“နေပြည်တော်အခင်းအကျင်းမှသည် တော်လှန်ရေးအခင်းကျင်းဆီသို့ “
-ကိုသွင် (MT)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးနောက်မကြာမှီတွင် ဝန်ထမ်းများ၏ လူထုအာခံရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) များ၊ အလုပ်သမား၊ ကျောင်းသား လူငယ်၊ အမျိုးသမီးများအပါအဝင် ပြည်သူများနှင့် နိုင်ငံရေးပါတီအချို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နိုင်ငံအနှံ့အပြားတွင် အားကောင်းကောင်းနှင့်ပေါ်ပေါက်လာခဲ့ပြီး နွေဦးတော်လှန်ရေးဟူသော သမိုင်းစာမျက်နှာသစ်ပွင့်အာလာခဲ့ပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပါအဝင် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (ERO) များနှင့်ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အားလုံး ရပ်တန့်သွားခဲ့ကာ ERO အများစုမှာလည်း ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေး၏ အဓိကကျသော အစိတ် အပိုင်းဖြစ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးပလက်ဖောင်းပေါ်တွင် ရပ်တည်လာခဲ့ကြသည်။ ပြည်နယ် အများစုမှာလည်း ပြည်နယ်အခြေပြုညှိနှိုင်းရေးအစုအဖွဲ့များကို ဖွဲ့စည်းလာခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH)
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများ၏ဆန္ဒဖြင့်ရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ်များကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) ဟူ၍ဖွဲ့စည်းခဲ့ကြသည်။
အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC)
တော်လှန်ရေးတစ်ခု၏ထုံးစံအတိုင်းပင် ဖိနှိပ်သူအားခုခံဆန့်ကျင်ရန် မိမိတို့၏အသိစိတ်ဓါတ်၊ မိမိတို့၏ ရှိသမျှအင်အားတို့ဖြင့် နီးစပ်ရာရင်ခုန်သံတူညီသူများအချင်းချင်းစုစည်းပြီး လုပ်ဆောင်ကြရသော ကြောင့် တော်လှန်ရေး၏အစပိုင်းတွင် တော်လှန်တိုက်ပွဲဝင်သောအင်အားစုများမှာ နေရာအသီးသီးတွင် အစုအဖွဲ့ပုံစံ အမျိုးမျိုးဖြင့် တည်ရှိရှင်သန်နေတတ်ကြပါသည်။ တော်လှန်ရေးအားပိုမိုအားကောင်းစွာ ဆက်လက် မောင်းနှင်း သွားရန် ဆိုလျှင် ထိုသို့နေရာအနှံ့အပြားမှပေါ်ပေါက်လာသော ဆန့်ကျင်တိုက်ပွဲဝင် နေသည့် အင်အားစုများအားစုစည်းပြီး ညီညွှတ်အားကောင်းသည့် တပ်ပေါင်းစုတစ်ခုမဖြစ်မနေဖွဲ့စည်းရန် လိုအပ်လာ ပါသည်။ ထိုတပ်ပေါင်းစုသည် တော်လှန်ရေးအင်အားစုများအကြား ညီညွှတ်ရေးကို တည်ဆောက်ပြီး ၄င်းတို့၏စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းဆုံးဖြတ်မှု၊ စုပေါင်းတာဝန်ခံမှုတို့ဖြင့် တော်လှန် ရေးတစ်ခုလုံးအား နိုင်ငံရေးအရဦးဆောင်မှုပေးရန်ပင်ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်အား အကောင်အထည်ဖော်နိုင်ရန်အတွက် အထက်ဖော်ပြပါအင်အားစုများပါဝင်အောင် စုဖွဲ့ထားသည့် အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) အားဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို လုပ်ဆောင်ရာတွင် ကျင့်သုံးလိုက်နာရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဉပဒေအသွင်ဆောင်သော ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၂) (ကြားကာ လဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ) တို့ကိုလဲ NUCC မှရေးသား အတည်ပြုပေးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)
တော်လှန်ရေးကို နိုင်ငံရေးအရဦးဆောင်မှုပေးမည့် မဟာမိတ်တပ်ပေါင်းစုပေါ်ပေါက်လာပြီးသည့်အခါ တွင် တော်လှန်ရေးအတွက်ထိုဦးဆောင်မှုအား အဓိကအကောင်အထည်ဖော်ဆောင်ရွက်ရန် အစိုးရတစ်ရပ်လည်း လိုအပ်လာသည်။ စစ်အာဏာရှင်များက စစ်အစိုးရအဖြစ်အသိ အမှတ်ပြုခံရရန်အတွက် အာဏာ သိမ်းယူခြင်း ဖြစ်သည့်အတွက် ၄င်းတို့၏တရားဝင်လိုမှုကို ဆန့်ကျင်စိန်ခေါ်ရန်အတွက် အစိုးရတစ်ရပ်ရှိရန် မဖြစ်မနေလိုအပ်သည့်အခြေအနေဖြစ်ပါသည်။ ထို့ကြောင့်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂) (ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ) အရ NUCC အဖွဲ့ဝင်အဖွဲ့အစည်း များမှ အမည်စာရင်းတင်သွင်းသောသူများဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (National Unity Government – NUG) ကိုဖွဲ့စည်းခဲ့ပါသည်။
ဤသို့ဖြင့် ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေး၏ မျက်နှာစာအသစ်ဖြစ်သော နွေဦးတော်လှန်ရေးတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများအားလုံး ပါဝင်နိုင်သမျှပါဝင်နိုင်အောင် စုစည်းထား သော အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ဟူသော စုဖွဲ့မှု နှစ်ခုနှင့်အတူ ဖွဲ့စည်းပုံအခြေခံဉပဒေအသွင်ဆောင်သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်များ ပေါ်ပေါက်လာ ခဲ့ပါသည်။
အဘယ်ကြောင့်နှင့်မည်သို့သက်ရောက်
ဒီမိုကရက်တစ်နိုင်ငံတခုတွင် ဖွဲ့စည်းပုံအခြေခံဉပဒေတစ်ခုအရ ရွေးကောက်ပွဲအနိုင်ရသောကိုယ်စား လှယ်များဖြင့်စုဖွဲ့ထားသောလွှတ်တော်ရှိမည်။ ထိုလွှတ်တော်ကအစိုးရကိုဖွဲ့စည်းပေးကာ ထိုအစိုးရ၏ အုပ်ချုပ်ရေးဆောင်ရွက်မှုအား ထိန်းကျောင်းပေးခြင်းဖြင့် နိုင်ငံကိုမောင်းနှင်မည်ဖြစ်သည်။ ယခုလက်ရှိ တွင်မူ ၂၀၂၀ ရွေးကောက်ပွဲမှထွက်ပေါ်လာသည့် ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့် CRPH ရှိနေ သော်လည်း CRPH အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများအားလုံး ပါဝင်နိုင်သမျှပါဝင် နိုင်အောင် စုစည်းထားသော NUCC မှ NUG ကိုဖွဲ့စည်းပေးကာ ထို NUG ၏လုပ်ဆောင်မှုအားလည်း စုပေါင်းခေါင်းဆောင်မှုအနှစ်သာရအခြေခံဖြင့် NUCC မှပင် မူဝါဒဆိုင်ရာ ထိန်းကျောင်းမှုပြုလုပ်ပေးပြီး တော်လှန်ရေးအားမောင်းနှင်ရန်သတ်မှတ်ရေးဆွဲထားခြင်းဖြစ်ပါသည်။
အဘယ်ကြောင့် ထိုသို့မတူညီရပြီး ထိုသို့မတူညီခြင်းကြောင့် မည်သို့သက်ရောက်မှုရှိနိုင်ပါမည်လဲ။
အဘယ်ကြောင့်ဆိုသည့် မေးခွန်းကိုဦးစွာဆွေးနွေးကြည့်လိုပါသည်။ အတိုချုပ်တစ်ခွန်းတည်းဖြင့်ပြောရလျှင် ပုံမှန်အခြေအနေနှင့်တော်လှန်ရေးအခြေအနေမတူသောကြောင့်ပင်ဖြစ်ပါသည်။ ပုံမှန်အခြေအနေတွင် ရွေးကောက်ပွဲအနိုင်ရသောကိုယ်စားလှယ်များသည် ရွေးကောက်ပွဲအားအနိုင်ရပြီးပါက မိမိတို့၏ မဲဆန္ဒနယ် များအတွင်းမှ မိမိတို့အားထောက်ခံမဲပေးရွေးချယ်လိုက်သူများရော၊ မရွေးချယ်လိုက်သူများ အတွက်ပါ အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်မည့် အစိုးရတရပ်ကိုဖွဲ့စည်းပေးပြီး ထိုအစိုးရ အားလဲထိန်းကျောင်းပေးရမည်ဖြစ်ပါသည်။ ထိုသို့ထိန်းကျောင်းပေးရန် အခြေခံရမည့်မူဝါဒမှာ ရွေးကောက်ပွဲတွင်အနိုင်ရသော နိုင်ငံရေးပါတီမှမူဝါဒ၏လွှမ်းမိုးမှုအောက်တွင်သာရှိမည်ဖြစ်ပါသည်။
တော်လှန်ရေးကာလတွင်မူ ပုံမှန်အခြေအနေတွင်ကဲ့သို့ အုပ်ချုပ်ရေးတာဝန်ကိုလုပ်ဆောင်ရခြင်းထက် ရက်စက်ကြမ်းကြုတ်သည့်ဖိနှိပ်သူကို တော်လှန်ရန်မှာအဓိကတာဝန်ဖြစ်သွားရုံမျှမကဘဲ မိမိတို့မဲဆန္ဒ နယ်များအတွင်းမှ ပြည်သူများ၏ဆန္ဒ၊ လိုလားချက်များကိုတွေ့ဆုံနားထောင်နိုင်လောက်အောင်အထိလည်း အခြေအနေပေးတော့မည်မဟုတ်ပေ။ မြန်မာနိုင်ငံအရေးတွင် ဖိနှိပ်သူများမှာစစ်အာဏာရှင်များဖြစ်ကာ ၄င်းတို့၏သက်ရောက်မှုဒါဏ်ကိုခံရပြီး ၄င်းတို့အားတော်လှန်နေကြသည့် မူလကတည်းကရှိပြီးဖြစ်သည့် မဲဆန္ဒနယ်ပြင်ပမှတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (Ethnic Resistance Organizations – EROs)၊ ရွေးကောက်ပွဲတွင် မဲမနိုင်သော၊ မဲအနည်းစုသာနိုင်သော နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကိုလည်း ညီညွတ်ရေးရှု့ထောင့်မှထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ တော်လှန်ရေးအား ဆက်လက်မောင်းနှင်ရန် မူဝါဒအနေဖြင့်လည်း ရွေးကောက်ပွဲအနိုင်ရပါတီ၏မူဝါဒတစ်ခုတည်းကို ဦးတည်ပြီးစဉ်းစား၍ မရနိုင်တော့ပေ။ ထို့ကြောင့် တော်လှန်ရေးကာလတွင် အစိုးရကိုဖွဲ့စည်းရန်၊ ထိုအစိုးရအတွက် မူဝါဒချမှတ် ပေးရန်နှင့်ထိုအစိုးရအားထိန်းကျောင်းရန်တာဝန်မှာ လွှတ်တော်ထက်ကျယ်ပြန့် သော၊ ပုံမှန်မဲဆန္ဒနယ်များ ထက်ကျယ်ပြန့်သည့်ကိုယ်စားပြုမှုရှိသော၊ ပြည်သူများ၏လိုလားချက်များကို တစုံတရာထင်ဟပ်နိုင်သော စုဖွဲ့မှုမျိုးအပေါ်တွင်ပိုမိုကျရောက်လာပါသည်။ အထက်ပါလိုအပ်ချက်များ အရ အကောင်အထည် ဖော်လုပ်ဆောင်နိုင်ရန်အတွက် NUCC စုဖွဲ့မှုပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။
အဓိကအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှပေါ်ထွက်လာသော ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းလိုက်သည့် CRPH အပါအဝင် နွေဦးတော်လှန်ရေးတွင်ပါဝင်နေသော အင်အားစုများသည် စစ်အာဏာရှင်ဆန့်ကျင် ရေး အင်အားစုများအဖြစ် မိမိတို့ကိုယ်ကိုမိမိတို့ တန်းတူညီမျှစွာခံယူပြီး အင်အားစုများအကြား မူဝါဒများကို ဆွေးနွေးညှိနှိုင်းချမှတ်ပြီး NUG အစိုးရကိုထိန်းကျောင်းကြရမည်ဖြစ်ပါသည်။ ထပ်မံ၍အဓိကကျသည်မှာ NUG သည်လည်း တော်လှန်ရေးကိုအောင်မြင်စွာဆောင်ကျဉ်းနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် တော်လှန် ရေး အစိုးရအဖြစ်ခံယူပြီး အခြားသောတော်လှန်ရေးအင်အားစုများနှင့်အတူတကွ တန်းတူ ပူးပေါင်းပြီး မိမိတို့၏ ကျရာအခန်းကဏ္ဍတွင် ကျေပွန်အောင်ထမ်းဆောင်ကြရမည်ဖြစ်ပါသည်။
မည်သို့သက်ရောက်
CRPH အပါအဝင် စစ်အာဏာရှင်တိုက်ဖျက်ရေးအင်အားစုများပါဝင်သော NUCC နှင့် NUG တို့အကြားတွင် အထက်ပါသတ်မှတ်ထားသည့်ပုံစံဖြင့် တော်လှန်ရေးအားမောင်းနှင်သွားမည်ဆိုပါက တန်းတူညီမျှ မှုအခြေခံ သည့်ညီညွတ်ရေးကို ပိုမိုတည်ဆောက်နိုင်မည်ဖြစ်ကာ တစ်ဦးတစ်ယောက်တည်းပေါ်တွင်တည်မှီ ထားခြင်း မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်မှုကိုပိုမိုဖော်ဆောင်နိုင်ပြီး စိတ်ဝမ်းကွဲပြားမှုများကိုလျော့ချနိုင်၍ ယုံကြည်မှု ကိုပိုမိုတည်ဆောက်လာနိုင်မည်ဖြစ်ပါသည်။ ထိုအရာသည် အတိတ်ကာလ၏ဖက်ဒရယ် ဒီမိုကရေစီ တော်လှန်ရေး အဆက်ဆက်တွင် မရရှိနိုင်ခဲ့သောအဓိကအားနည်းချက်ပင်ဖြစ်ပါသည်။
အတိတ်က NCUB နှင့် NCGUB
ယခုအခင်းအကျင်းသည် လုံး၀အသစ်အဆန်းတော့မဟုတ်ဘဲ ၁၉၈၈ စစ်အာဏာသိမ်းမှုအပြီးတွင် နယ်စပ်တော်လှန်ရေး အင်အားစုများအကြား၌ ထိုသို့သောပုံစံမျိုးကိုတည်ဆောက်ရန်ကြိုးပမ်းခဲ့သော်လည်း လက်တွေ့ အကောင်အထည်ဖော်ရာတွင် အားနည်းချက်များစွာရှိခဲ့သည့်အတွက် အောင်မြင်မှုဆီသို့ အပြည့်အဝ မရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ၁၉၉၀ ရွေးကောက်ပွဲမှထွက်ပေါ်လာသော ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU – Member of Parliament Union သည် အင်အားစုတစ်ခုအနေဖြင့် အခြားသောစစ်အာဏာရှင်တိုက်ဖျက်ရေး ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများနှင့်တန်းတူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB – National Council of the Union of Burma တွင်ပါဝင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ NCGUB – National Coalition Government of the Union of Burma ကိုဖွဲ့စည်းခဲ့သည်။ NCUB မှလည်း ယခု NUCC ကဲ့သို့ပင် NUG နှင့်အလားသဏ္ဍာန်တူသော NCGUB ကိုထိန်းကျောင်းရန် ရည်ရွယ်ခဲ့ပါသည်။ လက်တွေ့ အကောင်အထည်ဖော်ရာတွင် အားနည်းချက်များကို သုံးသပ်ထားသည်များရှိကာ ယခုတော်လှန်ရေးတွင်ပါဝင်နေကြသူများအနေဖြင့် ထိုအားနည်းချက်များကို လေ့လာပြီး သင်ခန်းစာယူရန်အရေးကြီးမည် ဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီအနှစ်သာရ
ယနေ့တော်လှန်ရေးကာလတွင် ဦးဆောင်နေသော NUCC နှင့် NUG တို့အနေဖြင့် အရေးတကြီး ဂရုပြုရမည့်နောက်ထပ်အချက်တစ်ခုမှာ မိမိတို့၏အဓိကပန်းတိုင်သည် စစ်တပ်၏နိုင်ငံရေးတွင် ပါဝင်စွက်ဖက်မှု ကင်းသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်သည့်အတွက် စစ်တပ်မှနိုင်ငံရေးတွင် ပါဝင်စွက်ဖက်နေသည့်တလျှောက်လုံး အပေါ်ယံသာလျှပ်ခဲ့ရသည့် ဖက်ဒရယ်ဒီမိုကရေစီအနှစ်သာရကို ယခုကတည်း ကစတင်ပြီး ထဲထဲဝင်ဝင်လိုက်နာဖော်ဆောင်ရန်ပင်ဖြစ်ပါသည်။ အတိအကျဆိုရလျှင် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) (ကြားကာလဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာအစီအမံ) အခန်း (၈) ပါအ တိုင်း ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ဉပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ပြည်ထောင်စုအဆင့်ဖွဲ့စည်းထားသော NUG မှဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ သက်ဆိုင်ရာ ပြည်နယ်/ ဖက်ဒရယ်ယူ နစ်များမှ အစုအဖွဲ့များမှသာတာဝန်ယူဖွဲ့စည်းအကောင်အထည်ဖော်ရန်ဟူသော အချက်ကို တိကျစွာ လိုက်နာရန်ပင်ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် စစ်အာဏာသိမ်းယူမှုမတိုင်ခင်က ပုံမှန်အခြေအနေအတိုင်း မိမိတို့သည်သာ အုပ်ချုပ်သူများ ဖြစ်သည်၊ မိမိတို့သည်သာရွေးကောက်ခံများဖြစ်သည်၊ မိမိတို့သည်သာ တော်လှန်ရေး အဖွဲ့များဖြစ် သည်၊ မိမိတို့သည်သာတက်ကြွလှုပ်ရှားသူများဖြစ်သည်ဟူသော အစရှိသည့်တန်းတူညီမျှမှုကိုသွေဖယ်သည့်၊ စိတ်ဝမ်း ကွဲပြားပြီး ယုံကြည်မှုကိုပိုမိုပျက်ပြားစေသည့် နေပြည်တော်အခင်းအကျင်းမှလမ်းခွဲကာ ဖိနှိပ်သော စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှတို့ကိုဖယ်ရှားရေး၊ တန်းတူမျှတမှု အလျင်းမရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကို အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရေး တည်းဟူသော နိုင်ငံရေးရည်မှန်းချက်များကို ဦးထိပ်ထားပြီး အင်အားစုများအကြား တန်းတူညီမျှသော ရဲဘော်ရဲဘက်စိတ်ဓါတ်ဖြင့်တိုက်ပွဲဝင်ရမည့် တော်လှန်ရေးအခင်းအကျင်းကို အစဉ်နှလုံး သွင်း ဆင်နွဲရမည့် အချိန်အခါ ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။