ဆောင်းပါး

ပြန်လည်သုံးသပ်သင့်သော ကိုယ်လွတ်ရုန်း နိုင်ငံရေး (တစ်ဖွဲ့တည်းအင်အားဖြင့် ကိုယ့်အမျိုးသားရေးကို အမှန်တကယ် တည်ဆောက်နိုင်မှာလား)

တို့ပြည်သူများ ညီရဲ့လား၊ ညီတယ်ဟေ့’ဟု ကြွေးကြော်ခဲ့သော်လည်း အဘယ်ကြောင့် လက်ရှိ အရေးတော်ပုံ လှုပ်ရှားမှုတွင် တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်နိုင်ခြင်း မရှိသနည်း။ အထူးသဖြင့် ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ပါသည်ဆိုသည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် တိုင်းရင်းသားပါတီ တစ်ချို့အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေးအရေးတော်ပုံလှုပ်ရှားမှုမှာ အဘယ်ကြောင့် ပူးပေါင်း ပါဝင်ခြင်းမရှိဘဲ အချို့ဆိုလျှင်စစ်ကောင်စီနှင့်ပင် အဘယ်ကြောင့် ပူးပေါင်းနေရသနည်း။

ဆလိုင်းထောင်း (ဆောင်းပါး) 

ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၈၊ ၂၀၂၁ 

ဤအတွက် အဓိက အကြောင်းအရင်းက နွေဦတော်လှန်ရေးကို ကိုယ်နဲ့မဆိုင်(ဗမာအချင်းချင်း အာဏာလုမှု ဖြစ်သည်)ဟု ယူဆခြင်း၊ ခါးသီးသော သမိုင်းသင်ခန်းစာ(ကိုယ်ဒုက္ခရောက်တုန်းက လာမကူညီခဲ့ဘူး ဆိုသည့်) နာကျဉ်းချက်များ ရှိနေသေးခြင်း၊ အရေးတော်ပုံ အောင်မြင်မည်ဟု မယူဆခြင်းနှင့် အဖွဲ့၏ ပိုနေမြဲ ကျားနေမြဲ ရပ်တည်ချက်(ကိုယ်ကျိုးစီးပွား ထိခိုက်မည်စိုးရိမ်ခြင်း) စသည်တို့ကြောင့် ဖြစ်သည်။ ‘ကိုယ့်ကိုလာမထိလို့ အပင်ပန်းခံပြီး ကိုယ်က သွားတိုက်စရာမလို’ဆိုသည့် ကိုယ်လွတ်ရုန်း စဉ်းစားချက်လည်း တွေ့ရသည်။

ခါးသီးသော သမိုင်းသင်ခန်းစားများ ရှိလင့်ကစား

အရေးတော်ပုံမှာ ပူးပေါင်းလိုစိတ်လျော့နည်းလောက်အောင် လုံလောက်သော သမိုင်းခါးသီးမှုများရှိသည်မှာ ငြင်းစရာမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ပါတီအစိုးရ၏ မနေ့တစ်နေ့ကအထိ တိုင်းရင်းသားအရေး ကိစ္စရပ်များအပေါ် လျစ်လျှူရှုခဲ့မှုနှင့် စစ်တပ်နှင့်ပူးပေါင်း၍ အနိုင်ကျင့်ခဲ့မှုများကို တိုင်းရင်းသားအဖွဲ့အစည်းများက အလွယ်အတကူ မေ့ပျောက်နိုင်ရန် ခက်ခဲမည်မှာ အတိုင်းအတာတစ်ခုအထိ ရှိပါသည်။ အထူးသဖြင့် AA နှင့် တိုင်းရင်းသားပါတီများဘက်က ခံစားချက်မျိုး။ စာရေးသူကိုယ်တိုင် တိုင်းရင်းသားပါတီ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အတွက် ခံစားမှုများ ရှိနေဆဲဖြစ်ပါသည်။

နောက်ထပ် သာဓကအားဖြင့် ၁၉၈၈ အရေးတော်ပုံအလွန်မှာ ၈၈ ကျောင်းသားများနှင့် စစ်ဘေးရှောင်များကို ကူညီပေးခြင်း၊ ဗမာလူငယ် လက်နက်ကိုင် ABSDF ဖွဲ့ဖို့ ကူညီပေးခြင်းနှင့် NLD အမတ်များဦးဆောင်သော အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ဖွဲ့စည်းအခြေချမှု စသည်တို့ကို KNU က ၎င်း၏ ဌာနချုပ်ကိုပင် အရှုံးခံ၍ ကူညီပေးခဲ့သော်လည်း ဗမာ/NLD ခေါင်းဆောင်များက နောက်ပိုင်းတွင် ၎င်းကျေးဇူးများကို လုံးဝ ဥပေက္ခာပြုခြင်း စသည့် သမိုင်းနာကျဉ်းချက်များလည်း မေ့မရဖြစ်ပါလိမ့်မည်။

သို့သော် ထိုသို့အတိတ်က ခံစားမှုများကြောင့် အရေးတော်ပုံမှာပါဝင်ရန် ငြင်းဆန်သည့်အပြင် တစ်ချို့ပါတီ များသည် စစ်ကောင်စီနှင့်ပင် ပူးပေါင်းလိုက်ခြင်းသည် ခိုင်လုံသောအကြောင်းပြချက်အဖြစ် မိမိကိုယ်စားပြုသည် ဆိုသည့် ပြည်သူအများစုက လက်ခံပေးနိုင်မည်လော။ မိမိအဖွဲ့အစည်းကို စစ်တပ်က လာရောက်ထိခိုက်မှု မရှိသည့်အတွက် အေးအေးဆေးဆေးငြိမ်နေလိုက်ခြင်းသည် အမှန်တကယ် ကိုယ့်အမျိုးသားအကျိုးလော၊ ကိုယ်ကျိုးလော။ စစ်ကောင်စီနှင့်ပူးပေါင်းခြင်းဖြင့်၊ သို့မဟုတ် ကြားနေလိုက်ခြင်းဖြင့် ကိုယ့်လူမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အမှန်တကယ် စွမ်းဆောင်နိုင်မည်လော။ ကိုယ့်တစ်ဖွဲ့တည်း အင်အားဖြင့် စစ်ကောင်စီကို အမှန်တကယ် တော်လှန်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို တည်ဆောက်နိုင်မည်လော။

စစ်အာဏာရှင်၏ ‘ခွဲ၍ အုပ်ချုပ်’ ဗျူဟာ

အားလုံးသိရှိသည့်အတိုင်း မကြာသေးခင်က စစ်ကောင်စီက ငါးလ အပစ်ရပ်ကြေညာခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အများအကြား ဝိဝါဒကွဲအောင် ထပ်မံကြိုးပမ်းခဲ့ပြန်သည်။ ထိုကဲ့သို့ ညစ်ပတ်သော အပစ်ရပ် လုပ်ရပ်မျိုးကို အဆက်ဆက်သော အာဏာသိမ်းမှုတိုင်းတွင် လုပ်ဆောင်လေ့ရှိသည်။ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈/၁၉၉၀)ကို သိသိနှင့် တိုင်းရင်းသားအဖွဲ့ ခပ်များများသည် ‘ကိုယ့်ကို လာမတိုက်ရင်ပြီးရော’ဆိုပြီး လက်ခံသဘောကျတတ်သည်။ ယခုလည်း KIA, KNU, CNF နှင့် KNPP မှလွဲ၍ ကျန်လက်နက်ကိုင်အဖွဲ့ ခပ်များများက ကျိတ်ပျော်မည့်ပုံ ပေါ်သည်။

‘တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်’ဆိုသည့် ဆောင်ပုဒ်ကိုကိုင်စွဲ၍ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအကြား စစ်ရေးနှင့် နိုင်ငံရေးအရ မဟာမိတ်အဖွဲ့ကို အကြိမ်ကြိမ်ဖွဲ့စည်းခဲ့ကြသော်လည်း စစ်အစိုးရ၏ သွေးခွဲမှုနှင့် ကိုယ့်အဖွဲ့၏ အကျိုးစီးပွားကြောင့် ကြာရှည်ခံလေ့မရှိဘဲ ပြိုကွဲစမြဲဖြစ်ပါသည်။ ၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော NDF တပ်ပေါင်းစုမှအစ နောက်ဆုံးဖွဲ့စည်းခဲ့သည့် UNFC အဆုံး အောင်မြင်မှုမရှိခဲ့ပေ။ (Northern Alliance နှင့် FPNCC တို့သည် တိုင်းရင်းသားပြည်နယ်စုံဖြင့် ဖွဲ့စည်းခြင်းမရှိသည့်အတွက် ထည့်တွက်ထားခြင်းမရှိ)။

တစ်ဖွဲ့ချင်းတိုက်လျှင် နိုင်မည်လော

တစ်ဖွဲ့ချင်း၏ မူဝါဒရပ်တည်ချက်နှင့် ကိုယ့်အကျိုးစီးပွား မတူညီမှုကြောင့် စုပေါင်းဆောင်ရွက်မှု မတည်ဆောက်နိုင် လျှင် ထပ်ဆင့်စဉ်းစားရမည့်အချက်မှာ မိမိတစ်ဖွဲ့ချင်းအင်အားဖြင့် ကိုယ့်အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အမှန်တကယ် ဖော်ဆောင်နိုင်မည်လော ဆိုသည့်အချက်ဖြစ်သည်။

AA အပါအဝင် တစ်ချို့က UWSA ‘ဝ’တပ်ဖွဲ့၏ အောင်မြင်မှုကို အားကျနေကြသည်။ ပြည်မမှာ နှစ်ပေါင်း ၇၀ ကျော် အာဏာလုမှုကြောင့် ယနေ့အထိ ဒုက္ခပင်လယ်ထဲ နစ်မြုပ်လေရာ ထိုအချိန်မှာ ‘ဝ’ပြည်ကဲ့သို့ ကိုယ့်ကြမ္မာကိုယ် ဖန်းတီးခွင့်ရရှိမှုကို တကယ်ပင် အားကျစရာ ကောင်းလှပါသည်။ သို့သော် ‘ဝ’ပြည်ကဲ့သို့ ဖန်တီးနိုင်ရေးသည် လူမျိုးတိုင်းအတွက် မဖြစ်နိုင်သလောက် ခက်ခဲပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ‘ဝ’ပြည်တည်ဆောက်မှု နောက်ကွယ်မှာ တရုတ်နိုင်ငံရှိလေရာ အခြားလူမျိုးနှင့်အဖွဲ့တိုင်းကို နဂါးမင်းက အလားတူကူညီပေးလိမ့်မည် မဟုတ်သည့်အတွက်ဖြစ်သည်။

မြန်မာသမိုင်းတွင် တိုင်းတစ်ပါး၏ကူညီမှုမရှိဘဲ လက်နက်ကိုင်အဖွဲ့တစ်ခုက စစ်အာဏာရှင်ကို တစ်ကိုယ်တော် တိုက်ထုတ်ပြီး ကိုယ့်တိုင်းရင်းသားလူမျိုး ကိုယ်ပိုင်ပြဌားန်းခွင့်ကို တည်ဆောက်နိုင်သည့် သက်သေသာဓက မရှိသေးပေ။ အနာဂတ်မှာလည်း ထိုသို့မြင်တွေ့နိင်ခြေမရှိပေ။ သောင်းဂဏန်းခန့်သာရှိသော လက်နက်ကိုင် အဖွဲ့တစ်ခုက ပြည်နယ်/လူမျိုးတစ်ခုလုံးကို တပ်အင်အား ၄ သိန်းကျော်သော ပိုင်ဆိုင်သော စစ်အစိုးရ၏ရန်မှ အပြည့်အဝကာကွယ်ပြီး စစ်ရေးဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်မည်ဆိုသည်မှာ လက်တွေ့လည်းမဆန်ပေ။

AA က တစ်ကိုယ်တော်ဖြင့် ပန်းတိုင်ရောက်မလား

အေအေတပ်ဖွဲ့၏ ရက္ခိတလမ်းစဉ် အတွေးအခေါ်ကို စာရေးသူလည်း သဘောကျသည်။ လူမျိုးတိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိသည်။ ထိုအတွက် ရခိုင်က ဖက်ဒရယ်မကလို့ ကွန်ဖက်ဒရေးရှင်းဖြစ်ဖြစ်၊ အင်ဒီပင်းဒဲန်းဖြစ်ဖြစ် ရွေးချယ်လျှင်လည်း သူ့ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးဖြစ်သည်။ အေအေက ‘ဝ’ပြည်ကဲ့သို့ လွတ်လပ်ရေး တစ်ပိုင်း (semi-independent) တည်ဆောက်လိုလျှင်လည်း သဘာဝကျပါသည်။

သို့သော် အဆိုပါ နိုင်ငံရေးပန်းတိုင်အတွက် AA အဖွဲ့က တစ်ဖွဲ့တည်းအင်အားဖြင့် တည်ဆောက်နိုင်မည် ဆိုသည့် ဗျူဟာကိုမူ ထောက်ပြလိုပါသည်။ သူ့အနေဖြင့် လက်ရှိတွင် ပျားရည်ဆမ်းခရီး ထွက်နေနိုင်ခြင်းသည်ပင် သူ့အင်အား အစွမ်းသက်သက်ကြောင့်မဟုတ်ဘဲ အာဏာသိမ်းမှုနောက်ပိုင်း အရေးတော်ပုံလှုပ်ရှားမှုကြောင့် စစ်ကောင်စီက ဘေးကြပ်နံကျပ် ဖြစ်သွားသဖြင့် ယာယီခတ္တ အလျော့ပေးခြင်းသာဖြစ်သည်။ ထို့ကြောင့် အကယ်၍ အရေးတော်ပုံ မအောင်မြင်ဘဲ ရပ်တန့်သွားပါက လက်ရှိအချိန်မှာ အချိန်ကောင်းယူ၍ နယ်မြေချဲ့နေသည့် အေအေကဲ့သို့သောအဖွဲ့များကို စစ်ကောင်စီက သူအောင့်အီးခဲ့သော ခံစားချက်များစွာဖြင့် အဆပေါင်းများစွာ သာလွန်၍ ပြန်တိုက်ခိုက်မည်မှာ ဧကန်မလွဲ ဖြစ်ပါသည်။

ဆိုခဲ့ပြီးသည့်အတိုင်း ကြားကာလမှာ အေအေအဖွဲ့က မည်သို့ပြင် အင်အားတည်ဆောက်စေကာမူ စစ်ကောင်စီ၏ ပစ်မှတ်ထား စီးချင်းထိုး တိုက်ခိုက်မှုကို အနိုင်ယူဖို့သည် လွယ်ကူမည့်အရာမဟုတ်ခြေ။ ထိုသို့သော အချိန်သည် အရေးတော်ပုံအလွန်ဖြစ်မည့်အတွက် စစ်ကောင်စီက အခြားစစ်မျက်နှာ ဖွင့်စရာမလိုဘဲ တစ်ဖွဲ့ နှစ်ဖွဲ့ တည်းကိုသာ လွတ်လွတ်ကျွတ်ကျွတ် တိုက်ခိုက်မည်ဖြစ်သောကြောင့် တောင့်ခံနိင်ဖို့ ပိုခက်ခဲမည်ဖြစ်သည်။

တစ်နည်းအားဖြင့် AA က နိုင်ငံရေး ရည်မှန်းချက်အရ မည်မျှပြင်သီးခြားမူဝါဒရှိစေကာမူ ဗျူဟာအရ စစ်ကောင်စီအခက်သည် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများ အတွက် အချက်ဖြစ်သည်နှင့်အညီ လက်ရှိ လူထုအရေးတော်ပုံ ပြည်သူ့တော်လှန်ရေးသည် အေအေတို့အတွက်လည်း အကျိုးပြုသည်မှာ ငြင်းလို့မရသော အမှန်ဖြစ်သည်။ ထိုထက်ပိုအရေးကြီးသည့်အချက်မှာ လက်ရှိနွေဦးတော်လှန်ရေး အရေးနိမ့်ပါက စစ်ကောင်စီ၏ ထိုးစစ်ကို အပြင်းထန်ဆုံး ပြန်ခံရမည့်အဖွဲ့ထဲမှာ AA က ရှေ့တန်းမှာပါဝင်နေသည်။

ထိုအတွက် အေအေအနေဖြင့် ရွေးချယ်စရာ နှစ်ချက်ရှိပါသည်။ နွေဦးတော်လှန်ရေးနှင့်အတူ အကျိုးတူအတွက် ပူးပေါင်းတိုက်ပွဲဝင်မှာလား၊ ကြားနေပြီး အင်အားတည်ဆောက်ကာ အရေးတော်ပုံအလွန်မှာ တစ်ဖွဲ့ချင်း စီးချင်းထိုး တိုက်မှာလား။ တစ်နည်းအားဖြင့် တစ်ရွာလုံးက ကျားဖမ်းရန် ကြိုးစားနေသည့် ယနေ့ အစီအစဉ်မှာ ပါဝင်မှာလား သို့တည်းမဟုတ် မနက်ဖြန်မှာ ထိုကျားကြီးကို တစ်ကိုယ်တော် ရင်ဆိုင်ရမှာလား။ ရှောင်လို့ရသည့် နည်းလမ်းမရှိပေ။ ယနေ့မှာ ရွာသားများနှင့်အတူ ရင်ဆိုင်ခြင်းသည် မနက်ဖြန် တစ်ကိုယ်တော် ရင်ဆိုင်ခြင်းထဲ များစွာ သက်သာမှာ ဖြစ်ပါသည်။

အဖွဲ့အစည်း ရှင်သန်ရေးအဆင့်ကို ပျော်မွှေ့ခြင်း

တစ်ချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် အစပိုင်းတွင် ကိုယ့်ပြည်သူ၏ ထောက်ခံမှုနှင့် ပံ့ပိုးမှုရရှိရန် တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်စနစ်၊ စသည်တို့ကို မူဝါဒများ ချပြ၍ လူထုနှင့် အနီးကပ်ဆက်ဆံခဲ့သော်လည်း နောက်ပိုင်းတွင် အင်အားတောင့်တင်းလာပြီး ကိုယ်ပိုင်စီးပွားရေး (မူးယစ်ဆေးဝါးနှင့် သယံဇာတ)ဖြင့် ရပ်တည်လာနိုင်ပြီးဖြစ်သည့်အခါ လူထုနှင့် ပြန်လည်ကင်းကွာပြီး ပိုနေမြဲ ကျားနေမြဲ အနေအထားတွင် သာယာနေကြသည်။ ထိုသို့ဖြင့် မူလရည်မှန်းထားသည့် ကိုယ့်လူမျိုး ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ပေးဆပ်ရန်ဆန္ဒပြင်းပြမှု မရှိတော့ဘဲ အဖွဲ့ခေါင်းဆောင်များသည် ရရှိထားသော ချမ်းသာကြွယ်ဝမှု၊ အခွင့်ထူး အာဏာပါဝါရှိမှုနှင့် ထင်ပေါ်ကျော်ကြားမှုအပေါ် ရောင့်ရဲတင်းတိမ်လာကြတော့သည်။ ဤနည်းဖြင့် အမျိုးသားရေးထက် အဖွဲ့အစည်းနှင့် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်လာ ကြတော့သည်။

ရခိုင်နှင့် ‘ဝ’မှလွဲ၍ ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူများနှင့် နီးနီးကပ်ကပ် ရပ်တည်မှုရှိမရှိကို လက်ရှိအရေးတော်ပုံလှုပ်ရှားမှုမှာ မည်မျှပူးပေါင်းပါဝင်သနည်း ဆိုသည့်ရလာဒ်က အတန်အသင့် ထင်ဟပ်စေပါသည်။

စစ်ကောင်စီကျဆုံးရေး ဘုံအကျိုးစီးပွား

တော်လှန်ရေး တိုက်ပွဲဝင်ကြသော ကျန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းများအကြားမှာ နိုင်ငံရေး ရည်မှန်းချက် ရာနှုန်းပြည့် မတူကြသည်ကိုလည်း အားလုံးအသိဖြစ်ပါသည်။ မည်သို့ပြင် နိုင်ငံရေး ရည်မှန်းချက် ကွာခြားစေကာမူ ‘စစ်အာဏာရှင်’သည် အားလုံးအတွက် မဟာရန်သူဖြစ်သည်မှာ ငြင်းလို့မရပေ။ တစ်နည်းအားဖြင့် တိုင်းရင်းသားများအတွက် စစ်တပ်တစ်ခုတည်းမဟုတ်ဘဲ အာဏာရှင်စနစ်နှင့် မဟာလူမျိုးဝါဒ မှန်သမျှကို တော်လှန်နေရသည်မှာ မှန်သော်လည်း နိုင်ငံရေး ရည်မှန်းချက် မည်သို့ပြင်ကွာခြားစေကာမူ မြန်မာစစ်တပ်သည် ကိုယ်စီရည်မှန်းချက်များအတွက် အဓိက အဟန့်အတားဖြစ်သည်မှာ ငြင်းမရဖြစ်ပါသည်။

တစ်နည်းအားဖြင့် နွေဉီးတော်လှန်ရေးကို ဗမာအချင်းချင်း အာဏာလုယက်မှု သက်သက်အဖြစ် ရှုမြင်ခြင်းကို ရပ်တန့်သင့်ပြီ။ မည်သို့ပင် ရည်မှန်းချက် ကွာခြားစေကာမူ ဗျူဟာအရ ဘုံရန်သူ စစ်ကောင်စီကို အမြစ်ပြတ်ခြေမှုန်းရန် တိုင်းရင်းသားအဖွဲ့အစည်းများသည်လည်း ပြည်မဒီမိုကရေစီ အဖွဲ့အစည်းများနှင့်အတူ နွေဉီးတော်လှန်ရေးတွင် ခြေစုံပစ် ဝင်ရောက်သင့်ပါပြီ။

ယနေ့ အရေးတော်ပုံမှာ ပါဝင်တိုက်ခိုက်ခြင်းမပြုလျှင် မနက်ဖြန်မှာ တစ်ကိုယ်တော် ခံတိုက်နေရမှာပဲ ဖြစ်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း တစ်ဖွဲ့တည်းအင်အားဖြင့် လူမျိုး/ပြည်နယ်၏ အခွင့်အရေးများကို ပြန်လည်ရယူနိုင်ရေးသည် မဖြစ်နိုင်သလောက် ခက်ခဲသည်။ ထို့ကြောင့် လက်ရှိအချိန်သည် စုပေါင်းအားဖြင့် အောင်ပွဲခံရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်။

Related Articles

Back to top button