သတင်း

နေ့စဉ်သတင်းအကျဉ်း

မတ်လ – ၁၀ – ၂၀၂၂

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ရဲ့  လူထုအပေါ်မတရားအကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီးထောင်ချမှုကြောင့် ယနေ့ မတ်လ (၁၀)ရက်နေ့အထိ အသက်သေဆုံးသူ ( ၁၆၄၂ ) ဦးထိရှိပြီး ဖမ်းဆီးခံရသူပေါင်း (၁၂၆၀၀၀)ဦးထိ ရှိပြီဖြစ်ပါတယ်။ ဖမ်းဝရမ်းထုတ်ခံရမှုကြောင်း ထွက်ပြေး သိမ်းရှောင်နေရသူ ( ၁၉၇၃ )ဦးထိရှိကြောင်းသိရပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ စစ်အုပ်စုမှ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၄၄၀) ခုထက်မနည်းရှိခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

  • ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သည့် အဖွဲ့တို့ မတ်လ ၁၀ ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ချင်းမိုင်မြို့၌ တွေ့ဆုံနေသည်။ ခူဦးရယ်နှင့်အတူ KNPP အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင်ဆန်းမြင့်နှင့် ကရင်နီအရေးပေါ် ကူညီ ကယ်ဆယ်ရေးအဖွဲ့မှ နယ်နဲပလိုး တို့ တက်ရောက်သည်။ KNPP ၏ အတွင်းရေးမှူး (၁) ဖြစ်သူ ခူးဒယ်နီ ရယ်ကလည်း KNPP အနေနှင့် ဂျပန်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံသွားရန် ရှိသော်လည်း စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် မဟုတ်ကြောင်း မတ်လ ၉ ရက်က ဧရာဝတီသို့ ပြောထားကြောင်းသိရသည်။

 

  • ပြီးခဲ့တဲ့မတ်လ ၉ ရက်နေ့က ဒီးမော့ဆိုအနောက်ဖက်ခြမ်း တိုက်ပွဲမှာ CDM ကျောင်းဆရာတစ်ဦး ကျဆုံးပြီး ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ FREE BURMA RANGER တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦး ကျဆုံးသွားပါတယ်။ အသက် ၂၄ နှစ်အရွယ် CDM ကျောင်းဆရာ ဇော်လင်းထွန်း စစ်ကောင်စီ ပတ်ခတ်လိုက်တဲ့စနိုက်ဘာကြောင့် ဦးခေါင်းထိမှန်ကာ ကျဆုံးခဲ့ရဖြစ်ပါတယ်။ သူဟာ လွိုင်ကော် ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂမှ (ပြင်ပဆက်ဆံရေးတာဝန်ခံ) ဖြစ်ပြီး Karenni Generation Z တပ်ဖွဲ့မှာ စစ်ကြောင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ လွိုင်ကော် ပညာရေးကောလိပ် DTEd အပတ်စဉ် (၂၃/၁၈)ဝိဇ္ဇာတန်းခွဲ (A)မှ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

 

  • ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းမှ စစ်သားများ ယနေ့နံနက်(၄)နာရီဝန်းကျင်က တဝမ် ချောင်းအနီးရှိ တောထဲသို့ ဝင်ရောက်သွားသောကြောင့် ဒေသခံများ စိုးရရိမ်နေကြောင်း သိရ သည်။ တောထဲ ဝင်ရောက်သွားသည့် တပ်သားများအနက် စစ်ကောင်စီတပ်သား (၅၀) ဝန်းကျင် အပြင် ပြည်သူ့စစ်များလည်း ပါဝင်ကြောင်း ဒေသခံတစ်ဦးကပြောသည်ဟု မြစ်ကြီးနား သတင်းဂျာနယ် တွင်ဖော်ပြထားပါသည်။

 

  • ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲကဒေါငံခါးကျေးရွာဘက်ကို စစ်ကောင်စီဘက်က ဒီကနေ့မတ်လ ၁၀ ရက်နေ့မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု တွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ကင်းထောက် လေယာဉ်တို့နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ဒေါငံခါးကျေးရွာက သီလရှင် ကျောင်း အဆောက်အဦ ၄ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

 

  • ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ မတ်လ ၁၀ ရက် မြန်မာစံ တော်ချိန် ညနေ ၄ နာရီတွင် ထိုင်းနိုင်ငံ မြောက်ပိုင်း ၊ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးနေ သည်။ PPST ကိုယ်စားပြုအဖြစ် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မဟိုကော်မတီ ဝင် ဒေါ်မိစူးပွင့်တို့ လာရောက်တွေ့ဆုံကြသည်။ ဗိုလ်မှူးကြီးခွန်ဥက္ကာကမူ တွေ့ဆုံပွဲသည် လူသား ချင်းစာနာမှု အကူအညီကိစ္စ ဆွေးနွေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရှိ အပစ်ရပ် EAO ထိန်းချုပ်နယ် မြေများအတွက် ဆန်အိတ် ၅ သောင်းဂျပန်အစိုးရမှ လှူဒါန်းမည့်ကိစ္စ ဆွေးနွေးခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနတွင်ဖော်ပြထားသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ယနေ့ မတ်လ ၁၀ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ၃၉၆ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် လူငယ်များပူးပေါင်းကာ ယနေ့ မတ်လ ၁၀ ရက်နေ့တွင် “တော်လှန်စုရုံး တို့လောင်းလုံး” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆန္ဒပြပြည်သူများကို ဖက်ဆစ်စစ်တပ်မှ ဒုတိယအကြိမ် အင်အားသုံးကာ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်း (၁နှစ်ပြည့်) နှစ်ပတ်လည်နေ့အဖြစ် မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် မြောက်ဥက္ကလာပ မြို့နယ်ရှိ တက်ကြွလှုပ်ရှားသူလူငယ်များမှ “တော်လှန်ရေးသမားကိုသတ်လို့ရမယ် တော်လှန်ရေး ကို သတ်လို့မရဘူး” စာသားပါ ဘန်နာကို မြောက်ဥက္ကလာပမြို့နယ် တစ်နေရာတွင် ယနေ့ ချိတ်ဆွဲခဲ့ ကြသည်။

 

  • ယနေ့ နံနက်ပိုင်းက ရန်ကုန်၊ မလွှကုန်းဘူတာတွင် “လက်နက်မဲ့ပေမယ့် ‘ဒို့အ​ရေး’ ဆိုတဲ့ အသံကို မင်းတို့တွေကြောက်နေရမယ်” စာသားအား ချိတ်ဆွဲ၍ ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ တော်လှန် အလုပ်သမားထုတစ်ရပ်အဖြစ် တပ်ဦးကပါဝင်ခဲ့သည့် မလွှကုန်းမီးရထား CDM သူရဲကောင်း ဝန်ထမ်းများကို အကြမ်းဖက်စစ်တပ်က အင်အားဖြင့် ဝင်ရောက်စီးနင်း လူမဆန်စွာ အိမ်များမှ ဖယ်ခိုင်းခဲ့မှု ၁ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ရဲဝံ့စွာ အသက်တွေ ဘဝတွေ ပေးဆပ်ရဲသော မြန်မာ့မီးရထားနှင့် အခြားသော CDMer များ၊ တော်လှန်ပြည်သူတစ်ရပ်လုံးအား လေးစား ဂုဏ်ပြု ပါကြောင်း ရန်ကုန်လူထုသပိတ်က သတင်းထုတ်ပြန်သည်။

 

  • မန္တလေးသံဃ သမဂ္ဂသပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၁၀ ရက်နေ့ တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၁၀ ရက် နေ့တွင် “လက်နက်မရှိလည်း စိတ်ဓာတ်နဲ့ရှေ့ဆက်ကြမယ် အောင်ပွဲဆိုတာ ရဲရင့်သူတို့ရဲ့ ပန်းတိုင်ပဲ- သံဃသမဂ္ဂ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

  • လက်ပံတောင်းတောင်ဒေသရှိ တောင်သူလယ်သမားများ တောင်ယာလုပ်ကိုင်ရင်း ယနေ့ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်သူ သပိတ်ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • အရာတော်တွင် ဒေသခံပြည်သူများ ဦးဆောင်သည့် ၅/အရာတော် သပိတ်စစ်ကြောင်း “သတင်း ကိုပဲ အမှောင်ချလို့ရမယ် တိုင်းပြည်ကို အမှောင်ချလို့မရ” စာတန်း ကိုင်ဆောင်ကာ ယနေ့ မတ်လ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ယနေ့ မတ် ၁၀ ၌ “တောင်ယာခုတ်ဓား ညီစေသားဟေ့” ဟု ကြွေးကြော်ကာ လက်ပံတောင်းတောင်ဒေသရှိ တောင်သူလယ်သမားများက စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းဆန္ဒပြခဲ့ကြသည်။

 

  • စစ်ကိုင်း‌တိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းရွာ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြချီတက်ခြင်းကို မတ် ၁၀ ရက် တွင် ပြုလုပ်ခဲ့သည်။ ဒါ့အပြင် အခြား ကျေးရွာတစ်ရွာတွင်လည်း ပြည်သူများ ဦးဆောင်ကာ ယနေ့ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မတ်လ ၁၀ ရက်နေ့တွင် “ဘုံရန်သူကို မျက်ခြေမပြတ်စေနဲ့ တော်လှန်ရေးကို အာရုံစိုက်ကြ တော်လှန်ရေးပီသအောင် အားစိုက်ကြ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အာဂျိတ်တော်ကုန်းရှိ သုသာန်မြေနေရာအတွင်းမှာ နေအိမ်များဆောက် လုပ်ပြီး ကျူးကျော်နေထိုင်နေသူများကို မတ်လ (၁၀) ရက်နေ့ နံနက်ပိုင်းက စစ်တပ်နှင့် ရဲအင်အား အလုံးအရင်းဖြင့် စတင်ဖယ်ရှားလျက်ရှိကြောင်းသိရသည်။ အာဂျိတ်တော်ကုန်းရှိ သုသာန် မြေနေ ရာအတွင်း ကျူးကျော်နေထိုင်သူများမှာ နေအိမ်များ ဆောက်လုပ်၍ နေထိုင်နေသည်မှာ တစ်နှစ်‌ ကျော်ကြာမြင့်နေပြီဟု နေထိုင်သူများကပြောသည်။ အဆိုပါ မြေနေရာမှာ လူဦးရေ ရာနဲ့ချီနေထိုင် နေကြခြင်းဖြစ်သည်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်အား ကျောက်မဲမြို့ဝင် တိုးဂိတ်၌ မတ်လ ၈ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်အချိန်ခန့်က ဖမ်းဆီးခံရပြီး နောက် အဖွဲ့သားများအနေဖြင့် လက်ရှိအချိန်၌ ဘေးလွတ်သို့ရှောင်တိမ်းနိုင်ခဲ့ကြောင်း တပ်ဖွဲ့ဝင်များ ထံမှ သိရသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက် အာဏာဖီဆန် လှုပ်ရှား မှုတွင် ပါဝင်ကာ စစ်ကောင်စီအား ခုခံတော်လှန်နေသည့် နောင်ချိုမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်(ခ)ကိုဘမောင်သည် ကျောက်မဲမြို့ဝင် တိုးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

 

  • စစ်တပ်က အာဏာသိမ်းယူထားသည့် ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့ အစည်းများက မီးရှို့၍ ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ၆၇၁၉ လုံးခန့် ရှိကြောင်း Data for Myanmar ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်အတွင်း နေရာပေါင်း ၁၈၆ နေရာခန့်တွင် ဖြစ်ပွားခဲ့သည့် အခြေအနေ များကို Data for Myanmar က ပြုစု၍ ယမန်နေ့ မတ်လ ၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

  • တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ သမုတ်ချုံးကျေးရွာအုပ်စု ရှမ်းအင်းတော်ရွာအနီးတွင် တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ ဦးဆောင်ပြီး မတ်လ ၉ ရက်က အကြမ်းဖက်စစ်ကောင်စီ တပ်များအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထား သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး လက်နက်ကြီးများနှင့် အဆက် မပြတ်ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်များမှ အထိခိုက်မရှိဘဲ အောင်မြင်စွာ ပြန်ဆုတ်နိုင်ခဲ့ ကြောင်း သိရသည်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မူဆယ် – နမ့်ခမ်းလမ်းတွင် ဆိုင်ကယ် ဈေးသည် ၂ ဦး သေနတ်ပစ်ခံရပြီး တစ်ဦးသေဆုံးကာ၊ တစ်ဦးဒဏ်ရာရှိကြောင်း ဒေသခံများမှ သိရ သည်။ အဆိုပါ ဈေးသည် နှစ်ဦးသည် မတ်လ ၉ရက်နေ့ နံနက်ပိုင်း မူဆယ်မှ နောင်ဆိုင်ရွာသို့ ဈေး ရောင်းရန်သွားစဉ် အဲဒီ အမည်မသိ လက်နက် ကိုင်နှစ်ဦးမှ ဆိုင်ကယ်နှင့်အနောက်မှ သေနတ် ဖြင့် လိုက်ပြီးအနီးကပ် ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဈေးသည်တစ်ဦးကပြောသည်။ “ဗိုက်မှာ ၃ ချက် မှန်တာပစ်တာကတော့ လမ်းမပေါ်မှာ ပစ်တာ ရွာထဲမောင်းပြေးတော့ ရွာရောက်မှ မှောက်သွား တယ် တစ်ယောက်ကသေတယ် နောက်တစ်ယောက်က ခြေထောက်မှာ ထိသွားတယ် ” လို့ ဈေးသည် တစ်ဦး ကပြောသည်ဟု KNG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသတွင် ယမန်နေ့ မတ်လ ၉ ရက်၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်၊ ပူးပေါင်း တပ်ဖွဲ့ကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့ပြီး သေနတ် ၁ လက် နှင့် အသုံးအဆောင်အချို့ သိမ်းဆည်းရမိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ထံမှ သိရှိရသည်။ ယမန်နေ့ မနက် ၁၁ နာရီမှ စတင်ကာ လေးကေ့ကော်ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် လေးကေကော်၊ ရသေ့ဂူ၊ လေးကပေါ်ရေတံခွန့် တောင် ကျောဘက်၊ မဲကနယ်စသည့်နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

  • PDF အဖွဲ့အား ငွေကြေးထောက်ပံသည်ဟုစွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ် လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် ယနေ့စွဲချက်တင်လိုက်ကြောင်း သိရသည်။ ကိုမင်းကိုဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ၎င်း၏နေအိမ်အတွင်းရှိနေစဉ် ဖမ်းဆီးခံခဲ့ရပြီး တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူး ဇော်လတ်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

 

  • ဒီးမောဆိုနှင့် ဖယ်ခုံမြို့နယ်၌ ယနေ့ ဖြစ်ပွားသော တိုက်ပွဲတွင် ပြည်သူကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရကြောင်း ဖယ်ခုံ PDFက သတင်းထုတ်ပြန်သည်။ ဒီးမောဆိုမြို့နယ် ကုန်းသာကျေးရွာနှင့် ဖယ်ခုံမြို့နယ် မိုးဗြဲ အနီးဝှာရီဆူးဖလိုင်ရွာတိုက်ပွဲတွင် ဖယ်ခုံ PDF မှ တပ်ခွဲမှူးတစ်ဦးနှင့်ရဲဘော်တစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်။ ဆေးကုသမှုခံယူပြီးနောက် ရဲဘော်ဖြစ်သူ၏ ခြေထောက်ကို ဖြတ်တောက်လိုက်ရသည်ဟုဆိုသည်။

 

  • ပြီးခဲ့သည့် NLD အစိုးရလက်ထက် အစိုးရနှင့် စစ်တပ်မှ ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှု များနှင့်ပတ်သက်၍ ဆန့်ကျင့်ဆန္ဒပြမှုများပြုလုပ်ခဲ့မှုကြောင့် စစ်တွေအကျည်းထောင်တွင် ထောင်ဒဏ်ချခံထားရသည့် ရခိုင်မှကျောင်းသား ၄ ဦးမှာ ယခုရက်ပိုင်းအတွင်းလွတ်မည်ဟု ခိုင်လုံသောသတင်းရင်းမြစ်မှသိရသည်ဟု ဒေသအခြေစိုက် Western News သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါကျောင်းသား ၄ ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဘေးစီမံ စသည့် ပုဒ်မ ၂ ခုဖြင့်တရားစွဲခံရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်အကြည်ပျက်စေမှု ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မအတွက် ထောင်ဒဏ် ၆ လစီချမှတ်ခံခဲ့ရသည်။

 

  • ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကော်ဖီတွေဟာ အရင်နှစ်တွေကထက် ဈေးနှုန်းကျဆင်းပေမယ့် ဝယ်ယူမယ့်သူမရှိတာကြောင့် တောင်သူတွေက ကြာရှည်ခံအောင်ထိန်းသိမ်းထားတယ်လို့ သတင်း ရရှိပါတယ်။ အရင်နှစ်တွေတုန်းက ကော်ဖီ တစ်ပိဿာကို ၅ ထောင်နဲ့ရောင်းချကြပြီး ဒီနှစ်မှာတော့ တစ်ပိဿာ ၄ ထောင်နဲ့လည်း ဝယ်ယူမယ့်သူမရှိဘူးလို့သိရတယ်။ ဒေသခံကော်ဖီစိုက်တောင်သူ တစ်ဦးက “ကုန်ချောကို ဖလမ်း၊ ဟားခါးဘက်က လူကြီးတွေလာရင်လက်ဆောင်ပေးဖို့အဓိက ဝယ်ကြတယ်။ ဒါပေမယ့်ခုက နိုင်ငံရေးအခြေအနေမကောင်းတော့ အဲ့ဒါတွေလည်းမရှိတော့ဘူး။ ဒါကြောင့် အခု ကိုယ့်ဘာသာ ကော်ဖီစမ်းလှော်ကြည့်မလို့” လို့ပြောပါတယ်။ အပြည့်စုံဖတ်ရန်>>https://bit.ly/3hW947C

 

  • စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၁- ၂၀၂၂ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ကချင်တစ်ပြည်နယ်လုံးမှကျောင်းသား ကျောင်းသူ ၁၀၀၀၀ ကျော်ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်ဟု KNG သတင်းဌာနတွင် ဖော်ပြထားသည်။ ၂၀၂၁-၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိကျင်းပရန်ပညာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားပြီး ယင်းစာမေးပွဲတွင် ကချင် တစ်ပြည်နယ်လုံးမှ ကျောင်းသားကျောင်းသူ (၁၂၇၇၇) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲ ဖြေဆိုရန် ကဒ်များထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

 

  • စစ်အာဏာသိမ်း ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ပထမဆုံးအကြမ်းဖက်မှုပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲခံလိုက်ရတဲ့ သံတွဲမြို့က ပရဟိတသမား ကိုစိန်ချစ် နဲ့ ကိုရဲနိုင်ဦးတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၂(က)နဲ့ သံတွဲခရိုင်တရားရုံးက မနေ့မတ်လ ၉ ရက်မှာ စွဲချက်အမိန့်ချမှတ် လိုက်တယ်လို့ သက်ဆိုင်ရာ တရားလွှတ်တော်ရှေ့နေတွေကပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သံတွဲမြို့က စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ တပ်ကြပ်ကြီးကျော်မြင့်က တရားလို သက်သေအဖြစ်ပါဝင်ပြီး လာမယ့် မတ်လ ၁၇ ရက်နေ့မှာလည်း ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးဖို့ ရှိနေတယ်လို့သက်ဆိုင်ရာရှေ့နေတွေ ကပြောဆိုထားတဲ့အကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection

Related Articles

Back to top button