
၁။ မင်းတပ်မြို့က နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီဗုံးကြဲ၍ ဘုရားကျောင်းတစ်ခုလုံးပျက်စီး
April 14, 2025
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းဘုရားကျောင်း(MBC) ကို စစ်ကောင်စီက ယမန်နေ့ညနေမှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဘုရားကျောင်းတစ်ခုလုံးပျက်စီးသွားသည်ဟု သိရသည်။ ဧပြီလ ၁၃ ရက် သံလွင်ခက် တနင်္ဂနွေနေ့(Palm Sunday) ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် နေပြည်တော် အေလာလေတပ်မှတက်လာသော ဂျက်ဖိုက်တာ တစ်စီးက MBC ဘုရားကျောင်းကို ပြင်းအား ပေါင် ၅၀၀ ဗုံးဖြင့် အကြောင်းမဲ့တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ တစ်ဦးကပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကံကောင်းထောက်မစွာဖြင့် အရပ် သားသေဆုံးမှုမရှိသော်လည်း ဘုရားကျောင်း တစ်ခုလုံးကြေမွပျက်စီးသွားသည်ဟု သိရသည်။“ကျနော်တို့တန်ဖိုးထားမြတ်နိုးရတဲ့အသင်းတော်၊ ကျနော်တို့ဘုရား၌မွေ့လျော် ခဲ့ရတဲ့အသင်းတော် ကျနော်တို့ဘုရား ဂုဏ်တော်ချီးမွမ်းခဲ့တဲ့အသင်းတော်၊ ကျနော်တို့တွေအတူတူဆုတောင်းခဲ့တဲ့ အသင်းတော်၊ ကျနော်တို့တွေ ရပ်နီးရပ်ဝေးက တစ်ခါမှမသိမမြင်ဖူးတဲ့သူတွေနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ရတဲ့အသင်းတော်၊ အမှတ်တရတွေနဲ့ပြည့် နေတဲ့ အသင်းတော်လေး၊ တစ်နေ့အားလုံးအတူတူ ပြန်ဆုံတွေ့မယ်လို့အားခဲထားရတဲ့နေရာလေး၊ ပျက်စီးသွားပြီ၊ နှလုံးသားတွေ ကြေကွဲရတယ် ဝမ်းနည်းမျက်ရည်တွေလည်းကျခဲ့ရတယ်” ဟု Mindat Baptist Church က လူမှုကွန်ယက်စာမျက်နှာတွင်ဖော် ပြထားသည်။
မင်းတပ်မြို့တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ် လျှက် ရှိပြီး ဧပြီလ ၉ ရက်နေ့က လည်း မင်းတပ်မြို့အနီး ဖွီကျေးရွာကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် နှင့် ဘာသာရေးဆရာအပါ အဝင် အရပ် သား ၆ ဦးသေဆုံးခဲ့ရသည်။ ထို့အပြင် AG ဘုရားကျောင်းအပါအဝင်လူနေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့သည်ဟုသိရသည်။ အလား တူ မင်းတပ်မြို့အနီး ကန်ပက်လက်မြို့ကိုလည်း ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးမှုရှိခဲ့သည်ဟုသိရသည်။ စစ်ကောင်စီကင်းစင်ပြီဖြစ်သော ကန်ပက်လက် မြို့ကို ဧပြီလ ၂ ရက်နေ့တုန်း ကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် မှုကြောင့် ဌာနဆိုင်ရာအဆောက်အအုံ များအပါအဝင် လူနေအိမ် ၂၀ ကျော်ပျက်စီးခဲ့ ကြောင်းသိရသည်။ Read in Full
၂။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ KIO နယ်မြေတွေမှာတစ်ပတ်အတွင်း လေကြောင်းနဲ့အကြိမ် ၂၀၀ ကျော်တိုက်ခိုက်
April 14, 2025
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေသာမက KIO နယ်မြေတွေမှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဧပြီလ ၁၃ ရက် နေ့ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်မှာ ဖော်ပြထားပါတယ်။ တစ်ပတ်အတွင်း စစ်ကောင်စီတပ်က တိုက်ပွဲနေရာတွေသာမ က KIO နယ်မြေတွေမှာ Y12 လေယာဉ်နဲ့ ၁၃၄ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၁၁ ကြိမ်၊ ဒရုန်းနဲ့ ၆၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတော့ လက် နက်ကြီး ၂၇၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။ တစ်ပတ်အတွင်း နှစ်ဖက် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဧပြီလ ၁၃ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ KIA တပ်မဟာ၂၊ တပ်ရင်း ၂၀ နယ်မြေက လဝါးကျေးရွာနား ခွမ်စိုင်ယန်ကျေးရွာ အနီး စစ်ကောင်စီတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးလာတာကြောင့် KIA ဘက်က ခုခံတိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ဧပြီလ ၁၁ ရက်နေ့ကလည်း KIAတပ်ရင်း ၂၆ နယ်မြေအတွင်းကို SNA နဲ့ စစ်ကောင်စီတပ် တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာ ရှိတယ်လို့ ထပ်မံ ဖော်ပြထားပါတယ်။
ဒါ့အပြင် KIO ပူးပေါင်းတပ်က ဗန်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်း အများပိုင်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးတော့ ကျန်ရှိနေတဲ့ စကခ ၂၁ ဌာနချုပ်အပါ ဗန်းမော်မြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီဟာ ငလျင်ဘေးကူညီကယ်ဆယ်နိုင်ဖို့ဆိုပြီး ဧပြီလ ၂၂ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ထားပြီးနောက် ကချင်ပြည်နယ်အတွင်းသာမက တစ်နိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်နားသွားတာ မရှိတဲ့ အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။ Read in Full
၃။ စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ မပါဝင်ရန်နှင့် မထောက်ပံ့ရန် ချင်းပြည်သူများကို ICNCC သတိပေး
April 14, 2025
အာဏာသိမ်း စစ်ကောင်စီက အတင်းအဓမ္မကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်သူလူထုများ အနေ ဖြင့် ပါဝင်းခြင်း၊ ထောက်ပံ့ပေးခြင်းများကို မပြုကြရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေး ထားသည်။ ဧပြီလ ၁၃ ရက်တွင် ICNCC အဖွဲ့ တည်ထောင်နေ့ ၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ချင်းပြည်သူများ အား ကြိုတင်သတိပေးအပ်သည်ဟု ဖော်ပြထားခြင်းဖြစ်သည်။ စစ်ကောင်စီက အတင်းအဓမ္မ ကျင်းပရန် ကြိုးစား စီစဉ်နေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်အတွင်း လုံးဝ ကျင်းပနိုင်မည် မဟုတ်၍ ချင်းပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ထောက်ပံ့ခြင်းများ မလုပ်ဆောင်ကြရန် ICNCC က သတိပေးထားခြင်းဖြစ်သည်။ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့သည် ချင်းညီနောင်အဖွဲ့ CB နှင့် နိုင်ငံ ရေး၊ စစ်ရေးတွင် အတူပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့ဖြစ်သည်။ ချင်းညီနောင်အဖွဲ့ CB က အာဏာသိမ်း စစ်ကောင်စီထံမှ ချင်းပြည်အတွင်း ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စသည့် မြို့များကို သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း ICNCC က ဆိုသည်။ နောက်ထပ်လည်း ချင်းပြည်အတွင်း မြို့သိမ်းတိုက်ပွဲများကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်သဖြင့် ချင်းပြည်တစ်ခွင်လုံး စစ်အာဏာရှင် ကျဆုံး၍ ချင်းတစ်ပြည်လုံးလွတ်မြောက်ရန် လက်တကမ်းသာလိုတော့သည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ICNCC က ပြေသည်။
ICNCC က ရေးဆွဲနေသော ချင်းချာတာ မူကြမ်းကိုလည်း မကြာသော ကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြု ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအပြင် ချင်းလူမျိုးအားလုံး လူ့သမိုင်းတစ်လျှောက်တွင် အတူ ယှဉ်တွဲ နေထိုင်ခဲ့ကြသူများဖြစ်ပြီး ဘုံရန်သူ စစ်ကောင်စီကို တိုက်ပွဲဝင်နေကြသည့် အချိန်ဖြစ်၍ ချင်းပြည်အတွင်းရှိ လက်နက် ကိုင်အဖွဲ့များကြား အငြင်းဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကြရန်လည်း အထူးတိုက်တွန်းကြောင်း ICNCC က ပြောသည်။ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြားဖြစ်ပွားသော မည်သည့် အငြင်းပွားမှုကိုမဆို မိတ်ဖက် ပဋိပက္ခများအဖြစ်မှတ်ယူ၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဟု ICNCC က တိုက်တွန်း ထားသည်။ ကျန်ရှိနေသေးသည့် မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေး၊ အမျိုသားအကျိုးစီးပွား ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သဘောထား ထုတ်ပြန် ပြောဆိုထားသည်။ Read in Full
၄။ ကျွန်းစုရှိ ပျူစောထီးအထိုင်စခန်းကို PDF ဝင်တိုက်
April 14, 2025
ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ရွာရှိပျူစောထီးအထိုင်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်း စုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါကျေးရွာ၊ သိမ်တောင်ကုန်းပေါ်ရှိ ပျူစောထီး အထိုင်စခန်းကို ဧပြီလ ၁၂ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးကဆိုသည်။“ဒီစခန်းကရှိတာကြာပြီဗျ။ အာဏာသိမ်းပြီး စစ်ကောင်စီ တပ်တွေက ပျူစောထီးတွေ ဖွဲ့စည်းလိုက်ပြီး နောက်ပိုင်းဖြစ်လာတာ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုမှာ ၂၅ မိနစ်ခန့် ကြာခဲ့ပြီး ပျူစောထီးဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန် လည် ပစ်ခတ်ခဲ့ကြောင်း၊ သို့သော်လည်း ပကဖ ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီက ကျွဲခရံကျေးရွာအုပ်စုကို ဖုန်းလိုင်းဖြတ်ချလိုက်သဖြင့် ပျူစောထီးများ၏ ထိခိုက်သေဆုံးမှုအခြေအနေ အတိအကျကို မသိရသေးကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် မတ်လနှောင်း ပိုင်းက ဝန်တောင်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို မကြာခဏစစ်ကြောင်း ထိုးနေကြောင်း ဒေသခံများကဆိုသည်။ ထိုကဲ့သို့ စစ်ကောင်စီတပ်က ကျွန်းစုမြို့နယ် အတွင်းအင်အားဖြည့်စစ်ကြောင်းထိုးနေသဖြင့် ဧပြီလ ၅ ရက်နေ့ကစပြီး မြစ်ချောင်းအချို့တွက် ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိ သွားလာခြင်းမလုပ်ရန် ကျွန်းစု ပကဖ က သတိပေးချက် ထုတ်ပြန်ထားသည်။ Read in Full
၅။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင် တော်လှန်ရေးပူးပေါင်းတပ်သား ၈၉ ဦးကျဆုံး
April 14, 2025
ချင်းညီနောင်နဲ့မဟာမိတ်များရဲ့ ၅လကြာ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်၊ရဲမေ ၈၉ ဦးကျဆုံးပြီး လူ ၃၀ ကကိုယ်လက်အင်္ဂါဆုံးရှုံးကာ ဒဏ်ရာရရှိသူ ၅၀၀ ရှိတယ်လို့ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီထွဋ် ထံမှသတင်းရရှိပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင်စတင်ပြီး ၂၀၂၅ ခုနှစ် ဧပြီ ၇ ရက်တွင် သိမ်းပိုက်နိုင် ခဲ့ပါတယ်။ ယင်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့များနဲ့ မဟာမိတ် (၁၇)ဖွဲ့ပါဝင်ခဲ့ကြတယ်။ ကျဆုံးသူ ၈၉ ဦးတွင် ချင်းညီ နောင်အဖွဲ့ဝင်ရဲဘော် ၅၆ ဦးပါဝင်ပြီး ၎င်းတို့ထဲမှ အိမ်ရှင်အဖွဲ့အစည်းဖြစ်တဲ့ CNDF မှ သူနာပြု ၂ ဦးအပါအဝင် ရဲဘော် ၄၀ ဦးကျ ဆုံးခဲ့ပါတယ်။
ဖလမ်းမြို့ ခလရ ၂၆၈ တပ်ကုန်းမှ လက်နက်မျိုးစုံအပြင်၊ ဟောင်ဝေဇာတစ်လက်နဲ့ ငွေသားဖြင့် ကျပ်သိန်း ၄၅၀၀ သိမ်း ဆည်းရမိခဲ့ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းဖမ်းဆီးခဲ့တာ ၂၀၀ ကျော်ရှိပြီး လက်ရှိထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို လက်ဆက်ဖမ်းဆီးနေတယ်လို့လည်းသိရတယ်။ Read in Full
၆။ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားမှာပါဝင်လုပ်နေတဲ့ ရိုဟင်ဂျာကို အာဆာလိုလားတဲ့ အဝေးရောက်အုပ်စုကခြိမ်းခြောက်နေ
April 14, 2025
ULA/AA က မောင်တောမြို့နယ်အတွင်း ရပ်ကျေးအဆင့်ကနေ မြို့နယ်အဆင့် အုပ်ချုပ်ရေးပိုင်းတွင် ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖများနဲ့ ရိုဟင်ဂျာ ဘာသာရေးဆရာများကို ခန့်အပ်လျက်ရှိနေရာ ULA/AA နဲ့ ပူးပေါင်းပြီး ရပ်ရွာ၊ မြို့နယ်အကျိုးဆောင် ရွက်နေကြတဲ့ ရိုဟင်ဂျာတွေကို အာဆာလိုလားတဲ့ အဝေးရောက်ရိုဟင်ဂျာအုပ်စုက ဖိအားပေးခြိမ်း ခြောက်လျက်ရှိနေတယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ ကာယံရှင်တွေဆီကနေ သိရပါတယ်။ မောင်တောမြို့ခံ အစ္စလာမ်ဘာသာရေးဆရာ မောင်လာနာမုဆုဒ်ကို ULA/AA နဲ့ ပူးပေါင်းတယ်ဆိုပြီး ဖေ့ဘုတ်ကနေ အမျိုးမျိုး အမည်ဖျက်နေတာကို တွေ့နေရတယ်။ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေ ကိုလည်း အာဆာလိုလားသူအုပ်စုကနည်းမျိုးစုံသုံး ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ မောင်တော ရိုဟင်ဂျာသတင်းရင်း အမြစ်ကပြောပါတယ်။ မကြာသေးမီရက်ပိုင်းက ULA/AA ကနေ ကြီးမှူးကျင်းပပေးခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝါကျွတ် အိဒ်ပွဲတော် အခမ်းအနား ဓာတ်ပုံတွေ ပေါ်ထွက်လာပြီးနောက် ULA/AA အရာရှိတွေနဲ့ အတူရှိနေတဲ့ ရိုဟင်ဂျာရပ်မိရပ်ဖ တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာလို့ ဆိုပါတယ်။ “ကျွန်တော်က မောင်တောမှာ AA နဲ့အတူ ဒေသ ဖွံ့ဖြိုးရေးတွေကို လုပ်နေတယ်။ အမျိုးတွေက ကုတုပလောင်စခန်းမှာရှိတယ်၊ မလေးရှားမှာရှိတယ်၊ ရန်ကုန်မှာရှိတယ်။ ဆွေမျိုး တွေပါ ခြိမ်းခြောက်ခံနေရတယ်” လို့ အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
အာဆာလိုလားသူ အဝေးရောက်အုပ်စုဟာ ဖေ့ဘုတ်မှာ အမည်အမျိုးမျိုးနဲ့ စာမျက်နှာများ ဖွင့်ပြီး ဝါဒဖြန့်ချိရေးကို အင်နဲ့ အားနဲ့ လုပ်နေကာ ရိုဟင်ဂျာတွေထဲ ရပ်မိရပ်ဖတွေ လူသိများသူတွေ ဘာသာရေးဆရာတွေကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ် ဝါဒ ဖြန့်ချိလျက်ရှိနေပါတယ်။ အကြမ်းဖက်စစ်တပ်အားပေး အာဆာလိုလားသူအုပ်စုဟာ လတ်တ လော အွန်လိုင်းပေါ်ကနေဝါဒ ဖြန့်ချိရေးကို အရှိန်အဟုန်နဲ့ လုပ်နေတာမို့ AEN သတင်းဌာနအပါအဝင် ရခိုင်ဒေသသတင်းများ ဖော်ပြပေးနေတဲ့ မီဒီယာတွေ အနေနဲ့ ULA/AA ပါဝင်တဲ့ အခမ်းအနားဓာတ်ပုံမှတ်တမ်းတွေဖော်ပြရာမှာ ဒေသခံရိုဟင်ဂျာတွေရဲ့ပုံတွေကို ဂရုတစိုက်ရှိဖို့လိုအပ် နေပြီလို့ AEN အယ်ဒီတာအဖွဲ့ တာဝန်ခံက ပြောပါတယ်။ လှဖိုးခေါင်းစခန်းမှာ ကျင်းပခဲ့တဲ့ အိဒ်နေ့အခမ်းအနားမှာ ပါဝင်ခဲ့သူ ရိုဟင်ဂျာတစ်ဦးက “ကျွန်တော်တို့ ဒီမှာ ဓာတ်ပုံတွေဘာတွေ ရိုက်တင်တာမရှိဘူး၊ အမှတ်တရ ရိုက်ထားတာကိုလည်း သိမ်းထား တယ်၊ လိုင်းပေါ် မတင်ဘူး။ မီဒီယာတွေကနေ ကျွန်တော်တို့ ပုံတွေပြန့်သွားတော့ တဖက်နိုင်ငံ ကမ့်မှာရှိတဲ့ အမျိုးတွေ ခြိမ်းခံနေရတယ်”လို့ ပြောပါတယ်။ Read in Full
၇။ ရခိုင်မှာ ၁၉ ရက်အတွင်း စစ်ကျန်ဗုံးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့်ခြေထောက်ပြတ်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိ
April 14, 2025
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်က မြို့နယ်များတွင် စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်း များနှင့် စစ်ကျန်ဗုံးသီးများကြောင့် ၁၉ ရက်အတွင်းမှာ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရ နေသူ ၁၂ ဦးရှိကြောင်း သိရသည်။ စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူ များအား Western News မှ ၂၀၂၅ မတ်လ ၂၆ ရက်ကနေ ဧပြီလ ၁၃ ရက်နေ့အထိ စုစည်းထားချက် စာရင်းအရ သိရသည်။ ယခု ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးသွားသူမှာ အာဏာသိမ်း စစ်ကောင်စီ တပ်စွဲထားသော နေရာများ၊ တပ်ရင်းများနှင့် သွားလာ လှုပ်ရှားခဲ့သော နေရာများသို့ သွားရောက်ခြင်းမှ ထိခိုက်သေဆုံးကြခြင်းဖြစ်သည်။
ရခိုင်ပြည်က ဒေသခံပြည်သူများမှာ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် ချောင်းအင်းအိုင်များတွင် သားငါးရှာ ဖွေခြင်း၊ ထင်းခွေမှုများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရပြီး ထိုသို့ ရှာဖွေစားသောက်ချိန် စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အသက်ဆုံးရခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းနှင့် စစ်ကျန်ဗုံးသီးများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ယခု ၁၉ ရက်တာအတွင်း စာရင်းအရ သံတွဲက ၁ ဦး၊ တောင်ကုတ်မြို့က ၅ ဦး၊ ဂွမြို့က ၂ ဦး၊ မြောက်ဦးက ၂ ဦး၊ မြေပုံမြို့က ၁ ဦးနှင့် မင်းပြားမြို့က ၁ ဦး တို့ဖြစ်သည်။ မြေမြှုပ်မိုင်းနှင့် စစ်ကျန်ဗုံးသီးများကြောင့် ထိခိုက်သေ ဆုံးသူမှာ တောင်ကုတ်မြို့က အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်။ Read in Full
၈။ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတွင် သင်္ကြန်အကျနေ့ ညပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေ
April 15, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတွင် သင်္ကြန်အကျနေ့ ညပိုင်းမှစ၍ ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ အာရှလမ်းမကြီး လမ်းပိုင်းတွင် အောင်ဇေယျစစ်ကြောင်း၊ လမ်းကြောင်းရှင်းရန်အတွက် စစ်ကောင်စီတပ် ဘက်မှ အင်အားအပြည့်ချထားပြီး ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) ည ၉နာရီအချိန်တွင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် နှစ်ဖက် တိုက်ပွဲစတင် ဖြစ်ပွားပြီး တိုက်ပွဲပြင်းထန်နေသည်ဟု လမ်းပိုင်းအနီးတဝိုက်၌ နေထိုင်သူ ဒေသခံများက ပြောသည်။ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမပေါ် ၅ တိုင် မူလတန်းစာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တောလှန်ရေးပူး ပေါင်းတပ်တို့ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အများအပြားရမ်းပစ်နေ သလို လေယာဉ်များလှည့်ပတ်ပျံသန်းနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကယခုလိုပြောသည်။“မနေ့ည ၈ နာရီခွဲလောက်မှာ လေယာဉ်လာတယ်။ လေယာဉ်လာပြီး လက်နက်ကြီးတွေ စပစ်တယ် တစ်ညလုံး ဘဲ အခုမနက်အထိဘဲ။ အခုတိုက်ပွဲဖြစ်တာက လမ်းဘေးနား အနီးမှာဆိုတော့အဲမှာရှိတဲ့လူထုတွေက အကုန်ပြေးရတယ်။ ပတ်ပတ်လည်မှာ နှစ်ဖက်တပ်ရှိတယ်။ လက်နက် ကြီးတွေက ပတ် ပတ်လည်မှာကျတော့ ကျမတို့လူထုတွေကလဲ ဒီလိုဘဲ လိုက်ပြေးရတယ်”ဟု သူမကပြောသည်။
“တိုက်ပွဲဖြစ်တာဟုတ်တယ် ငါးတိုင်စာသင်ကျောင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတော့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေကဝင် သွားပစ်တာ အဝေးကနေပစ်တာတော့ မဟုတ်ဘူး။ တိုက်ပွဲက ဆက်ပြင်းထန်း နေတုန်း ဘဲ ထိခိုက်မှုတွေတော့ မသိရသေးဘူး”ဟု ဒေသအတွင်းရှိ ကေအဲန်ယူ၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ ငါးတိုင်ဘုန်းကြီးကျောင်းဝင်းတွင်နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များတပ်စွဲထားသော်လည်း ပစ်ခတ်မှုပြုလုပ်ခြင်းမရှိသေးသည် ကိုတွေ့ရကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။ ကျုံဒိုးမြို့မှစ၍ ကော့ကရိတ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် နယ် ခြားစောင့်တပ်-BGFနှင့် ဗိုလ်ဘိ ဦးဆောင် သည့်- DKBA တပ်ဖွဲ့ဝင်များလည်း ထိုလမ်းတစ်လျှောက် ဂိတ်များဖွင့် တပ်စွဲထား ခြင်းများလည်း ရှိကြောင်းသိရသည်။ Read in Full
၉။ အယောင်ပြလှူပြီး ပါတီမဲမဆွယ်ဖို့ အင်းသားတွေ သတိပေး
April 14, 2025
ငလျင်ဘေးသင့်သည့် အင်းလေးဒေသကျေးရွာများသို့ လာရောက်လှူဒါန်းရာတွင် အလှူကိုဗန်းပြပြီး ပါတီမဲဆွယ်မှုများ မပြုလုပ်ရန် လှုပ်ရှားမှုတစ်ခုကို အင်းလေးလူထုလှုပ်ရှားမှု(စုပေါင်း) အဖွဲ့မှ ပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အင်းလေးဒေသသို့ အာဏာသိမ်း စစ်ခေါင်းဆောင် လာရောက်သည့်နေ့တွင် စစ်တပ်နှင့်စစ်တပ်ထောက်ခံပါတီများက အင်းလေး ငလျင်ဘေး ကူညီရေးကိုအသုံးချကာ ပါတီစည်းရုံးရေး ပြုလုပ်နေခြင်းကိုတွေ့မြင်ရသည့်အ တွက် ဧပြီလ ၁၁ ရက်က ကန့်ကွက် ဆန္ဒပြသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်သူတစ်ဦးက ပြောသည်။ အင်းလေးဒေသကျေးရွာများ သို့ ပါတီအင်္ကျီများဝတ်ပြီး မဲဆွယ်စည်းရုံးရေးစကားများ ပြောကြသူများမှာ ကြံခိုင်ရေးပါတီ၊ အင်းပါတီ၊ PPP ပါတီနှင့်မဘသ အဖွဲ့များပါဝင်ကြောင်း ၎င်းကပြောသည်။
ယင်းလှုပ်ရှားမှုတွင် “ငလျင်ဒဏ်သင့်နေတာ စာနာစိတ်နဲ့ကူပါ မဲလာမဆွယ်ပါနဲ့” စာသားပါ စာရွက်များကို အများသူငှာ မြင်တွေ့နိုင်သည့် လမ်းများပေါ်တွင် ကြဲဖြန့်ခြင်း၊ အလှူပစ္စည်းများ နောက်ခံထား၍ လက်ဝါးပေါ်တွင် ယင်းစာသားရေးသားခြင်း ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့သည်ဟုသိရှိရသည်။ အာဏာသိမ်းစစ်တပ်မှ မြန်မာ့နိုင်ငံရေးတွင်တရားဝင်မှုရှိရေးအတွက် ရွေးကောက် ပွဲ အား၂၀၂၅ ခုနှစ်၊ ဒီဇင် ဘာလတွင် ပြုလုပ်မည်ဟု စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ Read in Full
၁၀။ သေဆုံး၊ဒဏ်ရာရ၊ နေအိမ်ပျက်စီးသူများကို ကျပ်သိန်းပေါင်း ၃၀ ကျော် ကူညီပံ့ပိုးခဲ့ဟု ပြည်သူ့အုပ်ချုပ်ရေး (မင်းတပ်)ဆို
April 14, 2025
မင်းတပ်မြို့နယ်၊တိုက်နယ် အမှတ်၄ ၊ ဖွီ ကျေး ရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ၊ နေအိမ် ပျက်စီး သူများကို ပြည်သူ လူထုနှင့် ပူးပေါင်းပြီး ကျပ်သိန်းပေါင်း ၃၀ ကျော် ကူညီပံ့ပိုးခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေး (မင်းတပ်) က ဧပြီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကူညီထောက်ပံ့ပေးမှုမှာ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ထောက်ပံ့ငွေ ၁,၈၆၀,၀၀၀ ရှိခဲ့ပြီး မင်းတပ်မြို့နေပြည်သူများ၏ ကူညီလှူဒါန်းမှူ အလှူငွေ စုစုပေါင်း ၃,၃၄၀,၀၀၀ ကျပ် ရှိတယ် လို့ဆိုပါတယ်။ အဆိုပါကူညီထောက်ပံ့ငွေတွေဟာ စစ်ကောင်စီရဲ့အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမိသား စု၊ နေအိမ်ပျက်စီးသူများနှင့် ထိခိုက်ဒဏ်ရာရသူများကို ပံ့ပိုးကူညီခဲ့တာလို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက် နယ်အမှတ် ၄၊ ဖွီကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ မှာ လေကြောင်းကနေ နှစ် ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။
အဆိုပါလေ ကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၆ ဦး ရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးရှိခဲ့ပါတယ်။ လူနေအိမ်ပျက်စီးမှု ၁၂ လုံး ရှိခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းနှင့် လူနေအိမ်တစ်လုံး အလုံးစုံ မီးလောင်ပျက်စီးခဲ့တာဖြစ်ပါ တယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ရှစ်လသားအရွယ် လူမမယ်တစ်ဦးအပါအ၀င် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ မသန်စွမ်းလူငယ် တစ်ဦး၊ အသက် ၇၀ ဝန်း ကျင် သက်ကြီးရွယ်အို နှစ်ဦး နှင့်ခရစ်ယာန်ပါစတာ တစ်ဦး ပါ၀င်ခဲ့ပါတယ်။ ဧပြီ လ ၁၃ ရက် ၊ သင်္ကြန်အကြိုနေ့မှာလည်း အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့၊ မြို့မနှစ်ခြင်းခရစ်ယာန် ဘုရား ကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မရှိပေမဲ့ ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အဦများ ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ခရိုင်ပညာရေးရုံး၊မြို့ပေါ် လူနေအိမ်၊ ရုံးနှင့် ဝန်ထမ်း အိမ်ရာ အဆောက်အဦတစ်ချို့လည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ Read in Full
၁၁။ KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲကြောင့် အရပ်သားသုံးဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ
April 15, 2025
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ဒေသအတွင်း လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ငလျင်လှုပ် ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံး၊ ထိ ခိုက်ကြတာလို့ KNU ရဲ့ ဧပြီလ ၁၄ ရက်နေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးထိခိုက်မှုတွေဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပေါ်ခဲ့တာပါ။ ပဲခူးတိုင်း ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေမှာ ဒရုန်းနဲ့ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ ကရင်ပြည်နယ် ဖာပွန်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာတော့ အရပ်သားသုံးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာလည်း အရပ်သားတစ်ဦးဒဏ်ရာရတယ်လို့ဆိုပါတယ်။
ပြည်သူတွေ ငလျင်ဒဏ်အပြင်းအထန်ခံစားနေရချိန်မှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက် တိုက်ကျူးလွန်နေတယ်လို့ KNU က ဝေဖန်ပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ငလျင်ဘေး အာရုံ စိုက်ဖို့ စစ်ကောင်စီတပ်က ယာယီအပစ်အခတ်ရပ်စဲထားတာကို အခွင့်ကောင်းယူပြီး KNU အပါအဝင် တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက စစ်ကောင်စီတပ်စခန်းတွေကို ဝိုင်းဝန်းတိုက်ခိုက်နေတယ်လို့ ဧပြီလ ၁၄ ရက် မှာ နိုင်ငံပိုင်မီဒီယာက တစ်ဆင့် ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။ Read in Full
၁၂။ NCA အပစ်ရပ်အဖွဲ့များ၏ ဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပမည်
April 15, 2025
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့ ၇ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဦးဆောင်အဖွဲ့ အစည်းအဝေးကို ဧပြီလတတိယအပတ်ထဲမှာ ကျင်းပ ဖို့ရှိတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ညီလာခံမကျင်းပနိုင်သေးခင်မှာ အခုကျင်းပမယ့် ဦးဆောင်အဖွဲ့အစည်းအဝေးဟာ ဒုတိယအမြင့်ဆုံးအစည်း အဝေးဖြစ်ပြီး အဖွဲ့အစည်းတိုင်းရဲ့ ခေါင်း ဆောင်ပိုင်းတွေ တက်ရောက်မှာဖြစ်တဲ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စစ်ရေးနိုင်ငံရေး အကျပ်အတည်းတွေကို သုံးသပ်ဆွေးနွေးကြမှာဖြစ်တယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုပါတယ်။ စစ်တပ်က နိုင်ငံတော် အာဏာကိုသိမ်းယူပြီးတဲ့အချိန်ကတည်းကစပြီး NCA လက်မှတ်ရေးထိုး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ခေါင်းဆောင် ပိုင်းတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကို ကျင်းပနိုင်တော့ခြင်းမရှိသလို အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း အဲဒီအဖွဲ့တွေ ကို တစ်ဖွဲ့ချင်းစီသီးသန့်ဖိတ်ကြားပြီး ဆွေးနွေးမှုတွေကို ဆက်လုပ်ဆောင်နေတာပါ။
လက်ရှိမှာတော့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထဲကနေ ကရင်အမျိုးသားအစည်း အရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့တွေ က နုတ်ထွက်ထားပါတယ်။ စစ်ကောင်စီဟာ NCA လက်မှတ်ရေးထိုးအဖွဲ့တွေထဲက ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA- PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ရှမ်းပြည်ပြန်လည်တည်ထောင် ရေးကောင်စီ (RCSS/SSA)၊ အဖွဲ့တွေကို သီးသန့်စီ ခေါ်ယူတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စ တွေကို ဆက်လက်ဆွေးနွေးနေပါတယ်။ Read in Full
၁၃။ ဖားကန့်မြို့နယ် လီဒိုလမ်းအနီး KIAနှင့် စစ်ကောင်စီပူးပေါင်းတပ် တိုက်ပွဲဆက်ဖြစ်
April 15, 2025
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးနှင့် ခွန်ဆိုင်ယန်ရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ယနေ့ (ဧပြီ ၁၅ရက်)နံ နက်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ဧပြီ ၁၃ ရက် နံနက်က စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်က မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းအနီးရှိ လဝါးကျေးရွာသို့ ထိုးစစ်ဆင်လာ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့ ဆက်လက်၍ တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်သည်ဟု ဆိုသည်။ “စကစနဲ့ မင်းဇေသန့် ပြည်သူ့စစ်တွေအဲဒီ နှစ်ဖွဲ့လှုပ်ရှားနေတာ။ သူတို့က လဝါးရွာကို သူတို့က သုံးပုံက မီးရှို့လိုက်ပြီ အဲဒီ မင်းဇေသန့်အဖွဲ့တွေက။ တိုက်ပွဲက ဒီနေ့တော့ နှစ်နေရာဖြစ်နေတယ်။” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ လဝါးကျေးရွာ တိုက်ပွဲဖြစ်စဉ် နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ ဒေသသို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်း အင်အား ၃၀၀ကျော်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ဧပြီ ၁၃ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ ပြန်ဆုတ်ခွာသွားခဲ့ဟု သတင်းရင်းမြစ်တစ်ဦးက ယမန်နေ့ ဧပြီ ၁၄ရက်တွင် ပြောထား သည်။ ယင်းဒေသသည် KIA တပ်မဟာ(၂) တပ်ရင်း(၂၀) နယ်မြေဖြစ်သည်။ စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ဧပြီ ၂ရက်မှ ၂၂ ရက်အထိ ယာယီအပစ်ရပ်မည်ဟု ထုတ်ပြန်ထားသော်လည်း လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေပြင် ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီ၏ လုပ်ရပ်သည် ကိုယ်တိုင်ထုတ်ပြန်ထားသည့် အပစ်ရပ်ကြေညာ မှုကို စည်းဖောက်ခြင်းဖြစ်ကြောင်း KIA ဘက်က ပြောဆိုထားသည်။ ပြီးခဲ့သည့် တပတ်အတွင်း စစ်ကောင်စီက KIA နယ်မြေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှု အကြိမ် ၅၀၀ နီးပါး ပြုလုပ်ခဲ့ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဧပြီ ၁၃ ရက်တွင် အသိပေးထားသည်။ Read in Full
၁၄။ကယန်းပြည်သစ်ပါတီဥက္ကဌပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့သတ္ထုတူးဖော်အစီအစဥ်ကို ပရာဒေါင်းဆွေမျိုးစုကန့်ကွက်
April 15, 2025
ကယန်းပြည်သစ်ပါတီ KNLP ဥက္ကဌပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီး ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအ တွင်း သတ္တုတူးဖော်ရန် လုပ်နေမှုများအပြီးအပိုင်ဆုတ်ခွာ ရုပ်သိမ်းပေးရန် ပရာဒေါင်းဆွေမျိုးစုက (ဧပြီ ၁၄ ရက်) ထုတ်ပြန်လိုက် သည်။ KNLP ဥက္ကဌ၏ လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံသားပိုင် မစ္စတာဝမ်ကုမ္ပဏီတို့သည် သိကျိတ်ကျေးရွာ အနီးရှိ မြင်းမထိတောင်ပေါ်၌ သတ္တုတူးဖော်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။ သတ္တုတူးဖော်ပါက အိမ်ခြေ ၃၀ ကျော်ရှိသည့် စခန်း ကြီးရွာဟောင်း ဒေသခံများ ရွာလုံးကျွတ် ရွေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ ခန့်ရှိသည့် ကုန်းဆုံကျေးရွာ နှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်းဘေးဥပါဒ်ဖြစ်စေနိုင်ကြောင်း ပရာဒေါင်း ဆွေမျိုးစု က အသိပေးသည်။ ထိုကြောင့် ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသ၊ ရွာတန်းရှည်ကျေးရွာတွင် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီ ဝင်များ၊ ဆွေမျိုးစုလူငယ်ဗဟိုကော်မတီဝင်များနှင့်ကျေး ရွာအုပ်ချုပ်ရေး ကိုယ်စားလှယ်များ ဧပြီ ၁၃ ရက်နေ့က တွေ့ဆုံညှိနှိုင်း ခဲ့သည်။ ဆွေးနွေးပွဲတွင်ပရာဒေါင်းဆွေ မျိုးစုဒေသအတွင်း KNLP ဥက္ကဌ၏ လေးပွင့်ကြယ်ကုမ္ပဏီမှ ဒေသခံပရာဒေါင်း ဆွေမျိုးစု နှင့် ဒေသခံပြည်သူ လူထုကိုအသိပေးညှိနှိုင်းမှုမရှိဘဲ ကုမ္ပဏီသဘောဆန္ဒဖြင့် သာမြင်းမထိတောင်တွင် အကြီးစား သတ္ထုဝင် ရောက် တူးဖော်ထုတ်ယူခြင်းဖြစ်ကြောင်းအသိပေးသည်။
ထို့ကြောင့် ညှိနှိုင်းမှုဆုံးဖြတ်ချက်အရ လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း သတ္ထုဝင် ရောက် ထုတ်ယူတူးဖော်သည့်ကိစ္စသည် ပရာဒေါင်းဆွေမျိုးစုနှင့် ပရာဒေါင်းပြည်သူလူထုမှ (လုံးဝ) လက်မခံနိုင်ပါ သဖြင့် ပြင်းထန်စွာကန့်ကွက်သွားမည်ဟုဖော်ပြသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်မှစတင်ခဲ့သော နွေဦးတော် လှန်ရေးမပြီးဆုံးမချင်း ပရာဒေါင်းဆွေမျိုးစုနယ် မြေဒေသအတွင်း အကြီးစားသတ္ထုတူးဖော်မည့် မည်သည့် ကုမ္ပဏီများကိုမဆို ပရာဒေါင်းဆွေမျိုးစုမှ (လုံးဝ)လက်ခံခွင့်မပြုဟု ထုတ်ပြန်သည်။ လက်ရှိလေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ လုပ်ငန်း ခွင်အတွင်းပို့ဆောင်လျက်ရှိသော ပုဂ္ဂိုလ်များ၊ လုပ်သားများ၊ စက်ယန္တရားများအားလုံးကို ဧပြီလ ၂၀ ရက်တွင် နောက် ဆုံးထားပြီး အပြီးအပိုင်ဆုတ်ခွာ ရုပ်သိမ်းပေး ရန်လည်း ပရာဒေါင်းဆွေမျိုးစုက တောင်းဆိုသည်။ တောင်းဆို အသိပေးစာအတိုင်း လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ လေးစား လိုက်နာမှုမရှိပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့်ကိစ္စများအားလုံးကို ပရာဒေါင်းဆွေမျိုးစုမှ တာဝန်ယူမည်မဟုတ်ကြောင်း နှင့် ၎င်းကိစ္စများအားလုံးကို လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်တာဝန်ရှိသည့်ပုဂ္ဂိုလ်များမှ အပြည့်အဝတာဝန်ခံရမည်ဖြစ်ကြောင်း လည်း အသိပေးသည်။ “လေးပွင့်ကြယ်ကုမ္ပဏီက တရုတ်ကုမ္ပဏီ တစ်ခုကို ၅ နှစ်စာချုပ် ချုပ်ပြီးခေါ်လာတာ။ကံဆန်းရွာ (ရှမ်း -ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ် သတိကျိတ်ကျေးရွာအုပ်စု)ကနေရွေ့လာတာ။လေးပွင့်ကြယ် ကုမ္ပဏီက ကယန်းပြည်သစ် ပါတီ ဥက္ကဌ ရဲ့ကုမ္ပဏီ”ဟုပရာဒေါင်းဆွေးမျိုးစု တာဝန်ရှိသူက ပြောသည်။ Read in Full
၁၅။ DKBA နယ်မြေက ကျားဖြန့်ဂိုဏ်းမှာပိတ်မိနေတဲ့ နိုင်ငံခြားသား ၂၇၅ ဦး နေရပ်ပြန်လိုတာကြောင့် ဆန္ဒပြ
April 14, 2025
DKBA နယ်မြေက ကျားဖြန့်ဂိုဏ်းမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂၇၅ ဦး နေရပ်ပြန်လိုတာကြောင့် ဆန္ဒပြခဲ့တာကြောင့် DKBA တပ်တွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတတင်းတွေကဖော်ပြပါတယ်။ ဧပြီလ ၁၃ ရက်နေ့မှာ DKBA ထိန်းချုပ် ထားတဲ့ အထူးစီးပွားရေးဇုန်မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂၇၅ ဦး နေရပ်ပြန်လိုကြောင်း ဆန္ဒပြခဲ့ပြီး သောင်ရင်းမြစ်ကို ဖြတ်ကူး ကာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တာကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့တာလို့ The Nation သတင်းဌာန ကဖော်ပြပါတယ်။ ဆန္ဒပြမှုကို အီသီယိုးပီးယား နိုင်ငံသားအများစုနဲ့ အခြားအာဖရိကနိုင်ငံတွေက ကျားဖြန့်ဂိုဏ်းတွေမှာ ပိတ်မိနေသူတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားသား ၂၇၅ ဦး ဟာ DKBA က နေရပ်ပြန်ပို့ပေးမယ်လို့ ပြောဆိုထားပြီး နှစ်လကျော်ကြာတဲ့အထိ DKBA ထိန်းချုပ် နယ်မြေမှာ ဆက်လက်ပိတ်မိနေတာကြောင့် ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ DKBA တပ်တွေက ဆန္ဒပြမှုကို တားဆီးဖို့ သေနတ်တွေ နဲ့ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ လည်းထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် ထိုင်း ဘက်ခြမ်း တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်၊ ချောင့်ခက်ပ်ရွာ ဘက်ခြမ်းကို ထိုင်းရဲတွေ နဲ့ စစ်တပ်က လုံခြုံရေးတင်းကျပ် လိုက်တယ်လို့ လည်းသိရပါတယ်။ Read in Full
၁၆။ ဘုတ်ပြင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက စားသောက်ကုန်တင်သွင်းခွင့် ပိတ်လိုက်၍ ဈေးတက်
April 14, 2025
စစ်ကောင်စီတပ်က ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုရှိ ကျေးရွာအချို့ကို စားသောက်ကုန်တင်သွင်းခွင့် ပိတ်ပင် ကန့်သတ်လိုက်သဖြင့် ဓာတ်ဆီ၊ ဆန်နှင့် စားသောက်ကုန်များ ဈေးတက်သွားကြောင်း ဒေသခံများထံမှသိရသည်။ ဧပြီလဆန်း ပိုင်းမှစကာ ကြေးနန်းတိုင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင် မြိတ်မြို့မှ ဘုတ်ပြင်းမြို့နယ်သို့သွားရာ လမ်းပိုင်းရှိ အခြားစစ်ကောင်စီစစ်ဆေးရေးဂိတ်များက အဆိုပါကျေးရွာအုပ်စုသို့ သွားမည့်ကုန်တင်ကားများကို သွားလာခွင့်ကန့်သတ် လိုက် ခြင်းဖြစ်သည်။“လမ်းကမပိတ်ဘူး။ ကုန်ပစ္စည်းတင်တဲ့ ကားတွေမှာ စားသောက်ကုန်တွေတင်ခွင့်မပေးတာ။ ရွာဘက်တွေကို ရိက္ခာပြတ်အောင်လုပ်တာ။ ဆန်ဆိုတစ်အိတ်တောင်တင်မရဘူး ဖမ်းတယ်။ ဓာတ်ဆီတွေလည်း တင်မရဘူး”ဟု မနိုးရုံးကျေးရွာ အုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီဂိတ်များက ကုန်တင်ကားများ သွားလာခွင့်မကန့်သတ်မီ ဓာတ်ဆီ (တစ်လီတာ ဝင်ဆံ့သည့် ရေသန့်ဘူးခွံဖြင့်ထည့်ထား)တစ်ဘူးကို ငွေကျပ်လေးထောင်ဝန်းကျင်သာရှိရာက လက်ရှိတွင် ကျပ်ခုနစ်ထောင်အထိ ဈေးတက်လာကြောင်း ဒေသခံများက ဆိုသည်။
ထို့အပြင် ကျပ်သုံးထောင်ဝန်းကျင်ဈေးရှိသည့် ဆန်တစ်ပြည်လျှင် ကျပ်ခြောက်ထောင်အထိတက်သွားပြီး ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်သုံးထောင်ဝန်းကျင်မှ ရှစ်ထောင်ဝန်းကျင်အထိ ဈေးမြောက်သွားကြောင်းဒေသခံများထံမှ သိရသည်။“ရေ လမ်းနဲ့လည်းသယ်ခွင့် မပေးဘူး။လေညာ ပြည်ကြီးမဏ္ဍိုင်ဘက်တွေဆို ကားနဲ့နည်းနည်းပါးပါး သယ်လို့ရသေးတယ်။ ကျွန်မတို့ ရွာကိုတော့ လုံးဝတင်သွင်းခွင့်မပေးဘူး။ အဆင်ပြေတဲ့သူတွေက ဝယ်စုထားကြလို့ ဈေးတွေလည်း တအားတက်နေပြီ”ဟု မနိုးရုံး ကျေးရွာအုပ်စု တောင်ငယ်ကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ တောင်ငယ်ကျေးရွာကို စားသောက်ကုန်တင် သွင်းခွင့် ကန့်သတ်ထားပြီး ထိုကဲ့သို့ ကန့်သတ်လိုက်သည့် အကြောင်းအရင်းကိုလည်း မသိကြကြောင်း ရွာသားများက ဆိုသည်။ မြိတ်-ဘုတ်ပြင်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များက ဘုတ်ပြင်းမြို့နယ်သို့ စားသောက်ကုန်တင်ဆောင်လာသည့် ကုန်တင်ကားများကို စစ်ဆေးမှုများဆက်တိုက်လုပ်ဆောင်နေသဖြင့် ကုန်ကားသမားများ မတင်ဆောင်ရဲတော့ကြောင်း ကား သမားအချို့ထံက သိရသည်။ Read in Full
၁၇။ တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီတပ် ဆက်လက်ထိုးစစ်ဆင် မဲပုတ်ရွာအထိ ရောက်လာ
April 14, 2025
ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးဝန်းကျင်မှာ တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။ ဧပြီ ၁၂ ရက်မှာ စစ်တပ်ရဲ့ ထိုးစစ်ဟာ နောင်ချိုမြို့နယ် မဲပုတ်ရွာအထိ ရောက်လာပြီး မဲပုတ်ရွာထဲ စစ်ကောင်စီတပ် နဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ “စစ်ကောင်စီက ထိုးစစ် လုပ်နေတာ။ မနေ့ညအထိ မဲပုတ်ရွာထဲမှာ တိုက်ပွဲတွေပြင်းထန်နေတယ်”လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ အမြှောက်တပ် စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ အနီးမှာလည်း စစ်တပ်နဲ့ TNLA တို့အကြားတိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း သတင်းအရင်း အမြစ်တွေက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်မှာတော့ တပ်သားသစ် အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၄ ဦးဟာ စခန်းစွန့်ခွာပြီး ထွက်ပြေးနေစဉ် TNLA က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ မဲပုတ်ရွာကို စစ်တပ်က ဧပြီ ၁၂ ရက်မှာ သိမ်းပိုက် နိုင်ခဲ့ တယ်လို့ ဝါဒဖြန့် ရေးသားဖော်ပြနေကြပါတယ်။ တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်အပါအဝင် အမြှောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လကတည်းက စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။ TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလတစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသလို စစ်တပ်ကလည်း ဧပြီ ၂ ရက်ကနေ ၂၂ ရက်ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ Read in Full
၁၈။ ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံးရေရှားပါးတဲ့ပြဿနာ ကြုံနေရ
April 14, 2025
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ အဓိကအားဖြင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ နောင်ချိန်း၊ လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်ရေနဲ့ သုံးရေရှားပါးတဲ့ ပြဿနာကို ကြုံနေရ တယ်လို့ ပြောပါတယ်။“ခုဘာဖြစ်နေလဲဆိုတော့ ရေတွင်းကရေခမ်းလာပြီ ရှိတဲ့ရေတွင်းကလည်း ခွဲတမ်းစနစ်နဲ့မျှသုံးနေရတာ။ သောက်ရေတွေလည်း အရမ်းခက်တယ်“လို့ နောင်ချိန်းကျေးရွာမှာ စစ်ရှောင်နေတဲ့ အောင်မြေ (၁) ရွာစစ် ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေဟာနေရာတစ်ခုတည်းမှာ အတူနေရတာဖြစ်တဲ့အတွက် ရေတွင်း၊ရေဘုံဘိုင်ထဲ ရှိတဲ့ ရေတွေကို စစ်ရှောင်စခန်းကလူတွေအားလုံးမျှသုံးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ခုလိုနွေရာသီရောက်လာချိန် တွင်းရေ ခမ်းမှုကြုံတွေ့နေရသလို ရှိနေတဲ့လူဦးရေနဲ့ ရေတွင်း၊ ရေဘုံဘိုင် လုံ လောက်မှုမရှိတဲ့ ပြဿနာတွေကြုံတွေ့နေရတယ်လို့ အောင်မြေ ၂ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။“ အဝီစိတွင်းတော့မဟုတ်ဘူး ပေ ၇၀ ၊၆၀ လောက်တော့နက် တယ်။ ဒါပေမယ့်လည်း ရေကစုပ်လို့ မရဘူးဖြစ်သွားတာ မိသားစုသုံးတော့ အဆင်ပြေပေမယ့် အိမ်ခြေတစ်ရာ နှစ်ရာလောက်ရှိ တဲ့သူတွေအတွက်က ခက်တာပေါ့”လို့ ဆိုပါတယ်။
လက်ရှိစစ်ရှောင်စခန်းက ပြည်သူတွေအနေနဲ့ ရေမလုံလောက်တဲ့အခါမှာ အနီးနားကျေးရွာတွေကနေပြီးတော့ သုံးဘီး ကားနဲ့ ရေသယ်ပြီး ချက်ပြုတ်ဖို့နဲ့ သောက်ဖို့အတွက်ကိုသာ တစ်အိမ်တစ်ပုံးဆီ ဝေစုခွဲပြီး အသုံးပြုနေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်းအိမ်ခြေများတဲ့အတွက် နေ့တိုင်းလိုလို သုံးဘီးနဲ့ရေသယ်ဖို့ရာ ဆီဖိုးအကုန်အကျများလာတဲ့ အတွက် ရေတွေသို လောင်ထားနိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့ တွဲလက်မေတ္တာစစ်ရှောင်စခန်းက တာဝန်ခံတစ်ဦးက ခုလိုပြောပါတယ်။“အခု လောလောဆယ်က ရေနဲ့ပက်သက်ပြီး အရမ်းခက်ခဲနေတယ် ရေတွေသိုလှောင်ထားနိုင်ဖို့ ရေတိုင်ဂီက အရေးပေါ်လိုနေတယ်။ အဲတာတွေ ရလို ရှိရင်တော့ အနည်းငယ် အဆင်ပြေမယ်ထင်တယ်”လို့ ဆိုပါတယ်။ သုံးဘီးနဲ့သယ်ယူထားတဲ့ရေတွေကို အစား အသောက်ချက်ပြုတ်ဖို့နဲ့ သောက်ရေအတွက်သာ အသုံးပြုပြီးတော့ အဝတ်လျှော် ရေချိုးတာတွေကိုတော့ စစ်ရှောင်စခန်းနဲ့ ၁၅ မိနစ်လောက်ဝေးတဲ့ ဧရာဝတီမြစ်က ရေကိုဘဲ အသုံးပြုကြတယ်လို့ သိရပါတယ်။ ငွေကြေးတက်နိုင်တဲ့သူတွေကနေပြီးတော့ စုပေါင်းပြီး တွင်းနဲ့ ဘုံဘိုင်တူးဖော်တာတွေထက် အဝီစိတွင်းရေတွေကို တူးဖော်ပေးနိုင်ပါက ကျန်းမာရေးအတွက် ပိုပြီး အဆင် ပြေလိမ့်မယ့်လို့ ကချင်နယ်လှည့် ကျန်းမာရေး လုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့ရဲ့ ဝာာဝန်ရှိသူက သုံးသပ်ပြောဆိုပါတယ်။ Read in Full
၁၉။ဆိုမိုဖေစိုးလေးမြို့နယ်က နေအိမ်ပျက်စီးသွားသူတွေ ပြန်လည်ထူထောင်ရေးအတွက် သစ်ထုတ်ခွင့်လို
April 14, 2025
ကရင်နီပြည် ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်အတွင်းက ရေးဘေးကြောင့် နေအိမ်မျောပါသူများနဲ့ စစ်ဘေးကြောင့် နေအိမ် မီးလောင်ပြာကျသူတွေဟာ နေအိမ်ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် သစ်ထုတ်လုပ်ခွင့်ကို လိုလားနေကြပါတယ်။ နေအိမ်တွေပြန်လည်တည်ဆောက်နိုင်ဖို့ ငွေကြေးအထောက်အပံ့လိုအပ်နေပြီးမရရှိပါကလဲ သစ်ထုတ်လုပ်ခွင့်ပေးစေလိုကြောင်း ရေဘေးကြောင့် နေအိမ်ပျက်စီးသွားတဲ့ ပွန်ချောင်းကျေးရွာက အမျိုးသားတစ်ဦးကပြောပါတယ်။ “ငွေရေးကြေးရေးမှ မထောက် ပံ့ပေးနိုင်ဘူးဆိုရင်ပေါ့။ သစ်တွေဘာတွေ ခွဲခွင့်၊ လုပ်ခွင့်တော့ ပေးကိုပေးရမယ်။ မပေးရင်တော့ ဒီဟာတွေကို ဘယ်လိုမှ ပြန် မလုပ်နိုင်ဘူးလေ။ သစ်မရှိဘဲ ဆောက်မယ်ဆိုလည်း အဆင်မပြေဘူး။ ဘယ်လိုမှ မဆောက်နိုင်ဘူး။ နောက်ပြီးတော့ သစ်ခုတ်ခွင့် မပေးနိုင်ဘူး။ ခွဲခွင့် မပေးနိုင်ဘူးဆိုရင်တော့ တခြားရပ်ရွာကနေ ဝယ်ရမယ်ဆိုရင်တော့ ငွေရေးကြေးရေးတော့ ထောက်ပံ့ဖို့ လိုအပ်တယ်။” လို့ အဆိုပါ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဆိုပါ ဒေသခံတွေဟာ ၂၀၂၄ ခုနှစ်က ရေဘေးနဲ့ စစ်ဘေး ကြောင့်နေအိမ်တွေအပါအဝင် စိုက်ပျိုးထားတဲ့ စားဝတ်နေရေးအတွက် သီးနှံအပါအဝင် ဝင်ငွေအတွက် သီးနှံတွေကိုလည်း ဆုံးရှုံး လိုက်ရပါတယ်။
ဒါကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ထူထောင်တည်ဆောက်နိုင်ဖို့ ငွေကြေးအခက်အခဲ ရှိနေကြတာပါ။ ဒေသခံတွေကတော့ သစ်ထုတ်လုပ်ခွင့်ပေးရင် ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်နိုင်တယ်လို့ ပြောပါတယ်။ “အိမ်နေ ရာက မကောင်းတော့ဘူး။ အကုန်ပျက်ကုန်ပြီ။ အိမ်နေရာမှန်း မသိတော့ဘူး အဲ့လိုပေါ့။ အမှိုက်ပုံလိုဖြစ်သွားပြီလေ။ သန့်ရှင်းရေး ပြန်လုပ်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။” လို့ ရေဘေးကြောင့် နေအိမ်တခုလုံး ပျက်စီးသွားတဲ့ ပွန်ချောင်းကျေးရွာက နောက် ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။ ဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်အတွင်းမှာတော့ ရေဘေးကြောင့် လူနေအိမ်(၂၀၀) နီးပါး ပျက်စီးသွားပြီး မြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် မီးလောင်ပြာကျသွားတဲ့ လူနေအိမ် နဲ့ ထိခိုက်ပျက် စီးသွားတဲ့ လူနေအိမ်ပေါင်း ၅၁ လုံးအထိရှိနေတယ်လို့ ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ် မြို့နယ်အုပ်ချုပ်ရေးကောင်စီ ရဲ့ စာရင်းအရသိရပါတယ်။ “အိမ်ဆောက်တဲ့ လိုအပ် ချက်တွေပေါ့။ အိမ်ဆောက်ဖို့အတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့လို တယ်။” လို့ ဆိုမိုဖေစိုးလေး (ရှားတော) မြို့ပေါ်ရပ်ကွက်တခုက နေအိမ်မီးလောင်ပြာကျသွားတဲ့ အမျိုးသားတစ်ဦးကလည်း ပြော ပါတယ်။ လက်ရှိ ဆိုမိုဖေစိုးလေးမြို့နယ်အတွင်းမှာတော့ စီးပွားဖြစ်သစ်ထုတ်လုပ်မှုတွေကို ခွင့်မပြုထားပဲ ပြန်လည်ထူထောင် ရေးအတွက်လိုအပ်ပါက စာရင်းတင်ပြန်ပြီး ခွင့်ပြုပေးတာရှိတယ်လို့ ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး မော်မဲမိုကပြောပါတယ်။ Read in Full
၂၀။ အာဆာရဲ့ အဖျက်အမှောင့် အန္တရာယ်ကနေ မောင်တောမြို့နယ်အတွင်းနေ ရိုဟင်ဂျာပြည်သူတွေ အကာအကွယ် ရလို
April 14, 2025
အာဆာအဖွဲ့ရဲ့အဖျက်အမှောင့်အန္တရာယ်တွေကနေ မောင်တောမြို့နယ်အတွင်းက ရိုဟင်ဂျာပြည်သူတွေအကာအကွယ် ရဖို့ လိုအပ်နေတယ်လို့ ဒါးကြီးစား၊ ကျားခေါင်းတောင်၊ ပွင့်ဖြူချောင်းနဲ့ သရက်အုပ်ကျေးရွာတို့နေ ဒေသခံ ပြည်သူတွေက ပြောပါ တယ်။ AA ရဲ့ လုံခြုံရေးပေးနိုင်မှုက မောင်တောမြို့နယ်အစွန်းအဖျားတွေအထိ မရောက်သလို စောင့်ကြည့်မှုတွေကိုလည်း AA ဘက်က အချိန်ပြည့်မလုပ်နိုင်ဘူးလို့ သိရပါတယ်။ “AA ဘက်က အမြဲတမ်း လုံခြုံရေးကင်းလှည့်တာတွေ မလုပ်နိုင်ဘူး။ အာဆာ တွေ ဝင်လာတဲ့သတင်း AA ဆီရောက်ရင် AA ကတပ်ရင်း ၃ ရင်းလောက်နဲ့ရောက်လာတယ်။ ရွာတွေကို ရှာဖွေတယ်။ AA မရောက် ခင်ကတည်းက အာဆာတွေက ရိက္ခာခြိမ်းခြောက်တောင်းယူတာ ဆက်ကြေးတောင်းတာတွေ လုပ်ပြီး ထွက်ပြေးသွားပြီ AA က ရွာသားတွေကို အာဆာ လက်ခံတယ်ဆိုပြီး ရိုက်နှက်ဖမ်းဆီးတယ်။ အခု မြောက်ပိုင်းမှာ အဲ့လို အခြေအနေတွေဖြစ်နေတယ်” လို့ ရိုဟင်ဂျာသတင်းအရင်းအမြစ်က ပြောပါတယ်။ AA စစ်ကြောင်းမှူးတွေအနေနဲ့ ဒေသခံပြည်သူနဲ့ အာဆာကို ခွဲမြင်ပြီး အခြေ အနေတွေကို ကိုင်တွယ်တဲ့နေရာ အမြော်အမြင်ကြီးဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။ အာဆာအဖွဲ့ဟာ ရိုဟင်ဂျာလွတ်မြောက်ရေးလို့ ကြွေးကြော်နေပေမယ့်တကယ်တမ်းကျတော့ လုံခြုံရေးကျိုးပေါက်နေတဲ့နေရာတွေကနေဝင်ရောက်ပြီး ဒေသခံ ရိုဟင်ဂျာ ပြည်သူတွေကို ခြိမ်းခြောက် လုယက်တာတွေနဲ့ လူမျိုးဘာသာမတူတဲ့ အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်ပြီး ဒေသတည် ငြိမ်မှု ကို ဖျက်လို့ဖျက်ဆီး လုပ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
အာဆာ ပေါ်လာပြီးကတည်းက ရိုဟင်ဂျာပြည်သူတွေ နေ့စဉ်ရက်ဆက် ဒုက္ခခံစားနေရကြောင်း၊ ယခုတဖန်လည်း မောင်တောမြောက်ပိုင်းက ရိုဟင်ဂျာတွေရဲ့ ဘဝအခြေအနေကို ဖျက်ဆီးဖို့ အာဆာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ အာဆာအဖွဲ့ဟာ မောင်တောမြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာတွေထဲရှောင်တခင်ရောက်လာပြီးရွာကနေ ထွက်ပြေးခိုင်းကြောင်း အခြေအနေတွေ ရှုပ်ထွေးအောင် ဖန်တီးခိုင်းကြောင်း အာဆာရဲ့ အဖျက်အမှောင့် အန္တရာယ်တွေကနေ သူတို့ အကာအကွယ်မဲ့နေ ရကြောင်း၊ AA ဘက်ကလည်း သူတို့ကို အပြည့်အဝ မယုံကြည်တာကြောင့် သူတို့ရပ်တည်နေထိုင်ရေးအတွက် အတော်လေးကို အဆင်မပြေဖြစ်ရတယ်လို့ မောင်တောမြောက်ပိုင်းက ရိုဟင်ဂျာရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။ မောင်တော မြို့နယ်တစ်ခု လုံးမှာ အာဆာလက်နက်ကိုင်တွေကို ထောက်ခံသူတွေ အာဆာအမာခံတွေ မရှိတော့ကြောင်း၊ အာဆာက သူတို့ကို မောင်တော သားတွေ မထောက်ခံတာ သိလို့ အခုလို AA နဲ့ ရိုဟင်ဂျာအရပ်သားတွေကြား ရှုပ်ထွေးမှုတွေဖြစ်လာအောင် ဖန်တီးနေတာလို့ မောင်တောရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောပါတယ်။ Read in Full
၂၁။ ကော့ကရိတ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးများအပါ ၈ ဦး ဒဏ်ရာရ
April 15, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင်ပြည်သူ ၈ ဦး ဒဏ်ရာရပြီး နေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်က ယနေ့ ထုတ်ပြန်သည်။ ကော့ကရိတ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီက မောင်းမရွာသစ် ကျေးရွာကို ဧပြီ ၁၀ ရက် ညနေ ၆ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၀ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ ၅၅ နှစ်အရွယ် အမျိုသား ၁ ဦးနှင့် ၅၀ အရွယ်အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ထို့ပြင် ဧပြီ ၈ ရက် ည ၁၀ နာရီ ၂၇ မိနစ်တွင် ၁၂၀ မမ၊ ၁၂၂ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်ရှိ အံကောင်ကျေးရွာ၊ ကျိုက်သလိုက်ကျေးရွာနှင့် ဒေါက်ပလန်ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အံကောင်ကျေးရွာရှိ ပြည်သူ့နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ပြီး နေအိမ်မှအမျိုးသား ၂ ဦး၊ မိန်းကလေးငယ်၁ ဦး၊အသက် ၉ နှစ်နှင့် ၆ နှစ်အရွယ်ယောက်ျားလေး ၂ ဦးတို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးကာလဖြစ်သော်လည်း စစ်ကောင်စီက ပြည်သူများကို ရည် ရွယ်ချက်ရှိရှိ နေ့စဉ်နှင့်အမျှ လိုက်လံပစ်ခတ်တိုက်ခိုက်နေကြောင်း KNU က ဆိုထားသည်။ စစ်ကောင်စီဘက်ကလည်း အကြမ်းဖက် သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်သေ ဆုံးဒဏ်ရာရရှိစေရန် ရည်ရွယ်ပြီး ဖောက်ခွဲရေးလုပ်ရပ်များအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထား သည်။ Read in Full
၂၂။ လားရှိုးမြို့ (ရမခ ) မှ စစ်သုံ့ပန်းများနှင့် အရေးကြီး စာရွက်စာတမ်း ပစ္စည်းများကို MNDAA မှ ပြောင်းရွှေ့သယ်ဆောင်
April 15, 2025
ကိုးကန့် MNDAA သည် တရုတ်အစိုးရ၏ ဖိအား လကြာင့် လားရှိုးမြို့မှပြန်လည်ဆုတ်ခွါရမည့် သတင်းများထွက်ပေါနေ သည့်အချိန် စစ်အတွင်း ဖမ်းဆီးထားသည့် ရမခ မျ စစ်သုံ့ပန်းများကို ၎င်းတို့ ထိန်းချုပ်ရာဒေသများသို့ ပို့ဆောင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီနှင့် MNDAA ကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မူအရ ဧပြီ (၂၁) ရက်တွင် နောက်ဆုံးထား၍ MNDAA သည် လားရှိုးမြို့မှ ဆုတ်ခွာမည်ဖြစ်ကြောင်း စစ်သတင်းရင်းမြစ်တစ်ခုက ပြာဆိုထားပါသည်။ တရုတ်နိုင်ငံ၏ အတင်းအကြပ် ဖိအားပေးမူကြောင့် MNDAA သည် လားရှိုးမြို့မှ စစ်သုံ့ပန်းများကို စစ်ကား (၂) စီးတွင် အပြည့်တင်ဆောင်ကာ လုံခြုံရေးကားများ ဖြင့် လားရှိုးမြို့မှ ၎င်းတို့ ထိန်းချုပ်ဒေသများသို့ ယနေ့ ဧပြီလ (၁၅) ရက်နေ့တွင် ပို့ဆောင်နေ ကြောင်း ရှမ်းမြောက်စစ်ရေးသတင်း ရင်းမြစ်တစ်ခုက သတင်းပေးပို့လာပါသည်။ တရုတ်နိုင်ငံ၏ အတင်းအကြပ်ဖိအားပေးမူကြောင့် MNDAA သည် လားရှိုးမြို့မှ မဆုတ်ခွာမီမြို့တွင်းရှိ ဆေးရုံသုံးပစ္စည်းများအပါ ဋ္ဌာနဆိုင်ရာပစ္စည်းများကိုလည်း ရွှေ့ပြောင်းသယ်ယူနေသောလေကြာင့် လားရှိုး ဒေသခံများနှင့် အငြင်းပွါးမှုတချို့ရှိနေကြောင်းလည်း သိရှိရပါသည်။
” စစ်ကောင်စီဘက်က လာမည့် (၁၂) လ ပိုင်း လားရှိုးမှာ ရွေးကောက်ပွဲလုပ်ဖို့ပြင်တေနတယ် ၊ တရုတ်ရဲ့ ဖိအားပေးမူ ကြောင့် MNDAA တွေ လားရှိုးက ဆုတ်ခွာပြီး လားရှိုးအနီး ပတ်လည်ရွာတွေမှာတော့ ဆက်ရှိနေမယ်ထင်တယ်” ဟု ဒေသခံတစ်ဦးမှ ပြောဆိုထားသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မူဖြင့် ကူမင်းမြို့တွင် စကစနှင့် MNDAA တို့ ဆွေးနွေးပွဲရလဒ်များကို နှစ်ဖက်စလုံးမှ တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း MNDAA လားရှိုးမြို့မှ တဖြည်းဖြည်း ဆုတ်ခွါနေပြီဖြစ်ပြီး စစ်ကောင်စီပြန်ဝင်လာမည်မှာ သေချာသလောက်ရှိပြီဟု အထက်ပါသတင်းရင်းမြစ်က ထပ်မံပြောဆိုထားသည်။ အရှေ့မြောက် တိုင်းစစ်ဋ္ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို ၁၀၂၇ ဒုတိယလိုင်းတွင် စစ်ကောင်စီထံမှ MNDAA တပ်ဖွဲ့နှင့်မဟာမိတ်များ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ Read in Full
၂၃။ မွန်ပြည်နယ် ကျန်းမာရေးကောင်စီ- MSHC ဖွဲ့စည်း
April 14, 2025
မွန်ပြည်နယ် ကျန်းမာရေးကောင်စီ (Mon State Health Council- MSHC)ကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ CDM ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အခြားသော တော်လှန်ရေးအင်အားစုနဲ့ ချိတ်ဆက်ကာ ကျန်းမာရေးကဏ္ဍ အရည်အသွေး ပိုမိုမြှင့်တင်နိုင်ဖို့၊ လူထုအတွက် ထိရောက်တဲ့ ကျန်းမာရေး စောင့် ရှောက်မှု ပေးအပ်နိုင်ဖို့ အ တွက် သီးခြားစုဖွဲ့ရန် လိုအပ်တာကြောင့် မတ်လ ၂၅ ရက်မှာ MSHC ကို ဖွဲ့စည်းလိုက် တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးကောင်စီ ထဲ ဆရာဝန်ကိုယ်စားပြု၊ သူနာပြုနဲ့ သားဖွားကိုယ်စားပြု၊ ကျန်းမာရေးမှူးနဲ့ ကျန်းမာရေးကြီးကြပ်ကိုယ်စားပြု၊ ဆေးဘက်ဆိုင် ရာ နည်းပညာရှင် ကိုယ်စားပြု၊ တိုင်းရင်းဆေးပညာရှင် ကိုယ်စားပြုတွေ ပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင် ရာမှာ MSHC အနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့၊ မွန်ပြည်နယ်အတွင်းရှိ လူထုအားလုံး လက်လှမ်းမီနိုင်တဲ့ ဘေး ကင်းလုံခြုံသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီး ဘုံရည်မှန်းချက်တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ Read in Full
၂၄။ နမ္မတီးမြို့၊ ဝအောင် KBC က နှလုံးအားနည်းဝေဒနာရှင် စစ်ရှောင်ကလေးငယ်အတွက် အကူအညီအရေးတကြီးလိုအပ်
April 15, 2025
ကချင်ပြည်နယ်၊နမ္မတီးမြို့၊ ဝအောင်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(Wa Awng Buga Hpung)မှာ နေထိုင်နေတဲ့ မွေးရာပါနှလုံးအားနည်း ဝေဒနာရှင် စစ်ဘေးရှောင် ကလေးငယ်တစ်ဦးအတွက် ဆေးဖိုး အကူအညီ လိုအပ်လျက်ရှိ နေတယ်လို့ သိရပါတယ်။ အသက် ၃ နှစ်ဝန်းကျင်အရွယ် အထက်ပါအမျိုးသမီးငယ်ဟာ မွေးရာပါနှလုံးအပေါက်နဲ့ နှလုံးအားနည်းတဲ့ ဝေဒနာ ခံစားနေရသူဖြစ်ပြီး လက်ရှိအချိန်မှာ ရောဂါပြင်းထန်လာတာကြောင့် ဆေးကုသမှုခံယူဖို့ ငွေကြေးအခက်အခဲ ဖြစ်နေတယ် လို့ မိသားစုဝင်နဲ့နီးစပ်တဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။ “ကလေးက မွေးကတည်းက နှလုံးအပေါက်ပါတယ်။ အရမ်းဖျားတယ် အခုက ပိုဆိုးလာတယ်။ ဆေးကုသဖို့ အခက်အခဲတွေ ရှိနေတာဟုတ်တယ်။ အခုလို ခက်ခဲတဲ့အချိန် ကလေး ရဲ့ အသက်ကိုကယ်ဖို့ အရမ်းခက်ခဲနေတယ်။ အခုက စစ်ရှောင်စခန်းမှာပါ။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
အသက်မွေးဝမ်းကြောင်းအတွက် တောင်ယာလုပ်ငန်းကိုသာ အဓိက မှီခိုအားထား လုပ်ကိုင်နေတဲ့ တောင်သူမိသားစု ဖြစ်တာကြောင့် ငွေကြေးပိုင်းဆိုင်ရာ အဆင်မပြေတာတွေရှိပြီး ဆေးခန်းတွေလည်း သွားမပြနိုင်ဘူးလို့ ဆိုပါတယ်။ အထက်ပါ ကလေးငယ်နဲ့အတူ မိသားစုဝင်တွေဟာ လဝါးကျေးရွာကဖြစ်ပြီး ရွာအတွင်း စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် နမ္မတီး မြို့ဘက် သွားရောက်တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က စစ်ကောင်စီပူးပေါင်းတပ်တွေ လဝါးကျေးရွာအတွင်းက စာသင်ကျောင်းမှာ ဝင်ရောက်တပ်စွဲလာတဲ့အတွက် ဒေသခံပြည်သူတွေဟာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ Read in Full
၂၅။ ထန်တလန်မြို့နယ်မှာကားမတောတဆမှုဖြင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
April 14, 2025
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇနတ်တောင်ကြော ( Zahnak Tlang ) လုံလဲရ်ကျေးရွာ နဲ့ ရာလ်ပဲလ်ကျေးရွာ ကြား မှာ ဒီကနေ့ကားမတော်တဆမှုဖြစ်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံများထံ ကသိရပါတယ်။ အဆိုပါ ကားဟာ ရွာဘုတ် ( Ruabuk ) ကျေးရွာကနေ ဒေါ်န်ကျေးရွာ (Dawn) ကိုဦးတည်သွားတဲ့ကားဖြစ်ကာ ရာလ်ပဲကျေးရွာ ရောက်ခါနီး မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မတော်တဆလမ်းအောက်ထိုးကျသွားတာလို့သိရပါတယ်။ ယင်းကားဟာ လမ်းက နေ အောက်ဘက် ပေ ၁၀၀ ခန့်ကိုထိုးကျသွားခြင်းဖြစ်ပြီး နေရာမှာတင် အသက် ၆၀ ဝန်းကျင် ဒေါ်မဲန်ကျီ ( Pi Men Ci ) ပွဲချင်းပြီး သေဆုံးသလို နောက်နာရီအနည်းငယ်မှာ မိုင် ဒုရဲမ်မွေး ( Mai Duh Rem Mawi ) အသက် ၂၂ နှစ်ထပ်မံသေဆုံး တာဖြစ်ပါတယ်။
“ကားက ရာလ်ပဲလ်ကျေးရွာရောက်ခါနီးလေး လမ်းပြင်တဲ့နေရာမှာ အခုလိုဖြစ်တာပါ။ ကားပေါ်လိုက်ပါလာသူ များထဲ မှ Pi Men Ci က ပွဲချင်းပြီးဆုံးသွားပါတယ်။ Mai Duh Rem Mawi ကိုတော့ ဆေးရုံပို့ဖို့သွားတဲ့လမ်းပေါ် လုံလဲရ် ကျေးရွာမရောက် ခင်မှာ ဆုံးသွားတာဖြစ်ပါတယ်။ အခုလက်ရှိ သုံးဦးက ဆေးရုံတစ်ခုမှာဆေးကုသမှု ခံယူနေပါတယ်။” လို့ ဒေါာန်ကျေးရွာဒေသခံ တစ်ဦးက ပြောပါတယ်။ အဆိုပါ ကားဟာ Ruabuk ကျေးရွာမှာ ဘာသာရေး အစီအစဉ်တစ်ခုကိုသွားရောက်ခဲ့တဲ့ ဒေါန်ကျေးရွာ သားများကိုတင်ဆောင်လာတဲ့ကားဖြစ်ပြီး ဒဏ်ရာရသူနဲ့သေဆုံးသူများအားလုံးက ဒေါန်ဒေသခံများဖြစ်ကြတယ်လို့သိရပါတယ်။ Read in Full
၂၆။ မောင်တောမြို့ခံ ဦးထွန်းအေးသိန်းနဲ့ အပေါင်းပါရခိုင်အုပ်စုက ရိုဟင်ဂျာလုပ်ငန်းရှင်တွေကို အကျပ်ကိုင် ခြိမ်းခြောက်
April 15, 2025
ရခိုင်ပြည်၊ မောင်တောမြို့၊ အမှတ်(၁)ရပ်ကွက်မှာ နဝရတ်အပေါင်ဆိုင် ဖွင့်လှစ်ထားပြီး ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ လည်းဖြစ်နေတဲ့ ရခိုင်လူမျိုး ဦးထွန်းအေးသိန်းဟာ မကြာခင် ရက်သတ္တပတ်အတွင်းမှ နေရပ်ပြန်ခွင့်ရပြီး အရောင်းဆိုင်တွေ ပြန်ဖွင့်ဖို့ လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ကြိုးစားနေတဲ့ မောင်တောမြို့ခံ ရိုဟင်ဂျာလုပ်ငန်းရှင်တွေကို အုပ်စုဖွဲ့ကာ မိုက်ကြေးခွဲ အကျပ်ကိုင် ခြိမ်းခြောက်နေတယ်လို့ ကာယကံရှင် နစ်နာသူတွေက ပြောပါတယ်။ နဝရတ်အပေါင် ဆိုင်ပိုင်ရှင် ဦးထွန်းအေးသိန်း ဟာ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ငန်းများ လုပ်ကိုင်ခဲ့သလို နခခ-၅ က ကွပ်ကဲရေးမှူး၊ ဒု-ကွပ်ကဲ ရေးမှူးတို့နဲ့ နီးနီးကပ်ကပ် ရှိခဲ့သူဖြစ်ပေမယ့် မောင်တောမြို့ကို AA သိမ်းပိုက်ပြီးနောက်ပိုင်း အရေးယူခံရသူတွေထဲ နဝရတ် အပေါင်ဆိုင်ပိုင်ရှင် ဦးထွန်းအေးသိန်း မပါတဲ့အပြင် ယခင် စစ်ကောင်စီ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေနဲ့ ပူးပေါင်းပြီး မြို့ခံတွေအပေါ် ဩဇာညောင်းအောင် လုပ်ခဲ့သလို ယခုလည်း AA နယ်မြေမှူး၊ စစ်ဒေသမှူးတို့ရဲ့ အရှိန်အဝါကို သုံးပြီး ရိုဟင်ဂျာလုပ်ငန်းရှင် အသိုင်းအဝိုင်းကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ရိုဟင်ဂျာလုပ်ငန်းရှင်တွေကို ဆိုင်မဖွင့်ဖို့နဲ့ တချို့ဆိုင်ခန်းတွေ ပိတ်သိမ်းဖို့ ဦးထွန်းအေးသိန်းနဲ့ အုပ်စုကလုပ်နေကြောင်း၊ ရိုဟင်ဂျာရွှေဆိုင်တွေကိုလည်း လုံးဝ ဖွင့်ခွင့်မရှိဘူးလို့ သူကိုယ်တိုင် လိုက်လံတားမြစ်နေတယ်လို့သိရပါတယ်။ “မင်းတို့ ငါ့စကား နားမထောင်ဘဲ ဆိုင်ဖွင့်ရင် မင်းတို့ကို အာဆာနဲ့ ပတ်သက်တယ်လို့ ငါ နယ်မြေမှူးကို ပြောမယ်။ အားလုံးကို ဖမ်းခိုင်းမယ်” လို့ ဦးထွန်းအေးသိန်းက လာရောက်ပြောဆိုသွားတယ်လို့ ရိုဟင်ဂျာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ AA က အမိန့်ထုတ်တာမျိုး မဟုတ်ဘဲ ဦးထွန်းအေးသိန်းဟာ သူသဘောနဲ့သူ မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်နေတဲ့ ရိုဟင်ဂျာတွေကို ဆိုင်မဖွင့်ဖို့ ရွှေနဲ့ပတ်သက်တာတွေ ရောင်းဝယ်တာ မလုပ်ဖို့ တချို့ လမ်းဆုံလမ်းခွ နေရာကောင်းက ဆိုင်တွေကို လုံးဝ မဖွင့်ဖို့နဲ့ ရခိုင်တွေကို ပြန်ရောင်းဖို့ အုပ်စုဖွဲ့ပြီး အကျပ်ကိုင် ခြိမ်းခြောက်နေတယ်လို့ ရိုဟင်ဂျာသတင်းအရင်းအမြစ်က ပြောပါတယ်။ Read in Full
၂၇။ အာဏာသိမ်းပြီးနောက် မြန်မာမှာ ကလေးအခွင့်အရေးချိုးဖောက်မှု မြင့်တက်လာကြောင်း ကုလ ထုတ်ပြန်
April 14, 2025
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် စစ်တပ်က အတင်းအကြပ် လူသစ်စု ဆောင်းခြင်းအားဖြင့် ကလေးသူငယ် အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက် လာခဲ့ကြောင်း နဲ့ ဒီလုပ်ရပ်ကို ရှုတ်ချ ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဧပြီ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ ခုနှစ် ဇူလိုင်လ ကနေ ၂၀၂၃ နှစ်ကုန်အထိ ကာလအတွင်း ကလေး ၄,၀၀၀ ကျော်အပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှု ၅,၁၄၀ ကျော် ရှိခဲ့ပြီး တချို့ဆို အသက် သုံးလ အထိ ငယ်တဲ့ကလေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၈ စက်တင် ဘာလကနေ ၂၀၂၀ ဇွန်လအတွင်း ကာလထက် ၄၀၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ကစပြီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားပြီးနောက် သိသိသာသာမြင့်တက်လာ ခဲ့တာလို့ဆိုပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုအများစုဟာ မြန်မာစစ်တပ်နဲ့ သူနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေနဲ့ ဆက်စပ် နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
“ကလေးငယ်တွေအပေါ် ပြင်းထန်တဲ့ချိုးဖောက်မှု မြင့်တက်လာတာနဲ့ လက်နက်ကိုင် အရေအတွက် များပြားလာတဲ့ အတွက် အလွန် စိုးရိမ်မိပါတယ်” အတွင်းရေးမှူးချုပ် ဂူတာရက်စ်က အစီရင်ခံစာမှာ ပြောကြားပါတယ်။ ကလေးတွေကို စစ်သား အဖြစ် အသုံးချခြင်းနဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးမှုတွေ၊ ထိခိုက်မှု မြင့်တက်လာတဲ့အတွက် အလွန်တုန်လှုပ်မိပါတယ်၊ တပ် ဖွဲ့တွင်းက ကလေးတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဂူတားရက်စ် က တောင်းဆိုလိုက်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့ ကလေး အရေအတွက် ၃,၀၀၀ ရာခိုင်နှုန်းနီးပါး သိသိသာသာတိုးလာပြီး အများစုဟာ စစ်သင်တန်းတက်ဖို့ အတင်းအကြပ် စေခိုင်းခံနေရ တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ ဒီ အရွယ်မရောက်သေးတဲ့သူတွေကို တခြားကလေးငယ်တွေကို တပ်အတွက် စုဆောင်းဖို့၊ သတင်းအချက်အလက်စုဆောင်းဖို့ ဒါမှမဟုတ် ငွေတောင်းဖို့ နဲ့ စစ်တပ်အတွက် လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည်း ရှိနေ ကြောင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Read in Full
၂၈။ အင်းတော်တိုက်ပွဲမှဖမ်းမိသည့် စစ်ကောင်စီ တပ်မမှူးနှင့်တပ်သားများကို ဥပဒေအရအရေးယူသွား မည် ဟု NUG ပြော
April 15, 2025
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်မြို့၊ ဂျပန်လှိုင်ဂူတပ်စခန်း မှ စခန်းစွန့်ခွာ ထွက်ပြေးသွားချိန် ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ တပ်မ(၇၇) ၏ တပ်မမှူး အောင်သက်ဦး နှင့်တပ်သားများကို စစ်ဆေးနေပြီး အရေးယူမှုများ ဆက် လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ ၎င်းက “လက်ရှိအချိန်မှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းဆိုင်ရာမူဝါဒတွေနဲ့ အညီ ထိန်းသိမ်း ထားပြီး စစ်ဆေးမေးမြန်းမှုတွေကို ဆောင်ရွက်လျက်ရှိသည်။ စစ်သုံ့ပန်းများရဲ့ ထွက်ဆိုချက်၊ စစ်ဆေးတွေ့ ရှိချက်များအပေါ် အခြေခံ၍ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်”ဟုပြောသည်။ ယနေ့ ဧပြီလ ၁၅ ရက်တွင် ထုတ်ပြန်သည့် ပြည်သူနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်တွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
အင်းတော်မြို့ ဂျပန်လှိုင်ဂူ တပ်စခန်းမှ တပ်မမှူးနှင့် တပ်သားများသည် ဧပြီလ ၇ ရက် ည ၉ နာရီတွင် ဝိုင်းရံ ပိတ်ဆို့ ထားတဲ့တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကိုရေရှည်တောင့်ခံနိုင်ခြင်းမရှိတော့၍ စခန်းစွန့်လွှတ် ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသော တပ်မမှူး နဲ့ တပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့ များက ကသာမြို့ အဝင်တနေရာတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များသည် အင်းတော်မြို့ကို ယမန်နှစ် ဩဂုတ်လ မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အချိန် ရှစ်လကြာ တိုက်ခိုက်ပြီးမှ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ရာ ရက်ရှည်တိုက်ပွဲ တခုဖြစ် ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက အသိပေးထားသည်။ အင်းတော်မြို့သည် စစ်ကောင်စီ၏တပ်မ (၇၇) ရှေ့တန်းဌာန ချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲသည့်မြို့ဖြစ်ကြောင်း သိရသည်။ Read in Full
၂၉။ ခမရ(၂၆၆)မှ ပြည်သူ့စစ် ၃ ဦး လက်နက်များနှင့်အတူ အလင်းဝင်
April 15, 2025
ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီ၏ ခမရ(၂၆၆) ဗျူဟာမှ ပြည်သူ့စစ်(၃)ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်ဟု CDF ဟားခါးထံမှသိရသည်။ ၂၀၂၅ ခုနှစ် ဧပြီလ (၁၃)ရက်နေ့က ပြည်သူ့စစ် (၃)ဦးသည် စစ်ကောင်စီကို ဆန့် ကျင်ပြီး MA-1 တစ်လက်၊ MA-3 တစ်လက်နှင့် MA-11 တစ်လက်တို့နှင့်အတူ Chinland Defense Force-Hakha ထံ အလင်း ဝင်လာခြင်းဖြစ်သည်ဟု သိရသည်။ အလင်းဝင်လာသူကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင်လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူပို့ဆောင်ပေးမည်ဟုဆိုသည်။ စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို Chinland Defense Force – Hakha မှ အမြဲကြိုဆိုကြောင်းနှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူပို့ဆောင်ပေးမည်ဟုလည်း အသိပေးထားသည်။ Read in Full
၃၀။ချင်းတောင် နဲ့ ကလေးမြို့နယ်အတွင်း MEC ဆင်းကဒ် ကျပ် ၁ သိန်း ၇ သောင်းထိ ဈေးတက်ခဲ့၊ MPT လိုင်းပြန်လည်ရရှိ
April 15, 2025
ချင်းတောင်ကမြို့တွေ နဲ့ ကလေးမြို့နယ်အတွင်း ဧပြီ ၁၁ ရက် နေ့ မနက်ပိုင်း က စပြီး ၃ ရက်ခန့် GSM ဖုန်းလိုင်း အားလုံး ပြတ်တောက်ခဲ့တဲ့ အတွက် ဖုန်း ခေါ်ဆိုနိုင်တဲ့ MEC ဆင်းကဒ် တစ်ခုဟာ ကလေးမြို့မှာ ကျပ် တစ်သိန်း ခုနစ်သောင်း အထိ ဈေးတက်သွားခဲ့ပြီး ဧပြီ ၁၄ ရက် ညနေ ကစပြီးချင်းတောင်ကမြို့တချို့နဲ့ ကလေးမြို့နယ်အတွင်း MPT လိုင်းပြန်လည်ရရှိခဲ့တယ် လို့ ကလေးမြို့ ဒေသခံတစ်ဦးထံမှ သိရှိခဲ့ရပါတယ်။“MEC နဲ့ လိုင်း သုံးလုပ်တော့ မရဘူး။ ဖုန်း ပြောလို့ရရုံလေးပဲ။ အခက်အခဲအပေါ် စေတနာမထားဘဲ စီးပွားရေး လုပ်နေတော့ အခုလို ဈေးတက်တာပါ။ ဧပြီ ၁၄ ရက်နေ့ ညနေ ၈ နာရီ ကနေ MPT ဖုန်းလိုင်း နဲ့ Wifiတွေ ပြန်ရပါပြီ”လို့ ကလေးမြို့ ခံ က ပြောကြား ခဲ့ ပါတယ်။ “တီးတိန်မြို့မှာတော့ တဖက် နိုင်ငံရဲ့ ဖုန်းလိုင်း မိတဲ့နေရာကို သွားပြီးတော့ လိုင်း သုံးခဲ့ရ ပါတယ်။ Sim Card အားလုံး၊ Wifi အားလုံး ပြတ်တောက်ခဲ့တာပါ။ ကလေးမြို့မှာ MEC နဲ့ ဖုန်းပြောလို့ရတယ်လို့ သိရပေမယ့် တီးတိန်မှာတော့ အဆင်မပြေဘူး” လို့ တီးတိန်မြို့ခံ တစ်ဦးက Facebook မှာ ရေးသားခဲ့ပါ တယ်။ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း ကစပြီး ကလေးမြို့နယ် နဲ့ ချင်းတောင် မှာ MPT, Oreedoo, Atom, Mytel စတဲ့ GSM ဖုန်း အားလုံးပြတ်တောက်ခဲ့တာကြောင့် ဒေသခံတွေဟာ ငွေလွှဲငွေထုတ်တာ၊ ပြင်ပနဲ့ အဆက်အသွယ်လုပ်တာတွေအားလုံး ပြတ် တောက် ခဲ့ရတယ် လို့လည်း ကလေး ဒေသခံများ ထံမှ သိရှိခဲ့ပါတယ်။
“MEC sim card လည်း မဝယ် နိုင်ခဲ့ပါဘူး။ ဆိုတော့ MPT လိုင်း တက်လာတော့ ပထမဆုံး လုပ်ဖြစ်တာ KBZ Pay ကို sign in အမြန် ပြန်ဝင်ခဲ့ရတယ်။ MPT လိုင်းမရတာ က အခုကာလ မတိုင်ခင် ကတည်း က ဆိုတော့ OPT code မကျ လာတော့ online payment အတွက် အတော်ပြဿနာဖြစ်ခဲ့ရတယ်” လို့ ကလေး ဒေသခံ တစ်ဦး က ပြောကြား ခဲ့ပါတယ်။ ကလေးမြို့နဲ့ ချင်းတောင်မြို့တွေမှာ MPT လိုင်း ပြတ်တောက်ခဲ့ရခြင်း ဟာ ရေဦး မြို့နယ် အတွင်း MPT ဖိုင်ဘာဆက်ကြောင်း ပျက်စီးသွားပြီး ပြုပြင်နေဆဲ ကာလဖြစ်နေခြင်းကြောင့် လို့ MPT က Facebook ကနေ ဖော်ပြထား ပါတယ်။ ယခုရက်ပိုင်းအတွင်း တီးတိန်မြို့ တဝိုက်တွင် စစ်လေယာဉ်များ မကြာခဏပျံဝဲနေခဲ့ပြီး ဆိုင်းဇန်ရွာနှင့် မွာလ်ဘင်း ရွာတွေမှာ ဗုံးကြဲ ခဲ့ပြီး နောက်ပိုင်း လေကြောင်း တိုက်ခိုက်ဗုံးကြဲတာမျိုးတော့မရှိဘူးလို့လည်း တီးတိန်မြို့ ဒေသခံများရဲ့ Facebook post များအရသိရှိခဲ့ရပါတယ်။ Read in Full
၃၁။ မင်းပြားတွင်စစ်သုံ့ပန်းနှင့်မိသားစု ၁၇၀ ကို သင်္ကြန်အကြိုနေ့က AA မှပြန်လွတ်ပေး
April 14, 2025
မင်းပြားမြို့နယ်မှ (ULA/AA)နှင့် နီးစပ်သူအမျိုးသားတစ်ဦးက “စစ်သားတွေနဲ့သူတို့မိသားစုတွေ၊ စစ်ကောင်စီနဲ့ ပက် သက်တဲ့သူတွေကို AAကပြန်လွတ်ပေးပါတယ်။ သူတို့ရဲ့ မိသားစုတွေနဲ့သေသေချာချာဆက်သွယ်ပြီး အခမ်းနားလုပ်၊ ထောက်ပံ့ ကြေးပေးပြီး ပြန်လွတ်ပေးတယ် ” ဟု ပြောသည်။ ဧပြီ ၁၃ ရက်နေ့နံနက်ပိုင်းက ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ လွှတ်ပေးလိုက်သူများသည် အန္တရာယ်ကင်းနေသည့်နယ်မြေ၊ လုံခြုံစိတ်ချရသည့် နယ်မြေများမှ စစ်သုံ့ပန်းများဖြစ်ကြပြီး ထိုသူ တို့ကို အဓိကထားဦးစားပေးပြီး ပြန်လွတ်ပေးခြင်းဖြစ်သည်ဟု (AA)နှင့် နီးစပ်သူတစ်ဦးက ကိုပြောသည်။ ” စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေမိသားစုတွေကို AAကပြန်လို့လွတ်ပေးတာက သူတို့အန္တရာယ်ကင်းစိတ်ချရတဲ့ နယ်မြေဖြစ်လို့ AA က လွတ်ပေး တာဖြစ် တယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့အုပ်ချုပ်ထားတဲ့နယ်မြေဆို AAကမလွတ်ပေးသေးဘူးလို့တော့သိရပါတယ် ” ဟု ပြောသည်။
အာရက္ခတပ်တော်က တိုက်ပွဲအတွင်းမှဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုများကို ကောင်းမွန်စွာစောင့် ရှောက်ပေးပြီး အခါကြီးနေရက်ဖြစ်သည့်သင်္ကြန်ကာလတွင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလ အတွင်းက လည်း အာရက္ခတပ်တော် (AA) က ဖမ်းမိထားသည့်အကျဉ်းသား (၂၆)ဦး အပါအဝင် စစ်သုံ့ပန်းနဲ့ စစ်သုံ့ ပန်း မိသားစုဝင် စုစုပေါင်း (၃၀၀)ကျော်ကို အာရက္ခတပ်တော် (AA)မှပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့စစ်သုံ့ပန်းများအား မင်းပြားတွင် သင်္ကြန် အကြိုနေ့က ပြန်လွှတ်ပေးခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါ။ AA ပြောခွင့်ရသူ ဦးခိုင်သုခအားလည်း ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။