၁။ ၁၉၅၈ မှ စ၍ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် ပုန်ကန်မှုစတင်သည်။ ထိုစဉ်မှစ၍ အယူအဆ သဘောထား၊ ခေါင်းဆောင်မှု ၊ အမည်နာမ မတူသည် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ အချို့အဖွဲ့များပေါင်းကြသည်။ အမည်သစ်များပေးကြသည်။ အချို့အဖွဲ့ များပြန်လည်ကွဲထွက်ကြသည်။ အမည်သစ်များပေါ်လာသည်။ အချို့အဖွဲ့များ ပျက်သွားသည်။ အချို့အဖွဲ့များ လက်နက်ချသွား ကြသည်။ အစိုးရပြည်သူ့စစ်များဖြစ်သွားကြသည်။ နှစ်ပေါင်း ၆၀ ကျော်အတွင်း အနိမ့်အမြင့်အတက်အကျ များစွာကြုံခဲ့ကြရသည်။
၂။ အနှစ် ၆၀ ကျော်ဖြတ်သန်းပြီးသောလက်ရှိအချိန်တွင် SSPP/SSA နှင့် RCSS/SSA ဆိုသည့် ရှမ်းတိုင်းသား လက်နက်ကိုင်နှစ်ဖွဲ့ သာရပ်တည် နိုင်တော့သည်။ SSPP/SSA က မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး ဂွင်အတွင်းရှိ ဝမ်ဟိုင်းအား ဗဟိုပြုလှုပ်ရှားပြီး RCSS/SSA ကတော့ ထိုင်းနယ်စပ် လွယ်တိုင်းလျံအားဗဟိုပြု လှုပ်ရှားသည်။ SSPP/SSA က အစိုးရနှင့် အပစ်ရပ် biletral လက်မှတ်ရေးထိုးထားသော် လည်း MCA ထိုးထားခြင်းမရှိပေ။ SSPP သည် မြောက်ပိုင်း နိုင်ငံရေးမဟာမိတ်အဖွဲ့ ၇ ဖွဲ့တွင် ပါဝင်ပြီး UWSA နှင့် ရင်းနှီးသည်။ RCSS ကတော့ အပစ်ရပ် biletral ရေးထိုးထားသည့်အပြင် NCA လက်မှတ်ရေးထိုးထားသည်။ RCSS သည် NCA လက်မှတ်ရေးထိုး ထားသည့် EAO ၁၀ ဖွဲ့ စုဖွဲ့ထားသည့် PPST တွင်ပါဝင်ပြီး လက်ရှိဥက္ကဌ တာဝန်ယူနေသည်။ PPST သည် NCA လက်မှတ်ရေးထိုးထားသူများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စုဖွဲ့ထားသည်သာဖြစ်ပြီး နိုင်ငံရေး၊စစ်ရေး တပ်ပေါင်း၏စုမဟုတ်ပေ။
၃။ ပြီးခဲ့သော နှစ်များအတွင်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့သည် အင်အားမတိမ်းမယိမ်းကြီးထွားလာခဲ့ကြပြီး ရှမ်းပြည်နယ်ဒေသများအား ထိမ်းချုပ်နိုင်ရန် ကြိုးပမ်းလာကြသည်။ ပြိုင်ဆိုင်မှုများပြင်းထန်လာသည်။ ထို့ပြင် ထိမ်းချုပ်နယ်မြေများနှင့်ပတ်သက်၍လည်း ပြီးခဲ့သော နှစ်ပေါင်း ၆၀ ကျော်အတွင် နိုင်ငံ ရေး၊စစ်ရေးအကြောင်းအချက်များစွာအောက်တွင် အပြန်အလှန် ထိမ်းချုပ်ထားနိုင်ခဲ့သည့်အခြေအနေများရှိပေ ရာ အငြင်းပွါးမှုများ အဆုံးမသတ်နိုင်ခဲ့ပေ။
၄။ SSPP ထိမ်းချုပ်ရာနယ်မြေများမှာ တောင်ကြီး၊ လွိုင်လင်ကားလမ်း မြောက်ခြမ်းတွင်သာရှိပြီး အဆိုပါ ကားလမ်းတောင်ဖက်ခြမ်းနှင့် ရှမ်းအရှေ့ တွင်မရှိပေ။ ယေဘူယျအားဖြင့်ဆိုလျင် SSPP သည် ရှမ်းမြောက်တွင်သာ အခြေပြုသည်။ RCSS ကတော့ ရှမ်းအရှေ့တွင်သာ အခြေပြုသော်လည်း ၎င်းတို့၏လုပ်နိုင်စွမ်း၊ တိုးပွါးလာသောအင်အားပေါ်အခြေခံ၍ ရှမ်းတောင်ရော ရှမ်းမြောက်ပါ ဖြန့်ကျက်စိုးမိုးနိုင်ရန် ကြိုးပမ်းနေသော အဖွဲ့အစည်းဖြစ်သည်။ လောလောဆယ် မိုင်းကိုင်ဒေသ၊ ကျောက်မဲ၊နမ္မတူဒေသနှင့် နမ့်ခမ်းမူစယ်ဒေသများသို့ ထိုး
ဖေါက်စည်းရုံးလျက်ရှိသည်။ မိုင်းကိုင်ဂွင်တွင် SSPP နှင့် စစ်ရေးပဋိပက္ခ မတွေ့ရသော်လည်း ကျောက်မဲ၊နမ္မတူဒေသ၊ နမ့်ခမ်း၊ မူစယ်ဒေသများ တွင် SSPP နှင့် စစ်ရေးပဋိပက္ခများတွေ့ရသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် SSPP နှင့် မဟာမိတ် တပ်ဖွဲ့များရှိရာ ထိုတပ်ဖွဲ့များသည် SSPP အားကူညီကြသည် ကိုတွေ့ရသည်။
၅။ လက်ရှိ မိုင်းနောင်-ကျေးသီး ကားလမ်းတောင်ဖက်ခြမ်းရှိ လွယ်ဟွေးတောင်ကြေားတွင်ဝင်ရောက်နေရာယူထားသော RCSS တို့၏ အခိုင်အမာ စစ်စခန်းများ SSPP ကဖယ်ရှားရန် ထိုးစစ်ဆင်နေသည်။ တိုက်ပွဲများသည် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ အစပြုသည်ဟုဆိုသည်။ ဇွန်လ ၁၀ ရက်မေ့မှ ၁၄ ရက်နေ့အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီး ခေတ္တစစ်နားပြီး အင်အားများပြန်လည်စုဖွဲ့ကြပုံရသည်။ ထိုမှတဖန် ဇွန် ၃၀ ရက်မှ တိုက်ပွဲများ တဖန်ပြန် လည်စတင်သည်။ ထိုဒေသနှင့် ပတ်သက်၍ တဖက်နှင့်တဖက် သူနယ်ကိုယ့်နယ် အငြင်းပွါးသည်ထက်ပိုနေ သည်အချက်တခုရှိသည်။ ထိုအချက်မှာ လွယ်ဟွေးတောင်ကြောပေါ်တွင် တပ်စွဲနေသည့် RCSS တပ်များသည် လွယ်ဟွေးတောင်ကြော မြောက်ဖက် ၁၀ မိုင်ကျော်ခန့်အကွာတွင်ရှိသည့်အပြင် လွင်ပြင်ထဲတွင် အခြေချနေသော SSPP ဌာနချုပ် ဝမ်ဟိုင်းအားလည်း ခြိမ်းခြောက်နေ သည်။ သို့နှင့် စစ်ပွဲသည် တစတစပို၍ပြင်းထန်လာနေတော့သည်။
၆။ လက်ရှိ လွယ်ဟွေးတိုက်ပွဲတွင် SSPP တပ်ဖွဲ့ဖက်မှ UWSA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေသည်ဟု ခိုင်လုံသည့် မြေပြင်သတင်းများ ကဆိုသည်။ သက်ဆိုင်ရာ တပ်ဖွဲ့များမှ တာဝန်ရှိသူများက အတည်ပြုခြင်း မရှိသော်လည်း မြေပြင်သတင်းများကို ငြင်းပယ်၍ မရနိုင်ပေ။ ဖြစ်နိုင်ချေအရဆိုလျင် ပထမအချက်မှာ အရှေ့မြောက် CPB ခေတ်ကာ ၁၉၇၅ အောက်တိုဘာတွင်ပြုလုပ်သည့် ၇၅၁၀ စစ်ရေးစီမံကိန်းမှစ၍ CPB တပ်မဟာ ၆၈၃ သည် လက်ရှိ ပဋိပက္ခ ဖြစ်ပွါးရာဒေသဖြစ်သည့် ဒေသတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၁၉၈၉/၉၀ ထိ SSPP တပ်များနှင့်ပူးတွဲ လှုပ်ရှားခဲ့သည်။ လက်ရှိ UWSA အဓိကခေါင်းဆောင်ပိုင်းမှာ ထိုစဉ်က တပ်မဟာ ၆၈၃ တွင် တပ်မှူးငယ်များဖြစ်ကြရာ SSPP နှင့် UWSA တို့သည် ရှည်ကြာသော ရင်းနှီးမှု နှင့် မဟာမိတ်ဖွဲ့မှုရှိသည်။ ဒုတိယအချက်အရဆိုလျင် သံလွင်အရှေ့ခြမ်းရှိ “ဝ” ဒေသလုံခြုံရေးအတွက် သံလွင်အနောက်ခြမ်းရှိ တောင်ကြောများနှင့် ဆက်စပ် တောင်တန်းများသည် အရေးပါသည်။ တတိယအချက်အနေနှင့်ဆိုလျင် ဇွန်လအတွင်း Shan News (Burmese version )တွင် ဖေါ်ပြသည့် သတင်းဆောင်းပါအချက်အလက်အရ တရုတ်တာဝန်ရှိ သံတမန်များက အနောက် နိုင်ငံ နှင့်နီးစပ်သော RCSS အား တရုတ်နယ်စပ်ဖြစ်သော ရှမ်းမြောက်တွင် အခြေမချစေလိုသည့် သဘောထားကို ထုတ်ဖေါ်ပြောဆိုသည်ဟု ဆိုသည်။ ထိုအချက်ကလည်း ရှမ်းမြောက်သို့ တိုးလာသည့် RCSS အား ဟန့်တားလိုသည့် အကြောင်း အချက်ဖြစ်သည်ဟုလည်း တွက်ဆကြသည်။
၇။ မည်သည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမဆို ရှမ်းပြည်နယ်တခုလုံးအား ထိမ်းချုပ်နိုင်ရန် ကြိုးစားကြမည်သာဖြစ်သည်။ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရှိပြီး စီးပွါးရေးကောင်းသော ရှမ်းမြောက်အားလည်း ထိမ်းချုပ်ရန်ကြိုးစားကြမည်သာဖြစ်ရာ ပဋိပက္ခများ ကို ရှောင်လွှဲရန် ခက်ခဲသည်။ ထို့ပြင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တဖွဲ့တည်း ရှိရေးအတွက် ဦးတည်သည့် စဉ်းစားချက်များလည်းရှိရာ ရှုပ်ထွေးခက်ခဲ သိမ်မွေ့သော ကာလများကို ဖြတ်သန်းရပေအုံးမည်။
၈။ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခု ဆွေးနွေးညှိနှိုင်းနိုင်ရန် ဝိုင်းဝန်းကြိုးစားသူများကိုတွေ့ရသည်။ သို့သော် ထိုနှစ်ဖွဲ့၏ ဆွေးနွေးပွဲ မူဝါဒက ကွဲပြားနေသည်။ SSPP ဖက်က မူဝါဒမှာ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် နယ်မြေသတ်မှတ်ရေးကို အရင်ဆွေးနွေးမည်။ ပြီးမှ ရှမ်းနိုင်ငံရေးမူဝါဒပိုင်းကို ဆွေးနွေးမည်ဟု ရပ်ခံသည်ဟုဆိုသည်။ RCSS ကမူ ရှမ်းနိုင်ငံရေးမူဝါဒကို အရင်ဆွေးနွေးမည် ပြီးမှနယ်မြေ သတ်မှတ်ရေး ဆွေးနွေးမည်ဟုဆိုသည်ဟူ၍ ရှမ်းနှစ်ဖွဲ့နှင့် နီးစပ်သူများထံမှ ကြားသိရသည်။ လောလောဆယ်တွင် ရှမ်းနှစ်ဖွဲ့ ဆွေးနွေးပွဲသည် မတင်မကျဖြစ်နေဆဲဟုဆိုရမည်။
၉။ တချို့က ရှမ်းနှစ်ဖွဲ့ ပဋိပက္ခ ဖြစ်နေသည်ကို ယခုလိုအချိန်မျိုးဖြစ်ရသလားဟု မကြည်လင်ကြပေ။ ၁၉၄၈ လွတ်လပ်ရေးရကထဲ ဗမာလူမျိုး အချင်းချင်း ကြားတွင်လည်း နိုင်ငံရေး၊စစ်ရေး ပဋိပက္ခများ ယနေ့တိုင် ရှိနေသည်ဖြစ်ရာ ရှမ်းအချင်းချင်း၊ ကရင်အချင်းချင်း စသဖြင့် တိုင်းရင်းသားအချင်းချင်း ဝိဝါဒကွဲပြားပြီး ပဋိပက္ခဖြစ်နေသည်မှာ ထူးဆန်းသည်တော့မဟုတ်ပေ။ ဖြေရှင်းနိုင်မည့် နည်းလမ်းရှာရန်သာ လိုပေလိမ့်မည်။
မောင်မောင်စိုး
Federal Journal