၁။ မောင်တော လေကြောင်းဗုံးကြဲခံရမှု ဒေသခံ ၅ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
October 21, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက (အောက်တိုဘာ ၂၁ ရက်)၊ နံနက် ၂ နာရီခန့် တွင် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်းသိရသည်။ သေဆုံးသူများမှာ ဒေါ်လှလှအေး (၅၈)နှစ်၊ မခင်သီတာဌေး (၂၆)နှစ်၊ ကိုနေဇော်ဦး (၂၉)နှစ်၊ ကိုမောင်မောင်သိန်း (၂၀)နှစ် နှင့် မအေးအေးအောင် (၂၆)နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ၁၀ ဦးထက်မနည်းရှိကာ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။“ ဒီနေ့ နံနက် ၂ နာရီလောက်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ လာချသွားတာ။ ၅ ယောက်ကတော့ ပွဲချင်းပြီး ဆုံး သွားတယ်။ ဒဏ်ရာရသူတွေထဲမှာ မောင်တောက စစ်ဘေးရှောင်လာတဲ့သူတွေပါတယ်။ ဒဏ်ရာရသူတွေလည်းအများအပြားရှိ တယ်”ဟု မောင်တောဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဖားဝပ်ချောင်းကျေးရွာမှနေအိမ် ၃ ဆောင်မှာလည်း လုံးဝပျက်စီးသွားကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မောင်တောမြို့နယ်အတွင်းက အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်း၊လက်နက်ကြီးတို့ဖြင့် ဆက်တိုက်ပစ်ခတ်တိုက် ခိုက်နေ၍ ဒေသခံများ ထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။
မောင်တောဒေသခံတစ်ဦးက “ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ နေ့တိုင်းလာပစ်တာရှိတယ်။ တိုက်ပွဲမဖြစ်တဲ့နေရာတွေ ကလည်း လာပစ်တယ်။ ဖားဝပ်ချောင်းနားမှာဆိုရင် အခုဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး”ဟု ပြောသည်။ အောက်တိုဘာ ၁၉ ရက် ကလည်း မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီး(မွတ်ဆလင်) ကျေးရွာကို စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံမွတ်ဆလင် ၅ ဦးဒဏ်ရာရရှိခဲ့သည်။ မောင်တောမြို့နယ်တွင် နခခ ၅ တပ်ရင်းမှလွှဲ၍ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားသည့် AA သည် လက်ကျန်တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေ၍ တိုက် ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။ Read in Full
၂။ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်လိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု
October 21, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။ တရုတ်နယ်စပ် ကန်ပိုက်တီမြို့အနီးက စင်ကြိုင်၊ဝေါ့ခရုန်း နယ်ခြားစောင့်တပ် ဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။ “BGF ၁၀၀၃ တပ်ရင်းဌာနချုပ် စင်ကြိုင် ဝေါ့ခရုန်းစစ်တပ်ကို ညနေပိုင်း အားလုံးရှင်းလိုက်ပြီလို့ ရှေ့တန်းသတင်း ရပ်ကွက်ကနေ အတည်ပြုပေးတာရှိပါတယ်။ ဒါကြောင့် Confirm(အတည်ပြုနိုင်) ဖြစ်ပါပြီ”လို့ ဗိုလ်မှူးကြီး နော်ဘူက ဖြေကြား ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့လောက်ကတည်းက ၁၀၀၃ တပ်ရင်းဌာချုပ်ဘက်က ရှေ့တန်းကာကင်း စခန်းငယ်တွေ ကို တိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့တာဖြစ်ပြီးတော့ အောက်တိုဘာလ ၁၄ ရက်က တပ်ရင်း ၁၀၀၂ သိမ်းပိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်(PDF)တွေရဲ့ ထိုးစစ်ရက်ပေါင်း ၂၀ လောက်အတွင်းမှာ အထက်ပါ တပ်ရင်းတွေအပြင် ကချင်နယ်ခြားစောင့် တပ် (BGF)ဌာနချုပ် အခြေစိုက်ရာ ပန်ဝါမြို့အပြင် ချီဖွေနဲ့ဆော့လော်မြို့တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ KIA ပူးပေါင်းတပ်တွေကနေ ကချင်အထူးဒေသ ၁ အတွင်းက အမှတ် ၁၀၀၂ နဲ့ အမှတ် ၁၀၀၃ တပ်ရင်းတွေကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပြီး ၁၀၀၁ တပ်ရင်းတစ်ခုတည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာ အနီး မှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ့ခရုန်းဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ ဝိုင်းမော်မြို့ကလွဲပြီး ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်နဲ့ ဝိုင်းမော်-ဆဒုံး- ကန်ပိုက်တီ လမ်းတစ်လျှောက် (နေရာဒေသအများစု) ကတော့ KIA ထိန်းချုပ်ဧရိယာအတွင်းမှာ ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ Read in Full
၃။ ထန်တလန်မြို့၊ ရဲစခန်းတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်အစိုးရပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ
October 22, 2024
စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရပူးပေါင်းတပ်များ အကြား ယနေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦးပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက် မနက် ၃ နာရီမှ စတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခွဲအထိ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ “ဒီနေ့ ထန်တလန်မှာ တိုက်ပွဲ ပြင်းထန်နေတာက ဟုတ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲက အခုထိ မပြီးသေးဘူး။ အခုထိတော့ အထိအခိုက် အခြေအနေ အသေးစိတ်က မသိရသေးပါဘူး။ အခုက ရဲစခန်းမှာ ဖြစ်နေတာပါ” ဟု ဆလိုင်းထက်နီက ပြောသည်။ စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့်လည်း လေးကြိမ်ခန့် တိုက်ပွဲဖြစ်ပွားနေသော နေရာကို လာရောက်ပစ်ကူ ပေးခဲ့ကြောင်းသိရသည်။
ဟားခါး- ထန်တလန်ကြားတွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်ရှိ ၃ ရက်အတွင်းက ဟားခါး- ထန်တလန်ကြား တိုက်ပွဲတွင် စစ်ကောင်စီဘက် အထိအခိုက်များကြောင်း ဆလိုင်းထက်နီက ပြောသည်။ စစ်ကောင်စီသည် ဟားခါး- ထန်တလန်ကြားက လက်လွှတ်ခဲ့ရသော ဗျူဟာအရ အရေးပါသော စစ်စခန်းများကို ပြန်လည် သိမ်းနိုင်ရေး အောက်တိုဘာလ ၁၃ ရက်က ဟားခါးမှ စစ်ကား ၇ စီးဖြင် စစ်ကြောင်း ထိုးလာခဲ့ရာ ၁၄ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် စခန်းတချို့ကို ချင်းပူးပေါင်းတပ်ဖွဲ့မှ လက် လွှက်ထားရကြောင်း သိရသည်။ ထန်တလန်နှင့် ဟားခါး- ထန်တလန်ကြားက တိုက်ပွဲများတွင် စစ်ကောင်စီသည် ဟားခါး မှ စစ်ကူများ ထောက်ပံ့ပေးနေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်မှုများ၊ ဒရုန်းများပါအသုံးပြု၍ အပြင်းအထန်တိုက်ခိုက်နေကြောင်းသိရသည်။ Read in Full
၄။ တနင်္သာရီလမ်းပိုင်းမှာ KNU ကဘတ်ငွေထောင်ချီ အခွန်ကောက်ခံနေတယ်လို့ဆို
October 21, 2024
တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ချောင်းလမုရွာဂိတ်မှာ ကရင်အမျိုးသားအစည်းအရုံး KNU က ကုန်တင်ကားတွေကို ပို့ကုန်၊ သွင်းကုန် အမျိုးအစားပေါ်မူတည်ပြီး ထိုင်းဘတ်ငွေထောင်ချီ အခွန်ကောက်နေတယ်လို့ ကုန်တင် ကားသမားတွေ နဲ့ ကုန်သည်အသိုင်းဝိုင်းက စုံစမ်းသိရှိရပါတယ်။ အခုလိုကောက်ယူနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီထံ အခွန် ပေးဆောင်နေတဲ့ ကုန်သည်တွေကို ပစ်မှတ်ထားပြီး အခွန်ကောက်ယူနေတာသာဖြစ်တယ်လို့ KNU တနင်္သာရီမြို့နယ်ဥက္ကဌ ပဒိုစောညာဝါးက ပြောပါတယ်။ အခုအောက်တိုဘာလကစလို့ ကုန်သည်တွေရဲ့ ပို့ကုန်၊ သွင်းကုန် အမျိုးအစား၊ ပမာဏနဲ့ တန် ဖိုးတွေအပေါ်မူတည်ပြီး အခွန်နှုန်းထားသတ်မှတ်ကောက်ခံနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ပြည်ပသို့တင်ပို့ကုန်၊ ပြည်ပမှ တင်သွင်းကုန်၊ ဒေသတွင်းသုံးကုန်နဲ့ ပြည်တွင်းကုန်စည် စတဲ့ကုန်စည်အမျိုးအစား လေးမျိုးခွဲခြားထားပြီး ကုန်ပစ္စည်းသယ်ယူတဲ့ ကုန်ကားအမျိုးအစားပေါ်မူတည်ကာ အခွန်ကောက်တဲ့နှုန်းတွေ ကွာခြားသွားတာကို ချောင်းလမုရွာဂိတ်မှာ ကပ်ထားတဲ့ အခွန် သတ်မှတ်နှုန်းထား စာရွက်အရ သိရပါတယ်။
၂၂ ဘီးကားနဲ့ သယ်ယူလာတဲ့ ပြည်ပပို့ကုန်နဲ့ တင်သွင်းကုန်တွေကို အခွန်ခ ဘတ် ၂၀,၀၀၀၊ ဒေသတွင်းသုံးကုန်နဲ့ ပြည် တွင်းကုန်စည်ကို ဘတ် ၁၀,၀၀၀ နှုန်းနဲ့ သတ်မှတ်ထားတာတွေ့ရပါတယ်။ ၁၄ ဘီး၊ ၁၂ ဘီး၊ ၁၀ ဘီးကားတွေနဲ့ သယ်လာတဲ့ ပြည်ပပို့ကုန်နဲ့ တင်သွင်းကုန်ကို အခွန်ခ ဘတ် ၁၀,၀၀၀၊ ဒေသတွင်းသုံးကုန်နဲ့ ပြည်တွင်းကုန်စည်ကို ဘတ် ၅,၀၀၀ နှုန်းသတ် မှတ်ထားပါတယ်။ ၆ ဘီး ကားတွေမှာ ပြည်ပပို့ကုန်နဲ့ တင်သွင်းကုန်ကို အခွန်ခ ဘတ် ၇,၀၀၀ ၊ ဒေသတွင်း သုံးကုန်နဲ့ ပြည်တွင်း ကုန်စည်ကို ဘတ် ၃,၀၀၀ နှုန်း သတ်မှတ်ထားပြီး ၄ ဘီးကားတွေမှာတော့ ပြည်ပပို့ကုန်နဲ့ တင်သွင်းကုန်ကို အခွန်ခ ဘတ် ၅၀၀ ၊ ဒေသတွင်းသုံးကုန်နဲ့ ပြည်တွင်းကုန်စည်ကို ကျပ် ၅၀,၀၀၀ နှုန်းနဲ့ သတ်မှတ်ထားတာတွေ့ရပါတယ်။ KNU တနင်္သာရီမြို့နယ် ဥက္ကဌ ပဒိုစောညာဝါးကတော့ “နိုင်ငံခြားကသွင်းကုန်နဲ့ နိုင်ငံခြားကို တင်ပို့တဲ့ ကုန်တွေကို အဓိကထားကောက်ခံတာပါ။ ဘာလို့ လဲဆိုတော့ ပို့ကုန်သွင်းကုန်လုပ်နေတဲ့ ကုန်သည်တွေက စစ်ကောင်စီကနေ တင်သွင်းခွင့်ပါမစ်တွေယူထားရတာဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ပတ်သက်မှုရှိတယ်။ သူတို့ကို အဓိက ပစ်မှတ်ထားပြီး အခွန်ကောက်ခံတာပါ” လို့ ဆိုပါတယ်။ “ ချောင်းလမုဂိတ် မှာ ဘတ် ၃၀၀၀ တောင်းတာ မြန်မာငွေနဲ့ပေးမယ်ဆိုပြီး ညှိလိုက်တာ တစ်သိန်းခွဲနဲ့ ရတယ်ဗျ။ တွဲကားဆိုရင် ဆယ်သိန်းအထိ ပေးရတာတွေရှိတယ်”လို့ မြိတ်-ကော့သောင်း ကုန်တင်ကား (၆ ဘီးကား) မောင်းတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။
၅။ ပလက်ဝ ဆေးရုံအုပ် ဒေါက်တာ အေးကျော်ကို AA ပြန်လွှတ်ပေး
October 21, 2024
ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ခေတ္တတာဝန်ထမ်းဆောင်နေသော ဆေးရုံအုပ် ဒေါက်တာအေးကျော်ကို ULA/AA က အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဒေါက်တာအေးကျော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က ULA/AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ၁၀ ရက်ခန့်အကြာမှာ ပြန်လည်လွတ် မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ” ၉ ရက်နေ့က ဒေါက်တာအေးကျော် ပြန်လည်လွတ်လာပါပြီ။ ခံဝန်နဲ့ ပြန်လာလွတ်လာတာလို့ သိရတယ်။ သူ့ကို ULA/AA က နေအိမ်အကျယ်ချုပ်ပုံစံနဲ့ ထိန်းသိမ်းထားခဲ့တယ်လို့ သိရတယ်။ ပြန်လွတ်လာတော့ ဝမ်းသာတာ ပေါ့။ ဘာကြောင့်ဖမ်းတယ်၊ ဘာတွေမေးတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ “ဟု ပြောသည်။ ၎င်းမှာ ထိန်းသိမ်းခံ ထားရချိန်အတွင်း ULA/AA တပ်ဖွဲ့ဝင်အချို့ ၏ ခြိမ်းခြောက်ပြောဆိုခြင်းများကိုခံခဲ့ရကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ ပလက်ဝဒေသတွင် တော်လှန်ရေးအား အဖျက်အမှောက်ပြုလိုသူ သို့မဟုတ် သတင်းအမှားများ ဖြန့်ဝေနေသော ဒေသခံ အချို့ကို AA က ဖမ်းဆီးစစ်ဆေးမှုရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းကလည်း ပလက်ဝမြို့နယ် ဆမီးမြို့ ဝက်မကျေးရွာက အသက် ၃၀ နှင့် ၄၀ ကြာရှိ မြိုလူမျိုးများဖြစ်ကြသည့် ဦးအေးလွန်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ်၊ ဦးမနော့ တို့ကို မသင်္ကာမှုဖြင့် ULA/ AA က ဖမ်းဆီးသွားကြောင်းသိရသည်။ ” သူတို့ကို ပလက်ဝပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (CDF) နဲ့ ဆက်စပ်တယ်ဆို ပြီး မသင်္ကာမှုနဲ့ ဖမ်းသွားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ပလက်ဝတပ်ကို ပလက်ဝဒေသခံတွေ ထောက်ခံတာ၊ ထောက်ပံ့တာက အမှားမဟုတ် ဘူးလေနော်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတော့ဘူး။” ဟု ပြောသည်။ ပလက်ဝမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအေးကျော် မှာ ယခင်ကပြင်ပဆေးခန်းများတွင် အလုပ်လုပ်ခဲ့ပြီး ပလက်ဝမြို့ကို AA ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ဆေးရုံအုပ်အဖြစ် တာဝန် ထမ်းဆောင်ခြင်း ခံရခြင်းဖြစ်သည်။ Read in Full
၆။ နောင်ချိုမြို့နှင့် နမ့်ဆန်မြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ
October 21, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့်နမ့်ဆန်မြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ် အချိန် နောင်ချိုမြို့ သပြေရပ်ကွက်သို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံးနှင့် ဗုံး ၆ လုံး လာရောက်ကျဲချတိုက်ခိုက် ခဲ့ကြောင်း၊ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဂိုကာနတ်၏နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် နမ့်ဆန်မြိုနယ်၊ ကျောက် ဖြူလေးကျေးရွာကို စစ်ရေးလှုပ်ရှားမှုတစ်စုံတရာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီး ကျောင်းအတွင်း ကျရောက်ပေါက်ကွဲကာ ကျောင်းဆောင်အချို ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းအချိန်ကလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သီတင်း ကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က သတင်းထုတ် ပြန်ထားသည်။ Read in Full
၇။ တိုက်ပွဲ နယ်မြေကျယ်ပြန့်လာသည့် ဂွတွင် မြို့ကို စွန့်ခွာသူများပြားလာ
October 21, 2024
ရခိုင်ပြည် တောင်ပိုင်းအဆုံးရှိ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲနယ်မြေကျယ်ပြန့်လာပြီး နောက် ဂွမြို့ပေါ်တွင် နေထိုင်သည့် မြို့ခံအများစုမှာ ဧရာဝတီတိုင်းနှင့် ပြည်မဖက်ကို ရွှေ့ပြောင်းတိမ်းရှောင်မှု များပြားလာနေ ကြောင်း သိရသည်။ ဂွမြို့နယ်အတွင်း ဩဂုတ်လဆန်းပိုင်းက စတင်ခဲ့သည့် တိုက်ပွဲများသည် လက်ရှိတွင် ဂွမြို့နှင့် ၁၀ မိုင်ခန့် အကွာရှိ သဗြုချောင်း၊ ကြွေချိုင်နှင့် တိုင်ကျိုးကျေးရွာများ အနီးအထိ ရောက်ရှိလာသဖြင့် မြို့ခံများမှာ စိုးရိမ်စိတ်ဖြင့် ဘေးလွတ် ရာကို တိမ်းရှောင်လာကြခြင်းဖြစ်သည်။“ဂွမြို့မှာက လူတွေ သိပ်မရှိကြတော့ဘူး။ အနည်းငယ်လောက်ပဲ အိမ်စောင့်အဖြစ်ရှိ တော့တယ်။ အဓိကတော့ တိုက်ပွဲက မြို့နဲ့ နီးစပ်လာတာကြောင့် မြို့ခံအများစုက ကြိုပြီး ဘေးလွတ်ရာကို ရှောင်နေကြတာဖြစ် တယ်”ဟု ဂွမြို့ခံအမျိုးသားတစ်ဦးကပြောသည်။ ဂွမြို့ပေါ်က ဌာနဆိုင်ရာဝန်ထမ်းများမှာလည်း ဩဂုတ်လမှစကာ ပြည်မဖက် ကို ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဂွမြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားအားလုံးရပ်တန့်နေကြောင်းသိရသည်။ လတ်တလော ဂွမြို့နယ်တွင် နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူဦးရေမှာ ၃ သောင်းနှင့် အထက်ရှိနေကြောင်း စစ်ရှောင်အရေးကူညီနေသူ များထံမှ သိရသည်။ ဂွနှင့် သံတွဲမြို့နယ်ဖက်က စစ်ဘေးရှောင်အများစုမှာ ဧရာဝတီတိုင်း ငသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ပုသိမ်နှင့် ရန်ကုန်တို့ကို တိမ်းရှောင်နေကြခြင်းဖြစ်သည်။
လက်ရှိတွင် ဂွနှင့် ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့အကြားတွင် စစ်ကောင်စီက အင်အားများတိုးချဲ့ ချထားပြီး၊ စစ်ဘေး တိမ်းရှောင်သူများကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများရှိနေကြောင်း သိရသည်။ ယင်းအပြင် ဂွမြို့နယ်သို့ ဧရာဝတီတိုင်းဖက်က စားနပ်ရိက္ခာနှင့် ဆေးဝါးတင်းသွင်းခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထား၍ ဒေသခံများမှာ စားနပ် ရိက္ခာအပြင် ဆေးဝါးပြတ် လပ်မှုနှင့် ကြုံတွေ့နေကြရသည်။ ဂွမြို့နယ်အတွင်းတိုက်ပွဲများမှာလည်းနေ့စဉ်နှင့်အမျှဖြစ် ပွားနေပြီး စစ်ကောင်စီက စစ်အင်အား တိုးချဲ့မှုများ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြော သည်။ “ ဂွဖက်ကို ရခိုင်ဖက်က စစ်သားတွေပို့လို့ မရတော့တာကြောင့် ဧရာဝတီဖက်က စစ်သားတွေကို ပို့ပြီးတော့ စစ်ကောင်စီက စစ်တိုက်နေကြတာဖြစ်တယ်။ ဧရာဝတီဖက်က လာတဲ့ စစ်သားတွေက နယ်မြေမကျွမ်းတာတွေကြောင့် အကျအရှုံးနဲ့ ထွက်ပြေးနေကြတဲ့ စစ်သားတွေက အများကြီးပဲ” ဟု သူက ဆိုသည်။ ဂွတိုက်ပွဲများအတွင်း စစ်ကောင်စီသည် ကြည်း၊ လေ၊ ရေပူးပေါင်းကာ အလုံးအရင်းဖြင့် အင်းအားဖြည့် တိုက်ခိုက်နေပြီး ကျေးရွာများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
၈။ သုံးပတ်ကျော်ကြာပိတ်ထားသည့် မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းပြန်ဖွင့်ပြီဟုဆို
October 21, 2024
ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သိမ်းယူခဲ့ပြီးနောက် မြစ်ကြီးနား- ချီဖွေ – ပန်ဝါ လမ်းပိုင်းကို ပြန်လည် သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တိုက်ပွဲများကြောင့် သုံးပတ်ကျော်ကြာပိတ်ထားခဲ့သည့် မြစ်ကြီးနား – ချီဖွေ – ပန်ဝါ လမ်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့မှစတင်ကာ ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ချန်းရင်ခူးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။“ကားလမ်းဖွင့်ပြီး ပြည်သူတွေလွတ်လွတ်လပ်လပ်သွားလာနိုင်တာ သုံးရက်ရှိနေပြီ။ စနေနေ့ ကစပြီး ဆင်းကြတယ်။ မနေ့က မောင်လေးကားနဲ့လိုက်ဆင်းသွားတယ်။ လမ်းမှာကဘာမှစစ်မေးတာမရှိပါဘူး။ မြစ်ကြီးနား အထိအရောက် အဆင်းဆိုရင် သုံးသိန်းကျော်ဟုတ်တယ်” ဟုဆို သည်။ အဆိုပါလမ်းရှိ နေရာအချို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ကုန်ပိုင်းမှစတင်ကာ စစ်ရေးကြောင့် KIA ပူးပေါင်းတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ခရီးသည်တင်ကားများ သွားလာနေကြပြီဖြစ်သော်လည်း တပ်သားစုဆောင်းရေးများရှိသဖြင့် လူ ငယ်များအနေဖြင့် သတိပြုသွားလာစေလိုကြောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။“မနေ့ကစပြီးတော့ သွားတော့ သွားနေတယ်။ ဆင်းလာတဲ့ကာတွေရှိတယ်။ လူငယ်ပိုင်းတွေဆိုရင်တော့ မလွယ်လောက်ဘူး။ လူငယ်ပိုင်းဆိုရင်က စုဆောင်းရေး တွေဘာတွေရှိတော့။ တကယ်လို့ နည်းနည်းအသက်ကြီးပိုင်း ပြောဆိုလို့ရတဲ့အရွယ် ဆိုရင်တော့ တက်လို့ရတယ်” ဟုပြောသည်။ မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းပိုင်းမှာ (၁၁၄) မိုင်ခန့်ရှိပြီး ယာဉ်စီးခမှာ သုံးသိန်းခွဲမှ လေးသိန်းဝန်းကျင်အထိ ပေါက်ဈေးရှိ ကြောင်းသိရသည်။ ကချင်အထူးဒေသ (၁) နယ်မြေတွင် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် (KIA) ပူးပေါင်းတပ်တို့ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဆဒုံး၊ ချီဖွေ၊ ပန်ဝါနှင့် ဆော့လော်မြို့တို့ကို KIA ပူးပေါင်းတပ်တို့က သိမ်းပိုက်ပြီးဖြစ်ကြောင်းသိရသည်။ Read in Full
၉။ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လာနိုင်အောင်ကြိုးစားဆောင်ရွက်သွားမယ်လို့ CDF – Matupi တပ်မဟာ ၂ ထုတ်ပြန်
October 21, 2024
ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာအချင်းချင်း ပြေလည်ပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတွေ မိမိ မြို့၊ ရွာကို အပူအပင်မရှိ ပြန်လည်ဝင်ရောက်လာနိုင်အောင် တတိယအဖွဲ့အစည်း (Third Party)နဲ့ အတူ ကြိုးစားဆောင်ရွက် သွားမယ်လို့ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) က ရဲဘော်တွေဟာ ၆ လအတွင်းမှာ တိုင်း ပြည်နယ်လူမျိုးအတွက် ၁ ဦး ကျဆုံးပြီး ခြေထောက်ဆုံးရှုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ (၇) ဦးအထိ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ကျေခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းအမျိုးသားပိုင်နက်နယ်မြေကို ကာကွယ်ရန်နှင့် ချင်းပြည်လွတ် မြောက်နိုင်ရန် ချင်းလဲန်ကောင်စီလက်အောက်ခံဖြစ်တဲ့ ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့လည်း ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် ပြည်သူကျန်းမာရေး၊ ပညာရေး အုပ်ချုပ်ရေးနဲ့ အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းတွေကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ သက်ဆိုင်ရာ ချင်းလဲန်ဝန်ကြီးတွေနဲ့အတူ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့လည်း ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (တပ်မ ဟာ – ၂)က ထုတ်ပြန်ထားပါတယ်။ မတူပီမြို့ကိုတော့ CDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်ပူးပေါင်း တပ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ အပြီးသိမ်းပိုက်နိုင်ခဲ့သလို လက်ရှိမှာလည်း CDF – Matupi တပ်မဟာ (၁)က မတူပီမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုပြန်ဖွဲ့စည်းခဲ့ပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။
၁၀။ KNLA တပ်မဟာ ၇ ဌာနချုပ်ကို စစ်ကောင်စီ ဗုံးကြဲ
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇ နယ်မြေအတွင်းရှိ ဌာနချုပ်ကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နီးစပ်သည့် သတင်းအရင်းအမြစ် များက ပြောသည်။ ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့် KNLA စစ်ဌာနချုပ်ဝင်းအတွင်းကို ဗုံးနှစ်လုံးကြဲချခဲ့ ခြင်းဖြစ်ကြောင်း၊ ဗုံးကြဲမှုကြောင့် ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နောက်ဆက်တွဲ စိုးရိမ်ရသည့် အခြေအနေများကြောင့် ဌာန ဆိုင်ရာ ရုံးလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းလိုက်ရကြောင်း ၎င်းတို့က ဆိုသည်။
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ KNLA တပ်မဟာ ၇ နယ်မြေသည် ၂၀၂၁ စစ်အာဏာသိမ်းမှုကာလအတွင်း စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါးသည့် နယ်မြေဖြစ်ပြီး ယခုလို စစ်ကောင်စီဘက်က စစ်ဌာနချုပ်ကို လာ ရောက်တိုက်ခိုက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ မကြာသေးမီ အောက်တိုဘာ ၁၇ ၌ ကရင်ပြည်နယ် မြဝတီမြို့ တောင် ဘက် လေးကေ့ကော်မြို့သစ်အနီး လက်နက်ကြီးများတင်ကာ ပစ်ခတ်လေ့ရှိသည့် စွယ်တော်အမြောက်ကုန်း (ခေါ်) ဗျူဟာကုန်း ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက သိမ်းပိုက် နိုင်ခဲ့သည်။ Read in Full
၁၁။ နမ့်ဆန်ကို ပေါင် ၅၀၀ ဗုံးကြဲ၍ TNLA တပ်ဖွဲ့ဝင်အပါ ၅ ဦးသေဆုံး
October 22, 2024
ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAထိန်းချုပ်ထားရာ နမ့်ဆန် မြို့ ဟိုမိန်ကျေးရွာကို စစ်ကောင်စီက ယနေ့ နံနက် ၂ နာရီအချိန်တွင် လေကြောင်းမှ ပေါင်၅၀၀ ဖြင့် လာရောက် တိုက်ခိုက်သော ကြောင့် TNLA တပ်ဖွဲ့ဝင် ၄ ဦးနှင့် ဒေသခံတဦးသေဆုံးခဲ့ကြောင်း သိရသည်။ ဗုံးကျရောက် ပေါက် ကွဲမှုကြောင့် လူသေဆုံးမှုနှင့် နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ဖုန်းလိုင်း အင်တာနက်လိုင်းများလည်း မရရှိကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “စစ်ကောင်စီက တားအိုက်ထိုက်တို့အိမ်ကို ဦးတည်ပြီး ဗုံးကြဲတာ၊ နေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်။ နောက်ပြီးမနေ့က ကျောက်ဖြူလေးမှာ ဖုန်းလိုင်း အင်တာနက်လိုင်းမရှိဘဲ လာရောက်ဗုံးကြဲတာကို ကြည့်ခြင်းအားဖြင့် ဒလန် သတင်းပေး လက်ချက်သာ ဖြစ်နိုင်တယ်”ဟု ပြောသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက် ညသန်းခေါင်ယံတွင်လည်း နမ့်ဆန်မြို့ရှိ တပ်မတော်လက်ဖက်ခြောက် စက်ရုံအား လာရောက် ဗုံးကြဲခဲ့ကြောင်း သိရသည်။ Read in Full
၁၂။ လက်နက်ကြီးကျ၍ အမ်းဒေသခံ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
October 22, 2024
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျ ရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ (အောက်တို ဘာ ၂၁ ရက်)၊ နေ့လည် ၂ နာရီကျော်တွင် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှ ပစ်ခတ်သည့် လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသွားကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။“စစ်ကောင်စီက လက် နက်ကြီးပစ်တာနဲ့ လေကြောင်းဗုံးကြဲတာတွေကို မြို့နားမှာ လုပ်နေတာကြာပြီ။ အခုလည်း (နပခ)ဌာနချုပ်က လာတဲ့ လက်နက် ကြီးကျည်ကျတာ။ အခုတော့ ဒေသခံတွေမနေရဲလို့ ရှောင်ကြတဲ့သူတွေလည်း ပိုများလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသူများမှာ ကိုဖြိုးမင်းသူ (၁၇)နှစ်၊ ဦးညို (၆၀)နှစ်၊ ဦးအောင်သိန်း (၇၅) နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မချစ်သက်ဝေ(၁၄)နှစ်၊ ဒေါ်နှင်းအိဖြူ (၃၉)နှစ်၊ ဒေါ်စိုးစိုး(၄၆)နှစ်၊ ဦးတင်သိန်း(၅၈)နှစ်နှင့် ဒေါ်တင်နု (၇၀) နှစ်တို့ဖြစ်သည်။
လက်ရှိတွင် နပခ ဌာနချုပ်အပြင် စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံနေသည်။“ အခု အမ်းတိုက်ပွဲက တအားပြင်းထန်နေတယ်။ နပခနဲ့ တပ်စခန်းအားလုံးကို တိုက်နေကြတာ။ သေနတ်သံတွေ နေရာ တိုင်းမှာ ကြားနေရတော့ စစ်ဘေးရှောင်တဲ့သူတွေလည်းများတယ်” ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။ လတ်တလော ရခိုင်ပြည် တွင် စစ်ကောင်စီနှင့် AA တို့သည် အမ်းအပါဝင် မောင်တော၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း၊ရေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လာနေသည်။ Read in Full
၁၃။ ရပ်စောက်မြို့နယ်၊ ရေဖြူကျေးရွာမှာ ဝါးခုတ်သူဒေသခံတစ်ဦး မိုင်းနင်းမိလို့ ခြေပြတ်
October 21, 2024
ရှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ရေဖြူကျေးရွာက ရွာသားတစ်ဦး အောက်တိုဘာ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ ဝါးခုတ်ရာက မိုင်းနင်းမိလို့ ခြေထောက်ပြတ် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရေဖြူရွာက ဦးဇော်ဝင်း ၄၅ နှစ်ဟာ ကောက်ညှင်းကျည်တောက် ပြုလုပ်ရန် အတွက် ဝါးခုတ်ရာက ငှက်ပျော(ဂ)ရွာသွားလမ်းအနီးမှာ မိုင်းနင်းမိလို့ ခြေထောက်ပြတ် သွားတာလို့ သိရပါတယ်။ မိုင်းပေါက်ကွဲလို့ ညာဘက်ခြေထောက်ပြတ်သွားတာကို စစ်စံထွန်းဆေးရုံကို အမြန်ပို့ဆောင်ခဲ့တယ်လို့ SSPP info မှာ ဖော်ပြထားပါတယ်။
ရေဖြူရွာမှာ မိုင်းဒဏ်ကြောင့် ကျွဲနွားတိရိစ္ဆာန်တွေ မကြာခဏ သေဆုံးဒဏ်ရာရတာတွေ ရှိနေရာက ခုလို လူတွေပါ ထိခိုက်ဒဏ်ရာရလာနေတာကြောင့် လူနေပတ်ဝန်းကျင်တွေမှာ အန္တရာယ်မိုင်းတွေ မထောင်ဖို့ ဒေသခံတွေက မေတ္တာရပ်ခံနေကြ တယ်လို့ သိရပါတယ်။ လက်ရှိ ရပ်စောက်၊ ဟိုပုန်းနယ်တွေမှာ ရှမ်းလက်နက်ကိုင်တွေလှုပ်ရှားနေကာ မကြာခဏ ထိတွေ့တိုက်ပွဲ တွေဖြစ်ပွားနေသလို မိုင်းထောက်တိုက်ခိုက်မှုတွေ ရှိနေတာဖြစ်ကြောင်း ဒေသသတင်းတွေအရ သိရပါတယ်။
၁၄။ လောင်းလုံးမြို့နယ်တွင် တိုက်ပွဲဆက်တိုက်ဖြစ်နေ၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို
October 21, 2024
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် နှစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ထိ တွေ့တိုက်ပွဲများမှာ အောက်တိုဘာ ၁၆ရက်က ရင်းဘုတ်ကျေးရွာအနီး တစ်ကြိမ်၊ ဂေါ့အင်းအဝင်နားတစ်ကြိမ်နှင့် အောက်တိုဘာ ၁၇ရက်တွင် ရေဖြူတောကျောင်းအနီး တစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “ထိတွေ့တိုက်ပွဲကတော့ မိနစ် ၃၀၊ ၄၅ မိနစ် လောက်ရှိမယ်။ ဒါပေမဲ့ တိုက်ခိုက်မှုကတော့ တနေကုန်ဖြစ်နေတာလို့ ပြောရမယ်”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ထိတွေ့မှု အခြေအနေကို ပြောသည်။ အထက်ပါ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၇ ဦးထပ်မနည်းသေဆုံးနိုင်ပြီး ထိခိုက် ဒဏ်ရာရသူများလည်းရှိကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ထို့အပြင် ကျေးရွာများသို့ စစ်ကြောင်းဝင်ရောက် ချိန်တွင် အင်အား ၁၃၀ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းသည် (အောက်တိုဘာ၂၀)က လောင်းလုံးမြို့ပေါ်သို့ပြန်ဆုတ်သွားချိန်တွင် အင်အား ၈၀ ခန့်သာတွေ့ရကြောင်း စုံစမ်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဘက်မှ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ ဒရုန်းဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက် ခြင်းများလုပ် ဆောင်လျှက်ရှိသော်လည်း မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းများ မရှိသေးပေ။ လောင်းလုံးမြို့နယ်တွင် အောက်တိုဘာ ၁၁ ရက်ကလည်း သန်းခေါင်းစာရင်းကောက်ယူရေးလုံခြုံရေးယူရန် မြို့နယ်မီးသတ်ရုံးသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့(FPF)က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
၁၅။ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကို တိုက်ခိုက်ချေမှုန်းဖို့ အဆင်သင့်ပဲလို့ မွန်ပြည်တော်လှန်ရေးတပ်ပြော
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ်ထားဝယ်ဒေဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ စစ်ဆင်ရေးတွေလုပ်လာ ရင် တိုက်ခိုက်ချေမှုန်းဖို့ အဆင်သင့်ပဲလို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။ စစ်ကောင်စီဟာ လတ်တလော သန်းခေါင်စာရင်းကောက်ယူမှုမှာ အင်အားအလုံးအရင်း အသုံးပြုနေတဲ့အတွက် မွန်ပြည် နယ်တောင်ပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ်ကြောင်းထိုးတာ၊ စစ်ဆင်ရေးလုပ်တာတွေ မရှိသေးပါဘူး။ ဒါပေမယ့် သန်းခေါင် စာရင်းကိစ္စပြီးသွားရင်တော့ နယ်မြေထိန်းချုပ်ရေးအတွက် စစ်ဆင်ရေးတွေ ဖော်ဆောင်လာမှာဖြစ်သလို တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာမယ်လို့ နိုင်နဂါးက သုံးသပ်ပါတယ်။“အကယ်၍ သူတို့အနေနဲ့ နယ်မြေစိုးမိုးထိန်းချုပ်ရေးအတွက် စစ်ဆင်ရေး တွေ လုပ်လာမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဘက်က အဆင်သင့်ပဲပေါ့ တိုက်ခိုက်ဖျက်ဆီးဖို့ ပြင်ဆင်ထားတာတွေ ရှိပါ တယ်” လို့ သူက ပြောပါတယ်။ တဖက်မှာ စစ်ကောင်စီဟာ သရက်ချောင်းနဲ့ ထားဝယ်ဒေသဝန်းကျင်မှာတော့ အမှတ် ၈ ကား လမ်းမကြီးပေါ်ရှိ ဗျူဟာကျတဲ့ တောင်ကုန်းတွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေ ဖြတ်သန်းသွားလာတယ်လို့ သတင်းရထားတဲ့ ဒေသတွေမှာ ယာယီစခန်းတွေနဲ့ ဘန်ကာတွေကို အခိုင်အမာ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရေး – သံဖြူဇရပ်ကားလမ်းပေါ်ရှိ စံပြကျေးရွာအနီးမှာ တပ်စွဲထားတဲ့ ခမရ ၅၈၈ က စစ်ကောင်စီရဲ့ ယာယီ အထိုင်စခန်းကို ဘန်ကာအခိုင်အမာနဲ့ တည်ဆောက်ဖို့ ကြိုးစားနေတဲ့အပေါ် MSRF အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့တွေ အောက်တိုဘာ ၁၇ နေ့တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီစစ်ဆင်ရေးမှာတော့ မွန်ပြည်တော် လှန်ရေးတပ် MSRF အပါအဝင် မွန်ပြည်သစ်ပါတီ NMSP AD၊ KNLA တပ်ရင်း (၂၇)၊ ဒေါနတပ်ရင်း၊ YPDF၊ ABDSF တပ်ရင်း (၁)၊ ရေးပျောက်ကျားတပ် YGF စတဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေပါဝင်ခဲ့ကြတာပါ။ တစ်ဘက်မှာ မွန်တော်လှန်ရေးတပ်တွေကြားမှာလည်း အောက်ခြေ အဆင့် စစ်ဆင်ရေးတိုက်ပွဲဖော်ဆောင်မှုတွေမှာ အတူတကွ စတင်လုပ်ဆောင်နေပြီလို့ နိုင်နဂါးက သတင်းစကားပါးပါတယ်။“မွန်တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်တော် လှန်ရေးတပ် MSRF ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ NMSP-AD ဒီသုံးတပ်ကတော့ အောက်ခြေအဆင့်မှာ စစ်ဆင် ရေးတွေ တိုက်ပွဲဖော်ဆောင်မှုတွေ စတင်ဖော်ဆောင်နေပါပြီခင်ဗျာ။ MLA ပါဝင်လာဖို့ လည်း ကျွန်တော်တို့ ပူးပေါင်းတပ်တွေ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေပါတယ်”လို့ ဆိုပါတယ်။ Read in Full
၁၆။ တောင်ကြီးတန်ဆောင်တိုင်ပွဲ ကျင်းပဖို့ ဖိအားပေးငွေကောက်ခံနေ
October 22, 2024
မကြာခင်ကျရောက်တော့မယ့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပဖို့အတွက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ လုပ်ငန်းရှင်တွေနဲ့ လူထုကိုဖိအားပေးငွေကြေးကောက်ခံနေတယ်လို့ တောင်ကြီးဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။ စစ်ကောင်စီဘက်က ပြည်သူတွေ လွတ်လပ်ပျော်ရွှင်နေတယ်ဆိုတာ ပြချင်ရုံသက်သက်အတွက် ကျင်းပဖို့ စီစဉ်နေတာလို့လည်း ဆိုပါတယ်။“တိုင်းပြည်ကို (စကစ)အနေနဲ့ တည်ငြိမ်အောင်ထိန်းနိုင်တယ် ပြည်သူတွေကလည်း လွတ်လပ်ပျော်ရွှင်နေတယ် ဆိုတာကို ပြချင်ရုံသက်သက်ပါပဲ။ လက်တွေ့မြေပြင်အနေအထားမှာကတော့ လုပ်ငန်းရှင်တွေ ပြည်သူလူထုတွေကို ဖိအားပေး အတင်းအကျပ်ငွေကြေးကောက်ခံပြီး ပွဲမဖြစ် ဖြစ်အောင် တရွတ်တိုက်လုပ်ခိုင်းတာပါပဲ” တောင်ကြီး အဝေရာ မီးပုံးပျံကွင်းမှာ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တန်ဆောင်တိုင်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ကျင်းပမှာပါ။
ရှမ်းပြည်နယ်မှာ စစ်ဘေး၊ ရေဘေးကြုံနေရတဲ့ ဒေသတွေဖြစ်ပေမဲ့ တောင်ကြီးမြို့ကတော့ ငြိမ်းချမ်းတဲ့အတွက် ငြိမ်း ချမ်းတဲ့အတိုင်း လုပ်ဆောင်တာလို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။“တခြားနေရာမှာ မငြိမ်းချမ်းတော့လည်း တောင်ကြီးမြို့မှာ ငြိမ်းချမ်းနေတဲ့အတွက် ငြိမ်းချမ်းတဲ့နေရာတော့ ငြိမ်းချမ်းတဲ့ အတိုင်း လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ အကုန်လုံးအခက်အခဲဖြစ်နေပေမယ့်လည်း ရိုးရာမပျက် ကျင်းပရတဲ့အတွက်ကြောင့် ဒါနဲ့ပတ် သက်ပြီးတော့မှ အင်းလေးမှာ ရေနစ်တဲ့အပိုင်းမှာ ဆုံးရှုံးတာတွေများသလို ဒီလိုပွဲတော် ကျင်းပရခြင်းအားဖြင့် ရေကျပြီး နောက် ပိုင်းမှာ ဘုရားဖူးဖို့ လာမဲ့ဧည့်သည်တွေ နိုင်ငံခြားက လာမဲ့ဧည့်သည်တွေ ဒေသခံတွေ အကုန်လုံး စီးပွားဖြစ် ကိုယ်ကျိုး အလုပ်ပြန် ဖြစ်အောင် ဒီပွဲတော်ကို ပြန်ကျင်းပရတဲ့သဘောပေါ့” စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ဒုတိယအကြိမ်မြောက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပြန်လည်ကျင်းပခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ မီးပုံးပျံအလုံး ၁၂ဝ ပဲ လွှတ်တင်နိုင်ခဲ့ပါတယ်။ Read in Full
၁၇။ ကရင်နီဒုက္ခသည်အမှတ်(၁)စခန်းမှာ အမျိုးသမီးများအပေါ်စိတ်ပိုင်းဆိုင်အကြမ်းဖက်မှု ပိုများလာတယ်လို့ KNWO ပြော
October 22, 2024
ထိုင်း-ကရင်နီနယ်စပ်မှာရှိနေတဲ့ ကရင်နီဒုက္ခသည် အမှတ်(၁) စခန်းမှာ အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုများလာတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးထံကနေ သိရပါတယ်။ လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဖြစ် အမှု ၈ မှုကို လက်ခံထားရတယ်လို့ KNWO ရဲ့ အမျိုးသမီးနဲ့ ကလေးကာကွယ်စောင့် ရှောက်ရေး စီမံကိန်း တာဝန်ခံ တစ်ဦး က ပြောပါတယ်။“ဒီတစ်နှစ်ဆိုလို့ရှိရင် ကျမတို့ လက်ခံရရှိတဲ့အမှုဆိုလို့ရှိရင် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုရင် ၈ မှုလောက် ရှိတယ်။ ပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုရင် ၅ မှုလောက်ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ဆိုလိုရှိရင်တော့ နှုတ်အားဖြင့် စော်ကားတာတို့၊ ပြီးတော့မှ ခြိမ်းခြောက်တာတို့၊ အိမ်ကနေ မောင်းချတာ၊ စိတ်ထိခိုက်အောင် ပြောတဲ့အပြုအမူ အပြောအဆို တွေလဲပါတယ်။” လို့ သူက ပြောပါတယ်။ KNWO အနေနဲ့ လက်ခံရှိထားတဲ့ အိမ်တွင်းအကြမ်းဖက်မှု တွေ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စခန်းလုံခြုံရေးကနေတဆင့် တရားရေးကို လွှဲပေးတာရှိသလို ပြစ်မှုကြီးတဲ့ မုဒိမ်းမှုတွေကို တော့ ထိုင်းတရားရေးရုံးကိုလွှဲအပ်ပြီး UNHCR က အမှုကို ဆက်လက်ဆောင်ရွက်ပေးတာတွေရှိတယ်လို့ သိရပါတယ်။
စိတ်ပိုင်းဆိုင်ရာခံစားနေရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံအိမ် ( Safe House ) ထားပေးသလို KNWO အဖွဲ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူတွေကို စိတ်ဖိစီးမှုလျော့ပါးအောင် စွမ်းရည်မြှင့်တင်ရေး လှုပ်ရှားမှုတွေကို တစ်လတစ်ကြိမ် ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် phychosocial Activity လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေတဲ့ လှုပ်ရှားမှု တွေကို လည်း နေ့တိုင်း လုပ်ပေးနေတယ်လို့ စီမံကိန်းတာဝန်ခံ က ဆက်ပြောပါတယ်။“သူတို့ အမှုတွေဖြေရှင်းပြီးတော့မှ အိမ်မှာပြန်နေတဲ့ အချိန်ဆိုလို့ရှိရင်လဲ ကျမတို့ တစ်ပတ်တစ်ကြိမ် Follow up ပြန်လိုက်ပေးတာတွေရှိတယ်။ ဥပမာ သူ အိမ်မှာပြန်နေတာ သူ အတွက် လုံခြုံမှုရှိရဲ့လား အဲ့လိုမျိုးပေါ့နော်။ ဘယ်လိုမျိုး အခြေအနေရှိသေးလဲ သူရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းတွေဆိုလို့ရှိရင် တိုးတက်မှုရှိ ပြီလား ဆိုပြီးတော့မှ ကျမတို့ ပြန်သွားကြည့်တာတွေရှိတယ်” လို့ သူက ပြောပါတယ်။ Read in Full
၁၈။ စစ်တွေတွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်၊ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေ
October 21, 2024
ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမြို့မှာ စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးပိတ်ပင် ကန့်သတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်တွေမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲစဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီက ကုန်း လမ်း၊ ရေလမ်း နှစ်ခုလုံးကို ပိတ်ဆို့ထားပါတယ်။ ဒါကြောင့် ကုန်စည် စီးဆင်းမှု ပြတ်တောက်သွားပြီး စားသောက်ကုန်ဈေးနှုန်း တွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် အလုပ် အကိုင်လည်း မရှိတာကြောင့် စုဆောင်း ထားတာလေးတွေကိုပဲ ပေါင်နှံရောင်းချ စားသောက်နေရတယ်လို့ စစ်တွေမြို့နေ အမျိုးသမီးတယောက်က ပြောပါတယ်။ စစ်တွေမြို့က တုတ်တုတ်မောင်းသူ တယောက်ကလည်း လမ်းခရီး ကန့်သတ်ချက်တွေကြောင့် အလုပ်မလုပ်နိုင်ဘဲ မိသားစု စားဝတ် နေရေးခက်ခဲမှုများစွာ ရှိနေတယ်လို့ ပြောပါတယ်။
“လမ်းခရီးပိတ်ထားတာတနှစ်နီးပါးရှိတော့မယ်၊ ဒီတနှစ်အတွင်းမှာတောင်ဒီလောက်ထိခက်ခဲနေတာ နောက်လာမယ့် ရက်တွေ နှစ်တွေ ဘယ်လောက်ကြာဦးမယ်ဆိုတာလဲမသိဘူး။ နေ့တိုင်းလုပ်နေရတဲ့ အလုပ်တွေကလည်း ဖုန်းလိုင်းအင်တာနက် လိုင်းမရတော့ လုပ်လို့မရဘူး။ အလုပ်မရှိတာလည်း တော်တော်ကြာပြီ။ အခုတောင် ရှိတာလေးတွေကို ပေါင်နှံ ရောင်းချပြီး စားသောက်နေရတယ်။ ရေရှည်ဘယ်လိုထိုင်စားကြမှာလဲ ကုန်ဈေးနှုန်းတွေကလည်း တနေ့ထက်တနေ့ တက်လာ နေတာ။” အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေးဆန်တအိတ်ကို ၂၈၀၀၀၀ ကျပ်၊ စားသုံးဆီ ၁ လီတာ ၁၀၅၀၀ ကျပ်၊ ငရုတ်သီးခြောက်တစ်ပိသာ ၄၀၀၀၀ကျပ်၊ ကြက်သွန်နီ ၁၄၀၀၀ ကျပ်၊ ကြက်သွန် ဖြူ ၃၅၀၀၀ ကျပ် ၊ ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်၊ ဝက်သား တပိသာ ၆၀၀၀၀ ကျပ်၊ ကြက်ရင်အုံတခုကို ၁၆၀၀၀ ကျပ် ၊ အမဲသားတပိသာ ၇၀၀၀၀ ကျပ် အထိ၊ စက်သုံးဆီ တလီတာ ၂၅၀၀၀ နဲ့ မီးသွေးတအိတ်ကို ၃၆၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေတယ်လို့ စစ်တွေမြို့မှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။ အခုလို စစ်ကောင်စီက လမ်း ခရီးပိတ်ဆို့ထားတဲ့အတွက် ကုန်ဈေးနှုန်းမြင့်တက်လာပြီး စားဝတ်နေရေးတွေ ပိုခက်ခဲလာကြတဲ့အပြင် ခိုးဆိုးလုယက်မှုတွေလည်း ပိုများလာတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။ Read in Full
၁၉။ စစ်ကောင်စီအောင်ဇေယျ စစ်ဆင်ရေးတပ်များ ကော့ကရိတ်-မြဝတီစစ်ဆင်ရေးနှစ်ဖက်အရှိန်မြှင့် တိုက်ခိုက်နေ
October 21, 2024
စစ်ကောင်စီတပ်က မြဝတီတောင်ဘက် လေးကေ့ကော် စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခုခန့် သိမ်း ပိုက်ခံရပြီးနောက် မြဝတီ-ကော့ကရိတ်-သင်္ဃန်းညီနောင်လမ်းပိုင်းကို စစ်ရေးအရှိန်မြှင့် လေကြောင်း ပစ်ကူ သုံးပြီး တိုက်ခိုက် လာနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များထံမှ သိရသည်။ KNLA မဟာမိတ် ပူးပေါင်းတပ် စစ်ရေးသတင်းအရင်း အမြစ်က “ကော့ကရိတ်က စစ်တပ်တွေ အာရှလမ်းကို လက် နက်ကြီးတို့၊ ရော့ကက်ဒုံးတို့နဲ့ ပစ်ကူပေးတယ်။ မြေပြင်စစ်ကြောင်း ကစစ်သားသစ်တွေနဲ့ တက်တယ်။ ထိကုန် တော့ ပြန်ဆင်းပြေးတယ်။ ရွှေကြက်မင်းကျောင်းစခန်းကို ပြန်ဆုတ်တယ်။ မနက်ဆို တက်၊ ညနေဆိုပြန်ဆုတ် အဲလိုဖြစ်နေတယ်။ တိုက်တာကတော့နေ့တိုင်းတိုက်ချနေတာပေါ့။ လေယာဉ်က ဗုံးလာလာကြဲတာ လည်းရှိတယ်။” ဟု ပြောသည်။ ထို့အပြင် မြဝတီမြို့ဘက်တွင်လည်း စွယ်တော်အမြောက်ကုန်းစခန်းက ထွက်ပြေးသွားသည့် တပ်မ ၄၄ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ခြေလျင်တပ်ရင်း-ခလရ ၂၇၅ တပ်နှင့် မြဝတီကုန်သွယ် ရေးဇုန် နေရာတွင် မြဝတီသို့ စစ်ကူရောက်ရှိနေသည့် တပ်ဖွဲ့များနှင့်ပူးပေါင်းပြီး လမ်းကင်း၊ ဝပ်ကင်းချထားကြာင်း သိရှိရသည်။
ထိုသို့ သင်္ဃန်းညီနောင် တပ်စခန်းများပြန်လည်သိမ်းပိုက်ရေးအတွက် စစ်ကြောင်းပြင်ဆင်နေသည့် ခလရ ၂၇၅ တပ် နေရာသို့ စစ်ကောင်စီလေကြောင်းမှတဆင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများပို့ ဆောင်ခဲ့ကြောင်း မြဝတီမြို့ခံတစ်ဦးကပြောသည်။“စစ်တပ်လေယာဉ်က ထောက်ပံပစ္စည်းတွေလာချတယ်၊ စားစရာနဲ့ ငါးခြာက်ထုပ်တွေပါတယ်။ ကျည်ထုတ်တွေ၊ လက်နက် ထုတ်တွေလည်းပါတယ်။ လူလေးငါးခြောက်ယောက်မနည်းမပြီး ကားပါ်တင်ရတဲ့ အထုပ်တွေလည်းပါတယ်။ ကုန်သွယ်ရေး ဇုန်ဘက်က ကျတာတွေကိုတော့ BGF က လိုက်ကောက်သယ်ပေးတယ်။ စစ်တပ်ကိုပို့ပေးတယ်။ သူတို့ စစ်ကြောင်းတွေ ညီနောင်ကိုပြန်တိုက်ဖို့ လုပ်နေတယ်။”ဟု ၎င်းမြို့ခံက ပြောသည်။ Read in Full
၂၀။ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်သော ဆေးကုသခွင့်မရဘဲ လေဖြတ်ရောဂါဖြင့်သေဆုံး
October 21, 2024
တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ဆေးဝါးကုသမှု လုံလောက်စွာမရရှိဘဲ လေ ဖြတ်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ တာဝန်ရှိသူက ပြောကြားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့ ထားဝယ်အကျဉ်းထောင်တွင် လေဖြတ်ရောဂါှနင့်သေဆုံးခဲ့ရသည့် အသက် ၆၂ နှစ်အရွယ် နိုင်ငံ ရေး အကျဉ်း သား ဦးရဲအောင် ခေါ် ကိုချင်းသည် လုံလောက်သည့် ဆေးဝါးကုသမှု မရရှိခဲ့ခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ ထောင်အာဏာပိုင်များက စက်တင်ဘာလ ၂၇ ရက်နေ့တွင်မှ ထောင်အာဏာပိုင်များက ထားဝယ်ဆေးရုံကြီးသို့ ပြီးစလွယ် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ဆေးဝါးကုသမှုတော့ ရတယ်ခင်ဗျ။ ဒါပေမဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုတော့ မရပါဘူးခင်ဗျ။ ဆေးခန်းမှာလည်း ဆေးဝါးက လုံလုံလောက်လောက် မရှိဘူး။ ထောင်တွင်းမှာ အရေးပေါ် မကုသပေးနိုင်ဘူး။ အဲဒါကြောင့် ဆေးရုံတင်မယ်ဆိုရင် ထောင်အာဏာပိုင်တွေကို အဆင့်ဆင့်တင်ပြရတယ်။ ဒါက အချိန်ကြန့်ကြာတယ်။ အခု ဦးရဲအောင်သေဆုံးမှုအခြေအနေ အသေး စိတ်ကိုမသိရသေးပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုကောင်း ကောင်းမရတာနဲ့ ဆက်စပ်နေတာတော့ အမှန်ပါပဲ”ဟု ထားဝယ် ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ တာဝန်ရှိသူက ပြောကြားသည်။ အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်သည့် သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ဦးရဲအောင် (ခ) ကိုချင်းသည် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာမှ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၂ က များဖြင့် မတရားထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခံထားရသူဖြစ်သည်။ Read in Full
၂၁။ ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ
October 22, 2024
ပန်ဝါမြို့ပြည်သူတွေလေကြောင်းအန္တရာယ်ကို စိုးရိမ်လို့ မြို့ထဲကနေဆက်တိုက်စွန်ခွာနေကြတယ်လို့ ဒေသခံတွေဆီက နေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒီနေ့အထိ တိုက်ပွဲ ငြိမ်သက်နေပြီဖြစ်ပေမဲ့ ပြည်သူတွေက လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် အားလုံးထွက်ခွာနေကြတယ်လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦး အခုလိုပြောပါတယ်။ “ပြည်သူအများပိုင်း ပြန်သွားကြပြီ နယ်ခံတွေလည်း တိမ်းရှောင်ကုန်ပြီ။ အခုကျမတို့ တောင် ပြန်ဖို့အဆင်သင့် အဝတ်ထုတ်တွေသိမ်းပြီး ကားစောင့်နေတာ။ ကားတွေ လမ်းမှာအရမ်းခက်လို့ဆိုပြီး စောင့်နေတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေက အကုန်ပြန်ကုန်ပြီ။ သုံးပုံ ၁ ပုံပဲရှိတော့တယ်။ ကျန်တဲ့သူတွေလည်း ရှောင်ဖို့ ထွက်ဖို့ အားဆုံးအဆင် သင့်စောင့်နေသူတွေပဲ။ အဓိကတော့ လေကြောင်းအန္တရာယ်ကြောင့်ပါ” လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပန်ဝါမြို့ ပြည်သူထောင်ချီဟာ မြို့တွင်းသေနတ်သံတွေ ဆူညံလာချိန် တရုတ်နယ်စပ်ခြံစည်းရိုးနားတစ်လျှောက် စုပြုံတိမ်းရှောင် ကြပေမယ့် တရုတ်ဘက်က ဝင်ခွင့်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ပြည်သူအားလုံးနီးပါး ပန်ဝါကနေ ဝိုင်းမော်– မြစ်ကြီးနားဘက်ခြမ်းကို အဓိက ထွက်ခွာနေတယ်လို့ ဆိုပါတယ်။“အားလုံးက လေကြောင်းရန်ကို အဓိကစိုးရိမ်လို့ဟုတ်တယ်။ အခြေအနေတည်ငြိမ်ရင် ပြန်လာကြမယ်ဆိုပြီး အားလုံးထွက်ခွာနေတာဟုတ်တယ်။ ဒီနေ့တောင် လေယာဉ်လာမလိုသတင်းတွေက ပျံ့နှံ့ပြီးကျမတို့လည်း စိုးရိမ်ပြီးပဲစောင့်နေကြတယ်။ စျေးဆိုင်းအားလုံးလည်းပိတ် ပန်ဝါမြို့က မြို့ပျက်လိုပဲ တိတ်ဆိတ် နေတယ်။ တိုက်ပွဲသံတွေတော့ ငြိမ်သွားပေမဲ့ ဆက်လက်စိုးရိမ်ကြသေးတာပေါ့”လို့ ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပန်ဝါဒေသခံတွေအပါအဝင် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေအားလုံး ကိုယ်ပိုင်ကား၊ဆိုင်ကယ်ရှိတဲ့သူတွေကတော့ မိမိယာဉ်တွေနဲ့ ထွက်ခွာ နေပြီး ကားလမ်းပိုင်းကြပ်တဲ့အခက်အခဲတွေရှိနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။ Read in Full
၂၂။ လားရှိုးက စစ်သုံ့ပန်း မိသားစုဝင် ၃၀ ကျော် MNDAA ပြန်လွှတ်
October 21, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၃၁ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကိုတော့ MNDAA နိုင်ငံရေးဌာနက နေရပ်ပြန်ပို့ဖို့အတွက် အောက်တိုဘာ ၁၆ ရက် နေ့မှာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ နိုင်ငံရေးဌာနရဲ့ တာဝန် ရှိသူတွေဟာ တပ်မိသားစုဝင် ၃၁ ဦးကို လုံခြုံတဲ့ နေရာအထိ လိုက်လံပို့ဆောင်ပေးခဲ့ပြီး စားနပ်ရိက္ခာနဲ့ သက်ဆိုင်ရာ ခရီးစရိတ်တွလည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းတွေကို ရိုက်နှက်ညှင်းပန်းတာနဲ့ စစ်သုံ့ပန်းတွေရဲ့ စိတ်ဓာတ်ရေးရာကို စော်ကားခြင်း လုံးဝမရှိသော MNDAA မဟာမိတ်တပ်ရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက် နာမယ်လို့လည်း မိသားစုဝင်တွေနဲ့ ညှိနှိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ကွမ်းလုံမြို့နယ် နမ့်ဟူကျေးရွာအုပ်ရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သား ပြည်သူတွေ နေထိုင်ရာရပ်ကွက်တွေကို ပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေအသုံးပြုပြီး အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၁ နာရီအချိန် ခန့်မှာ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားရာ ဒေသမဟုတ်သလို လက်နက်ကိုင် တပ်ဖွဲ့တွေ တပ်စွဲထားခြင်းမရှိတဲ့ နေရာဖြစ်ပြီး အခုလို ဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။ လားရှိုးမြို့သိမ်းတိုက်ပွဲ စတင်ချိန်မှစပြီး စစ်ပွဲတွေ ပြီးသွားခဲ့ပေမယ့် စစ်ကောင်စီတပ်ဟာ အထူးဒေသ ၁ ရဲ့မြို့ တော် လောက်ကိုင်မြို့အပြင် ကွတ်ခိုင်ခရိုင်၊ သိန္ဒီခရိုင်နဲ့ လားရှိုးမြို့တွေကို လေကြောင်းဗုံးကြဲ တိုက်ခိုက်တာတွေ ဆက်တိုက် ပြု လုပ်နေတာ ဖြစ်ပါတယ်။ Read in Full
၂၃။ သတင်းပို့ခြင်း မရှိသော NGO/ INGOs များ မရာနယ်အတွင်း သွားခွင့် မပြုဟု MTC ပြော
October 22, 2024
ချင်းပြည်နယ် မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ လုံခြုံမှုရှိစေရန်အတွက်ဟုဆိုကာ လာမည့် နိုဝင်ဘာလ ၁၅ ရက်နောက်ဆုံးထားပြီး NGO/INGOs များအနေဖြင့် မိမိတို့ဆောင် ရွက်မည့် စီမံကိန်းဆိုင်ရာ အကြောင်းအရာများကို မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC) ထံသို့ သတင်းပေးပို့ရမည်ဖြစ် ကြောင်းထုတ်ပြန်သည်။ အဆိုပါ NGO/INGOs များအနေဖြင့် သတင်းပေးပို့ရာတွင် စီမံကိန်းတာဝန်ခံ၊ ပြုလုပ်မည့်စီမံကိန်းအမျိုး အစား၊ စီမံကိန်းကာလ၊ သုံးစွဲမည့်ရန်ပုံငွေ၊ ပံ့ပိုးမည့်အဖွဲ့အစည်းများကို ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာန MTC သို့ ပေးပို့ ရမည်ဖြစ်ပြီး သတင်းပေးပို့ခြင်းမရှိသော NGO/INGOs များအားမရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း MTC က ဆိုသည်။
မရာလူမျိုးများသည် ချင်းပြည်နယ်အတွင်း ပလက်ဝ၊ မတူပီ၊ ထန်တလန်နှင့် မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် စသောနေရာများတွင် ပျံ့နှံ့နေထိုင်ကြပြီး ယခုရည်ညွှန်းသော ဒေသမှာ မည်သည့်နယ်မြေအတွင်းဖြစ်သည် ကိုမူ ဖော်ပြထားခြင်း မရှိသော်လည်း ရုံးချုပ်တည်ရှိရာမှာ မတူပီမြို့နယ် လိုင်လင်ပီးမြို့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ လက်ရှိကာလသည် တရားမဝင်အဖွဲ့အစည်းများနှင့် တရားမဝင်ဆေးဝါးသယ် ဆောင်သော အဖွဲ့အစည်းများရှိနေ၍ ပူးပေါင်းပါဝင်ပေးကြရန် MTC က တိုက်တွန်းထားပြီး ပြည်သူများကလည်း လူစုလူဝေးဖြင့် ပွဲများကျင်းပခြင်း၊ ဘာသာရေးဆိုင်ရာ ပွဲတော်များ ကျင်းပခြင်း၊ လူမှုရေးဆိုင်ရာ ပွဲများကျင်းပခြင်းတို့ကို အုပ်ချုပ်ရေးဌာနထံသို့ ခွင့်ပြုချက်တောင်းခံရန် ပြောထားသည်။ Read in Full
၂၄။ အရပ်သားခြောက်ဦး သတ်ဖြတ်ခံရမှု စုံစမ်းစိစစ်နေကြောင်း KTLA တုံ့ပြန်
October 22, 2024
ထားဝယ်ဒေသအတွင်း လှုပ်ရှားနေသည့် ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံတပ်ဖွဲ့ဝင်များက အရပ် သား ပြည်သူခြောက်ဦးထက်မနည်းကို စစ်ကောင်စီသတင်းပေးဟု စွပ်စွဲကာသတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲမှုများကို စုံစမ်းစိစစ်နေကြောင်း KTLA က တုံ့ပြန်ပြောဆိုလိုက်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အလုပ်သွားရန်ထွက်လာသည့် ရွှေ့ ပြောင်းအလုပ်သမားသုံးဦးကို KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊တပ်ခွဲ (၅) ၏တပ် ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်) က အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်တွင် သတ်ဖြတ် ခံရသူတို့မှာ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈ နှစ် အရွယ် ကိုလှမြင့်နှင့် အသက် ၂၂ နှစ်အရွယ် ကိုကျော်ဇောလင်း တို့ဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ အရပ်သားသုံးဦးအနက် ကိုလှမြင့် ကို KTLA တပ်ဖွဲဝင်များက သတ်ဖြတ်နေသည့် ရုပ်သံမှတ်တမ်းနှင့် သတ်ဖြတ်မှုတွင်ပါဝင်ခဲ့သည့် KTLA တပ်ဖွဲ့ဝင်တစ် ဦး ဝန်ခံထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းတို့ကို ရရှိထားကြောင်း ဖော်ပြသည်။
KTLA ၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် မက်ဆင်ဂျာမှတစ်ဆင့် စာပေးပို့မေးမြန်းရာ “သတင်းတွေကို စုံစမ်းစိစစ်နေလို့ ဘယ်သတင်းဌာနနဲ့မှ အမေးအဖြေ မလုပ်သေးပါခင်ဗျား။ အကြမ်းဖက်သတ်ဖြတ်တာကိုတော့ လုံးဝဆန့်ကျင်ကန့် ကွက်ရှုတ်ချပါတယ်ခင်ဗျား” ဟု ယနေ့ ပြန်လည်ဖြေကြားသည်။ ထားဝယ်သပိတ်ကော်မတီကမူ KTLA ဌာနချုပ်တာဝန်ရှိသူများနှင့် ဆာကဆောတပ်မဟာ တာဝန်ရှိသူတို့အနေဖြင့် လက်အောက်ခံ တပ်ဖွဲ့ဝင်များ အရပ်သားပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ်မှုများကို အချိန်မီတားဆီး၊ စစ်ဆေးအရေးယူရန်တိုက်တွန်းထားသည်။ လက်နက်မဲ့ အရပ်သားပြည်သူများကို ဖမ်းဆီးပြီးစည်းမျဉ်းစည်းကမ်းများအတိုင်းမလုပ်ဘဲ ဒလန်ဟုစွပ်စွဲပြီးသတ်ဖြတ်မှုမှာ အလွန်စည်းမဲ့ကမ်းမဲ့နိုင်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူ တစ်ဦးက ဆိုသည်။“ပိုဆိုးတာက တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲနဲ့ အစဖျောက်တဲ့ ပုံစံမျိုးနဲ့ လုပ်သွားတာတွေပဲ”ဟု ၎င်းကဆိုသည်။ Read in Full
၂၅။ရေဘေးသင့်စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ဖို့အတွက် အကူအညီတွေလိုအပ်
October 22, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရေဘေးဒဏ်ကိုရင်ဆိုင်ကြုံတွေ့ခဲ့ကြတဲ့ ကရင်နီပြည်ကစစ်ရှောင်လူထုတွေအတွက် လက် ရှိ မှာပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးနိုင်ဖို့ အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီက နေ သိရပါတယ်။ ရေဘေးသင့်ခဲ့ကြတဲ့ စစ်ရှောင်တွေရဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍမှာ စားဝတ်နေရေးအပြင် ပညာရေး ပုံမှန် ပြန်လည်ပတ်နိုင်ဖို့ ပိုမိုလိုအပ်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ နွေဦးဂုရုလေးများအဖွဲ့ရဲ့ အသင်းဝင်တစ်ဦး က ပြောပါတယ်။“အဓိကကတော့ စစ်ရှောင်တွေ လုံခြုံတဲ့နေရာမှာ နေထိုင်နိုင်ဖို့ပေါ့။ ပြီးတော့ စားနပ်ရိက္ခာ လုံလောက်စွာရရှိ ဖို့နဲ့ ကလေးပညာရေးအတွက် ကျောင်းပုံမှန်ပြန်လည်ဖွင့်နိုင်ဖို့က ပိုလိုအပ်ပါတယ်”လို့ နွေဦးဂုရုလေးများအဖွဲ့ရဲ့ အသင်းဝင် တစ်ဦး က ပြောပါတယ်။ ပွန်ချောင်းဖက်က ရေဘေးသင့်စစ်ရှောင်တွေကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေပြီး လက်ရှိ မှာတော့ စစ်ရှောင်စခန်းတချို့ကို စောင်နဲ့စက်သုံးဆီတွေ ပို့ဆောင်ပေးနေတယ်လို့ နွေဦးဂုရုလေးများအဖွဲ့ဆီကနေ သိရပါတယ်။
စစ်ရှောင်ကူညီဆောင်ရွက်ရေးအဖွဲ့ဖြစ်တဲ့ Clean Yangon အဖွဲ့အနေနဲ့ ရေဘေးသင့် စစ်ရှောင်လူထုတွေရဲ့ ပြန် လည်ထူ ထောင်ရေးမှာ အသုံးပြုနိုင်ဖို့အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် ဘက်စုံသုံး ကားတစ်စီး၊ ရေကျချိန်မှာကမ်းကူးနိုင်မယ့် ဖောင်ပြုလုပ်ဖို့အတွက် ကုန်ကျစရိတ်၊ စစ်ဘေးရှောင် မိသားစုတွေအတွက် ဆိုလာမီးအိမ်၊ လာမဲ့ဆောင်းရာသီအတွက် စောင်၊ စခန်းအသီးသီးမှာရှိတဲ့ CDM ကျောင်းဆရာ/ဆရာမတွေရဲ့ လစာနဲ့ရေဘေးသင့် စစ်ဘေးရှောင်စခန်းရဲ့ စာသင်ဆောင်လို အပ် ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ စစ်ရှောင်စခန်းတွေ မှာ ရေပြန်လည်ကျဆင်းသွားတာရှိသလို တချို့နေရာမှာလည်း ပုံမှန်အတိုင်း ပြန်မကျသေးတဲ့နေရာတွေ ရှိနေသေးတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ဖို့ လူထု၊ မြို့နယ်အုပ်ချုပ်ရေး နဲ့ IEC တို့ပူးပေါင်းပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေ တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။ Read in Full
၂၆။ ရေကျသွားပေမယ့် အင်းလေးမှာ ပြန်လည်ထူထောင်ရေး မစနိုင်သေး
October 21, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေအများစု ပြန်ကျလာပေမယ့် ပြန်လည်ထူထောင်ရေး မစတင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပြန်လည်ထူထောင်ရေး မစနိုင်တဲ့ ကာလအတွင်း ခရီးသွားလုပ် ငန်း လာရောက်လည်ပတ်သူလည်း မရှိတာကြောင့် အလုပ်လက်မဲ့ဦးရေ များလာပြီး စားဝတ်နေရေး ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။“ရေစစကြီးတုန်းက ဘုန်းကြီးကျောင်းကကျွေး၊ လှူတာတွေနဲ့ စားသောက်ပေါ့။ အခုက ရေလည်း ကျပြီဆိုတော့ အလှူရှင်က မလာတော့ဘူးလေ။ ဘုန်းကြီးကျောင်းလည်း ကုန်ပြီပေါ့။ သူတောင်မှ သူများလှူထားတာလေ။ အကုန်လုံးက သီတင်းကျွတ် အားခဲထားတာ”လို့ ဖောင်တော်ဦးဘုရားအနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ အင်းလေးဒေသအတွင်း အလှူရှင်မလာနိုင်တဲ့ရက်တွေမှာ အချင်းချင်း ဝေမျှစားသောက်နေရပြီး လူငယ်အများ စုက ဝင်ငွေရရှိဖို့အတွက် တစ်နယ်တစ်ကြေးမှာ သွားရောက်လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ အင်လေးဒေသမှာ ခရီးသွား အမှီပြုလုပ်ကိုင်ကြတဲ့ ပန်းဆယ်မျိုး လုပ်ငန်းအပါအဝင် စီးပွားရေး အားလုံးနီးပါး ရပ်ဆိုင်းထားရပြီး ဈေးတွေလည်း မဖွင့်နိုင်သေး တာကြောင့် ပြင်ပက လာရောက်ရောင်းချကြမယ့်သူတွေပါ နေ့စဉ်ဝင်ငွေ ထိခိုက်နေတယ်လို့ ဒေသတွင်း ဈေးသည် တစ်ဦးက ပြောပါတယ်။“ကျားတွန်တို့၊ အင်းတိန်တို့ဖက်က တောင်ရိုးတွေတောင် မလာနိုင်သေးဘူး။ ဈေးက ရေလုံးလုံးကျပြီးတာတောင် တော်တော်ကြာမှ ဖွင့်ကြမှာ။ နှုန်းမြေတွေရှင်းတာတောင် အချိန်တော်တော်ပေးရမှာ။ ဈေးပတ်သမားတွေလည်း နားကြတာပေါ့။ တခြားဈေး သွားရောင်းလည်း မကိုက်ဘူးလေ” အင်းလေးဒေသမှာ သီတင်းကျွတ်ကာလအတွင်း ဖောင်တော်ဦးဘုရား လာ ရောက်ဖူးမျော်ကြတဲ့ ဧည့်သည်တွေလည်း မရှိသလောက် နည်းပါးခဲ့တာကြောင့် သာမန်ပြည်သူတွေတင် မကဘဲ ဟိုတယ်နဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေကပါ ဝင်ငွေထိခိုက်လာတယ်လို့ သိရပါတယ်။ Read in Full
၂၇။ လောင်းလုံးမှာ စစ်ကောင်စီတပ်ကလည်လှီးသတ်ဖြတ်ခဲ့တဲ့ လူငယ်အလောင်းနှစ်လောင်းတွေ့
October 22, 2024
လောင်းလုံးမြို့ နယ်မှာ တစ်ပတ်အကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံလူငယ်နှစ်ဦးကို လည်လှီးသတ်ဖြတ်ပြီးမြေနဲ့ဖုံးထားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီတပ် သားတွေဟာ လောင်းလုံးမြို့နယ်အောက်ပိုင်းက ညင်းမော်၊ ဂေါ့အင်းနဲ့ အောက်ရေဖြူကျေးရွာအုပ်စုတွေ စစ်ကောင်စီတပ်က အခုလ ၁၂ ရက်နေ့ကစပြီး စစ်ကြောင်းထိုးခဲ့တာပါ။ အဲဒီနောက် ၁၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်သားတွေ လောင်းလုံးမြို့ ပေါ်ကို ပြန်ဆုတ်ခွာလာလာခဲ့ပါတယ်။ မနေ့က မွန်းတည့်ပိုင်းမှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးခဲ့တဲ့ ညင်းမော်ရွာ ဘောလုံးကွင်းရဲ့အနောက်ဘက်က တောစပ်မှာ လည်လှီးသတ်ဖြတ်ပြီး မြေနဲ့ဖုံးထားတဲ့ လူငယ်အလောင်းနှစ်လောင်းကို ဒေသခံ တွေက တွေ့ခဲ့ရတာပါ။ “လည်ပင်းတွေလှီးထားတယ်။ အလောင်းတွေကို မြေဖော်ပြီးပဲဖုံးထားတာ။ တွေ့တဲ့အချိန် ခြေတွေလက် တွေပေါ်နေတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ သတ်ဖြတ်ခံရသူနှစ်ဦးထဲကတစ်ဦးဟာ အောက်ရေဖြူကျေးရွာ ခံ အသက် ၂၅ နှစ်အရွယ် ကိုမင်းကို ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကိုမင်းကိုကို စစ်ကောင်စီတပ်သားတွေက အခုလ ၁၆ ရက်နေ့မှာ အောက်ရေဖြူရွာထဲကနေ လက်ပြန်ကြိုးတုပ်ကာဖမ်းဆီးလာပြီးနောက် အခုလ ၁၉ ရက်နေ့ စစ်ကြောင်း မထွက် ခင်မှာ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“သူကစစ်ကြောင်းလာနေတာသိတယ်၊ သူ့အဖေနေမကောင်းလို့ဆိုပြီး အိမ်မှာပဲနေနေတာ။ ရွာထဲစစ်ကြောင်းဝင်လာ တော့ သူနဲ့လမ်းပေါ်မှာထိပ်တိုက်တွေ့တယ်။ စစချင်းသေနတ်နဲ့လိုက်ပစ်သေးတယ်တဲ့။ ပြီးတော့မှ ဖမ်းမိသွားတာ” လို့ ကိုမင်းကို နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ သူနဲ့အတူ သတ်ဖြတ်ခံရတဲ့လူငယ်ကတော့ မျက်နှာတွေပျက်စီးနေတာကြောင့် ဘယ်သူဘယ် ဝါဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေ ကဆိုပါတယ်။ အလောင်းတွေကိုတော့ မနေ့ကပဲ မီးရှို့သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ကိုမင်းကို ဖမ်းဆီးခံရတဲ့ ၁၆ ရက်နေ့မှာပဲ ကဒက်ငယ်ထိန်ရွာက ကိုကမ်းကမ်းဆိုသူ စစ်ကောင်စီ စစ်ကြောင်းနဲ့ တွေ့ပြီးပစ်သတ်ခံခဲ့ရပါတယ်။ အလားတူ ကျန်းမာရေးမကောင်းလို့ ကဒက်ငယ်ထိန်ရွာကအိမ်ပေါ်မှာအိပ်နေတဲ့ အသက် ၇၀ ကျော်အရွယ် ဒေါ်မငယ်လည်း စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ကျည်ဆံထိမှန်ပြီး နောက်တစ်ရက်အကြာ အခုလ ၁၇ ရက်နေ့မှာသေဆုံခဲ့ပါတယ်။ ဒါ့အပြင် အောက်ရေဖြူကျေးရွာက နှလုံးရောဂါအခံရှိတဲ့ အသက် ၅၀ ကျော် အရွယ်အမျိုးသမီးတစ်ဦးလည်း စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲသံနဲ့ သေနတ်ပစ်ခတ်သံ တွေကြောင့် ရွာထဲကလမ်းပေါ်မှာ နှလုံးဖောက်ပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ Read in Full
၂၈။ ဖယ်ခုံ – ပင်လောင်းနယ်စပ် ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်
October 22, 2024
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ် ဆောင်းပြောင်းကျေးရွာ၊ နောင်ဝိုင်းကျေးရွာ အနီးဝန်းကျင်မှာကရင်နီ ပူး ပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား နှစ်ဘက်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ နယ်မြေပြန်လည်စိုးမိုးနိုင်ရေး စစ်ကောင်စီ တပ်တွေ အင်အားဖြည့်တင်း ထိုးစစ်ဆင်လှုပ်ရှားမှုကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်လာနေတာ အခုဆိုရင် ၃ လတိုင်တိုင်ရှိလာ ပြီလို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ပြောပါတယ်။ “ခုချိန်ထိ တိုက်ပွဲကတော့ ဆက်ရှိနေတုန်းပဲနော် ၃ လ ထဲဝင်သွားပြီးပေါ့နော်။ စစ်အင်အားကတော့ စစ်ကောင်စီကနေ ဆက်တိုက်ပေါ့နော် ထိုးလာတယ်ပေါ့နော်။ ကျနော်တို့ သိသလောက်က နှစ်ရင်း သုံးရင်းကို ဒီပင်လောင်းအစပ်ကနေ ဒီဖက် ဒီနောင်ဝိုးကနေတဆင့်ပေါ့နော်၊ ဖယ်ခုံမြို့ပေါ်ကို သွားနိုင်ဖို့ အတွက် သူတို့ကြိုးစားနေတယ်ဆိုတာ ကျနော်သိရတယ်။” ဒေသအခြေအနေကို သိရှိတဲ့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက အပြန်အလှန်ထိုးစစ်ဆင်နေကြတဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အနီးတဝိုက်က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြသလို တချို့ကကျေးရွာမှာ လူတွေ ရှိသေးတယ်လို့ ခုလို ပြောပါတယ်။
“ပြည်သူလူထုတွေကတော့ အများစုကတော့ မရှိတော့ဘူးပေါ့နော်။ တချို့နေရာမှာ ရှိပါသေးတယ်။ ဒါပေမယ့် သွားလို့ လာလို့ရအောင် တချို့ဟာလည်း စီစဉ်ထားပေးတာတော့ ရှိပါတယ်ဟုတ်။ အခြေခံအားဖြင့်တော့ တိုက်ပွဲတွေ ဆက်ပြင်းထန် နေတယ်။ စစ်ကောင်စီစစ်ကြောင်း ပိုထိုးလာတယ်ဆိုတာ ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ ကရင်နီအဝင်ပေါက်လည်း ဖြစ်တော့ မကြာခဏ သူထိုးစစ်ဆင်လိုက် ကိုယ်ထိုးစစ်ဆင်လိုက်ဖြစ်နေတာပေါ့။ အခုလောလောဆယ်ကတော့ အရင်တုန်းကတော်တော် ငြိမ်တယ်။ အခု ၃ လထဲဝင်သွားပြီးပေါ့နော်။ စစ်ကောင်စီက ဖယ်ခုံမြို့နယ်ထဲကို အင်အားပြန်ပြီးတော့မှ တိုးချဲ့ဖို့အတွက် လုပ်နေတယ်အတွက်ကြောင့်မို့ တိုက်ဖြစ်တယ်။” အခု တိုက်ပွဲပြင်းထန်တဲ့နေရာဟာ ရှမ်း-ကယားနယ်စပ်ဖြစ်ပြီး ပင်လောင်းမြို့နယ် လမ်းကြောင်းကနေ ဖယ်ခုံမြို့ပေါ်ကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းရင် ကရင်နီပြည်နယ်ထဲ ဝင်ရောက်နိုင်ဖို့ ကြိုးစား နေတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ဆောင်းပြောင်းဒေသမှာ မကြာခဏကြိုကြားကြိုကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက အောက်တိုဘာလ ဒုတိယအပတ်မှာ ပြောထားပါတယ်။ Read in Full
၂၉။ ဘီးလင်းမှာ စစ်ကောင်စီယာဉ်တန်း နှစ်ရက်ဆက် တိုက်ခိုက်ခံရ
October 22, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း နှစ်ရက်ဆက် တိုက်ခိုက်ခံ ရတာကြောင့် သုံးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က သိမ်ဇရပ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကားငါးစီးပါ စစ်ကောင်စီယာဉ်တန်းကို အလူးလေးကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီနောက် အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လည်တို့မှာလည်း အလူးလေးကျေးရွာနဲ့ ရွှေရောင်ပြကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းတွေ ထပ်မံတိုက် ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း သတင်းအရ အပိုင်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သုံးဦးထက်မနည်း ထိခိုက်သေ ဆုံးနိုင်ပြီး ကားတစ်စီးထိခိုက်ပျက်စီးတာ ရှိခဲ့တယ်လို့ ဘီးလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်ခံရပြီးနောက် ဘီးလင်းအခြေစိုက် စစ်ကောင်စီတပ်ကနေ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ် ဆောင်နေတယ်လို့ ဒေသခံတွေထံက နေ သိရပါတယ်။ အာဏာသိမ်းကာလအတွင်း ဘီးလင်းမြို့နယ် ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း တွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့အတွက် စစ်ကောင်စီဘက်က လုံခြုံ ရေးတိုးမြှင့်တာ၊ ကင်းစခန်းအခိုင်အမာ တည်ဆောက် တာတွေ ရှိနေပါတယ်။ Read in Full
၃၀။ ကရင်နီပြည်မှာ မိုင်းကြောင့် အရပ်သား ထိခိုက်မှု (၁၀၀) ဝန်းကျင်ရှိနေ
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့် ထိ ခိုက်မှု၊ သေဆုံးမှု (၁၀၀) ဝန်းကျင်အထိ ရှိလာနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC) ရဲ့ စာရင်း အရ သိရှိရပါတယ်။ ဒါဟာ လက်လှမ်းမှီသမျှ စာရင်းတွေသာဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှုး(၂) ဦးဗညားက ကို ပြောပါတယ်။“ဘာဖြစ်လို့ အဲလိုပြောလဲဆိုတော့ တချို့ကိစ္စတွေက နောက်မှ ကျနော်တို့ ပြန်သိရတာတွေ အများးကြီးရှိတယ်။ တချို့ရွာတွေ ကနေထပ်ဆင့် ဟိုသွားဒီသွား။ လက်လှမ်းမမှီတဲ့ဟာတွေ နောက်ပိုင်းပြန်သွားတော့ ပြန်ပေါ်လာတယ်ပေါ့နော်။ ထိခိုက်ဒဏ်ရာ ရတဲ့ စာရင်းတွေ ၊ သေဆုံးတဲ့ စာရင်းတွေက တဖြည်းဖြည်းတိုးလာတယ်ပေါ့။ အဲတော့ အရင်တုန်းက လန့်စရာလဲကောင်းတဲ့ ဟာ က (၆၀) ဝန်းကျင်ရှိတယ်။ နောက်မှ ပြန်ထိတဲ့ဟာနဲ့ ပြန်ပေါင်းလိုက်တော့ ထိခိုက်ဒဏ်ရာက (၆၀) ကျော် (၇၀) ကျော် သွားတာ ပေါ့နော်။ ပြီးတော့သေဆုံးတဲ့သူကလည်း (၁၀) ကျော် (၂၀) ဝန်းကျင်ဆိုတော့ အားလုံးပေါင်းတော့ (၁၀၀) ဝန်းကျင်လောက်ရှိ တယ်လို့ ပြောလို့ရတယ်” လို့ ဦးဗညားက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့သူတွေ အများစုမှာ (၁၄) မိုင်းကြောင့် ဖြစ်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။ မိုင်းက အန္တာရယ်ရှိပြီး အသက်ဆုံးရှုံးစေနိုင်တာကြောင့် နေရပ်ပြန်တာနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေမှာ သတိထားသွား လာကြဖို့ IEC ကသတိပေးထားတာ ရှိပါတယ်။ “မိုင်းက ဘယ်လောက်ထိ အန္တာရာယ်ရှိလဲဆို လူတွေကို ဘယ် လောက်ထိ ဒုက္ခပေးနိုင်လဲဆိုရင် ခြေလက်အင်္ဂါတွေ ဆုံးရှုံးမယ်။ အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးနိုင်တယ်။” လို့ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေတဲ့ ဗိုလ်နေတိုးက ပြောပါတယ်။ စစ်ကောင်စီတပ်စွဲခဲ့ဖူးတဲ့နေရာတွေနဲ့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေကို အများဆုံး မြင်တွေ့ရ တတ်ပါတယ်။ အရပ်သားပြည်သူတွေဟာ စစ်ကောင်စီ ပြန်လည်ဆုတ်ခွာပြီး မိမိနေအိမ်ကို ပြန်ကြည့်တဲ့အချိန်တွေနဲ့ စားဝတ်နေ ရေးအတွက် သီးနှံတွေ ပြန်လည်စိုက်ပျိုးတာတွေကြောင့် မိုင်းအန္တာရာယ်နဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ Read in Full
၃၁။MNDAA ၏နယ်မြေများကို စစ်ကောင်စီက ဗုံးကျဲမှုကြောင့် ၃ လအတွင်း ပြည်သူထိခိုက်သေဆုံးမှု ၁၀၀ ကျော်
October 22, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချတိုက်ခိုက်လျက်ရှိရာ ၃ လကျော်အတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီဖြစ်ကြောင်း MNDAA က ပြော ဆိုထုတ်ပြန်သည်။ ယနေ့ အကြမ်းဖက်စစ်ကောင်စီက ကိုးကန့်အထူးဒေသ ၁ လောက်ကိုင်မြို့ ၊ သိန္နီခရိုင်နှင့် လားရှိုးမြို့ စသည့် ဒေသများသို့ ပစ်မှတ်ထားဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်လာသည်မှာ ၃ လကျော်ပြီဖြစ်ကြောင်း၊ ယင်းကာလအတွင်း အရပ် သားထိခိုက်ဒဏ်ရာရရှိသူနှင့်သေဆုံးသူ အရေအတွက်မှာ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၊ ကိုးကန့် အထူးဒေသ ၁ ၏မြို့တော် လောက်ကိုင်မြို့နှင့် ကိုးကန့်ခရိုင် နမ့်ဟူးမြို့နယ်တွင် အောက်တို ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဗုံးကျဲတိုက်ခိုက်ခံခဲ့ရကြောင်း MNDAA က ပြောဆိုသည်။
ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၀၀ နာရီ ၁၈ မိနစ်အချိန် လားရှိုးမြို့၊ လူနေရပ်ကွက် ၁၂ ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ရာ အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေး နေကြောင်း သိရှိရသည်။ ယနေ့ နံနက်အစောပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်အများအပြားလည်း ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ပြိုကျပျက်စီးနေသော နံရံအပျက်အစီးများကို နေရာတိုင်းတွင် တွေ့မြင်ရ ကြောင်း၊ ဗုံးကျဲသည့်နေရာနှင့် အနည်းငယ်ကွာဝေးသော နေရာများမှ အခြားလူနေအဆောက်အအုံများလည်း ထိခိုက်ပျက်စီးမှု အမျိုးမျိုးဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။ Read in Full
၃၂။ ကချင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်ပြတ်တောက်မှု သုံးလကျော်လာ
October 22, 2024
ကချင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ အောက်တိုဘာ ၂၁ ရက် မနေ့က သုံးလပြည့်ခဲ့ပြီး ဒီနေ့အထိလည်း လိုင်းတွေ ပြန်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်း ကစလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ စတင်ပြတ်တောက်ခဲ့တာပါ။ ကချင်ပြည်နယ်ရဲ့ မြို့နယ်အားလုံးနီးပါးမှာ MPT, Mytel, Atom, Ooredoo စတဲ့ အော်ပရေတာအားလုံး ပြတ်တောက်နေတာကြောင့် အင်တာနက်အသုံးပြုပြီး အလုပ်လုပ်ကိုင်သူတွေနဲ့ ကျောင်းတက်နေသူတွေ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် တချို့မှာတော့ MPT နဲ့ Atom ဖုန်းလိုင်း အနည်းငယ်ပြန်ရပေမဲ့ လိုင်းမကောင်းတာကြောင့် ဆက်သွယ်ဖို့ ခက်ခဲနေဆဲပဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက ကျွန်းပင်သာ၊ လယ်ကုန်းဘက်တွေမှာတော့ MPT နဲ့ Atom ဖုန်းလိုင်းတွေတော့ ပြန်ပေါ်နေပြီ။ ဒါပေမဲ့ ဖုန်းက တော့ ဆက်မရဘူး။ တအား ဆက်ရခက်တယ်။ အင်တာနက်ကတော့ လုံးဝကို မရသေးဘူး။ Star Link ကို တစ်နာရီ ငါးထောင်၊ တစ်သောင်းနဲ့ သုံးလို့ရတဲ့နေရာတွေတော့ ရှိတယ်။ အရေးကြီးရင်တော့ အဲဒီကို သွားသုံးရတာပေါ့” မြစ်ကြီးနားမြို့က အစိုးရဌာနဆိုင်ရာ ရုံးနေရာတွေနဲ့ MPT ရုံးအနီးတစ်ဝိုက်မှာလည်း ဖုန်းလိုင်းအနည်းငယ်ရပြီး အင်တာနက်ကတော့ မရသေးဘူးလို့ သူကဆိုပါတယ်။ အရပ်ဘက်အဖွဲ့ဖြစ်တဲ့ မြန်မာအင်တာနက် စီမံကိန်းအဖွဲ့ရဲ့ စာရင်း အရ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့နေရာ ၃၁၈ နေရာအထိ ရှိပါတယ်။ Read in Full
၃၃။ နောင်ချိုနှင့် ပြင်ဦးလွင်အစပ်၌ တိုက်ပွဲပြင်းထန်၊ ပြင်ဦးလွင်မြို့အဝင် ဝက်ဝံဂိတ်ကို စစ်တပ်က ပိတ်ထား
October 21, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အစပ်ရှိ အုမ္မတီးကျေးရွာတွင် တအာင်းတပ် မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက ပြင်ဦးလွင်မြို့အဝင် ဝက်ဝံဂိတ်ကို ပိတ်ထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၁၆ ရက်မှ ယနေ့ထိ အုမ္မတီးကျေးရွာတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း TNLA တပ်ဖွဲ့များရှိနိုင်မည့်နေရာများသို့ နေ့စဉ် လက်နက်ကြီး များဖြင့် ပစ်ခတ်မှုပြုလုပ်နေကြောင်း အုမ္မတီးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ” တိုက်ပွဲဖြစ်နေတာ သုံးရက်၊ လေးရက်လောက်ရှိနေပြီ၊ ကျတော်တို့ရွာ အုမ္မတီးမှာကော၊ တောင်ခမ်းတပ်စခန်းဘက်မှာကော အသံကြားနေရတယ်။ နောင်ချို မြို့ကိုလဲ စစ်တပ်က သုံးရက်ဆက်တိုက် လေယာဉ်နဲ့ လာကြဲသွားတယ် ” ၎င်းက ပြောသည်။ နောင်ချိုမြို့တွင် စစ်ကောင်စီတပ် စခန်းများကျန်ရှိနေသေးသည့် အုမ္မတီးနှင့် တောင်ခမ်းကျေးရွာများကို ထိုးစစ်ဆင်မှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။ ထိုကဲ့သို့ TNLA ပူးပေါင်းတပ်ဖွဲ့က နောင်ချို မြို့ ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ပြီးနောက် ပြင်ဦးလွင်မြို့သို့ တိုက်ခိုက်လာမည် ကို စစ်ကောင်စီက စိုးရိမ်နေသည့်အတွက် မြို့အဝင်အထွက်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု မန္တလေးနှင့် လားရှိုးမြို့သို့ ကား ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ပြင်းဦးလွင် ဝက်ဝံဂိတ်မှာ ကား၊ ဆိုင်ကယ်တွေ ပေးမဖြတ်တော့ဘူး။ ဒီနေ့လည်း လှည့်ပြန်လာရတယ်။ ဘာတွေမှန်း မသိတော့ပါဘူး။ တချို့က နောင်ချိုနဲ့ ပြင်ဦးလွင်အစပ်မှာ တိုက်ပွဲဖြစ်နေတယ်လို့ပြောတယ်။ လမ်းက လုံး၀ဖြတ်လို့မရတော့ဘူး စစ်တပ်ဘက်က ပိတ်လိုက်တာ”ဟု ၎င်းက ရှင်းပြသည်။ နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ဇူလိုင် ၁၀ ရက်တွင် TNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ကျေးရွာအချို့တွင် စစ်တပ်စခန်းများ ကျန်ရှိနေသေးသည့်အပြင် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေခြင်းလည်းဖြစ်သည်။ ” အလုပ် ကိစ္စနဲ့ မနေ့က မန္တလေးကို ဆင်းလာတာ၊ ရှမ်းတောင်ဘက်ကနေ ပတ်ပြီးလာရတယ်။ နောင်ချိုမှာ တိုက်ပွဲဖြစ်တော့ အဲ့ဒီဘက်က လမ်းအဆင်မပြေဘူးလေနော့၊ ကားခကတော့ နည်းနည်းစျေးကြီးတာပေါ့၊ ကားခ၊ စားစရိတ် လေးငါးသိန်းလောက်ကုန်တယ် ” နမ့်ခမ်းမြို့မှ မန္တလေးမြို့သို့ ခရီးသွားသည့် အမျိုး သမီး တစ်ဦးကရှင်းပြသည်။ လက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အပြင် အောက်တိုဘာ ၁၈ ရက်မှစတင်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု များ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။