သတင်း

မြန်မာစစ်အာဏာရှင်အုပ်စုကို ဟွန်ဆန် က ပံ့ပိုးကူညီခြင်းအား ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနှင့် ကမ္ဘောဒီးယား အရပ်ဘက်လူမှုအဖွဲ့အစည်းများ ၂၀၀ ခန့် ပူးတွဲကြေညာ

Photo-Internet

ဖက်ဒရယ်ဂျာနယ် ( ဇန်နဝါရီ – ၅ –  ၂၀၂၁

 

မြန်မာနှင့်ကမ္ဘောဒီယား အရပ်ဘက် လူမှုအဖွဲ့ အစည်းများက မြန်မာနိုင်ငံ စစ်အာဏာရှင်အုပ်စုကို ပံ့ပိုးကူညီနေသော ဟွန်ဆန်၏လုပ်ရပ်အား ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုံ့ချပြီး နိုင်ငံတကာအနေဖြင့် စစ်အုပ်စု၏အကြမ်းဖက်ရမ်းကားမှုလုပ်ငန်းများကို ချက်ချင်း တားဆီးနိုင်ပြီး အရေးယူတုံ့ပြန်နိုင်ရန် အရေးပေါ် ပူး‌ပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းလိုက်သည်။

 

“မြန်မာစစ်အာဏာရှင်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁) ရက်နေ့တွင် အာဏာသိမ်းရန် ကြိုးပမ်းပြီးချိန်မှစ၍ ပြင်းထန်သော အကြမ်းဖက်မှုများကို အသုံးပြု၍ နိုင်ငံတဝှမ်းပြည်သူများကို ထိတ်လန့် ကြောက်ရွံ့အောင် ဆောင်ရွက်နေသည်။ မြန်မာပြည်သူများသည် စစ်အာဏာရှင်အုပ်စုကို ပြင်းပြင်းထန်ထန် ဆက်လက်တွန်းလှန်နေဆဲဖြစ်ရာ အောင်မြင်လာသည့်အလျောက် စစ်အုပ်စုသည် (၁၁) လ ကြာသည့်တိုင် တိုင်းပြည်ကို ထိထိရောက်ရောက် ထိန်းချုပ်ရန် မစွမ်းဆောင်နိုင်ကြပါ။ သို့သော် စစ်အုပ်စုသည် အထူးသဖြင့် တိုင်းရင်းသားလူမျိုးစု ဒေသများတွင် လူသားမျိုးနွယ် အပေါ်ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု မြောက်သော လူမဆန်သည့် အကြမ်းဖက်မှုများကို ဆက်လက် ကျူးလွန်နေဆဲဖြစ်သည်” ဟု ပြောဆိုထားသည်။

 

“လက်ရှိအာဏာလက်ကိုင်ထားသူများနှင့် ဆွေးနွေးမှုမရှိပဲ မြန်မာနိုင်ငံအတွက်အဖြေမရှာနိုင်ကြောင်း ဟွန်ဆန်က ထပ်လောင်းပြောကြားခဲ့သော်လည်း အာဏာဟူသည် မြန်မာပြည်သူထံမှသာ ဆင်းသက်လာ သည်သာဖြစ်ပြီး မြန်မာပြည်သူများကိုယ်တိုင်က ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သား စစ်အုပ်စုနှင့် ဆွေးနွေးလိုမှုအလျင်းမရှိကြောင်း အပြင်းထန်ဆုံး ထုတ်ဖော်ကြေညာထားပြီး ဖြစ်သည်” ဟု ကြေညာချက်တွင် ပြောဆိုထားသည်။

 

“ဟွန်ဆန်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် မြန်မာနိုင်ငံ အမျိုးသားညီညွှတ်ရေးအစိုးရကို ပြောက် ကျားသူပုန်များ သို့မဟုတ် ယှဉ်ပြိုင်အစိုးရဟု ရည်ညွှန်းခဲ့သည့်အပေါ် မြန်မာပြည်သူများအနေဖြင့် လုံးဝ ကန့်ကွက်ကြောင်းနှင့် ထိုသို့ရည်ညွှန်းခြင်းကို အဆိုးရွားဆုံးစော်ကားမှုအဖြစ် ရှုမြင်ကြောင်း ဤနေရာတွင် အသိပေးကြေညာလိုက်သည်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဟွန်ဆန်တစ်ဦး တည်း၏ သီးခြားလုပ်ဆောင်မှု များကြောင့် မြန်မာစစ်အာဏာရှင်အုပ်စုကို တရားဝင်မှုဖြစ်စေခြင်း ပြည်သူများ ကို ထပ်မံဒုက္ခပေးရာတွင် အားပေးအားမြှောက်ဖြစ်စေခြင်း မရှိအောင် အခိုင်အမာ ဆောင်ရွက်ရမည်။ သို့မဟုတ်ပါက မြန်မာပြည်သူများကို သာမက ကမ္ဘာဒီးယားပြည်သူများကိုလဲ စော်ကားရာကျပြီး အာဆီယံ၏ ယိုယွင်းလာသည့်ဂုဏ်သိက္ခာကို ကမ္ဘောဒီးယား ဥက္ကဋ္ဌ တာဝန်ယူထားစဉ်ကာလတွင် ပိုမိုထိခိုက်စေနိုင်သည်။ ဟွန်ဆန်နှင့် မင်းအောင်လှိုင်တို့ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကြမ်းကြတ်သော ရာဇဝတ်မှုများကို ပြန်လည်တည့်မှတ်ရန် လိုအပ်ပြီး ကမ္ဘောဒီယားနှင့် မြန်မာနိုင်ငံ ပြည်သူများအတွက် ဒီမို ကရေစီနှင့် လူအခွင့်အရေး ပြန်လည် တည်ဆောက်ရမည် ဖြစ်သည်” ဟု မြန်မာနှင့် ကမ္ဘောဒီးယား အရပ်ဘက်လူမှုအဖွဲ့အစည်းများ ၂၀၀ ခန့်က ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။

 

 

Related Articles

Back to top button