သတင်း

နေ့စဉ်သတင်းအကျဉ်း

                                                                  မေလ – ၃၀ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်မှ အကြမ်းဖက်ပစ်သတ်မှုကြောင့် ယနေ့ မေလ(၃၀)ရက်နေ့အထိ အသက် သေဆုံးခဲ့ရသည့် ပြည်သူ ( ၁၈၇၄ ) ဦးအထိရှိကြောင်းသိရသည်။ ထို့အပြင် မတရား ဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျနေခဲ့ရသူ ( ၁၃၈၉၄ )ဦးအထိ ရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသည်။

 

  • ရှေ့တန်းစခန်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF ရဲ‌ဘော်များကို အမျိုး သားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်ကြည့်ရှုအား ပေးခဲ့ပါတယ်။ PDF တွေကို ပြီးခဲ့တဲ့မေလ(၂၄)ရက် က သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး အား ပေးစကားလည်းပြောကြားခဲ့တယ်လို့ ယာယီသမ္မတရဲ့ တရားဝင် စာမျက်နှာကနေ ဒီနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ “ရဲဘော်များသည် တိုင်းပြည်၏ သူရဲကောင်း များဖြစ်သလို မျှော်လင့်ချက်လည်း ဖြစ်၍ အထူးလေး စားဂုဏ်ယူပါကြောင်း၊ ပြည်သူ့တော်လှန်ရေး အတွက် မိမိတို့ အသက်ခန္ဓာကိုပါ စတေးထည့် ဝင်နေကြ သည့် PDF စစ်သည်တော်များအပါအဝင် ခုခံတွန်းလှန်စစ်တွင် ပါဝင်နေကြသူအားလုံးကို သမိုင်းက ကောင်းစွာ မော်ကွန်းကဗ္ဗည်းတင်ပြီးဖြစ်သလို ဤအရင်းအနှီးများ သည် လုံးဝ အဟောသိကံ ဖြစ်မည် မဟုတ်ကြောင်း၊ ဤသို့သော ရင်းနှီးပါဝင်ခြင်းများ ကြောင့် ထိုက်တန် သည့် အကျိုးရလဒ်ကောင်းများ ကိုလည်း မုချရရှိမည်မှာ သေချာကြောင်း၊ မိမိတို့ PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ်မ တော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်၍ ယခုက တည်းကပင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသဘောတရားတို့ ကို လက်ကိုင်ပြု ကျင့်ကြံဖို့ လိုအပ်တယ်”လို့ ယာယီသမ္မတကပြောကြားခဲ့တယ်လို့သိရပါတယ်။

 

  • ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများတွင် အမျိုးသမီးဦးရေ များပြား လာသောကြောင့် လစဉ်သုံး (pad) ထုတ်ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ လက်ရှိ ထောက်ပံ့ ပေးနေသည့် အဖွဲ့အစည်းများမှာလည်း အမျိုးသမီးလစဉ်သုံးထောက်ပံ့မှု နည်းပါးနေသောကြောင့် အပြင်ဈေးဆိုင်များတွင် ဈေးကြီးပေးပြီး ဝယ်ယူအသုံးပြုနေရသည်ဟု ဖွန်လွမ်ယန် စစ်ရှောင်စခန်း မှ အမျိုးသမီးများ ပြောသည်။ “အခုက ကျမတို့ကို ထောက်ပံ့တာတွေ မရှိသလောက်ဖြစ်သွားပြီ။ မနှစ်ကနေ နိုင်ငံရေးမကောင်းတော့ အဲ(pad) က မပေးတာကြာပြီ။ ကုန်ဈေးနှုန်းကလည်းတတ် အရင်ကဆို Pad တစ်ထုတ် ၈၀၀ ပေါ့။ အခုက ၁၄၀၀ လောက် ဈေးကြီး ပေးရတယ်ဆိုတော့ လုံလောက်အောင် မဝယ်သုံး နိုင်ကြဘူး။” ဟု ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတာဝန်ခံ ဆရာမ ကိုင်ထန်က ပြောဆိုသည်ဟု ဒေသအခြေစိုက် KNG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ဒီကနေ့ မေ ၃၀ ရက်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ “ဝ”ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP) ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ ကြောင်းသိရပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေး နွေးဖို့ဖိတ်ခေါ်ထားပြီးနောက် ဒါဟာ ၄ ဖွဲ့မြောက် တွေ့ဆုံတာဖြစ်ပါတယ်။ ဒီအဖွဲ့ မတိုင်မီက စစ်ကောင်စီ ဥက္ကဋ္ဌ ဟာ ဗိုလ်ချုပ်ကြီးရွက်ဆစ်ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နဲ့ မေလ ၂၀ ရက်နေ့ကနေ ၂၂ ရက် အထိ ၃ ရက်ကြာ တွေ့ဆုံခဲ့သလို ၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ မေလ ၂၃ ရက်ကနေ့ ၂၅ ရက်နေ့အထိ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNU/KNLA(PC) နဲ့ မေလ ၂၆ ရက်နေ့တို့မှာ သီးခြားတွေ့ဆုံထားပါတယ်။ တွေ့ဆုံခဲ့ပြီးတဲ့ သုံးဖွဲ့လုံးကတော့ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေး၊ ပါတီစုံဒီမိုကရေစီ စနစ် အကောင်အထည်ဖော်ရေးစတဲ့ ယေဘုယျဆန်တဲ့အချက်တွေကိုသာ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေး နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

 

  • KNU သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်တာ၊ အရပ်သားတွေ ကို အကြောင်းမဲ့ဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတချို့ထွက်ပြေး တိမ်းရှောင်မှုတွေ လုပ်နေရတယ်လို့ KNU ဗဟိုက ယမန်နေ့ မေ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာတော့ မေ ၂၇ ရက်မှာ KNU-ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာမှာရှိတဲ့ စစ်စီကုန်း မှာ နယ်မြေကျူးကျော်လာတဲ့ ပျူစောထီးအဖွဲ့တွေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၂၂ ၊ တပ်မ ၄၄ ၊ တပ်မ ၇၇ စုစု ပေါင်း အင်အား ၇၀ လောက်ကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် ခဲ့တာပါ။

 

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငချားကျေးရွာမှ ခူမီးလူငယ်တစ်ဦးမြေမြုပ်မိုင်းနင်းမိ၍ ခြေထောက် တစ်ဖက် ပြတ်လုနီးပါးဖြစ်သွားပြီး စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း ကူညီ ဆောင်ရွက်နေသူများက ပြောသည်။ မေလ ၂၉ ရက်နေ့ ညပိုင်း ၃ နာရီဝန်းကျင်က ကျေးရွာနှင့် ၁ မိုင်ခန့် ကွာဝေးသည့် မီးကျောင်းတောင်တွင် တောင်ယာခုတ်၍ နေအိမ်သို့ ပြန်လာစဉ်တွင် မြေမြုပ်မိုင်း နင်းမိ၍ ညာဖက်ခြေချင်းဝတ် ပြတ်လုနီးပါးဖြစ်သွားကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတအသင်း ဥက္ကဌ ကိုညီပုက ပြောသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖားကန့် ဆန္ဒပြပြည်သူများ KIA ၊ PDF နှင့် NUG ကိုထောက်ခံ ကြောင်းနှင့် စစ်အာဏာရှင်ကျဆုံးရေး ချီတက် ဆန္ဒပြ ကြသည်။ ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲ တိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ ၊ ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ နွေဦး တော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်ဟု ကြွေးကြော်ကြသည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စာသင်ကျောင်း ၂ ကျောင်းမှာ လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အခြေခံကျောင်းသားများ သမဂ္ဂက “သမဂ္ဂခွပ်ဒေါင်းအလံကို အမြင့်ဆုံးလွှင့်ထူကြ”  ဆိုတဲ့ ကြွေးကြော်သံနဲ့  အကသ ခွပ်ဒေါင်းအလံတွေကို လွှင့်ထူပြီး ဆန္ဒပြခဲ့ကျပါတယ်။ အခုလို သမဂ္ဂ ခွပ်ဒေါင်း အလံတွေလွှင့်ထူပြီး ဆန္ဒပြခဲ့ကြတာဟာ  “စစ်ကျွန်ပညာရေးကို ဆက်လက်မသင်ကြားဖို့ ရည်ရွယ်ပါ တယ်”လို့ ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူက ပြောပါတယ်။  ဒါ့အပြင် စစ်ကျွန်ပညာရေးအလိုမရှိ စာသား တွေချိတ်ဆွဲခဲ့ကြသလို နီးစပ်ရာက ကျောင်းတွေမှာ လည်း စစ်ကျွန်ကျောင်းကိုမတက်ဖို့ ဆေးနီတွေ မှုတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။

 

  • ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ နံနက်ပိုင်း သင်္ဃန်းကျွန်းတွင် ပြုလုပ်ခဲ့ပြီး ကျောင်းသားများက ဦးဆောင်ချီတက်ခဲ့ကြသည်။ ”ခွေးပါးစပ်ထဲကတိုင်းပြည်ကို ရအောင်ပြန်ယူမယ်” ပိုစတာဖြင့် ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် မြို့နယ်သမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများက ယနေ့မနက် ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက် ကျားသပိတ်ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြပွဲအပြီး စစ်တပ်က အိမ်စီးကားဖြင့် တိုက်ခိုက် ဖမ်းဆီး၍ ဆန္ဒပြ လူငယ် ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကျောင်းသားများက ဆိုကြပြီး စစ်တပ်သတင်းရင်းမြစ်များ၏ သတင်းဖော်ပြချက်အရ တောင်ဥက္ကလာပမြိုနယ်၊(၁၂) ရပ်ကွက် ရတနာလမ်းတွင် လူငယ် ၅ ကို စစ်တပ်က ဖမ်းသွားကြောင်း သိရှိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၃၀ရက်နေ့တွင် မီးဘေးသင့်ပြည်သူ များကို လှူဒါန်းရင်း အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့မှုကြောင့် ပြာကျသွားခဲ့ရသည့် မီးလောင်ပြင်တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များက ယနေ့ မေလ ၃၀ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၃၀ ရက်နေ့တွင် “အရှုံးမပေးမချင်း ငါတို့နိုင်တယ်။ We Will never give up” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ် ခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၃၀ ရက်နေ့ တွင် “အင်တာနက် ဖုန်းလိုင်းပဲဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖြတ်လို့မရ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၄၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင် ချီတက်မှု မေ  ၃၀ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • စစ်ကိုင်းတွင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၃၀ ရက်နေ့တွင် ” စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း သမိုင်းကိုထူ စစ်ကိုင်းကိုကူ ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရွှေခွန်မြေသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေစုပေါင်းပြီး ဒီကနေ့ မေလ ၁၀ ရက် မနက်မှာ စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးမှာ စစ်ဘေးရှောင်ကလေးများအတွက် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့် ဟင်းခင်းပြင်မူလတန်းကျောင်းမှာ ယခုပညာသင်နှစ် ကျောင်းဖွင့်နိုင်ဖို့ အတွက် ငွေကြေးလိုအပ်ချက်များရှိနေသည်ဟု ကျောင်းဖြစ်မြောက်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ ကျောင်းပြန်ဖွင့်ချိန်တွင် ကလေးများကျောင်းတက်ရောက်နိုင်ရန် စာရေးကိရိယာများ ထောက်ပံ့နိုင်ဖို့ နှင့် လစာငွေပေးပြီးခေါ်ယူထားရသည့် ဆရာမများအား လစဥ် လစာပုံမှန်ထောက်ပံ့နိုင်ရန်အတွက် ငွေကြေး လိုအပ်ချက်များရှိနေသည်ဟု ဟင်းခင်းပြင်ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းဖြစ်မြောက်‌ရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင် က ပြောဆိုသည်ဟု  Western News သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက တမဆေးကန်ကျေးရွာအနီးမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ ဝင်၂ဝ ဦးထက်မနည်း သေဆုံးသွားတယ်လို့ မြေလတ် – PDF MGN District တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ‌ဒေသကာကွယ်ရေး မဟာမိတ် ရဲဘော် ၁ ဦး ကျဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေလတ် – PDF MGN Districtက ဆိုပါတယ်။

 

  • ရခိုင်ပြည်နယ် မောင်တောမြို့တွင် ယမန်နေ့က မူဆလင်ကလေးငယ် ၃ ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူများမှာ မောင်တောမြို့ ရပ်ကွက်(၂) (ခေါ်)မြို့မတောင်ရပ်ကွက်မှ မောင်အာလိုဝါဆာမတ် (၇ နှစ်)၊ မကာဘူ (၉ နှစ်)နှင့် မရေဇူ (၁ဝ နှစ်)တို့ဖြစ်သည်။ “ကလေးတွေက ငါးတွေဘာတွေရှာဖို့ ပုစွန်ကန်ဆီသွားတာ။ အဲဒီမှာ ရေကလည်း ကြီးနေတယ်။ လူလည်းမမြင်လိုက်။ ကလေးတွေကလည်း သတိမထားလိုက်လို့ အဲလိုသေသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

 

  • စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ရဲဘော်တွေအနေနဲ့ NUGကထုတ်ပြန်တဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် တွေ၊ လမ်းညွှန်ချက်တွေနဲ့ စည်းမျဥ်းစည်းကမ်းချက်တွေကို ဦးထိပ်တင်ပြီး အောင်ပွဲရတဲ့အထိ တိုက်ပွဲ ဝင်ပေးကြဖို့ ထားဝယ်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုလိုက်ပါတယ်။ နွေဦး တော်လှန်ရေးရဲ့ အဓိကအနှစ်သာရမှာ လက်နက်မရှိသူတွေကို လက်နက်ရှိသူတွေကကြောက်ရွံ့နေရ မယ့် ဖက်ဒရယ်ဒီမိုကရေစီ လူ့ဘောင်သစ်နိုင်ငံတော်ကို တည်ထောင်ကြဖို့ ဖြစ်တယ်လို့လည်း ထုတ်ပြန် ရေးသားထား ပါတယ်။

 

  • ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်၊ ညောင်ချောင်း အထက်ကျွဲကြိုမော်အုပ်စုရှိ ညောင်ချောင်း (ရခိုင် ရွာ) ဈေးမီးလောင်၍ ဆိုင်ခန်း ၃၀ နီးပါးမီးလောင်ဆုံးရှုံးခဲ့သည်ဟုသိရသည်။ ယနေ့ မေလ ၃၀ ရက်နေ့ နံနက် ၂နာရီဝန်းကျင်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆန်ဆိုင်များအပါအဝင်၊ ပန်းထိန်ဖိုများနှင့် ကုန်ပစ္စည်းများ သိုလှောင်ထားသည့် ဆိုင်ခန်း ၂၆ ခန်း မီးလောင်ကျွမ်းသွားခဲ့ခြင်းဖြစ် သည်ဟုသိရသည်။ ဆိုင်ခန်းများမှာ သွပ်မိုး ၊ပျဉ်စီ ပျဉ်ထောင်များဖြစ်သည့်အတွက် ဆုံးရှုံးမှုတန်ဖိုးများ နိုင်သည်ဟု ဘုရားပြင် အောင်ပေါက် အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးယေ(ခေါ်) ဦးကျော်စိန်ဝင်း ကပြောသည်။

 

  • ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ တောင်ကြီးဆေးတက္ကသိုလ်အနီးတွင် ယနေ့ မေလ ၃၀ ရက်၊ နံနက်ပိုင်းက အမျိုးသား ရုပ်အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ “ အမျိုးသား အလောင်း တွေ့တာ ဟုတ်ပါတယ်။ အလောင်းကို မနက်ကတည်းက လာ ယူသွားပါပြီ။ အလောင်းက ဘယ်သူဆို တာတော့ မသိရဘူး။စစ်သားနဲ့ ရဲတွေပဲ လာစစ်ပြီး ယူသွားတာ။ အခုတော့ အေးဆေးပါပဲ။” ဟု သတင်း ရင်းမြစ် တစ်ဦးက ပြောသည်။ တောင်ကြီး ဆေးတက္ကသိုလ်ရှိ အမျိုးသမီးဆောင်၏ အပြင်ဘက်၊ တောင်တက်လမ်း အနီးတွင် ဒဏ်ရာများ ရရှိထားသော အမျိုးသား ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မြို့မရဲစခန်းကနေ CDM ပြုလုပ်တဲ့ ရဲတပ်သား လာလ်ဗျက်ထန်း (၂၈ နှစ်) ဟာ ယနေ့ မေ ၃၀ နေ့လည် ၁၂ နာရီခန့်တွင် နေအိမ်မှာသေဆုံးနေတာတွေ့တယ်လို့သတင်းရရှိပါတယ်။ ရဲတပ်သား လာလ်ဗျက်ထန်းဟာ ၂၀၂၁ ခုနှစ် မတ်လ ၄ ရက်က CDM ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်မြို့တွင် မိသားစုနဲ့အတူအိမ်ငှားပြီးနေထိုင်ခဲ့သည်ဟုသိရပါတယ်။

 

  • ယမန်နေ့ မေလ( ၂၉) ရက်နေ့လည်ပိုင်းကစတင်ပြီး မြိုင်မြို့နယ်ထဲက ကျေးရွာတွေကိုဝင်ရောက် မီးရှို့ နေတဲ့ စစ်ကောင် စီတပ်တွေကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေက ဝိုင်းတိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၁၅ ဦးအနည်းဆုံးကျဆုံးခဲ့တယ်လို့ မြောင် PDF အဖွဲ့ကပြောပါ တယ်။ ညနေ ၅ နာရီလောက်မှာတော့ လေယာဉ်တွေနဲ့ ပစ်ကူတာတွေကို လုပ်ခဲ့တယ်လို့လည်း သိရပါ တယ်။ “မနေ့က နေ့လည် ၂ နာရီလောက်က စပြီးတိုက်ပွဲဖြစ်တယ်။ သူတို့ကို ကျွန်တော်တို့တွေကက ဝိုင်းထားတော့ သူတို့ဘက်က လေယာဉ်တွေကို စစ်ကူခေါ်တယ်။ ညနေ ၅ နာရီလောက်မှာ လေယာဉ် တွေ ရောက်လာတယ်။ ဒီနေ့မနက်သူတို့ထွက်သွားတော့ သူတို့ဘက်က အလောင်း ၁၅ လောင်းကို ရွာထဲ မှာ မီးရှို့ထားခဲ့တယ်” လို့ပြောပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တစ်ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရ ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက မြောင် ကျေးရွာ ၃ ရွာက အိမ်ခြေ ၇၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ တယ်လို့လည်း သိရပါတယ်။

 

  • မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းပေါ်ရှိ လက်ပံလှ တိုးဂိတ် အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို မေလ ၃ဝ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဒသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက် စစ်တပ် ဂိတ် စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)နှင့် အတူ ပ.က.ဖ-စဉ့်ကူဒ တပ်ဖွဲ့တို့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ ၂ ဦးပြင်းထန် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မန္တလေးတိုင်း တံတားဦးမြို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ နှင့် PDF တပ်ဖွဲ့တို့ ယနေ့ မေလ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးဖမ်းဆီးခံရကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

 

  • ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ကြာကန်၊ ထုံးဘိုကြီး ဗျူဟာကားလမ်းမပေါ်တွင် မောင်နှင်လာ သော စစ်ကောင်စီတပ်ဖွဲ့ ကားနှစ်စီးကို ယမန်နေ့မေလ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ ကြောင်း သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ (NTDF)က ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုတွင် ကားနှစ်စီးကို ရှေ့ထွက်ပြောင်းနှင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ ကားထိခိုက်သွားသော်လည်း အထိအခိုက်ကို မသိရှိရသေးဟု  ဗိုလ်မုတ်ဆိတ်က ဖြေကြားထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

  • စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ကျောင်းအပ်ရာသီဖြစ်တဲ့ မေ ၂၆ရက်ကနေ ၂၉ ရက်အထိ လေးရက် အတွင်း ကျောင်းသား လေးသန်းခွဲကျောင်းလာအပ်ထားပြီလို့ အခြေခံပညာဦးစီးဌာနကသိရပါတယ်။ ဒီကနေ့မေလ ၃၀ရက်မှာလည်း ကျောင်းလာအပ်သူတွေဆက်ရှိနေသေးပြီး လာမယ့်ဇွန်လ ကျောင်းဖွင့် ချိန်အတွင်းမှာလည်း ကျောင်းအပ်လက်ခံမယ်လို့ ဆိုပါတယ်။ ရန်ကုန်အပါအဝင် မြို့ကြီးအများစုမှာ ကျောင်းအပ်ရာသီအစ မေ ၂၆ ရက်ထဲက ကျောင်းအပ်နှံနေကြပေမဲ့ နေအိမ်တွေမီးရှို့ခံနေရ၊ တိုက်ပွဲတွေ ရှိနေတဲ့ စစ်ကိုင်း၊မကွေးနဲ့ တိုင်းရင်းသားဒေသတွေဘက်မှာတော့ ကျောင်းအပ်တဲ့နှုန်းထားတွေက မရှိ သလောက်နည်းပါး‌တယ်လို့ ဒေသခံပညာရေးအသိုင်းအဝိုင်းတွေကနေသိရပါတယ်။

 

Related Articles

Back to top button