သတင်း

မံစီမြို့နယ်ထဲက မုံးခေါင်မှာ အေအိုင်အေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်

ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃
ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက မုံးခေါင်ကျေးရွာအထက်ပိုင်း လိုင်ကာ ဇွပ်ဂျာကျေးရွာအနီး ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်း ၇ နာရီခန့်က ကေအိုင်အေတပ်ရင်း ၂၇ နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက် လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ခ.မ.ရ (၂၂၃)၊ ခ.လ.ရ (၂၃၆) တပ် ပူးပေါင်းအဖွဲ့တို့ဟာ ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၂၇ နယ်မြေထဲကို ထပ်မံဝင်ရောက်ကျူးကျော်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကေအိုင်အေ အာဘော် သတင်းရင်းမြစ်က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ပြီး အင်အားမြောက်များစွာဖြင့် စစ်ကြောင်းထိုး ကျူးကျော်လာလို့ နေ့စဉ် နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတော့ စစ်ကြောင်းထိုး ကျုးကျော်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ မိုင်းဆွဲ တိုက်ခိုက်ခံရလို့ ၆ ဦး ကျဆုံးမှု ရှိခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အသေးစိတ်ကို မသိရသေးပါဘူး၊ စစ်ကောင်စီတပ်ဖွဲ့တို့ဟာ အဲဒီကျေးရွာ များအနီးမှ တပ်ပြန်လည် ဆုတ်ခွာခြင်း မရှိသေးတာကြောင့် ဒေသခံများအနေဖြင့် သွားသတိ လာသတိဖြင့် နေထိုင်ကြရင် အေအိုင်အေတပ်ဖွဲ့ ရှေ့တန်းရဲဘော်များက သတိပေး ပြောဆိုထားတာ ကြပါတယ်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက မုံကိုးဒေသ ဘန်ခါးအနီး ယမန်နေ့ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်း ၁ နာရီခွဲခန့်က ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင်း ၃၆ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ ၉၉ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကေအိုင်အေတပ်စခန်းဘက်နယ်မြေထဲကို အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ကေအိုင်အေတပ် ရဲဘော်များက စောင့်ကြိုတိုက်ခိုက်မှု လုပ်ဆောင်ခဲ့လို့ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button