ကဗျာ

အမေ့အိမ်

  • အမေ့အိမ်

 

မေမေရေ မေမေရေ ….

တောနက်နက် ချောက်ကမ်းပါးဘေးက

ရွက်ဖျင်တဲလေးမှာ တစ်ယောက်တည်း

တစ်ယောက်တည်းရယ် မေမေရယ်…

တစ်ယောက်တည်းရယ်ပါ။

 

မဆုံးသေးတဲ့ တော်လှန်ရေးခရီးကိုလျှောက်

ပြန်လမ်း ရှိပါစရယ်လို့

ကောင်းကင်မော့ ဓူဝံကြယ်ကို မေးငေါ့မေးရတာ

အမောရယ်ပါ မေမေရယ်။

 

နှင်းဆီနှုတ်ခမ်းဖူးနဲ့ ကောင်မလေးကို

လက်ထပ်ဖို့

မေ့မေ့အတွက် မြေးလေးမွေးပေးဖို့

အားလုံးက ဒုတိယမ္ပိ ပြန်စရတော့မယ်မေမေ။

 

ပျားရည်ဖြစ်ပြီးတဲ့ ဝတ်ရည်တွေကို ပြန်ရှာသလို

ဘဝက အစပျောက်နေပါပြီ။

မေမေမရှိတဲ့ တဲကလေးထဲ

ကော်ဖီခါးခါးတစ်ခွက်က မနက်ခင်းကို မကျော်နိုင်တော့ဘူး။

ဒီတောဒီမြေဒီလေကနေ မေမေ့ကို လွမ်းသလို

သေနတ်သံကြားထဲ မေမေ့အသံကိုကြားယောင်နေသလို

အရာရာ တိတ်ဆိတ်ရတာ

ကြာညောင်းနေပြီမေမေရယ်။

 

မေမေဆွတ်တဲ့ရေမွေးလေးနဲ့

မေမေဝတ်မဲ့ အနွေးထည်လေးကိုလည်း

ရေးရေးလေးတောင် မေ့ချင်နေပြီ

မေမေအတွက် တိုင်းပြည်စစ်စစ်တစ်ခု

ပြန်ယူပေးချင်တာက လွဲလို့ ….

လွဲလို့ရယ်ပါ မေမေရယ်..။

 

  • ကံ့ကော်ဖြူ

 

Related Articles

Back to top button