၁။ ဝိုင်းမော်တွင် ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးကို စစ်ကောင်စီပူးပေါင်းတပ်ဖမ်းဆီး၊ အဆက်အသွယ်မရ ပျောက်ဆုံးနေ
JUL 18, 2024
ဝိုင်းမော်မြို့နယ်မှ သိက္ခာတော်ရဆရာတစ်ဦးကို စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်က ယမန်နေ့နံနက် ၁၁ နာရီခန့် တွင် လာရောက်ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။ ဝူယန်ပြည်သူ့စစ်ဂိတ်အနီးတွင် နေထိုင်သည့် နှစ်ခြင်းအသင်းတော် ဘာသာရေးဆရာတစ်ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦးက နေအိမ်မှလာရောက် ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“သူ့အိမ်ကပဲလာဖမ်းသွားတယ်။ အဲ့စခန်းနဲ့သူ့အိမ်က အနီးကပ်ဆိုတော့။ ကျွန်တော်တို့ထင်တာကို ပြောရမယ်ဆိုရင် မနေ့ကလမ်းဘေးမှာဘက်ဟိုးနဲ့ ကတုတ်တူးနေတာလည်းပါ တယ်။ ပြီးရင် ရွာမဘက် ကချင်ရပ်ကွက်ဘက်လာတဲ့လမ်းမှာ တူးနေတဲ့ဓာတ်ပုံကြောင့်လို့ထင်နေတယ်။ တခြားဘာကြောင့်ဆို တာတော့မပြောတတ်သေးဘူး။ သူ့အကောင့်မှာ ဓာတ်ပုံတင်တာတော့မရှိဘူး။ သူဓာတ်ပုံရိုက်တာလား မရိုက်တာလားလည်း မပြောတတ်ဘူး” ဟုပြောသည်။
မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကိုမသိရသော်လည်း သေနတ်ကိုင်ဆောင်ထားပြီးစစ်ယူနီဖောင်းဝတ်ဆင် ထားသူလေးဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ ဖမ်းဆီးခံရသည့် အသက် ၅၇ နှစ်ခန့်အရွယ်ရှိ သိက္ခာတော်ရ ဆရာ မဒိန်ခေါ်ဘောမ်သည် ဝူယန်ကျေးရွာရှိ ခါနန်နှစ်ခြင်းအသင်းတော်မှ အမှုတော်ဆောင် တစ်ဦးဖြစ်ပြီး ဝိုင်းမော် KBC ဇုံနယ်ခေါင်းဆောင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သိက္ခာတော်ရ ဆရာ မဒိန်ခေါ်ဘောမ် ကို လက်ရှိအချိန် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ဝိုင်းမော်ဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။“ပြည်သူ့စစ်စခန်းကို ခေါ်သွားတယ်လို့သိရတယ်။ မနေ့ညအထိတော့ ဘယ်နေရာမှာရောက်နေတာလဲ မသိသေးဘူး။ မနေ့ညမှ သတင်းအတိအကျကြားရတယ် ဖမ်းသွားတဲ့အကြောင်းကိုပေါ့။ အခုတော့ သက်ဆိုင်ရာတွေကို အကြောင်းကြားထား တယ်။ PCG တို့၊ အုပ်ချုပ်ရေးပိုင်းတွေကို စုံစမ်းခိုင်းထားတဲ့သဘောဟုတ်တယ်” ဟုပြောသည်။
၂။ မင်းတပ်မှာ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
July 18, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၁၂) ကို ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုဟာ ဇူလိုင်လ ၁၇ ရက် ည ၁၂ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာလို့ ချင်းဒေသကာကွယ်ရေး တပ် (CDF) မင်းတပ်က ဇူလိုင်လ ၁၈ ရက်နေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဗုံးကြဲခံရတဲ့ ရွာအမည်နဲ့ ထိခိုက်သေဆုံးသူ တွေရဲ့ အသေးစိတ်အချက်အလက်တွေကို လုံခြုံရေးအရ ထိန်ချန်ထားတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။ ဒီအပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ မြေပြင်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေထက် လေ ကြောင်းက ဗုံးကြဲတာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ပိုပြီးလုပ်ဆောင်လာတယ်လို့ ဒေသခံတွေနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေက ပြောပါတယ်။ Read in Full
၃။ လားရှိုးမြို့အဝင်တပ်များကို MNDAA ပိတ်ဆို့တိုက်ခိုက်
July 19, 2024
အရှေ့မြောက်တိုင်စစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင်ရှိ စစ်ကောင်စီ၏ ခလရ(၄၁)တပ်နှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်အများဆုံးနေထိုင်သည့် ဆုန်ကွယ်ရွာအနီးရှိ ဝန်တင်တပ်ရင်းတို့တွင် တိုက်ပွဲဖြစ်နေပြီး ခလရ (၄၁) မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် သီပေါမြို့အထွက် လားရှိုးမုဒ်ဦး အနီးရှိ စစ်ကောင်စီ၏ ခလရ(၄၁)တပ်နှင့် ဆုန်ကွယ်ရွာအနီး အေတီတံတားရှိ ဝန်တင်တပ်ရင်းတို့ကို MNDAA တပ်များက တပြိုင် တည်း မြို့အရှေ့ အနောက် ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။ “စစ်တပ်က မြို့အဝင်မုဒ်ဦးမှာလည်းရှိတယ်။ ဆုန်ကွယ်ရွာကိုဝင်ရင်လည်း စစ်တပ်တစ်ခုရှိတယ်။ ဆုန်ကွယ်ရွာကိုဝင်လိုက်ပြီဆိုတာနဲ့ ယာဘက်ကစစ်တပ်၊ ဘယ်ဘက်က တက္ကသိုလ်ရှိတယ်။ ခလရ(၄၁)နဲ့ ဆုန်ကွယ်ကဝန်တင်တပ်ကို ရှေ့၊ နောက်တပြိုင်တည်းဝင်တိုက်တာ။ ဝန်တင်တပ်ကို အေတီ တပ်လို့ လည်းခေါ်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဆုန်ကွယ်ရွာအနီးရှိ ဝန်တင်တပ်ကို ဟိုပတ်-သိန္နီ-မူဆယ်မှဆင်း လာသည့် MNDAA တပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး လားရှိုးမုဒ်ဦးရှိ ခလရ(၄၁)တပ်ကို သီပေါ-ကျောက်မဲဖက်မှ တက်လာ သည့် တပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“အေတီတံတားမှာဖြစ်ကြတယ်လို့လည်းပြောတယ်။ အေတီတံတားဆိုတာ လားရှိုးကြီးကနေ ဟိုပိတ်-ဆုန်ကွယ်သွား တဲ့ လမ်းပေါ်မှာရှိတဲ့တံတား။ အေတီတံတားဆင်းလိုက်တာနဲ့ စစ်ကောင်စီတပ်ဂိတ်လည်းရှိတယ်။ ဝန်တင်တပ်က ခလရ(၆၈) တပ်နဲ့လည်း သိပ်မဝေးဘူး။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။ ခလရ(၄၁)တပ်သည် သီပေါမှလာပါက လားရှိုးအဝင်တွင်ရှိ ပြီး၊ ဝန်တင်တပ်မှာ သိန္နီ-မူဆယ်ဘက်မှလာပါက လားရှိုးအဝင်တွင်ရှိပြီး လားရှိုးတိုက်ပွဲ အခြေအနေကြောင့် ယမန်နေ့ ညနေ(၃) နာရီဝန်းကျင်က စတင်ကာ ဖုန်းလိုင်းများ ပြတ်တောက်သွားပြီ ဖြစ်သည်ဟု သိရသည်။“ခလရ (၄၁)တပ်က အရင်တုန်းကတော့ မြို့ပြင်မှာပေါ့။ ဝန်တင်တပ်လည်း အတူတူပဲ။ အခုကတော့ ကွက်သစ်တွေရိုက်တဲ့အခါကျတော့ မြို့ထဲမှာလိုဖြစ်သွားပြီ။ မြို့ထဲ နဲ့သိပ်မဝေးတော့ဘူး။ မြို့ထဲနဲ့ တဆက်တည်းဖြစ်သွားပြီ။ ရှမ်းကုန်းမှာက စစ်မှုထမ်းဟောင်းတွေအများအားဖြင့်နေတယ်။ အရပ်သားတွေနဲ့ ရှမ်းလူမျိုးတွေလည်းနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း မိုးကုတ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲ (၂၄)ရက်အတွင်း လေကြောင်းနှင့် လက်နက်ကြီးများကြောင့် အရပ်သားစုစုပေါင်း (၉၄)ဦး သေဆုံးပြီး (၁၃၁)ဦး ထိခိုက်ဒဏ်ရာရရှိထားသည်။ Read in Full
၄။ ကျိုက်ထိုမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားနေ
July 18, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းနဲ့ကျောက်ပုံကြီးကျေးရွာတို့မှာ ဇူလိုင် ၁၈ ရက်နေ့မနက်ကစပြီး စစ်ကောင်စီ တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ထံက သိရပါ တယ်။ အင်အား ၁၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကရင်အမျိုးသားအစည်း အရုံး KNU တပ်မ ဟာ ၁ အုပ်ချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲ အတွင်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ လက် နက်ကြီး ပစ်ကူပေးနေပြီး လက်ရှိအချိန် အထိ နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။ နှစ်ဖက်တိုက်ပွဲကြောင့် ပိန္နဲကုန်း၊ ကျောက်ပုံကြီး၊ မဲရုံလေးအပါအဝင် ကျေးရွာ လေးရွာထက်မနည်းက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို အရေးပေါ် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လမ်းမှာတွေ့တဲ့ ဒေသခံ ၅ ဦးကို လမ်းပြ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ ကလည်း ပိန္နဲကုန်းကျေးရွာထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြချက်အရ KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေ သထုံခရိုင်ထဲမှာ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လ အတွင်း နှစ်ဖက်တိုက်ပွဲ ၁၇၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ Read in Full
၅။ ရခိုင်က ဒေါက်တာ ၁ ဦးနှင့် လူငယ် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး
July 18, 2024
ရခိုင်ပြည်က ဒေါက်တာ ဦးကိုနှင့် ကျောက်ဖြူဒေသခံ လူငယ် ၃ ဦး စုစုပေါင်း ၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ အသက် ၆၀ အရွယ် ဒေါက်တာ ဦးကို သည် ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လာ ရောက်စဉ်ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီထောက်လှမ်းရေးများမှ ဇူလိုင်လ ၁၆ နေ့ကအကြောင်းမဲ့ဖမ်းဆီးခဲ့သည်။ ဒေါက်တာ ဦးကို သည် Posco International (OGT) မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့် အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရ ကြောင်းနှင့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း ဒေါက်တာမိတ်ဆွေများထံမှ သိရသည်။ ဒေါက်တာ မိတ်ဆွေ တစ်ဦးက “ဖမ်းတာကတော့ လေဆိပ်ထဲမှာ စရဖက ဝင်ဖမ်းတာ။ ဘာအတွက် ဖမ်းတယ်လို့လဲ မပြောဘူး။ အခုတော့ အဆက် အသွယ်မရတော့ဘူး” ဟု ပြောသည်။ ယင်းအပြင် ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၆ ရပ်ကွက် မာလာမြိုင်နှင့် သမိုင်းတွင်နေသည့် စစ်ရှောင်လာသော ရခိုင်လူငယ် ၃ ဦးကို ဇူလိုင်လ ၁၇ ရက် ည ၈ နာရီတွင် စစ်ကောင်စီက ဖမ်းဆီးသွားသည်။ ဘေးပတ်ဝန်းကျင် က ရခိုင်တိုင်းရင်း သားများဆိုပြီး အပြစ်မရှိအပြစ်ရှာကာ စစ်ကောင်စီကို တိုင်ကြား၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦး က ပြောသည်။
ဖမ်းဆီးခံ လူငယ်များနှင့် နီးစပ်သူက ” လှိုင်မြို့နယ် မာလာမြိုင် ၈ လမ်းမှာ တစ်ယောက် အဖမ်းခံရတယ်။ ၉ လမ်းမှာ တစ်ယောက် အဖမ်းခံရတယ်။ သမိုင်းက တစ်ယောက် အဖမ်းခံရတယ်။ အကုန်လုံးက အိမ်ထောင်သည်တွေပဲ။ ဧည့်စာရင်းတွေ တိုင်ထားပြီးသားလို့ ပြောတယ်။ ဘေးက အိမ်တွေက စစ်ကောင်စီကို တိုင်လိုက်တယ်လို့ သိရတယ်။ မိန်းမတွေက ငိုယိုနေကြ တယ်။ အခုထိ အဆက်အသွယ် မရသေးဘူး။”ဟု ပြောသည်။ ဒေါက်တာ ဦးကိုနှင့် ရခိုင်လူငယ် ၃ ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက လှိုင်မြို့နယ်ရှိ ဘာတာရဲစခန်းတွင်ထိန်းသိမ်းထားပြီး မိသားစုဝင်များမှာအဆက်အသွယ်မရ၍ အလွန်စိတ်ပူနေကြသည်။ အာဏာသိမ်း စစ်ကောင်စီသည်ရခိုင်မှာ စစ်ရှုံးနေချိန် ရန်ကုန်၌ ရွှေ့ပြောင်းနေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများနှင့်မိသားစုဝင် များကို အကြောင်းမဲ့ဖမ်းဆီးခြင်း ဆက်တိုက်ပြုလုပ်နေသည်။ Read in Full
၆။ ကွတ်ခိုင်တွင် စစ်ရှောင်တိုး၍ အကူအညီများလိုအပ်နေ
July 18, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တိုက်ပွဲများကြောင့် ကွတ်ခိုင်တွင် စစ်ရှောင်များတိုးလာပြီး ဆန်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီသူများထံက သိရသည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း လားရှိုးဒေသခံ ၅၀ ကျော် ကွတ်ခိုင်မြို့သို့ စစ်ဘေးရှောင်လာကြပြီး နောက်ထပ်လည်း တိုးလာရန်ရှိသည့်အတွက် ဆန်ပြတ် လပ်မည်ကို စိုးရိမ်နေသည်ဟု KBC အသင်းတော်မှ စစ်ရှောင်ကူညီသူတစ်ဦးက ဆိုသည်။“အခုကျွန်တော်တို့ ဆေးဝယ်မယ်ဆိုရင် လိုချင်တဲ့ဟာအကုန်မရှိဘူး။ မကြာခင်မှာတော့ ဆန်အခက်အခဲဖြစ်မယ်ထင်တယ်။ အခုက ဝင်တဲ့အပိုင်းက မရှိသလောက်ဖြစ်သွားတာလေ။ ရှိတဲ့ဆန်တွေ လည်း ကုန်တော့မယ်ဆိုတော့။ သမုဒ္ဓရာ ဝမ်းတစ်ထွာဆိုတော့ အစားအသောက်က အဓိကပဲလေ။ နောက်လတွေဆိုရင်တော့ ဆန်ပြတ်နိုင်မယ်ထင်တယ်” ဟု ၎င်းက ဆို သည်။
လက်ရှိတွင် ဒေသအသီးသီးမှ စစ်ဘေးရှောင် ၂၀၀ ခန့်ကို ကွတ်ခိုင်မြို့ရှိ KBC အသင်းတော်က သာသနာ့နယ်မြေများ တွင် လက်ခံကူညီပေးထားပြီး အချို့ကလည်းဆွေမျိုးနေအိမ်များတွင် နေထိုင်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး ကုန်ပစ္စည်းပြတ်လပ်မှုများလည်း ဖြစ်ပေါ်နေသည် ဟု ဒေသခံများထံက သိရသည်။“တအားကြပ်တည်းနေတယ်။ ဆေးဝါးကအစ ဝယ်ယူမှုမှာ ဈေးတက်တာကတစ်မျိုး။ ပစ္စည်း မစုံတာက တစ်မျိုးပေါ့။ အဆမတန်ဈေးတက်သွားပြီ။ တော်တော်လေးတက်တယ်” ဟုပြောသည်။ လက်ရှိ မြို့ပေါ်တွင် ဆန်တစ် အိတ်ကို တစ်သိန်းရှစ်သောင်းကျပ်အထိပေးနေရပြီး လိုသလောက် မဝယ်ယူနိုင်သည့်အခြေအနေဖြစ်နေသည်ဟု ဒေသခံများထံ က သိရသည်။ Read in Full
၇။ ကန်ပက်လက်နဲ့ မတူပီအခြေစိုက် CDF တပ်ရင်းနှစ်ခု ဒိုင်ရ်တပ်ဖွဲ့နဲ့ပူးပေါင်း
July 18, 2024
ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကြား ပဋိပက္ခတွေမြင့်တက်နေကြချိန် ကန်ပက်လက်နဲ့ မတူပီ ဒေသ အခြေစိုက် CDF တပ်ရင်းနှစ်ခုဟာ ချင်းမျိုးနွယ်စု တပ်ဖွဲ့တခုဖြစ်တဲ့ CDF-Daai(ဒိုင်ရ်)နဲ့ပူးပေါင်းလိုက်ပြီလို့ ထုတ်ပြန်ကြပါတယ်။ မတူပီမြို့နယ်အခြေစိုက် CDF-မတူပီတပ်ရင်းတခုဖြစ်တဲ့ လီစန်းတပ်ရင်းနဲ့ ကန်ပက်လက်မြို့နယ်အခြေစိုက် CDF ကန်ပက်လက် တပ်ရင်းတခုဖြစ်တဲ့ ကေးရှိန်(Kkei Sing)တပ်ရင်းတို့ဟာ CDF-Daai တပ်ဖွဲ့ထဲ ပူးပေါင်း ပါဝင်လိုက်ကြတာဖြစ်ပါတယ်။ လက်ရှိ ချင်းပြည်တော်လှန်ရေးအခင်းအကျင်းအရ ဒိုင်ရ်မျိုးနွယ်စုတွေတစုတစည်းတည်းပေါင်းစည်းဖို့လိုအပ်လာတာကြောင့် CDF-Daai အဖြစ်ပူးပေါင်းလိုက်တာဖြစ်တယ်လို့ လီစန်းတပ်ရင်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ အလားတူကေးရှိန် (Kkei Sing) တပ်ရင်းကလည်း ဒိုင်ရ်ဒေသတခုလုံးကို အုပ်ချုပ်မှုတခုတည်းနဲ့စုစည်းတည် ဆောက်နိုင်ဖို့ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC)ကို ဖွဲ့စည်းပြီးဖြစ်တာကြောင့် DRC ဦးဆောင်မှုအောက်မှာရှိတဲ့ CDF-Daai အဖြစ် ပူးပေါင်းရပ်တည်တာလို့ ဆိုထားပါတယ်။ ဒိုင်ရ် မျိုးနွယ်စုတွေ စုစည်းမှုကတဆင့် ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို စစ်အာဏာရှင်အမြစ် ပြတ်ကျဆုံးရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားမယ် လို့ ကေးရှိန်(Kkei Sing)တပ်ရင်းကဆိုပါတယ်။
CDF- Daai ဟာ ချင်းပြည်နယ်တောင်ပိုင်းမှာ အများစုအခြေချတဲ့ ဒိုင်ရ်မျိုးနွယ်စုကိုယ်စားပြု တော်လှန်ရေးတပ်ဖွဲ့ တခု ဖြစ်ပြီး ဒိုင်ရ်ဒေသန္တရကောင်စီလက်အောက်ခံ တပ်ဖွဲ့အဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းကမှ တရားဝင် ရပ်တည်ခဲ့တာပါ။ အဲ့ဒီအဖွဲ့အစည်း နှစ်ခုလုံးကိုတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖွဲ့စည်းခဲ့တာပါ။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ပလက်ဝမြို့နယ် လေးခုမှာရှိတဲ့ ဒိုင်ရ်မျိုးနွယ်စုတွေကို ပေါင်းစည်းနိုင်ရေးကြွေးကြော်ချက်နဲ့ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC)ကို အခုနှစ်မေလအတွင်းကျင်းပတဲ့ ဒိုင်ရ်ပြည် သူ့ညီလာခံအပြီးမှာစတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက် CDF-Daai တပ်ဖွဲ့ဟာ မူလက ချင်းအမျိုးသားတပ်မတော် CNA/ CNF ဦး ဆောင်တဲ့ ချင်းပြည်ကောင်စီ(CC)မှာ ပါဝင်ခဲ့ ပေမယ့် ဒိုင်ရ်ဒေသန္တရကောင်စီဖွဲ့စည်းနိုင်ခဲ့ပြီးလပိုင်းအကြာမှာ ချင်း ပြည်ကောင်စီကနေနှုတ်ထွက်ခဲ့ပါတယ်။ CDF-Daai တပ်ဖွဲ့ နှုတ်ထွက်သွားတာနဲ့ပတ်သက်လို့ ချင်းပြည်ကောင်စီဘက်က သဘောထားကိုမသိရသေးပေမယ့် ချင်းပြည်ကောင်စီအစည်း အဝေးအပြီး ထုတ်ပြန်တဲ့ အစည်း အဝေးဆွေးနွေးချက်တွေမှာတော့ ဒိုင်ရ်မျိုးနွယ်စုတွေ တစုတဖွဲ့တည်းပေါင်းစည်းကာ ချင်းပြည် ကောင်စီမှာပူးပေါင်းပါဝင်လာနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ Read in Full
၈။ သိမ်ဇရပ်မှာ လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦးဒဏ်ရာရ
July 18, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက်ထဲ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင် ၁၆ ရက် နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ရာကနေ အမှတ် ၁ ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် သစ်စက်ဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် ဝိုင်းဆရာဦးဇော်အောင်နဲ့ အသက် ၂၀ အရွယ် သစ်စက်လုပ်သား ကိုဟိန်းဝေအောင်တို့ ဟာ ရင်ဘတ်၊ ပေါင်နဲ့ လက်တွေမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိမှုမှာ ဦးဇော်အောင်ဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ပဲခူးဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိ ရပါတယ်။ ဒီလက်နက်ကြီး ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လုပ်ဆောင်တာလို့ စစ်တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့်ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
ကျိုက်ထိုအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်နက်ကြီး ပစ် ခတ်မှုကို စစ်ကောင် စီ ဘက်က ကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာ တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူးလို့ ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ထဲမှာ အာဏာ သိမ်း စစ်ကောင်စီဟာ အခုနှစ်ဆန်းပိုင်းကစပြီး အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှလက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးတာ တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကလည်း ကျိူက်ထိုမြို့နယ် ဌက်ပျောတောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီလ ကနေ ဇွန်လအထိ ခြောက်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ် သား ၇၂ ဦး သေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ Read in Full
၉။ ကော့သောင်း၊ ခမောက်ကြီးက နေအိမ် ၁၅ လုံးကို စစ်ကောင်စီတပ်မီးရှို့
July 18, 2024
ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ခမောက်ငယ်ရွာက နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ မနက် ၁၁ နာရီအချိန်ခန့်က ခမောက်ငယ်ရွာကို စစ်ကောင်စီခြေလျင် တပ်ရင်း ခလရ (၂၆၂) က စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်ရောက်လာပြီး နေအိမ် ၁၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေ က ဆိုပါတယ်။“ဘာအကြောင်းမှမရှိဘဲရှို့သွားတာ။ အဲဒီထဲက တချို့အိမ်တွေမှာ လူမရှိဘူး။ အိမ်နှစ်ဆောင်လောက်မှာက လူ တွေရှိနေတယ်။ အဲဒီ လူတွေကိုအိမ်ပေါ်ကဆင်းခိုင်းပြီး ရှို့သွားတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အိမ်တွေ ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီနေ့ မနက် ၇ နာရီလောက်ကတည်းက ရွာထဲကို လက်နက်ကြီးပစ်ပြီး ဝင်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကြီးကျည်တွေဟာ ပြည်သူပိုင်ရော်ဘာခြံတွေထဲ ကျရောက်ပေါက်ကွဲ ခဲ့ပြီး နှစ်ရှည်ရော်ဘာပင်အချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ တချို့က PDF ယူနီဖောင်းတွေဝင်ဆင်ထားသလို မြန်မာစကားကောင်း ကောင်းနားမလည်တဲ့ သူတွေလည်းပါလာတယ်လို့ ဒေသခံတွေနဲ့ ကော့သောင်းခရိုင်သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြော ပါတယ်။“မျက်နှာသွင်ပြင်တွေက ဘင်္ဂါလီလူမျိုးတွေနဲ့တူတယ်။ မြန်မာစကားပြောတာလည်းနားမလည်ကြဘူး။”လို့ ဒေသခံ အမျိုးသားက ပြောပါတယ်။ ခမောက်ငယ်ရွာနေ ပြည်သူတွေဟာ ခြံနဲ့ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတယ်လို့လည်းသိရပါ တယ်။ စစ်ကောင်စီတပ်သားတွေထဲမှာ PDF ယူနီဖောင်းဝတ်ထားတဲ့သူတွေရှိနေတဲ့အတွက် စစ်ကောင်စီတပ်သားနဲ့ တော်လှန် ရေး ရဲဘော်တွေကို မမှားယွင်းအောင် ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်သွားလာကြဖို့ကိုလည်း ကော့သောင်းခရိုင်သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားပေမယ့် ဘယ်အချိန်ပြန်ဝင်လာမယ်ဆိုတာကို တော့ စိုးရိမ်နေရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full
၁၀။ တင့်ကား ၅ စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်
July 18, 2024
ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့် နဲ့ မိုးမောက်မြို့နယ်ဘက်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခု လပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်း ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့မှာ စစ်အင်အား ၃၀၀ ဝန်းကျင်အပါ တင့်ကား ၅ စီးနဲ့ တက်သွားတဲ့ စစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေ ၆မိုင်၊ ၇ မိုင်ကုန်း ဂျေအိန်(Je Ing) ကျေးရွာအနီးတဝိုက်မှာ အထက်ကိုတက်လို့မရအောင် ခုခံတိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “ပြီးခဲ့တဲ့ ရက်မှာ ဗန်းမော်ကနေ တင့်ကား ၅ စီးလောက်နဲ့ တက်သွားတဲ့ စစ်ကြောင်းတွေက မိုးမောက်ဘက်ကို တက်သွားတာ။ ၆ မိုင်၊ ၇ မိုင် နေရာမှာ KIA တွေက အထက်ကို ပြန်တက်သွားလို့မရအောင် ခုခံတိုက်ခိုက်နေတာ။ မနေ့ကတော့ စစ်ကောင်စီဘက်ကထိခိုက်တာများတော့ ပြန်ဆုတ်သွားတယ်။ မနေ့ညမှာတော့ လေကြောင်းနဲ့ အဲဒီနေရာမှာ ဗုံးလာကျဲသွားတယ်”လို့ပြောပါတယ်။ နှစ်ရက်လောက်အကြာ ၆ မိုင်၊ ၇ မိုင် အနီး ဂျေအိန်ကျေးရွာအနီး KIA တပ်တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး တင့်ကားပါတဲ့ စစ်ကြောင်းက ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့ တစ်ရက်ထဲမှာပဲ စစ်ကောင်စီတပ်တွေ တပ်ဆုတ်သွားတဲ့အပြီး KIA တပ်တွေ ခုခံတိုက်ခိုက်နေတဲ့ နေရာကို လေကြောင်းနဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဒေသဖြစ်ခဲ့တဲ့ မံစီနဲ့ မိုးမောက်ဒေသဘက်ကို ဇွန်လ တစ်လကျော်အထိ တိုက်ပွဲတွေငြိမ်သက်သွားပြီး တိုက်ပွဲဖော်ဆောင်တာတွေမရှိပေမယ့် နှစ်ဖက်တပ်အပြန်အလှန် စောင့်ကြည့် တဲ့ အခြေအနေမှာရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းအတွင်းမှာလည်း စစ်အင် အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကတင့်ကား ၂ စီးနဲ့ ဗန်းမော်ဘက်ကနေ မံစီမြို့ဘက်ကိုတက်သွားခဲ့ရာ ကောင့်ဂျာယန်ကျေးရွာမှာ KIA က ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ပြီးခဲ့တဲ့ မေလကတည်းက မံစီ၊ မိုးမောက်မြို့တွေမှာရှိတဲ့ ခမရ ၄၃၇ ၊ ခမရ ၆၀၁၊ ခမရ ၃၁၉ စတဲ့ တပ်ရင်းနေရာတွေကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။ Read in Full
၁၁။ PNO ကသေနတ်နှင့်ပစ်ခတ်သဖြင့် တောင်ယာခြံတွင်အလုပ်လုပ်နေသည့်တောင်သူနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ
July 18, 2024
သစ်ပင်ကောက်ရွာ၌ တောင်ယာခြံထဲတွင် အလုပ်လုပ်နေသည့် တောင်သူနှစ်ဦးကို PNO ပြည်သူ့စစ်ကသေနတ်ဖြင့် ပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် သစ်ပင်ကောက်ရွာတွင် ဇူလိူင်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် တောင်ယာခြံထဲတွင် အလုပ်လုပ်နေသော တောင်သူနှစ်ဦးကို PNO ပြည်သူ့စစ်ကသေနတ်နှင့်ပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ “PNO ကရွာနားလာပြီး သေနတ်လာဖောက်တယ်။ တောင်ယာခြံထဲဆေးဖြန်းနေတဲ့ သူနှစ်ဦးကိုထိသွားတယ်။ တစ်ယောက်ကဖခုံးကိုထိပြီး ဖြောင်သွားတယ်။ နောက်တစ်ယောက် လည်း ပါစပ်ထိပြီး နောက်ကိုဖြောင်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသောသူနှစ်ဦးသည် ယခုတွင် အောင်ပန်းစစ်ဆေးရုံတွင် ဆေးကုသနေရပြီး ဒဏ်ရာရရှိသူတစ်ဦးသည် စိုးရိမ်ရ သည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။ ယမန့်နေ့ညဖက်တွင်လည်း သစ်ပင်ကောက်ရွာအနီးတစ်ဝိုက်တွင် သေနတ်သံ၊ လက်နက်ကြီးသံများတစ်ညလုံး ကြားနေရပြီး ဒေသခံများလည်း မရှောင်ကြသေးကြောင်း သိရသည်။ သစ်ပင်ကောက်ကျေးရွာ သည် ဖယ်ခုံ၊ မိုးဗြဲ၊ ဗန်းမောက်၊ နမ်းဖာမူရွာ ဒေသခံများ လာရောက်စစ်ရှောင်ရာနေရာလည်းဖြစ်ကြောင်းသိရသည်။
၁၂။ အမ်း နပခကို AA ထိုးစစ်ဆင်
July 18, 2024
ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင် တိုက် ခိုက်နေသဖြင့် အမ်းမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။ ရခိုင်တွင် အကြီးဆုံးစစ်ဌာနချုပ်ကို AA က ဇူလိုင် ၁၇ ရက်မှစ၍ တကျော့ပြန် တိုက်ခိုက်နေခြင်းဖြစ်သည်။“ပထမတစ်ခါ ထိုးစစ်ဆင်ခဲ့တယ်။ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အရမ်းများတော့ တိုက်ပွဲခဏရပ်ခဲ့တယ်။ အခုထပ်ပြီး မနေ့က ထိုးစစ်ဆင်နေတာ။ တိုက်ပွဲတွေ အရမ်းပြင်းနေတယ်” ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အမ်းမြို့နယ်ရှိ နပခဌာန ချုပ်နှင့် တောဟိန်းတောင်ဗျူဟာကုန်းအပါဝင် အခြားတပ်စခန်း များကို AA က ပြီးခဲ့သည့် မတ်လအကုန်ပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ယင်းအထဲမှ တောဟိန်းတောင်ဗျူဟာကို ဇွန်လ ၂၃ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အခြားတပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။
လက်ရှိ ထိုးစစ်ဆင်နေသည့် နပခကိုကာကွယ်ရန်အတွက် စစ်ကောင်စီက ကြိမ်ချောင်းနှင့် ခမောင်းတောကျေးရွာကြား မဲတောင်ကြောတစ်လျှောက်တွင် ကာကင်းစခန်း ၅ ခု တိုးချဲ့ချထားပြီး ယင်းစခန်းများကို AA က တပြိုင်နက်တည်း ထိုးစစ်ဆင် နေကြောင်း သိရသည်။ စစ်ကောင်စီကလည်း နပခ မကျရှုံးရေး လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ခုခံတိုက်ခိုက်နေ သည်။“နပခဌာနချုပ်ထဲက ၁၂ လုံးအတွဲလိုက်ပစ် ရော့ကတ်ဒုံးတွေနဲ့ လှမ်းပစ်နေတာရှိတယ်။ လေကြောင်းကလည်း ပစ်ကူ တွေရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အမ်းမြို့နယ်သို့ စစ်ကောင်စီ၏ စစ်ကူအင်အားဖြည့်တင်းသည့် အမ်း-ပဒါန်းကားလမ်းနှင့် ကုန်းလမ်းကြောင်းများကို AA ဖြတ်တောက်ပိတ်ဆို့ထား သည်။ အမ်းမြို့နယ်တွင် နပခ၊ ခမရ-၃၇၁၊ ခမရ – ၃၇၂၊ ခမရ – ၃၇၃ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက် တပ်ဖွဲ့များ ရှိကြောင်း သိရသည်။ Read in Full
၁၃။ TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၆ ဦးပြန်လွတ်ပေးခြင်းမရှိသေး
July 18, 2024
လားရှိုးမြို့နယ် နမ္မတူမြို့မှာ ကချင်လူငယ် ၆ ဦးကို TNLA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့၊ နမ်လာ(Namlalawk) ရပ်ကွက် ၈ ရှိ စားသောက် ဆိုင်တစ်ခုမှာရှိနေတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် လူငယ် ၆ ဦးကို ဇူလိုင် ၁၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ တအာင်းလွတ် မြောက် TNLA တပ်ဖွဲ့ကရိုက်နှိက်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံတွေပြောပါတယ်။ “အဲဒီညက ၉ နာရီနဲ့ ၁၀ နာရီကြားမှာ သူတို့က မနောမြေစားသောက်ဆိုင်မှာ စားသောက်ရင်း TNLA ပလောင်အကြောင်း ပြောမိဆိုမိကြပုံပဲ။ အဲလိုပလောင် TNLA မကောင်းကြောင်းပြောတော့ ဘေးနားက TNLA လူတွေက ဟိုဘက်ကို ဖုန်းဆက်ခေါ်လိုက်ပုံပဲ။ အဲဒီနောက် ဟိုအိမ်ခြံဝင်းလုပြီး ဂိတ်ဆောက်လိုက်တဲ့နေရာက TNLA တပ်သားတွေနဲ့ TNLA ရဲတပ်ဖွဲ့တွေရောက်လာပြီး အဲဒီလူငယ်တွေကို ဆိုင်ပြင်ခေါ်ထုတ်ပြီး ဝါးလုံး၊ တုတ်တွေနဲ့ ရိုက်လိုက်၊ ကန်လိုက် အတကုန်ရိုက်နှိက်ပြီး အချူပ်ဘက် ခေါ်သွားတယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။ TNLA ကရိုက်နှက်ဖမ်းဆီးသွားတဲ့ လူငယ်တွေဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်ပြီး ၃ ဦးကတော့ ကချင်လွတ် လပ်ရေးတပ်မ တော် KIA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းနဲ့ မြို့ထဲရောက်တုန်း သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်နေချိန် ရိုက်နှက်ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်း ဆက်လက်သိရပါတယ်။
“ကျနော်စဉ်းစားမိတာတစ်ခုက သူတို့ခြေလွန်၊ လက်လွန် အတကုန်ရိုက်နှက်မိလိုက်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားလို့ မပေးတွေ့တာလားလို့ တွေးမိတယ်။ အခုသူတို့ကို နမ္မတူအချူပ်ထောင်မှာဖမ်းထားတယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ နမ္မတူမြို့ထဲမှာ ဒေသခံကချင်အမျိုးသမီး မုဆိုးမသားအမိရဲ့ အိမ်ခြံဝင်းကို TNLA က အတင်း အဓ္ဓမသိမ်းယူပြီး ဂိတ်တည်ဆောက်လိုက်ကာ တပ်ချလိုက်တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာတင်ဖြစ်ပွားခဲ့ပါတယ်။“နမ္မတူမြို့ထဲက ဒေသခံ လူမျိုး ပေါင်းစုံပဲ။ အားလုံးပြောဆိုနေကြတာက ကျနော်တို့လိုချင်တာက ဒီမိုကရေစီဖြစ်တယ်။ ဒါပေမဲ့ သူတို့ ကွန်မြူနစ်ပုံစံလုပ် နေတယ်။ ဆိုတော့ ဒီ TNLA နဲ့ ပြည်သူလူထုတွေ တစ်နေ့တော့ ထိတွေ့ရမဲ့အချိန်ရောက်အုံးမယ်လို့ ခံစားနေကြတယ်။ အရင်က စကစ ထက် ပိုကြမ်းတမ်းတယ်။ ပိုကြပ်တယ်၊ အခွန်လည်းအရမ်းကောက်တယ်။ သွားလာရေးမှာလည်း လွတ်လပ်မှုမရှိဘူး။ ပိုအသက်ရှူကြပ်သလိုခံစားရတာလို့ အားလုံးပဲပြောနေကြတယ်။”လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ Read in Full
၁၄။ MNDAA ဖမ်းဆီးထားတဲ့ တအာင်းလူငယ် ၄ ဦး မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေး
July 18, 2024
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မြို့အဝင်၊ မယ်ဟန်ရွာက ပြည့်စုံ အပန်းဖြေဥယျာဉ်မှာ သန့်ရှင်းရေးဝန်ထမ်းလုပ် ကိုင်နေတဲ့ တအာင်းလူငယ် ၃ ဦးကို ကိုးကန့်တပ်မတော် (MNDAA)က ဖမ်းဆီးထားတယ်လို့ တအာင်းအမျိုးသားရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ကတည်းက ဖမ်းဆီးသွားတာ ဖြစ်ပြီး ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း MNDAA က တွေ့ဆုံခွင့် မပေးသေးဘူးလို့ ဆိုပါတယ်။“လောလောဆယ် သူတို့ ၃ ယောက်နဲ့ အဆက်သွယ်မရဘူး။ သူတို့ မိဘတွေလည်း သွားတွေ့လို့မရဘူး။ တိုက်ပွဲဖြစ်တော့ သူတို့ကပြန်တာ။ သူတို့ တူတူ ပြန်တာတွေကြတော့ ဆိုင်ကယ်ယူသွားခိုင်းတယ်။ သူတို့မှာ ပါတဲ့ဆိုင်ကယ်တွေကိုတော့သိမ်းသွားတယ်။ သူတို့ပြန်ပြီးကတည်း က ခုထိ အဆက်သွယ်မရဘူး” လို့ တအာင်းအမျိုးသမီးအဖွဲ့ (TWO)ရဲ့ သတင်းအချက်အလက် စုဆောင်းရေး ရုံးတာဝန်ခံ တစ်ဦး က ပြောပါတယ်။ အလားတူ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း တန့်ယန်းမြို့နယ်၊ ကောင်းမှူးအုပ်စု၊ ဟိုဒွန်ကျေးရွာက တအာင်း လူငယ်တစ်ဦးကို MNDAA က ဖမ်းဆီးထားပြီး ဇူလိုင် ၁၉ ရက်နေ့အထိ အဆက်သွယ်မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။
လူငယ် ၄ ဦးဟာ အသက် ၁၇ နှစ် ၂ ဦးနဲ့ ၁၄ နှစ် တစ်ဦး၊ ၁၉ နှစ် တစ်ဦး ပါဝင်ပြီး ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ဘေးတိမ်းရှောင်နေစဉ် လမ်းခုလတ်နေရာတွေမှာ ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။“အဲကလေးက ကားဝပ်ရှော့မှာ လုပ်တာ။ လားရှိုးမြို့ထဲမှာပေါ့နော်။ ပစ္စည်းတင်တဲ့ ကားနဲ့ လိုက်လာတာ။ ၁၀ ယောက်ကျော်တယ်။ လမ်းမှာ ဖမ်းသွားတာ။ ဒါက ဒေသခံ တွေဆီက ပြောပြလာတာတွေ ဖြစ်တယ်။ တခြား ဒေသက ဖမ်းခံရတာတွေလည်း ဒီထက်များနိုင်တယ်။ ဒါက ကျမတို့ လက် လှမ်း မီသလောက်ပေါ့” လို့ TWO ရဲ့ သတင်းအချက်အလက် စုဆောင်းရေး ရုံးတာဝန်ခံ တစ်ဦးက ပြောပါတယ်။ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာမှာ အရင်နှစ်တွေကတည်းက MNDAA တပ်စွဲထားပြီး ပြန်လည်လွတ်မြောက်လာသူ တစ်ဦးရဲ့ ပြောပြချက်အရ တရုတ်စကား တစ်မျိုးသာ ပြောဆိုတာ၊ စကားပြန် တစ်ယောက်ထားတာ၊ လက်မောင်း ဦးထုပ်တွေမှာ MNDAA တံဆိပ်ပါတာ၊ တရုတ်အများစုကို ဖမ်းထားတာ စတဲ့အကြောင်းအရာတွေကြောင့် အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။
၁၅။ သံတွဲနှင့် ငပလီမှာ အမျိုးသမီး၊ သက်ကြီးရွယ်အို အပါအဝင် လူ ၃၃ ဦး ပျောက်ဆုံးနေ
July 18, 2024
စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် သံတွဲမြို့နယ်မှာ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၃၃ ဦး မိသားစုဝင်များနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ပျောက်ဆုံးနေသူများမှာ ရက် ၂၀ ခန့်ကြာ ပျောက်နေသူများရှိသလို ၇ ရက်၊ တစ်လကျော်ကြာ စသဖြင့်ရှိပြီး အများစုမှာ ၁၅ ရက်ထက်ကျော်လွန်ပြီး ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များထံမှ သိရသည်။ သံတွဲမြို့ ပညာရေးရုံးခြံဝန်းမှာ နေထိုင်သည့် ပညာရေးဝန်ထမ်း သားမိနှစ်ဦး ဇူလိုင်လ ၁၂ ရက် နေ့က နောက်ဆုံး အဆက်အသွယ်ရခဲ့ပြီးနောက် ယနေ့အချိန်အထိ အဆက် အသွယ် မရသေးကြောင်း သမီးဖြစ်သူက ပြောသည်။ ” အမေက ဒေါ်ခင်ထွေး အသက် ၇၀၊ အငယ်ကောင်က ဝေဖြိုးအောင် အသက် ၂၇ ပညာရေးရုံးက ဝန်ထမ်းတွေပါ။ အမေက အသက်ကြီးတော့ မြို့က ရှောင်မလို့ပါပဲ။ သေနတ်သံတွေ ကြေက်လို့ အပြင်မထွက်ရဲတာနဲ့ ရုံးမှာပဲ နေကြတာ။ ဇူလိုင် ၁၂ ရက် နေ့က အဆက်အသွယ် ရပါသေးတယ်။ နောက်နေ့ကစပြီး ဒီနေ့အထိ လုံးဝမရတော့ဘူး။ အရမ်းစိတ်ပူလို့ပါရှင့် ဆက်သွယ်လို့ရ ရင်ကူညီပေးကြပါ။ ” ဟု ပြောသည်။ အမှတ် ၆ ရပ်ကွက် ဗောဓိကုန်း ကန်ဘက်လမ်းနှင့် ပတ္တမြားလမ်းက အသက် ၇၂ နှစ် အရွယ် ဒေါ်ခင်ရီ (ခေါ်) ဒေါ်စိန်နီနှင့် အသက် ၇၈ နှစ်အရွယ် ဦးမြင့်ရွှေတို့ ဇနီးမောင်နှံလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
ငပလီမြို့ လင်းသာရပ်ကွက်က ဦးချစ်ဆွေနှင့် ဒေါ်လှသန်း ဇနီးမောင်နှံတို့ကို အဆက်အသွယ်ပြတ်နေသည်မှာ ၁၅ ရက် ခန့်ကြာမြင့်နေပြီဟု မိသားစုဝင်တစ်ဦးက ပြောသည်။ “အဆက်အသွယ်မရ ၁၅ ရက်လောက်ရှိပါပြီ။ ပျောက်တာတော့မဟုတ်ပါဘူး။ အဆက်အသွယ်မရတာပါ။ အမေနဲ့ အဖေက အိမ်မှာ ရှိကြပါတယ်။ အဆက်အသွယ်ပြန်လိုချင်တာပါ။ လက်ရှိကသူတို့ဘာတွေ ဖြစ်သွားပြီလဲမသိဘူး။ စိုးရိမ်လို့ပါ။”ဟု ပြောသည်။ အာရက္ခတပ်တော် AA က ငပလီမြို့၊ ငပလီကမ်းခြေအပါအဝင် သံတွဲမြို့ပေါ်အထိပါ ဇူလိုင်လ ၁၆ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ၅ ရက်ခန့်က စပြီး သံတွဲမြို့ပေါ်နှင့် ငပလီမြို့ထဲက ပိတ်မိနေသူများကို AA က ကယ်ထုတ်ပေးနေကြောင်းနှင့် ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ပေးနေကြောင်းလည်း သိရသည်။ Read in Full
၁၆။ ZRA-EC နဲ့ ပတ်သက်တယ်လို့ သတ်မှတ်ပြီး တွန်းဇံမြို့ကနေအိမ် ၁၅ လုံးကျော်ကို CDF-Tonzang က ချိပ်ပိတ်
July 18, 2024
Chinland Council ပူးပေါင်းတပ်ဖွဲ့အနေဖြင့် တွန်းဇံမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ၊တွန်းဇံမြို့က Zomi Revolution Army(ZRA-EC )တပ်ဖွဲ့ဝင်များ နှင့် ၄င်းတို့ Supporter များပိုင်ဆိုင်တဲ့နေအိမ် အလုံးပေါင်း ၁၅ လုံးကျော်ကို CDF-Tonzang အနေဖြင့်ချိပ်ပိတ်ပြီး သိမ်းဆည်းခဲ့ကာ သတ်မှတ်ထားတဲ့ ဒဏ်ငွေများကို ပေးဆောင်ပြီး မိမိတို့ တပ်ဖွဲ့ထံ အလင်းဝင်လာပါက နေအိမ်များကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း CDF-Tonzang ရဲ့စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန် က ပြောပါတယ်။ ZRA-EC တပ်ဖွဲ့ကြောင့် CDF-Tonzang အနေဖြင့် ရဲဘော် နှစ်ဦးရဲ့အသက်ဆုံးရှုံးရတဲ့အပြင် ငွေကြေးနှင့် ပစ္စည်းပေါင်းများစွာ ဆုံးရှုံးရ ကြောင်း၊ ZRA-EC အနေဖြင့် ဩဇာအာဏာ ရရှိခဲ့ကြတာက သူတို့ရဲ့ Supporter တွေကြောင့် ဖြစ်ကြောင်း၊ ယင်း ဆုံးရှုံးမှုတွေ အတွက် သူတို့ အနေနဲ့ ပြန်လည် ပေးဆပ်ဖို့ ထိုက်တန်ကြောင်း CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောပါတယ်။
“တချို့ ZRA-EC ရဲ့ အမာခံ supporter တွေနဲ့ SAC ရဲ့ လုပ်ငန်းကို ကူညီတဲ့ လူတွေ ကိုလည်း ကျနော်တို့ ဖမ်းဆီးခဲ့ တယ်။ သူတို့ အနေနဲ့ အမြင်မှန် ရလာတော့ ဒဏ်ကြေးငွေ ပေးဆောင်ခွင့် ပေးပြီး ခံဝန် လက်မှတ် နဲ့ ပြန်လွှတ်ပေးခဲ့တယ်။ ZRA-EC နဲ့ ပတ်သက်မှု မရှိပေမယ့် တခြားကိစ္စကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရတဲ့ လူတွေရှိတယ်။ သူတို့ကို ဒဏ်ကြေးတပြားတကျပ်မှ မယူဘဲ ပြန်လွှတ်ပေးခဲ့တယ်။ နေအိမ်တချို့လည်း ဆက်လက် ချိပ်ပိတ်ဖို့ရှိတယ်၊ ကျနော်တို့ CDF-Tonzang ကတော့ ZRA-EC နဲ့ ပတ်သက်သူတွေကို ဖမ်းတာ၊ နေအိမ် ချိပ်ပိတ်တာတွေလုပ်တာက သူတို့ကို အမြင်မှန်ရပြီး အလင်းဝင်လာစေချင်လို့ပါ။ သူတို့ကို သတ်ဖို့လုပ်ကြံဖို့ကျတော့ နဂိုကတည်းကအစီအစဉ်မရှိဘူး” လို့ နေအိမ်ချိပ်ပိတ်တာ၊ ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ရည် ရွယ်ချက်ကို ဦးထန်ဆွင်းမုန်က ပြောပါတယ်။ တွန်းဇံမြို့ကို CDF-Tonzang အပါအဝင် CNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေး တပ်ပေါင်းစုမှ သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ Tonzang Township Council ကို ဖွဲ့စည်းကာ အရပ်ဘက် အုပ်ချုပ်ရေးကို စတင်နေပါတယ်။ Read in Full
၁၇။ ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံး
July 18, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက် ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်ဟု PNDF-KK က ဓာတ်ပုံနှင့်အတူထုတ်ပြန်ထားသည်။ ဇွန်လ ဒုတိယအပတ်မှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်များကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယခုအခါ မြို့အနောက်မြောက်ဘက် ၁၁ မိုင်ကျော်အကွာရှိ ဆောင်းပြောင်းရွာတွင် ရောက်ရှိကာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုက ဟန့်တားတိုက်ခိုက်နေခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးထံမှ စိတ်ကြွဆေးပြားများ အလောင်းပေါ်တွင် လက်ဝယ်တွေ့ရှိရကြောင်း၊ ဟိုပုံးကိုရင်လေးနာမည်ပါ ကတ်ပြားတစ်ခုနှင့် အတူ သေဆုံးသူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အလောင်း လေးလောင်းရှိကြောင်း ထုတ်ပြန်ထားသောဓာတ်ပုံများအရ သိရသည်။
ဇူလိုင် ဒုတိယအပတ်တွင်လည်း လွိုင်ကော်မြို့သို့ မောင်းနှင်းလာသည့် ပြည်သူ့စစ် PNO ၃ ဦးနှင့် နမ်းဖာမူတိုက်ပွဲတွင် ပြည်သူ့စစ် PNO ၄ ဦးကို KNDF ကအရှင်ဖမ်းမိထားသည်ဟု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြော သည်။ ဆောင်းပြောင်းတိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် PNO မှ ဗိုလ်ကြီးအဆင့်ရှိ ခွန်မောင်မွေးလည်း သေဆုံးခဲ့ပြီး၊ စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက ဟန့်တားတိုက်ခိုက်သဖြင့် ဇူလိုင် ၂၉ ရက်က တပ်ဖွဲ့ ဝင် ၁၀ ဦးသေဆုံးကာ လက်နက်ငယ်တချို့လည်း သိမ်းဆည်းရမိ ကြောင်း သိရသည်။ လက်ရှိ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲ ကြောင့် စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး ၊စစ်ဘေးရှောင်အရေအတွက် သောင်းဂဏန်းအထိရှိကြောင်း စစ်ဘေးရှောင်ကူညီသူများကပြောသည်။ Read in Full
၁၈။ နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ
July 18, 2024
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစ SNA နဲ့ စစ်ကောင်စီစစ်သားတွေဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ စစ်ဆေးရေးဂိတ်အထိုင်ချပြီး တပ်သားသစ် အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးကပြော ပါတယ်။“နန့်မွန်းမြို့ထဲမှာကို ဂိတ်က နေရာ ၄ နေရာရှိတယ် အစစ်အဆေးများတယ်ဂိတ်အသစ်ထိုင်တဲ့ဟာတွေပဲ လူငယ် တွေ ကိုဆိုရင် သိပ်မသွားခိုင်းတော့ဘူး ဖမ်းတယ်။ လူငယ်ပိုင်းတွေကိုဖမ်းတာ ပြည်သူ့စစ်အတွက်ဖမ်းနေတာ ကချင်ကလေးတွေကို မဖမ်းဘူး ရှမ်းတွေကိုပဲဖမ်းတာ စုဆောင်းရေးပါ့ ဘာအကြောင်းပြချက်မှမရှိပဲဒီတိုင်းဖမ်းသွားတာ”လို့ ပြောပါတယ်။
လက်ရှိနန့်မွန်းမြို့ထဲ SNA နဲ့စစ်ကောင်စီတပ်တွေရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဟာ မြို့အထွက်မှာတစ်နေရာ၊နန့်မွန်း မြို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာနဲ့ နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာ စုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာကြောင့် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီလို့ ဒေသခံတွေကဆိုပါတယ်။“အသက် ၂၀ ကျော်လူငယ်တွေဆိုဖမ်းတယ် အများကြီးဖမ်းသွားပြီကောမနည်းတော့ဘူး စျေးသွား စျေးလာကစ စစ်ဆေးတာတွေလုပ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ မနေ့ကအထိ ဖမ်းဆီးခံရတဲ့လူငယ် ၅၀ ဦးခန့်ရှိပြီလို့သိရပြီး အဲ့ဒီလူငယ်တွေကို ငွေနဲ့ပြန်ရွေးထုတ်ခွင့်မပေးသလို လတ်တလော မိဘတွေနဲ့လည်းတွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီးဒေသထဲက ဝှေလုံ ၊ ချောင်းဝ၊ ညောင်ပင် တပ်စခန်းတွေသိမ်းပိုက်ခံရပြီးနောက် ဇွန်လ တတိယပတ်ကတည်းကနေ နန့်မွန်းမြို့ထဲ အင်အား အလုံးအရင်းနဲ့တပ်ထိုင်လာတာ ဖြစ်ပါတယ်။ Read in Full
၁၉။ တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များတွင် ဝမ်းရောဂါ ပိုမိုဖြစ်ပွားလာ
July 18, 2024
တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများတွင် ယခုလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ပိုမို ဖြစ်ပွားလာ ကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူများကပြောသည်။ စစ်ဘေးရှောင်အများစုနေထိုင်သည့် နေရာများတွင် သောက်သုံးရေ သန့်ရှင်းစွာ မရရှိမှုများအပြင် အစားအသောက်များနှင့် လူနေထိုင်မှုစနစ် ပတ်ဝန်းကျင် မသန့်ရှင်းမှုများကြောင့် ယခင်နှစ်တွင် ဝမ်းရောဂါပိုမိုဖြစ်ပွားလာခြင်းဖြစ်ကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေး အဖွဲ့မှတာဝန်ရှိသူ အမျိုးသမီးတစ်ဦးကပြောသည်။“စာရင်းအတိအကျ ပြုစုနိုင်ဖို့အတွက်တော့ လုပ်ဆောင်နေတုန်းဘဲ။ ဘာလို့လဲဆိုတော့ အမြဲတမ်းစစ်ဘေးရှောင်နဲ့ ယာယီစစ်ဘေးရှောင်တွေနဲ့က အတူတူနေထိုင်နေကြတာဖြစ်တဲ့အတွက်ကြောင့်ပေါ့။ ကာလဝမ်း ရောဂါ အဆင့်ထိတော့မရောက်သေးဘူး အများစုကတော့။ ယာယီစစ်ဘေးရှောင်တွေမှာ ပိုပြီးအဖြစ်များတာတွေ့ရတယ်။ ပိုပြီး အဖြစ်များတာကတော့ သက်ကြီးရွယ်အိုတွေထက် အသက်နှစ်ဆယ်ဝန်းကျင်နဲ့ အထက်တွေမှာ ပိုပြီးအဖြစ်များတာကိုတွေ့ရတယ်။” ဟု ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်များတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများအနေဖြင့် ဘေးလွှတ်ရာ တောတောင်များတွင် နေထိုင်နေရသလို စစ်ကောင်စီမှ ရိက္ခာသယ်ဆောင်ရာလမ်းကြောင်းအများစုကို တားမြစ်ထားသောကြောင့် သန့်ရှင်းသည့် သောက်သုံးရေမရရှိခြင်း၊ စခန်းအတွင်း ယင်လုံအိမ်သာ လုံလောက်စွာမရှိခြင်းအပြင် ဆေးဝါးလုံလောက်စွာမရရှိခြင်းတို့ကြောင့် ယခုလို နောက်ဆက်တွဲဖြစ်လာရခြင်း ဖြစ်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။“ခန့်မှန်းသလောက်ဆိုရင် ရာနဲ့ချီပြီးတော့ ရှိလာပြီး။ တောထဲမှာဆိုတော့ မိုးတွင်းကစိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်လာစေတော့ နေရာထိုင်ခင်းမသန့်ရှင်းတာက ပိုဆိုးတဲ့အနေအထားမှာဖြစ်တယ်။ ပုံမှန် ဝမ်းရောဂါကို ကုဖို့အတွက်တောင် ဆေးအလုံအလောက်မရှိတဲ့ပြဿနာ ဖြစ်နေတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။ တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည့် နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ရှောင်ပြည်သူ (၆၀,၀၀၀) နီးပါးအထိ ရှိလာပြီး အမြဲတမ်းစစ်ရှောင်ပြည်သူ (၂၀,၀၀၀) ကျော် နှင့်ယာယီစစ် ဘေးရှောင် (၄၀,၀၀၀)အထိရှိနေကြောင်း ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာ အရ သိရသည်။ Read in Full
၂၀။ စစ်ကောင်စီစစ်ကြောင်းထိုးနေရာယူလာတဲ့အတွက် လွိုင်ကော်မြို့ပတ်ဝန်းကျင်ကစိုက်လက်စ စပါးခင်းတွေပစ်ထားခဲ့ရ
July 18, 2024
တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ ထိန်းသိမ်းထားတဲ့လွိုင်ကော်မြို့ပတ်ဝန်းကျင်နဲ့အနီးအနား ကျေးရွာ တချို့ မှာ ဒေသခံတွေက စပါးတွေပြန်စိုက်ထားကြပြီး ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းမှာ စစ်ကောင်စီက လွိုင်ကော်မြို့ကို စစ်ကြောင်းထိုးနေရာပြန်ယူလာတဲ့အတွက် ဒေသခံတွေဟာစိုက်လက်စ စပါးခင်းတွေကို ပစ်ထားခဲ့ရတယ်လို့ စပါးစိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။ လက်ရှိမှာ စပါး ပျိုးနှုတ်တာတွေ၊ ဆေးဖြန်းတာတွေ လုပ်ရမယ့် အချိန်ဖြစ်ပေမယ့် နေရပ် မပြန် ရဲဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။ စပါးခင်းတွေ ပျက်စီးဆုံးရှုံးတာ အပြင် မရိတ်သိမ်းနိုင်မှာ စိုးရိမ်မိတယ်လို့ လွိုင်ကော် မြို့ခံ တစ်ဦးက ပြောပါတယ်။ “ဇွန်လ ၁၅ ရက်လောက်က စပါးစိုက်တယ်။ ခုဆို တစ်လကျော်လောက်ရှိပါပြီ။ စပါးက နှစ် ဧက နီးနီးစိုက်ထားတယ်။ တစ်ချို့က သုံးဧက လောက်စိုက်ကြတယ်။ ဘာကြောင့် ပြန်စိုက်လည်ဆိုတော့ စိုက်စရာဆိုလို့ အဲ့မှာပဲရှိ တယ်ကော။ ဒီဖက်ရောက်လာစစ်ရှောင်တော့လည်းသူများခုချိန် စားဝတ်နေရေးခက်ခဲတော့ သူ့မြေနဲ့ကိုယ်မြေ အပြိုင်အဆိုင် လုပ်ကြတော့ ကိုယ်လုပ်စရာမှမရှိတော့တာ။ အဲ့ကြောင့်ကိုယ်မြေကိုယ်ပြန်လုပ်ကြတာပေါ့” လို့ ကိုရော့ကီက ဆိုပါတယ်။
ကရင်နီစစ်ရှောင်အများစုဟာ စားဝတ်နေရေး ခက်ခဲပြီး စစ်ရှောင်တဲ့နေရာတွေမှာလည်း ဒေသခံတွေ၊ အရင်ရောက်နှင့် နေသူတွေက စိုက်ပျိုးထားကြတာဖြစ်တဲ့အတွက် လုပ်ကိုင်စရာမြေမရှိတာကြောင့် သူတို့ရဲ့ နေရပ်တွေကို တော်လှန် ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့အချိန်မှာ အရဲစွန့်ပြီး စပါးပြန်လာစိုက်ကြတာဖြစ်တယ်လို့ လွိုင်ကော်မြို့ခံ ကိုရော့ကီက ပြောပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းကစပြီး လွိုင်ကော်မြို့ပေါ်နေရာအများစုကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေရာပြန် ယူနေတဲ့အတွက် စပါးစိုက်ပျိုးထားတဲ့ ဒေသခံပြည်သူတွေ စပါးခင်းတွေကို ပြန်ကြည့်ဖို့ စိုးရိမ်မှုတွေရှိလာသလို အခက်ခဲတွေ လည်းတွေ့ကြုံနေရတယ်လို့ဆိုပါတယ်။“နောက်ပြီးတော့(စပါးခင်း)ဟိုရောက်တော့လည်း လယ်ထဲအရင်ချောင်းကြည့်ရတယ်။ သူများရှိလား မရှိလား။ သူများနည်းနည်းပါးပါးရှိမှသွားရတယ်။ ဒါပေမဲ့ သွားကြည့်တဲ့အခါမနက်ပိုင်းပဲရတယ်။ အချိန်အကြာကြီး သွားမကြည့်နဲ့။ စစ်ကောင်စီဖက်ကနေ ပစ်လာတဲ့ ပွိုင့် 5 က ခေါင်းပေါ် ရောက် လာလိမ့်မယ်။ ပြီးတော့ ခေါင်းပေါ်မှာ ဒရုန်းတွေပဲ။ ယင်ကောင်စိမ်းလိုမျိုးပဲ။ မကြည့်ပြန်တော့လည်းမရ ကြည့်ပြန်တော့လည်းအသက် အန္တရာယ်စိုးရိမ်ရတာပေါ့” လို့ တောင်သူတစ်ဦးက ဆိုပါတယ်။ “ခုဆိုလည်း စပါးတစ်အိတ် တစ်သိန်းနီးပါးရှိတယ်။ နောက်အလှူရှင်ကလည်း ဝေးဝေးတစ်ခါဘာမရှိပဲ ကလေးများတဲ့ ကျနော်တို့လိုက ပိုဆိုးတာပေါ့။ စားဖို့သာက်ဖို့က ပိုခက်ခဲတာပေါ့ မျှော်လင့်ချက်မဲ့သွားတာပေါ့”လို့ လွိုင်ကော် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ Read in Full
၂၁။ သိန္နီဈေးကို လေယာဉ်ဖြင့် ဗုံးကြဲ၊ ပြည်သူများထိခိုက်
July 19, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာ အများပြည်သူတွေရှိနေတဲ့ဈေးကို ဇူလိုင် ၁၈ ရက် ညနေပိုင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲလို့ ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရကာ သေဆုံးသူတွေလည်း ရှိကြောင်း ဒေသခံတွေဆီ က သိရပါတယ်။ ဒေသခံ အမျိုးသားတဦးက “မနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၅ နာရီဝန်း ကျင်ခန့်က Y12 နဲ့ သိန္နီမြို့မှာ ၄ ကြိမ် ဝဲပြီး ဗုံးလာကြဲသွားတယ်။ သိန္နီဈေးမှာ လာကျတဲ့ ဗုံးက ပြည်သူ အယောက် ၂၀ ကျော် ထိသွားတယ်” လို့ ပြောပါတယ်။ ဈေးမှာ ဖြစ်တာကြောင့် ညနေပိုင်း ဈေးရောင်းသူ ဝယ်သူတွေ စည်ကားနေချိန် ဖြစ်တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်ဒေသခံတဦးက “ဟုတ်တယ်။ မနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီကျော် ဝန်းကျင်ခန့်က သိန္နီဈေးမှာ လေကြောင်း ဗုံးလာကြဲတာ။ အဲဒါကြောင့် လူ အယောက် ၂၀ လောက် ထိခိုက်ဒဏ်ရာ ရသွားသူတွေရာ၊ သေဆုံးသူတွေရောပဲ။ ကွတ်ခိုင် ဆေးခန်းဘက်လည်း လူနာတွေ သယ်လာတယ်။” လို့ ပြောပါတယ်။ ဈေးမှာ လာကြဲတာကြောင့် ဈေးဆိုင်ခန်းတွေ အကုန်ကြေမွ ပျက်စီးသွားပြီး လူဘယ်လောက် သေဆုံးလဲ၊ ဘယ်လောက် ဒဏ်ရာရလဲ ဆိုတာတော့ အသေးစိတ် မသိရသေးဘူး လို့ သူက ပြောပါတယ်။ စစ်ကောင်စီနဲ့ နီးစပ်သူတွေကတော့ စစ်ရေးဗျူဟာအရ အနီးနားဝန်းကျင်မှာ MNDAA စစ်သားတွေ စောင့်ကြပ်၊ သွားလာ လှုပ်ရှားနေတာကြောင့် ဗုံးကြဲတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ပတ်ခန့်က ပြည်သူတွေကို ထွက်သွားဖို့ သတိပေး ထားကြောင်း လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ Read in Full
၂၂။ မွန်ပြည်နယ်မှာ ဆေးဝါးပစ္စည်းအများစု ဝယ်မရတဲ့အထိ ပြတ်လပ်လာ
July 19, 2024
မွန်ပြည်နယ်အတွင်းရှိ ဆေးရုံ၊ဆေးခန်းနဲ့ ဆေးဆိုင်အပါအဝင်ဆေးကုမ္ပဏီတွေမှာပါ ဆေးဝါးပစ္စည်းအများစု ဆိုးဆိုး ရွားရွားပြတ်လပ်လာတာကြောင့် ဆေးကုသဖို့ပင် အခက်အခဲရှိလာတယ်လို့ ဆရာဝန်တွေနဲ့ ဆေးဆိုင်လုပ်ငန်းရှင်တွေကပြောပါ တယ်။ ဒေသတွင်းမှာ ဆိုးဆိုးရွားရွား ပြတ်လပ်လာတဲ့ ဆေးဝါးတွေဟာ မဖြစ်မနေအသုံးပြုနေရတဲ့ သွေး တိုး၊ ဆီးချိုဆေးတွေ၊ နှလုံးဆေး၊ ကျောက်ကပ်ဆေးအပါအဝင် တခြားသောက်ဆေးနဲ့ ထိုးဆေးတွေကအစ ဈေးကွက်အတွင်း ပြတ်လပ်နေတာပါ။ ဆေးဝါးပြတ်လပ်မှုဟာ စစ်ကောင်စီက ဆေးဝါးတင်သွင်းခွင့်တွေ တင်းကျပ်ထားတာကြောင့် ဆေး ဝါးတင်သွင်းရ ခက်ခဲလာတာ၊ အခွန်အခဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ဒေါ်လာဈေးနှုန်း အဆမတန်မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။ ဆရာဝန်တစ်ဦးကတော့ နာတာရှည် စွဲသောက်ရတဲ့ ဆေးတွေအပါအဝင် မဖြစ်မနေ အသုံးပြုရတဲ့ ဆေးတွေကအစ ပြတ်လပ် လာတာကြောင့် ရှိတဲ့ဆေးနဲ့သာ လူနာတွေကို ကုသပေးနေတယ်လို့ ပြောပါတယ်။“အဓိကတော့ ဆေးဝါးအကြီးကြီးတွေပေါ့။ နာတာရှည် စွဲသောက်ရတဲ့ဆေးတွေ တော် တော်များများ ပြတ်လပ်မှုရှိတယ်။ ဆေးအမျိုးအစား အားလုံးနီးပါးပါပဲ။ နှလုံးဆေး လိုဟာမျိုး၊ ကျောက်ကပ်ဆေးလိုဟာမျိုးလည်း ပြတ်တယ်ခင်ဗျ။ မဖြစ်မနေသုံးရမယ့် ဆေးတွေလည်းပြတ်တယ်။ နောက်တား ဆေးလိုမျိုး လွယ်လွယ်ကူကူရတဲ့ ဆေးတောင် ပစ္စည်းမရှိတော့ဘူး။ ကျွန်တော်တို့ကရှိတဲ့ ဆေးနဲ့ ဖြစ်သလို ကုရတဲ့သဘောဖြစ် နေတာပေါ့”လို့ ဆိုပါတယ်။
ဆေးဝါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်နေတာကြောင့် တချို့ဆေးဝါးတွေကို အစားထိုးဆေးဝါးတွေနဲ့ အသုံးပြုနေရ သလို တချို့ဆေးတွေဟာ လုံးဝမရှိတော့တဲ့အတွက် ဆေးကုသဖို့ အဆင်မပြေတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆရာဝန်က ထပ်လောင်းပြောဆိုပါတယ်။ ဆေးဆိုင်လုပ်ငန်းရှင်တစ်ဦးက ဆေးဝါးပစ္စည်း ပြတ်လပ်မှုဟာ ဒေါ်လာဈေနှုန်း အဆမတန်မြင့် တက်လာတာ၊ ဆေးဝါးတင်သွင်းခွင့် အခက်အခဲတွေကြောင့်ဖြစ်ပြီး ပြည်နယ်အတွင်းမှာ ဆေးဝါးပြတ်လပ်မှုကို လွန်ခဲ့တဲ့နှစ်လ ကတည်းက စတင်ရင်ဆိုင်နေရတာလို့ ပြောပါတယ်။ “ဆေးကတော့ ပြတ်တာက နည်းနည်းတောင် ကြာသွားပြီ။ နှစ်လလောက် တောင် ရှိသွားပြီ။ တော်တော်များများ ပြတ်နေကြတာလေ။ တချို့ဟာတွေတော့ ပြန်ဝင်တယ်။ တချို့ ဟာတွေတော့ မဝင်ဘူး ပေါ့။ တော်တော် များများတော့ ပြတ်နေကြတယ်။ အမြဲသောက်နေကျဆေးတွေ ပြတ်တယ်။ အရင်တုန်းကကျ ဂိုထောင်မှာ ရှိတဲ့ ဆေးကို ထိန်းထိန်းရောင်းရင်းနဲ့ လက်ကျန်ဆေးက မဝင်လာတော့ ပြတ်တာစဖြစ်လာတာပေါ့။ တော်တော်များများက ဒေါ်လာ ဈေးကြောင့်ရယ်၊ ဆေးဝါးတင်သွင်းခွင့်ရယ် အဲဒါတွေကြောင့် ပါတာပေါ့”လို့ ဆိုပါတယ်။ဆေးဈေးကွက်အတွင်း ဆေးဝါးပြတ်လပ် မှု ဆိုးဆိုးရွားရွား ဖြစ်နေတာကြောင့် ဆေးကုမ္ပဏီတချို့မှာ လက်ကျန်ဆေးဝါးမရှိတဲ့အတွက် အရောင်းပိတ်ထားတာတွေရှိသလို တချို့ဆေးဆိုင်တွေမှာတော့ လူသုံးနည်းတဲ့ ဆေးဝါးတွေလောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ Read in Full
၂၃။ KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား
July 19, 2024
ကချင်ပြည်နယ် ဖားကန့်မြိို့နယ် KIO ထိန်းချုပ်ထားတဲ့ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်း ပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ KIA/KPDF သိမ်းပိုက်ထားတဲ့ ဟောင်ပါးကျေးရွာ အုပ်စုထဲက တာမခံ၊ ခိုမ၊ ဟွေဆိုင်း၊ နတ်ရေတောင်၊ ရွှေတောင်ကျော်၊ နန့်ပါဟုတ်၊ နန့်စပိန်း စတဲ့ကျေးရွာတွေမှာ ကျောင်းပေါင်း ၂၀ ကျော်အထိဖွင့်လှစ်ထားနိုင်ပြီလို့ တာမခန်ကျေးရွာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန် ရှိသူတစ်ဦးက ပြောပါတယ်။“ဖွင့်တယ် ကျောင်းတွေအားလုံး ဇွန်လ ၅ ရက်နေ့ကနေစပြီး အားလုံးဖွင့်တယ် စုစုပေါင်းဆိုရင်ကျောင်းပေါင်း ၂၃ ကျောင်းလောက်ရှိမယ် အုပ်စုထဲမှာပေါ့။ ဒီတာမခံအထက်တန်းကျောင်းကတော့ ဒေသကျောင်းကော်မတီနဲ့ရပ်မိရပ်ဖတွေနဲ့ကျောင်းသားမိဘတွေ ပေါင်း ပြီးဖွင့်တာ ကော်မတီကျောင်း”လို့ သူကပြောပါတယ်။ လက်ရှိဖွင့်ထားတဲ့ကျောင်းတွေအားလုံး KIO ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး NUG နဲ့ချိတ်ဆက်တဲ့ကျောင်း၊ ရပ်ကျေးနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်ထားတဲ့ကျောင်း၊ KIO တိုက်ရိုက် သင်ကြားတဲ့ ကျောင်းဆိုပြီး ကျောင်းအမျိုးအစားသုံးမျိုးရှိတယ်လို့ အထက်ဖော်ပြပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
“ကျောင်းကပုံစံက သုံးမျိုးကွဲနေတာ NUG ကျောင်းရှိတယ် KIO ပညာရေးကျောင်းရှိတယ် ပြီးတော့ ခုနပြောတဲ့ ဒေသ ကော်မတီတွေက ဦးဆောင်ဖွင့်တဲ့ ဒေသပညာရေးကော်မတီကျောင်းတွေရှိတယ် ဒါပေမယ့်သင်ရိုးအားလုံးက နဂိုသင်းရိုးတွေ ပဲ”လို့ သူကဆက်ပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ NUG အစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ဆောင် ရွက်တဲ့ NUG ကျောင်း၊ ဒေသ ကော်မတီကတိုက်ခိုက်စီမံခန့်ခွဲတဲ့ ဒေသပညာရေးကော်မတီကျောင်းနဲ့ KIO ကတိုက်ရိုက်စီမံတဲ့ KIO ပညာရေးကျောင်း သုံးမျိုး ထဲမှာ အများပိုင်းက ဒေသပညာရေးကော်မတီကျောင်းတွေဖြစ်ပြီး ကျောင်းအားလုံး KIO ရဲ့ထောက်ပံ့မှုအောက်မှာရှိတယ်လို့သိ ရပါတယ်။ လက်ရှိဖွင့်လှစ်နေတဲ့ကျောင်းပေါင်း ၂၃ ကျောင်းထဲမှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူပေါင်း ၅၀၀၀ ကျော်၊ သင်ကြားရေး ဆရာ/ဆရာမပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး မူလတန်းနဲ့ အလယ်တန်းအဆင့်အတွက် သင်ကြားရေးပိုင်းမှာ အဆင်ပြေပေမယ့် grade 11 နဲ့ Grade 12 အတွက် သင်ကြားရေးပိုင်းမှာ အတိုင်းတာတစ်ခုထိရောက်ဖို့ လိုအပ်ချက်တွေရှိနေ တယ်လို့ဟောင်ပါးကျေးရွာနေ အထက်တန်းကျောင်းသားမိဘတစ်ဦးကပြောပါတယ်။“ကျွန်မတို့ဟောင်ပါးမှာကNUG ကျောင်း နဲ့ ဒေသကော်မတီကျောင်းရှိတယ် ကျွန်မကလေးကိုက ဒေသကော်မတီကျောင်းမှာထားတယ်။ သင်ကြားရေးပိုင်းတော့ သိပ်အား မရဘူး အထက်တန်းပိုင်းမှာပေါ့လေ အခု Grade 12 ကသင်ကြားရေးမှာက ကျောင်းမပီးသေးတဲ့ဘွဲ့မရသေးတဲ့ နှစ်ယောက်ပါ တော့ လိုအပ်ချက်တွေရှိနေတယ်”လို့ ပြောပါတယ်။ Read in Full
၂၄။ ဖယ်ခုံမြို့နယ်၊ စစ်ရှောင်စခန်းက စာသင်ကျောင်းတွေမှာ ကျောင်းသင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက်များနေ
July 18, 2024
ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ ကိုယ်ထူကိုယ်စစ်ရှာင်စခန်းက စာသင်ကျောင်းအများစုမှာ ကျောင်းဖွင့်လှစ်နေပြီဖြစ်ပေ မယ့် သင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက်များနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေထံကနေ သိရပါတယ်။“ဖယ်ခုံမြို့နယ်က ကျောင်းအတော်များများမှာ သင်ထောက်ကူပစ္စည်း မလုံလောက်တာတွေရှိတယ်။ ဆရာ၊ ဆရာမ ပံ့ပိုးပေးထား တဲ့ အသင်းအဖွဲ့ကိုယ်၌ကလည်း သင်ထောက်ကူပစ္စည်းကျ ကူညီပေးဖို့ အခက်အခဲရှိတာမျိုးတွေ့ရတယ်။ လက်ရှိ လမ်းကြောင်း အခြေအနေကြောင့် ပစ္စည်းမှာယူတဲ့နေရာမှာ ကြံ့ကြာတာမျိုးဖြစ်နိုင်သလို၊ ငွေကြေးအခက်အခဲကြောင့်လည်း သင်ထောက်ကူ ပစ္စည်းကို မထောက်ပံ့ပေးနိုင်တာမျိုး ဖြစ်နိုင်တယ်။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။ စစ်ရှောင်စခန်းနဲ့ ကျေးရွာ တချို့တွေမှာတော့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်နေတာဖြစ်ပြီး လိုအပ်ချက်တွေ များပြားနေတာဖြစ်ပါတယ်။ လိုအပ် ချက်များစွာရှိတဲ့ကြားကနေ ကျောင်းသားမိဘတွေနဲ့ ပညာရေးဝန်ထမ်းတွေ စုပေါင်းပြီး စာသင်ကျောင်းကို ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
စာသင်ကျောင်း လိုအပ်ချက်နဲ့ပတ်သက်ပြီး လက်လှမ်းမီတဲ့ကျေးရွာနဲ့ စစ်ရှောင်စခန်းကနေ တောင်းဆိုမှုတွေရှိနေတယ် လို့ ကယန်းအမျိုးသမီးအဖွဲ့အစည်း (KyWO) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“စစ်ရှောင်စခန်းမှာက ဖွင့်တဲ့ကျောင်းတွေ လည်းရှိတယ်။ တချို့ကျေးရွာတွေမှာလည်း ဖွင့်ထားတဲ့ ကျောင်းတွေလည်း ရှိတာပေါ့နော်။ ကျောင်းသင်ထောက်ကူပစ္စည်းတွေ၊ ကျောင်းပရိဘောဂတွေ၊ စာရေးကိရိယာတွေက ကျောင်းတိုင်းလိုလို အခက်အခဲဖြစ်နေတာကိုလည်းတွေ့ရတယ်။ အဲ့ထဲမှာမှ ကျမတို့ လက်လှမ်းမှီရောက်ရှိတဲ့ ကျေးရွာတွေ စခန်းတချို့ရဲ့ တောင်းဆိုအကြုံပြုလာချက်အရ သိရတာပေါ့နော် လိုအပ်ချက် တွေက”လို့ KyWO ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖယ်ခုံမြို့နယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းပေါင်း ၃၀ ဝန်းကျင် ရှိပြီး ကျောင်းသားဦးရေ ၂၀၀၀ ကျော်ရှိတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ ပညာရေးဌာနထံကနေ သိရပါတယ်။ Read in Full
၂၅။ စမ်းရေကြည်အနီးတဝိုက်ရှိစစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်
July 19, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စမ်းရေကြည်အနီးတဝိုက်ရှိ စစ်ရှောင်များအရေးပေါ်စားနပ်ရိက္ခာ လို အပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးထံမှ သိရှိရပါသည်။ ပင်လောင်းတောင်ဖက်တိုက်ပွဲကြောင့် စမ်းရေကြည်အနီးတဝိုက် ရှိ သရက်အုပ်၊ တအိုမုတ်၊ လုံကန်၊ ထီးကာ၊ နန်းဟူး ၊ယပ်စပ်ကျေးရွာတွင် ရှိသည့် စစ်ဘေးရှောင်ပြည်သူတစ်ထောင်ခန့် အခြေခံ စားနပ်ရိက္ခာများနှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်းသိရှိရသည်။“အလှူရှင်တွေလည်းမလာတော့လေတော်တော်ကို လိုအပ်နေတယ် ပြေးရတာရက်ကြာလာတော့ စားသောက်ဖို့ကအရမ်းခက်ခဲလာတယ် အလုပ်အကိုင်လည်းမရှိကြတော့ ရောက် တဲ့ရွာမှာလည်း နေ့စားမခေါ်ကြတော့ အရမ်းအဆင်မပြေဖြစ်နေကြတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးကပြောသည်။
ပင်လောင်းတောင်ဖက်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူအ မြောက်အများ တိမ်းရှောင်နေကြရသည်။ ပင်လောင်းဖက်တွင် အရပ်ဖက်အဖွဲ့အစည်း နည်းပါးသလို စစ်ဘေးရှောင်ကူ ညီသူ များနည်းပါးသည့်အတွက် ပြည်သူများ များစွာအခက်အခဲကြုံတွေ့နေကြရကြောင်းသိရသည်။ Read in Full
၂၆။ မွန်-ကရင်နယ်စပ်က ရွာများတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ စစ်ရေးပြင်
July 18, 2024
မွန်-ကရင်နယ်စပ်က ရွာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်နေတာကြောင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေဘက်ကပါ စစ်ရေးပြင်ဆင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်ကကျေးရွာတွေကို စစ်ကောင်စီ က ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဇူလိုင်ဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီက မြေပြင်၊ ရေပြင်ကနေ ထပ်မံအင်အားဖြည့်တင်းနေတဲ့အပြင် စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်းကနေ ပြန်လည်ထွက်ခွာသွားတာမရှိဘဲ ကျွန်းကုန်းရွာကနေ ကော့ဝမ်းရွာအထိ စစ်အင်အား တိုးချဲ့ချလာတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ “သူတို့ဘက် စစ်ရေးပြင်ဆင် ကျနော်တို့လည်းပြင်ဆင်နေတယ်။ သူတို့ဘက်က ကျွန်းကုန်းကနေ ကော့ဝမ်းအထိ တိုးလာတယ်။ စစ်အင်အား က တိုးချဲ့ချလာတယ်။ ဓမ္မသပ်မှာဆိုရင် သံချပ်ကာကား ၂ စီးထားထားတယ်။ သူတို့ဘက်က စစ်ရေးပြင်ဆင်တာ တော်တော်လေးကို ထိထိရောက်ရောက်ပြင်ဆင်တာကို တွေ့နေရတယ်။” ဧပြီ ၂၅ ရက်က ကော့ဘိန်းရဲစခန်းကို ပြန်လည်သိမ်းယူခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင် ရောက်နေထိုင်ဖို့ ဖိအားပေးခေါ်ယူခဲ့ပါတယ်။
ဒါအပြင် စစ်ကောင်စီက နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်း နဲ့ဗုံးကြဲချတိုက်ခိုက်တာတွေ လုပ်ဆောင်နေ တာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အပြင် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ခဲယမ်းတွေ ဖြည့်တင်းထားတာကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက“တိုက်ပွဲတွေက ထပ်ဖြစ် ဖို့ရှိတယ်။ မွန်ပြည်သစ်ပါတီနဲ့ BGF ၂ ခုက သူတို့လှုပ်ရှားတာ ပြင်ဆင်တာတွေများတယ်။ သူတို့ လက်နက်တွေ ဖြည့်ထားတာရှိတယ်။ ဂျိုင်းမြစ်တလျှောက် ကော့ဘိန်း၊ ဓမ္မသတို့မှာ အရင်ထက် အမြောက်ကြီးတွေ ထပ်ဖြည့်ထားတာရှိတယ်။ လူတွေက တော့ အရိပ်မပြသေးဘူး။ အရပ်ဝတ်ပုံစံနဲ့ သွားလာနေကြတယ်။ ဒေသခံတွေက တိုက်ပွဲဖြစ်မှာ စိုးရိမ်နေကြတယ်” လို့ ပြောပါ တယ်။ Read in Full
၂၇။ ဒီးမော့ဆိုကိုရောက်ရှိလာတဲ့ လွိုင်ကော်စစ်ရှောင် အိမ်ခြေ ၆၀ အတွက် အကူညီတွေလိုအပ်နေဆဲ
July 19, 2024
လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲကို တိမ်းရှောင်လာကြတာ ၇ လဝန်း ကျင်ရှိနေပြီဖြစ်တဲ့ လွိုင်ကော်စစ်ရှောင်တွေအတွက် လက်ရှိမှာ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေဆဲဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိမှာ အိမ်ခြေ ၆၀ ဝန်းကျင်ဟာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျေးရွာတစ်ခုမှာ မှီခိုနေထိုင်နေပြီး နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ရွာခံတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ရွာမှာ လာမှီခိုပြီးတော့ ကျနော်တို့ကိုယ်တိုင်ကလည်း မလှူနိုင်၊ မဒါန်းနိုင်ခါကျတော့ သူတို့ခမြာလည်း စစ်ရှောင်မှ တော့ အဝေးကနေလာပြီးတော့ စစ်လာရှောင်တာပေါ့နော်။ သူတို့စစ်ရှောင်စခန်းဆိုတဲ့အရာကို ကျနော်တို့မလိုချင်ဘူး၊ ကျနော် တို့ရွာကြားမှာဘဲ အိမ်အလွတ်တစ်လုံး၊ နှစ်လုံးဘဲဖြစ်ဖြစ်လွတ်တဲ့အိမ်ကို တစ်မိသားစု၊ နှစ်မိသားစု၊ တချို့လူကျတော့ သုံးမိသား စု၊ လေးမိသားစုဝင်ပြီးတော့ အတူတူနေတာရှိတယ်။ အိမ်နံဘေးမှာ တဲထိုးပြီးတော့ အိမ်နဲ့တစ်ဆက်တည်း မိုးကာမိုးပြီးတော့ သူတို့နေရတာပေါ့။ ကျနော်တို့ ရွာခံကလည်း သူတို့ကို ဘာတစ်ခုမှ မလုပ်ပေးနိုင်တဲ့အခါကျတော့ အားတော့နာတယ်။ အဲ့တာ ကြောင့်မို့လို့ ရွာခံအနေနဲ့ IEC ဘဲ ဖြစ်ဖြစ်၊ တခြားအဖွဲ့အစည်းဘဲ ဖြစ်ဖြစ်၊ အလှူရှင်ဘဲဖြစ်ဖြစ် လှူပေးပါအုံးလို့ ကျနော်အကူအညီ တောင်းချင်ပါတယ်။ ” လို့ ရွာခံတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်ရာမှာလည်း ထပ်ဆင့်တိမ်းရှောင်ရတဲ့အတွက် ကုန်ကျစရိတ်တွေ များပြားလွန်းတာကြောင့် တဲဆောက် နေထိုင်မယ့် ကုန်ကျစရိတ်ကို မတတ်နိုင်သူတွေလည်း ရှိနေပါတယ်။“အခက်အခဲမျိုးစုံရှိတယ်ပေါ့နော်၊ နေရေးထိုင်ရေးက အစပေါ့။ လောလောဆယ် ဒီကားပေါ်မှာဘဲ အိပ်တယ်၊ အခုက ဘယ်နလလောက်နေရမလဲ မသိတဲ့အတွက် အခု တဲဆောက် ချင်တယ်။ ဒါပေမဲ့ ရှိတဲ့ ပိုက်ဆံနဲ့ ဖျာ၊ မိုးကာတွေဝယ်အုံး၊ ထပ်ပြေးရမယ်ဆိုရင် အလကားဖြစ်နေမှာစိုးလို့ မိသားစုက ဒီတိုင်း မိုးကာပေါ်မှာဘဲ အိပ်တယ်။” လို့ ဒန်ဘန်ကား ပေါ်မှာပဲ အိပ်နေရတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ ရွာခံတွေအနေနဲ့ တတ်နိုင် သလောက်ကူညီဆောင်ရွက်ပေးတာတွေရှိပေမဲ့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အတွက် လိုအပ် ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။ “ဆန်နဲ့ဆီမရပါဘူး။ ထောက်ပေးတဲ့သူ မရှိဘူးကော။ အရင်အခြားစစ်ရှောင်တုန်းကဆိုရင် ရပါတယ်၊ အခုတော့မရတော့ဘူး။ အဘွားအတွက် လိုအပ်တာကတော့ ပိုက်ဆံနဲ့ဆန်ပေါ့။”လို့ လွိုင်ကော်စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။ Read in Full
၂၈။ စစ်ဘေးဒုက္ခသည်တစ်ထောင်ကျော် သီပေါမှာ ခိုလှုံ
July 19, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တစ်ထောင်ဝန်းကျင်ကို စားနပ်ရိက္ခာ တွေ အကူအညီပေးနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)က ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တစ်ကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကောင်စီတပ်နဲ့ SSPP ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်မတော် (MNDAA) တပ်တွေကြား ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် သီပေါ မြို့နယ်၊ နမ့်လန်မြို့နဲ့ မိုင်းခေးရွာဘုန်းကြီးကျောင်းကို ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည် ၉၄၄ ဦး ကို ကူညီပေးခဲ့တာလို့ ဆိုပါ တယ်။ စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဇူလိုင် လ ၁၇ ရက်နေ့က သွားရောက်ကူညီပေးခဲ့တာလို့ SSPP တာဝန် ရှိသူက ပြောကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
“နေရပ်ဒေသတွေက ထွက်ပြေးလာကြတာဆိုတော့ စားဝတ်နေရေး အခက်အခဲ ရှိလာတာပေါ့။ ဒါကြောင့် အဖွဲ့က ဆန် က ၁၀၅ အိတ်၊ မြေပဲဆီက ၁၁ ပုံးနဲ့ ကြက်ဥ ၁၁ ကတ်ကို သွားပြီးတော့ ကူညီပေးခဲ့တာပါ။ ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် ငွေကျပ် ၁၀၅ သိန်းကိုလဲ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး ကော်မတီတွေကို ပေးအပ်ခဲ့ပါတယ်” သီပေါမြို့နယ် ဆင်ကျော့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ လားရှိုးနဲ့ မိုင်းရယ်မြို့နယ်တွေက စစ်ဘေးဒုက္ခသည် လေးရာကျော်ကိုလည်း ဇူလိုင်လ ၁၀ ရက် နေ့မှာ သွားရောက်ကူညီထားကြောင်း SSPP အဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ TNLA နဲ့ MNDDA တပ်ဖွဲ့ က တစ်ဖက်သတ် စစ်ကောင်စီကို အပစ်ရပ်စဲကြောင်း ကြေညာ ချက် ထုတ်ပြန်ခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာ ကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် ရှိသွားပြီလို့လည်း SSPP ထုတ်ပြန်ချက်မှာ ရေးသားထားပါ တယ်။ Read in Full
၂၉။ မြဝတီ-ထို့ကော်ကိုးလမ်း သုံးရက်ပိတ်မယ်
July 18, 2024
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ တောင်ပေါ်လမ်းတစ်လမ်းဖြစ်တဲ့ မြဝတီ- ထို့ကော်ကိုးလမ်းကို သုံးရက်ကြာပိတ်ပင်သွားမယ်လို့ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့က ထုတ်ပြန်ပါတယ်။ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့ ထိန်းချုပ်ထားတဲ့ မြဝတီ-ထို့ကော်ကိုးလမ်းကို ဇူလိုင် ၁၈ ရက်နေ့ကနေ ၂၀ ရက်အထိ သုံးရက်တိုင် ခေတ္တပိတ်ပင်သွားမှာဖြစ်ပြီး ပိတ်ပင်ထားတဲ့ရက်တွေအတွင်း ဘယ်ယာဉ် မဆို ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြဝတီ- ထို့ကော်ကိုးလမ်းပိုင်းကို ပိတ်ပင်ထားရ တာဟာ လမ်းပိုင်းပြုပြင်ဖို့အတွက် ဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့က ဆိုပါတယ်။ စစ်ရေးအခြေ အနေကြောင့် အဓိက နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပိတ်ထားခဲ့ရတဲ့ နောက် ပိုင်း နယ်စပ်ကုန်သွယ်ရေးနဲ့ သွားလာရေးအတွက် KNU/KNLA PC အဖွဲ့က ထိန်းချုပ်ထားတဲ့ ထို့ကော်ကိုးလမ်း၊ ကရင်နယ်ခြား စောင့်တပ် BGF ထိန်း ချုပ်ထားတဲ့ ကြက်ဥတောင်(သေ့ကတေ) လမ်း၊ ၁၀၁၈ တောင်ပေါ်လမ်းတွေကို သွားလာအသုံးပြုနေခဲ့ရ တာပါ။
နောက်ပိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြေပြိုမှုဖြစ်စဉ်တွေကြောင့် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ တောင်ပေါ်လမ်းတွေအားလုံး လမ်းမြေသားပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ယာဉ်တန်းအများအပြား ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ရသလို အဲဒီလမ်းပိုင်းတွေမှာ ရက် ပိုင်းအကြာ သွားလာခဲ့ရပြီး အခက်အခဲများစွာ ဖြစ်ပေါ်နေခဲ့ရတာ ဖြစ်ပါတယ်။ ထို့ကော်ကိုးအပါအဝင် မြဝတီ-ကော့ကရိတ်-ဘားအံ တောင်ပေါ်လမ်းတွေအားလုံး ပျက်စီးတာတွေကြောင့် နယ်စပ်မြို့ မြဝတီမြို့ မှာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ဆန်အပါအဝင် စားသုံးကုန်အချို့ ပြတ်လတ်မှုတွေ ဖြစ် ပေါ်နေခဲ့ရပြီး ပြတ်လတ်နေတဲ့ စားသုံးကုန် တွေကို မြို့ခံပြည်သူတွေက ဈေးကြီးကြီးပေးပြီး ဝယ်ယူစားသုံးနေရတာဖြစ်ပါတယ်။ လတ်တလောမှာ ကော့ကရိတ်မြို့အနီးနဲ့ ကော့ကရိတ်မြောက်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့ အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ Read in Full
၃၀။ MNDAA နှင့် TNLA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ဟုဆို
July 18, 2024
သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုး သားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်ဘက်မှ (ဇူလိုင် ၁၇)ရက်မှ စတင်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ တတိယပတ်မှ စတင်ပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် ကိုးကန့် တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော် နယ်စပ်ဂိတ်၊ မူဆယ်မြို့နယ်မှ ပန်ဆိုင်းနှင့် ကျင်းစန်း ကျော့ နယ်စပ်ဂိတ်တို့အပြင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်မှ နောင်တောင်း ကုန်သွယ် ရေးသီးသန့်ဂိတ်တို့ကို တရုတ်အာဏာပိုင်ဘက်မှ စတင်ပိတ်ပင်လိုက်ကြောင်း ကုန်သည်များက ပြောသည်။ “ကိုးကန့်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေ အကုန်လုံးကို တရုတ်ဘက်က စပိတ်လိုက်ပြီလို့ပြောတယ်။ ဒီဘက်မှာက ဂိတ်အကြီးဆိုရင် ချင်းရွှေဟော်ရှိမယ်၊ နောက်ပြီး ရန်လုံကျိုင်းဂိတ်နဲ့ ပန်ဆိုင်း(ကြူကုတ်)မှာလည်း တစ်ဂိတ်ရှိတယ်။ တရုတ်က ပိတ်တယ်ဆိုရင် တော့ အဝင်အထွက် မရလောက်တော့ဘူး”ဟု လောက်ကိုင်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ နယ်စပ်ဂိတ်ကို ဇူလိုင်လ ပထမ ပတ်မှ စတင်၍ တရုတ်ဘက်က ပိတ်ထားခဲ့ပြီး နှစ်ပတ်ကျော် ကြာပြီဖြစ်ကြောင်း ပန်ဆိုင်းဒေသခံများထံမှ သိရသည်။ နမ့်ခမ်းမြို့ နယ်မှ တစ်ခုတည်းသော TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် နောင်တောင်း သီးသန့်ကုန်သွယ်ရေးဂိတ်လည်း ပိတ် ပင်ထားကြောင်း ဒေသခံကုန်သည်များက ပြောဆိုနေပြီး TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က စတင်ပြီး လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ (၄)ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်း နယ်စပ်ဖြတ်သန်း သွားလာနိုင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့သည်။ စစ်ကောင်စီတပ်နှင့် အပေးအယူ လုပ်ပြီးနောက် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုးကန့်တပ်ဖွဲ့မှလည်း ပူးတွဲတာဝန်ယူပြီး အခွန်ကောက် ခံရရှိငွေကို ညီနောင်မဟာမိတ် (၃)ဖွဲ့ကိုယ်စား ကိုးကန့်တပ်ဖွဲ့က ၇၀% ရယူ၍ စစ်ကောင်စီက ၃၀% ရယူရန် သဘောတူညီခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း နှစ်ဘက်စလုံးက ထုတ်ဖော်အတည်ပြုခြင်း မရှိသေးပေ။ Read in Full
၃၁။ စစ်ကောင်စီကို ဖယ်ပြီး အာဆီယံအစည်းအဝေး NUG တက်ရေး အရပ်ဘက်အဖွဲ့ ၂၀၃ ဖွဲ့တောင်းဆို
July 18, 2024
အာဏာသိမ်း စစ်ကောင်စီကို ဖယ်ထုတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်နိုင်ရေး အရပ်ဘက်အဖွဲ့ ၂၀၃ ဖွဲ့က တောင်းဆိုလိုက်ကြသည်။ မြန်မာ့ အရေးတွင် စစ်ကောင်စီကို ဖယ်ချန်ထားရန် အာဆီယံအဖွဲ့ကို မြန်မာအရပ်ဘက်အဖွဲ့ ၂၀၃ ခုက ဇူလိုင် လ ၁၈ ရက်တွင် စာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်တွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနား ပြုလုပ်ကြမည်ဖြစ်သည်။ ထိုအစည်းအဝေးသို့ စစ်ကောင်စီကို တက်ရောက် ခွင့်မပြုရန်နှင့် မြန်မာပြည်သူများအား ကိုယ်စားပြုသော NUG အစိုးရအဖွဲ့ကို တက်ရောက်ခွင့်ပြုရန် တောင်းဆိုနေကြသည်။ စစ်ကောင်စီသည် မြန်မာနိုင်ငံအား တရားဥပဒေနှင့်မလျော်ညီစွာ အာဏာသိမ်းထားခြင်းနှင့် ပြည်သူလူထုအပေါ် ဆိုးဝါးစွာ အကြမ်းဖက်မှုများကို နေ့စဉ်ကျူးလွန်နေကြောင်း အရပ်ဘက်အဖွဲ့ ၂၀၃ ခုက ပြောသည်။
အာဆီယံ ဥက္ကဌအဖြစ် လာအိုနိုင်ငံ တာဝန်ယူစဉ်က အာဏာသိမ်း စစ်ကောင်စီအား အစည်းအဝေးသို့ တက်ရောက်ခွင့် ပြုခဲ့သည့်အတွက် အလွန်စိုးရိမ်နေသည်။ လာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီအား အသိအမှတ် ပြုအစည်းအဝေးသို့ ဆက်လက်တက်ရောက်ခွင့်ပြုမည်ဆိုပါက နောက်ဖေးဝင်ပေါက်ဟု သတ်မှတ်ရမည်ဟု အရက်ဘက်အဖွဲ့ များကပြောသည်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်း စစ်ကောင်စီက လိုက်နာဆောင်ရွက်ရန် ပျက်ကွက် မှု ကို တုန့်ပြန်သည့်အနေဖြင့် မြန်မာပြည်သူအတွက် ကိုယ်စားပြုခွင့်မပေးရန် အဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုနေကြခြင်း ဖြစ်သည်။ Read in Full
၃၂။လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်က ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေ ထိန်းသိမ်းထားကြောင်း IEC ထုတ်ပြန်
July 18, 2024
တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်မှာရှိတဲ့ ရှေးဟောင်းယာဉ်ကျေးမှုပစ္စည်းတွေ ကို လုံခြုံတဲ့နေရာမှာ ပြောင်းရွှေထိန်းသိမ်းထားကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)မှ ဇူလိုင် ၁၇ ရက် တွင် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုတွေရဲ့အမွေအနှစ်ပစ္စည်းအတော်များများကို IEC က ရွှေ့ပြောင်း ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။ လွိုင်ကော် ယဉ်ကျေးမှုပြတိုက်ထဲက ရှေးဟောင်းအမွေအနှစ် အတော်ခိုးယူခံလိုက်ရ တယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က အခုလို သတင်းထုတ်ပြန်လာ တာပါ။ လွိုင်ကော်မြို့မှာစတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများနှင့် ဖောက်ထွင်းခိုးယူမှုများကြောင့် အများပြည်သူပိုင်ပစ္စည်းများ ပျောက်ဆုံးပျက်စီးခဲ့ရပါတယ်။
တိုက်ပွဲပြင်းထန်လာချိန် ယဉ်ကျေးမှုပြတိုက်ထဲက တချို့ပစ္စည်းတွေ သယ်ယူဖို့ ခက်ခဲတာကြောင့် မရွှေ့ပြောင်းနိုင်တာ တွေလည်း ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ကရင်နီနယ်များမှာ အုပ်ချုပ်ခဲ့ကြတဲ့ သမိုင်းအစဥ်အဆက် စော်ဘွားများနဲ့ ကရင်နီ လူမျိုးစု၊ မျိုးနွယ်စုများ မြတ်နိုးတန်ဖိုးထားခဲ့ကြတဲ့ ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှု ပစ္စည်းတွေကို လက်ဆင့် ကမ်း ထိန်းသိမ်းစောင့်ရှောက်ဖို့ရာ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများနှင့် ကရင်နီပြည် ပြည်သူ ပြည်သားများအားလုံးမှာ တာဝန်ရှိ ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ( IEC )မှ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါပြင်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိတဲ့ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် ထီးသော်ကူးရွာက သနားခြင်းမယ်တော် ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့တာတွေရှိခဲ့ပါတယ်။
၃၃။ စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြယ်သွားတဲ့မြို့တွေမှာ KNU အုပ်ချုပ်ရေးစတင်ဖို့ ပြင်ဆင်
July 18, 2024
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြယ်သွားတဲ့မြို့တွေကို စနစ်တကျထိန်း ချုပ်သွားဖို့နဲ့ KNU အုပ်ချုပ်ရေးယန္တရားစတင်ဖို့ လုပ်ဆောင်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေး က ပြော ပါတယ်။ KNU ဟာ အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ စုကလိမြို့၊ ဘုရားသုံးဆူမြို့နဲ့ ဖာပွန်မြို့ တို့ကို သိမ်းပိုက်ရရှိထားပြီး အဲဒီထဲကမြို့တချို့မှာတော့ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေတာပါ။ ကျိုက်ဒုံမြို့မှာ စစ်ကောင်စီ တပ်စခန်း လုံးဝမရှိတော့ဘဲ စုကလိ၊ ဘုရားသုံးဆူ၊ ဖာပွန်မြို့အနီးမှာတော့ စစ်ကောင်စီတပ်စခန်းအချို့ ကျန်ရှိနေသေးပေမယ့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ပျက်ပြယ်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် KNU အုပ်ချုပ်နယ်မြေအတွင်းရှိ တပ်မဟာ ခုနှစ်ခုလုံး မှာလည်း စစ်ကောင်စီရဲ့ တပ်စခန်းအများစုကို ပိတ်ဆို့ထိန်းချုပ်ထားသလို KNU အုပ်ချုပ်ရေးယန္တရား တည်ဆောက်သွားဖို့ ကြိုးပမ်းနေတာပါ။ “စစ်ကောင်စီဘက်က အုပ် ချုပ်ရေးပျက်ပြယ်တဲ့မြို့တွေဆိုရင် ကျွန်တော်တို့ဘက်က စနစ်တကျထိန်းချုပ်နိုင် ဖို့ စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ လိုအပ်တာပေါ့နော်။ အဲဒီလိုစနစ်တကျစီမံနိုင်ဖို့အတွက်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံး လုပ်နည်းနဲ့ ပေါ်လစီပိုင်းတွေကို အဓိကပြင်ဆင်ရတာဖြစ်ပါတယ်။ အဲဒီလိုမျိုးပြင်ဆင်ပြီးတာနဲ့ စနစ်တကျသွားနိုင်ဖို့အတွက် လည်း ကျွန်တော်တို့ဘက်က ပြင် ဆင်ထားတာကို အဓိကပြောချင်ပါတယ်” လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောပါတယ်။
လက်ရှိမှာတော့ KNU အုပ်ချုပ်နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး ဒရုန်းပစ်ကူအသုံးပြုကာ ကျေးရွာတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။ ပဒိုစောကလယ်စေးကတော့ KNU အုပ်ချုပ်ရေးယန္တရား စတင်နိုင်ဖို့အတွက် မြို့စောင့်တပ်အဖြစ် ကျန်ရှိနေတဲ့ မြို့တွေက စစ်ကောင်စီတပ်စခန်းတွေ ထွက်ခွာသွားဖို့ ဆက်လက်ဖိအားပေးသွားမယ်လို့ ပြောပါတယ်။ “တချို့သောနေရာတွေ ဆိုရင် စစ်ကောင်စီရဲ့ ဥပမာအားဖြင့် မြို့စောင့်တပ်တွေပေ့ါနော်။ သူတို့ရဲ့မြို့ စောင့်တပ်တွေ ရှိနေသေးခဲ့ရင် ကျွန်တော်တို့ အရေး ပေါ်အခြေအနေမျိုးနဲ့ စီမံခန့်ခွဲမှုတွေလည်း လုပ်ဆောင်နေတယ် ဆိုတာကိုပြောချင်ပါတယ်။ စစ်ကောင်စီရဲ့ မြို့စောင့်တပ်တွေ မထွက်သေးဘူးဆိုရင်လည်း အဲဒီတပ်စခန်းတွေကို ထွက်သွားအောင်တော့ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါ တယ်” လို့ ဆိုပါတယ်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။