမ်းကြောင်းကိုပါ စက်တင်ဘာ ၅ ရက်ကစပြီး ထပ်မံ ပိတ်လိုက်တဲ့ အတွက် ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်သွားသလို နယ်စပ်ကုန်သွယ်မှု ရပ်တန့်တော့မယ် အနေအထားနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ ဦးအောင်မြင့်သိန်းက ဆက်ပြော ပါတယ်။
၁၉။ PDF စခန်းချသည့် ပုလောမြို့နယ် ကဒဲရွာကို ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ဈေးသည်လင်မယား ဒဏ်ရာရ
November 15, 2022
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် ကဒဲရွာမှာ PDF တွေ ခေတ္တစခန်းချ နားနေခဲ့တဲ့ နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ ဈေးသည် လင်မယား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတဦးက “ဒရုန်းနဲ့ ဗုံးချတာပါ။ PDF တွေက ဒီမှာ မရှိတော့ဘူး။ မနက်ပိုင်းက လေယာဥ်နဲ့ ကင်းလာထောက်တယ်” လို့ ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ပဝတ်ကုန်းရွာဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကဒဲရွာစာသင်ကျောင်းအနီး ဆိုင်ကယ်နဲ့ ဈေးရောင်းလာတဲ့ ဒေသခံလင်မယား နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ထိခိုက် ဒဏ်ရာရတဲ့ အမျိုးသားမှာ လက်သန်းကြွယ်ဖြတ်လိုက်ရပြီး ပုလောဆေးရုံမာ ဆေးကုသမှုခံနေသလို့ အမျိုးသမီးမှာ မျက်လုံး ထိခိုက် ဒဏ်ရာပြင်းထန်တာကြောင့် မြိတ်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။ ပုလောမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို စစ်ကောင်စီက ဒရုန်းနဲ့ လာရောက်တိုက်ခိုက်တာ အခုဆို ၄ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။
၂၀။ ဒကစ အနောက်ဖက် လွိုင်ကော်နာရီစင်နားက ဆိုင်ခန်းတချို့ကို လုံခြုံရေးအရဖယ်ရှားခိုင်း
November 15, 2022
ဒကစ ( ဒေသကွက်ကဲမှုစစ်ဌာနချုပ် ) အနောက်ဖက် လွိုင်ကော်နာရီစင်နားမှာရှိတဲ့ ထွေအုပ်သက်သာဆိုင်ခန်းတွေကို ရောင်းချခွင့်မပေးတော့ပဲ လုံခြုံရေးအရဆိုပြီး စစ်ကောင်စီကနေ ဖယ်ရှားခိုင်းတယ်လို့ သိရပါတယ်။ “သူတို့က ဝါကျွတ်ရင် ဖယ်ရ မယ်ဆိုတာနဲ့ ကျမတို့က ဒီသီတင်းကျွတ် ၁၀ လပိုင်းဆိုတာနဲ့ သူတို့က အပြီးပြောင်းရွေ့ရမယ်ဆိုပြီးတော့ သူတို့က ၈ လ၊ ၉ လ လောက်ကတည်းက သူတို့စာထုတ်က ကျမတို့လည်း တကယ်ဖြစ်မလား။ မဖြစ်ဘူးလားဆိုပြီးတော့ နေလိုက်တယ်။ အခုကျ တော့ သူတို့က အုတ်တံတိုင်းနဲ့ခတ်ပြီ သူတို့က ၆ ပေအမြင့်နဲ့ ခတ်မယ်ဆိုတော့ ကျမတို့က ဘယ်လိုမှ နေလို့မရတော့တဲ့ အခါကျ တော့ ဆိုင်ခန်းတွေအကုန်လုံးပြောင်းရတာပေါ့။ ရွေ့ပေးရတာပေါ့။” လို့ သူက ပြောပါတယ်။ နှစ်ပေါင်း ၂၆ နှစ်နီးပါး ရောင်းချနေ ခဲ့တဲ့ ထွေအုပ်သက်သာဆိုင်မှာ တစ်ဦးကို ဆိုင်ခန်းနှစ်ခန်းနဲ့ ဆိုင်ရှင် ၆ဦးရှိတယ်လို့ဆိုပါတယ်။ မြန်မာတနိုင်ငံလုံးက ထွေအုပ် သက်သာ ဆိုင်တွေအပြင် ရဲ၊ မီးသတ်စတဲ့ ဆိုင်တွေကိုပါ ဖယ်ခိုင်းတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖယ်ရှားမည့် အကြောင်းကြားစာရောက်လာခဲ့ပေမဲ့ ဆက်လက်တည်ရှိနေခဲ့ပြီး ဒုတိယအကြိမ်အကြောင်းကြားပြီး ဆောက်လုပ်ရေးတွေ စတင် ချိန်မှာ နေထိုင်လို့မရတော့တဲ့အတွက် ပြောင်းရွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
၂၁။ မြ၀တီ၊ သေဘော့ဘိုးကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား ပြီး ဆုတ်ခွာ
November 15, 2022
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေဘော့ဘိုးကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မြ၀တီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာ အနီးသို့ ကျူးကျော်လာသော အကြမ်ဖမ်း စစ်ကောင်စီတပ်များကို KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ည ၇ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားနေစဉ် မြဝတီ – ဝေါ်လေ ကားလမ်းပေါ်ရှိ မြွေသုံးကောင် ဘုရားအနီး စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးများ၊ အတွဲလိုက်ပစ် MLRS ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံး များပြားစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ ၅.၅၆ ကျည်ဆန် ၃၇၀ တောင့်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ RPG ဗုံးသီး ၃ တောင့်၊ ၎င်းပို့ ယမ်းတောင့် ၃ တောင့်၊ ၅.၅၆ ကျည်ဘောက် ၈ ခု၊ MA – 2 ကျည်ဘောက် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၂ လုံး၊ စစ်သုံးမြေပုံ ၁ ချပ်၊ ကျည်ကာ ဦးထုပ် ၁ လုံး၊ စစ်သုံး လွယ်အိတ် ၁ လုံး၊ စာ ရွက်စာတမ်းများ၊ ပုခတ် ၁ လုံး၊ ပေါက်တူး ၁ လက်၊ စက်အား သွင်းခုံ ၁ ခု၊ ရေဘူး ၁ လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ ၂ ပုံ တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။ ကနေဦး သတင်း အတည်ပြုချက်အရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးပြီး အခြားအရာရှိနှင့် အခြား အဆင့်များ (၁၀) ဦး ထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ အကြမ်းဖက်စစ်ကောင် စီဘက်မှ အထိနာကာ၊ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး သေဆုံး၊ ထိခိုက်အရေ အတွက် အတိအကျကို အတည် ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ် ကြောင်း ကော်ဘရာစစ်ကြောင်း ကဆိုသည်။
၂၂။ ဖားကန့်မြို့တွင် စစ်ကောင်စီက သုံးရက်ဆက်တိုက် လမ်းသွား လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်
November 15 ,2022
ဖားကန့်မြို့တွင် စစ်ကောင်စီ ရဲနှင့် စစ်သားများက မြို့တွင်း ၂ နေရာတွင် သုံးရက်ဆက်တိုက် လမ်းသွားလမ်းလာ ပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ မြို့အဝင် ပန်းတင်တံတား နှင့် ဖားကန့်မြို့မ ရဲစခန်းရှေ့ တို့တွင် စစ်ကောင်စီရဲနှင့်စစ်သား ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းများကို စစ်ဆေးနေကြောင်း ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။ ”ဘာကိုရှာချင်တာလည်းမသိဘူး ဆက်တိုက်စစ်နေတာ သုံးရက်ရှိပြီ အဲ့ပန်းတင်တံတားနဲ့ရဲစခန်းရှေ့ မှာစစ်တာ ၁၂ရက်နေ့ကတည်းကစစ်တာ။ ဒီနက်ထိပဲ လက်ကိုင်ဖုန်းတွေစစ်တယ် ဆိုင်ကယ်တူးဘောက် တွေပြီးတော့ကား အတွင်းခန်းတွေပါ အကုန်စစ်တယ်” ဟု ပြောသည်။ စစ်ကောင်စီက ဤသို့ စစ်ဆေးရာ တွင် မနက် ၇ နာရီမှ မနက် ၁၀ နာရီခွဲအချိန်ခန့်ထိ တစ်ကြိမ်၊ ည ၂ နာရီနောက်ပိုင်းမှ ၃နာရီ ခွဲအချိန်ခန့်ထိတစ်ကြိမ် စစ်ဆေး လျက်ရှိပြီး အဆိုပါသုံးရက်တွင်း စစ်ဆေးမှုတွင် လူအဖမ်းခံရမှုနှင့် ယာဥ်အဖမ်းခံရမှုဖြစ်စဥ်မျိုး မရှိသေးကြောင်းလည်းသိရသည်။
ဖားကန့်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ဖားကန့်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးပျောက်ဆုံးသွားပြီးနောက် စစ်ကောင်စီရဲနှင့် စစ်သားများက ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်နှင့် ဖားကန့်မြို့တွင်းနေရာအချို့တွင် လူနေအိမ်များ၊ အနှိပ်ခန်း များစသည့်နေရာများတွင် ၂ရက်ဆက်တိုက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြောင်းလည်းသိရသည်။ အလားတူ ယခုရက်ပိုင်း ဖားကန့်မြို့တွင် စစ်ကောင်စီက လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ကားများလိုက်လံ ဖမ်းဆီးမည်ဟူသည့် သတင်းများ ဖားကန့် ပြည်သူ ကြားတွင် ပျံ့နှံ့နေသောကြောင့် မြို့တွင်းသွားလာမှု သိသိသာသာလျော့နည်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်း၊ ဆိုင်းတောင်၊ ဆန်းကြွယ်၊ ကံစီး အစရှိသည့်ကျေးရွာများတွင် ပြည်သူများ၏ အကာကွယ်ကိုယူကာ ကင်းပုန်းဝပ်နေထိုင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများကို အောက်တိုဘာ ၂၃ ရက်နေ့ နောက်ပိုင်းမှစ၍ ယနေ့ ထိ လှုပ်ရှားနေဆဲဖြစ်ကြောင်း ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
၂၃။ ကျောက်မဲမြို့နယ် စစ်ဘေးရှောင်များကို ဒုက္ခသည်ဟု အမည်ပြောင်း
November 14, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းများသည် နေရပ်ကို မပြန်နိုင်သေးသောကြောင့် ဒုက္ခသည်များဟု အမည်ပြောင်းခေါ်ကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန်အတွက် စစ်ရှောင်ကော်မတီများနှင့် ညှိနှိုင်းခဲ့ပြီး စစ်ဘေးရှောင်များနေရပ်သို့မပြန်နိုင်သေးသဖြင့် စစ်ဘေးရှောင်စခန်းများကို ဒုက္ခသည်စခန်းအဖြစ်ပြောင်းလဲ ခေါ်ဆို ကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်းသိရသည်။ “ ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့ သွားညှိနှိုင်းထားတာတော့မရှိဘူး။ နောက်ကျရင်သူတို့တွေ လာမေးလို့ရှိရင် စစ်ဘေးရှောင်စခန်းမဟုတ်တော့ဘူး။ ယာယီလာရောက်တည်ခိုးနေတဲ့ ဒုက္ခသည်စခန်း လို့ ပြောင်းပြောလိုက်ပြီ” ဟု စစ်ဘေးရှောင်များကို ကူညီပေးသည့်သူက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များကို စစ်ကောင်စီဌာနဆိုင်ရာများက နေရပ်ကို ပြန်ရန်ဖိအားပေးထားသော်လည်း နေရပ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်များက နေရပ်မပြန်ရဲသဖြင့် စစ်ကောင်စီက ဒုက္ခသည်ဟု ပြောင်းဆိုခေါ်ထားလိုက်ကြောင်း သိရသည်။ “ သူတို့ကတော့ ပြန်ခိုင်းနေတာပေါ့။ ဒါမဲ့ ကျေးရွာတွင်းမှာ လက်နက်ကိုင်တွေက နေထိုင်နေသေးတယ်။ သူတို့က လည်း မပြန်လာသေးနဲ့လို့ပြောတယ်။ အဲကြောင့် စစ်ဘေးရှောင်တွေက ပြန်လို့မရသေးဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေး သည့် အမျိုးသမီးက ပြောသည်။ အဆိုပါ ကျောက်မဲမြို့နယ်တွင်း စစ်ဘေးရှောင်များသည် ယခုနှစ် ဒီဇင်ဘာလ ကုန်ထိ နေထိုင်ရန်အတွက် စစ်ကောင်စီ၏ ဌာနဆိုင်ရာများကို တောင်းဆိုထားကြသည်။
၂၄။ ကျောက်ဖြူတွင် စစ်တပ်က လူလာ ဖမ်းရာတွင် မတွေ့၍ ငွေကျပ် ၅ သိန်းကျော်တန်ဖိုး ရှိသည့် ငါးခြောက်များကို လုယူသွား
November 14, 2022
ရခိုင်ပြည်၊ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ရှာဖွေရာတွင် မတွေ့ရှိသဖြင့် ၎င်း၏ ပိုင်ဆိုင်သော ငါးခြောက် ဒိုင်တွင်ထားသည့် ကာလတန်ဖိုး ၅ သိန်းကျော်ရှိ ငါးခြောက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ယူဆောင်သွားကြောင်း ရပ် ကွက်တွင် နေထိုင်သူများက ပြောသည်။ နိုဝင်ဘာ ၁၂ ရက်နေ့ ညဉ့် ၁၀ နာရီကျော်ခန့်က ကုလားပိုက်ဆိပ် ရပ်ကွက်၊ ဘုန်းကြီးကျောင်းလမ်းတွင် နေထိုင်သည့် အဖ ဦးလှသာထွန်း၏ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ်ရှိ ကိုလှမြင့်ထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် စရဖများ ၃၀ခန့်က အိမ်စီးကားတစ်စီး၊ ကား အကြီး ၂ စီးတို့ဖြင့် လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ ဝင်ရောက်ပြီး ရှာဖွေရာတွင် ဇနီးဖြစ်သူနှင့် ဖခင်တို့ ရှိရာ ကိုလှမြင့်ထွန်း ကို ရှာမတွေပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးခြောက်ဒိုင်သို့ သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။ “ယူနီဖောင်းရော၊ ယူနီဖောင်းမပါတာရော၊ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ စရဖ အပါအဝင် ၃၀ ခန့်လောက်ရှိမယ်။ ကိုလှမြင့်ထွန်းရှိ၊ မရှိကိုမေးတယ်။ နေအိမ်ကိုဝင်ရှာတယ်။ မွှေတယ်။ သူ့မိန်းမက ယောကျ်ားမရှိဘူး။ နယ်မှာလို့ပြောတယ်။ သူပိုင်ဆိုင်တဲ့ ငါးခြောက်ဒိုင်ကို သွားကြ တယ်။ သူအဲ့ဒီငါးခြောက်ဒိုင်မှာ ရှိမယ်ဆိုပြီးတော့ သွားကြတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကိုလှမြင့်ထွန်း မိသားစုနေထိုင်သည့် နေအိမ်နှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သည့် ငါးခြောက်ဒိုင်းတို့သည် မလှမ်း မကမ်းတွင်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းအား ရှာမတွေ့ရာကနေ ငါးခြောက်ဒိုင်တွင် ရှိမည်ဟု ယူဆချက်ဖြင့် သွား ရောက်ရှာဖွေခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။ သို့သော်လည်း ကိုလှမြင့်ထွန်း အား ရှာမတွေ့ဘဲ ငါးခြောက်ဒိုင် တွင် ရှိသည့် ငါးရံဂုံးခြောက်၊ ငါးညို့ခြောက်စသည့် ကာလတန်ဖိုး ၅ သိန်းကျော်ဖိုးရှိ ငါးခြောက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက ယူဆောင်သွားပြီး ပစ္စည်းတစ်ချို့ကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။ “သူ့ကို အိမ်မှာ မရှိဘူးဆိုတော့ မယုံဘူးပေါ့။ ငါးခြောက်ဒိုင်ကို စစ်ကောင်စီတပ်သားတွေက သွားကြတာပါ။ ငါးခြောက်တွေ သိုလှောင်ထားတာအများကြီးပါပဲ။ သူတို့ မိသားစုက ငါးလုပ်ငန်းလုပ်တယ်။ ငါးဒိုင်ဖွင့်ထားတာပေါ့။ သူ့ကို မတွေ့တော့၊ ငါးခြောက်ဒိုင်မှာရှိတဲ့ ငါးခြောက်တွေကို ယူသွားတယ်။ ကာလတန်ဖို့ ၅ သိန်းကျော်လောက်တော့ရှိမယ်။ စစ်ကောင်စီတပ်သားတွေယူသွားတာ။ ပိုင်ရှင် မသိဘဲ ယူတယ်ဆိုရင် ခိုးယူသွားတယ်ပေါ့၊ ပစ္စည်းတစ်ချို့ကိုလည်း ဖျက်ဆီးခဲ့တယ်”ဟုပြောသည်။
၂၅။ မြိတ်က စက်ရုံတခုမှာ အောက်ဆီဂျင်ပြတ်လို့ အမျိုးသား ၃ ဦးသေဆုံး
November 14, 2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာရှိ ဗဲင်(န်)တေ့(ချဲ)ကုမ္ပဏီပိုင် ငါးအမှု့န်ကြိတ်စက်ရုံမှာ အောက်ဆီဂျင်ပြတ်လို့ အမျိုးသား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၃ ရက် မနေ့ည ၈ နာရီခန့်မှာ ငါးအမှု့န် ကြိတ်စက်ရုံမှာ အသုံးပြုနေတဲ့ မော်တာပန်ကာကြိုးပြတ်သွားတဲ့အတွက် ပါကေးကန်အတွင်းကမော်တာကြိုးကို ဆင်းပြင်သူ တဦးက အရင် အောက်ဆီဂျင်ပြတ်ပြီး လဲကျသွားတာကို နောက်ထပ်အလုပ်သမားတွေက ဆင်းဆယ်ရင်း ၆ ဦးထိ အောက်ဆီဂျင် ပြတ်လပ်မှုကို ခံစားခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။ “စက်ရုံက ငါးအမှုန့်ကြိမ်စက်ရုံ။ ဖြစ်တဲ့နေရာကန်ထဲမှာက ငါးတွေ ထားတဲ့နေရာဆိုတော့ ငါးအပုတ်နံနဲ့ အောက်ဆီဂျင်ပြတ်တာ ဖြစ်နိုင်တယ်။ အကုန်လုံးကိုတော့ ညတွင်းချင်း ဆယ်ယူနိုင်ခဲ့ တယ်။ ပစ္စည်းကိရိယာတွေမစုံတော့ ပထမ ဆယ်နေကြတာက ဆယ်ရခက်တယ်။ နောက် မီးသတ်အဖွဲ့က လာမှ အဆင်ပြေ သွားတယ်”လို့ ပြောပါတယ်။
ကန်အတွင်းက အောက်ဆီဂျင်ပြတ်နေသူတွေကို ဆယ်ယူပြီးချိန်မှာတော့ အလုပ်သမား ၃ ဦးဟာ သေဆုံးနေပြီး ကျန် ၃ ဦးက အသက်ရှင်နေသေးတယ်လို့ သိရပါတယ်။ သေဆုံးသူတွေနဲ့ ဆေးကုသဖို့ လိုနေသူတွေကို လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ အကူအညီနဲ့ မြိတ်ဆေးရုံကို ပို့ထားရပြီး၊ သေဆုံးသူတွေနဲ့ ဆေးကုသမှုခံယူနေရသူတွေအတွက် ကုမ္ပဏီဘက်က နစ်နာကြေး ပေး၊ မပေးဆိုတာကတော့ မသိရသေးပါဘူး။
၂၆။ တာလေ ယာဥ်တိုက်မှုဖြစ် အမျိုးသားတစ်ဦး ဦးခေါင်းကွဲ ဒဏ်ရာရ
November 14, 2022
သျှမ်းပြည်အရှေ့ပိုင်း တာလေမြို့နယ် နားယောင်းကျေးရွာအုပ်အတွင်းရှိ လိမ္မော်ခြံအတွင်းတွင် ကား နှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာသူမှာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရသည်။ နိုဝင်ဘာလ ၁၃ ရက် နေ့လည်ပိုင်း ၃ နာရီ ဝန်းကျင်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲပြီး ဆိုင်ကယ်မောင်းနှင် လာသူ အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဦးခေါင်း၏ နောက်ဆက်ကွဲပြီး သတိလစ်မေ့သွားကြောင်း တာလေမြို့ ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိတစ်ဦးက ပြောသည်။ “ လိမ္မော်ခြံအတွင်းဖြစ်ပြီး တာလေဆေးရုံကို ခေါ်လာတယ်။ ယာဉ်တိုက်မိတဲ့ နေရာအထိ မသွားလိုက်ရဘူး။ ဆိုင်ကယ်က မောင်းလာတဲ့သူက ဦးခေါင်းနောက်ဆက်တွဲပြီး သတိလစ်သွားတယ်။ ထိခိုက်ဒဏ်ရာတော့ စိုးရိမ်ရတယ် “ ဟု ၎င်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ မူခင်းဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာတစ်ဦးကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ပို့ဆောင်ခဲ့ ပြီး ကားမောင်းနှင်သူတစ်ဦးလည်း ထိခိုဏ်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
၂၇။ ဘူးသီးတောင်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး လက်ပစ်ဗုံးဖောက်ခွဲပြီး သတ်သေ
November 15, 2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၈) တပ်ဖွဲ့ဝင်တယောက်ဟာ နိုဝင်ဘာ ၁၄ ရက် မနက် ၁၀ နာရီလောက်က လက်ပစ်ဗုံးဖောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ရဲတပ်ရင်းနှင့်နီးစပ်သူတွေဆီက သိရပါတယ်။ “မနေ့က မနက်ပိုင်းမှာဖြစ်သွားတာ လို့သိရတယ်။ လက်ပစ်ဗုံးဖောက်ပြီး သတ်သေသွားတာတဲ့။ သေဆုံးတာတယောက်တည်း၊ နောက်ထပ်တပ်ဖွဲ့ဝင်တွေ မပါဘူးလို့ သိရတယ်။ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ သူက အရက်သေစာ လည်း မသောက်စားတတ်ဘူး။ လူနဲ့လည်း ရန်ဖြစ်တာမရှိဘူး” လို့ အမည်မဖော်လိုတဲ့ရဲအရာရှိတဦးက အတည်ပြုပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူမှာ အသက် ၃၀ နှစ်အရွယ် တပ်ကြပ်စိုးပိုင် ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲမူကြောင့် ဦးခေါင်း နောက်စိ ပွင့်ထွက်ဒဏ်ရာရရှိပြီး ဘူးသီးတောင်ဗျူဟာစစ်ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ နီးသူတွေဆီက သိရပါတယ်။ “ဆေးကုသယင်းသေဆုံးသွားတာ လို့သိရတယ်ဗျ။ ဘူးသီးတောင်က မွတ်ဆလင်လူငယ်တွေ တည်တောင်ထားတဲ့ ဆီမီးခွက် နာရေးကူညီမှုအသင်းကို အကူညီတောင်ပြီး မနေ့ကညနေမှ သင်္ဂြိုဟ်လိုက်ကြတယ်” လို့ ရဲအရာရှိက ပြောပါတယ်။ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၈) ဟာ ဘူးသီးတောင်-အငူမော်လမ်းမှာ တည်ရှိတဲ့ စခန်းတခု ဖြစ်ပါတယ်။
၂၈။ ကွတ်ခိုင်မှာ အမျိုးသမီး ၂ ဦး လည်ပင်း ဓားထောက်ပြီး ဓားပြတိုက်ခံရ၊ ဆိုင်ကယ် ၅ စီးလည်း ခိုးယူခံရ
November 15, 2022
ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် (၈)ဘက်မှာ အမျိုးသမီး ၂ ဦးဟာ လည်ပင်း ဓားထောက်ပြီး ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မနေ့ နေ့လယ် ၂ နာရီခွဲမှာ ဂေါက်ကွင်းဘက် သွားမယ်ဆိုပြီး ထွက်လာစဉ် ရပ်ကွက် (၈)ရဲ့ မနောကွင်း အနောက် ဘက် လမ်းကြားမှာ ဓားပြတိုက်ခံရတာပဲ ဖြစ်ပါတယ်။ ရပ်ကွက်(၈)မှာ နေထိုင်သူတစ်ဦးက “အသိနှစ်ယောက်က ဂေါက်ကွင်း ဘက်မှာ အလုပ်လုပ်တာ။ ဂေါက်ကွင်း သွားမယ်ဆိုပြီး သွားနေရင်းနဲ့ ယောကျာ်းလေးနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး သူတို့နှစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီး ပစ္စည်းတွေ ယူသွားတယ်” လို့ ပြောပါတယ်။ ဓားပြတိုက်ခံရတဲ့ အမျိုးသမီး ၂ ဦးဟာ ငွေ၊ ဖုန်း ၃ လုံး၊ မှတ်ပုံတင်နဲ့ ပိုက်ဆံအိတ်တွေ အကုန်ပါသွားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ရပ်ကွက်(၈)ရှိ နေအိမ်တစ်အိမ်မှာ ဆိုင်ကယ်အသစ်တစ်စီး ခိုးခံရတယ်လို့ ၎င်းကဆက်ပြော ပါတယ်။ အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်မှာလည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ လောင်းကစားရုံမှာ အမျိုးသား ၅ ဦးက ဆိုင်ကယ် ၄ စီး လာရောက် ခိုးယူသွားခဲ့ပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် ကွတ်ခိုင်မြို့နယ်မှာ လောင်းကစားဝိုင်း ပေါများလာပြီး သူခိုး၊ ဓားပြတွေလည်း များလာတာကြောင့် သွားလာရတာ ကြောက်လန့်နေရပြီးတော့ လုံခြုံရေးအတွက် စိုးရိမ် နေရတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
၂၉။ ၂ နှစ်ကြာ ရပ်ဆိုင်းထားရတဲ့ ဖောင်တော်ဦးဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြန်လည်ကျင်းပ
November 15, 2022
ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ကိုဗစ် ကပ်ရောဂါဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ၂ နှစ် ကြာ မကျင်းပနိုင်ပဲ ရပ်ဆိုင်းထားရတဲ့ ဖောင်တော်ဦးဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြန်လည်ကျင်းပခဲ့တယ်လို့ အင်းလေး ဒေသခံတွေဆီက သိရပါတယ်။ အဆိုပါ ပွဲတော်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ကပ်ရောဂါဘေးနဲ့ ၂၀၂၁ ခုနှစ်မှာလည်း စစ်အာဏာသိမ်းမှုကြောင့် မကျင်းပဖြစ်တာဖြစ်ပြီး ဒီနေ့ ၁၂ နာရီတိတိမှာတော့ အင်းလေးဒေသတွင်းက ဩဝါဒဆရာတော် တွေရဲ့ လမ်းညွှန်မှုနဲ့အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။ ဖောင်တော်ဦး ဘုရား အနောက်ဘက် နမ့်ဟူးရွာက ရွာခံအမျိုးသားတစ်ဦးက “အစတုန်းကတော့ မကျင်းပဖြစ်သလိုလိုတော့ ဖြစ်သေးတယ်။ အလှူခံ နေတုန်းတန်းလန်း ဩဝါဒဆရာတော်တွေက လုပ်ခွင့်မပြုလို့ ခဏရပ်ထားရသေးတယ်။ ရိုးရာပွဲတော်တစ်ခု ပြန်ကျင်းပဖြစ်သွား တယ်ဆိုတော့လည်း ဝမ်းသာပီတီဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပွဲတော် ပြန်ကျင်းပဖြစ်ပေမယ့် အရင်င်က ကျင်းပခဲ့သလိုမျိုး ကလောနဲ့ တောင်ကြီးမြို့နယ်က စာသင်တိုက်တွေကို မဖိတ်ကြားနိုင်တော့ပဲ ညောင်ရွှေမြို့နယ်ထဲက သံဃာတော်တွေနဲ့သာ အကျဥ်းချုပ် ကျင်းပခဲ့ပြီး ဒီနှစ်မှာ ဒေသခံတွေ ဆင်းရဲ ကျပ်တည်းလာမှုကြောင့် ဆွမ်းဆန်တင်း အရေအတွက်လည်း သိသိသာသာ လျော့သွားတယ်လို့ အင်းလေးဒေသခံတွေက ပြော ပါတယ်။ “ဒီနှစ် တင်းတစ်ကျော်ပဲ။ ခါတိုင်းနှစ်ထက် နည်းတာပေါ့။ ဆွမ်းဆန် မလောက်မှာစိုးလို့ မျှပြီးလောင်းကြဖို့လိုက် ကြေညာနေတယ်” လို့ ဖောင်တော်ဦးဘုရားမြောက်ဘက် သာလေးရွာက ရွာခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ လွန်ခဲ့ တဲ့ ၂ နှစ်က သံဃာဦးရေ (၃,၅၀၀)ကျော်နဲ့ ဆွမ်းဆန်တင်းရေ (၁,၃၀၀)ကျော် လောင်းလှူနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒေသခံ တွေအနေနဲ့ ကြွရောက်သံဃာ (၂,၈၇၃)ပါးကို ဆွမ်းဆန်တင်းရေ (၁,၀၈၉)တင်းသာ လောင်းလှူနိုင်တော့တယ်လို့ သိရပါတယ်။ အင်းလေးဒေသမှာ ဒေသစာရီ ကြွချီပူဇော်ပွဲအပြင် ဖောင်တော်ဦး၊ ရွှေအင်းတိန်၊ သန်းထောင်၊ တောင်တို စတဲ့ဒေသ ၄ ခုရဲ့ ဆွမ်းဆန်လောင်းလှူပွဲတော်တွေဟာ နာမည်ကျော်ကြားပြီး ပြည်တွင်းသာမက နိုင်ငံခြားသားတွေကပါ လာရောက်မှတ် တမ်းယူ ကြပါတယ်။
၃၀။ မြစ်ကြီးနားမြို့ရှိ ရှစ်မိုင်ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေ၊ အသင်းတော်ရုံးတံခါးဖျက်ပြီး အလှူသေတ္တာများ ရိုက်ဖျက်သွား
November 12, 2022
မြစ်ကြီးနားမြို့နယ် နောင်နန်းတိုက်နယ်ရှိ ရှစ်မိုင်ကချင်နှစ်ခြင်းဘုရားကျောင်းဝင်းတွင် ယနေ့နံနက် ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်လာကာ အသင်းတော်ရုံးခန်းသော့များကို ရိုက်ဖျက်သွားသည့်အပြင် အလှူသေတ္တာများ ရိုက်ဖျက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။ ဘုရားကျောင်းစောင့်ဖြစ်သူကို လာရောက်ရှာဖွေသည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေမွှေနှောက်သွားသည်ဟု အမည်မဖော်လိုသူ ဘုရားကျောင်းနှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦး က ပြောသည်။ “စကစတွေက သေနတ်တွေနဲ့ စစ်ဝတ်စုံတွေနဲ့ဟုတ်တယ်။ လူတစ်ယောက်ကိုလိုက်ရှာနေတာ သူတို့ပြောတဲ့သူ က မရှိဘူးလို့ပြောတော့ အိမ်ထောင်စုစာရင်းတောင်းပြီး မတွေ့တော့ ရုံးခန်းသော့ဖျက် အလှူငွေထည့်ထားတဲ့ သေတ္တာသော့ လည်း ဖျက်တာဟုတ်တယ်” ဟုသူကပြောသည်။
စစ်ကားနှစ်စီး၊ အိမ်စီးကားနှစ်စီးဖြင့် စစ်ဝတ်စုံ ဝတ်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်နှင့် အရပ်ဝတ် များက ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အခြားအမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။ “သုံး နာရီလောက်က စလှုပ်ရှားပြီထင်တယ် ခွေးတွေလည်းအရမ်းဟောင်တယ် သူတို့ရောက်လာချိန်မှာ။ အိပ်လို့လည်းမရတော့ ဘူး” ဟုသူကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘုရားကျောင်းစောင့်ကို ဖမ်းဆီးရိုက်နှက်ခြင်းများမရှိသော်လည်း စစ်ဆေးမှု များပြုလုပ်ပြီး ဓာတ်ပုံရိုက်ကာ ခြိမ်းခြောက်သွားကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO) နှင့်ဆက်စပ်သူအများအပြားကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်ဆက်နွယ်နေသည့် နေအိမ်များ၊ လူပုဂ္ဂိုလ် များ ကို လိုက်လံဖမ်းဆီးနေသည်။
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။