တိုင်းရင်းသားများသတင်း

အပတ်စဉ်စုဆောင်းတိုင်းရင်းသားသတင်းလွှာစုစည်းတင်ပြခြင်း

Unicode

နေ့စဉ်တိုင်းရင်းသားသတင်းများစုဆောင်းတင်ပြခြင်း

(No. 75 , November 24, 2020)

၁။        ဗန်းမော်မြို့ရှိစစ်ရှောင်များကို ဗန်းမော်မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း လက်မှတ်ထိုးခိုင်း

၂။         ဆန်ပြတ်လတ်နေသော ဆော့လော်မြို့နယ်အတွက် အစိုးရက ထောက်ပံ့ပေး

၃။        ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်မှာ လယ်ယာ ကုန်ထုတ်လမ်းနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်မည်

၄။        ကလေးစစ်သားအသုံးပြုမှု ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် DKBA ချုပ်ဆို

၅။        NLD ၏ဖိတ်ခေါ်ချက် သဲသဲကွဲကွဲဖြစ်အောင်လေ့လာဦးမည်ဟု KPP ပြော

၆။        စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို

၇။        ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် နေရပ်ပြန်

၈။        အနိုင်ရ NLD ကျောက်မဲခရိုင်အမျိုးသားလွတ်တော်ကိုယ်စားလှယ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံး

၉။        ဖမ်းဆီးထားသော NLD ပါတီဝင်  ၃ ဦး အမြန်ဆုံးလွှတ်ပေးမည်ဟု AA ပြော

၁၀။      NLD ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းတွင် အမှုဖွင့်ခံရ

၁၁။      ဖားကန့်တွင် မြေစာပြိုမှုကြောင့် (၁) ဦးသေ (၂) ဦး ဒါဏ်ရာရ

၁၂။      ရခိုင်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုပေါင်း ၉၁မှုရှိ

၁၃။      AA အပါအဝင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် FPNCC တို့၏ သဘောထားထုတ်ပြန်ချက် NLD ကြိုဆို

၁၄။      ကျဆုံး AA ဗိုလ်လောင်းအခမ်းအနားတက်ရောက်၍ အဖမ်းခံရသူ ဦးအစံမောင်ကို ဘေးစီမံပုဒ်မ(၂၅) ဖြင့်အမှုဖွင့်

၁၅။      မောင်တောနယ််စပ်တွင် မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် ပြင်းအားမြင့်မိုင်းကို ARSA က ထောင်ထားခြင်းဟု တပ်မတော်ထုတ်ပြန်

၁၆။      ကချင်စစ်ရှောင် နေရပ်ပြန်ရေးတွင် အစိုးရ ကူညီစေလို

၁၇။      ပဏာမ အပစ်ရပ် သဘောတူညီချက်ကို မဟာမိတ်လေးဖွဲ့အတူသာ လက်မှတ်ထိုးမည်ဟု TNLA ပြော

၁၈။      မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ

၁၉။      တိုင်းရင်းသားပါတီတစ်ခုအနေဖြင့် တောက်ချခံရမည်ကိုစိုးရိမ်ဟု အင်းအမျိုးသားအဖွဲ့ချုပ်ပါတီပြော

၂၀။      ကိုးကန့်နယ်စပ်မျဉ်းနား တရုတ်ခြံစည်းရိုးကာ

၂၁။      ပြည်တွင်းစစ်ကြောင့် ခြောက်လအတွင်း ကလေး ၄ဝ ကျော်သေဆုံး၊ တစ်ရာကျော် ဒဏ်ရာရ

၂၂။       NLD အနိုင်ရအမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ

၂၃။      ဒီချုပ်အမတ်လောင်းသုံးဦးကို AA ပြန်မလွှတ်ပါက ရခိုင်တွင် ရွေးကောက်ပွဲဖြစ်ရေးခက်နိုင်ဟု MIPS တာဝန်ရှိသူပြော

၂၄။      ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် လွတ်မြောက်ရေး လက်မှတ်ကောက်ခံ

၂၅။      လုပ်ကြံခံရသည့် ဦးထိုက်ဇော် မဲရလဒ် ကန့်ကွက်သူ မရှိလျှင် လစ်လပ်မဲဆန္ဒနယ် သတ်မှတ်မည်

**********************************

(20 November 2020)

ကချင်ပြည်နယ် ဗန်းမော်မြို့ စစ်ရှောင်စခန်းများတွင် ခိုလှုံနေသောစစ်ရှောင်များကို ဗန်းမော်မြို့မှ ထွက်ပြေးလာသူများမဟုတ် ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံး က လက်မှတ်ထိုးခိုင်းခဲ့သည်ဟု စစ်ရှောင်များထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်စက်တင်ဘာလ ၁၅ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးက လက်မှတ်ထိုးခိုင်းခဲ့သော်လည်း ထောက်ပံမှုများ ရပ်တန့်သွားမည်ကို စိုးရိမ်သောကြောင့် လက်မှတ်မထိုးခဲ့ကြောင်း ဗန်းမော် စစ်ရှောင်တာဝန်ခံတစ်ဦးဖြစ်သည့် ဦးအင်ဒေါင်တန်ဂွန်းက ပြောဆိုသည်။ လက်ရှိဗန်းမော်တွင်ရှိနေသောစစ်ရှောင်များမှာ မိုးမောက်နှင့် မံစီမြို့နယ်မှ ထွက်ပြေး လာသူများဖြစ်ကြောင်းနှင့် ဗန်းမော်မှ မဟုတ်ကြောင်းသက်သေအဖြစ်သာ လက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့က ရှင်းပြခဲ့ကြောင်း ဦးအင်ဒေါင်တန်ဂွန်းက ပြန်လည်ရှင်းပြသည်။ လက်ရှိ ဗန်းမော်မြို့နယ်အတွင်း တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများမှာ ဗန်းမော်ခရိုင်အတွင်းရှိ မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်အတွင်းမှ စစ်ရှောင်များဖြစ်ကြပြီး စစ်ရှောင် စခန်း ၈ခုခန့်နှင့် စစ်ရှောင်လူဦးရေ ၈ထောင်ခန့်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကောလဟာလတွေသာ ဖြစ်နိုင်ကြောင်း ကချင်သတင်းဌာန KNG ကို ပြန်လည် ပြောဆိုသည်။အဆိုပါကိစ္စနှင့် ဗန်းမော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုမေး မြန်းရန် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။ https://burmese.kachinnews.com/2020/11/20/l1-32/

*****************

(24 November 2020 )

Covid-19 နှင့် သဘာဝဘေးကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသော ဆော့လော်မြို့နယ်ပြည်သူများအတွက် ပြည်ထောင်စု အစိုးရက ဆန်ထောက်ပံ့ပေးထားကြောင်း သိရသည်။ ပြောင်းဖူးခင်းပိုးဖျက်ခံရခြင်းနှင့် Covid-19 ကြောင့် စစ်ဆေးရေးဂိတ် များတင်းကြပ်သွားပြီးနောက် တရုတ်နိုင်ငံဘက်မှ ဆန်သယ်ယူရန်ခက်ခဲသွားသောကြောင့် ပြည်ထောင်စုအစိုးရထံ တောင်းပေး ရခြင်းဖြစ်သည်ဟု လက်ရှိ ဆော့လော်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခေါ်မာဝူ က ပြောသည်။

ဆော့လော်မြို့နယ်သည်တရုတ်နယ်စပ်မြို့ဖြစ်ကာ ဒေသခံများသည်တရုတ်နိုင်ငံသို့ အစားအသောက်များ သွားရောက်ဝယ် ယူကြသည့်အပြင် အလုပ်အကိုင်အခွင့်လမ်းရရှိရန်လည်း တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်။ သို့သော် လက်ရှိချိန်တွင် Covid-19 ကပ်ရောဂါကာလဖြစ်သည့်အလျှောက် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များအား Covid-19 ကပ်ရောဂါစတင်ဖြစ်စဉ်ကတည်းက ပိတ်ခဲ့ပြီး ယခုနောက်ပိုင်း နယ်စပ်ဂိတ်တွင် ယခင်ထက်ပိုမိုတင်းကြပ်လာသည့်တွက် ဒေသခံများ အစားအသောက်ဝယ်ယူရန်ခက်ခဲလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ကပ်ရောဂါဖြစ်ပွားမူသည် ၁၀ခန့်ကြာမြင့်လာသည်နှင့်အမျှ ပြည်သူများအတွက်လည်း အစားအ သောက် ခက်ခဲမူများစွာကြုံတွေ့လာကြရသည်။ ထို့အတူပိုးတွေ့ရှိမူသည်လည်း ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် သိသိသာသာပြန်လည် တိုးလာသည်ကို တွေ့ရသည်။ https://burmese.kachinnews.com/2020/11/24/l1-33/

*********************

(November 20, 2020)

၂၀၂၀-၂၀၂၁ ဘတ်ဂျတ်နှစ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်ရာမှာ ကျေးလက်က လယ်ယာကုန် ထုတ်လမ်းနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကိုဦးစားပေးလုပ်ဆောင်သွားမယ်လို့ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ ၂၀၂၀ – ၂၁ ဘဏ္ဍနှစ်အတွက် ပြည်ထောင်စုနဲ့ ပြည်နယ် ဘတ်ဂျက်ကနေ ရံပုံငွေ စုစုပေါင်း ကျပ် ၃၃၈၀.၅၁၂ သန်းရရှိထားတယ်လို့ ဆိုပါတယ်။ပြည်ထောင်စုငွေလုံးငွေရင်းရံပုံငွေဖြင့် ကျေးလက် လယ်ယာ ကုန်ထုတ်လမ်း (၁၃)လမ်းနဲ့ တံတားလုပ်ငန်း(၅၃)ခုအတွက်ရံပုံငွေကျပ်သန်း (၁၁၇၀.၇၂)သန်းကိုအသုံးပြုသွားမာ ဖြစ်ပြီး ရေရှားပါးတဲ့ဒေသတွေမှာ ကျေးလက်ရေရရှိရေးအတွက် လုပ်ငန်း၂၈ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၆၇၄.၃၂၁) သန်းကို အသုံးပြုသွားမာဖြစ်တယ်လို့ သိရပါတယ်။ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လယ်ယာကုန်ထုတ် လမ်း (၉)လမ်း၊ တံတား ၁၂စင်းအတွက်ရန်ပုံငွေကျပ်(၁၀၉၃.၄၁)သန်းနဲ့ ကျေးလက်ရေရရှိရေးလုပ်ငန်းအတွက် လုပ်ငန်း ၁၇ခု အား ခွင့်ပြုရန်ပုံငွေကျပ် (၄၄၂.၀၆၀)သန်းကို ဆောင်ရွက်သွားမာဖြစ်ပါတယ်။၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ စီမံကိန်းအသစ် အနေနဲ့ မြစိမ်းရောင်စီမံကိန်းအတွက် ၁၀ယူနစ် ခွင့်ပြုရရှိပြီး ၁ယူနစ်ကို ကျပ်သန်း၃၀ (သိန်း ၃၀၀) နဲ့ ကျေးရွာဖွံ့ ဖြိုးရေးစီမံကိန်း (BDB) စီမံကိန်းအတွက် ကျေးရွာ (၅၀)အတွက် ခွင့်ပြုငွေကျေးရွာတစ်ရွာကို ကျပ်သိန်း(၁၀၀)ဖြင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စုနဲ့ ပြည်နယ်ခွင့်ပြုရန်ပုံငွေတွေကရရှိတဲ့ ရန်ပုံငွေတွေကိုကယားပြည်နယ်အတွင်းမှာ Lot (၁၇)ခုခွဲပြီးဆောင်ရွက် သွားမာဖြစ်ပါတယ်။ အဆိုပါ Lot (၁၇)ခုမှ (၁၅)ခုကို အိတ်ဖွင့်တင်တာစနစ်ဖြင့် လုပ်ငန်းရှင်တွေကိုခေါ်ယူလုပ်ဆောင်သွား မယ်လို့ သိရပါတယ်။ ကျန်တဲ့ Lot နှစ်ခုက ကျပ် ၁၀သန်းအောက်မှာဖြစ်တဲ့အတွက် ဈေးနှုန်းအဆိုပြုလွှာအဖြစ် ခေါ်ယူဆောင် ရွက်သွားမယ်လို့ သိရပါတယ်။

https://www.kantarawaddytimes.org/%e1%81%82%e1%81%80%e1%81%82%e1%81%80-

ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA နှင့် မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသောချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး နိုင်ငံ အဆင့်အထူးတာဝန်အဖွဲ့ (CTFMR) တို့အကြား ကလေးစစ်သား အသုံးပြုမှု ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့ (နိုဝင်ဘာလ ၂၀ရက်)တွင် အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးများကို တပ်သားအဖြစ် စုဆောင်းခြင်း၊ အသုံးပြုခြင်းတို့မှ ကာကွယ်တားဆီးခြင်းနှင့် အဆုံးသတ်ခြင်းဆိုင်ရာ ပူးတွဲလုပ် ငန်းအစီအစဉ်အတွက်ရေးထိုးသည့် အဆိုပါသဘောတူစာချုပ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှအရာရှိများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်(PC)၊ သံတမန်အရာရှိများ၊(CTFMR) ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသော DKBA မှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင် လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်ဟု DKBA က ဆိုသည်။ အဆိုပါ လက်မှတ်ရေးထိုးခြင်းကို DKBA ဘက်မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောမိုရှေး၊ ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးနှင့် CTFMR ၏ ပူးတွဲဥက္ကဋ္ဌအဖွဲ့ဝင်ကိုယ်စားလှယ်များမှ လက်မှတ် ရေးထိုးခဲ့ကြပြီး (UN) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Virginia Gamba ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း နှင့် အထူးသံ တမန် သံရုံးအဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတကာကိုယ်စားလှယ်အချို့က အသိသက်သေအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။

အလားတူ NCA ထိုးထားသည့် အခြားကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးအနေဖြင့်လည်း ဆွစ်ဇလန်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂမှ ဖွဲ့စည်းထားသော Geneva Call အဖွဲ့ချုပ်နှင့် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် ကလေးစစ်သားနှင့် အမျိုးသမီး၊ ကလေးကာ ကွယ်ရေးဆိုင်ရာ ဝန်ခံမှု သန္ဓိဌာန် ပြုစာချွန်လွှာနှစ်ခုကို ဖားအံမြို့၌ လက်မှတ်ရေးထိုးချုပ်ဆိုထားသည်။

http://kicnews.org/2020/11/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%85%e1%80%85%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%bb%e1%80%95%e1%80%b3%e1%80%99%e1%82%88-%e1%80%80%e1%80%ac/

*****************

၅။        NLD ၏ဖိတ်ခေါ်ချက် သဲသဲကွဲကွဲဖြစ်အောင်လေ့လာဦးမည်ဟု KPP ပြော

(November 20, 2020)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရာတွင်ပါဝင်ရန် ဖိတ်ခေါ် ချက်အပေါ် သဲသဲကွဲကွဲလေ့လာပြီးမှ ဆုံးဖြတ်သွားမည်ဟု ကရင်ပြည်သူ့ပါတီ (KPP) ဒု-ဥက္ကဋ္ဌ စောစေးဝါးက နိုဝင်ဘာ ၂၀ ရက် တွင် ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်သူ့ပါတီ (KPP) ၏ နိုဝင်ဘာ ၁၉ ရက်က ပါတီရုံးချုပ်ခွဲတွင်ပြုလုပ်သည့် ဗဟိုအလုပ် မှုဆောင်အစည်းအဝေး၌ ခေါင်းစဉ်တစ်ခုအနေဖြင့်ဆွေးနွေးခဲ့ပြီးနောက် ယခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စောစေးဝါးက ပြောသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်ရည်မှန်းချက်နှင့် တူညီသည့်အတွက် တိုင်းရင်းသားပါတီများအနေဖြင့် အဖွဲ့ချုပ်ကဖော်ဆောင်မည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်မည်ဟု မျှော်လင့်ပါသည်ဟု ဖော်ပြထားသည်။

ကရင်ပြည်သူ့ပါတီကို ၂၀၁၀ မေလတွင် ရန်ကုန်မြို့၌ တရားဝင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ခြောက်နေရာအနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်တစ်ဦးသာ အနိုင်ရရှိခဲ့သည်။

%e1%81%8f%e1%80%96%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%80%81%e1%81%9a%e1%80%81%e1%80%ba%e1%80%80%e1%80%b9-

****************

၆။        စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို

(NOVEMBER 23, 2020)

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်း အမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှု အဖွဲ့အစည်း (၁၂) ဖွဲ့က ပလက်ဝမြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။

ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က အောက်သဲမဝကျေးရွာသူ မသန်စွမ်း အမျိုးသမီး(အမြင်အာရုံအားနည်း)ကို စစ်ဘေးရှောင်စခန်းတွင် အတူနေထိုင်သူ အသက် (၄၀) ခန့်ရှိသည့် ရခိုင်အမျိုးသား တစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျေအေးခွင့်မပြုဘဲ တရားဥပဒေအတိုင်း ဆောင်ရွက် ပေးရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဆမီးချင်းအမျိူးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။ “ ဦးလေးတော်စပ်သူ၏ ငါးသိန်း ကျပ်တိတိဖြင့် တောင်းပန်အလျှော်အစားလုပ်လျင် အမှုကိုပိတ်ကျေအေးနိုင်သည်ဆိုသည့်အချက်သည် အမျိူးသမီးနှင့် မိန်းကလေးများ တရားမျှတမှုကို လက်လှမ်းမှီရန်အတွက် အဟန့်အတားတစ်ခုဖြစ်ပါသည်။ (ဗဟုတရားမျှတမှုစနစ်) ခေါင်းစဉ်ဖြင့် ချင်းဓလေ့ထုံးတမ်းကို အသုံးပြုခြင်းသည်လည်း ချင်းအမျိူးသမီးနှင့် မိန်းကလေးများအတွက် တရားမျှတမှုကို ဆုံးရှုံးရသည့်အကြောင်းရင်းများဖြစ်တတ်သည်ကိုလည်း သတိချပ်စေလိုသည်’ ဟု အရပ်ဖက်အဖွဲ့အစည်း (၁၂) ၏ အိပ်ဖွင့် ပေးစာတွင်ဖော်ပြထားသည်။

ယခုအိပ်ဖွင့်ပေးစာပေးပို့သည့် အရပ်ဖက်အဖွဲ့အစည်းများမှာ ဧဒင်မသန်စွမ်းကလေးများပြုစုရာရိပ်မွန်-ဟားခါး၊ ဟားခါးတာရ် အမျိုးသမီးအဖွဲ့၊ မသူအမျိုးသမီးအဖွဲ့အစည်း၊ ရီဇွာအမျိုးသမီးအဖွဲ့၊ ဆပ်သားအမျိုးသမီးအဖွဲ့၊ ဟားခါးချင်း အမျိုးသမီး အဖွဲ့အစည်း၊ ဒါရ်ဒီမ်ပါရ်အဖွဲ့၊ ဌာနေတိုင်းရင်းသူကွန်ယက်၊ ချင်းမိသားစုအဖွဲ့၊ Shine Di ၊ BOOM Women ၊ ရသေ့တောင် လူငယ်ကွန်ယက်စသည်တို့ဖြစ်သည်။ မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူအမျိုးသားကိုလည်း ဆမီးရဲတပ်ဖွဲ့မှ ဖမ်းဆီး ပြီး တရားစွဲဆိုရန် ပလက်ဝမြို့သို့ ခေါ်ဆောင်သွားပြီဟုသိရသည်။ https://khonumthung.org/?p=9484

**********************

၇။        ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် နေရပ်ပြန်

(နိုဝင်ဘာ ၂၂၊ ၂၀၂၀)

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင် စခန်းများတွင်ခိုလှုံနေကြသည့် စစ်ဘေးရှောင်သုံးထောင်ကျော် နေရပ်ပြန်နေကြပြီဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီ ဆောင်ရွက်နေသူများက ပြောသည်။

ထိုသို့ စစ်ဘေးရှောင်များ နေရပ်ပြန်ရာတွင် စိုက်ပျိုးထားဆဲ စပါးများရိတ်သိမ်းရန် ယာယီနေရပ်ပြန်ကြသည့် စစ်ဘေးရှောင် ဦးရေ သုံးသောင်းခန့်ရှိပြီး မိမိနေအိမ်သို့ အပြီးပြန်ကြသည့်စစ်ဘေးရှောင်ဦးရေမှာ သုံးထောင်ကျော်ရှိကြောင်း စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်ဇော်ထွန်းက ပြောသည်။ ယခုနေရပ်ပြန်နေကြသည့် စစ်ဘေးရှောင်အများစုမှာ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသူများဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေး ရှောင်စခန်းများတွင်နေထိုင်သူများမှာ စိုက်ပျိုးထားဆဲ စပါးများကို ရိတ်သိမ်းရန်အတွက်သာ ယာယီနေအိမ်ပြန်နေကြခြင်းဖြစ် ကြောင်း သိရသည်။ မြောက်ဦးမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသူ ဒေါ်ဦးမြင့်နွယ်က လတ်တလောတွင် အခြေအ နေပေါ် မူတည်ကာနေရပ်ပြန်နေရခြင်းဖြစ်ပြီး တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ကာ အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံနှစ်သိန်းကျော် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ https://www.mizzimaburmese.com/article/75872

*****************

၈။        အနိုင်ရ NLD ကျောက်မဲခရိုင်အမျိုးသားလွတ်တော်ကိုယ်စားလှယ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံး

(နိုဝင်ဘာ ၂၁ ၊ ၂၀၂၀)

ရှမ်းပြည်နယ်အမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ်(၁)၏ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရလွှတ်တော်ကိုယ်စား လှယ် ဦးထိုက်ဇော်သည် ယနေ့ စနေနေ့ညနေ ၆ နာရီကျော်က နောင်ပိန်ကျေးရွာအုပ်စုပန်တိန်ရွာရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရ၍  ကျောက်မဲဆေးရုံတွင် သေဆုံးသွားကြောင်း ကနဦး သတင်းများအရသိရသည်။

ကျောက်မဲရပ်မိရပ်ဖတစ်ဦး၏အပြောအရ ဦးထိုက်ဇော်သည် သေနတ်ဒဏ်ရာနှစ်ချက်ရရှိခဲ့ပြီးနောက် ကျောက်မဲပြည်သူ့ဆေး ရုံသို့ ပို့ဆောင်ကုသသော်လည်း ၆ နာရီ ၅၀ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်ဟုဆိုသည်။ ယခင်သီတင်းပတ်အတွင်းကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ အိမ်ကိုလက်နက်ကြီးများနှင့် ပစ်ခတ်ခံရမှုများဖြစ်ပေါ်ခဲ့သော်လည်း လက်သည်မပေါ်ဘဲဖြစ်ခဲ့သည်။

ကျောက်မဲမြို့တွင် သေနတ်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီးတော့ တရားခံတွေကိုဖမ်းဆီးရရှိမှုကဖြင့် ရှားပါးလှ သည်။ https://www.mizzimaburmese.com/article/75864

*****************

၉။        ဖမ်းဆီးထားသော NLD ပါတီဝင်  ၃ ဦး အမြန်ဆုံးလွှတ်ပေးမည်ဟု AA ပြော

(နိုဝင်ဘာလ ၂၁၊ ၂၀၂၀)

ရခိုင့်တပ်တော်(AA) က  ရွေးကောက်ပွဲမတိုင်ခင် ဖမ်းဆီးထားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် သုံးဦးကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းကာ အမြန်ဆုံး ပြန်လွှတ်ပေးသွားမည်ဟု  AA က နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်း ထုတ်ပြန်လိုက်သည်။

အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသော AA ၏ ထုတ်ပြန်ချက်တွင် NLD ၏  နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် ပြန်ချက်ဖြစ်သော ” ပြည်သူသို့အသိပေးခြင်း” ကို  ကြိုဆိုထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် NLD က ” မိမိတို့အဖွဲ့ချုပ်ကို ထောက်ခံသူများသာမက မထောက်ခံသူများ၏အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဟု ခံယူပါသည်” ဟု ထည့် သွင်းဖော်ပြထားသည်။ NLD ပါတီ၏ သဘောထားကြီးမားမှုကို ဖော်ပြခြင်းဟု  AAက တုံ့ပြန်လိုက်သည်။ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့် နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ စည်းရုံးရေးခရီးစဉ်သွားရောက်စဉ် အောက်တိုဘာ ၁၄ ရက်က AA ၏ ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရသည်။

ဖမ်းဆီးမှုဖြစ်ပွားပြီးနောက် လုံခြုံရေးကြောင့်ရခိုင်ပြည်နယ်အတွင်း မြို့နယ်ကိုးမြို့နယ်ကို ရွေးကောက်ပွဲမကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့သည်။  AA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ရှိမြို့နယ်များတွင် ဆက်စပ်ရွေးကောက် ပွဲများ အချိန်မီပြုလုပ်ပေးပြီး အမျိုးသားရင်ကြားစေ့ရေးကို နှုတ်အားဖြင့်မဟုတ်ဘဲ လက်တွေ့သက်သေပြဖို့လိုသည်ဟု တောင်း ဆိုထားသည်။ https://www.mizzimaburmese.com/article/75853

****************

၁၀။      NLD ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းတွင် အမှုဖွင့်ခံရ

(November 22, 2020)

NLD ပါတီကိုယ်စားပြု၍ မွန်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ တွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် ဦးကိုကိုဦးကို ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ မဲရုံကိုစားလှယ်တစ်ဦးက မုပွန်နယ်မြေရဲစခန်း၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။ ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ် ဦးကိုကိုဦးသည် ရွေးကောက်ပွဲကာလအတွင်း မလျော်သြဇာသုံးသည်ဟုဆိုကာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ ဖြင့် နိုဝင်ဘာ ၁၈ ရက်က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ဦးကိုကိုဦးကို စစ်ဆေးရန် မုပွန်နယ်မြေ ရဲစခန်းက နိုဝင်ဘာ ၂၁ ရက်တွင် ဆင့်ခေါ်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်တန်းရပ်ကွက်တွင် ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသည့်ကိစ္စ၌ ရပ်ကျေးကော်မရှင်အဖွဲ့များ အား မဲဆန္ဒရှင်များ၏နေအိမ်ပေါ်သို့မတက်ရန် ဦးကိုကိုဦးက မလျော်သြဇာသုံး၍ လာရောက်ပြောဆိုခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အမှုဖွင့်တိုင်ကြားခံထားရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးကိုကိုဦးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

အဆိုပါ ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၃,၁၃၂ ဦး ရှိပြီး ၇၇,၈၇၆ ဦး လာရောက် မဲပေးခဲ့ကြောင်း မွန်ပြည်နယ် ရွေးကောက်ပါဲကော်မရှင်၏ မဲရလဒ်ထုတ်ပြန်ချက်များအရ သိရသည်။

http://burmese.monnews.org/2020/11/22/nld-%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80

******************

၁၁။      ဖားကန့်တွင် မြေစာပြိုမှုကြောင့် (၁) ဦးသေ (၂) ဦး ဒါဏ်ရာရ

(November 20 2020)

ဖားကန့်မြို့နယ် လုံးခင်းကျေးအုပ်စု မလောင်ကျေးရွာအနီး ယနေ့မွန်းလွဲ (၂)နာရီ အချိန်က မြေစာပုံဟောင်းပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြိုကျခဲ့သည့် မြေစာပုံဟောင်းသည် သိရောမဏိ ကျောက်စိမ်တူးဖော်ရေးကုမ္မဏီ၏ မြေစာပုံဟောင်းဖြစ်ပြီး အဆိုပါမြေစာပုံ တွင် ရွှေနှင့်ကျောက်မျောတိုက်ရင်း မြေစာပြိုကျခဲ့ခြင်းကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့ကြောင်း မလောင်ကျေး ရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ သေဆုံးသူသည် (၂၅)နှစ် အရွယ်ရှိ မလောင်ကျေးရွာနေ ကိုဇော်ဦး ဖြစ်ပြီး၊ဒဏ်ရာရသူ များမှာ ကိုကျော်ကြီး (၂၉)နှစ်နှင့် ကို စိုးငယ် (၂၄)နှစ်တို့ဖြစ်ကြောင်းလည်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းမှာ မြေစာပြိုမှု၊ ကျောက်ကမ်းပါးပြိုကျမှုနဲ့ ကမ်းပါးပေါ်မှခြေချော်ကျမှု များကြောင့် လူပေါင်း ၂၀၀ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်းလည်း ဒေသအာဏာပိုင်များ၏ သတင်းမှတ်တမ်းများအရ သိရသည်။

https://www.myitkyinanewsjournal.com/local-news/4874/2020/

***************

၁၂။      ရခိုင်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုပေါင်း ၉၁မှုရှိ

(November 24, 2020)

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုဖွင့်ခံထားရသည့် အမှုပေါင်း ၉၁ မှုအထိရှိကြောင်း သတင်းရရှိသည်။ အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် အမှုများမှာ ကျောက်ဖြူ ခရိုင်တွင် ၁၉ မှု၊ မြောက်ဦးခရိုင်တွင် ၃၅ မှု၊ မောင်တောခရိုင်တွင် ၃ မှု၊ စစ်တွေခရိုင်တွင် ၃၃ မှုနှင့် သံတွဲခရိုင်တွင် ၁ မှုတို့ဖြစ်ကြသည်။

တရားစွဲဆိုခံထားရသူများမှာ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦး ခရိုင်တွင် ၇၈ ဦး၊ မောင်တောခရိုင်တွင် ၄ ဦး၊ စစ်တွေခရိုင်တွင် ၁၃၉ ဦးနှင့် သံတွဲခရိုင်တွင် ၄ ဦးတို့ဖြစ်ကြောင်း သဇင်ဥပဒေဆိုင်ရာ ထောက်ပံ့ကူညီရေး ရုံးမှ ဥပဒေရေးရာ အရာရှိ ဒေါ်မေသက်ခိုင်က ပြောသည်။ ယခုကာလသည် ကိုဗစ်ကာလဖြစ်သဖြင့် တရားစွဲခံထားရသူများ၏ အမှုကို စစ်ဆေးနိုင် ခြင်းမရှိဘဲ ရွေ့ဆိုင်းထားရသည့်အမှုများလည်းရှိကြောင်း ဒေါ်မေသက်ခိုက်က ဆက်ပြောသည်။

အရပ်သားများအား ယခုလိုမျိုးအကြမ်းမှုဖြင့် တရားစွဲဆိုခြင်းများမှာ ပြည်သူများအား အကြောက်တရားလွှမ်းမိုးသွားအောင် လုပ်ခြင်းသာဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ အဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက ပြောသည်။ ရခိုင်

ပြည်နယ်တွင် ယခင်က ဖမ်းဆီးသူများကို မတရားအသင်း ဆက်သွယ်မှု ၁၇ (၁) ဖြင့်သာ တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင်အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်တရားစွဲလာခြင်း ဖြစ်ကြောင်း သိရသည်။

https://www.bnionline.net/mm/news-77058

******************

၁၃။      AA အပါအဝင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် FPNCC တို့၏ သဘောထားထုတ်ပြန်ချက် NLD ကြိုဆို

(November 23, 2020)

ရက္ခိင်တပ်တော်(AA) အပါအဝင် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ FPNCC တို့က သဘောထား ထုတ်ပြန်ချက်များအပေါ်တွင် NLD က ကြိ်ုဆိုကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။

နိုဝင်ဘာ ၂ဝ ရက်နေ့က ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင်  ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD)၏ တစ်ပြည်လုံး ၈၃ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် လူထုထောက်ခံမှုအောင်ပွဲကို ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ (၂ဝ) ရက်နေ့၌ ပြုလုပ်သည့် မိမိတို့ ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ Online အစည်းအဝေးကြီးမှ အထူးကြိုဆိုပါကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းပြင် ရက္ခိုင့်တပ်တော် (AA) ၏ ယနေ့ ထုတ်ပြန်ချက်အထဲတွင် (၁)  NLD အစိုးရမှ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထားသော အပြစ်မဲ့ရခိုင်ပြည်သူများ(၂) မရေရာသော စွပ်စွဲချက်များဖြင့် ထောင်သွင်း အကျဉ်းချခံနေရသော ရခိုင်ဒေသခံတိုင်းရင်းသားပြည်သူများနှင့်ရခိုင်နိုင်ငံရေးသမားများ(၃) မတရားဖမ်းဆီးထားခြင်းခံနေရ သော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများ (၄) ငြိမ်းချမ်းရေးအတွက် တောင်းဆို ဆန္ဒပြ၍ ဖမ်းဆီးခြင်းခံထားရသော မြန်မာပြည်အနှံ့မှ တက္ကသိုလ်ကျောင်းသားများစသည့် ဖမ်းဆီးထားခြင်း ခံရသူများအားလုံးကို လူသားချင်းစာနာစိတ်ဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ အလေးအနက် တောင်းဆို အပ်ပါသည်ဟု ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်များအပေါ် NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ၄င်းတို့အနေဖြင့်  အေအေ၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်ခုနစ်ဖွဲ့ FPNCC တို့က ရွေးကောက်ပွဲကိုကြိုဆိုကြောင်း ထုတ်ပြန်မှုများအားလှိုက်လှိုက် လှဲလှဲကြိုဆိုသည်ဟု ပြောဆိုခဲ့သည်။ https://www.bnionline.net/mm/news-77030

***************

၁၄။      ကျဆုံး AA ဗိုလ်လောင်းအခမ်းအနားတက်ရောက်၍ အဖမ်းခံရသူ ဦးအစံမောင်ကို ဘေးစီမံပုဒ်မ(၂၅) ဖြင့်အမှုဖွင့်

(November 23, 2020)

စစ်တွေတွင် ပြုလုပ်သည့် AA ဗိုလ်လောင်း ၈ ဦး ကျဆုံးနေ့ ( ၆) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့၍ ဖမ်းဆီးခံရသူ ဦးအစံမောင်ကို ဘေးစီမံ ပုဒ်မ(၂၅) ဖြင့် အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။

အမှုဖွင့်ခံရသူ ဦးအစံမောင်သည် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက် ဂေါက်ချီလမ်းတွင်နေထိုင်သူ ဖြစ်ပြီး ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သူ၏နေအိမ်မှ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခေါ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းဆုတောင်းပွဲတွင် လူငယ် ၃ဝ ခန့်ပါဝင်ပြီး

သူတို့ကို အမှုဖွင့်မည်/ မဖွင့်မည်ကို မသိရသေးကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍   စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးအား ဆက်သွယ်ခဲ့ရာ ရဲတပ်ဖွဲ့ကိုသာမေးဟု ပြန်လည်ဖြေကြားခဲ့သည်။

၄င်းအပြင် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် စစ်တွေမြို့အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ဦးအောင်မြဦးတို့အား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။ ပြီးခဲ့သော နိုဝင်ဘာလ ၁၉ ရက်နေ့သည် ရက္ခိုင့်တပ်တော် (AA) မှ ကျဆုံးသွားသော ဗိုလ်လောင်း ၈ ဦး၏ ( ၆) နှစ်ပြည့်နေ့ ဖြစ်သဖြင့် လူငယ် ၃ဝ ခန့်က စစ်တွေမြို့၊ ကမ်းနားလမ်း၊ ကိုးရီးယားဆိပ်ကမ်းတွင် အောက်မေ့ ဆုတောင်းပွဲ အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

https://www.bnionline.net/mm/news-77029

*********************

၁၅။      မောင်တောနယ််စပ်တွင် မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် ပြင်းအားမြင့်မိုင်းကို ARSA က ထောင်ထားခြင်းဟု တပ်မတော်ထုတ်ပြန်

(November 19, 2020)

မိသားစု ၃ ဦးသေဆုံးခဲ့ရသည့်အပြင် နောက်ထပ် ၆ ဦးဒဏ်ရာရရှိခဲ့သည့်အထိ ပေါက်ကွဲမှုပြင်းထန်သည့်မိုင်းကိုထောင်ထား သောအဖွဲ့အစည်းမှာ အာဆာရ် (ARSA) အဖွဲ့ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာ ၁၇ ရက်နေ့စွဲဖြင့်ထုတ်ပြန်သောထုတ်ပြန်ချက်အထဲတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာမှ မောင်းနှင်လာသော NOAH အမျိုးအစား အနက်ရောင်မော်တော်ယာဉ် ၁ စီးသည် ယနေ့ နေ့လယ် ၁ နာရီ ကျော်ခန့်တွင် လိပ်ရလမ်းဆုံ အနီးအရောက်၌ ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသော ကားမိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

၎င်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၉ ဦးအနက် ခရေမြိုင်ကျေးရွာနေ ကိုကျော်ရဲအောင် ၂၅ နှစ်၊ မအေးဆန်းနု ၂၀ နှစ်နှင့် မောင်ကျော်ဆန်းဦး ၃ နှစ်တို့ ၃ ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် နေရာ၌ပင် သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ကျန် ၆ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းကားသည် မောင်တောမြို့နယ် မြောက်ပိုင်း သာယာကုန်း ကျေးရွာ ကထိန်ပွဲမှ မြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာသို့ အပြန်တွင် ကျွန်းပေါက်အုပ်စုနှင့် လိပ်ရအုပ်စုအကြား သဲချောင်း ကျေးရွာအနီး ကားလမ်း၌ နေ့လယ် ၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသွားသူ ၆ ဦးမှာလည်း ခရေမြိုင်ကျေးရွာမှ ဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ၄င်းတို့စီးလာသည့် ကားမှာ ပြန်သုံးမရအောင် ပျက်စီးသွားကြောင်း ဆရာတော်က မိန့်သည်။ ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၆ ဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ယနေ့ နံနက်တွင် ယင်းအထဲမှ ၄ ဦးကို ဒဏ်ရာပြင်းထန်သဖြင့် မောင်တောမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။ https://www.bnionline.net/mm/news-76993

********************

၁၆။      ကချင်စစ်ရှောင် နေရပ်ပြန်ရေးတွင် အစိုးရ ကူညီစေလို

(၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း နေရပ်သို့ပြန်ကြမည့်စစ်ဘေးရှောင်များက လုံခြုံရေး၊ ပြန်လည်တည်ထောင်ရေးအ တွက် အစိုးရ တာဝန်ရှိသူများက ကူညီလုပ်ဆောင်ပေးစေလိုကြောင်း ပြောသည်။

ဒဘတ်ယာန်ကျေးရွာသို့ နေရပ်ပြန်ကြရန် လက်ရှိစာရင်းလာပေးထားသည့် စစ်ရှောင်များမှာ အိမ်ထောင်စု ၂၁၆ စု နှင့် ယခင်က အစိုးရကို စာရင်း ပေးထားသည့် အိမ်ထောင်စု ၃၇ စု စုစုပေါင်း အိမ်ထောင်စု ၂၅၃ စုမှ လူဦးရေ ရှစ်ရာနီးခန့်ဖြစ်သည်ဟု ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC ၏ စာရင်းများအရသိရသည်။ စစ်ဘေး ရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှုများကို လုပ်ဆောင်နေသည်သာမက နေရပ်ပြန် မည့်သူများ၏ စာရင်းများကိုလည်း ကောက်ယူ လျက် ရှိသည်။

ထို့အပြင် စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးကိုလည်း မြောက်ပိုင်း စစ်ဌာနချုပ်မှ လုပ်ဆောင် ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် ကချင်လွတ် လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့်တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရသည်မှာ ယနေ့ အချိန်အထိဖြစ်သည်။ http://www.nmg-news.com/2020/11/20/12453

********************

၁၇။      ပဏာမ အပစ်ရပ် သဘောတူညီချက်ကို မဟာမိတ်လေးဖွဲ့အတူသာ လက်မှတ်ထိုးမည်ဟု TNLA ပြော

(၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀)

ပဏာမ အပစ်ရပ် သဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးမည်ဆိုပါက မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုများကိုလည်း FPNCC အဖွဲ့ဝင် ၇ ဖွဲ့လုံးနှင့်အတူ လုပ်ဆောင်သွားမည်ဟု တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြောသည်။

အဆိုပါသဘောထားများမှာ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အဖွဲ့ဝင် ၇ ဖွဲ့ပါသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ မူသဘောထားများဖြစ်ပြီး ထိုသဘောထားအတိုင်း ဆက်လက် ရပ်တည်နေဆဲဖြစ်သည် ဟု PSLF/TNLA က ပြောသည်။ PSLF/TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ် Bilateral စာချုပ်ကို တစ်ဖွဲ့ချင်းစီ လက်မှတ်ရေးထိုးမည်ဟုညှိနှိုင်းထားပြီး ၄ ဖွဲ့စလုံး တစ်ပြိုင်နက်တည်းတစ်နေရာတည်း တစ်ချိန်တည်း လက်မှတ် ရေးထိုးသွားမည် ဟု PSLF/TNLA က ဆိုသည်။

NCA လက်မှတ်မထိုးထားသည့်အဖွဲ့များမှာ FPNCC အဖွဲ့များဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသားများဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/

ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင့်တပ်တော် (ULA/AA) တို့အပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCA-K) တို့ဖြစ်သည်။

http://www.nmg-news.com/2020/11/20/12451

******************

၁၈။      မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ

(November 24, 2020)

ကချင်ပြည် မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ်တလုံးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၃)ရက် ည၈နာရီကျော်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီ ၁၅ ဝန်းကျင်တွင် အမည်မသိ လူ ၂ဦးက ဆိုင်ကယ်စီးလာပြီး၊ ဆိုင်ကယ်ပေါ်မှ အထုတ်တထုတ် ချသွားခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မန်ဝိန်းကြီး ဒေသခံတဦး ပြောပြချက်အရသိရသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း၊ နေအိမ်ရှေ့သံပန်းတံခါး နှင့် အိမ်ရှေ့ မှန်တံခါး အနည်းငယ်ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။

ထိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မန်ဝိန်းကြီးရဲတပ်ဖွဲ့မှ တရားခံကိုလိုက်လံစုံစမ်းနေကြောင်း သိရသည်။ ကချင်ပြည် မန်ဝိန်းကြီး သည် ရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းနှင့် ကပ်လျက်တည်ရှိသည့်မြို့တမြို့ဖြစ်ပြီး၊ ထိုဒေသတွင်နေထိုင်သူ အများစုသည် သျှမ်းလူမျိုးများဖြစ်ကြောင်းသိရသည်။ https://burmese.shannews.org/archives/19580

******************

၁၉။      တိုင်းရင်းသားပါတီတစ်ခုအနေဖြင့် တောက်ချခံရမည်ကိုစိုးရိမ်ဟု အင်းအမျိုးသားအဖွဲ့ချုပ်ပါတီပြော

(November 21, 2020)

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ဒေသတွင်း လက်တွဲပူး ပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားပါတီတစ်ခုအနေနှင့်စိုးရိမ်မှုများရှိနေကြောင်း အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ အင်းတိုင်း ရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်တင်တင်ရီ ကပြောသည်။

အာဏာရပါတီနှင့်တိုင်းရင်းသားပါတီများပူးပေါင်း၍ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဆိုသည်မှာ အဆိုပါပါတီ မှ မည်သို့ကမ်းလှမ်းချက်မျိုးနှင့် မည်သို့သောစည်းဘောင်များသတ်မှတ်လာမည်ကို မသိသဖြင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ အနေနှင့်အစည်းအဝေးပြီးမှ ဆုံးဖြတ်နိုင်မည်ဟု ၎င်းကပြောသည်။ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရန် NLD ၏ ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် လက်တွဲရန်ဝေခွဲမရဖြစ်နေပြီး စည်းဘောင်များ သတ်မှတ် လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ပါတီအဖြစ်ရပ်တည်ခဲ့သည်မှာ ၁၀ လခန့်သာရှိပြီး ယခုနှစ်ရွေးကောက်ပွဲတွင် အင်းလေးဒေသအတွင်း ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် အင်းတိုင်းရင်းသားရေးရာ လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရှုံးနှိမ့်ခဲ့ခြင်း ဖြစ်သည်။

အင်းလေးဒေသတွင် လူဦးရေ ၁၈၀၀၀၀ ကျော်ရှိပြီး အင်းတိုင်းရင်းသား လူမျိုး ၁၂၀၀၀၀ ကျော်နှင့် ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး အစရှိသည့်တိုင်းရင်းသားများ ခြောက်သောင်းကျော် နေထိုင်လျက်ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အင်းလေးဒေသတွင် အဓိကအားဖြင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ အင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် NLD ပါတီတို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ https://burmese.shannews.org/archives/19556

******************

၂၀။      ကိုးကန့်နယ်စပ်မျဉ်းနား တရုတ်ခြံစည်းရိုးကာ

(23 နိုဝင်ဘာ၊ 2020)

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနယ်စပ် ကျောက်တိုင်အနီးတဝိုက် အပါအဝင် နယ်စပ်ဒေသတချို့မှာ တရုတ် နိုင်ငံက ခြံစည်းရိုးကာခဲ့တဲ့အတွက် မြန်မာဘက်ကကန့်ကွက်ထားတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

COVID 19 ဖြစ်ပွားနေချိန်မှာ ကပ်ရောဂါကာကွယ်ရေးအကြောင်းပြချက်နဲ့ တရုတ်နိုင်ငံဘက်က နှစ်နိုင်ငံနယ်စပ် နေရာအချို့မှာ ခြံစည်းရိုးခတ်တာတွေ ရှိခဲ့တာပါ။ မနေ့တုန်းကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်က နယ်စပ်မှတ်တိုင်အမှတ် ၁၂၅ အနီးမှာ တရုတ်နိုင်ငံက ခြံစည်းရိုးကာခဲ့တဲ့အတွက် မြန်မာဘက်ကကန့်ကွက်ထားကြောင်း လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက VOA ကို ပြောပါတယ်။

တရုတ်နဲ့ မြန်မာနှစ်နိုင်ငံထိစပ်နေတဲ့ နယ်ခြားမျဉ်းဟာ မိုင်ပေါင်း ၁၃၅၀ နီးပါး ရှည်လျားပြီး နှစ်နိုင်ငံ နယ်နမိတ်စာချုပ်ကို တော့ ၁၉၆၀ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ တရုတ်မြန်မာနယ်စပ်သဘောတူစာချုပ်အရ ၅ နှစ်တစ်ကြိမ် နယ်နိမိတ်ပူးတွဲစစ်ဆေးရမှာဖြစ်ပေမဲ့ ၁၉၉၅ ကနေ စတင်ပြီး ၂၄ နှစ်တိုင် မစစ်ဆေးနိုင်ခဲ့ပါဘူး။ ၂၀၁၈- ၂၀၁၉ခုနှစ်တွေ အတွင်း နယ်မြေအငြင်းပွားတာတွေ ဖြစ်ခဲ့တဲ့နောက် ၂၀၁၉ ခုနှစ်မှာ ၂ နိုင်ငံနယ်နိမိတ်ပူးတွဲစစ်ဆေးမှုတွေလည်း ပြန်လည် စတင်ခဲ့ပါတယ်။ https://burmese.voanews.com/a/china-myanmar-border/5673012.html

**************

၂၁။      ပြည်တွင်းစစ်ကြောင့် ခြောက်လအတွင်း ကလေး ၄ဝ ကျော်သေဆုံး၊ တစ်ရာကျော် ဒဏ်ရာရ

(2020-11-23)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ကလေး ၄၃ ယောက်သေဆုံးခဲ့ရပြီး၊ ၁၀၃ ယောက် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောလိုက်ပါတယ်။

ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကလေးတွေသေဆုံး၊ ထိခိုက်ဒဏ်ရာရနှုန်းတွေ ကြောက်ခမန်း လိလိ တိုးလာနေတာကြောင့် အလွန်စိုးရိမ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ UNICEF အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် စက်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် သေဆုံးရတဲ့ ကလေး ၁၃ ယောက်ရှိခဲ့ပြီး ကလေး ၅၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကြောင့် ကလေးတွေသေဆုံး၊ ဒဏ်ရာရမှု အ များဆုံးဖြစ်ပါတယ်။ ကလေးငယ်တွေ ဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ စစ်ပဋိပက္ခတွေအတွင်း ပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့  မြေမြှုပ်မိုင်း အသုံးပြုတာရပ်တန့်ပေးဖို့နဲ့  လက်ရှိကျန်နေတဲ့မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲ သေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းပေးကြဖို့လည်း UNICEF အဖွဲ့က ဒီကနေ့ ထပ်မံတောင်းဆိုလိုက်ပါတယ်။ https://www.rfa.org/burmese/news/children-deaths-injured-civil-war-myanmar-11232020072853.html

****************

၂၂။       NLD အနိုင်ရအမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ

(2020-11-22)

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် မနေ့ညက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ကန့်ကွက်ရှုတ်ချနေကြပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကလည်း ဦးထိုက်ဇော် လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်ကျူး လွန်သူကို ရှုတ်ချကြောင်း ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကလည်း ဒီလိုလုပ်ကြံမှုမျိုးဟာ ပါတီစုံဒီမိုကရေးစီစနစ်မှာ မဖြစ်သင့်ကြောင်း ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေ စိုက် တအာင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးမိုင်းအုန်းခိုင်ကလည်း အကြမ်းဖက်လုပ်ရပ်မျိုးတွေကို ရှုတ်ချကြောင်း နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးမရှိတာကြောင့် တရားဥပဒေစိုးမိုးရေး အများကြီး လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ အဲဒေသမှာ လှုပ်ရှားနေတဲ့ RCSS နဲ့ TNLA လက်နက်ကိုင် အဖွဲ့တွေကတော့ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ သူတို့မသက်ဆိုင်ကြောင်း ထုတ်ပြန် ပြောဆိုထားပါတယ်။

အဲ့နေရာမှာဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း သူတို့နဲ့မသက်ဆိုင်ဘူးဆိုတာ ပြည်သူတွေ အမြင်ရှင်းအောင် ကြေညာ ထုတ်သင့်တယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ထောက်ပြပြောဆိုပါတယ်။ NLD ကိုယ်စားလှယ် လုပ်ကြံသတ်ဖြတ်ခံရတာ၊ ကျောက်မဲဒေသ တရားဥပဒေစိုးမိုးမှု အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်ကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

https://www.rfa.org/burmese/news/htikezaw-nld-dead-11222020033247.html

*****************

၂၃။      ဒီချုပ်အမတ်လောင်းသုံးဦးကို AA ပြန်မလွှတ်ပါက ရခိုင်တွင် ရွေးကောက်ပွဲဖြစ်ရေးခက်နိုင်ဟု MIPS တာဝန်ရှိသူပြော

(November 24, 2020)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၏ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) က ပြန်မလွှတ်ပါက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခက်အခဲဖြစ်နိုင်

ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက်တာ  ဒေါက်တာမင်းဇော်ဦးက သုံးသပ် ပြောကြားသည်။

AA အနေဖြင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များ၌ ရွေးကောက်ပွဲ ကျင်းပခြင်းကို အစိုးရသစ်၊ လွှတ်တော် အခင်းအကျင်းအသစ် မစတင်မီ ပြုလုပ်သင့်ကြောင်း ထုတ်ပြန်ထားသည်။ သို့ရာတွင် တောင်ကုတ်မြို့နယ်၌ ရွေး ကောက်ပွဲမဲဆွယ်စည်းရုံးမှုလုပ်ဆောင်နေသည့် NLD ကိုယ်စား လှယ်လောင်းသုံးဦးကို AA က ရွေးကောက်ပွဲမတိုင်မီ အောက်တို ဘာ  ၁၄ ရက်ကတည်းက ဖမ်းဆီးသွားရာ တစ်လကျော်သည်အထိ ပြန် မလွှတ်သေးပေ။ ထို့အပြင် ကျောက်မဲမြို့နယ်တွင် NLD ပါတီ၏ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်အား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ် သည့် အမှုဖြစ်ပေါ်လာခြင်း ကြောင့်လည်း အစိုးရဘက်က  များစွာစဉ်းစားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

AA ၏ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်တွင် NLD ကိုယ်စားလှယ်လောင်းသုံးဦး လွတ်မြောက်ရေး NLD ပါတီ တာဝန်ရှိသူ များက  တောင်းဆိုနေသည့်နည်းတူ ၎င်းတို့ အဖွဲ့အနေဖြင့်လည်း  အစိုးရကပုဒ်မအမျိုးမျိုးတပ်၍  ဖမ်းဆီးထား သည့်ရခိုင် ပြည်သူများ၊ ရခိုင်နိုင်ငံရေးသမားများ၊ AA အဖွဲ့ဝင်များ၏ ဆွေမျိုးများ၊ ဆန္ဒပြ၍ဖမ်းဆီးထားသော တက္ကသိုလ်ကျောင်း သားများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို ကြောင်း ဖော်ပြထားသည်။

https://7day.news/detail?id=206456

*****************

၂၄။      ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် လွတ်မြောက်ရေး လက်မှတ်ကောက်ခံ

(November 24, 2020)

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင်ဟောပြောမှုတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသည့် ရခိုင့်ဦးဆောင်ပါတီ(AFP) ခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်လွတ်မြောက်ရေးအတွက် နိုင်ငံ တော်အကြီးအကဲများထံ တောင်းဆိုရန် အင်တာနက်မှတစ်ဆင့် လက်မှတ်များ ကောက်ခံလျက်ရှိသည်။ ၂၀၁၉ မတ်လတွင် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင် လှုံ့ဆော်မှု ၅၀၅ (ခ) တို့ဖြင့် ၎င်းတို့နှစ်ဦးသည် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်တွင် အကျဉ်းကျနေသည်မှာ ယခုအခါ တစ်နှစ်ခွဲကျော်ရှိပြီဖြစ် သည်။

မြန်မာနိုင်ငံသည် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေးတို့ကို ဦးတည်သွားနေသည့်အချိန် တွင် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထောင်ချလိုက်ခြင်းသည် တိုင်းရင်းသားများကြား နားလည်မှုနှင့် ယုံကြည်မှု၊ အမျိုးသားရင်ကြား စေ့ရေးတို့ကို ထိခိုက်စေသဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု လက်မှတ်များ ကောက်ခံနေသူ တစ်ဦးဖြစ်သည့် ဦးခိုင်မြတ်ကျော်က ပြောသည်။ လက်မှတ်များကို အင်တာနက်မှတစ်ဆင့် ကောက်ခံနေပြီး လက်ရှိတွင် အလွှာစုံမှ လက်မှတ် ၅၀ ခန့်  ကောက်ခံရရှိထားပြီးဖြစ် ကြောင်း၊ လက်မှတ် ၁၀၀ ခန့်  ရရှိလျှင် နိုင်ငံတော်သမ္မတ၊ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ပေးပို့တင်ပြမည်ဟု စစ်တွေအခြေစိုက် နိရဉ္စရာသတင်း ဌာန၏ အယ်ဒီတာချုပ်လည်းဖြစ်သည့် ဦးခိုင်မြတ်ကျော်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်ပြီး ရခိုင်နိုင်ငံရေးတွင် ဩဇာရှိသူ ဒေါက်တာအေးမောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကြောင့်  လက်နက်ကိုင်လမ်းစဉ်ဘက် ကူး ပြောင်းသွားသူများ ရှိနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ် ဦးဖြစ်သည့် ဦးမောင်မောင်စိုးက  ဆိုသည်။

https://7day.news/detail?id=206441

****************

၂၅။      လုပ်ကြံခံရသည့် ဦးထိုက်ဇော် မဲရလဒ် ကန့်ကွက်သူ မရှိလျှင် လစ်လပ်မဲဆန္ဒနယ် သတ်မှတ်မည်

(23 November 2020)

လုပ်ကြံခံရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်၏ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်(၁) မဲရလဒ်အား ကန့်ကွက်သူမရှိပါက လစ်လပ်မဲဆန္ဒနယ်အဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ရှမ်းပြည် နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံက သိရသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲရလဒ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၅ ရက်တွင် အပြီးသတ် ကြေညာခဲ့ပြီးဖြစ်‌သော်လည်း ဦးထိုက်ဇော် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ရလဒ်များအား ယခုလက်ရှိ အချိန်ထိ ကန့်ကွက်လွှာ တင်ပြသူ မရှိသေးကြောင်းလည်း ၎င်းကဆိုသည်။ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁) တွင် SNLD ပါတီမှာ ဒုတိယမဲ အများဆုံးရရှိခဲ့သည့်ပါတီဖြစ်ပြီး တတိယ မဲအများဆုံး အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်း ဦးကျော်စိန်က ၄၉၁၀၈ မဲ ရရှိထားသည်။

SNLD ပါတီအနေဖြင့်လည်း လုပ်ကြံသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း၊ လုပ်ကြံသူအား ဖော်ထုတ်ပေးရန်နှင့် ကျောက်မဲ‌မြို့နယ် ဒေသအတွင်း အလားတူအကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားနေမှုများအပေါ် ထိထိရောက်ရောက် ဟန့်တားအရေးယူ ဆောင်ရွက်ပေးရန်လည်း နိုဝင်ဘာ၂၂ ရက်က တိုက်တွန်းထုတ်ပြန်ခဲ့သည်။

https://burma.irrawaddy.com/news/2020/11/23/233808.html

********************

မှတ်ချက်။          သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 ** ပြီး **

Zawgyi

နေ့စဉ်တိုင်းရင်းသားသတင်းများစုဆောင်းတင်ပြခြင်း
(No. 75 , November 24, 2020)
၁။ ဗန်းမော်မြို့ရှိစစ်ရှောင်များကို ဗန်းမော်မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း လက်မှတ်ထိုးခိုင်း
၂။ ဆန်ပြတ်လတ်နေသော ဆော့လော်မြို့နယ်အတွက် အစိုးရက ထောက်ပံ့ပေး
၃။ ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်မှာ လယ်ယာ ကုန်ထုတ်လမ်းနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်မည်
၄။ ကလေးစစ်သားအသုံးပြုမှု ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် DKBA ချုပ်ဆို
၅။ NLD ၏ဖိတ်ခေါ်ချက် သဲသဲကွဲကွဲဖြစ်အောင်လေ့လာဦးမည်ဟု KPP ပြော
၆။ စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို
၇။ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် နေရပ်ပြန်
၈။ အနိုင်ရ NLD ကျောက်မဲခရိုင်အမျိုးသားလွတ်တော်ကိုယ်စားလှယ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံး
၉။ ဖမ်းဆီးထားသော NLD ပါတီဝင် ၃ ဦး အမြန်ဆုံးလွှတ်ပေးမည်ဟု AA ပြော
၁၀။ NLD ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းတွင် အမှုဖွင့်ခံရ
၁၁။ ဖားကန့်တွင် မြေစာပြိုမှုကြောင့် (၁) ဦးသေ (၂) ဦး ဒါဏ်ရာရ
၁၂။ ရခိုင်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုပေါင်း ၉၁မှုရှိ
၁၃။ AA အပါအဝင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် FPNCC တို့၏ သဘောထားထုတ်ပြန်ချက် NLD ကြိုဆို
၁၄။ ကျဆုံး AA ဗိုလ်လောင်းအခမ်းအနားတက်ရောက်၍ အဖမ်းခံရသူ ဦးအစံမောင်ကို ဘေးစီမံပုဒ်မ(၂၅) ဖြင့်အမှုဖွင့်
၁၅။ မောင်တောနယ််စပ်တွင် မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် ပြင်းအားမြင့်မိုင်းကို ARSA က ထောင်ထားခြင်းဟု တပ်မတော်ထုတ်ပြန်
၁၆။ ကချင်စစ်ရှောင် နေရပ်ပြန်ရေးတွင် အစိုးရ ကူညီစေလို
၁၇။ ပဏာမ အပစ်ရပ် သဘောတူညီချက်ကို မဟာမိတ်လေးဖွဲ့အတူသာ လက်မှတ်ထိုးမည်ဟု TNLA ပြော
၁၈။ မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ
၁၉။ တိုင်းရင်းသားပါတီတစ်ခုအနေဖြင့် တောက်ချခံရမည်ကိုစိုးရိမ်ဟု အင်းအမျိုးသားအဖွဲ့ချုပ်ပါတီပြော
၂၀။ ကိုးကန့်နယ်စပ်မျဉ်းနား တရုတ်ခြံစည်းရိုးကာ

၂၁။ ပြည်တွင်းစစ်ကြောင့် ခြောက်လအတွင်း ကလေး ၄ဝ ကျော်သေဆုံး၊ တစ်ရာကျော် ဒဏ်ရာရ
၂၂။ NLD အနိုင်ရအမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ
၂၃။ ဒီချုပ်အမတ်လောင်းသုံးဦးကို AA ပြန်မလွှတ်ပါက ရခိုင်တွင် ရွေးကောက်ပွဲဖြစ်ရေးခက်နိုင်ဟု MIPS တာဝန်ရှိသူပြော
၂၄။ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် လွတ်မြောက်ရေး လက်မှတ်ကောက်ခံ
၂၅။ လုပ်ကြံခံရသည့် ဦးထိုက်ဇော် မဲရလဒ် ကန့်ကွက်သူ မရှိလျှင် လစ်လပ်မဲဆန္ဒနယ် သတ်မှတ်မည်
**********************************
၁။ ဗန်းမော်မြို့ရှိစစ်ရှောင်များကို ဗန်းမော်မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း လက်မှတ်ထိုးခိုင်း
(20 November 2020)
ကချင်ပြည်နယ် ဗန်းမော်မြို့ စစ်ရှောင်စခန်းများတွင် ခိုလှုံနေသောစစ်ရှောင်များကို ဗန်းမော်မြို့မှ ထွက်ပြေးလာသူများမဟုတ် ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံး က လက်မှတ်ထိုးခိုင်းခဲ့သည်ဟု စစ်ရှောင်များထံမှ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်စက်တင်ဘာလ ၁၅ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးက လက်မှတ်ထိုးခိုင်းခဲ့သော်လည်း ထောက်ပံမှုများ ရပ်တန့်သွားမည်ကို စိုးရိမ်သောကြောင့် လက်မှတ်မထိုးခဲ့ကြောင်း ဗန်းမော် စစ်ရှောင်တာဝန်ခံတစ်ဦးဖြစ်သည့် ဦးအင်ဒေါင်တန်ဂွန်းက ပြောဆိုသည်။ လက်ရှိဗန်းမော်တွင်ရှိနေသောစစ်ရှောင်များမှာ မိုးမောက်နှင့် မံစီမြို့နယ်မှ ထွက်ပြေး လာသူများဖြစ်ကြောင်းနှင့် ဗန်းမော်မှ မဟုတ်ကြောင်းသက်သေအဖြစ်သာ လက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့က ရှင်းပြခဲ့ကြောင်း ဦးအင်ဒေါင်တန်ဂွန်းက ပြန်လည်ရှင်းပြသည်။ လက်ရှိ ဗန်းမော်မြို့နယ်အတွင်း တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများမှာ ဗန်းမော်ခရိုင်အတွင်းရှိ မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်အတွင်းမှ စစ်ရှောင်များဖြစ်ကြပြီး စစ်ရှောင် စခန်း ၈ခုခန့်နှင့် စစ်ရှောင်လူဦးရေ ၈ထောင်ခန့်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကောလဟာလတွေသာ ဖြစ်နိုင်ကြောင်း ကချင်သတင်းဌာန KNG ကို ပြန်လည် ပြောဆိုသည်။အဆိုပါကိစ္စနှင့် ဗန်းမော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုမေး မြန်းရန် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။ https://burmese.kachinnews.com/2020/11/20/l1-32/
*****************
၂။ ဆန်ပြတ်လတ်နေသော ဆော့လော်မြို့နယ်အတွက် အစိုးရက ထောက်ပံ့ပေး
(24 November 2020 )
Covid-19 နှင့် သဘာဝဘေးကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသော ဆော့လော်မြို့နယ်ပြည်သူများအတွက် ပြည်ထောင်စု အစိုးရက ဆန်ထောက်ပံ့ပေးထားကြောင်း သိရသည်။ ပြောင်းဖူးခင်းပိုးဖျက်ခံရခြင်းနှင့် Covid-19 ကြောင့် စစ်ဆေးရေးဂိတ် များတင်းကြပ်သွားပြီးနောက် တရုတ်နိုင်ငံဘက်မှ ဆန်သယ်ယူရန်ခက်ခဲသွားသောကြောင့် ပြည်ထောင်စုအစိုးရထံ တောင်းပေး ရခြင်းဖြစ်သည်ဟု လက်ရှိ ဆော့လော်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခေါ်မာဝူ က ပြောသည်။

ဆော့လော်မြို့နယ်သည်တရုတ်နယ်စပ်မြို့ဖြစ်ကာ ဒေသခံများသည်တရုတ်နိုင်ငံသို့ အစားအသောက်များ သွားရောက်ဝယ် ယူကြသည့်အပြင် အလုပ်အကိုင်အခွင့်လမ်းရရှိရန်လည်း တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်။ သို့သော် လက်ရှိချိန်တွင် Covid-19 ကပ်ရောဂါကာလဖြစ်သည့်အလျှောက် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များအား Covid-19 ကပ်ရောဂါစတင်ဖြစ်စဉ်ကတည်းက ပိတ်ခဲ့ပြီး ယခုနောက်ပိုင်း နယ်စပ်ဂိတ်တွင် ယခင်ထက်ပိုမိုတင်းကြပ်လာသည့်တွက် ဒေသခံများ အစားအသောက်ဝယ်ယူရန်ခက်ခဲလာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် Covid-19 ကပ်ရောဂါဖြစ်ပွားမူသည် ၁၀ခန့်ကြာမြင့်လာသည်နှင့်အမျှ ပြည်သူများအတွက်လည်း အစားအ သောက် ခက်ခဲမူများစွာကြုံတွေ့လာကြရသည်။ ထို့အတူပိုးတွေ့ရှိမူသည်လည်း ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် သိသိသာသာပြန်လည် တိုးလာသည်ကို တွေ့ရသည်။ https://burmese.kachinnews.com/2020/11/24/l1-33/
*********************
၃။ ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်မှာ လယ်ယာ ကုန်ထုတ်လမ်းနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်မည်
(November 20, 2020)
၂၀၂၀-၂၀၂၁ ဘတ်ဂျတ်နှစ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်ရာမှာ ကျေးလက်က လယ်ယာကုန် ထုတ်လမ်းနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကိုဦးစားပေးလုပ်ဆောင်သွားမယ်လို့ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ ၂၀၂၀ – ၂၁ ဘဏ္ဍနှစ်အတွက် ပြည်ထောင်စုနဲ့ ပြည်နယ် ဘတ်ဂျက်ကနေ ရံပုံငွေ စုစုပေါင်း ကျပ် ၃၃၈၀.၅၁၂ သန်းရရှိထားတယ်လို့ ဆိုပါတယ်။ပြည်ထောင်စုငွေလုံးငွေရင်းရံပုံငွေဖြင့် ကျေးလက် လယ်ယာ ကုန်ထုတ်လမ်း (၁၃)လမ်းနဲ့ တံတားလုပ်ငန်း(၅၃)ခုအတွက်ရံပုံငွေကျပ်သန်း (၁၁၇၀.၇၂)သန်းကိုအသုံးပြုသွားမာ ဖြစ်ပြီး ရေရှားပါးတဲ့ဒေသတွေမှာ ကျေးလက်ရေရရှိရေးအတွက် လုပ်ငန်း၂၈ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၆၇၄.၃၂၁) သန်းကို အသုံးပြုသွားမာဖြစ်တယ်လို့ သိရပါတယ်။ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လယ်ယာကုန်ထုတ် လမ်း (၉)လမ်း၊ တံတား ၁၂စင်းအတွက်ရန်ပုံငွေကျပ်(၁၀၉၃.၄၁)သန်းနဲ့ ကျေးလက်ရေရရှိရေးလုပ်ငန်းအတွက် လုပ်ငန်း ၁၇ခု အား ခွင့်ပြုရန်ပုံငွေကျပ် (၄၄၂.၀၆၀)သန်းကို ဆောင်ရွက်သွားမာဖြစ်ပါတယ်။၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ စီမံကိန်းအသစ် အနေနဲ့ မြစိမ်းရောင်စီမံကိန်းအတွက် ၁၀ယူနစ် ခွင့်ပြုရရှိပြီး ၁ယူနစ်ကို ကျပ်သန်း၃၀ (သိန်း ၃၀၀) နဲ့ ကျေးရွာဖွံ့ ဖြိုးရေးစီမံကိန်း (BDB) စီမံကိန်းအတွက် ကျေးရွာ (၅၀)အတွက် ခွင့်ပြုငွေကျေးရွာတစ်ရွာကို ကျပ်သိန်း(၁၀၀)ဖြင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ပြည်ထောင်စုနဲ့ ပြည်နယ်ခွင့်ပြုရန်ပုံငွေတွေကရရှိတဲ့ ရန်ပုံငွေတွေကိုကယားပြည်နယ်အတွင်းမှာ Lot (၁၇)ခုခွဲပြီးဆောင်ရွက် သွားမာဖြစ်ပါတယ်။ အဆိုပါ Lot (၁၇)ခုမှ (၁၅)ခုကို အိတ်ဖွင့်တင်တာစနစ်ဖြင့် လုပ်ငန်းရှင်တွေကိုခေါ်ယူလုပ်ဆောင်သွား မယ်လို့ သိရပါတယ်။ ကျန်တဲ့ Lot နှစ်ခုက ကျပ် ၁၀သန်းအောက်မှာဖြစ်တဲ့အတွက် ဈေးနှုန်းအဆိုပြုလွှာအဖြစ် ခေါ်ယူဆောင် ရွက်သွားမယ်လို့ သိရပါတယ်။
https://www.kantarawaddytimes.org/%e1%81%82%e1%81%80%e1%81%82%e1%81%80-
*****************

၄။ ကလေးစစ်သားအသုံးပြုမှု ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် DKBA ချုပ်ဆို
(November 20, 2020)
ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA နှင့် မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသောချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး နိုင်ငံ အဆင့်အထူးတာဝန်အဖွဲ့ (CTFMR) တို့အကြား ကလေးစစ်သား အသုံးပြုမှု ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့ (နိုဝင်ဘာလ ၂၀ရက်)တွင် အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးများကို တပ်သားအဖြစ် စုဆောင်းခြင်း၊ အသုံးပြုခြင်းတို့မှ ကာကွယ်တားဆီးခြင်းနှင့် အဆုံးသတ်ခြင်းဆိုင်ရာ ပူးတွဲလုပ် ငန်းအစီအစဉ်အတွက်ရေးထိုးသည့် အဆိုပါသဘောတူစာချုပ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှအရာရှိများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်(PC)၊ သံတမန်အရာရှိများ၊(CTFMR) ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသော DKBA မှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင် လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်ဟု DKBA က ဆိုသည်။ အဆိုပါ လက်မှတ်ရေးထိုးခြင်းကို DKBA ဘက်မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောမိုရှေး၊ ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးနှင့် CTFMR ၏ ပူးတွဲဥက္ကဋ္ဌအဖွဲ့ဝင်ကိုယ်စားလှယ်များမှ လက်မှတ် ရေးထိုးခဲ့ကြပြီး (UN) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Virginia Gamba ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း နှင့် အထူးသံ တမန် သံရုံးအဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတကာကိုယ်စားလှယ်အချို့က အသိသက်သေအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။
အလားတူ NCA ထိုးထားသည့် အခြားကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးအနေဖြင့်လည်း ဆွစ်ဇလန်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂမှ ဖွဲ့စည်းထားသော Geneva Call အဖွဲ့ချုပ်နှင့် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် ကလေးစစ်သားနှင့် အမျိုးသမီး၊ ကလေးကာ ကွယ်ရေးဆိုင်ရာ ဝန်ခံမှု သန္ဓိဌာန် ပြုစာချွန်လွှာနှစ်ခုကို ဖားအံမြို့၌ လက်မှတ်ရေးထိုးချုပ်ဆိုထားသည်။

က‌လေးစစ်သားအသုံးပြုမှု ကာကွယ်တားဆီး‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် DKBA ချုပ်ဆို

*****************
၅။ NLD ၏ဖိတ်ခေါ်ချက် သဲသဲကွဲကွဲဖြစ်အောင်လေ့လာဦးမည်ဟု KPP ပြော
(November 20, 2020)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရာတွင်ပါဝင်ရန် ဖိတ်ခေါ် ချက်အပေါ် သဲသဲကွဲကွဲလေ့လာပြီးမှ ဆုံးဖြတ်သွားမည်ဟု ကရင်ပြည်သူ့ပါတီ (KPP) ဒု-ဥက္ကဋ္ဌ စောစေးဝါးက နိုဝင်ဘာ ၂၀ ရက် တွင် ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်သူ့ပါတီ (KPP) ၏ နိုဝင်ဘာ ၁၉ ရက်က ပါတီရုံးချုပ်ခွဲတွင်ပြုလုပ်သည့် ဗဟိုအလုပ် မှုဆောင်အစည်းအဝေး၌ ခေါင်းစဉ်တစ်ခုအနေဖြင့်ဆွေးနွေးခဲ့ပြီးနောက် ယခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စောစေးဝါးက ပြောသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်ရည်မှန်းချက်နှင့် တူညီသည့်အတွက် တိုင်းရင်းသားပါတီများအနေဖြင့် အဖွဲ့ချုပ်ကဖော်ဆောင်မည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်မည်ဟု မျှော်လင့်ပါသည်ဟု ဖော်ပြထားသည်။
ကရင်ပြည်သူ့ပါတီကို ၂၀၁၀ မေလတွင် ရန်ကုန်မြို့၌ တရားဝင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ခြောက်နေရာအနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်တစ်ဦးသာ အနိုင်ရရှိခဲ့သည်။
%e1%81%8f%e1%80%96%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%80%81%e1%81%9a%e1%80%81%e1%80%ba%e1%80%80%e1%80%b9-
****************
၆။ စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို
(NOVEMBER 23, 2020)
ချင်းပြည်နယ် ပလက်ဝမြို့နယ်ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်း အမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှု အဖွဲ့အစည်း (၁၂) ဖွဲ့က ပလက်ဝမြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။
ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က အောက်သဲမဝကျေးရွာသူ မသန်စွမ်း အမျိုးသမီး(အမြင်အာရုံအားနည်း)ကို စစ်ဘေးရှောင်စခန်းတွင် အတူနေထိုင်သူ အသက် (၄၀) ခန့်ရှိသည့် ရခိုင်အမျိုးသား တစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျေအေးခွင့်မပြုဘဲ တရားဥပဒေအတိုင်း ဆောင်ရွက် ပေးရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဆမီးချင်းအမျိူးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။ “ ဦးလေးတော်စပ်သူ၏ ငါးသိန်း ကျပ်တိတိဖြင့် တောင်းပန်အလျှော်အစားလုပ်လျင် အမှုကိုပိတ်ကျေအေးနိုင်သည်ဆိုသည့်အချက်သည် အမျိူးသမီးနှင့် မိန်းကလေးများ တရားမျှတမှုကို လက်လှမ်းမှီရန်အတွက် အဟန့်အတားတစ်ခုဖြစ်ပါသည်။ (ဗဟုတရားမျှတမှုစနစ်) ခေါင်းစဉ်ဖြင့် ချင်းဓလေ့ထုံးတမ်းကို အသုံးပြုခြင်းသည်လည်း ချင်းအမျိူးသမီးနှင့် မိန်းကလေးများအတွက် တရားမျှတမှုကို ဆုံးရှုံးရသည့်အကြောင်းရင်းများဖြစ်တတ်သည်ကိုလည်း သတိချပ်စေလိုသည်’ ဟု အရပ်ဖက်အဖွဲ့အစည်း (၁၂) ၏ အိပ်ဖွင့် ပေးစာတွင်ဖော်ပြထားသည်။
ယခုအိပ်ဖွင့်ပေးစာပေးပို့သည့် အရပ်ဖက်အဖွဲ့အစည်းများမှာ ဧဒင်မသန်စွမ်းကလေးများပြုစုရာရိပ်မွန်-ဟားခါး၊ ဟားခါးတာရ် အမျိုးသမီးအဖွဲ့၊ မသူအမျိုးသမီးအဖွဲ့အစည်း၊ ရီဇွာအမျိုးသမီးအဖွဲ့၊ ဆပ်သားအမျိုးသမီးအဖွဲ့၊ ဟားခါးချင်း အမျိုးသမီး အဖွဲ့အစည်း၊ ဒါရ်ဒီမ်ပါရ်အဖွဲ့၊ ဌာနေတိုင်းရင်းသူကွန်ယက်၊ ချင်းမိသားစုအဖွဲ့၊ Shine Di ၊ BOOM Women ၊ ရသေ့တောင် လူငယ်ကွန်ယက်စသည်တို့ဖြစ်သည်။ မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူအမျိုးသားကိုလည်း ဆမီးရဲတပ်ဖွဲ့မှ ဖမ်းဆီး ပြီး တရားစွဲဆိုရန် ပလက်ဝမြို့သို့ ခေါ်ဆောင်သွားပြီဟုသိရသည်။ https://khonumthung.org/?p=9484
**********************

၇။ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် နေရပ်ပြန်
(နိုဝင်ဘာ ၂၂၊ ၂၀၂၀)
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင် စခန်းများတွင်ခိုလှုံနေကြသည့် စစ်ဘေးရှောင်သုံးထောင်ကျော် နေရပ်ပြန်နေကြပြီဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီ ဆောင်ရွက်နေသူများက ပြောသည်။
ထိုသို့ စစ်ဘေးရှောင်များ နေရပ်ပြန်ရာတွင် စိုက်ပျိုးထားဆဲ စပါးများရိတ်သိမ်းရန် ယာယီနေရပ်ပြန်ကြသည့် စစ်ဘေးရှောင် ဦးရေ သုံးသောင်းခန့်ရှိပြီး မိမိနေအိမ်သို့ အပြီးပြန်ကြသည့်စစ်ဘေးရှောင်ဦးရေမှာ သုံးထောင်ကျော်ရှိကြောင်း စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်ဇော်ထွန်းက ပြောသည်။ ယခုနေရပ်ပြန်နေကြသည့် စစ်ဘေးရှောင်အများစုမှာ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသူများဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေး ရှောင်စခန်းများတွင်နေထိုင်သူများမှာ စိုက်ပျိုးထားဆဲ စပါးများကို ရိတ်သိမ်းရန်အတွက်သာ ယာယီနေအိမ်ပြန်နေကြခြင်းဖြစ် ကြောင်း သိရသည်။ မြောက်ဦးမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသူ ဒေါ်ဦးမြင့်နွယ်က လတ်တလောတွင် အခြေအ နေပေါ် မူတည်ကာနေရပ်ပြန်နေရခြင်းဖြစ်ပြီး တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ကာ အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံနှစ်သိန်းကျော် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ https://www.mizzimaburmese.com/article/75872
*****************
၈။ အနိုင်ရ NLD ကျောက်မဲခရိုင်အမျိုးသားလွတ်တော်ကိုယ်စားလှယ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံး
(နိုဝင်ဘာ ၂၁ ၊ ၂၀၂၀)
ရှမ်းပြည်နယ်အမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ်(၁)၏ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရလွှတ်တော်ကိုယ်စား လှယ် ဦးထိုက်ဇော်သည် ယနေ့ စနေနေ့ညနေ ၆ နာရီကျော်က နောင်ပိန်ကျေးရွာအုပ်စုပန်တိန်ရွာရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရ၍ ကျောက်မဲဆေးရုံတွင် သေဆုံးသွားကြောင်း ကနဦး သတင်းများအရသိရသည်။
ကျောက်မဲရပ်မိရပ်ဖတစ်ဦး၏အပြောအရ ဦးထိုက်ဇော်သည် သေနတ်ဒဏ်ရာနှစ်ချက်ရရှိခဲ့ပြီးနောက် ကျောက်မဲပြည်သူ့ဆေး ရုံသို့ ပို့ဆောင်ကုသသော်လည်း ၆ နာရီ ၅၀ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်ဟုဆိုသည်။ ယခင်သီတင်းပတ်အတွင်းကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ အိမ်ကိုလက်နက်ကြီးများနှင့် ပစ်ခတ်ခံရမှုများဖြစ်ပေါ်ခဲ့သော်လည်း လက်သည်မပေါ်ဘဲဖြစ်ခဲ့သည်။
ကျောက်မဲမြို့တွင် သေနတ်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီးတော့ တရားခံတွေကိုဖမ်းဆီးရရှိမှုကဖြင့် ရှားပါးလှ သည်။ https://www.mizzimaburmese.com/article/75864
*****************

၉။ ဖမ်းဆီးထားသော NLD ပါတီဝင် ၃ ဦး အမြန်ဆုံးလွှတ်ပေးမည်ဟု AA ပြော
(နိုဝင်ဘာလ ၂၁၊ ၂၀၂၀)
ရခိုင့်တပ်တော်(AA) က ရွေးကောက်ပွဲမတိုင်ခင် ဖမ်းဆီးထားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် သုံးဦးကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းကာ အမြန်ဆုံး ပြန်လွှတ်ပေးသွားမည်ဟု AA က နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်း ထုတ်ပြန်လိုက်သည်။
အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသော AA ၏ ထုတ်ပြန်ချက်တွင် NLD ၏ နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် ပြန်ချက်ဖြစ်သော ” ပြည်သူသို့အသိပေးခြင်း” ကို ကြိုဆိုထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် NLD က ” မိမိတို့အဖွဲ့ချုပ်ကို ထောက်ခံသူများသာမက မထောက်ခံသူများ၏အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဟု ခံယူပါသည်” ဟု ထည့် သွင်းဖော်ပြထားသည်။ NLD ပါတီ၏ သဘောထားကြီးမားမှုကို ဖော်ပြခြင်းဟု AAက တုံ့ပြန်လိုက်သည်။ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့် နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ စည်းရုံးရေးခရီးစဉ်သွားရောက်စဉ် အောက်တိုဘာ ၁၄ ရက်က AA ၏ ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရသည်။
ဖမ်းဆီးမှုဖြစ်ပွားပြီးနောက် လုံခြုံရေးကြောင့်ရခိုင်ပြည်နယ်အတွင်း မြို့နယ်ကိုးမြို့နယ်ကို ရွေးကောက်ပွဲမကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့သည်။ AA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ရှိမြို့နယ်များတွင် ဆက်စပ်ရွေးကောက် ပွဲများ အချိန်မီပြုလုပ်ပေးပြီး အမျိုးသားရင်ကြားစေ့ရေးကို နှုတ်အားဖြင့်မဟုတ်ဘဲ လက်တွေ့သက်သေပြဖို့လိုသည်ဟု တောင်း ဆိုထားသည်။ https://www.mizzimaburmese.com/article/75853
****************
၁၀။ NLD ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းတွင် အမှုဖွင့်ခံရ
(November 22, 2020)
NLD ပါတီကိုယ်စားပြု၍ မွန်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ တွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် ဦးကိုကိုဦးကို ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ မဲရုံကိုစားလှယ်တစ်ဦးက မုပွန်နယ်မြေရဲစခန်း၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။ ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ် ဦးကိုကိုဦးသည် ရွေးကောက်ပွဲကာလအတွင်း မလျော်သြဇာသုံးသည်ဟုဆိုကာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ ဖြင့် နိုဝင်ဘာ ၁၈ ရက်က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ဦးကိုကိုဦးကို စစ်ဆေးရန် မုပွန်နယ်မြေ ရဲစခန်းက နိုဝင်ဘာ ၂၁ ရက်တွင် ဆင့်ခေါ်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်တန်းရပ်ကွက်တွင် ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသည့်ကိစ္စ၌ ရပ်ကျေးကော်မရှင်အဖွဲ့များ အား မဲဆန္ဒရှင်များ၏နေအိမ်ပေါ်သို့မတက်ရန် ဦးကိုကိုဦးက မလျော်သြဇာသုံး၍ လာရောက်ပြောဆိုခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အမှုဖွင့်တိုင်ကြားခံထားရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးကိုကိုဦးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

အဆိုပါ ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၃,၁၃၂ ဦး ရှိပြီး ၇၇,၈၇၆ ဦး လာရောက် မဲပေးခဲ့ကြောင်း မွန်ပြည်နယ် ရွေးကောက်ပါဲကော်မရှင်၏ မဲရလဒ်ထုတ်ပြန်ချက်များအရ သိရသည်။
http://burmese.monnews.org/2020/11/22/nld-%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80
******************
၁၁။ ဖားကန့်တွင် မြေစာပြိုမှုကြောင့် (၁) ဦးသေ (၂) ဦး ဒါဏ်ရာရ
(November 20 2020)
ဖားကန့်မြို့နယ် လုံးခင်းကျေးအုပ်စု မလောင်ကျေးရွာအနီး ယနေ့မွန်းလွဲ (၂)နာရီ အချိန်က မြေစာပုံဟောင်းပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြိုကျခဲ့သည့် မြေစာပုံဟောင်းသည် သိရောမဏိ ကျောက်စိမ်တူးဖော်ရေးကုမ္မဏီ၏ မြေစာပုံဟောင်းဖြစ်ပြီး အဆိုပါမြေစာပုံ တွင် ရွှေနှင့်ကျောက်မျောတိုက်ရင်း မြေစာပြိုကျခဲ့ခြင်းကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့ကြောင်း မလောင်ကျေး ရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ သေဆုံးသူသည် (၂၅)နှစ် အရွယ်ရှိ မလောင်ကျေးရွာနေ ကိုဇော်ဦး ဖြစ်ပြီး၊ဒဏ်ရာရသူ များမှာ ကိုကျော်ကြီး (၂၉)နှစ်နှင့် ကို စိုးငယ် (၂၄)နှစ်တို့ဖြစ်ကြောင်းလည်း သိရသည်။
ဖားကန့်မြို့နယ်အတွင်းမှာ မြေစာပြိုမှု၊ ကျောက်ကမ်းပါးပြိုကျမှုနဲ့ ကမ်းပါးပေါ်မှခြေချော်ကျမှု များကြောင့် လူပေါင်း ၂၀၀ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်းလည်း ဒေသအာဏာပိုင်များ၏ သတင်းမှတ်တမ်းများအရ သိရသည်။
https://www.myitkyinanewsjournal.com/local-news/4874/2020/
***************
၁၂။ ရခိုင်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုပေါင်း ၉၁မှုရှိ
(November 24, 2020)
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုဖွင့်ခံထားရသည့် အမှုပေါင်း ၉၁ မှုအထိရှိကြောင်း သတင်းရရှိသည်။ အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် အမှုများမှာ ကျောက်ဖြူ ခရိုင်တွင် ၁၉ မှု၊ မြောက်ဦးခရိုင်တွင် ၃၅ မှု၊ မောင်တောခရိုင်တွင် ၃ မှု၊ စစ်တွေခရိုင်တွင် ၃၃ မှုနှင့် သံတွဲခရိုင်တွင် ၁ မှုတို့ဖြစ်ကြသည်။
တရားစွဲဆိုခံထားရသူများမှာ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦး ခရိုင်တွင် ၇၈ ဦး၊ မောင်တောခရိုင်တွင် ၄ ဦး၊ စစ်တွေခရိုင်တွင် ၁၃၉ ဦးနှင့် သံတွဲခရိုင်တွင် ၄ ဦးတို့ဖြစ်ကြောင်း သဇင်ဥပဒေဆိုင်ရာ ထောက်ပံ့ကူညီရေး ရုံးမှ ဥပဒေရေးရာ အရာရှိ ဒေါ်မေသက်ခိုင်က ပြောသည်။ ယခုကာလသည် ကိုဗစ်ကာလဖြစ်သဖြင့် တရားစွဲခံထားရသူများ၏ အမှုကို စစ်ဆေးနိုင် ခြင်းမရှိဘဲ ရွေ့ဆိုင်းထားရသည့်အမှုများလည်းရှိကြောင်း ဒေါ်မေသက်ခိုက်က ဆက်ပြောသည်။
အရပ်သားများအား ယခုလိုမျိုးအကြမ်းမှုဖြင့် တရားစွဲဆိုခြင်းများမှာ ပြည်သူများအား အကြောက်တရားလွှမ်းမိုးသွားအောင် လုပ်ခြင်းသာဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ အဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက ပြောသည်။ ရခိုင်

ပြည်နယ်တွင် ယခင်က ဖမ်းဆီးသူများကို မတရားအသင်း ဆက်သွယ်မှု ၁၇ (၁) ဖြင့်သာ တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင်အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်တရားစွဲလာခြင်း ဖြစ်ကြောင်း သိရသည်။
https://www.bnionline.net/mm/news-77058
******************
၁၃။ AA အပါအဝင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် FPNCC တို့၏ သဘောထားထုတ်ပြန်ချက် NLD ကြိုဆို
(November 23, 2020)
ရက္ခိင်တပ်တော်(AA) အပါအဝင် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ FPNCC တို့က သဘောထား ထုတ်ပြန်ချက်များအပေါ်တွင် NLD က ကြိ်ုဆိုကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။
နိုဝင်ဘာ ၂ဝ ရက်နေ့က ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD)၏ တစ်ပြည်လုံး ၈၃ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် လူထုထောက်ခံမှုအောင်ပွဲကို ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ (၂ဝ) ရက်နေ့၌ ပြုလုပ်သည့် မိမိတို့ ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ Online အစည်းအဝေးကြီးမှ အထူးကြိုဆိုပါကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းပြင် ရက္ခိုင့်တပ်တော် (AA) ၏ ယနေ့ ထုတ်ပြန်ချက်အထဲတွင် (၁) NLD အစိုးရမှ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထားသော အပြစ်မဲ့ရခိုင်ပြည်သူများ(၂) မရေရာသော စွပ်စွဲချက်များဖြင့် ထောင်သွင်း အကျဉ်းချခံနေရသော ရခိုင်ဒေသခံတိုင်းရင်းသားပြည်သူများနှင့်ရခိုင်နိုင်ငံရေးသမားများ(၃) မတရားဖမ်းဆီးထားခြင်းခံနေရ သော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများ (၄) ငြိမ်းချမ်းရေးအတွက် တောင်းဆို ဆန္ဒပြ၍ ဖမ်းဆီးခြင်းခံထားရသော မြန်မာပြည်အနှံ့မှ တက္ကသိုလ်ကျောင်းသားများစသည့် ဖမ်းဆီးထားခြင်း ခံရသူများအားလုံးကို လူသားချင်းစာနာစိတ်ဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ အလေးအနက် တောင်းဆို အပ်ပါသည်ဟု ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်များအပေါ် NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ၄င်းတို့အနေဖြင့် အေအေ၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်ခုနစ်ဖွဲ့ FPNCC တို့က ရွေးကောက်ပွဲကိုကြိုဆိုကြောင်း ထုတ်ပြန်မှုများအားလှိုက်လှိုက် လှဲလှဲကြိုဆိုသည်ဟု ပြောဆိုခဲ့သည်။ https://www.bnionline.net/mm/news-77030
***************
၁၄။ ကျဆုံး AA ဗိုလ်လောင်းအခမ်းအနားတက်ရောက်၍ အဖမ်းခံရသူ ဦးအစံမောင်ကို ဘေးစီမံပုဒ်မ(၂၅) ဖြင့်အမှုဖွင့်
(November 23, 2020)
စစ်တွေတွင် ပြုလုပ်သည့် AA ဗိုလ်လောင်း ၈ ဦး ကျဆုံးနေ့ ( ၆) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့၍ ဖမ်းဆီးခံရသူ ဦးအစံမောင်ကို ဘေးစီမံ ပုဒ်မ(၂၅) ဖြင့် အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။
အမှုဖွင့်ခံရသူ ဦးအစံမောင်သည် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက် ဂေါက်ချီလမ်းတွင်နေထိုင်သူ ဖြစ်ပြီး ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သူ၏နေအိမ်မှ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခေါ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းဆုတောင်းပွဲတွင် လူငယ် ၃ဝ ခန့်ပါဝင်ပြီး

သူတို့ကို အမှုဖွင့်မည်/ မဖွင့်မည်ကို မသိရသေးကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးအား ဆက်သွယ်ခဲ့ရာ ရဲတပ်ဖွဲ့ကိုသာမေးဟု ပြန်လည်ဖြေကြားခဲ့သည်။
၄င်းအပြင် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် စစ်တွေမြို့အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ဦးအောင်မြဦးတို့အား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။ ပြီးခဲ့သော နိုဝင်ဘာလ ၁၉ ရက်နေ့သည် ရက္ခိုင့်တပ်တော် (AA) မှ ကျဆုံးသွားသော ဗိုလ်လောင်း ၈ ဦး၏ ( ၆) နှစ်ပြည့်နေ့ ဖြစ်သဖြင့် လူငယ် ၃ဝ ခန့်က စစ်တွေမြို့၊ ကမ်းနားလမ်း၊ ကိုးရီးယားဆိပ်ကမ်းတွင် အောက်မေ့ ဆုတောင်းပွဲ အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
https://www.bnionline.net/mm/news-77029
*********************
၁၅။ မောင်တောနယ််စပ်တွင် မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် ပြင်းအားမြင့်မိုင်းကို ARSA က ထောင်ထားခြင်းဟု တပ်မတော်ထုတ်ပြန်
(November 19, 2020)
မိသားစု ၃ ဦးသေဆုံးခဲ့ရသည့်အပြင် နောက်ထပ် ၆ ဦးဒဏ်ရာရရှိခဲ့သည့်အထိ ပေါက်ကွဲမှုပြင်းထန်သည့်မိုင်းကိုထောင်ထား သောအဖွဲ့အစည်းမှာ အာဆာရ် (ARSA) အဖွဲ့ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာ ၁၇ ရက်နေ့စွဲဖြင့်ထုတ်ပြန်သောထုတ်ပြန်ချက်အထဲတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာမှ မောင်းနှင်လာသော NOAH အမျိုးအစား အနက်ရောင်မော်တော်ယာဉ် ၁ စီးသည် ယနေ့ နေ့လယ် ၁ နာရီ ကျော်ခန့်တွင် လိပ်ရလမ်းဆုံ အနီးအရောက်၌ ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသော ကားမိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။
၎င်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၉ ဦးအနက် ခရေမြိုင်ကျေးရွာနေ ကိုကျော်ရဲအောင် ၂၅ နှစ်၊ မအေးဆန်းနု ၂၀ နှစ်နှင့် မောင်ကျော်ဆန်းဦး ၃ နှစ်တို့ ၃ ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် နေရာ၌ပင် သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ကျန် ၆ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းကားသည် မောင်တောမြို့နယ် မြောက်ပိုင်း သာယာကုန်း ကျေးရွာ ကထိန်ပွဲမှ မြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာသို့ အပြန်တွင် ကျွန်းပေါက်အုပ်စုနှင့် လိပ်ရအုပ်စုအကြား သဲချောင်း ကျေးရွာအနီး ကားလမ်း၌ နေ့လယ် ၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသွားသူ ၆ ဦးမှာလည်း ခရေမြိုင်ကျေးရွာမှ ဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ၄င်းတို့စီးလာသည့် ကားမှာ ပြန်သုံးမရအောင် ပျက်စီးသွားကြောင်း ဆရာတော်က မိန့်သည်။ ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၆ ဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ယနေ့ နံနက်တွင် ယင်းအထဲမှ ၄ ဦးကို ဒဏ်ရာပြင်းထန်သဖြင့် မောင်တောမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။ https://www.bnionline.net/mm/news-76993
********************

၁၆။ ကချင်စစ်ရှောင် နေရပ်ပြန်ရေးတွင် အစိုးရ ကူညီစေလို
(၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း နေရပ်သို့ပြန်ကြမည့်စစ်ဘေးရှောင်များက လုံခြုံရေး၊ ပြန်လည်တည်ထောင်ရေးအ တွက် အစိုးရ တာဝန်ရှိသူများက ကူညီလုပ်ဆောင်ပေးစေလိုကြောင်း ပြောသည်။
ဒဘတ်ယာန်ကျေးရွာသို့ နေရပ်ပြန်ကြရန် လက်ရှိစာရင်းလာပေးထားသည့် စစ်ရှောင်များမှာ အိမ်ထောင်စု ၂၁၆ စု နှင့် ယခင်က အစိုးရကို စာရင်း ပေးထားသည့် အိမ်ထောင်စု ၃၇ စု စုစုပေါင်း အိမ်ထောင်စု ၂၅၃ စုမှ လူဦးရေ ရှစ်ရာနီးခန့်ဖြစ်သည်ဟု ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC ၏ စာရင်းများအရသိရသည်။ စစ်ဘေး ရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှုများကို လုပ်ဆောင်နေသည်သာမက နေရပ်ပြန် မည့်သူများ၏ စာရင်းများကိုလည်း ကောက်ယူ လျက် ရှိသည်။
ထို့အပြင် စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးကိုလည်း မြောက်ပိုင်း စစ်ဌာနချုပ်မှ လုပ်ဆောင် ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် ကချင်လွတ် လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့်တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရသည်မှာ ယနေ့ အချိန်အထိဖြစ်သည်။ http://www.nmg-news.com/2020/11/20/12453
********************
၁၇။ ပဏာမ အပစ်ရပ် သဘောတူညီချက်ကို မဟာမိတ်လေးဖွဲ့အတူသာ လက်မှတ်ထိုးမည်ဟု TNLA ပြော
(၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀)
ပဏာမ အပစ်ရပ် သဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးမည်ဆိုပါက မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုများကိုလည်း FPNCC အဖွဲ့ဝင် ၇ ဖွဲ့လုံးနှင့်အတူ လုပ်ဆောင်သွားမည်ဟု တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြောသည်။
အဆိုပါသဘောထားများမှာ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အဖွဲ့ဝင် ၇ ဖွဲ့ပါသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ မူသဘောထားများဖြစ်ပြီး ထိုသဘောထားအတိုင်း ဆက်လက် ရပ်တည်နေဆဲဖြစ်သည် ဟု PSLF/TNLA က ပြောသည်။ PSLF/TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ် Bilateral စာချုပ်ကို တစ်ဖွဲ့ချင်းစီ လက်မှတ်ရေးထိုးမည်ဟုညှိနှိုင်းထားပြီး ၄ ဖွဲ့စလုံး တစ်ပြိုင်နက်တည်းတစ်နေရာတည်း တစ်ချိန်တည်း လက်မှတ် ရေးထိုးသွားမည် ဟု PSLF/TNLA က ဆိုသည်။
NCA လက်မှတ်မထိုးထားသည့်အဖွဲ့များမှာ FPNCC အဖွဲ့များဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသားများဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/

ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင့်တပ်တော် (ULA/AA) တို့အပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCA-K) တို့ဖြစ်သည်။
http://www.nmg-news.com/2020/11/20/12451
******************
၁၈။ မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ
(November 24, 2020)
ကချင်ပြည် မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ်တလုံးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၃)ရက် ည၈နာရီကျော်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီ ၁၅ ဝန်းကျင်တွင် အမည်မသိ လူ ၂ဦးက ဆိုင်ကယ်စီးလာပြီး၊ ဆိုင်ကယ်ပေါ်မှ အထုတ်တထုတ် ချသွားခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မန်ဝိန်းကြီး ဒေသခံတဦး ပြောပြချက်အရသိရသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း၊ နေအိမ်ရှေ့သံပန်းတံခါး နှင့် အိမ်ရှေ့ မှန်တံခါး အနည်းငယ်ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။
ထိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မန်ဝိန်းကြီးရဲတပ်ဖွဲ့မှ တရားခံကိုလိုက်လံစုံစမ်းနေကြောင်း သိရသည်။ ကချင်ပြည် မန်ဝိန်းကြီး သည် ရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းနှင့် ကပ်လျက်တည်ရှိသည့်မြို့တမြို့ဖြစ်ပြီး၊ ထိုဒေသတွင်နေထိုင်သူ အများစုသည် သျှမ်းလူမျိုးများဖြစ်ကြောင်းသိရသည်။ https://burmese.shannews.org/archives/19580
******************
၁၉။ တိုင်းရင်းသားပါတီတစ်ခုအနေဖြင့် တောက်ချခံရမည်ကိုစိုးရိမ်ဟု အင်းအမျိုးသားအဖွဲ့ချုပ်ပါတီပြော
(November 21, 2020)
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ဒေသတွင်း လက်တွဲပူး ပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားပါတီတစ်ခုအနေနှင့်စိုးရိမ်မှုများရှိနေကြောင်း အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ အင်းတိုင်း ရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်တင်တင်ရီ ကပြောသည်။
အာဏာရပါတီနှင့်တိုင်းရင်းသားပါတီများပူးပေါင်း၍ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဆိုသည်မှာ အဆိုပါပါတီ မှ မည်သို့ကမ်းလှမ်းချက်မျိုးနှင့် မည်သို့သောစည်းဘောင်များသတ်မှတ်လာမည်ကို မသိသဖြင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ အနေနှင့်အစည်းအဝေးပြီးမှ ဆုံးဖြတ်နိုင်မည်ဟု ၎င်းကပြောသည်။ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရန် NLD ၏ ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် လက်တွဲရန်ဝေခွဲမရဖြစ်နေပြီး စည်းဘောင်များ သတ်မှတ် လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ပါတီအဖြစ်ရပ်တည်ခဲ့သည်မှာ ၁၀ လခန့်သာရှိပြီး ယခုနှစ်ရွေးကောက်ပွဲတွင် အင်းလေးဒေသအတွင်း ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် အင်းတိုင်းရင်းသားရေးရာ လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရှုံးနှိမ့်ခဲ့ခြင်း ဖြစ်သည်။

အင်းလေးဒေသတွင် လူဦးရေ ၁၈၀၀၀၀ ကျော်ရှိပြီး အင်းတိုင်းရင်းသား လူမျိုး ၁၂၀၀၀၀ ကျော်နှင့် ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး အစရှိသည့်တိုင်းရင်းသားများ ခြောက်သောင်းကျော် နေထိုင်လျက်ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အင်းလေးဒေသတွင် အဓိကအားဖြင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ အင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် NLD ပါတီတို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ https://burmese.shannews.org/archives/19556
******************
၂၀။ ကိုးကန့်နယ်စပ်မျဉ်းနား တရုတ်ခြံစည်းရိုးကာ
(23 နိုဝင်ဘာ၊ 2020)
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနယ်စပ် ကျောက်တိုင်အနီးတဝိုက် အပါအဝင် နယ်စပ်ဒေသတချို့မှာ တရုတ် နိုင်ငံက ခြံစည်းရိုးကာခဲ့တဲ့အတွက် မြန်မာဘက်ကကန့်ကွက်ထားတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။
COVID 19 ဖြစ်ပွားနေချိန်မှာ ကပ်ရောဂါကာကွယ်ရေးအကြောင်းပြချက်နဲ့ တရုတ်နိုင်ငံဘက်က နှစ်နိုင်ငံနယ်စပ် နေရာအချို့မှာ ခြံစည်းရိုးခတ်တာတွေ ရှိခဲ့တာပါ။ မနေ့တုန်းကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်က နယ်စပ်မှတ်တိုင်အမှတ် ၁၂၅ အနီးမှာ တရုတ်နိုင်ငံက ခြံစည်းရိုးကာခဲ့တဲ့အတွက် မြန်မာဘက်ကကန့်ကွက်ထားကြောင်း လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက VOA ကို ပြောပါတယ်။
တရုတ်နဲ့ မြန်မာနှစ်နိုင်ငံထိစပ်နေတဲ့ နယ်ခြားမျဉ်းဟာ မိုင်ပေါင်း ၁၃၅၀ နီးပါး ရှည်လျားပြီး နှစ်နိုင်ငံ နယ်နမိတ်စာချုပ်ကို တော့ ၁၉၆၀ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ တရုတ်မြန်မာနယ်စပ်သဘောတူစာချုပ်အရ ၅ နှစ်တစ်ကြိမ် နယ်နိမိတ်ပူးတွဲစစ်ဆေးရမှာဖြစ်ပေမဲ့ ၁၉၉၅ ကနေ စတင်ပြီး ၂၄ နှစ်တိုင် မစစ်ဆေးနိုင်ခဲ့ပါဘူး။ ၂၀၁၈- ၂၀၁၉ခုနှစ်တွေ အတွင်း နယ်မြေအငြင်းပွားတာတွေ ဖြစ်ခဲ့တဲ့နောက် ၂၀၁၉ ခုနှစ်မှာ ၂ နိုင်ငံနယ်နိမိတ်ပူးတွဲစစ်ဆေးမှုတွေလည်း ပြန်လည် စတင်ခဲ့ပါတယ်။ https://burmese.voanews.com/a/china-myanmar-border/5673012.html
**************
၂၁။ ပြည်တွင်းစစ်ကြောင့် ခြောက်လအတွင်း ကလေး ၄ဝ ကျော်သေဆုံး၊ တစ်ရာကျော် ဒဏ်ရာရ
(2020-11-23)
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ကလေး ၄၃ ယောက်သေဆုံးခဲ့ရပြီး၊ ၁၀၃ ယောက် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောလိုက်ပါတယ်။
ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကလေးတွေသေဆုံး၊ ထိခိုက်ဒဏ်ရာရနှုန်းတွေ ကြောက်ခမန်း လိလိ တိုးလာနေတာကြောင့် အလွန်စိုးရိမ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ UNICEF အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် စက်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် သေဆုံးရတဲ့ ကလေး ၁၃ ယောက်ရှိခဲ့ပြီး ကလေး ၅၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကြောင့် ကလေးတွေသေဆုံး၊ ဒဏ်ရာရမှု အ များဆုံးဖြစ်ပါတယ်။ ကလေးငယ်တွေ ဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ စစ်ပဋိပက္ခတွေအတွင်း ပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြေမြှုပ်မိုင်း အသုံးပြုတာရပ်တန့်ပေးဖို့နဲ့ လက်ရှိကျန်နေတဲ့မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲ သေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းပေးကြဖို့လည်း UNICEF အဖွဲ့က ဒီကနေ့ ထပ်မံတောင်းဆိုလိုက်ပါတယ်။ https://www.rfa.org/burmese/news/children-deaths-injured-civil-war-myanmar-11232020072853.html
****************
၂၂။ NLD အနိုင်ရအမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ
(2020-11-22)
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် မနေ့ညက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ကန့်ကွက်ရှုတ်ချနေကြပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကလည်း ဦးထိုက်ဇော် လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်ကျူး လွန်သူကို ရှုတ်ချကြောင်း ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကလည်း ဒီလိုလုပ်ကြံမှုမျိုးဟာ ပါတီစုံဒီမိုကရေးစီစနစ်မှာ မဖြစ်သင့်ကြောင်း ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေ စိုက် တအာင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးမိုင်းအုန်းခိုင်ကလည်း အကြမ်းဖက်လုပ်ရပ်မျိုးတွေကို ရှုတ်ချကြောင်း နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးမရှိတာကြောင့် တရားဥပဒေစိုးမိုးရေး အများကြီး လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ အဲဒေသမှာ လှုပ်ရှားနေတဲ့ RCSS နဲ့ TNLA လက်နက်ကိုင် အဖွဲ့တွေကတော့ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ သူတို့မသက်ဆိုင်ကြောင်း ထုတ်ပြန် ပြောဆိုထားပါတယ်။
အဲ့နေရာမှာဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း သူတို့နဲ့မသက်ဆိုင်ဘူးဆိုတာ ပြည်သူတွေ အမြင်ရှင်းအောင် ကြေညာ ထုတ်သင့်တယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ထောက်ပြပြောဆိုပါတယ်။ NLD ကိုယ်စားလှယ် လုပ်ကြံသတ်ဖြတ်ခံရတာ၊ ကျောက်မဲဒေသ တရားဥပဒေစိုးမိုးမှု အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်ကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
https://www.rfa.org/burmese/news/htikezaw-nld-dead-11222020033247.html
*****************
၂၃။ ဒီချုပ်အမတ်လောင်းသုံးဦးကို AA ပြန်မလွှတ်ပါက ရခိုင်တွင် ရွေးကောက်ပွဲဖြစ်ရေးခက်နိုင်ဟု MIPS တာဝန်ရှိသူပြော
(November 24, 2020)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၏ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) က ပြန်မလွှတ်ပါက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခက်အခဲဖြစ်နိုင်

ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက သုံးသပ် ပြောကြားသည်။
AA အနေဖြင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များ၌ ရွေးကောက်ပွဲ ကျင်းပခြင်းကို အစိုးရသစ်၊ လွှတ်တော် အခင်းအကျင်းအသစ် မစတင်မီ ပြုလုပ်သင့်ကြောင်း ထုတ်ပြန်ထားသည်။ သို့ရာတွင် တောင်ကုတ်မြို့နယ်၌ ရွေး ကောက်ပွဲမဲဆွယ်စည်းရုံးမှုလုပ်ဆောင်နေသည့် NLD ကိုယ်စား လှယ်လောင်းသုံးဦးကို AA က ရွေးကောက်ပွဲမတိုင်မီ အောက်တို ဘာ ၁၄ ရက်ကတည်းက ဖမ်းဆီးသွားရာ တစ်လကျော်သည်အထိ ပြန် မလွှတ်သေးပေ။ ထို့အပြင် ကျောက်မဲမြို့နယ်တွင် NLD ပါတီ၏ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်အား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ် သည့် အမှုဖြစ်ပေါ်လာခြင်း ကြောင့်လည်း အစိုးရဘက်က များစွာစဉ်းစားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
AA ၏ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်တွင် NLD ကိုယ်စားလှယ်လောင်းသုံးဦး လွတ်မြောက်ရေး NLD ပါတီ တာဝန်ရှိသူ များက တောင်းဆိုနေသည့်နည်းတူ ၎င်းတို့ အဖွဲ့အနေဖြင့်လည်း အစိုးရကပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထား သည့်ရခိုင် ပြည်သူများ၊ ရခိုင်နိုင်ငံရေးသမားများ၊ AA အဖွဲ့ဝင်များ၏ ဆွေမျိုးများ၊ ဆန္ဒပြ၍ဖမ်းဆီးထားသော တက္ကသိုလ်ကျောင်း သားများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို ကြောင်း ဖော်ပြထားသည်။
https://7day.news/detail?id=206456
*****************
၂၄။ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် လွတ်မြောက်ရေး လက်မှတ်ကောက်ခံ
(November 24, 2020)
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင်ဟောပြောမှုတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသည့် ရခိုင့်ဦးဆောင်ပါတီ(AFP) ခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်လွတ်မြောက်ရေးအတွက် နိုင်ငံ တော်အကြီးအကဲများထံ တောင်းဆိုရန် အင်တာနက်မှတစ်ဆင့် လက်မှတ်များ ကောက်ခံလျက်ရှိသည်။ ၂၀၁၉ မတ်လတွင် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင် လှုံ့ဆော်မှု ၅၀၅ (ခ) တို့ဖြင့် ၎င်းတို့နှစ်ဦးသည် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်တွင် အကျဉ်းကျနေသည်မှာ ယခုအခါ တစ်နှစ်ခွဲကျော်ရှိပြီဖြစ် သည်။
မြန်မာနိုင်ငံသည် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေးတို့ကို ဦးတည်သွားနေသည့်အချိန် တွင် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထောင်ချလိုက်ခြင်းသည် တိုင်းရင်းသားများကြား နားလည်မှုနှင့် ယုံကြည်မှု၊ အမျိုးသားရင်ကြား စေ့ရေးတို့ကို ထိခိုက်စေသဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု လက်မှတ်များ ကောက်ခံနေသူ တစ်ဦးဖြစ်သည့် ဦးခိုင်မြတ်ကျော်က ပြောသည်။ လက်မှတ်များကို အင်တာနက်မှတစ်ဆင့် ကောက်ခံနေပြီး လက်ရှိတွင် အလွှာစုံမှ လက်မှတ် ၅၀ ခန့် ကောက်ခံရရှိထားပြီးဖြစ် ကြောင်း၊ လက်မှတ် ၁၀၀ ခန့် ရရှိလျှင် နိုင်ငံတော်သမ္မတ၊ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ပေးပို့တင်ပြမည်ဟု စစ်တွေအခြေစိုက် နိရဉ္စရာသတင်း ဌာန၏ အယ်ဒီတာချုပ်လည်းဖြစ်သည့် ဦးခိုင်မြတ်ကျော်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်ပြီး ရခိုင်နိုင်ငံရေးတွင် ဩဇာရှိသူ ဒေါက်တာအေးမောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကြောင့် လက်နက်ကိုင်လမ်းစဉ်ဘက် ကူး ပြောင်းသွားသူများ ရှိနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ် ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ဆိုသည်။
https://7day.news/detail?id=206441
****************
၂၅။ လုပ်ကြံခံရသည့် ဦးထိုက်ဇော် မဲရလဒ် ကန့်ကွက်သူ မရှိလျှင် လစ်လပ်မဲဆန္ဒနယ် သတ်မှတ်မည်
(23 November 2020)
လုပ်ကြံခံရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်၏ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်(၁) မဲရလဒ်အား ကန့်ကွက်သူမရှိပါက လစ်လပ်မဲဆန္ဒနယ်အဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ရှမ်းပြည် နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံက သိရသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲရလဒ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၅ ရက်တွင် အပြီးသတ် ကြေညာခဲ့ပြီးဖြစ်သော်လည်း ဦးထိုက်ဇော် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ရလဒ်များအား ယခုလက်ရှိ အချိန်ထိ ကန့်ကွက်လွှာ တင်ပြသူ မရှိသေးကြောင်းလည်း ၎င်းကဆိုသည်။ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁) တွင် SNLD ပါတီမှာ ဒုတိယမဲ အများဆုံးရရှိခဲ့သည့်ပါတီဖြစ်ပြီး တတိယ မဲအများဆုံး အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်း ဦးကျော်စိန်က ၄၉၁၀၈ မဲ ရရှိထားသည်။
SNLD ပါတီအနေဖြင့်လည်း လုပ်ကြံသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း၊ လုပ်ကြံသူအား ဖော်ထုတ်ပေးရန်နှင့် ကျောက်မဲမြို့နယ် ဒေသအတွင်း အလားတူအကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားနေမှုများအပေါ် ထိထိရောက်ရောက် ဟန့်တားအရေးယူ ဆောင်ရွက်ပေးရန်လည်း နိုဝင်ဘာ၂၂ ရက်က တိုက်တွန်းထုတ်ပြန်ခဲ့သည်။
https://burma.irrawaddy.com/news/2020/11/23/233808.html
********************

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button