တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 137, October 15, 2021)

 

၁။ CDM ရဲမေ နော်အယ်စိုးမူး ကရင်နီတပ်မတော်တွင် အခြေခံစစ်သင်တန်းနည်းပြ ဖြစ်လာ
October 14, 2021

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်တပ်က နိုင်ငံအာဏာအား မတရားသိမ်းပိုက်လိုက်ပြီးနောက် CDM ပြုလုပ်ကာ ပြည်သူဘက်မှ ရပ်တည်လိုက်သော ရဲမေ နော်အယ်စိုးမူး သည် ကရင်နီတပ်မတော် ဗဟိုစစ်ရေးလေ့ကျင့်ရေးကျောင်းတွင် အခြေခံစစ်သင်တန်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ကရင်နီသတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုလာလ ၉ ရက်တွင် ပြုလုပ်ခဲ့သော ကရင်နီတပ်မတော် အပတ်စဉ် ၇၁ အခြေခံစစ်သင်တန်းဆင်းပွဲတွင် ကရင်နီ တပ်မတော် အရာရှိကြီးများဖြစ်ကြတဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး အယ်မွီး တို့က သင်တန်းဆင်းရဲဘော်များအား စစ်ဆေးနေစဉ် CDM ရဲမေ နော်အယ်စိုးမူးအား ရှေ့ဆုံးမှ ဦးဆောင် လာသည်ကို တွေ့ခဲ့ရသည်။ နော်အယ်စိုးမူသည် လက်ရှိတွင်အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရန်အတွက် ကရင်နီ တပ်မတော် KA တပ်ဖွဲ့ဝင် ၁ ဦး ဖြစ်သလို ဗဟိုစစ်ရေးလေ့ကျင့်ရေးကျောင်းရဲ့ အခြေခံစစ်သင်တန်းနည်းပြအဖြစ်လည်း တာဝန်ထမ်းဆောင်နေကြောင်းလည်း သတင်းရရှိသည်။

၂။ ချင်းအမျိုးသားတပ်ဦးဌာနချုပ်ကို ချေမှုန်းဖို့ စစ်ကောင်စီပြင်ဆင်
October 13, 2021

ချင်းပြည်နယ် ထန်တလန်မြို့နယ်က ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဌာနချုပ်အနီးကို အောက်တိုဘာလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဝဲပျံပြီး စောင့်ကြည်နေတာတွေရှိသလို မြေပြင်မှာလည်း တင့်ကားတွေ၊ စစ်ယာဉ်တန်းတွေနဲ့ အင်အားဖြည့်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က RFA ကို ပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့အတူ တိုက်ပွဲဝင်ဖို့ ပထမဆုံး ပူးပေါင်း ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီက အင်အားသုံးပြီး တိုက်ခိုက်ဖို့ပြင်ဆင်လာတာလို့ ချင်းအမျိုးသားတပ်ဦး CNF/CNA ရဲ့ ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “CNF ဆိုတာကတော့ ပြောရရင် တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ NUG နဲ့ ယုံယုံကြည်ကြည်နဲ့ ပထမဦးဆုံး ပူးပေါင်းပြီးတော့တိုက်ပွဲဝင်ဖို့ သဘောတူညီချက်တွေ ကျနော်တို့ ရရှိထားတာဖြစ်တယ်။ လက်ရှိ ကျနော်တို့ NUG နဲ့ သူတို့ရဲ့ နိုင်ငံရေးခံယူချက်နဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးခံယူချက်က ထပ်တူကျ နေတော့ စစ်ကောင်စီ ကတော့ ကျနော်တို့ကို အစကတည်းကိုက စစ်ရေးအရရော နိုင်ငံရေးအရရော ယခင်ကအတိုင်း မဟုတ်ဘဲ ပိုမိုပြီးတော့ ဖိဖိစီးစီး နဲ့ လုပ်လာတာရှိတယ်”ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင် ဟာ ဆိုရင် လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး တာဝန်ယူထားပါတယ်။

ဒါ့အပြင် CNF အနေနဲ့ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်လာတဲ့ CDF၊ PDF တပ်ဖွဲ့တွေကို စစ်သင်တန်းပေးတာ၊ သူတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အတွက် သူတို့ အဖွဲ့တွေအားလုံးကို စစ်ကောင်စီ အနေနဲ့ အင်းအားလုံး အရင်းသုံးပြီး ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာလို့ သူက ပြောပါတယ်။ တပ်ကြပ်ကြီးနဲ့ ပါလာတဲ့ စစ်ကောင်စီရဲ့ အဲဒီအချက်အလက် တွေအရ ချင်းပြည်နယ်ကို ဖိဖိစီးစီးနဲ့ ချေမှုန်း တော့မယ့် အခြေအနေကို ခန့်မှန်းမိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်မှာ အင်အားသုံး တိုက်ခိုက်ဖို့ ပြင်ဆင်နေသလိုပဲ စစ်ကိုင်းတိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့ အင်အားဖြည့်တင်းနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၃။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၁၁၄ ဦးကို စစ်ကောင်စီ အမှုပိတ်သိမ်း
October 15, 2021

အောက်တိုဘာလ ၁၅ ရက် ဒီနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ (၆) နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ တရားရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင်တွေနဲ့ အဖွဲ့ဝင်နဲ့ ဆက်စပ်သူ ၁၁၄ ဦးကို အမှုပိတ်သိမ်းပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ ရက္ခိုင့် တပ်တော် (AA) က ၆၁ ဦး၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) က ၂၃ ဦး၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC) က တစ်ဦး၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) က တစ်ဦး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) က ၁၂ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) က ငါးဦးနဲ့ တအာန်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) က ၁၁ ဦးဖြစ်တယ်လို့ ကြေညာချက်မှာ ပါဝင်ပါတယ်။

NCA (၆) နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မနက်ပိုင်း နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့ပြီး အပစ်ရပ်လက် မှတ် ထိုးထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ကလွဲလို့ ကျန်တဲ့ ရှစ်ဖွဲ့ တက်ရောက်ခဲ့ပါတယ်။

၄။ ကရင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိနေ
October 13, 2021

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းတွင် ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား အောက်တိုဘာ လ ၁၃ ရက်နေ့အထိ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်း အမြစ်အရ သိရသည်။ နံနက် ၁၁ နာရီခန့်တွင် ကော့ကရိတ်မြို့လှိုင်ဝဘုရားကုန်းရှိ စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာ ဘက်ကို လက်နက်ကြီးများ လှမ်းပစ်ခတ်ပြီးနောက် နယ်မြေခံ ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်လက်နက်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ဒီမနက် ၁၁ နာရီဝန်းကျင်လောက်မှာ သူတို့အလုံးကြီးတွေပစ်တာ KNLA က တစ်ယောက် ထိတယ် ပေါ့နော်။ လက်ပဲထိတယ်။ စိုးရိမ်ရတာတော့ မရှိဘူး။ သူတို့ဘက်ကတော့ ၂ ယောက်သေတယ်လို့ ပြောတယ်။ အခု အခြေအနေကတော့ နှစ်ဖက်လုံးစောင့်ကြည့်နေကြတဲ့ အနေအထားမှာရှိတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။ ထိုပစ်ခတ်မှုမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ(၆) တပ်ရင်း(၁၈)နှင့် ခွဲထွက် DKBA ပူးပေါင်းတပ်ဖွဲ့နှင့် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၂) လက်အောက်ခံ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ (၂၃၀)သည်တို့ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၁၁-၁၂ ရက်)နေတုန်းကလည်း ကော့ကရိတ်တောင်ပိုင်း ကော့နွဲရွာနှင့် ရွာသစ်ကျေး ရွာဘက်တွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (၅၅၆) နှင့် KNLA တပ်မဟာ(၆) တပ်ရင်း(၁၈)၊ ခွဲထွက် DKBA ပူးပေါင်းတပ်ဖွဲ့တို့ အကြား နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ လက်ရှိ စစ်ကောင်စီတပ်များသည် ကော့ကရိတ်မြို့ ရွှေကြက်မင်း ဘုရားကုန်း၊ နှစ်သစ်ကူးကွင်းအနီး စာပေနှင့် ယဉ်ကျေးမှုရုံး၊ ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံး စသည့်နေရာများတွင် နေရာယူ ထားပြီး ညနေ ၄ နာရီအထိ ကော့ကရိတ်တောင်ပိုင်း ကမိုင်ကုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ကြိုကြားကြိုကြား ပစ်ခတ်မှုများလုပ်ဆောင်နေကြသေးသည်ဟု သိရသည်။

၅။ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ကက်သလစ်ဘုရားကျောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး
October 14, 2021

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ကက်သလစ်ဘုရားကျောင်းကို ပစ်ခတ် ဖျက်ဆီးမှုများ အောက်တိုဘာလ ၁၃ ရက်နေ့က လုပ်ဆောင်ကြောင်း၊ ဘုရားကျောင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံ များထံမှ သိရှိရသည်။
အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှုကြောင့် ကက်သလစ်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် နေအိမ်အချို့ ပျက်စီးခဲ့သည်။ “မွန်းလွဲ ၂ နာရီခွဲလောက်မှာ လောဘူးဒါး ရပ်ကွက်ထဲကို လက်နက် ကြီး ၃ လုံး ပေါက်ကွဲတယ်၊ နေအိမ် ၁ လုံးပါ ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

၆။ ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၁၁ ဦးသေ၊၂၄ ဦး ဒဏ်ရာရ
14 October, 2021

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကေအန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၁၁ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက အောက်တိုဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၉ ရက်မှ ၁၂ ရက် အထိ ရွာသစ်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၅၅၆ တပ် ရင်းက ဗိုလ်အပါအဝင် ၁၁ ဦးကျဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့တာပါ။ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက”သေတာက ၁၁ ယောက် နဲ့ ဒဏ်ရာရတာက ၂၄ ယောက်။ သေတဲ့အထဲ ဗိုလ် တယောက်ပါတယ်။ ဒဏ်ရာရတဲ့ သူအထဲမှာလည်း တပ်စိတ်မှူးပါတယ် လို့တော့ သိထားတယ်။”လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၅၅၆ တပ်ရင်းက ကေအန်ယူထိန်းချုပ်နယ်မြေထဲကို ရွာသစ်ကျေးရွာလမ်းကနေ ကျူးကျော် ဝင်ရောက်လာတဲ့အတွက် ကေအန်အယ်လ်အေ တပ်ရင်း ၁၈ နဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ နယ်မြေအတွင်း ကျူး ကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်တွေဟာ တိုက်ပွဲအတွင်း စနိုက်ပါသေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေအပြင် မိုင်းဟောင်းနင်းမိပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ပွဲဖြစ်ပွား နေစဥ်အတွင်း အကြမ်းဖက်စစ်တပ် ခမရ- ၅၅၆ က လက်နက်ကြီး အချက် ၃၀ လောက် ပစ်ခတ်ခဲ့လို့ တတာကူး ကျေးရွာသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး ရွာသစ်ကျေးရွာနဲ့ ကမိုင်ကုန်းကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အန်စီအေစာချုပ်ကိုဖော်ဖျက်ပြီး ကော့ကရိတ်မြို့ အာရှလမ်းမကြီးဘေးကနေ တပ်မဟာ ၆ ထိန်းချုပ် နယ် မြေအတွင်းကို နယ်မြေ ကျူးကျော်ဝင်ရောက်လာကာ စစ်အင်အားတိုးချဲ့ဖို့ လုပ်ဆောင်လာလို့ တိုက်ပွဲတွေဖြစ်ပွားတာလို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

၇။ တရားရုံးကတရားသေပြန်လွှတ်ပေးခဲ့သည့် ပလက်ဝချင်းလူငယ်(၄)ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် ပြန်ဖမ်း
October 14, 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အချုပ်တွင် ငါးလနီးပါး ချုပ်နှောင်ထားသည့် ချင်းအမျိုးသား လေးဦးကို အောက်တိုဘာလ ၁၂ ရက် က တရားရုံးထုတ်အပြီးတွင် ပြစ်မှုကျူးလွန်ကြောင်းမတွေ့ရှိသဖြင့် တရားရုံးမှ တရားသေ ပြန်လွှတ်ပေးခဲ့သော်လည်း နောက်တစ်နေ့ အောက်တိုဘာလ ၁၃ ရက် မနက်တွင် စစ်ကောင်စီမှ ပြန်ခေါ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ တပ်ပြီး အချုပ်ထဲ ပြန်ထည့်လိုက်ကြောင်း သိရသည်။

”သူတို့ကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ တပ်ပြီးအချုပ်ထဲ ပြန်ထည့်လိုက်ပြီဆိုပြီး သိရတယ်။ ကျွန်တော်တို့ စုံစမ်းကြည့် သလောက် သူတို့ကိုပြန်ဖမ်းထားပြီးပြီဆိုတဲ့ အကြောင်းကို ကြေးနန်းတော့ထွက်သွားပြီလို့ သိရတယ်ဆိုတော့ သေချာပြီပေါ့”ဟု ဆွေမျိုးနီးစပ်သူ တစ်ဦးက ပြောသည်။ သည့်အပြင် ”ကျွန်တော်အထင် သူတို့တွေက လူမှုရေးလုပ်ငန်း ပရဟိတလုပ်ငန်းတွေ အများကြီးလုပ်တယ်။ မင်းတပ်မှာတိုက်ပွဲဖြစ်တော့ မင်းတပ်စစ်ဘေးရှောင်တွေကို တောက်လျှောက်ကူညီမှုတွေ ပေးကြတယ်။ အလှူငွေကောက်ကြတယ်။ အဲဒါကလည်း ၅၀၅(က)နဲ့စွဲတဲ့အချိန်မှာ တရားရုံးမှာ ထွက်ဆိုပြီးပြီ။ အဲဒါကိုများ အခုသီးသန့် ပြန်စွဲ တာလားမသိဘူး”ဟုဆိုသည်။

အဆိုပါလူငယ်လေးဦးသည် တရားရုံးမှ အပြစ်မရှိကြောင်း အမိန့်ချမှတ်ပြီးပြီးချင်း ပလက်ဝ အခြေစိုက်တပ်မမှူးထံ သွား ရောက်တွေ့ဆုံဩဝါဒခံယူခဲ့ပြီး နောက်နေ့တွင် ရဲမှူးကြီးမှတွေ့ချင်သည်ဟု ဆိုကာ သွားရောက်တွေ့ဆုံစဉ် ပြန်လည် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။ ကနဦး အဖမ်းခံရစဉ်ကာလက ငါးဦးဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ဦးရာကျော်(NGOဝန်ထမ်း) ဆိုသူ ကို သီးသန့်ပြန်လွှတ်ပေးခဲ့ပြီး ကျန်လေးဦးမှာ ထပ်မံ၍ ဖမ်းဆီးထားခြင်းဖြစ်သည်။ လက်တလောတွင် ကိုအိုက်ထွန်းမင်း (ကုမ္ပဏီ ဝန်ထမ်း)၊ ကိုထွန်းမင်း(အဆိုတော်)၊ ကိုထွန်းမင်း(သစ်တော ဝန်ထမ်း) နှင့် ကိုအောင်ထွန်းစိုးတို့ကို ပုဒ်မ ၁၇/၁ ဖြင့် ပြန်လည်ဖမ်းဆီးထားခြင်းဖြစ်သည်။ ပုဒ်မ ၁၇/၁ သည် မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင် ဒဏ် နှစ်နှစ်ထက်မနည်း သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကို ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်ကြောင်း သိရသည်။

၈။ သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ပစ်သတ်
October 13, 2021

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က တိုက်ပွဲဖြစ်ပွားမှု ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်း သတင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် သိန္နီမြို့နယ်မှ မိုင်းကျက်၊ မိုင်းယော် တို့နှင့် ထိစပ်နေသည့် ဟူးလောင် ကျေးရွာ မှ ရွာသားတစ်ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်တွင် စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဟူးလောင်ရွာခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီနဲ့ ကိုးကန့်တို့ ဒီဟူးလောင်ရွာအနီး တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်နေတော့ ကိုးကန့်တွေက သူတို့အတွက် လမ်းပြဖို့ဆိုပြီး ဒီရွာသားကို ခေါ်သွားတာ၊ သူ့တို့ကို လမ်းပြပေးတဲ့သူကို သူတို့ကအိမ်ပြန်ဖို့ လွတ်ပေးတော့ လမ်းမှာ စစ်ကောင် စီနဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ “မန်လွင်ရွာနားမှာ တိုက်ပွဲဖြစ်ပွားတာပါ၊ မနက် စောစောပဲ ပစ်ကြတာ၊ ရွာထဲကနေတောင် အသံတွေ ကြား နေရလို့ တချို့က စစ်ဘေးရှောင်ဖို့ ပြင်နေကြပြီ၊စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ပါလည်း ပစ်နေတော့ တိုက်ပွဲ ပိုကြမ်းလာမှာ ကြောက်ရတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

သျှမ်းပြည် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့သည် ပြီးခဲ့သည့် ဇွန်လအတွင်းမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ယနေ့ ၄ လကျော် ကြာလာသည်အထိ တိုက်ပွဲကဆက်လက်ပြင်းထန်နေဆဲ သတင်းရရှိသည်။

၉။ ပြည်သူ့စစ်အဖွဲ့ အကျိုးအမြတ်ရနေသော ရွှေမှော်များကို KIA ပိတ်သိမ်းခိုင်း
13 October 2021

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးရှိ ပြည်သူ့စစ်အဖွဲ့ စိုးမိုးကာ အကျိုးအမြတ်ရနေသော ရွှေတူးဖော်ရေးလုပ်ငန်း အားလုံးကို အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန် ကြားထားသည်ဟု သိရသည်။ ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းအောက် စံပြကျေးရွာအခြေစိုက် ပြည်သူ့စစ်အဖွဲ့က ရွှေမှော်ဘက် သို့ သွားလာဖြတ်သန်းသည့် ပြည်သူများကို ဒဏ်ရာပြင်းထန်စွာရရှိအောင် ရိုက်နက်မှုများ ကျူးလွန်နေသည့်အပြင် လုပ်ငန်း ရှင်များထံမှ အဆမတန် ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသောကြောင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ထိုဒေသကို ကွပ်ကဲနေ သည့် KIA ဘက်မှ တာဝန်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ရွှေမှော်ပိတ်ဖို့က အထက်အမိန့်နဲ့ပိတ်လိုက်တာဟုတ်တယ်။ လုပ်ငန်းရှင်တွေကိုလည်း ၁၅ရက်နောက်ဆုံး အကုန်ထွက်ဖို့ ပြောထားပြီ။ အဓိက ပိတ်ရတဲ့အကြောင်းအရင်းက ဒီဒေသမှာ ပြည်သူ့စစ်အဖွဲ့က စစ်အင်အားတွေ တိုးချဲ့ပြီး အရင်ကထက် ပိုပြီး လှုပ်ရှားမှုများလာတယ်။ မှော်ဘက်ကို အသွားအပြန်လုပ်တဲ့ ပြည်သူတွေကို ရိုက်နက်မှုများလာတယ်။ အခွန်တွေလည်း အရင်က အဆမတန်ကောက်လာတယ်။ ဒါကြောင့်ဖြစ်တယ် ပိတ်လိုက်ရခြင်ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်လက စတင်ပြီးစံပြကျေးရွာအခြေစိုက် ပြည်သူ့စစ်ဂိတ်တွင် မှော်ဘက်ကိုသွားလာဖြတ်သန်းနေသော ပြည်သူ ၂၀ ခန့်သည် သွေးထွက် သံယိုဖြစ်အောင် အကြောင်းမဲ့ ရိုက်နက်ခံ မှုများ ပုံမှန်ရှိနေသည်ဟု သိရသည်။ “သူတို့ပြည်သူ့စစ်ဂိတ်မှာ စစ်ဆေးမှုလုပ်တယ်။ ကချင်ကလေးတိုင်း ရိုက်နက်ခံရတယ်။ ဗမာဆိုရင်ဘဲ လွတ်ပေးတယ်။ ပြီးရင် ဒီအပတ်လောက်မှာဘဲ KBC သင်းအုပ် ဆရာ တစ်ပါးကို သွေးထွက်အောင်ရိုက်နက်ပေးတယ်။ ဂိတ်ထိုင်တဲ့ ပြည်သူ့စစ်အဖွဲ့က အရမ်းဆိုးလာတယ်။ ဒီလိုလုပ်ရပ်တွေက ကျနော်တို့ဘက် ကြာရှည်သီးမခံနိုင်တော့ဘူး” ဟု ပြောဆိုထားသည်။

ထို့ကြောင့် ယအောက်တိုဘာ ၁၄ ရက် နံနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် စံပြကျေးရွာ ပြည်သူ့စစ်ဂိတ်မှ ရွှေမှော်သွား လမ်းကို KIA က ဘက်ဟိုးဖြင့် လမ်းဖြတ်တောက်မှု စတင်ပြုလုပ် လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။ ထို့ကြောင့် လီဒို လမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ယနေ့မှစတင်ပြီး စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။ စစ်ကောင်စီအောက် စံပြ ပြည်သူ့စစ်အဖွဲ့အနေဖြင့် ရွှေမှော် လုပ်ငန်းရှင်များထံမှ ဘက်ဟိုးတစ်စီးနှုန်း တစ်လတွင် ငွေ ၁၀ သိန်းနှင့် ဆီ ၁ ပေပါ ၄ သောင်း ကောက်ခံမှုပြုလုပ်သည်ဟု ထို ဒေသရှိ လုပ်ငန်းရှင်တစ်ဦးက ယခုလို ပြောဆိုထားသည်။

၁၀။ ဖမ်းဆီးခံခေါင်းဆောင်များကို ခြွင်းချက်မရှိလွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရန် NCA အပစ်ရပ်အဖွဲ့များ တောင်းဆို
15 October, 2021

အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးနဲ့ ပြည်သူလူထုအားလုံးကို ခြွင်းချက် မရှိလွှတ်ပေးပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြဖို့ အပစ်ရပ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၅ ရက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)လက်မှက်ရေးထိုးမှု ၆ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ NCA-S EAOs အဖွဲ့တွေက နိုင်ငံရေးရည်မှန်းချက် ၇ ရပ်ကို ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာပါ။

(NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်း က “ ကျနော်တို့ကတော့ အခု ဒီတောက်လျှောက် ဖမ်ဆီးထားတဲ့ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နဲ့တကွပေါ့နော် ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေအကုန်လုံးကို ခြွင်း ချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးက အစဉ်တစိုက်ကျနော်တို့ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒီလိုခေါင်း ဆောင်တွေ လွှတ်ပေးပြီးတော့မှပဲ ကျနော်တို့ တိုင်းပြည်က ပြန်ပြီးတော့မှ အဖတ်ဆယ်လို့ရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရင် ဒီအာဏာစပြီးသိမ်းခဲ့တာက စစ်ကောင်စီဖြစ်တဲ့အတွက် စစ်ကောင်စီကပဲ ဒီခေါင်းဆောင်တွေကို လွှတ်ပေးရေး အရင်ဆုံးလုပ်ရမယ့်အလုပ်ပါ။ တိုင်းပြည်အပေါ် စေတနာထားတယ်ဆိုရင် အရင်ဆုံးလွှတ်ပေးရမယ့်အလုပ်က ပထမဆုံး အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အစဉ်တစိုက်ပြောခဲ့တာဖြစ်ပါတယ်။ ”ဒါ့အပြင် EAOs ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဦးဆောင်အဖွဲ့(PPST) ကချမှတ်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက် ၇ ချက်ထဲမှာ အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲမှာ သက်ဆိုင် သူတွေ အားလုံးပါဝင်ပြီး င်ငံတကာရဲ့ ကူညီပံ့ပိုးမှုနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာသွားဖို့၊ တိုင်းပြည်အာဏာကို အရပ်သား ကိုယ်စားလှယ်များအုပ်ချုပ်မှုနဲ့ ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေး၊ ပြည်သူထူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အကာကွယ်ပေးခြင်းနဲ့ ပြည်သူလူထုရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ဘဝပြန်လည်ထူထောင်ရေး ပြန်လည်ကုစာရေး အစီစဉ်တွေ ဆောင်ရွက်ဖို့ စတာတွေပါဝင်ပါတယ်။

လက်ရှိမှာတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်းအရ အန်စီအေပါ နိုင်ငံရေးဆွေးနွေးမှုမျိုးမဟုတ်တဲ့ တိုင်းပြည်အကျပ် အတည်း ဖြေရှင်းရေး စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အခုလို ထုတ်ပြန်ရတာလို့လည်း ခွန်မြင့်ထွန်းက ပြောပါတယ်။ “ ကျနော်တို့က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ PPST ကနေပြီးတော့ ထုတ်ပြန်ခဲ့တဲ့နေရာမှာ စစ်ကောင်စီနဲ့ မဆွေးနွေးဘူးလို့ ပြောတဲ့ဟာမှာ နိုင်ငံရေးမဆွေးနွေးဘူးလို့ ပြောခဲ့တာရှိပါတယ်။ စစ်ကောင်စီနဲ့ နိုင်ငံရေးမဆွေးနွေးဘူးလို့ ဘယ်ဟာကို ပြောခဲ့တာလဲဆိုတော့ အန်စီအေ အကောင်အထည်ဖော်မှုဆိုင်ရာ၊ အန်စီအေထဲမှာပါတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေထဲက နိုင်ငံရေး ဆွေးနွေးမှုတွေကို ဆွေးနွေးမှာမဟုတ်ဘူး။ သို့သော်လည်းပဲ ဒီကနေ့ ကျနော်တို့တိုင်းပြည်ကြုံတွေ့နေရတဲ့လက်ရှိနိုင်ငံ‌ရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက်ကို ကျနော်တို့ဆွေးနွေးမယ်ဆိုတဲ့ဟာကို ပြောတာဖြစ်ပါတယ်။”

၁၁။ လားရှိုး – လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များ စစ်ကောင်စီ ဂိတ်ကြေးအဆမတန်တောင်း
October 13, 2021

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့-လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အခွန်ခကို အဆမတန် ကောက်ခံယူနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။ ကိုဗစ် ၁၉ ကို အကြောင်းပြပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက လောက်ကိုင်သွားလမ်းဘက်တွင် စစ်ဆေးရေး တင်းကြပ်ပြီး၊ တဂိတ်လျှင် ယွမ် ၂၀၀ (မြန်မာကျပ်ငွေ ပေါက်ဈေး ၄သောင်း)ထိ ပေးဆောင်ရပြီး၊ ထိုလမ်းပေါ်တွင် ဂိတ် (၆)ခုကျော်ခန့်ရှိကြေင်း သိရသည်။

“ လမ်းမှာ ဘာဂိတ်ညာဂိတ်တွေရှိတယ်။ အဲမှာ သူတို့ တွေ စစ်ဆေးပြီးတော့ ပိုက်ဆံကောက်တာ။ တစ်ဂိတ်ကို တရုတ်ငွေ ယွမ် (၂၀၀) လောက်ထိပေးရတာရှိတယ်။ အရမ်းကိုများလာတော့ ကျနော်တို့လည်း ခရီးသည်တွေဆီမှာ ကားစရိတ်ကို ပိုတောင်း တယ်”ဟု လားရှိုး လောက်ကိုင် ကားပြေးဆွဲနေသည့် သူကပြောသည်။ လားရှိုး – လောက်ကိုင် အသွားလမ်းများကို ယခင် ကားခ ခရီးသည် တဦးလျှင် (၁၅၀၀၀) ခွဲသာကျသင့်ပြီး လက်ရှိတွင် ခရီးသည်တဦးလျှင် (၄) သိန်းခွဲ ကျပ်ပေးဆောင်ရကြောင်း သိရသည်။

“ အရင်ကတော့ လားရှိုးကနေ လောက်ကိုင်ကို ၁ သောင်းခွဲလောက်ပဲ။ အခုက ရဲတွေက ပိုက်ဆံတောင်းလာတော့ ကျနော် တို့ လည်း ခရီးသည်တွေဆီမှာတောင်းရတာပေါ့။ တယောက်ကို (၄) သိန်းခွဲလောက်ရှိတယ်။ အသွားလာတော့နည်း သွားတယ် “ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

၁၂။ စစ်ရှောင်စခန်းတွင် ကိုဗစ်၁၉ ကူးစက်သူစံချိန်တင်မြှင့်တက်လာသဖြင့် ဆေးပစ္စည်းများလိုအပ်နေ
October 14, 2021

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ်ရှိ ဂျော်မဆတ်စစ်ရှောင်စခန်းတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၃၂ ဦး အထိရှိလာသောကြောင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် ဆေးဝါးများလိုအပ်နေကြောင်း သိရသည်။ ဂျော်မဆတ် စစ်ရှောင် စခန်းတွင် ပိုးတွေ့ရှိသူ အရေအတွက် တိုးလာသောကြောင့် စခန်းကို အသွားအလာကန့်သတ်ထားပြီး ကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် အစား အသောက်များလိုအပ်နေသည်ဟု စခန်းတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။ “စက်တင်ဘာ လ ကုန်ကနေစပြီး ကိုဗစ်ပိုးတွေ့လူနာက များသွားလို့ အခြေအနေကတော့ စိုးရိမ်ရတယ်။ ပိုးတွေ့များလာတော့ အသက်ကြီး တဲ့သူတွေကလည်း ကြောက်နေကြတယ်။ စခန်းကို Lockdown လုပ်ထားတော့ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်တာ ရှိတယ်။ လာကူညီဖို့လည်း မျော်လင့်ပါတယ်” ဟုသူကပြောသည်။

ပိုးစစ်ဆေးမှု မပြုလုပ်နိုင်သေးသူများရှိပြီး ပိုးတွေ့လူနာများတွင် လူလတ်ပိုင်းနှင့် အသက်ကြီးသူများပါဝင်သည်။ လူနာများ၏ ကျန်းမာ ရေး အခြေအနေမစိုးရိမ်ရသော်လည်း အန္ဓာကိုယ် ကိုက်ခဲမှုများ ခံစားနေရကြောင်း သူကဆက်ပြောသည်။ ကျန်းမာ ရေးအခြေအနေ စိုးရိမ်ရသူများကို နာယန်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ စီစဉ်ထားသော ဆေးခန်းတွင် ဆေးကုသမှုခံယူရန် စီစဉ်ထားကြောင်း သိရသည်။ လူဦးရေ စုစုပေါင်း ၄၀၀ ကျော် စစ်ဆေးရာမှာ ၁၃၂ ဦး တွင်ပိုးတွေ့ရှိခဲ့ပြီး ၁၆ နှစ်အောက် ၆၉ ဦး နှင့် အသက် ၆၀ ကျော် ၁၀ ဦး ပါဝင်သည်။ ဂျော်မဆတ်စစ်ရှောင်စခန်းသည် တနိုင်းမြို့ အောင်လော့ဒ် ကျေးရွာတွင် ၂၀၁၈ ခုနှစ်အတွင်း ကချင်လွတ် မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားရာတွင် ထွက်ပြေး တိမ်းရှောင်လာသူများနေထိုင်သည့် စစ်ရှောင်စခန်းတစ်ခုဖြစ်ပြီး လူဦးရေ စုစုပေါင်း (၆၅၀) ဦး နေထိုင်သည်။

၁၃။ မုံးကိုးတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရ
13 October 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း ဒေသခံ ‌တွေဆီက သိရပါတယ်။ မုံးကိုးမြို့က စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ကိုးကန့် MNDAA အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ ပြီးနောက် စစ်ကောင်စီဘက်က မုံးကိုးမြို့ အနီးနားဝန်းကျင်ကို လက်နက်ကြီးနဲ့ မရပ်မနား ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ မျက်မြင် ဒေသခံ ၁ ဦး က ပြောပါတယ်။ လက်နက်ကြီး ကျရောက်ထိမှန်တာကြောင့် နေအိမ် ၂ အိမ်ထိခိုက် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပြီး ၎င်းတို့ ၆ ဦး ထဲက ၄ ဦး ဒဏ်ရာ ပြင်း ထန်ကာ မူဆယ်ဆေးရုံပို့ထားရပြီး ၂ နှစ် ၁၀ လ အရွယ် ကလေးငယ် ၁ ဦးက ဦးခေါင်းခွဲစိတ်ရမှာကြောင့် မန္တလးသို့ သွား ရောက် ကုသရမှာ ဖြစ်တယ်လို့ ကူညီပေးနေသူ ၁ ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကတော့ ဦးရန်ကျုံး ၆၃ နှစ်၊ မရန်စီဖာ ၂ နှစ်၊ ဒေါ်ဆုမွေ ၆၁ နှစ်၊ ဒေါ်ဂလောင်းဝ်ယိမ်းဆောင် ၂၅ နှစ်၊ ဦးဂယာသား ၂၃ နှစ် နဲ့ မမရန်ဆိုင်းနန် ၂ နှစ် ၁၀ လ တို့ဖြစ်ပြီး ၅ ဦးက မိသားစု ၁ စု ထဲ က ဖြစ်ပါတယ်လို့ ဆိုပါတယ်။ “ဒါက စစ်ကောင်စီရဲ့ လက်နက်။ ဘာကြောင့် အဲလို ပြောလို့ရလဲ ဆိုတော့ သူတို့က ခု သူတို့နေတဲ့နားက ကုန်း၊ ကြံခင်းကနေ ကိုးကန့် MNDAA တို့ လာပစ်တယ်။ အဲဒါကြောင့် သူတို့ ကို ပြန်ပစ်တာ ကျည်က အဲဒီကို မရောက်ပဲနဲ့ အဲဒီကုန်းကလည်း အလယ်မှာ ကမူလေး ဖြစ်နေတယ်။ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကနေ ပစ်လိုက်တာ အဲဒီကုန်းကို မရောက်ပဲနဲ့ သူတို့ဆီမှာလာ ကျတာ။ ၄ လုံး လောက်လာကျတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ တရုတ်နဲ့ နယ်ခြားစည်းရိုးနဲ့ ကပ်လျက် မြန်မာဘက်ခြမ်းရှိ ရေချောင်းရဲ့ တဖက်ခြမ်းမှာ တဲထိုးတိမ်းရှောင်နေရပြီး ထပ်ရှောင်လာမယ့်လူတွေ ရှိသေးတယ်လို့ စစ်ရှောင် ၁ ဦးက ပြောပါတယ်။ ရွာမှာ စားစရာရိက္ခာတောင် ပြန်မယူရဲ ကြကြောင်း နဲ့ လက်ရှိ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း “စခန်းလာချတဲ့ စစ်ကြောင်းကသေနတ်သံ ကြားလာရင် တရွာလုံး မီးရှို့ ပစ်မယ်။ အားလုံးကို ပစ်သတ်လိုက်မယ်လို့ ခြိမ်းခြောက် ပြောတာ ကြာပြီ။ တိုက်ပွဲ မဖြစ်ခင် အဲလိုပြောတာ နှစ်ခါ သုံးခါရှိပြီ။ မနေ့က တိုက်ပွဲ ပြင်းထန်သွားတာကြောင့် အားလုံးက ကြောက်လန့်လို့ ထွက်ပြေးကြတာ။” ဟု ဒေသခံတစ်ဦးက ထပ်ပြော သည်။

၁၄။ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတားမိုင်းဖောက်ခွဲခံရ
October 13, 2021

ရေးမြို့မှ ထားဝယ်သို့သွားရာကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား၌ ယနေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မိုင်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ တံတားကွန်ကရစ်တိုင်အောက်ခြေပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။ အဆိုပါ မိုင်း ဖောက်ခံရမှုကြောင့် ပေ ၄၀ ရှိ တံတားပျက်စီးမှုတန်ဖိုးငွေကျပ်သိန်းတစ်ရာခန့် ဆုံးရှုံးခဲ့ရကြောင်း ရေးမြို့အာဏာပိုင်အသိုင်း အဝိုင်းက ခန့်မှန်းပြောဆိုနေကြသည်။ “ရေးကနေအသွား ခေါဇာ ကဗျာဝသွားတဲ့ကားလမ်း ကလော့လမ်းခွဲအလွန် ရေး-ထားဝယ်ကားလမ်းပေါ်က ကလော့ချောင်းတံတားမှာ ၁၃:၁၅ နာရီလောက်မှာ မိုင်းကွဲတယ်၊ တံတားနည်းနည်းထိတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတံတားပျက်စီးမှုကို သက်ဆိုင်ရာက ပြင်ဆင်မှုများ ချက်ချင်ပြင်ဆင်နေကြပြီး ယာဥ်အသွားအလာများ ခေတ္တရပ်နား ထားရသည်ဟု ၄င်းကဆိုသည်။ ထားဝယ်ဘက်မှမောင်းနှင်လာသော FORLAND မော်တော်ယာဥ်အမှတ် 1Q-2059 ကလော့ကျေးရွာနေသူ ယာဥ်မောင်း ချစ်ဖြိုးဝေ (၂၄ နှစ်) လက်မောင်းတွင် ပေါက်ကွဲစထိမှန်ထိမှန်သော်လည်း ဒဏ်ရာ မစိုးရိမ် ရ၊ မော်တော်ယာဉ်လေကာမှန်နှင့် အခြားပျက်စီးမှုတန်ဖိုးကျပ် ၈ သိန်းခန့်ရှိကြောင်း သိရသည်။ ရေးမြို့နယ်တွင် ယခင်လ အတွင်း Mytel ဆက်သွယ်ရေးတာဝါတိုင်များ မကြာခဏမိုင်းခွဲခံရပြီး ယခုအခါ တံတားမိုင်းခွဲမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

၁၅။ အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲ TNLA ပြုလုပ်
October 14, 2021

၂ နှစ်ကြာ သင်ယူခဲ့ရတဲ့ ဗိုလ်လောင်းသင်တန်းကို တက်ရောက်အောင်မြင်ခဲ့တဲ့ စစ်မေ ဗိုလ်လောင်းတွေကို တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် (TNLA) ရဲ့ ထိန်းချုပ်နယ်မြေတစ်ခုမှာ အောက်တိုဘာ ၁၂ ရက်က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ဗိုလ် လောင်းသင်တန်းမှာ အမျိုးသမီး (၃၇)ဦး ရှိခဲ့ပြီး ၂ ဦးကတော့ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပြီးဆုံးချိန်အထိ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ TNLA ဟာ ပထမအသုတ်မှာ အမျိုးသား ဗိုလ်လောင်းသင်တန်းဆင်းပွဲ ပြုလုပ်ပေး ခဲ့ပြီး ဒုတိယသုတ်အနေနဲ့ အမျိုး သမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

TNLA တပ်ထဲရှိ အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းစဥ်တိုင်းမှာ ဦးဆောင်နိုင်မှုနဲ့ ပါဝင်နိုင်အောင် ရည်ရွယ်ပြီး လုပ်ရခြင်းဖြစ် တယ်လို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။ “နိုင်ငံတိုင်းမှာ အမျိုး သမီး ဦးရေက အမျိုးသားထက် များတယ်။ အမျိုးသမီးတိုင်းက သူ့ကဏ္ဍနဲ့သူ လုပ်ကိုင်နိုင်တဲ့ အရည်ချင်းတွေ ရှိကြတယ်။ ကျွန်တော်တို့လည်း သူတို့ကိုယ်ပိုင် အခွင့်အလမ်းနဲ့ စီမံဆောင်ရွက်နိုင်မှုကို သူတို့ကို ပြသခွင့်ပေးချင်တယ်။ နေရာတွေလည်း ပေးချင်တယ်။ အမျိုးသမီးတွေကို လုပ်ငန်းစဥ်တိုင်းမှာ ဦးဆောင်နိုင်အောင် ပါဝင်နိုင်အောင် ရည်ရွယ်ပြီးတော့ လုပ်ရခြင်းဖြစ်ပါ တယ်”လက်ရှိ TNLA ရဲ့ ဗဟိုကော်မတီထဲမှာအမျိုးသမီးတွေ ပါဝင်နေပြီး အခြားဌာနမှာလည်း ဌာနမှူးနဲ့ လုပ်ငန်းဦးဆောင် မှု အပိုင်းမှာလည်း နေရာပေးထားတယ်လို့ ဆိုပါတယ်။ စစ်မေဗိုလ်လောင်းတွေဟာ အမျိုးသားဗိုလ်လောင်းတွေလိုပဲ စစ်ရေး နိုင်ငံရေး စီမံခန့်ခွဲရေးသင်တန်းတွေ သင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ TNLA တပ်ထဲမှာ အမျိုးသမီး (၂၀)ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ မိုင်းအိုက်ကျော်က ဆက်ပြောပါတယ်။ အခြားသော ဗိုလ် လောင်းသင်တန်းတွေကိုလည်း လက်ရှိမှာ ဆက်လက် ဖွင့်ထားနေတယ်လို့ ဆိုပါတယ်။

၁၆။ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရမ်းဗြဲဒေသခံ ၃ ဦးအမှု အမြန်ဆုံးရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များတောင်းဆို
October 14, 2021

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရား ရင်ဆိုင်နေကြရသော ရမ်းဗြဲဒေသခံ ၃ ဦးအမှုကို အမြန်ဆုံးရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။ တရားစွဲဆိုခံထားရသူများမှာ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ကိုစိုးမောင်၊ ကိုအောင်ဌေးဝင်းနှင့် ကိုညီစိတို့ ဖြစ်ကြသည်။ ၎င်းတို့သုံးဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုမှ စစ်ဆေးစရာရှိ သည်ဟု ဆိုကာ နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များ ကပြောဆိုသည်။

အဆိုပါ ရမ်းဗြဲဒေသခံသုံးဦးမှာ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူမြို့ အမှတ် ၃၄ ခလရတပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးဦး က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)/၅၂(က)တို့နှင် တရားစွဲဆိုထားခြင်းဖြစ် သည်။ လက်ရှိတွင် အမှုနှင့်ပတ်သက်၍ ရုံးထုတ်စစ်ဆေးခြင်းမရှိသည်မှာ ၄ လခန့်ကြာမြင့်နေပြီဖြစ်ပြီး မိသားစုဝင်းများမှာ နစ်နာမှုရှိသည့်အတွက် မြန်မြန်ဆန်ဆန်ရုံးထုတ်စစ်ဆေးပေးစေချင်သည်ဟု ဖမ်းဆီးခံရသူ ကိုစိုးမောင်၏ဇနီးဖြစ်သူ မခင်မျိုးဦး က ပြောသည်။ “ကျွန်မတို့ယောကျ်ားမှာအပြစ်ရှိရင် ဥပေဒအကြောင်းအရအပြစ်ပေးအရေးယူပါ။ မရှိရင်လည်း အမှုကို အမြန် ဆုံးစစ်ဆေးပြီး လွှတ်ပေးပါ။ အခုကရုံးမထုတ်တာလည်းကြာပြီ။ ကျွန်မတို့မှာသူတစ်ယောက်တည်းကိုအားကိုးရတာ။ သူမရှိတဲ့ အတွက် မိသားစုဝင်တွေစားဝတ်နေရေးအခက်အခဲ့ဖြစ်နေရတယ်။ မိသားစုဝင်တွေအတွက်လည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတယ်”ဟု မခင်မျိုးဦးက ပြောသည်။ ကိုစိုးမောင်အပါအဝင်သုံးဦးမှာ အကြမ်းဖက်မှုပုဒ်မဖြင့် ကျောက်ဖြူခရိုင်တရား ရုံး မှာ တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် (၁)နှစ်ခန့်ကြာမြင်လာခဲ့ပြီဖြစ် သည်။ ဖမ်းဆီးခံရထားရသူများမှာ မိသားစုဝင် များနှင့်တွေ့ခွင့်မရသည်မှာလည်း ကြာမြင့်နေပြီဖြစ်သောကြောင့် ၎င်းတို့၏ ကျန်းမာရေးအတွက်ပါ စိုးရိမ်မိသည်ဟု ဖမ်းဆီးခံရ သူ ကိုညီစိ ၏အစ်မဖြစ်သူ ဒေါ်ညိုညိုက ပြောသည်။

“လက်ရှိအခြေအနေကိုပြောမယ်ဆိုရင်တော့ အမှုမှန်ပေါ်ပေါက်မှုမရှိသေးဘူး။ လိုပြသက်သေလေးဦးလုံးကို စစ်ဆေးချက် တွေရတော့ အမှုနဲ့ငြိမ်စွမ်းမှုမရှိတာတွေ့ရတယ်။ ဒီနေ့အချိန်ထိတော့ သက်သေတွေထွက်ဆိုချက်မှာ အမှုပေါ်ပေါက်မှုမရှိသေး ဘူး”ဟု ရှေ့နေဒေါ်စန္ဒာက ပြောသည်။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သည့် ၂ နှစ်တာ ကာလအတွင်း ရခိုင်မှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိခဲ့သည်။

၁၇။ မန်လွယ်ကျေးရွာတွင် TNLA နှင့် ဆက်သွယ်သူ ရွာတွင်းထွက်ခွာရ
October 13, 2021

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာတွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် TNLA နှင့် အဆက် အသွယ် လုပ်သူများကို ရွာတွင်းမှထွက်ခွာသွားရန်အတွက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု က ပြောဆိုကြောင်း စုံစမ်းသိရ သည်။ လွန်ခဲ့သည့် အောက်တိုဘာ (၈) နှင့် (၉) ရက်တွင် TNLA ကိုသတင်းပေးသူဟုထင်ရသည့် မန်လွယ်ကျေးရွာဒေသခံ မိသားစု (၂) စုသည် ရွာအတွင်းမှာ ပြောင်းရွှေသွားခဲ့ရကြောင်း မန်လွယ်ကျေးရွာဒေသခံများပြောပြချက်အရသိရသည်။

“ သူတို့က TNLA ကိုသတင်းပေးဆိုပြီး‌တော့ ထွက်သွားခိုင်းတာ။ ထွက်သွားရတဲ့သူတွေက မိသားစု (၂) စုလောက်ရှိပြီး။ ‌ဘယ်နားသွားနေလဲတော့ ကျနော်တို့လည်း အတိကျမသိဘူး” ဟု မန်လွယ်ကျေးရွာခံ ဒေသခံ သျှမ်း အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။ ရွာအတွင်းမှ ထွက်ခွာသွားရသည့်သူများသည် လက်ရှိတွင် ကျောက်မဲမြို့တို့ သွားရောက် နေထိုင်နေလျက် ရှိကြောင်း သီပေါမြို့ ဒေသခံ အသက် (၄၀)ကျော် အမည်မဖော်လိုသည့် သျှမ်းအမျိုးသမီးတစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။ “ သူတို့ကျောက်မဲမှာ သွားနေပြီးလို့ကြားတယ်။ ဒါပေမယ့် ဘယ်နားမှာသွားနေလဲတော့ မသိရဘူး။ ဘယ်လိုခြေအနေ ရှိနေလဲတော့ ကျမတို့ အသေးစိတ်မသိရဘူး။ ရွာကနေတော့ ပစ္စည်းတွေ သယ်လာကြတယ်တဲ့” သီပေါမြို့ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

သီပေါမြို့နယ်တွင်းတွင် သျှမ်းပြည်ပြန်ည်ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကသွားလာလှုပ်ရှာနေသည့် ဒေသဖြစ်သည်။

၁၈။ အမှုရုပ်သိမ်းပေးမည်ဟု ကြေညာချက်ကြောင့် နေအိမ်ပြန်လာသူ ဖမ်းခံရ
October 13, 2021

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး စစ်ကောင်စီ က (၅၀၅) ဖြင့် ဖမ်းဝရမ်းထုတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေစဉ် အမှုရုတ်သိမ်းပေးမည်ဟု ကြေညာပြီးနောက် နေအိမ်သို့ လာပြီး ပရဟိတ လုပ်နေစဉ် ဖမ်းဆီးသွား ကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် ဦးစံဝင်းမောင် ကို အောက်တိုဘာ (၁၁) ရက်နေ့ည က ၎င်း၏ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

“ဖမ်းဆီးသွားတာ ဟုတ်ပါတယ်။ ဘယ်မှာ ဖမ်းသွားမှန်းတော့ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ တစ်ဦး က ပြောသည်။ ဦးစံဝင်းမောင် ထွက်ပြေးတိမ်းရှောင်စဉ် အမှုရုတ်သိမ်းပေးမည်ဟု ကြေညာချက်အရ ရဲတပ်ဖွဲ့ ဆက်သွယ်ပြီး နေအိမ်သို့ ပြန်လာ ပြီး မေတ္တာရောင်ခြည် ပရဟိတ အသင်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရ ခြင်း ဖြစ်ကြောင်းသိရသည်။

ဆီဆိုင်မြို့ ဆန္ဒပြပွဲများကို ဦးဆောင်သူဟု အမှုဖွင့်ခံထားရပြီး ဖေဖော်ဝါရီလ ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်းကို လာရှာစဉ် မတွေ့သဖြင့် အမျိုးသမီး ဖြစ်သူကို ဖမ်းဆီးသွားခဲ့သည်။ လက်ရှိ ဦးစံဝင်းမောင် ၏ အမျိုးသမီး သည် ညောင်ရွှေ အကျဉ်းထောင် (တောင်လေးလုံးထောင်) မှာ ယခုချိန်ထိ ဖမ်းခံထားရကြောင်း သိရှိရသည်။

၁၉။ ပူတာအိုမှ စစ်ကောင်စီတပ် အင်အား ၃၀၀ ခန့် စစ်ကိုင်းတိုင်းသို့ စစ်ကူစေလွှတ်
15 October, 2021

ကချင်ပြည်နယ်၊ ပူတာအိုမြို့ကနေ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အင်အား ၃၀၀ လောက်ကို အောက်တိုဘာ ၁၄ ရက်နေ့ မနက် ပိုင်းက တပ်ပိုင်လေယာဉ်နဲ့ စစ်ကိုင်းတိုင်းကို ခေါ်သွားတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီ တပ်သား နဲ့ ပြည်သူ့စစ်တပ်သား စုစုပေါင်းအယောက် ၃၀၀ ကွက်တိပါ။ ဒီနေ့မနက်ပိုင်းက တပ်ပိုင်လေယာဉ်နဲ့ လာခေါ် သွား တယ်။ တပ်ပိုင်လေယာဉ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတယ်လို့ သတင်းထွက်နေပေမဲ့ မျက်မြင်မတွေ့လိုက်ရတော့ မသေချာဘူး။ စစ်သားတွေတင်ခေါ်ပြီး စစ်ကိုင်းကိုရောက်သွားတယ်ဆိုတာတော့ သေချာပါတယ်။”

စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက အပြင်းအထန် စစ်ဆင်နေတာဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ခုခံတွန်းလှန်စစ် ဆင်နွှဲနေပါတယ်။ ဌာ‌နေပြည်သူ့စစ်တပ်ဖွဲ့ဟာ ၂၀၀၇ ခုနှစ် ရွှေဝါ ရောင်တော်လှန်ရေးအရေးအခင်းမှာလည်း စစ်ကောင်စီဘက်ကနေ ပါဝင်ကူညီဖူးတယ်လို့ သိရပါတယ်။

၂၀။ စစ်ကောင်စီတပ်သားများမှ ထလန်ရောန်ကျေးရွာ လူနေအိမ်များအား မီးရှိုနေ
October 14, 2021

ဟားခါး-ဖလမ်းကြား ထလန်ရောန်ရွာသစ်တွင် စစ်ကောင်စီတပ်သားများ ရောက်ရှိလာကြပြီး လူနေအိမ်များ မီးရှိုခံ‌နေရ ကြောင်းသိရသည်။

စစ်ကောင်စီတပ်သားများသည် ရီရာလ်သီးကျေးရွာလူ‌နေအိမ် ၈ လုံးခန့်ကို မနေ့ညနေပိုင်းနဲ့ ယနေ့နံနက်ပိုင်းတွင် မီးရှိုခဲ့ကြပြီး‌ နောက် ဒီမနက်ပိုင်းတွင် ထလန်ရောန်ကျေးရွာကို ရောက်ရှိလာကြကာ လူနေအိမ်များကို ထပ်မံမီးရှိုခြင်းဖြစ်သည်။ ယနေ့ နေ့လည် ၁၂ နာရီအချိန်ထိ ထလန်ရောန်ရွာသစ်တွင် လူနေအိမ် ၃ လုံး မီးရှိုခံရကြောင်း ရွာခံတွေကပြောပါတယ်။

၂၁။ စစ်တွေမြို့ ABC မိဘမဲ့ကလေးကျောင်းတွင် မိခင်ဖြစ်သူသေဆုံးမှုနှင့် ဖခင်စွန့်ပစ်မှုများကြောင့် ကျောင်းသို့ရောက် ရှိလာသူများပြား
October 13, 2021

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ABC မိဘမဲ့ကလေးကျောင်းတွင် မိခင်ဖြစ်သူသေဆုံးသွားမှုနှင့် မိသားစုအား ဖခင်ဖြစ်သူမှ စွန့်ပစ်ခဲ့မှုများကြောင့် လက်ခံကျွေးမွေးမည့်သူမရှိ၍ ရောက်ရှိလာသည့် ကလေးငယ်များပြား ကြောင်း ABC ကျောင်းတည် ထောင်သူများမှ ပြောသည်။ ကလေးငယ်များကို ဆက်စပ်သူများမှ ကျောင်းသို့လာရောက်ပို့ဆောင်မှုပိုများပြီး မိဘဖြစ်သူများမှ ကလေးအားဆက်လက်မမွေးလို၍ လာရောက်အပ်နှံသည်များလည်းရှိသည်ဟု ABC ကျောင်းမှ အထွေထွေ အတွင်းရေးမှူး ဦးထင်မင်းဇော် က Western News ကိုပြောသည်။

“ကျောင်းတည်ထောင်တဲ့ထဲမှာတော့ ကျနော်အပါအဝင် ၇ ယောက်ရှိတယ်။ ကျောင်းတည်ထောင်တဲ့ထဲမှာ နိုင်ငံခြားသားတွေ လည်းပါတယ်။ ကျောင်းကိုလာအပ်တဲ့ ကလေးတွေထဲမှာတော့ အထူးသဖြင့် အမေဆုံးသွားတဲ့ကလေးတွေ။ တစ်ချို့က အမေရှိ တယ် အဖေက ဘယ်ရောက်နေမှန်းမသိတော့ မမွေးချင်တော့ပဲ လာထားကြာတာတွေရှိတယ်။ တစ်ချို့ မိဘတွေကလည်း အဖေက ခရီးထွက်သွားတယ် အမေရှိပေမယ့်လည်း ကလေးရှိတာကို မသိစေချင်တဲ့အတွက် ပစ်သွားတာတွေလည်း ရှိတယ်” ဟုပြောသည်။ ကျောင်းတွင် မွေးကင်းစမှ ၅ နှစ်အရွယ်ကလေးငယ်များကို လက်ခံခြင်းဖြစ်ပြီး ရောက်ရှိလာသည့် ကလေးများ ကို ကိုယ်တိုင်ရပ်တည်နိုင်သည့်အချိန်အထိ ကျောင်းမှကျွေးမွေးစောက်ရှောက်ပေးသည်ဟု ကျောင်းတွင် လက်ရှိ အုပ်ချုပ်‌ရေး မှူး တာဝန်ယူထားသည့် ကိုလမင်းကျော်သူ ကပြောသည်။

ABC ကျောင်းတွင် တစ်နှစ်လျှင် ပျမ်းမျှကလေးဦးရေ ၅ ယောက်နှုန်းခန့် ရောက်ရှိတတ်ပြီး ယခုနှစ်ပိုင်းများတွင် ကိုဗစ်နှင့် အလှူရှင်များလည်း ကျောင်းသို့လာရောက်လှူဒါန်းမှုနည်းသည်ဟု သူကဆက်ပြောသည်။ စစ်တွေမြို့ရှိ ABC မိဘမဲ့ ကျောင်း မှာ ၂၀၁၀ ခုနှစ်ကစ၍ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခင် မိဘမဲ့ကလေး ငယ်များအား ကျွေးမွေးစောက်ရှောက်ထားသည့် စစ်တွေမြို့ မှ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွား၍ ၎င်းကျောင်းအစား တည်ထောင်ထား ခြင်းဖြစ်သည်ဟု ကျောင်းတည် ထောင်သူများမှပြောသည်။

၂၂။ ရေးမြို့နယ်က အပျော်တမ်း ဆိုင်ကယ်စီးသမား ၆ ဦး ဖမ်းဆီးခံရ
14 October, 2021

မွန်ပြည်နယ် ရေးမြို့နယ်က အာယုတောင်ကျေးရွာ ၃၄၃ တပ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှာ အပျော်တမ်းဆိုင်ကယ် စီးဝါသနာရှင်အဖွဲ့ဝင် ၆ ဦး အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီ လောက်က ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတဦးက ပြောပါ တယ်။ ဖမ်းဆီးခံရသူတွေဟာ ရေးမြို့နယ်ရဲ့ ကျေးလက်တောရွာတွေမှာ စီးနင်းသွားလာနေကြတဲ့ အသက် ၂၀ ကျော်အရွယ် တွေဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘူးလို့ မြို့ခံတစ်ဦး ပြောပါတယ်။ ဆိုင်ကယ်တွေကို အာယုတောင် အုပ်ချုပ်ရေးမှူးရုံးမှာ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ စစ်တပ်၊ ရဲ၊ အရပ်သားအုပ်ချုပ်ရေးအဖွဲ့တွေ မကြာခဏ ရေး PDF က ဗုံးခွဲတိုက်ခိုက်တာတွေ လက်နက် ငယ်နဲ့ ပစ်ခတ်ခံရတာတွေ ခံရလေ့ရှိတာကြောင့် အရင်ထက် လုံခြုံရေးတွေကို ပိုမိုတင်းကျပ်ထားပါတယ်။ အခုလို ဆိုင်ကယ်ဝါသနာရှင်သမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ပတ်သက်ပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ မိသားစုဝင် တွေအပါအဝင် ဒေသခံတွေက မျှော်လင့်နေပါတယ်။

၂၃။ တန့်ယန်း ငွေရည်ပုလဲကုမ္ပဏီ သတ္တုတိုးချဲ့တူးနေ ဒေသခံ (၃၀၀၀)ကျော် ကန့်ကွက်
October 13, 2021

သျှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုအနီး ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ကမ်းဘေးတစ်လျှောက် သတ္တုတိုးချဲ့ တူးဖော်နေမှုလုပ်ငန်းအပေါ် ဒေသခံ (၃၀၀၀)ကျော် ဆန့်ကျင် ကန့်ကွက်ကြကြောင်း သတင်းရရှိသည်။ တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ဘေးတစ်လျှောက် မန္တလေးအခြေစိုက် ငွေရည်ပုလဲ စုပေါင်း ကုမ္ပဏီနှင့် စစ်ကောင်စီအရာရှိများ ပူးပေါင်းစီမံချက်ဖြစ်သည့် တိုးချဲ်သတ္တုတူးဖော်ရေးလုပ်ငန်းအား ကျေးရွာ (၁၄)ရွာ မှ ဒေသခံ (၃၀၀၀)တို့ကျော်က ဆန့်ကျင် ကန့်ကွက်နေကြတာဖြစ်ကြောင်း သိရသည်။

“ခုက ကိုဗစ်ကာလ၊ နိုင်ငံရေး မတည်ငြိမ်ဘူး၊ စီးပွားရေးအခြေနေတွေ မကောင်းတဲ့ အချိန်မှာ ကုမ္ပဏီတွေ အခွင့်ကောင်း မယူ စေချင်ဘူး၊ ဒေသခံတွေက အရမ်းကို ခက်ခဲနေကြတာ၊ ရောင်းဝယ်ရေးကအစ ခက်ခဲနေကြတာ၊ ဒီလုပ်ငန်းကို ရပ်တန့်ပေးစေ ချင်ပါတယ်”ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ တာဝန်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။ အ ဆိုပါ သတ္တုတူးဖေါ်ရေးလုပ်ငန်းစီမံချက်ကြောင့် ဒေသခံများ၏ လယ်ယာမြေ ဆုံးရှုံးခြင်းသာမက နမ့်ပန်မြစ်၏ ဂေဟစနစ် တစ် ခုလုံးပျက်စီးနိုင်တာကြောင့် အထူးကိုစိုးရိမ်ရသည့် အခြေနေဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)ထံမှ သိရသည်။

သတ္တုတူးဖော်ရေးလုပ်ငန်း ရပ်တန့်ပေးရေးအတွက် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် မိုင်းဟပြည်သူ့စစ် အဖွဲ့ထံသို့ ပြီးခဲ့သည့် မေလ (၈)ရက်နေ့က အကူအညီ တောင်းခံစာ ပေးပို့ခဲ့ဖူးကြောင်း သိရသည်။ တန့်ယန်းမြို့နယ်အတွင်း စီးဆင်းနေသည့် နမ့်ပန်မြစ်သည် သံလွင်မြစ်၏ အဓိက မြစ်လက်တက်ဖြစ်ပြီး စိုက်ပျိုးရေးဖြင့်အသက်မွေးနေကြသည့် ဒေသခံပြည်သူ (၃၀၀၀)ကျော် မှီတင်းနေထိုင်ကြသည့် ဒေသ ဖြစ်ကြောင်း သိရှိရသည်။

၂၄။ ကြာအင်းဆိပ်ကြီးမြို့ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ KNU ဒူးပလာယာခရိုင် ခေါင်းဆောင်များ တက်ရောက်
October 14, 2021

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ “အောင်” ဟိုတယ်ဝင်းအတွင်း တည်ဆောက်ပြီးစီးသွားသည့် အောက်ဆီဂျင်စက်ရုံအား အောက်တိုဘာ ၁၄ ရက်နေ့တွင် စက်ရုံဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ KNU ဒူးပလာယာခရိုင်၊ KNLA တပ်မဟာ (၆) ခေါင်း ဆောင်များနှင့် ပြည်နယ်ကောင်စီ ဥက္ကဌတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်ကောင်စီ ဥက္ကဌ စောမြင့်ဦး၊ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ KNLA တပ်မဟာ (၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိစေးဖိုး၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ် (BGF) နှင့် စစ်ကောင်စီတပ် အမှတ် (၂) အခြေချ စစ်ဗျူဟာမှူးတို့ တက်ရောက်ခဲ့ကြသည်ဟု မြို့ခံများ ထံမှ သိရသည်။

ပြည်နယ်ကောင်စီဥက္ကဌက “ပြည်နယ်မှာ အောက်ဆီဂျင်အပြည့်အဝမရတဲ့ ပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ ကျန်းမာရေးလိုအပ် ချက်အရ အောက်ဆီဂျင်စက်ရုံတွေ တည်ဆောက်ပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။ အောက်ဆီဂျင်လုံလုံလောက်လောက်ရရှိဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ရတယ်။ ပြည်နယ်အနေနဲ့ ၃ ရာခိုင်နှုန်းပဲ ကူးစက်မှုရှိတော့တယ်။ လက်နက်ကိုင်အဖွဲ့ရှိတဲ့ နေရာ မှာလည်း ကာကွယ်ဆေးတွေ ထိုးပေးနေတယ်။ ရောဂါကူးစက်မှုကျအောင် ဆောင်ရွက်နေတယ်” ဟု အခမ်းအနားတွင်ထည့် သွင်း ပြောဆိုသည်။ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ကြာအင်းဆိပ်ကြီးမြို့ “အောင်” ဟိုတယ်လုပ်ငန်းမှ မတည် တည်ဆောက်ပြီး ယခုစက်ရုံကို တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ကျိုက်ဒုံ၊ ဘုရားသုံးဆူနှင့် ဝင်းရော်ဒေသရှိ ကိုဗစ်စင်တာများ တွင် အောက်ဆီဂျင် လုံလုံလောက်လောက် ဆောင်ရွက်ပေးနိုင်မည်ဟု မြို့ခံများက ပြောဆိုကြသည်။

၂၅။ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့်မပေးရန် အရပ်ဖက်အဖွဲ့ ၅၀ ကျော် တောင်းဆို
October 13, 2021

လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးရန် အရပ်ဖက်အဖွဲ့အစည်းပေါင်း (၅၂) ဖွဲ့က အောက်တိုဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် အာဆီယံခေါင်းဆောင်များကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်သည်။

စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် ဧပြီလ ၂၄ ရက်နေ့က သဘောတူညီထားသည့် မြန်မာ့နိုင်ငံရေး အကြပ်အတည်း ဖြေရှင်း ရေးဆိုင်ရာ အာဆီယံထိပ်သီးအစည်းအဝေး သဘောတူညီချက် (၅) ရပ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိဘဲ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေဆဲအပေါ် အာဆီယံဘက်မှ အသိအမှတ်ပြုမှုမျိုး မပေးရန် ထုတ်ပြန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အရပ်ဖက်အဖွဲ့များက ပြောသည်။ ၎င်းအရပ်ဖက်အဖွဲ့အစည်း (၅၂) ဖွဲ့တွင်ပါဝင်သည့် ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG)မှ ပြောခွင့်ရ စောနန္ဒဆူး က “စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အာဆီယံ သဘောတူညီချက် (၅)ချက်ကို သဘောတူခဲ့ပေမဲ့ ဘာမှ အကောင်အထည်ဖော်လုပ်ဆောင်တာမျိုးမရှိဘူး။ အာဆီယံရဲ့ စည်းမျဉ်း ဥပဒေတွေကို လေးစားလိုက်နာခြင်းမရှိသလို ထိုးစစ်ဆင်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုတိုးလုပ် ဆောင်လာတဲ့အပေါ် ဒီလာမယ့်အာဆီယံအစည်းအဝေးပွဲမှာ အသိအမှတ်ပြုတာမျိုးမလုပ်ဖို့ ဒါကို တောင်းဆိုရခြင်းဖြစ်တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးပွဲ၌ မြန်မာ့နိုင်ငံရေး ပဋိပက္ခ ကို ဖြေရှင်းရန် ဘုံသဘောတူညီချက် (၅) ချက်ကို ချမှတ်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ အပြုသ ဘောဆောင်သည့်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်၊ အာဆီယံအဖွဲ့ကြီးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းမှုများနှင့် လူသား ချင်းစာနာထောက်ထားရေး အကူအညီများပေးရန် စသည့်အချက်များပါဝင်သည်။ အလားတူ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံ ခြားရေးဝန်ကြီးဌာနများမှ စစ်ကောင်စီအနေဖြင့် အာဆီယံ သဘောတူညီ ချက်များအပေါ် လိုက်နာဆောင်ရွက် ခြင်းမရှိပါက လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွင် တက်ရောက်ခွင့်မပေးရန် ပြောဆိုခဲ့ခြင်းအပေါ် ထိုအရပ်ဖက်အဖွဲ့ အစည်(၅၂) ဖွဲ့က ကြိုဆိုလိုက်ပြီး အဖွဲ့ဝင်နိုင်ငံများကိုလည်း ထိုသို့ လုပ်ဆောင်သွားရန် ၎င်းတို့၏ အိတ်ဖွင့်ပေးစာ၌ တိုက်တွန်း ပြောဆို ထားသည်။ အာဆီယံ၏ သဘောတူညီချက်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ မှစ၍ စက်တင်ဘာလကုန်အထိ အရပ်သားအပေါ် တိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့သလို အရပ်သားများ အပေါ် အကာအကွယ်ပေးမှုပျက်ကွက်ခဲ့သလို ထောင်ပေါင်းများစွာသော အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင် နေကြရကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

၂၆။ စစ်တွေ ပွိုင့်ကမ်းခြေအနီး ကမ်းနားလမ်းတွင် လူ ၁ ဦး သေဆုံးလျက်ရှိတွေ့ရှိ
October 14, 2021

ရခိုင်ပြည်နယ် စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီး ကမ်းနားလမ်းတွင် ယနေ့နံနက်က လူ ၁ ဦးသေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရ သည်။ အဆိုပါအလောင်းကို အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်တွေပွိုင့်ကမ်းခြေအနီး မြို့ပတ်လမ်း ကမ်းနားလမ်းအဆုံး အုတ်ခေါင်းအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် (၄၀ နှစ်)ဝန်းကျင်ခန့်အရွယ်ရှိ အမည်မသိအမျိုးသားတစ်ဦးဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေး ရှင်းမှ ဒုဥက္ကဋ္ဌ ကိုသာကီလင်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။ “အုတ်ခေါင်းမရောက်ခင် လဲပြီးတွေ့တာ။ ပုဆိုးတော့ ဝတ်ထားပါတယ်။ အကျႌတော့မပါဘူး။ နှာခေါင်းကတော့ သွေးနည်းနည်းထွက်လို့ မြင်လိုက်တယ်။ ဒဏ်ရာတွေတော့ မပါဘူး” ဟုပြောသည်။ ပြီးခဲ့သော စက်တင်ဘာလ ၁၂ ရက်ကလည်း စစ်တွေမြို့၊ ကမ်းနားလမ်း၊ တြိဂံခွဆုံအနီး ပွိုင့်ကမ်းခြေ သွားလမ်း သောင်စပ်၊ ဒီရေတော ခြုံပုတ်ထဲတွင် အသက် ၃၀ ကျော် အရွယ်ရှိ အမည်မသိ အမျိုးသား အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သေးသည်။

၂၇။ နောင်မြလွဲကျေးရွာတွင် BGF တပ်ဖွဲ့ဝင် ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ၄ ဦး ဖမ်းဆီးရမိ
October 13, 2021

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် နောင်မြလွဲကျေးရွာနှင့် ကော့အီဆိုင်ကျေးရွာကြားတွင် အောက်တိုဘာလ ၇ရက် ညပိုင်း က BGF တပ်ဖွဲ့ဝင်အချို့ ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၄ဦးကို နယ်မြေခံ BGF (၁၀၁၉) တပ်ရင်းက ဖမ်းဆီးလိုက်သည်ဟု ဒေသအတွင်း တာဝန်ရှိသူထံမှ သိရသည်။ BGF တပ်ဖွဲ့ဝင်ကို သတ်ဖြတ်ခဲ့သည့်အပြင် ၎င်းတို့၏လက်နက်အချို့လည်း သယ်ဆောင်သည့်သွားအတွက် ကျူးလွန် သူများကို BGF ဘက်က ပြန်လည်လိုက်ဖမ်းရာ KNU/KNLA-ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ထုတ်ပယ်ခံထားခဲ့ရသူ စောဖာ့ကျုံးနှင့်အတူ BGF တပ်ဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူ နောင်မြ လွဲရွာသား ၁ဦးနှင့် ကော့အီဆိုင်ကျေးရွာသား ၂ဦးတို့ကို လက် နက်နှင့်အတူ ရှာဖွေဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သည်ဆိုပြီး ပြန်လည်ဖမ်းဆီးခံရသူ ၄ ဦးအနက် ၃ ဦးမှာ လက်ရှိအချိန်တွင် သေဆုံးသွားပြီဖြစ်သလို ခေါင်း ဆောင်ဖြစ်သူ စောဖာ့ကျုံးမှာလည်း ခြေတစ်ဖက်၊ လက်တစ်ဖက်ကျိုးကာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ၎င်းဒေသ အ တွင်း တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။ သူက “သူတို့ ဖမ်းမိတဲ့အချိန်မှာတော့ အမျိုးသမီးတစ်ဦးပါတယ်။ အမှု ထဲမှာ ပါဝင်ပတ်သက်တာ မရှိဘူးဆိုတော့ ပြန် လွှတ်ပေးလိုက်တယ်။ အဲဒီထဲမှာ အဓိက ခေါင်းဆောင်က ဖာ့ကျုံးပေါ့။ သူတို့က မူးယစ်ဆေးကိစ္စတွေ ရှိထားတယ်။ အဲဒီအသတ်ခံရတဲ့ BGF ခေါင်းဆောင်က သူတို့ကို ဒဏ်ရိုက်ထားတာတွေရှိလို့ မကျေနပ်လို့ သွားသတ်တယ်လို့ ကြား တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ ဖမ်းဆီးခံရသော ကျူးလွန်သူများ၏ ပစ်သတ်ခြင်းခံရသည့် BGF တပ်မှူးသည် ယခင်က မူးယစ်ဆေးဝါးအမှုနှင့် ဖားအံ တောင်ကလေးထောင်တွင် အကျဉ်းကျခဲ့ဖူးသူတစ်ဦးဖြစ်သည်ဟု လည်း အဆိုပါဒေသခံ တာဝန်ရှိသူက ပြောသည်။

ယင်းသို့ လူသတ်မှုဖြစ်ပွားသည့်ကိစ္စမှာ အဖွဲ့အစည်းအချင်းချင်းကြား ဖြစ်ပွားသည့်ကိစ္စမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးမကျေနပ် ချက်နှင့် ဖြစ်ပွားသည့်ကိစ္စဖြစ်သည့်အတွက် လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း BGF အမှတ်(၂) တပ်နယ် ဗျူဟာမှူးဗိုလ်မှူးစောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။ ၎င်းက “ကျနော်သိရတာက အဲဒီသွားသတ်တဲ့လူတွေကို ဖမ်းမိသွားပြီ။ သွားဖမ်းတဲ့အချိန်မှာ ထွက်ပြေးလို့ ၂ ဦးလောက် သေနတ်ထိပြီး သေဆုံးသွားတယ်လို့ပြောတယ်။ ဒီလူသတ်မှုက လည်း သူတို့အတွင်းရေးကိစ္စချင်း မကျေနပ်ကြလို့ သတ် ကြတာဖြစ်တယ်။ သွားသတ်တဲ့အထဲမှာလည်း BGF တပ်ဖွဲ့ဝင်ပါ တယ် လို့ပြောပေမယ့်လည်း အဲဒီလူတွေက ရွာမှာနေ ပြီး ဟိုအဖွဲ့ကိုကူးလိုက်၊ ဒီအဖွဲကူးလိုက် လုပ်နေတဲ့လူတွေပေါ့။”ဟု ပြော သည်။

၂၈။ ရခိုင်တွင် သစ်တောဖုံးလွှမ်းမှု ဧရိယာနည်းပါးလာသည်နှင့်အမျှ လူမှုစီးပွားရေးလည်း ထိခိုက်မှုရှိလာနေ
October 14,2021

ရခိုင်ပြည်နယ်တွင် သစ်တောဖုံးလွှမ်းမှုဧရိယာများ နည်းပါးလာနေသည်နှင့်အမျှ ပြည်သူများ၏ လူမှုစီးပွားရေးအပေါ်တွင် သက်ရောက်မှုများစွာ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်မှာ ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်အတွက် ရေလုပ် ငန်းနှင့် လယ်ယာစိုက်ပျိုး ရေးကို အဓိကအားထားနေရသောကြောင့် သစ်တောများပြုန်းတီးလာသည်နှင့်အမျှ ရာသီဥတု ဖောက်ပြန်ခြင်း၊ သားငါးပုဇွန် ရှားပါးလာခြင်းတို့ကို ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများ လုပ် ဆောင်နေသည့် အမ်းမြို့နယ်ဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးလွင်ကဆိုသည်။ “ပုဇွန်မွေးဖို့အတွက် ဒီရေတောတွေ ကိုသုံးပစ်လိုက် တယ်။ အရင်က အများပိုင်ဖြစ်တဲ့နေရာတွေကို ကာရီ(တာ)တွေဆည်ပြီး လူနည်းစုပိုင်လိုမျိုးလုပ်ပစ်လိုက်ကြတယ်။ ဒီတော့ ဒီရေတောမရှိတော့ ငါးတွေပုဇွန်တွေကလည်း အရင်ကလောက်မရကြတော့ဘူး။ မိုးလေဝသတွေဆိုရင်လည်း အရင်လိုမမှန် တော့ဘူး”ဟု ၎င်းကပြောသည်။

ထို့အတူ ဓညဝတီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအသင်း(မြောက်ဦးမြို့) ဥက္ကဋ္ဌဖြစ်သူ ဦးစိုးနိုင်ကလည်း ယခင်ဆယ်စု နှစ်နှင့်နှိုင်းယှဉ်ပါက လက်ရှိတွင် ရာသီဥတုမှာ သိသိသာသာဖောက်ပြန်လာနေပြီး မိုးရွာသွန်းမှုမှာလည်း ပုံမှန်မရှိတော့ကြောင်း ဆိုသည်။ “အရင်ဆယ်စုနှစ်နဲ့ယှဉ်ရင် အခုနှစ်တွေမှာ ရာသီဥတုက တော်တော်ဆိုးလာတယ်။ ကျွန်တော်တို့ရခိုင်မှာက မိုးကို အဓိကထားပြီး စိုက်ပျိုးရတာဖြစ်တယ်။ မိုးမမှန်ဘူးဆိုတာနဲ့ ကျွန်တော်တို့လယ်သမားတွေမှာ တော်တော်ဒုက္ခရောက် ရပါ တယ်။ အခုဆိုရင် ရာဟုလေ (အနောက် မြောက်ဘက်မှတိုက်သောလေ)တွေ ဟာလည်း အရင်လိုမတိုက်တော့ဘူး။ ကျွန်တော် တို့ လယ်သမားတွေက ဒီရေကိုကြည့်ပြီးမိုးကိုမှန်းကြရတာပါ”ဟု သူကရှင်းပြသည်။

လက်ရှိတွင် သစ်တောဖုံးလွှမ်းမှုဧရိယာများ ပြန်လည်တိုးတက်လာစေရေးအတွက် ကြိုးပြင်ကာကွယ်တောများ၊ ကြိုးဝိုင်း ကာကွယ်တောများ၊ သဘာဝနယ်မြေများဖော်ဆောင်ကာ ဆောင်ရွက်လျှက်ရှိကြောင်းလည်း ၎င်းကပြောသည်။ သို့သော် ထိုသို့ ဆောင်ရွက်ရာတွင်လည်း နယ်မြေလုံခြုံရေးအရ မသွားရောက်နိုင်သည့်နေရာများလည်းရှိနေသဖြင့် အချို့လုပ်ငန်းစဉ်များမှာ ကြန့်ကြာမှုများရှိနေကြောင်းလည်း ဦးဇော်ဇော်အောင်ကဆိုသည်။

၂၉။ မြဝတီမြို့တွင် စတုတ္ထအကြိမ် ဒုတိယအကျော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
October 14, 2021

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် စတုတ္ထအကြိမ် ဒုတိယအကျော့ ကိုဗစ်ကာကွယ်ဆေး အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဟု သိရသည်။ “ပြီးခဲ့တဲ့ စက်တင်ဘာလက ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီး သူ တွေကို ယခုအခါ ဒုတိအကျော့ အနေဖြင့် ထိုးနှံပေးတာပါ။ ပထမအကျော့တုန်းက ဆေးထိုးခဲ့သော နေရာမှာဘဲ သတ်မှတ်ထား တဲ့ ရက်ချိန်းအလိုက် သွား ရောက် ထိုးနှံကြရမှာဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၄ ရက်ကနေ ၁၆ ရက်နေ့ထိ သုံးရက် တိတိ ထိုးပေးသွားမယ်” ဟု ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စတင်ခဲ့သည့် ကိုဗစ်တတိယလှိုင်း ဖြစ်ပြီးသည့်နောက်ပိုင်း မြဝတီမြို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းကို ပြည်သူများ ပိုမိုစိတ်ဝင်စားလျက် ရှိလာသည်။ ၎င်းအပြင် ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်သည့်အခါ နယ်စပ်မြို့ဖြစ်သည့်အလျောက် တဖက်ထိုင်းနိုင်ဘက်သို့ နယ်စပ်ဖြတ်ကျော်သွားလာမှုတွင် လွယ်ကူစေရန် အတွက် ကာကွယ်ဆေး ထိုးနှံလိုမှုများလည်း ရှိသည်။

မြဝတီမြို့၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းကို ပြီးခဲ့သည့် မတ်လ ကတည်းက အိန္ဒိယနိုင်ငံထုတ် Covishield ဖြင့် စတင်ခဲ့ပြီး နောက်ပိုင်း ၄ ကြိမ်မှာတော့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် မြဝတီမြို့၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမှာ ပဉ္စမအကြိမ်မြောက်ရှိခဲ့ပြီးဖြစ်သော်လည်း မြို့နေလူဦးရေ မည်မျှကာကွယ်ဆေး ထိုးနှံပြီးစီး ကြောင်းကို သက်ဆိုင်ရာက သီးသန့် သတင်းထုတ်ပြန်ထားခြင်း မတွေ့ရပါ။

၃၀။ ကယားတွင် ရိက္ခာပြတ်လပ်နေသည့်စစ်ရှောင်စခန်းသို့ ရိက္ခာသွားပို့သည့် Free Burma Ranger –Karenni ယာဉ်မတော် တဆဖြစ်၍ အဖွဲ့ဝင်တစ်ဦးကျဆုံး
October 14, 2021

ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း စားနပ်ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်စခန်းတစ်ခုကို Free Burma Ranger -Karenni အဖွဲ့က ရိက္ခာသယ်ယူပို့ဆောင်ပေးနေစဥ် ယာဉ်မ‌တော်တဆဖြစ်ပြီး ချောက်ထဲပြုတ်ကျ၍ အဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ရကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။ ကရင်နီ (ကယား)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် များအား အရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်များ ထောက် ပံ့ခြင်း (Good Life Glub) အစီအစဥ်ဖြင့် ခွန်အားပေး နှစ်သိမ့်ခြင်းများကို Free Burma Ranger- Karenni အဖွဲ့က ဆောင်ရွက်နေသည်။

ကယားပြည်နယ်အတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ဘေးရှောင်ရသူ ရှစ်သောင်းကျော် အထိရှိနေကြောင်း လည်း လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။ အဆိုပါစစ်ရှောင်များတွင် အရေးပေါ်စားနပ် ရိက္ခာများ၊ဆေးဝါးများ နှင့် အခြေခံလူသုံးကုန် ပစ္စည်းများစွာ လိုအပ်မှုများဖြစ်ပေါ်နေသည်ဟု သိရသည်။ စစ်တပ်၏ အာဏာသိမ်းအကျိုးဆက်မှတစ်ဆင့် ကယား ပြည်နယ်အတွင်း အောက်တိုဘာ ၁၁ ရက်အထိ သေဆုံးမှုစာရင်းအရ ၁၂၂ ဦးရှိကာ ယင်းအနက် ၈၂ ဦးမှာအပြစ်မဲ့ ပြည်သူများဖြစ်ပြီး စစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button