အယ်ဒီတာ့ အာဘော်
လက်ရှိ မြန်မာနိုင်ငံ၏ ဖြေရှင်းရမည့် ပြဿ နာထဲထွင် မြေယာကိစ္စ သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ကိုလိုနီမတိုင်ခင် ဗမာမင်းပိုင်နက်မြေများနှင့် အခြားတိုင်းသားအသီးသီး၏ မြေများကို မိမိတို့ဘာသာ သီးခြား ခန့်ခွဲမှုများ အောက်တွင် ရှိနေခဲ့ရာမှ အင်္ဂလိပ်ကိုလိုနီနောက်ပိုင်းတွင် Lower/Upper Burma Land Revenue Manual – 1861 ဖြင့် ဗမာပြည်မမြေယာစီမံခန့်ခွဲမှုကို စုတင်ဆောင် ရွက်ခဲ့ပြီး၊ အခြားတိုင်းရင်းသားဒေသ(ရှမ်း၊ ချင်း၊ ကချင်နှင့် ကရင်နီ)များ တွင်မူ မိမိတို့၏ ဓလေ့ထုံးတမ်းနှင့်အညီ စီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
သို့ရာတွင်လွတ်လပ်ရေးနောက်ပိုင်း ၁၉၆၃ ခုနှစ် တွင် တော်လှန်ရေးကောင်စီအစိုးရက လယ်ယာမြေဝေခြမ်းရေးဥပဒေ ပြဋ္ဌာန်းခဲ့ရာ မြေအားလုံးကို နိုင်ငံပိုင် မြေသိမ်းခြင်းဖြင့်တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းမြေယာ စီမံခန့်ခွဲမှုစနစ်ဆုံးခန်းတိုင်ခဲ့ခြင်းနှင့် အတူ မြေယာပြဿ နာ များလည်း စတင် လာခဲ့သည်။
ယင်းနောက်ပိုင်း အစိုးရအဆက်ဆက်အနေဖြင့် မြေယာပြဿ နာကို ဖြေရှင်းဆောင်ရွက်ခြင်းထက် နိုင်ငံတော်ကာကွယ်ရေး၊ အမျိုး သားစီမံကိန်း များနှင့် စက်မှု ထုတ်ကုန်၊ သီးနှံစိုက်ပျိုးရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု … စသည့်လိုအပ်ချက်များအရ မြေသိမ်းမှုများကြောင့် မြေယာပြဿ နာများ မှာ ပိုမိုရှုပ်ထွေးလာသည့် အခြေအနေသို့ ရောက်မှန်း မသိရောက်ခဲ့ရသည်။
ယခုနောက်ဆုံး ပြည်ထောင်စုအစိုးရမှ မြေလွပ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ ပြဋ္ဌာန်းလိုက်သည့်အခါတွင် နိုင်ငံနှင့် အဝှမ်း အသံပေါင်းစုံထွက်ပေါ်လာခဲ့ပြီး၊ အထူးသဖြင့် တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ မြေပိုင်ဆိုင်မှု အသိအမှတ်ပြုရေးနှင့် ဥပဒေအရ အကာကွယ်ပေးရေးကို နေရာစုံမှ တောင်းဆိုလာခဲ့ကြသည်။
ကျင်းပ ပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၄)ကြိမ်တွင် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍမူဝါဒ သဘောတူညီချက်(၁၂) ချက် ကို ချမှတ်နိုင်ခဲ့ရာ တိုင်းရင်းသား ဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲမှုနှင့် သဟဇာတ ဖြစ်အောင် မည်မျှ အထိ အကောင်အထည်ဖော်ဆောင်နိုင်မည်ဆိုသည်ကိုကား ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
မြေယာကိစ္စမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော အနာဂတ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးနှင့်လည်း တိုက်ရိုက်ချိတ်ဆက်နေသည်ဖြစ်ရာ နိုင်ငံနှင့်အဝှမ်းဖြစ်နေသည့် မြေယာပိုင်ဆိုင်မှုဆိုင်ရာပြဿ နာ များကို မည်သို့ဖြေရှင်းဆောင်ရွက်သင့်ကြောင်း အလွှာပေါင်းစုံ၏ အမြင်များကို ဖော်ပြပေးအပ် ပါသည်။
အယ်ဒီတာ
(ဖက်ဒရယ် ဂျာနယ်)