တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

NCA လုပ်ငန်းစဉ်များအတွင်း အတင်းဖိအားပေးမှုမျိုး ရှိခဲ့တယ်လို့ RCSS ပြောဆိုလာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၇

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးသည့် ၇ နှစ်တာ ကာလ အတွင်း ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်များကို အတင်းအကြပ် ဖိအားပေး သဘောတူ ခိုင်းတဲ့ ဖြစ်စဉ်များ ရှိခဲ့တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ပြောဆိုလာတာပါ။

အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် (NCA) လက်မှတ်ရေးထိုးခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲ အခမ်းအနားမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ကိုယ် စားလှယ် ဗိုလ်မှူးကြီး ဆောင်းဟန်က အမှတ်တရ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့တယ်လို့ RCSS အာဘော် Tai Freedom – Burmese Version စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဗိုလ်မှူးကြီး ဆောင်းဟန်က “NCA လက်မှတ်ရေးထိုးပြီး (၇)နှစ်တာကာလမှာ မိမိတို့အားလုံးအတွက် သင်ခန်းစာ တွေ အများကြီး ရရှိခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲတွေမှာ သူ့မူကိုယ်မူ့ အသေစွဲကိုင်ခြင်း၊ ဆွေးနွေးဖော် ဆွေးနွေးဖက် အပေါ် လေးစားမှု မရှိခြင်း၊ အပေါ်စီးမှ အတင်းအကြပ် မဖြစ်နေ ဖိအားပေး သဘောတူစေခြင်း၊ ဆွေးနွေးပွဲ အခင်းအကျင်းက တဖက်ဆွေးနွေးဖော်အတွက် အဆင်မပြေခြင်း၊ ဆွေးနွေးတဲ့နေရာကို တဖက် သတ်သတ်မှတ်ခြင်း စတာတွေဟာ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်ခဲ့ တယ် ဆိုတာ အားလုံးသိရှိပြီး ဖြစ်တယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် နောက်ဆွေးနွေးပွဲများမှာတော့ နှစ်ဖက်ဆွေးနွေးဖော်များအတွက် မျှတတဲ့ ဆွေးနွေးပွဲမျိုးကို မဖြစ်မနေ ညှိနှိုင်းပြီး အတူတကွ ပူးတွဲ ဖန်တီးဖို့နှင့် နှစ်ဖက်ကြား ခိုင်မာသည့် ယုံကြည်မှု တည်ဆောက် ခြင်းကို ဆောင်ရွက်နိုင်မှသာ အားလုံး၏ ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ ဗိုလ်မှူးကြီး ဆောင်းဟန်က ပြောခဲ့တာပါ။

ထို့အပြင် NCA အကောင်အထည်ဖော်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်းမှာလည်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ စားဝတ်နေရး၊ တရားဉပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအပါအဝင် ကဏ္ဍတော်တော် များများကို ထိုက်သင့်သလောက် ဆောင်ရွက်နိုင်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖောဖော်ဝါရီ ၁ ရက်နေ့ကစပြီး NCA စာချုပ် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များဟာ အားလုံးရပ်တန့် သွားလို့ စိတ်မကောင်း ဖြစ်ရတယ်ဟု ဗိုလ်မှူးကြီး ဆောင်းဟန်က ထည့်သွင်းပြောဆိုခဲ့တယ်လို့ ဖော်ပြ ပါတယ်။

ဗိုလ်မှူးကြီး ဆောင်းဟန်က “၂၀၂၁ခုနှစ်မှာ နိုင်ငံရေး အကျပ်အတည်းကြောင့် NCA စာချုပ် အကောင်အထည် ဖော်ခြင်း လုပ်ငန်းတွေဟာ ရပ်တန့်သွားခဲ့ပါတယ်။ NCA အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ဆက်လက်ကျင်းပဖို့ဟာလည်း ပါဝင်တဲ့ အစုအဖွဲ့တွေ့ မရှိတော့လို့ မဖြစ်နိုင်တော့တဲ့ အခြေအနဆီ တွန်းပို့ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် မိမိတို့မှာ နှမျောခြင်းတွေ၊ စိတ်မကောင်းခြင်းတွေ ဖြစ်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့တာပါ။

တစ်ဖက်တွင်လည်း NCA စာချုပ်နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံကို (၄) ကြိမ် ကျင်းပ နိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ချုပ်ဆိုနိုင်ခဲ့သည် သာမက အရပ်သား ကာကွယ်ရေး ကိစ္စရပ်များ၊ ဒေသအတွင်းတည်ငြိမ် အေးချမ်းမှုများ၊ ပြည်သူလူထုများ၏ လူမှုစီးပွား ကိစ္စအဝဝများကို လက်လှမ်းမီသလောက် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ RCSS က ဆိုထား ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ (ယမန်နေ့) က ပြုလုပ်ကျင်းပခဲ့တဲ့ NCA လက်မှတ်ရေးထိုးခြင်း ၇ နှစ်ပြည့် အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၇ ဖွဲ့ ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင် ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါ တီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး အတွင်းရေးမှူးဦးဆောင်တဲ့ LDU တို့က တက်ရောက်ခဲ့ကြပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက် တစ်တပ်ဦး ABSDF နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ကတော့ NCA လက်မှတ် ရေးထိုးခြင်း ၇ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Related Articles

Back to top button