တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 150, December 7, 2021)

 

၁။ မင်းတပ်မြို့၌ နေအိမ်ရှေ့တွင် စစ်ကောင်စီတပ်ထောင်ခဲ့သည့် မိုင်းနင်းမိ၍ ၂ နှစ်သားအရွယ် ကလေးငယ် ခြေထောက် ပြတ်၊ ကလေးမိခင် သေဆုံး
December 6, 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် စံပြရပ်ကွက်အတွင်းရှိ နေအိမ်ရှေ့တွင် စစ်ကောင်စီတပ်မှ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း နင်းမိ၍ နှစ်နှစ်အရွယ် ကလေးငယ် ခြေထောက်ပြတ်သွားပြီး ၎င်း၏မိခင်ဖြစ်သူ သေဆုံးသွားကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ် ချုပ်ရေး သတင်းအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၅ ရက် နေ့လည် ၂ နာရီ မိနစ် ၃၀ ခန့်တွင် မိခင်ဖြစ်သူနှင့် ကလေး ငယ်သည် ယာခင်းမှ ပြန်လာပြီးနောက် ကလေး အိမ်အပြင်ထွက်ဆော့ချိန်တွင် စစ်ကောင်စီတပ်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်သည်။

“အိမ်ရှေ့မှာ ကလေးကဆော့ရင်း မိုင်းနင်းမိတာ၊ ကလေးက‌ ညာဘက်ခြေထောက် ပြတ်သွားတယ်။ ခေါင်းမှာလည်း ဒဏ်ရာ ရသွားတယ်။ သူ့အမေက မိုင်းစမှန်ပြီး ပွဲခြင်းပြီး ဆုံးသွားတယ်။ အဲ့ဒီအိမ်ဘေးက အမျိုးသမီး တစ်ယောက်လည်း နည်းနည်း ပါးပါး ဒဏ်ရာရသွားတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘဲ အပြစ်မဲ့ ပြည်သူတွေရဲ့ အိမ် ရှေ့တွေမှာ မိုင်းထောင်တာ‌ တော်တော် အောက်တန်းကျတဲ့ လုပ်ရပ်ပဲ” ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့မှ ပြန် ကြားရေးတာဝန်ခံ ကိုယောမာန်က မဇ္ဈိမကိုပြောသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းများကြောင့် နိုဝင်ဘာလ နှင့် ဒီဇင်ဘာ လဆန်းပိုင်းအတွင်း အရပ်သားများ မိုင်းနင်းမိမှုအဖြစ် မင်းတပ်မြို့ ၃၁ မိုင်တွင် တစ်ကြိမ်၊ ၁၆ မိုင်တွင် သုံးကြိမ်၊ ၁၄ မိုင်တွင် နှစ်ကြိမ်၊ စံပြရပ်ကွက်တွင် တစ်ကြိမ် စုစုပေါင်း ခုနှစ်ကြိမ်ရှိပြီဖြစ်ပြီး မိုင်းနင်းမိသူ နှစ်ဦး သေဆုံးကာ နှစ် နှစ် အရွယ်ကလေး နှစ်ဦးမှာ ဒုက္ခိတ ဖြစ်သွားခဲ့ရကြောင်း ၎င်းကပြောသည်။

လက်ရှိ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့နှင့် CDF-MINDAT တို့အနေဖြင့် အများပြည်သူ သွားလာနေသည့် နေရာများတွင် စစ်ကောင်စီတပ်က ထောင်ထားခဲ့သော မိုင်းများကို တတ်နိုင်သမျှ ရှင်းလင်းနေသော်လည်း နည်းပညာနှင့် ပစ္စည်းကိရိယာ လိုအပ်‌ချက်များကြောင့် မိုင်းများအားလုံး ရှင်းလင်းနိုင်ရန် အခက်အခဲ‌များ ကြုံတွေ့နေကြောင်း သိရသည်။

၂။ ကျောက်မဲ စစ်ရှောင် (၇၀၀)ဝန်းကျင် အတွက် အနွေးထည် နှင့် စောင် လိုအပ်နေ
December 6, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်(၇၀၀)ဝန်းကျင် အတွက် အနွေးထည် နှင့်စောင် လိုအပ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည့် စစ်ဘေးရှောင် ထောင်ချီရှိခဲ့ပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးကာ စားနပ်ရိက္ခာများ လိုအပ်နေတာဖြစ် ကြောင်း စစ်ရှောင်ကူညီသူက ပြောသည်။ “ခုက ဆောင်းဝင်ပြီ၊ အရမ်းလည်း အေးလာပြီဆိုတော့ အနွေးထည်တွေ အဓိက လို တယ်၊ ပြီးတော့ နေ့တိုင်း စားသောက်နေရတဲ့ အစားအသောက်တွေပေါ့ အဲ့တာတွေလိုတယ်” ဟု မိုင်းတင်းကျေးရွာအုပ်စုမှ စစ်ရှောင်များကို ကူညီနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင် ၁၀၀၀ ကျော် ကျန်ရှိနေဆဲဖြစ်ပြီး မြို့ပေါ် အိမ်ငှားနေထိုင်သည့် စစ်ရှောင်များလည်း ၇၀၀ ထက်မနည်းရှိနေကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားမှု ငြိမ်သွားသည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်း က မန်ခါ စစ်ရှောင်စခန်းမှ နေရပ်ပြန်သွားသည့်သူများ ရှိကြောင်း သိရသည်။ “လွယ်ကုန်ဒေသခံတွေပါ၊ ပြီးခဲ့တဲ့ အပတ်က ၄၀ ကျော်လောက်ပြန်သွားတယ်၊ ပြီးတော့ ဒီ တစ်ရက် နှစ်ရက် ပြန်မယ့်သူလည်း ရှိတယ်၊ ဒါပေမယ့် စခန်းမှာတော့ ၁၀၀ ဝန်းကျင်လောက်ကျန်သေးတယ်၊ အစားအသောက်တွေ အရမ်းကိုနည်းနေပြီ”ဟု စစ်ရှောင်ကူညီသူက ပြောသည်။ တိုင်းရင်းသားလက် နက်ကိုင်တိုက်ပွဲကြောင့် လွန်ခဲ့သည့် ၆ လကျော် ဝန်းကျင်ကတည်းက ကျောက်မဲမြို့ပေါ် အပြင် မိုင်းငေါ့စစ်ရှောင်စခန်းများ တွင် စစ်ရှောင်ထွက်ပြေးခိုလှုံခဲ့သူများလည်းရှိပြီး ယနေ့အချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်းသိရသည်။

 

၃။ ရေးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကေအန်ယူ တိုက်ပွဲဖြစ်
December 7, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ် ဝမ်းရေးတောင်အနောက်ဘက်ခြမ်းမှာ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီလောက် စစ်ကောင်စီ တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝမ်းရေးတောင် အနောက်ဘက်ခြမ်း ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲ နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦးကျဆုံး ခဲ့ပြီး ကေအန်ယူဘက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီက ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေး စတင်လှုပ်ရှားခဲ့တာကြောင့် အခုလို ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်လာခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးကြောင်း၊ KNLA ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း ဒူးပလာယာခရိုင်ကလည်း သတင်း ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၅ ရက်က စစ်ကောင်စီရဲ့ ခလရ ၁၀၆ တပ်ရင်းဟာ ဝါပေါ်ကျေးရွာသား ဆင်ထိန်းသမား ၁ ဦးကို PDF အဖွဲ့ကဆိုပြီး စွပ်စွဲကာ အတင်းအဓမ္မဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီလက်အောက်ခံတပ်နဲ့ တိုက်ပွဲပေါင်း ၂၀၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နယ်ခြားစောင့် BGF တပ်ဖွဲ့အပါအဝင် ၁၅၉ ဦး ကျဆုံးခဲ့ပြီး ၁၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

 

၄။ မချမ်းဘောမြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ဒေသခံများ၏ မြေယာများ ပျက်ဆီးလာနေ
December 6, 2021

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ရှင်မွေယန်အုပ်စု ရှိန်ဂိုင်ယန်ကျေးရွာတွင် စစ်ကောင်စီက ခွင့်ပြုထားသော ရွှေတွင်းများ ကြောင့် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေများ ထိခိုက်ပျက်စီးမှုများ နေကြောင်းသိရသည်။ ပြီးခဲ့ သော ဩဂုတ်လနောက်ပိုင်းမှစတင်ကာပူတာအိုမြို့ အခြေစိုက်ထားသည့် (၄၆) တပ်ရင်းအဖွဲ့မှခွင့်ပြုပေးထားသော ရွှေတူးဖော် ရေးလုပ်ငန်းကြောင့် ကျေးရွာဒေသခံများ၏ မြေဧက ၅၀ ကျော်ခန့် ထိခိုက်ပျက်စီးသွားပြီ ဖြစ်ကြောင်း ရှိန်ဂိုင်ယန် ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့က ရွှေမတူးပါနဲ့ သွားပြောခွင့်မရှိဘူး။ သွားပြောရင်လည်း အထက်က အကြီးအကဲတွေ ခွင့်ပြုထားတယ်လို့ဘဲ ပြောလာတယ်။ အဲ့မှာလုပ်နေတဲ့ လုပ်ငန်းရှင်တွေက ဗျူဟာမှူးအထိ အခွန်ဆောင်ထားတယ်လို့ ပြောကြတယ်။ အခုလုပ်နေတဲ့ လုပ်ငန်းရှင်တွေက စစ်ယန္တရားအကြီးတွေနဲ့ဘဲ လုပ်ကြတယ်။ အခုဆိုဒေသခံတွေရဲ့ ဆုံးရှုံးမှုတွေက အရမ်းများသွားပြီး။ စိုက်ပျိုးမြေတွေဘဲ ဆုံးရှုံးသွားတာ ဧက ၅၀ ကျော်လောက်ရှိမယ်။ ဒါတောင်ခန့်မှန်းခြေဘဲရှိတယ်” ဟု ပြောဆိုသည်။ လက်ရှိ စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်နေသည့်နေရာမှာ ရှိန်ဂိုင်ယန်နှင့် ၁မိုင်ခန့်ဝေးသော ခီခချောင်း (Hki Hka) တစ် လျှောက်တွင်ဖြစ်ပြီး စက်ယန္တရားကြီး ၅ ခု နှင့် အလတ်စား ၂၀ ခုခန့်ဖြင့် တူးဖော်နေသည်ဟု သိရသည်။ “သူတို့အနေနဲ့ ရွှေတူးဖို့ရန်လည်း ကျနော်တို့ ဒေသခံတွေနဲ့ တစ်စုံတစ်ရာ ပြောဆိုတာတွေ၊ ဆွေးနွေးတာတွေမရှိဘူး။ ပြီးရင် ပျက်စီးသွားတဲ့ မြေနေ ရာအတွက်လည်း တစ်ပြားမှပြန်ပေးတာဆိုတာလည်းမရှိဘူး။ သူတို့ ဒီမှာလုပ်နေတဲ့ပုံစံက ဒေသခံတွေနဲ့မဆိုင်တဲ့ပုံစံနဲ့ လုပ်နေ ကြတယ်။ အာဏာပိုင်တွေနဲ့ ညှိနှိုင်းလို့ရရင် ပြီးတဲ့သဘော။ ဒေသဖွံ့ဖြိုးရေးအတွက်လည်းမရှိဘူး။ ဒါကြောင့် ဒီလိုဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်တဲ့သူတွေ ဖြေရှင်းပေးစေချင်တယ်” ဟု ပြောဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ် စသော နေရာ ၂ ခုတွင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ် ကိုင်မှုများ ပွင့်လင်းမြင်သာမှုရှိလာပြီး ယခင်ကထက် ရွှေလုပ်ငန်းလုပ်ကိုင်သူများ အလွန်များပြားလာကြောင်း နောက်ထပ် ပူတာအို ဒေသခံတစ်ဦးက ယခုလိုပြောဆိုထားသည်။ “ပူတာအိုဒေသမှာ ရွှေလုပ်ငန်းလုပ်ကိုင်လာတဲ့ နေရာအရမ်းများလာ တယ်။ ဒီစစ်တပ်က အာဏာသိမ်းတဲ့ နောက်ပိုင်း သိသိသာသာ ကိုများလာတယ်။ အခုချိန်မှာ လုပ်နေတဲ့ ဘယ်နေရာမှာမဆို စစ်တပ်နဲ့ ညှိနှိုင်းပြီး လုပ်နေတဲ့သူတွေကြီးဘဲ။ ဒီဒေသမှာရှိတဲ့ မလိခမြစ်ရိုးတစ်လျှောက် လုပ်နေကြတယ်။ ကုန်းဆိုင်းသမား၊ ရေငုတ်ကျင်း ဆိုပြီး အပြိုင်အဆိုင်လုပ်စားနေကြတယ်။ ဘယ်လိုအချက်တွေနဲ့ ခွင့်ပြုထားတယ်ဆိုတာက မသိရဘူးတော့ခက် တယ်” ဟု ပြောဆိုသည်။

 

၅။ ပေါက်တောမြို့နယ်မှ အိမ်ထောင်စု ၃၀၀ နီးပါးရှိသည် မွတ်ဆလင် ကျေးရွာတွင် အခြေခံပညာသင်ကျောင်း မရှိ၍ ကလေးများ ပညာရေး ဆုံးရှုံးနေ
December 6, 2021

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အိမ်ထောင်စု ၃၀၀ နီးပါးရှိသည့် ချောင်းဝအုပ်စု၊ ကုန်တန်းမွတ်ဆလင်ကျေးရွာတွင် အခြေခံပညာသင်ကျောင်းမရှိ၍ ကလေးများပညာရေးဆုံးရှုံးနေဟု ကျေးရွာသားနှင့် ဆရာ၊ ဆရာမများက ပြောဆိုသည်။ အဆို ပါကျေးရွာတွင် ယခင်အဆက်ဆက်ကတည်းက စာသင်ကျောင်းမရှိခဲ့ဘဲ အနီးရှိ ချောင်းဝကျေး ရွာတွင်တက်ရောက်ခဲ့ကြရပြီး ယင်းကျေးရွာတွင် ပြည်နယ်အစိုးရဖက်က မူလတန်းကျောင်းတစ်ဆောင် ဆောက်ပေးဖို့ ကျေးရွာသား များလိုလားနေကြသည် ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာကြည်ကပြောသည်။ “ကျွန်တော်တို့က ကလေးတွေကို အခြေခံပညာလောက်ထိပဲဖြစ်ဖြစ် တတ်မြောက်စေချင်တယ်။ အရင်တုန်းက အနီးကရွာမှာ တက်လို့ရခဲ့ပေမယ့် ခုတက်လို့အဆင် မပြေတော့ဘူးလေ။ ICRC နဲ့ UNDP ကိုတော့ တောင်းဆိုထားတာရှိပါတယ်။ အစိုးရဖက်ကိုတော့ မတင်ပြရ သေးပါဘူး”ဟုပြောသည်။

အဆိုပါကျေးရွာတွင်မူလတန်းကျောင်းလည်းမရသည့်အတွက် အနီးကကျေးရွာမှာလည်း တက်ရောက်ရန် အဆင်မပြေသည့်၍ ကျေးရွာရှိ အာရ်ဗရီစာသင်ကျောင်းတွင် ၂၀၁၂ ခုနောက်ပိုင်း ကိုယ်ထူကိုယ်ထ ပညာသင်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်မှစကာ ကျေးရွာသားများစုပေါင်းပြီး ယာယီတဲအိမ်ဆောက်၍ KG တန်း မှ ၃ တန်းထိ ကျေးရွာရှိ လူငယ် ၃ ဦးက ဦးဆောင်စာပြပေး နေသည် ဟုဆိုသည်။ လက်ရှိတွင် KG တန်းမှ ၃ တန်းထိ စာသင်နေသည့် ကလေးငယ် ၁၈၆ ဦးထိရှိသည်ဟု စာသင်ပြပေးနေ သည့် ဆရာတစ်ဦးဖြစ်သူ ဦးမောင်မောင်အေးကပြောသည်။ “ကျွန်တော်က ပညာတတ်တော့မဟုတ်ပါဘူး။ ၂၀၁၂ ခု နှစ်တုန်း က ဆယ်တန်းပညာကို ၅ လလောက်ပဲသင်ခဲ့ ရပါတယ်။ နောက်ပိုင်းလည်း ကျောင်းမတက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကလေးတွေ ကို ကိုယ်တတ်နိုင်တဲ့ဖက်က ကိုယ်တတ်သလောက်ကို သင်ပြပေးနေတာပါ။ ဖြစ်နိုင်ရန်တော့ စာသင်ကျောင်းမှာ သူတို့တက်ရ ရင် ပိုကောင်းမှာပါ”ဟုပြောသည်။

၄ တန်းမှ ၇ တန်းထိကျောင်းသား ကျောင်းသူများသည် ၁ နာရီနီးပါးလောက် လမ်းလျှောက်သွားရသည့် ပြိုင်းတောင်အုပ်စု၊ စစ်ကဲပြင် မွတ်ဆလင်ကျေးရွာတွင် ကျောင်းတက်နေရပြီး ၈ တန်းမှ ၁၀ တန်းပညာရပ်ထိသင်ကြားချင်လျှင် စစ်တွေမြို့နယ်၊ သက်ကေပြင်ကျေးရွာတွင်သွားတက်ကြရသည်ဟု ကျေးရွာသားများကပြောသည်။ စစ်တွေမြို့နယ်၊ သက်ကေပြင်ကျေးရွာတွင် ဆယ်တန်းပညာ သင်ယူနေသည့် ဟိုက်ရိုလ်အာမိန်း (ခေါ်)မောင် ကျော်ဆန်းနိုင်က” ကျွန်တော်တို့ ငယ်ကယ်တုန်းကတည်းက ရွာမှာ ၃ တန်းထိပဲတက်ခဲ့ရပါတယ်။ ၇ တန်းထိကို စစ်ကဲပြင်သွားတက်ခဲ့တယ်။ ၈တန်းကနေ ခု ဆယ်တန်းထိ စစ်တွေ သက် ကေပြင်မှာတက်နေတာပေါ့။ ကျွန်တော့် ညီလေးက ၈ တန်း ဒီမှာတူတူတက်နေကြတာ။ ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်း ထဲ ကျွန်တော်ပဲ ကျောင်းဆက်တက်တာ ငွေကြေးမတတ်နိုင်လို့ အကုန်ဆက်မတက်ကြဘူး။ ကျွန်တော်တို့ရွာမှာ မူလတန်း ကျောင်း တစ်ဆောင်ချပေးချင်ပါတယ်။ နောက်လာမယ့် သူတွေအတွက် မခက်ခဲအောင်ပေါ့”ဟုပြောသည်။ ကုန်တန်းကျေးရွာ တွင် အိမ်ထောင်စု ၂၈၉ စုနှင့် လူဦးရေ အားဖြင့် ၁၄၃၇ ဦးရှိပြီး ယင်းထဲမှာ မူလတန်း ကျောင်းနေအရွယ် ၁၈၆ ကျော်အပြင် အလယ်တန်း၊အထက်တန်းကျောင်းတက်ရောက်နေကြသူ ၂၇၀ ခန့်ရှိ သည်ဟုသိရသည်။

၆။ သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေးဟု စစ်ကောင်စီ ကြေညာ
December 6, 2021

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ထောင်ဒဏ် ၂ နှစ် စီ လျှော့ပေးလိုက်ကြောင်း MRTV နဲ့ စစ်တပ်ပိုင် မြ၀တီ ရုပ်မြင်သံကြားတို့ကနေ ည ၈ နာရီ သတင်းမှာ ကြေညာသွားပါ တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီ လက်အောက်ခံ ဇမ္ဗူသီရိ တရားရုံးက ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မနက်မှာ ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ်စီနဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ အတွက် ထောင်ဒဏ် ၂ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် စီချမှတ်ခဲ့တာဖြစ်ပါတယ်။ ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေါ့ကာ ကျန် ၂ နှစ်ကိုတော့ လက်ရှိဖမ်းချုပ်ထားရာ နေရာတွေမှာ ဆက်လက်ကျခံစေဖို့ အာဏာ သိမ်း စစ်ခေါင်းဆောင်အနေနဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာလို့ စစ်ကောင်စီ မီဒီယာတွေကနေ ကြေညာသွားပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲ ဥပဒေနဲ့အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသားအားလုံးက လေးစားလိုက် နာခံယူလိုက်နာကြရမှာဖြစ်ပေမဲ့ စစ်ကောင်စီခေါင်းဆောင် အနေနဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် တရားရုံးက ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၄ နှစ်စီအနက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ထောင်ဒဏ် ၂ နှစ်ကို လွတ်ငြိမ်း သက်သာခွင့်ပြုပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁ ပုဒ်မခွဲ (၁) အရ ကျခံဖို့ ကျန်ရှိတဲ့ ထောင်ဒဏ် ၂ နှစ်အား လက်ရှိ ထိန်းသိမ်းထားတဲ့ နေရာမှာပင် ကျခံစေဖို့ အမိန့်ထုတ်ပြန်ပြီး ပြစ်ဒဏ်မှ လျှော့ပေါ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာလို့ သတင်းကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီအမှုတွေဟာ နိုင်ငံခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ပထမဆုံးအမိန့်ချလိုက်တဲ့ အမှုတွေဖြစ်ပြီး ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်တွေကတော့ ဒီစွပ်စွဲချက် တွေနဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်တာဟာ အတိုက်အခံပါတီတွေကို ဖိနှိပ်ဟန့်တားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ကို ချိုးနှိမ်ဖို့ မြန်မာအာဏာရှင်ရဲ့ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်။” ယူကေနိုင်ငံခြားရေး ဝန်ကြီး က ပြောပါတယ်။ အီးယူ ဥရောပါသမဂ္ဂကလည်း ဒီလိုထောင်ဒဏ်အမိန့်ချမှတ်လိုက်တာဟာ နိုင်ငံရေးအရလုပ်ဆောင်တာဖြစ် ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးကို ဖြိုဖျက်တာတဲ့ အနောက်ထပ်ခြေလှမ်းဖြစ်ပြီး လူ့အခွင့်အရေးကို ဗြောင်ကျကျ ပေါ်ပေါ် တင်တင် ချိုးဖောက်မှု ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၂ မှုနဲ့တရားစွဲထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၅ ရက်နေ့ကစွပ်စွဲတဲ့ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ဆိုရင် ရင်ဆိုင်ရမယ့်အမှု ပိုများလာဖို့ ရှိနေပါတယ်။

 

၇။ အင်တာနက်ဖြတ်ခံထားရသည့် ဖားကန့်တွင် MPT ဖုန်းလိုင်း ထပ်မံဖြတ်တောက်
December 6, 2021

အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ သုံးလကျော်ရှိပြီဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၆ နာရီကနေစပြီး MPT ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။ “ဟုတ်တယ် MPT ဖုန်းတွေက ဒီမနက်မှာ MPT ဖုန်းခေါ်ကြည့်တော့ Call Field ဖြစ်နေတာ၊ မသင်္ကာလို့ ဖုန်းလိုင်း ပြန်ကြည့်လိုက်မှ လိုင်းအကုန်ပျောက်နေတယ်၊ လုံးဝ ခေါ်မရတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ယခင်က MPT၊ Telenor၊ Oredo၊ Metel ဖုန်းလိုင်းတွေ ရရှိနေတာဖြစ်ပြီး နေရာတချို့မှာတော့ Mytel ဆင်းကတ်သုံးသူတချို့အင်တာနက် အသုံးပြုလို့ရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ဖားကန့်မြို့နယ်မှာ လွန်ခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီး ဒီနေ့မနက်အစောပိုင်းမှာ MPT ဖုန်းလိုင်းတွေ ထပ်မံဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို MPT ဖုန်းလိုင်းတွေဖြတ်တောက်မှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့ မြန်မာ့ဆက် သွယ်ရေး စာတိုက်နှင့်ကြေးနန်းဌာနကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

 

၈။ မြန်မာအတွက် ကိုယ်စားပြုမှု ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက် ကုလအထွေထွေညီလာခံ အတည်ပြု
December 7, 2021

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားတို့ပါဝင်တဲ့ အရည်အချင်း စိစစ်ကော်မတီ (Credentials Committee) ကနေ ဆိုင်းငံ့လိုက်တဲ့အပေါ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုလိုက်ကြပါတယ်။ မြန်မာနိုင်ငံအတွက် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တင်သွင်းမှုနဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွက် တာလီဘန်ကိုယ်စားလှယ် တင် သွင်းမှုတွေကို အရည်အချင်းစစ် ကော်မတီကနေ ဒီဇင်ဘာ ၁ ရက်နေ့က ဆိုင်းငံ့လိုက်တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၆ ရက်နေ့ ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အများသဘောတူညီချက်နဲ့ အတည်ပြုလိုက်တာပါ။

ဒါကြောင့် ကုလသမဂ္ဂမှာ စစ်ကောင်စီဘက်ကနေ ကိုယ်စားပြုခွင့်မရတော့ပဲ NUG ဘက်ကနေ ရပ်တည်ပြီး စစ်အာဏာသိမ်း မှုကို ဆန့်ကျင်ပြောဆိုခဲ့တဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စား လှယ်အဖြစ် ဆက်လက် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခုလို ဆိုင်းငံ့မှုကို ဒီ့မတိုင်ခင်ကလည်း အရည်အချင်းစစ် ကော်မတီအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား အလွတ်သဘောတူညီမှုတချို့ရှိခဲ့ကြောင်း နိုင်ငံတကာမီဒီယာ တွေက ဖော်ပြကြပါတယ်။ ကုလသမဂ္ဂအရည်အချင်းစစ် ကော်မတီက ဆိုင်းငံ့ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဌာနကနေ အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

 

၉။ စစ်တပ်ယန္တရားရပ်တန့်စေရန် မတူပီမြို့သို့ စက်သုံးဆီသယ်ခွင့် CDF ပိတ်ထား
December 7, 2021

ချင်းပြည်နယ် မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ယန္တရားလည်ပတ်မှု ရပ်တန့်စေရန်အတွက် မတူပီမြို့သို့ စက်သုံးဆီသယ် ယူခွင့်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) က ပိတ်ပင်ထားသည်ဟု သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ ကစ၍ စက်သုံးဆီသယ်ယူခွင့်ကို CDF-Matupi က ပိတ်ပင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားဖြင့် ယာဉ်မလှည့် နိုင်အောင်၊ ထိုးစစ်ဆင်လာသည့်အခါ ယာဉ်အသုံးမပြုနိုင်ရန်နှင့် စစ်တပ် စက်ယန္တရားများ မလည်ပတ်နိုင်အောင်တားဆီးခြင်း ဖြစ်သည်ဟု CDF-Matupi တပ်ရင်း (၂) မှ ပြန်ကြားရေးတာဝန်ခံကေ ပြာသည်။

“စစ်တပ်ယန္တရားမလည်ပတ်နိုင်အောင်ပေါ့၊ ဒီဇယ်ဆီတွေ ဓာတ်ဆီတွေပိတ်တယ်၊ ကျနော်တို့ကပေးမဝင်ခိုင်းဘူး၊ အဓိကတော့ စစ်သားတွေ ကားတွေနဲ့ယာဉ်မလှည့်နိုင်အောင်၊ ကျနော်တို့ဘက်ကိုထိုးစစ်ဆင်လာတဲ့အခါကျရင် ယာဉ်တွေဘာတွေအသုံးပြု လို့မရအောင်ပေါ့၊ အဓိကတော့ ဆီတွေကိုပိတ်ထားရတာပေါ့” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံ ကပြောသည်။ CDF-Matupi တပ်ဖွဲ့အနေဖြင့် ဟားခါး – မတူပီလမ်းမှတဆင့် တက်လာသော ကုန်ကားများကို စစ်ဆေး များပြုလုပ်ကာ စစ်ကောင်စီတပ်ရင်းအတွက် သယ်ဆောင်လာသော ကုန်ပစ္စည်းများတွေ့ရှိပါက ကျေးရွာ ပြည်သူများထံ ပြန်လည် ရောင်းချ ပေးစေသည့်အပြင် တစ်ပတ်အတွင်း စက်သုံးဆီပေပါ နှစ်ရာနီးပါးကို ဖမ်းဆီးထားကြောင်း ၎င်းကဆက်ပြောသည်။ “ဆီက ကျွန်တော်တို့ ပိတ်တဲ့ဟာက တပတ်အတွင်းကို ဂါလံ ငါးဆယ်ဆံ့ ပေပါပေါင်း ၁၇၀ ကျော်တော့ရှိပြီ၊ ဆီတွေကို အပိုင်သိမ်းဖို့ ရည်ရွယ်ချက်မရှိဘူး မြို့ထဲကိုဆီမရောက်ဖို့ဖြစ်တော့ ကားသမားတွေကို ပြန်ပေးတယ်၊ ရွာခံတွေကို သူတို့သတ်မှတ်တဲ့စျေးနဲ့ သူတို့ရောင်းတယ်ပိုတဲ့ဟာကျတော့ သူတို့ပြန်သယ်သွားပေါ့၊ အခု ၆၀ ကျော်လောက်ပဲကျန်တယ်” ဟု CDF-Matupi တပ်ရင်း (၂) မှ ပြန်ကြားရေးတာ ဝန်ခံက ဆက်ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ် ရိက္ခာနှင့် လောင်စာဆီများ ဖြတ်တောက်ခံရသည့်အတွက် မတူပီမြို့သို့ အခြေခံစားသောက် ကုန် ရိက္ခာများ သယ်လာသည့် ကုန်တင်ကား ၁၀ စီးကို စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရသည်။ “ကုန်ကား ၇ စီးက ကျနော်တို့ ဒီမှာစစ်ဆေးပြီးတော့မှ ကုန်တွေပဲ ဆီတွေမပါတော့ မတူပီထဲကိုပေးဝင်တာ အဲဒါကို မတူပီပြည်သူတွေမှာထားတဲ့ သူတွေက လည်း ပစ္စည်းတစ်ခုမှမရသေးဘူး မနေ့တုန်းက ၃ စီးနဲ့ဆိုရင် ၁၀ စီးရှိသွားပြီ၊ စစ်တပ်ထဲမှာပဲရှိသေးတယ် ကုန်လည်း မချရဘူး ဘာမှမလုပ်ရဘူး စစ်တပ်ထဲမှာကားကိုဒီတိုင်းရပ်ခိုင်းထားတာ၊ သူတို့စစ်တပ်ထဲမှာဝင်မယ့် ရိက္ခာတွေ ကျနော်တို့ ဖြတ်ထားတာ ရယ်၊ ဆီတွေပေးမဝင်တော့ ဆီမရှိတော့ သူတို့ယန္တရားက မလည်ပတ်နိုင်တော့ဘူး” CDF-Matupi ပြန်ကြား ရေးတာဝန်ခံ က ပြောသည်။

 

၁၀။ စစ်တပ်က ဖမ်းဆီးထားသူတစ်ဦး တစ်လနီးပါးအထိ အဆက်အသွယ်မရ
December 6, 2021

ရခိုင်ပြည်နယ် အမ်းမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတဲ့ မြေပုံမြို့နယ် စိတ္တရာရွာသား ကိုနေဝင်းစိုး ဟာ တစ်လ နီးပါးကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။ ကိုနေဝင်းစိုးဟာ ကျောက်ကပ်မကောင်း လို့ ရန်ကုန်မှာ ဆေးကုသွားပြီးအပြန် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်က အမ်းမြို့နယ်က စစ်ဆေးရေးဂိတ်မှာ အဖမ်းခံလိုက်ရတာ ပါ။ အဲဒီနေ့ ညနေ လေးနာရီလောက်က အမ်းမြို့စစ်ဆေးရေးဂိတ်မှာ သူ့ကိုမသင်္ကာလို့ စစ်တပ်က ဖမ်းဆီးထားကြောင်း၊ သူမရှိ တုန်း ကျန်းကျန်းမာမာနေဖို့ ဇနီးဖြစ်သူကို ဖုန်းဆက်မှာကြားခဲ့ပြီး အခုထိအဆက်အသွယ် မရတော့ဘူးလို့ ဇနီးဖြစ်သူ မနှင်းမြတ်မွန် က RFA ကို ပြောပါတယ်။

ကားပေါ်မှာ သူနဲ့အတူလိုက်ပါလာတဲ့ ခရီးသည်တွေထဲက ကိုနေဝင်းစိုး တစ်ယောက်တည်း အဖမ်းခံလိုက်ရ တယ်ဆိုပြီး ခရီး သည် တွေကတဆင့် သိရတယ်လို့ ဆိုပါတယ်။ အမ်းမြို့နယ် ရဲစခန်းမှူးကို ဖုန်းကနေတဆင့် ဆက်သွယ်ကြည့်ရာမှာ အဲဒီအ ကြောင်းကို မသိရှိရသလို သူတို့ ရဲစခန်းမှာလည်း မရှိဘူးလို့ ဆိုပါတယ်။ ရွာလူကြီးတွေနဲ့အတူ အကျဉ်းထောင်၊ ရဲစခန်းတွေ အပြင် တရားရုံးတွေကို ဆက်သွယ်စုံစမ်းကြည့်ပေမယ့် အကြောင်းထူးမလာဘူးလို့လည်း ဆိုပါတယ်။

 

၁၁။ အာဏာသိမ်းစစ်တပ်က ကိုးကန့် MNDAA တပ်စခန်းကို ဒရုန်းများအသုံးပြု၍ ထောက်လှမ်းနေ
December 7, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်က မုံးကိုးခရိုင်ရှိ ကိုးကန့် MNDAA တပ်စခန်းနေရာများအား ဒရုန်းများဖြင့် ထောက်လှမ်းနေသည်ဟု သိရသည်။ စစ်ကောင်စီတပ်သည် မုံးကိုးခရိုင်အတွင်း ပိုမို လှုပ်ရှားလာပြီး ယမန်နေ့က ဒရုန်း (၁၀) စီးဖြင့် ထောက်လှမ်းနေကြောင်း သိရသည်။ ယမန်နေ့က တိုက်ပွဲများမရှိသော်လည်း အာဏာသိမ်းစစ်တပ်က ကိုးကန့် MNDAA ၏ မုံးကိုးခရိုင်တွင်းမှ တပ်စခန်းဘက်ကို လက်နက်ကြီး အချက်ရေ (၅၀) ဝန်း ကျင်ပစ်ခတ်တိုက်ခိုက်သဖြင့် ကိုးကန့်ဘက်မှ (၁) ဦးထိခိုက်သည်ဟု သိရသည်။

ရှမ်းပြည်နယ်အတွင်း ကိုးကန့် MNDAA ကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်နေပြီး နေ့စဉ်နီးပါးတိုက်ပွဲများဖြစ်ပွားနေ ကာလက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကို ဆက်တိုက်ပြုလုပ်နေသည့်အပြင် ထောက်လှမ်းရေးဒရုန်းများ အသုံးပြုနေသည့် အာဏာသိမ်းတပ်၏ သတင်းထုတ်ပြန်ရေးက ကိုးကန့်တိုက်ပွဲများတွင် MNDAA က လက်နက်အင်အားများစွာ အသုံးပြုနေ သည်ဟု ဆိုထားသည်။ အာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် တိုက်ခိုက်မှုအပြင် ဒေသကာကွယ်ရေးအဖွဲ့ငယ်များဖြင့် တိုက်ခိုက်ရာတွင်လည်း လက်နက်ကြီးများ၊ ထောက်လှမ်းရေးဒရုန်းများ၊ စစ်ရဟတ်ယာဉ် များကို အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။

 

၁၂။ ဖယ်ခုံတွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားသော လူငယ်သုံးဦး တစ်လခန့်ကြာသည်အထိ ပျောက်ဆုံးနေ
December 7, 2021

စစ်ကောင်စီစစ်ကြောင်းက နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးသွားသော ဖယ်ခုံမြို့နယ်မှ လူငယ်သုံးဦး မိသားစုနှင့်အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်းသိရသည်။ ဖယ်ခုံမြို့နယ် တိုးချဲ့ရပ်ကွက်တွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိမည်သည့်နေရာ တွင် ထိန်းသိမ်းထားသည်ကို မသိရဘဲ ယခုအချိန်အထိ အဆက်အသွယ် မရရှိကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။“အဖမ်းခံရတဲ့အချိန်ကနေ အခုထိတစ်ခါမှ မတွေ့ရသေးဘူး။ ဖုန်း အဆက်အသွယ်လည်းမရဘူး။ ဘယ်မှာ ထားတယ်ဆိုတာ မေးမြန်းစုံစမ်းလို့ မရနေဘဲ ပျောက်နေတာပေါ့”ဟု ပြောသည်။ ပျောက်ဆုံးနေသော လူငယ်သုံးဦးနှင့်ဆက်စပ်ပြီး ဖမ်းဆီးထားသော ပြည်သူသုံးဦးကို ဖယ်ခုံခြေမြန်တပ်ရင်း ခမရ (၃၃၆) မှ တစ်ဆင့် ဒီဇင်ဘာလ ပထမအပတ်တွင် ဖယ်ခုံရဲစခန်းသို့ ပြောင်းရွှေ့ထားကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးပြီးနောက် ပျောက်ဆုံးနေသော လူငယ်သုံးဦးမှာ အသက် ၁၉ နှစ်အရွယ် မောင်ဟန်၊ အသက် ၂၁ နှစ်အရွယ် မောင်ပီးနှင့် အသက် ၁၇ နှစ်အရွယ် မောင်ပီးယိုတို့ဖြစ်ကြကြောင်း သိရသည်။ ပျောက်ဆုံးနေသော လူငယ် နှစ်ဦး သည် နိုဝင်ဘာလ ၈ ရက်နေ့က ဆိုင်ကယ်ပြင်ရန်သွားသော လမ်းခုလတ်တွင်စစ်ကောင်စီတပ်စစ်‌ကြောင်းက ဖမ်းဆီးခံရပြီး နောက်နေအိမ်ရှိ အစ်ကိုဖြစ်သူကိုလည်း ထပ်မံဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးကျေးရွာတွင် အောက် တိုဘာလ ၂၇ ရက်နေ့က ရွာလုံးကျွတ်စစ်ရှောင်နေကြသောကြောင့် အိမ်စောင့်အဖြစ်ကျန်ခဲ့သည့် ပြည်သူ ၁၉ ဦး ကို စစ်ကောင် စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် တစ်လခန့်အကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် အမှု ဖွင့်ခဲ့သည်။

 

၁၃။ ကြည့်မြင်တိုင်သပိတ် စစ်ကောင်စီမှ ကားဖြင့်ဝင်တိုက်သည့်လုပ်ရပ်အား AA မှ ပြင်းပြင်းထန်ထန်ရှုတ်ချ
December 6, 2021

ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် ပြုလုပ်သည့်ငြိမ်းချမ်းစွာဆန္ဒပြပွဲတွင် စစ်ကောင် စီ မှ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များအား ကားဖြင့်ဝင်ရောက် တိုက်သတ်မှုပြုလုပ်ခဲ့ခြင်းကို ရက္ခိုင့်တပ်တော် AA က ပြင်း ပြင်းထန်ထန်ရှုတ်ချလိုက်သည်။ အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်ကားဖြင့် ဆန္ဒပြနေသည့်လူငယ်များကို တိုက်သတ်ခဲ့ပြီး ၄င်းလူငယ်များအား စစ်ကောင်စီတပ်သားများက ရိုက်နှက်ဖမ်းဆီးခဲ့သည်။ အဆိုပါလုပ်ရပ်အပေါ် ရက္ခိုင့်တပ်တော် AA တပ် မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုလုပ်ရပ်သည် စက်ဆုပ်ရွှံရှာဖွယ်ဖြစ်ကြောင်း ၄င်း၏ တွစ်တာစာမျက်နှာတွင် ရေးသား ထားသည်။ “စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းတဲ့ လူသားစားလူရိုင်းတွေရဲ့လုပ်ရပ်မျိုးကို လူ့အသက်ပဓာနမထားဘဲ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်လိုက်တာပဲ။ ဘယ်လိုနည်းနဲ့မှ မှန်တယ်လို့ ပြောလို့မရနိုင်ဘူး” ဟု ဒီဇင်ဘာ ၅ ရက် ညနေပိုင်း တွစ်တာအကောင့် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စစ်ကောင်စီမှ ကား ဖြင့် တိုက်သတ်ခဲ့ရာ ဆန္ဒပြသူများထဲမှသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် အကြမ်းဖက်ဖမ်းဆီး ခံရမှုတို့ရှိခဲ့သည်။ အဆိုပါ လုပ်ရပ် အပေါ် လက်နက်မှမရှိသည့် ဆန္ဒပြလူငယ်တွေကို မြန်မာစစ်တပ်ကရည်ရွယ်ချက်ရှိရှိနှင့် သတ်ဖြတ်ခြင်းသည် ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။ “ဘာ လက်နက်မှမရှိတဲ့ဆန္ဒပြလူငယ်တွေကို မြန်မာစစ်တပ်ကရည်ရွယ်ချက်ရှိရှိနှင့် သတ်ဖြတ်တာဟာရာဇဝတ်မှု ကျူးလွန်တာပဲ။ ဒါဟာယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ ဘယ်လိုမှလက်မခံနိုင်တဲ့ ဆိုးဝါးတဲ့အကြမ်းဖက်မှုဖြစ်တယ်ဗျ”ဟုပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ကားဖြင့်တိုက်သတ်ခံရမှု သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံရမှုတို့ကြောင့် လူငယ် ၅ ဦးသေဆုံး မှုရှိခဲ့ပြီး ဖြစ် စဉ်အား လာရောက်သတင်းယူသည့် MPA မှ သတင်းထောက် ၂ ဦးအပါအဝင် အမြောက်အမြားဖမ်းဆီးခံခဲ့ရကာ ထိုအထဲမှ ရုပ်သံသတင်းထောက်မှူးတစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့် အခြေနေတွင် ရှိနေသည်ဟု သိရသည်။

၁၄။ ဖားအံမြို့နယ်အတွင်း ဒေသခံများ ခရီးသွားလာခြင်းဆိုင်ရာ KNU စာထုတ်ပြန်
December 6, 2021

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်း စစ်ကောင်စီလက် အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ ပိုမိုလှုပ်ရှားလာခြင်းကြောင့် ပြည်သူလူထုများ၏ သွားလာမှုအပေါ် ဒီဇင်ဘာ လ ၁ ရက် နေ့စွဲဖြင့် KNU ဖားအံမြို့နယ်က သတိပေးစာ ထုတ်ပြန်ထားခဲ့သည်။ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ဖားအံမြို့နယ်အတွင်း လာရောက်နေရာယူ တပ်စွဲထားသည့် BGF တပ်ဖွဲ့ဝင်များအနေ ဖြင့် သွားလာလှုပ်ရှားမှုများလာခြင်း ကြောင့် ပြည်သူလူထုအနေဖြင့် နံနက်မှ ညနေအထိသာ သွားလာခွင့်ပြုထားပြီး ၎င်းကန့်သတ်ချိန် ကျော်လွန်၍ ခရီးသွားလာ ခြင်း မပြုလုပ်ကြရန် KNU ဖားအံမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကိုယ်စား အတွင်းရေးမှူး စောနေထူးက လက်မှတ်ထိုးကာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

KNU သထုံခရိုင်၏ သတင်းပြန်ကြားရေးဌာနခွဲ အတွင်းရေးမှူး စောလွမ်းမိုးနိုင်က “ဒီကိုလာတက်နေတဲ့ BGF တစ်ဖွဲ့ရှိ တယ်။ သူတို့ကလည်း ဒီနယ်မြေမှာ အသွားအလာ အရမ်းလုပ်တာမျိုး ရှိတယ်။ သွားလာတဲ့သူတိုင်းကို ကျနော်တို့ မသိ နိုင်ဘူး လေ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးမှု ခံယူရမယ်လေ။”ဟု ပြောသည်။ အဆိုပါသတိပေးစာကို လွန်ခဲ့သည့်နှစ်ရက်က လူမှုစာမျက် နှာမှ ကြိုတင် ထုတ်ပြန်ထားသော်လည်း ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ ကျေးရွာအုပ်စုအတွင်း လိုက်လံဖြန့်ဝေအသိပေးခြင်းပြုလုပ်သည့်အပြင် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိ သူများကိုလည်း အစည်းအဝေးခေါ်ယူ၍ ရှင်းလင်းအသိပေးသွားမည်ဖြစ် ကြောင်းလည်း စောလွမ်းမိုးနိုင်က ဆက်ပြော သည်။ KNU သထုံခရိုင်၊ ဖားအံမြို့နယ်၏ အသိပေးထုတ်ပြန်ချက်တွင် ပြည်သူ များ ခရီးသွားလာခွင့်ကို နံနက် ၆နာရီမှ ညနေ ၆ နာရီအထိသာ ခွင့်ပြုထားပြီး ဖားအံမြို့နယ်၊ တပ်ရင်း(၁) ထိန်းချုပ်နယ် မြေအတွင်း မော်တော်ယာဉ်ဖြင့် ခရီးသွားလာပါက ကားမှန်များကိုချ၍ မောင်းနှင်ရန်အပြင် မော်တော်ကား၊ ဆိုင်ကယ်၊ စက်တပ် ယာဉ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးလိုပါက ကြည်ဖြူစွာ လက်ခံပေးရန် ပါရှိသည်။

ပြည်သူများအနေဖြင့် အရေးပေါ်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာတာဝန်ရှိသူပုဂ္ဂိုလ်များထံ ဆက်သွယ်အကြောင်းကြားရန် နှင့် အထက်ပါအချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်ပေါ်လာမည့် ပြဿနာများ ကို တာဝန်ယူမည်မဟုတ် ကြောင်းလည်း KNU ဖားအံမြို့နယ်၏ အသိပေးစာ၌ ဆက်လက် ဖော်ပြထားသည်။ ဖားအံမြို့ နယ်၊ သံလွင်အနောက်ဖက် ကမ်းရှိ ရွာသူတစ်ဦးက “မနက် ၆၊ ည ၆ ဆိုတော့ သာရေးနာရေး အရေးပေါ်တွေ ဖြစ်လာရင် နဲနဲတော့ ခက်ခဲမယ်ထင်တယ်။ သွားလာရောင်းဝယ်ရေးတွေ၊ စားဝတ်နေရေးတွေအတွက် အချိန်တခုကို ကန့်သတ်ထားတော့ သွားရတာပေါ့။ တာဝန်မယူ ဘူးလို့ ပြောထားတယ်ဆိုတော့ အသွားအလာ ဂရုစိုက်ရတော့မှာပေါ့။ လုံခြုံတယ်ဆိုတာ ၅၀%လောက်ပဲ မြင်ပါတယ်။”ဟု ပြောသည်။

 

၁၅။ ပင်လုံမြို့ မီတာခမဆောင်သည့် နေအိမ် မီးဖြတ်ခံရ
December 6, 2021

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် မီတာခ မဆောင်သော အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက နေအိမ်ထိ မီးလာဖြတ်ကြောင်း စုံစမ်းသိရှိရသည်။ နေအိမ်အထိ လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အပြင် ကျန်ရှိနေသည့် မီတာခ အားလုံးကို တချိန်တည်း လာပေးသွင်းခိုင်းကြောင်း ပင်လုံမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “မနေ့က နေ့ လည် မီးပျက်တော့ သတိမထားမိဘူး။ ည မီးမလာတော့ သူတို့အိမ်မှာ မီးလာဖြတ်လိုက်ပြီဆိုတာ သိလိုက်တာ။ သူတို့ မီတာခ သွားဆောင်ခိုင်းတာ။ ကျမတို့က တစ်လတစ်ခါ ပြန်လာသွင်းမယ်လို့ပြောတော့ သူတို့ကမရဘူးတဲ့။ ကျန်ရှိနေတဲ့ ၅ လစာအ တွက် ပြန်လာသွင်းပေးတဲ့” ဟု နေအိမ်မီးဖြတ်ခံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဒေသခံများက နေအိမ်မရှိသည့် အချိန်တွင် လျှပ်စစ်ဝန်ကြီးဌာနမှ ဓာတ်တိုင်ပေါ်က သွယ်တန်းထားသည့် မီးကြိုးများ ကို လာရောက်ဖြတ်တောက်ပစ်ကြောင်း သိရသည်။ “ကျမတို့အိမ်မှာ မရှိတဲ့ချိန်ဘဲ လာဖြတ်ပစ်တာ။ အိမ်မှာရှိနေရင် သူတို့ ဘာမှမလာလုပ်ဘူး။ သူတို့က ဓာတ်တိုင်ပေါ်ကနေ သွယ်ထားတဲ့ ကြိုးကို လာဖြတ်ပစ်တာ။ အဲ့နားဖျက်ပစ်လိုက်တော့ မီးမလာ တော့ဘူး။ ကျမတို့ တစ်အိမ်ထဲဘဲ မီးမလာတာပါ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ လက်ရှိပင်လုံမြို့တွင် မီတာခ မဆောင်သည့် အိမ်များကို စစ်ကောင်စီက မီးစတင် ဖြတ်တောက်နေလျက်ရှိကြောင်း သိရသည်။ အလားတူ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်လည်း မီတာခ မဆောင်သောကြောင့် တစ်ရွာလုံး မီးဖြတ်ခံရကြောင်း သိရသည်။

 

၁၆။ ပူတာအိုတွင် မီတာခမဆောင်သည့်နေအိမ်များ လျှပ်စစ်မီးဖြတ်တောက်ခံရ
December 6 , 2021

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ မိတာခမဆောင်တဲ့ နေအိမ်တွေ ဒီဇင်ဘာ ၆ ရက်နေ့က စတင်ပြီး လျှပ်စစ်မီး ဖြတ်တောက်ခံ ထားရတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့ ပူတာအိုလျှပ်စစ်ရုံး၀န်ထမ်းများက မီတာခမဆောင်တဲ့ နေအိမ်တွေကို လျှပ်စစ်မီးလိုင်းများ အကုန်ဖြတ်သွားတယ်။ ကျနော်တို့အိမ်ဆိုလည်း အာဏာသိမ်းပြီးကတည်းက မဆောင်ဖြစ်တာ‌ ဆို တော့ မီးဖြတ်လည်း ဂရုမစိုက်ဘူး” လို့ ပြောပါတယ်။

ပူတာအိုလျှပ်စစ်ရုံး ၀န်ထမ်းတွေက မီတာခဆောင်တဲ့ မိသားစုတွေဆီက မီတာခဆောင်ပြီးသား လအတွက်လည်း ထပ်မံ ဆောင်ခိုင်းနေတာ ရှိနေတယ်လို့ ဆိုပါတယ်။ “ကျမတို့အိမ်ဆို အောက်တိုဘာလအထိ မီတာခကို ပုံမှန်ဆောင်ခဲ့ကြတယ်။ အောက်တိုဘာလမှာ သူတို့လျှပ်စစ်ရုံးက အရင်မီတာခဆောင်ပြီးတဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွက်ပါ ဖြတ်ပိုင်းလုပ်ပြီး မီတာခ တောင်းနေတာရှိလာတော့ အဲဒီနောက်ပိုင်းမှာ မီတာခမဆောင်လိုက်ဘူး။ ဒီနေ့တော့ မီလိုင်းဖြတ်သွားတယ်။” ပူတာအိုဒေသခံ ပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဒုက္ခအမျိုးမျိုးကြုံနေကြရတာလို့ ဒေသခံ နောက်တစ် ဦးက ပြောပါတယ်။

“သူတို့လက်အောက်မှာ ကဏ္ဍတိုင်း ဆုတ်ယုတ်လာပြီ။ ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း ပြည်သူတွေ ကို ထိထိရောက်ရောက် ကာကွယ်ပေးမှုတွေ လိုလာပြီ။” ပူတာအိုကာကွယ်ရေးတပ်ဖွဲ့ (PUTAO PDF) အနေနဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြသူတွေကို ကားနဲ့တိုက် ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အတွက် များစွာစိတ်မကောင်း ဖြစ်‌ရပြီး မြန်မာနိုင်ငံမှာဖြစ်တဲ့ကိစ္စဟာ အားလုံးနဲ့ဆိုင်တာကြောင့် မြေပြန့်သားတွေအတွက် တောင်ပေါ်မြေက ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။

 

၁၇။ PDF နှင့်ဆက်စပ်ပြီး ရခိုင်က အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးတို့ ဖမ်းဆီးခံထားရ
December 6, 2021

ရခိုင်ပြည်နယ်အတွင်းတွင် လက်ရှိတည်ငြိမ်အေးချမ်းနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သည် ဆိုသော စွပ်စွဲချက်ဖြင့် သံတွဲခရိုင်မှ ခြောက်ဦး၊ မြောက်ဦးခရိုင်မှ တစ်ဦး၊ ကျောက်ဖြူခရိုင်မှတစ်ဦး၊ စုစုပေါင်းအမျိုးသမီး ငါးဦး နှင့် အမျိုးသားသုံးဦးတို့ ဖမ်းဆီးခံထားရသည်။ ထိုသို့ဖမ်းဆီးခံထားရသူများမှာ သံတွဲမြို့မှ ဦးစိန်ချစ်၊ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်၊ ငပလီမြို့မှ ကိုရဲနိုင်ဦးနှင့် မငြိမ်းအိဖြူ၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခ) အောင်နိုင်မြင့်၊ တောင်ကုတ်မြို့မှ အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်နှင့် ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ် အောင် တို့ ဖြစ်ကြသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးခံလိုက်ရသော တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်ကို ကျောက်ဖြူမြို့ရဲစခန်းတွင် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မိသားစုဝင်များကပြောသည်။ “သူတို့ က ဧည့်စာရင်းစစ်မယ့်ပုံစံမျိုးနဲ့လာကြတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ ရဲရယ်၊ လဝကရယ်၊ စစ်တပ် အကုန်ပါတယ်။ ပြီး တော့ မှတ်ပုံတင်ပြခိုင်းတယ်။ မှတ်ပုံတင်ပြပေမယ့် PDF ဆီကို ဒီမှတ်ပုံတင်နဲ့ ငွေလွှဲပေးပို့နေတယ်လို့ပြောပြီး ဖမ်းသွား တာ”ဟု မအေးမြင့်မြတ်အောင်၏ အဒေါ်ဖြစ်သူက DMG သို့ ပြောသည်။ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့နှစ်ဦးကိုလည်း PDF နှင့် ဆက်စပ်မှုရှိသည်ဟုစွပ်စွဲချက်ဖြင့် အောက်တိုဘာလအတွင်းက ရှေ့ဆင့်နောက်ဆင့်ဖမ်းဆီးခဲ့ကာ လက်ရှိတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှတရားလိုပြုလုပ်၍ တရားစွဲဆိုထားသည်။

PDF အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် သံတွဲမြို့နယ်မှဖမ်းဆီးခံရသူများထဲတွင် မူလက အသက်(၁၇) နှစ် အရွယ် ဆယ်တန်းကျောင်းသူတစ်ဦးပါဝင်ခဲ့သော်လည်း ဥပဒေအကြံပြုချက်အရ အမှုမှန်မပေါ်ပေါက်ဟုဆိုကာ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါဆယ်တန်းကျောင်းသူကို ပြန်လွှတ်ပေးပြီးနောက် ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်စန်းချိုသိုက် ကို PDF ကိုငွေလွဲသောဖုန်းပိုင်ရှင်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

၁၈။ ဘုရားသုံးဆူမြို့အနီး ချောင်းဆုံရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရသေဆုံး
December 6, 2021

ကရင်ပြည်နယ် ကြာအင်ဆိပ်ကြီးမြို့နယ်၊ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူးအား (ဒီဇင်ဘာလ ၆ ရက်) နံနက်ပိုင်းတွင် နေအိမ်တွင်ရှိနေစဥ် အမည်မသိ သေနတ်သေနတ်သမားများ လာရောက်ပစ်သတ်သဖြင့် လုပ်ကြံခံရပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဘုရားသုံးဆူမြို့ ရဲစခန်းမှ ရဲမှူး ဦးအောင်သူ က “သူ့အိမ်ရှေ့မှာ အပစ်ခံရ တယ်လို့ကြားတယ်ဗျ။ အခုကျွန်တော်တို့အဲ့ဒီကို စစ်ဆေးဖို့သွားနေပါတယ်”ဟု အတည်ပြုပြောကြားသည်။ ၄င်း၏ နေအိမ်ရှေ့ တွင် နံနက် ၉ နာရီအချိန်က ဆိုင်ကယ်စီးလာသည့် အမည်မသိလူ ၂ ဦး သေနတ်ဖြင့် ၃ ချက်ခန့် လာရောက်ပစ်ခတ်ခဲ့ရာ ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင် ဦးခေါင်းထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လုပ်ကြံခံရအပြီး ချောင်းဆုံကျေးရွာသို့ စစ်တပ်နှင့် ရဲများရောက်ရှိလာကာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အလားတူ ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်း ကိုလည်းမေလ ၁၉ ရက်နေ့ က အမည်မသိလူ ၂ ဦး ဆိုင်ကယ်ဖြင့်လာရောက် ပစ်သတ်လုပ်ကြံခဲ့သဖြင့် သေဆုံးခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားသုံးဆူမြို့ပေါ်နှင့် အနီတဝိုက်ရွာများတွင် စစ်အစိုးရထောက်ခံသူများနှင့် ဒလန်များဟု ယူဆသူများ ၆ ဦးထက်မနည်း လက်သည်မပေါ်ပစ်သတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

 

၁၉။ ဟိုပုံးမြို့ ကျောင်းသားများထံ ကိုဗစ် – ၁၉ တွေ့
December 6, 2021

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ ရှိ အထက်တန်းကျောင်းမှ ကျောင်းသားများထံတွင် ကိုဗစ် – ၁၉ ပိုး တွေ့ရှိခဲ့ရကြောင်း စုံစမ်း သိရှိရသည်။ ဟိုပုံးမြို့တွင် ကျောင်းသားများထံမှ ကိုဗစ် – ၁၉ ပိုး တွေ့ရှိသော်လည်း ကျောင်းဆက်တက်နေကြရကြောင်း သိရ သည်။ “ဟုတ်တယ်။ အ.ထ.က ၁ မှာက (၃)ယောက်လောက် တွေ့ထားတယ်။ ထ (၂)ကျောင်းမှာက ၁ ယောက်တွေ့ထား တယ်။ ကျောင်းတွေလည်း သွားတက်နေကြသေးတယ်။ မပိတ်ဘူး’ ဟု ဟိုပုံးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော် ဆင့် ကို‌ ပြောပါတယ်။

ပိုးတွေ့လူနာများရှိသော်လည်း ကျောင်များကို ယနေ့ထိဆက်လက်ဖွင့်ထားသည့်အပြင် ကျောင်းအပ်သူများကိုလည်း ဒီဇင်ဘာ လ ၁၁ ရက်နေ့အထိ နောက်ဆုံးထားပြီး ကျောင်းအပ်ရန် ကြေညာထားကြောင်း သိရသည်။ “ကျောင်းက ဖွင့်နေသေးတယ်။ ကျောင်းသွားတဲ့ကလေးတွေလည်း အများကြီး ရှိနေသေးတယ်။ ပြီးတော့ ကျောင်းအပ်တွေကိုလည်း လာမယ့် စနေနေ့မှာ နောက်ဆုံးထားပြီး အပ်ဖို့ ကြေညာထားတယ်။ ပိုးတွေ့နေတဲ့ကြားက ကျောင်းသွားအပ်သူတွေလည်း ရှိနေသေးတယ်” ဟု ဟိုပုံမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသားများထံတွင် ကိုဗစ် – ၁၉ ပိုး တွေ့ရှိခဲ့သောကြောင့် ဒေသခံများက ပိုးကူးစက်မှု ပိုပြန့်ပွားလာမှာကို စိုးရိမ် နေလျက်ရှိကြောင်း သိရသည်။ “ကျောင်းသားတွေနား ပိုးတွေ့တာဆိုတော့ ပိုးကူးသူ ပိုများလာမှာ ကြောက်တယ်။ များလာရင် ကျမတို့ စားဝတ်နေရေး အတွက်လည်း ခက်ခဲလာမယ်။ လော့ဒေါင်းထပ်ချလာရင် ကျမတို့ ဈေး ဝယ်ရောင်းရတာလည်း ခက်ခဲ လာနိုင်တယ်” ဟု ဟိုပုံးမြို့ ဈေးသည်တစ်ဦးက ပြောသည်။

 

၂၀။ ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်

December 6, 2021

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့မှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က ဗုံး ပေါက်ကွဲခဲ့ပြီး အိမ်စီးကားသုံးစီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်နယ်တရားလွှတ်တော်ရုံးရဲ့ ဆိုင်းဘုတ် အောက် ကနေ ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော့်နားမှာပဲဖြစ်သွားတာ။ ပေါက်ကွဲတာက တစ်ချက်ပဲ။ ကားသုံးစီးပျက်စီးသွားတယ် တရားရုံး ဆိုင်းဘုတ် အပေါက် ကြီးဖြစ်သွားတယ်” ပြည်နယ်တရားလွှတ်တော်ရုံး ဆိုင်းဘုတ်ရဲ့အောက်မှာ ချိန်ကိုက်ဗုံးထောင်တာဖြစ်နိုင်တယ်လို့ ယူဆနေကြ ပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ပေါက်ကွဲမှုဖြစ်တဲ့ အဲဒီအနီးတဝိုက်မှာ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။ အဲဒီပေါက် ကွဲ မှုကြောင့် ပြည်နယ်တရားလွှတ်တော်ရုံး ဆိုင်းဘုတ်ရှေ့မှာရပ်ထားတဲ့ ကားသုံးစီး ပျက်စီးခဲ့ပြီး လူတွေထိခိုက်တာမျိုး ရှိ၊ မရှိ မသိရသေးပါဘူး။ လွန်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကလည်း အခုပြည်နယ် တရားလွှတ်တော်ရုံးဝင်းထဲမှာ အသံမိုင်းတစ်လုံး ပေါက် ကွဲခဲ့ပါသေးတယ်။

 

၂၁။ ပုဏ္ဏားကျွန်း အလယ်တန်းကျောင်းတွင် ခေါင်မိုးနှင့် မျက်နှာကြက် ပျက်စီးနေမှုကြောင့် စာသင်ချိန်းအတွင် ပြိုကျမည် ကို စိုးရိမ်နေရ
December 7, 2021

ပုဏ္ဏားကျွန်းမြို့နယ်၊ ပဲစီနန်းကျေးရွာတွင်ရှိသည့် အလယ်တန်းကျောင်း၌ ခေါင်းမိုးနှင့် မျက်နှာကြက် ပျက်စီးနေမှုကြောင့် စာသင်ချိန် အတွင်းပြိုကျပြီး ကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိမှာကို စိုးရိမ်မှုများရှိနေကြသည်။ ယင်းကဲ့သို့ ပြိုကျမည့်အခြေ အနေသို့ ရောက်ရှိနေသည်မှာ ၂ နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး အဆိုပါ အလယ်တန်းကျောင်းတွင်း ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်ပညာသင်ကြားလျှက်ရှိကြသည်။ ယင်းကျောင်းပျက်စီးနေမှုဖြစ်နေ၍ မြို့နယ်ပညာရေးမှူးရုံးထံတင်ပြမှုများရှိခဲ့သော် လည်း တစ်စုံတစ်ရာ အကြောင်းပြန်ထားခြင်းမရှိသေးသလို ကလေးများအတွက် စိုးရိမ်ရသည့် အခြေအနေရင်ဆိုင်နေရသည် ဟု ကျေးရွာအုပ်ချူပ်ရေးမှူး ဦးမောင်ဝင်းချေက Western News ကိုပြောသည်။

“ကျောင်းဆောင်တွေပျက်စီးနေတာက ၂ နှစ်ကျော်လောက်ရှိပြီ။ မိုးရာသီဆိုရင် မိုးယိုပြီးတော့ မျက်နှာကြက်တွေပါပျက်စီးနေ တော့ ဘယ်လိုမှ စာသင်လို့မရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ ကျေးရွာသားတွေက မြို့နယ်ပညာရေးမှူးရုံးမှာ တင်ပြထားတာ တွေလည်းရှိတယ်။ အကြောင်းပြန်တာတော့ မရှိသေးဘူး။ ကျွန်တော်တို့ စိုးရိမ်တာက ကလေးတွေ စာသင်နေတုန်း မျက်နှာ ကြက် ပြိုကျပြီး ကလေးတွေ ထိခိုက် ဒဏ်ရာရရှိမှာကို တော်တော်လေး စိုးရိမ်းမှုတွေရှိတယ်”ဟုပြောသည်။ အဆိုပါ ကျောင်း ပျက်စီးမှုနှင့် ပတ်သတ်ပြီး မြို့နယ်ပညာရေးမှူး ထံတွင် တင်ပြထားသော်လည်း တစ်စုံတစ်ရာ လာရောက်ပြုပြင်ခြင်းမရှိသေး ဟု ပဲစီနန်း အလယ်တန်းကျောင်းအုပ်ဆရာမ ဒေါ်အေးဝင်းခိုင်က ကိုပြောသည်။ “ကျွန်မ တို့ကျောင်းမှာတော့ မျက်နှာကြက် တွေ ပျက်စီးမှုရှိသလို၊ ခေါင်မိုးများပါ ပျက်စီးမှုတွေရှိတယ်။ အဓိက လုပ်ရမှာကတော့ ကျောင်းဆောင်၏ ခေါင်မိုးကို အဓိက လုပ်ပြီးမှ မျက်နှာကြက် ကိုလုပ်ဖို့ မြို့နယ်ပညာရေးမှူးကို အစည်းဝေးမှာ တင်ပြထားတာတွေရှိတယ်။ မြို့နယ်မှာလည်း အထက်က ဘတ်ဂျက်ချပေးမှာ လုပ်လို့ရမှာလေ။ သူတို့ကတော့ ပြုပြင်ပေးမယ်လို့တော့ ပြောလိုက်တာတွေရှိတယ်။ အခုတော့ လာရောက်ပြုပြင်တာတွေမရှိသေးဘူး”ဟုပြောသည်။

“ ကျောင်ဆောင်ပျက်စီးမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြည်နယ်ပညာရေးမှူးရုံးမှ တစ်ဆင့် ပြည်ထောင်စု အဆင့်သို့ လာမည့် ၂၀၂၂ ဘတ်ဂျက်မှာ တင်ပြထားပါတယ်။ ကျောင်းဆောင် မလုံလောက်မှုကတော့ ကျေးရွာသားတွေက တင်ပြလာပြီးမှ ကျွန်တော်တို့က အထက်ကို တစ်ဆင့်တင်ပြလို့ရမှာပါ”ဟုပြောသည်။ ကျောင်းမျက်နှာကြက်များ ပျက်စီးနေသောကြောင့် ကလေးများစာသင်ချိန်တွင် ပြိုကျမည့်အရေးကို စိုးရိမ်စိတ်နှင့် ကလေးများအား ကျောင်းပို့ပြီးသင်ကြားနေရသည်ဟု ကျောင်း သား မိဘ တစ်ဦးဖြစ်သည့် ဦးမောင်ထွန်းဝင်းက Western News ကိုပြောသည်။ “ ကျွန်တော်တို့ ကျောင်းသားမိဘ တွေက လည်း ကျောင်းမှာ မျက်နှာကြက်တွေပျက်စီး နေတော့ ကလေးတွေစာသင်နေတုန်း ပြိုကျမှာကို တော်တော်လည်း စိုးရိမ်မှု တွေရှိတယ်။ ကျောင်းတွေလည်း ပြန်ဖွင့်နေတယ်ဆိုတော့ အခုကလေးတွေက တစ်ပတ်ကို ၆ ရက်လောက်တက်ရတော့ ကလေးတွေရဲ့ အချိန်အများစုက ကျောင်းမှာဘဲ ကုန်ဆုံးနေကြတာလေ။ ကျောင်းမျက်နှာကြက် ပျက်စီးနေတာကြောင့် ကလေး တွေကို စိုးရိမ်စိတ်နဲ့ ကျောင်းပို့နေရတယ်”ဟုပြောသည်။

၂၂။ ဘားအံမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲ အရပ်သားပြည်သူ့ ၁ ဦး ထိမှန်
December 7, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီလောက်က ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲခဲ့တာကြောင့် အရပ် သားပြည်သူ့တယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အမှတ် ၅ ရပ်ကွက် တက္ကသိုလ်လမ်း၊ ဗိုလ်ချုပ်လမ်းမကြီး တက္ကသိုလ်မီးပွိုင့်နဲ့ အထက ၃ ကျောင်းရှေ့တို့မှာ ဗုံးတစ်လုံးဆီ ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမှတ် ၅ ရပ်ကွက် ပေါက်ကွဲမှုမှာ အရပ်သားတယောက် ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့တာပါ။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်အနီး နေထိုင်တဲ့ပြည်သူ့တစ်ဦးက “တက္ကသိုလ်လမ်းက အသားကင်ဆိုင်နားမှာ ဗုံးတစ်လုံး စကွဲတယ်။ မ ကြာဘူး အရပ်ဝတ်နဲ့လူနှစ်ယောက် ဆိုင်ကယ်မောင်းထွက်လာတယ်။ လက်ထဲမှာ သေနတ်တွေပါတယ်။ မီးပွိုင့်နားမှာ ဗုံးထပ် ပစ်ချခဲ့လို့ ထပ်ကွဲတယ်။ နောက်ဆုံးတစ်လုံးက အထက ၃ ကျောင်းရှေ့မှာ ကွဲတယ်။ ဗုံးခွဲတဲ့ကောင်တွေက ဘယ်ကောင်တွေ ဆိုတာ ပြောဖို့တောင်မလိုဘူး။ PDF က ဒါမျိုးမလုပ်ဘူး” လို့ ပြောပါတယ်။ တက္ကသိုလ်လမ်း အသားကင်ဆိုင်အနီး အရပ်ဝတ် လူနှစ်ဦးက ဆိုင်ကယ်ပေါ်ကနေဗုံးနဲ့ ပစ်ချခဲ့တာကို အရပ်သားပြည်သူတစ်ဦးက ခြေထောက်နဲ့ပြေးကန်အထုတ်မှာ ဗုံးပေါက် ကွဲခဲ့တာဖြစ်ပြီး ခြေထောက်မှာ ထိမှန်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။ ဗုံးပေါက်ကွဲ မှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးတာတွေ၊ မြို့တွင်းနဲ့မြို့ပြင် လုံခြုံရေးယာဉ်တန်းနဲ့ လှည့်လည်သွားလာပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

 

၂၃။ မူဆယ် ၁၀၅ မိုင်မှ တရုတ်ဘက်ပို့မည့် ဖရဲသီးများ ပျက်စီး
December 6 , 2021

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေတဆင့် တရုတ်ဘက်တင်ပို့မယ့် ဖရဲသီးအများစု အခွန်စနစ်ကြောင့် စောင့်ဆိုင်းနေရ တဲ့အတွက် ပျက်စီးကုန်ပြီလို့ ကုန်သည်၊ ကားသမားနဲ့ ပွဲရုံတွေဆီက သိရပါတယ်။ ဖရဲတင် ယာဉ်မောင်းတဦးက “ကျနော်က တော့ ရောက်နေတာ ၁ ရက်နေ့ကစ ရောက်တယ်။ မနေ့က အသစ်ဝင်လာတာ ၈ စီးလောက်ရှိမယ်ဗျ။ ရှမ်းပြည် ဖရဲတွေ ၈၀ ရာခိုင်နှုန်းပါ။ ကျနော်တို့ အသုတ်မှာက ဖရဲသီးကွင်းထဲကို ၃၇ စီး၊ အဲဒီ ၃၇ စီးမှာမှ ကောင်းတဲ့ဟာက ၁ စီး ၂ စီးပဲ ရှိတော့ တယ်။ ကျန်တဲ့ဟာက အကုန်လုံး အရည်တွေ ထွက်ကုန်ပြီ” လို့ ပြောပါတယ်။

လက်ရှိ ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မျက်နှာချင်းဆိုင်ကွင်းထဲ ၃၇ စီး၊ ၁၀၅ မိုင် ဖရဲရောင်းကွင်းမှာ အစီးရေ ၃၀ ဝန်းကျင်၊ လွယ်အင်ကားချိန်းကွင်းမှာ အစီးရေ ၅၀ ရှိနေပြီး တရုတ်ပြည်ထဲ ဝင်သွားတဲ့ ဖရဲသီးကား ၂၁ စီးကို ချိန်းသွားတဲ့ ခေါက်တို ကား တွေက အရောင်းဈေးကွက်ထဲ မရောက်သေးဘူးလို့ ဆိုပါတယ်။ အောက်ဘက်က တက်လာတဲ့ ဖရဲကားတွေကို မန္တလေး အထွက် ၁၆ မိုက်ဂိတ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ကစ တားထားပေမယ့် အခုတော့ ပြန်တက်ခိုင်းပြီ ဖြစ်ကြောင်း၊ တချို့ ကားတွေ က ၁၆ မိုင်နားမှာပဲ ဖရဲသီးတွေ ရောင်းနေကြတာရှိပြီး ဒီဇင်ဘာ ၅ ရက်နေ့က မူဆယ်လေယာဉ်ကွင်းနားမှာ ၁ လုံး ၃၀၀၀ ကျပ်၊ ၂ လုံး ၅၀၀၀ ကျပ်နဲ့ ရောင်းနေကြတယ်လို့ ဖရဲကားသမား နောက် ၁ ဦးက ပြောပါတယ်။

“ခေါက်တိုက ၅ စီးတည်း ရှိတယ်။ နောက်ထပ် သူတို့ခေါ်ထားတဲ့ ကားတွေတောင် အကုန် ပြန်လွှတ်နေပြီ။ အဲဒီ အလုပ်လုပ်တဲ့ ၅ လုံးကလည်း ပဲတီစိမ်းတို့၊ ဆန်တို့ဘက်ပဲ ဦးစားပေးနေတာ။” ပြည်တွင်းနဲ့ ပြည်ပ ဈေးကွက်က တော်တော်လေးကွာဟနေ ကြောင်း စိုက်ခင်းပိုင်ရှင် ၁ ဦးက ပြောပါတယ်။ ပိတ်မိနေတာကြောင့် ဝင်လို့မရသေးကြောင်းပြောပေမယ့် နေ့တိုင် ကား အဝင် ရှိနေပြီး ရှမ်းပြည်ကနေ ဝင်လာတာပိုများတယ်လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံမှ မနန်းခမ်းခင်က ပြောပါတယ်။ တောင်သူတွေအ နေနဲ့လိုင်းပေါ်မှာတွေ့သမျှ သတင်းတွေမယုံကြည်ဖို့၊ ပွဲရုံပွဲစားတွေနဲ့ အဆက်အသွယ်လုပ်ပြီးမှ တက်လာသင့်ကြောင်း တရုတ် ဘက်မှာ ၁ ကီလိုကို ၉ ယွမ်ရတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပေမယ့် တရုတ်ပေါက်ဈေး မသိရသေးဘူးလို့ မနန်းခမ်းခင် က ပြောပါတယ်။

 

၂၄။ ကျောက်ဆိပ်ရွာသား ၅ ဦးအမှုတွင် ကျန်ရှိသည့်သက်သေနှစ်ဦးကို (၉)လကြာသည်အထိ မစစ်ဆေးနိုင်သေး
December 6, 2021

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ် ကျေးရွာသား ၅ ဦး၏အမှုတွင် ကျန်ရှိနေသည့်သက်သေနှစ်ဦးကို (၉)လကြာသည်အထိ မစစ်ဆေးနိုင်ကြောင်း သိရသည်။ အမှု တွင် တရားလိုပြသက်သေ ၉ ဦးရှိသည့်အနက် ၇ ဦးကိုစစ်ဆေးပြီးဖြစ်ကာ ကျန်သက်သေနှစ်ဦးဖြစ်သည့် ပုဏ္ဏားကျွန်းမြို့ (၅၅၀) တပ်ရင်းမှ ဗိုလ်မှူးမင်းရှမ်းမောင်နှင့် ဒုရဲမှူး ခင်မောင်အေးတို့ကို စစ်ဆေးရန်ကျန်ရှိနေသေးသည်။

ဗိုလ်မှူးမင်းရှမ်းမောင်မှာ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့သွားပြီဖြစ်ပြီး စစ်တွေခရိုင်တရားရုံးသို့လာရောက်နိုင်ခြင်းမရှိသဖြင့် ကော် မရှင်နာနှင့်စစ်ဆေးရန် ပြီးခဲ့သည့်ဧပြီလအတွင်းမှစ၍ တင်ပြထားသော်လည်း ယနေ့အချိန်ထိ သက်ဆိုင်ရာတရားရုံးမှ အ ကြောင်းပြန်ခြင်းမရှိသေးကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။ “လွန်ခဲ့တဲ့ရုံးချိန်းတွေက ကော်မ ရှင်နာစစ်ဖို့အတွက်ကိုပဲ ဆောင်ရွက်နေတယ်။ ကော်မနာရှင်စစ်ဖို့စောင့်နေခဲ့တာ။ စောင့်နေတာလအတော်ကြာလာတဲ့အတွက် ကြောင့် တရားရုံးကလည်း ကော်မရှင်နာဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အမှုကိုဆက်သွားမယ်ဆိုပြီးတော့ လွန်ခဲ့တဲ့ ရုံးချိန်း ကနေ အမှုစစ်အရာရှိကိုစစ်ဆေးဖို့ ဆင့်ခေါ်ခဲ့တာဖြစ်တယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင် ကပြောသည်။

ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးချုပ်နှောင်ခံထားရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်၊ မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ဖြစ် ကြသည်။ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆို ကာ အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ-၅၀(ည)၊ ၅၂(က)တို့ဖြင့် ပုဏ္ဏားကျွန်းမြို့ အမှတ်(၅၅၀)တပ်ရင်းမှ ဗိုလ်ကြီး တင့်နိုင်ထွန်း က တရားစွဲဆိုထား ခြင်းဖြစ်ပြီး အဆိုပါပုဒ်မဖြင့် တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် ၂ နှစ်ခန့်ကြာမြင့် ခဲ့ ပြီဖြစ် သည်။

 

၂၅။ နော်ဘူဘော ဆုတောင်းတောင်သို့ နေ့ချင်းပြန် လည်ပတ်ခွင့်ပြန်ပေး
December 6, 2021

သံတောင်ကြီးမြို့နယ်ရှိ အထင်ကရ နော်ဘူဘော ဆုတောင်းတောင်ကို ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုမှ တားဆီးရန် ဆု တောင်း လည်ပတ်ခွင့်ပိတ်ထားရာမှ ဒီဇင်ဘာလဆန်းပိုင်းတွင် နေ့ချင်းပြန်လည်ပတ်ရန် ပြန်လည်ခွင့်ပြုထားကြောင်း သံတောင်ကြီးမြို့ခံများက ပြောသည်။ “နော်ဘူဘော ဆုတောင်းပြည့်တောင်ကို ပြီးခဲ့တဲ့အပတ်ကစပြီး နေ့ချင်းပြန်လည်ပတ် ခွင့် ပြုထားပါတယ်။ အရင်ကလို တောင်ပေါ်မှာ ညအိပ်ဆုတောင်းခွင့် မပြုတော့ဘူး။ လာလည်တဲ့သူတွေကို သံတောင်ကြီးမြို့ အဝင်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ထားခြင်း ရှိမရှိကို နှာခေါင်းတို့ပတ် စစ်တယ်”ဟု သံတောင်ကြီးရှိ လူမှုအဖွဲ့အစည်းမှဒေသခံ တစ်ဦးက ကေအိုင် စီသို့ ပြောသည်။

နော်ဘူဘော ဆုတောင်းပြည့်တောင်ကို ကိုဗစ် ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုမှ ထိန်းချုပ်နိုင်ရေးအတွက် ဆုတောင်းတောင် ၏ ဂေါပကအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ရက်နေ့တွင် စတင် ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုစဉ်က အမှန်တကယ် ဆုတောင်းလိုသည့် သံတောင်ကြီးဒေသခံများကို ၅ ဦးထက်မပိုသော လူအရေအတွက်ဖြင့် တက်ရောက်ကာ ဆုတောင်း ခွင့်ပြု ခဲ့သည်။ နော်ဘူဘောဆုတောင်းတောင်သည် ကရင်ပြည်နယ်၏ အမြင့်ဆုံးတောင်များထဲတွင် တစ်ခုပါဝင်ကာ ပင်လယ်ရေမျက် နှာပြင်အထက် ပေ ၄,၈၂၄ မြင့်ပြီး တောင်ထိပ်သို့တက်ရောက်ရမည့် လှေကားထစ်ပေါင်း ၃၇၄ ထစ် ရှိသည်။

 

၂၆။ နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ်ချမှတ်မှု အပစ်ရပ် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ လက်မခံ၊ စစ်ကားဖြင့် ပြည်သူကို တိုက်သတ်မှု PPST ရှုတ်ချ
December 7, 2021

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားဆန္ဒပြသူတွေကို စစ်ကောင်စီတပ်က စစ်ကားနဲ့ တိုက် သတ်တဲ့အကြမ်းဖက်မှုကို ရှုတ်ချကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတအပေါ် ပြစ်ဒါဏ်ချမှတ်တာတွေကို လည်း လက်ခံနိုင်ဖွယ်မရှိဘူးလို့ ဒီကနေ့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ အစည်းအဝေးမှာ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ထည့်သွင်းပြောဆိုသွားပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထား တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ဗီဒီယိုကွန်းဖရင့်အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းမှာ နိုင်အောင်မင်း က အခုလိုထည့်သွင်းပြောဆိုသွားတာပါ။

ဒီဇင်ဘာလ ၅ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ ငြိမ်းချမ်းစွားဆန္ဒပြနေကြတဲ့ လူထုသပိတ် စစ်ကြာင်းက ဆန္ဒပြနေသူတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားနဲ့တိုက်သတ်ခဲ့သလို သေနတ်ပစ်ခတ်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကောင်စီက အခုလိုအကြမ်းဖက်ဖြိုခွင်းတာကို ကန့်ကွက်ရှုတ်ချတယ်လို့ နိုင်အောင်မင်း ကဆိုပါတယ်။ ဒါ့အပြင် မနေ့က (ဒီဇင်ဘာ ၆ရက်) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီတရားရုံးက ထောင်ဒါဏ်တွေအသီးသီးချမှတ်လိုက်တာကိုလည်း လက်ခံနိုင်ဖွယ်မရှိဘူးလို့ PPST ခေါင်းဆောင်ကပြောပါတယ်။

စစ်ကောင်စီက အခုလိုလုပ်ဆောင်နေတာတွေဟာ နိုင်ငံရေးပြဿနာတွေကို အဖြေရှာနိုင်ရေးအတွက်ပိုမိုအလှမ်းဝေးစေတယ် လို့လည်းဆိုပါတယ်။ လက်ရှိနိုင်ငံရေးအကြပ်အတည်းတွေကိုဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော်ဆုံးလို့ PPST ကယုံကြည်ထားပြီး ဒါကိုအကောင်အထည်ဖော်ဖို့နည်းလမ်းရှာကြိုးပမ်းမယ်လို့လည်း PPST ရဲ့ ၂ ရက်တာ အစည်းအဝေး အပိတ်မိန့်ခွန်းမှာ နိုင်အောင်မင်းကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

၂၇။ ဂျာရာယာန်ကျေးရွာတွင် အကြီးစားရွှေတူးဖော်မှုများကြောင့် စစ်ရှောင်များ၏ တောင်ယာမြေနေရာများ ပျက်စီး
December 7, 2021

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဂျာရာယာန်ကျေးရွာတွင် အကြီးစားရွှေတူးဖော်မှုများကြောင့် စစ်ရှောင်ဒေသခံများ၏ တောင်ယာမြေနေရာများ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း သိရသည်။ အကြီးစားရွှေတူးဖော်မှုကြောင့် စစ်ရှောင်ပြည်သူများ ၏ တောင်ယာမြေများ ထိခိုက်ပျက်စီးနေသည့်အပြင် ၎င်းတို့နေရပ်ပြန်ချိန်တွင် တောင်ယာလုပ်ကိုင်ရန် မြေနေရာပင် မရှိတော့ ကြောင်း အမည်မဖော်လိုသူ စစ်ရှောင်အမျိုးသား တစ်ဦးက The 74 Media ကို ပြောသည်။ “ရွာရဲ့အနီးအနားအားလုံး လုပ်စားလိုက်ပြီ။ ဒီနှစ်ဆို ရွာနားတောင် ရောက်နေပြီ။ တောင်ယာလုပ်စားဖို့ မြေလည်း မရှိလာတော့ဘူး။ အိမ်ဆောက်ဖို့ နေရာကွက်တိပဲ ကျန်တော့တယ်။ ကျွန်တောတို့ တောင်ယာပဲ လုပ်စားတယ်ဆိုတော့ ကျွန်တော်တို့နယ်မြေက အကုန်လုံးပါ သွားပြီ။ သူတို့က မကုန်မချင်းတော့ တူးမှာပဲ” ဟုပြောသည်။

လက်ရှိ ရွှေတူးဖော်‌နေသော နေရာသည် ရွာထက်အနည်းငယ်မြင့်သော တောင်ပေါ်တွင် တူးဖော်နေသောကြောင့် မိုးတွင်း ကာလတွင် ရေကြီးလာမည်ကို စိုးရိမ်ကြောင်းသူက ဆက်ပြောသည်။ “အဲ့ဘက်က ရွာထက် နည်းနည်းမြင့်တယ်။ မိုးရာသီမှာ ရေကြီးလာမှာ စိုးရိမ်ရတယ်။ ကျွန်တော်တို့ ရွာပြန်ရင်တောင် ရေကြီးရေလျှံကြောင့် စစ်ပြေးကနေ ရေဘေးဒုက္ခပြန်ဖြစ်နိုင် တယ်” ဟုဆိုသည်။ ဂျာရာယာန်ကျေးရွာတွင် အကြီးစားရွှေတူးဖော်နေသော ကုမ္ပဏီ ၆ ခုရှိပြီး စက်ယန္တရားအကြီးများ အသုံး ပြုကာ ရွှေတူးဖော်နေကြောင်း ဒေသခံများကပြောသည်။ ရွှေတူးဖော်သည့် ကုမ္ပဏီများသည် မြေဧက ၁၄၀ ကျော်ခန့် ရွှေတူး ဖော်ပြီးဖြစ်သော်လည်း ဒေသခံပြည်သူများနှင့် ဆွေးနွေးတိုင်ပင်ခြင်းမရှိသည့်အပြင် ဒေသခံများ၏ ဆုံးရှုံးနစ်နာမှုများအတွက် လည်း လျော်ကြေးပေးဆောင်ခြင်းလည်းမရှိကြောင်း အခြား စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်သောကြောင့် ဂျာရာယာန်ကျေးရွာဒေသခံများသည် ဆလန်ယာန်ရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ ဂျာရာယာန်ကျေးရွာ သည် အိမ်ခြေ ၆၀ ရှိပြီး လူဦးရေ ၃၀၀ ခန့်ရှိပြီး စစ်ရှောင်များ ပြန်လည် အခြေချနေထိုင်နိုင်ခြင်းမရှိသေးသော ကျေးရွာဖြစ် သည်။ စစ်အာဏားသိမ်းပြီးနောက် ဆွမ်ဘရာဘွမ်မြို့နယ်တွင် အကြီးစားရွှေတူးဖော်သည့် လုပ်ငန်းများ များပြားလာသည့် အပြင် မြစ်ဆုံဒေသတွင်လည်း စက်ယန္တရားကြီးများဖြင့် တူးဖော်လျှက်ရှိသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button