မေလ – ၂၅ – ၂၀၂၂ ခုနှစ်
- မြန်မာပြည်တွင်း ဒေသအသီးသီးမှ ယနေ့ မေလ(၂၅)ရက်နေ့ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းဖော်ပြအပ်ပါသည်။
- ချင်းပြည်နယ် ၊ ဟာခါးမြို့နယ်မှာ ပြည်နယ်ပညာရေးမှူးရုံး ဦးစီးမှူး ဖြစ်သူနဲ့ ချင်းပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနက ဒု-ဦးစီးမှူး ဖြစ်သူ ၂ ဦးတို့ကို မနေ့ မေ ၂၄ ရက် မနက်ပိုင်းက ရုံးချိန်အတွင်းမှာပဲ စစ်သားနဲ့ရဲတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဟားခါးမြို့ခံ ပြည်နယ် ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အဖမ်းခံရတဲ့သူ ၂ ယောက်ကတော့ ပြည်နယ် ပညာရေး မှူး ဒေါ်ဝုန်းဟွဲ့နဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ဒု-ဦးစီးမှူး ဒေါ်အေးအေးမော် တို့ဖြစ်တယ် ၊ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး ၊ အခုထိလည်း အဆက်အသွယ်မရဘူး”လို့ ပြည်နယ်အဆင့် ဝန်ထမ်းတယောက်က ပြောပါတယ်။
- စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ၂၀၂၂ခုနှစ် နှစ်ကုန်သည်အထိ ပါတီအတွင်း ထည့်သွင်းစဉ်းစားသွားမည် မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဆိုသည်။ လာမည့်၂၀၂၃ခုနှစ် ဩဂုတ်လတွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး အာဏာပြန် လွှဲပေးမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် မေလ၂၃ရက်နေ့က တွေ့ဆုံခဲ့သည့် အချိန်တွင် ပြောကြားခဲ့သည်။ စစ်ကောင်စီ ၏ရွေးကောက်ပွဲကျင်းပမည့်အပေါ်တွင် “CECက ပြီးခဲ့တဲ့ အာဏာမသိမ်းခင်တည်းက ရွေးကောက်ပွဲ နဲ့အသံတွေ ထွက်လာတည်းက ကျနော်တို့က၂၀၂၂နှစ်ကုန်တဲ့အထိ ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ရှိထားပါတယ်။ ဆွေးလည်းဆွေးနွေးမှာမဟုတ်ဘူး” ဟု SNLD ပြောရေးဆိုခွင့်ရှိ သူစိုင်းကျော်ညွန့် က ပြောဆိုထားကြောင်း မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားသည်။
- စစ်ကောင်စီခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ NCA လက်မှတ် ရေးထိုးထားတဲ့ ကရင်တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ရဲ့ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။
- နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ လိုအပ်ပြီး တွေ့ဆုံဆွေးနွေးတဲ့အခါ လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာ မှသာ စစ်မှန်တဲ့အဖြေရလာဒ်ကောင်း ရရှိနိုင်မှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဌ နိုင်အောင်မင်းက ပြောကြားလိုက်ပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်တွေနဲ့ မွန်ပြည်သစ်ပါတီတို့ဟာ မနေ့ မေလ ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်အောင်မင်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး မွန်ပြည်သစ်ပါတီက ဒီကနေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
- ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာ ရပ်ကွက် ၁ တွင်နေထိုင်သည့် ဒလန်ဟုဆိုသူ အမျိုးသား တစ်ဦး ကို ယနေ့နံနက် ၁၁ နာရီခန့်က အမည်မသိ သေနတ်သမားတစ်ဦးက လာရောက်ပစ်သတ်သွား ကြောင်း သိရသည်။ အသက် ၅၀ နှစ်ခန့် အရွယ်ရှိ ဦးတင်မောင်ကို အေးမြသာယာရပ်ကွက် ဆန်းကြွယ်ရွာထိပ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်ဟု The 74 Media တွင်ဖော်ပြထားသည်။
- ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များက CDM ပြုလုပ်လျင် လက်ခံပေးရန် တောင်းဆိုသူများပြားလာကြောင်း ဖယ်ခုံမြို့နယ်(ပအဖ)၊ PDF တပ်ရင်း များနှင့် မြို့နယ်ပညာရေးဘုတ် အဖွဲ့က ယနေ့ (မေ ၂၅)တွင် ပူးတွဲထုတ်ပြန် သည်။ ထို့ကြောင့် Non-CDM ဝန်ထမ်းများအနေဖြင့်CDM ပြုလုပ်လိုပါက သတ်မှတ်ဖောင်ပုံစံတွင် လက်ရေးဖြင့် အချက် အလက်ဖြည့်သွင်း၍ ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ပေ့ချ်မက်ဆင်ဂျာသို့ ဇွန်လကုန်နောက်ဆုံး ထားပေးပို့ရန် အသိပေးသည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တရားရုံးမှ အာမခံဖြင့် လွှတ်ပေးလိုက်သည့် မူဆလင်ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦးနှင့် ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးတို့သည် ယမန်နေ့ မေလ ၂၄ ရက်က ပြန်လည်ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးမှာ စစ်တွေမြို့နယ် ဘောဒူဖကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်နှင့် ရွာသစ်ကေ(ခေါ်) ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန် တို့ဖြစ်ကြသည်။ ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက “မနေ့က သူတို့ကို တရားရုံးချိန်းပြန်ချိန်းတယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်တယ်” ဟုပြောသည်။
- အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ၎င်းတို့၏ လုံခြုံရေးစရိတ် အတွက် ပအိုဝ်းဒေသ၌ တစ်အိမ်လျှင် ၃၀၀၀၀ကျပ်စီ ယနေ့၌စတင်ကောက်ခံနေပြီး လိုင်းပေါ် တင်ပါ က အရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ရေးစရိတ်အတွက်ဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ကျေးရွာတာဝန်ခံများမှတဆင့် စတင်ကောက်ခံနေခြင်းဖြစ်ပြီး ၎င်းတို့အုပ်ချုပ်ခွင့်ရ ထားသည့် ရွာများတွင်သာ ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “စာအုပ်မှာ နာမည်နဲ့ ထည့်ငွေပဲ ရေးမှတ်သွားတာ၊ ဖြတ်ပိုင်းမပေးဘူး။ တတ်နိုင်တဲ့လူက စေတနာရှိရင် ပိုထည့် ပေးကြဖို့ ပြောသွားတယ်။ တချို့မတတ်နိုင်တဲ့ အိမ်တွေကတော့ ခွဲထည့်ရတာပေါ့။ ဒီကာလမှာ ၃ သောင်းချက်ချင်းထည့်ပေးနိုင်ဖို့ပေါ့ ဘယ်လွယ်မလဲ၊ သူတို့ကိုကြောက်တော့ ခွဲထည့်နေရတာပေါ့။ ငွေကောက်တာကို လိုင်းပေါ်တင်ရင် အရေးယူမယ်လို့လည်း ခြိမ်းခြောက်သွားတယ်”ဟု ၎င်းက ပြောသည်။
- လောင်းလုံး မြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး LGBT အဖွဲ့နှင့် ပြည်သူများပူးပေါင်းကာ မေလ ၂၅ ရက်နေ့တွင် စစ်သုံးစစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေးနှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြကြသည်။
- ကလေးမြို့ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၅ ရက်နေ့တွင် “တော်လှန်မျိုး ဆက် ပုန်ကန်ရုန်းထွက်” စာတန်းများကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း ၃ လပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ၌ ယနေ့ မေလ ၂၅ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့ အစည်းများ ပူးပေါင်း၍ “ရဲဘော်ညီမင်းသူစိတ်ဓာတ် ကိုင်စွဲတိုက်ပွဲ၀င်ကြ” စာသားပါ ဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို ဗကသ များအဖွဲ့ချုပ်၀င်သမဂ္ဂများဖြစ်သော မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မင်္ဂလာဒုံမြို့နယ်ကျောင်းသား များသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့နှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။
- မန္တလေးတွင် ယနေ့ မေလ၊ ၂၅ရက်နေ့၌ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ရဲဘော်များက ” တပ်မတော်ကြီး ချီလာပြီ၊ ပြည်သူတွေလည်းသေကုန်ပြီ “ဟူသော စာသားကို ဦးပိန်တံတားတွင် သွားရောက်ချိတ်ဆွဲခဲ့ကြသည်။
- စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် စျေးတစ်ခုတွင် ယနေ့ (မေလ ၂၅) နေ့လည်ပိုင်း၌ ကျောင်းသားလူငယ် များ ဦးဆောင် ၍ မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။ လူငယ်များက “ကျောင်းသားပြည်သူ လက်တွဲကူ တော်လှန်ရေးကို အောင်ပွဲထူ” ဟူသော စာတန်းပါဘန်နာကို ကိုင်စွဲ၍ သွေးသစ္စာသီချင်း သီဆိုပြီး အကြမ်းဖက် စစ်အာဏာရှင်ကို မဆုတ်မနစ်သောဇွဲဖြင့် ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။
- မုံရွာတွင် လက်ပံတောင်းတောင် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၅ ရက်နေ့ တွင် ဖက်ဆစ် စစ်တပ် သွေးစွန်းငွေ ဖြတ်တောက်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ဆားလင်းကြီးမြို့နယ်တွင် မုံရွာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် မုံရွာ အမြင့်လမ်း သပိတ် ဦးဆောင် ကော်မတီ လက်ပံတောင်းတောင် ပင်မ သပိတ် စစ်ကြောင်း တို့ပူးပေါင်းကာ ယနေ့ မေလ ၂၅ ရက်နေ့တွင် နယ်မြေ မငြိမ်သက် မှုများကြားမှ အကြမ်းဖက် စစ်တပ် သွေးစွန်းငွေ ဖြတ်တောက် ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို မေ ၂၅ ရက်နေ့တွင် ပြုလုပ် ကြသည်။
- ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲရွာအနီးတဝိုက်တွင် မတ် ၂၃ က KA နှင့် KNDF တပ်ရင်း ၁၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၀ ယောက်သေပြီး ကားတစ်စီးဖျက်ဆီး နိုင်ခဲ့သည်ဟု KNDF က ယနေ့ထုတ်ပြန်သည်။ ယင်းတိုက်ပွဲသည် မနက် ၁၁ နာရီမှစတင်ပြီး ညနေ ၆ နာရီခွဲအထိဖြစ်ပွားခဲ့ပြီး KNDF တပ်ရင်း ၂ နှင့် KPDF တို့က အားဖြည့်တိုက်ခိုက်ခဲ့ရသည်ဟု ထုတ် ပြန်သည်။ KNDF တပ်ရင်း ၂ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက အိမ် ၃ လုံး နှင့် သစ်သားပုံများအား မီးရှို့ခဲ့သည်ဟု ထုတ်ပြန်သည်။
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးဇော်သင်း ၏ နေအိမ်ကို စစ်ကောင်စီတပ်မှ ယမန်နေ့တွင် လာရောက်ချိတ်ပိတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နောင်ခိုရပ်ကွက်၊ ရွှေကျီးနားဘုရားလမ်းတွင်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း ၏ နေအိမ်အား စစ်ကောင်စီတပ်မှ ယမန်နေ့ မေလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် လာရောက်ချိတ်ပိတ်သွားခြင်းကြောင်း သိရသည်။ “မနေ့ကနေ့လည် ၂ နာရီလောက် မှာ စာလာကပ်သွားတာဟုတ်တယ်။ ဦးဇော်သင်းနဲ့မိသားစုကတော့ ရှောင်နေတာကြာပြီ အိမ်မှာ ဘယ်သူမှ မရှိပါဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။
- ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာတွင် အခြေစိုက် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA မဟာမိတ် People’s Force ပြည်သူ့အင်အားစု၏ ဒရုန်းတပ်ဖွဲ့မှက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ဒရုန်းဖြင့် ဗုံးကျဲသည့် ဗီဒီယိုကို မိတ်ဖက်ရေး ရာကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ KNU သထုံခရိုင် တပ်မဟာ ၁ က ယနေ့ မေလ ၂၅ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး မည်သည့်နေ့ရက်တွင် တိုက်ခိုက်ခဲ့သည်ကို ဖော်ပြထားခြင်း မရှိပေ။
- ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိသင်တန်းကျောင်းတွင်ပညာသင်ကြားခဲ့သည့် ခမီလူ ငယ်တစ်ဦးဖြစ်သူ မောင်ကျော်သန်းလင်းသည် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၄၈၅ မှတ် ဖြင့် ယခုဖွင့်လှစ်နေသည့်ရန်ကုန် ဆေးတက္ကသိုလ်အမှတ် (၂)သို့ တက်ခွင့်ရရှိကြောင်း ဂန္ဓာရီပရဟိ သင်တန်းကျောင်းမှ ခမီလူမျိုး ဂေဟာမှူးဦးသိန်းမောင်ထံမှ သိရသည်။ “ကျွန်တော်တို့ လူမျိုးအတွက် ဆေးကျောင်းတက်ရတဲ့သူက သူပထမဆုံးပဲ။သူကတအားကြိုးစားတာ”ဟု ၄င်းက ပြောသည်။ ဘူးသီးတောင်မြို့နယ် ရေဆူကျေးရွာဇာတိ ခမီလူမျိုးမောင်ကျော်သန်းလင်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ဘူးသီးတောင် အထက (၁)ကျောင်းမှ နေ၍ မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒစသည့် ဂုဏ်ထူး ၄ ဘာသာဖြင့် အောင်မြင်ခဲ့ကာ ခမီလူမျိုးများအနက် ပထမဆုံးအကြိမ် အဖြစ် ဆေးတက္ကသိုလ်တက်ခွင့်ရရှိခဲ့သူဖြစ်ကြောင်းလည်း၄င်းကပြောပြသည်။
- ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီများက ယနေ့နံနက်ပိုင်းတွင် ဆိုင်ကယ်စီးလာသူများအား သေနတ်များဖြင့် ပစ်ဖမ်းနေကြောင်းဒေသခံများထံမှသိရသည်။ ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် သန်လျင်ကျောက်တန်းအပိုင် ထမလုံစျေးရှေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရေတပ်တပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးပြည်သူများကို လာရောက် ဖမ်းဆီးနေကြောင်းသိရသည်။ ၎င်းတို့ဖမ်းဆီးတားမြစ်သည်ကို ဆိုင်ကယ် ကယ်ရီ မောင်းဆွဲနေသော ပြည်သူများက ထိတ်လန့်ပြီး ရပ်မပေးဘဲ မောင်းပြေးခဲ့သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ပြည်သူနှစ်ဦးထိမှန်ခဲ့ကြောင်းသိရသည်။
- အင်းစိန်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဗကသများအဖွဲ့ချုပ် နှင့် ရတကသတို့ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၃ ကို ယနေ့ မေလ ၂၅ ရက်နေ့တွင် ရန်ကုန် အင်းစိန်မြို့နယ်၌ ဖြန့်ဝေမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်နက် ရိက္ခာတင် ဆောင်လာသည့် စစ်သင်္ဘော ၃ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ယနေ့ မေလ ၂၅ ရက်နေ့တွင် ရှော့တိုက်ဒုံးများ၊ ရှေ့ထွက်မိုင်းများဖြင့် ပစ်ခတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး သင်္ဘော ၁ စီး ပျက်စီးကာ စစ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း မြို့လှ PDF တပ်ဖွဲ့မှ သိရသည်။ အကြမ်းဖက် စစ်တပ် စစ်သင်္ဘော ၃ စီးသည် ယနေ့ မွန်းလွဲပိုင်းတွင် ကသာမြို့ ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီး မွန်းလွဲ ၂ နာရီ ၃ဝ မိနစ် ခန့် တွင် ကသာ- အထက်ဘက် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုံး ၂ လုံး၊ H-22 မိုင်တဲမမ လက်လုပ်ရှေ့ထွက်မိုင်း ၇ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
- မကွေးတိုင်း ကျောက်ထုမြို့နယ်တွင် လမ်းကြောရှင်းလင်းရန် ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် မိုင်းအလုံး ၃ဝ ကျော်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျောက်ထု PDF(YRPA) တပ်ဖွဲ့ထံမှ သိရသည်။ မေလ ၂၄ ရက်နေ့တွင် တပြင်းကျေးရွာမှ ပုံတောင်သို့ စစ်ကြောင်းထိုးပြီး လမ်းကြောရှင်းရန် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းကို ကျောက်ထု PDF (YRPA)က နံနက် ၅ နာရီခန့်တွင် တိုက်မိုင်း ၂ လုံး၊ နံနက် ၉ နာရီခန့်တွင် တိုက်မိုင်း ၁ လုံးနှင့် ညနေ ၃ နာရီခန့်တွင် တိုက်မိုင်း ၁ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေ အတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
- ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းက ရိုဟင်ဂျာကျေးရွာတချို့ရှိ ဗလီဝတ် ကျောင်းတော်၊ စာသင်ကျောင်းများတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲနေထိုင်နေကြောင်း ကျေးရွာသားများက ပြောသည်။ “ကျွန်တော်တို့ရွာက ဗလီမှာ စစ်သားတွေလာနေတာ တစ်ပတ်လောက်ရှိနေပါပြီ။ ရွာသားတွေက စိုးရိမ်နေကြပါတယ်။ ဗလီနားတောင် သိပ်မသွားရဲကြတော့ဘူး”ဟု မောင်တောခရိုင်၊ ဘူးသီး တောင်မြို့နယ်၊ ဝရကျွန်းကျေးရွာနေရိုဟင်ဂျာတစ်ဦးကပြောသည်ဟု MPA သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါ ဒိုးတန်း၊ ဝရကျွန်းကျေးရွာများအတွင်းရှိ ဗလီကျောင်း၊ စာသင်ကျောင်းနှင့် ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်မှအင်အား ၂၀၀ နီးပါးလာရောက် တပ်စွဲနေထိုင်နေကြသည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဟုလည်း ရွာသားများက ပြောသည်။
- စစ်ကိုင်းတိုင်းဒေသကြီး၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပေါ်မှာ စစ်ကောင် စီတပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ပုံစံဟန်ဆောင်ပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးနေတာကြောင့် သတိထားသွား လာကြဖို့ ဆားလင်းကြီး PDFကပြောထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အပေါ်အောက်အနက်ရောင်တွေဝတ်ဆင်ပြီး PDFအသွင်ဆောင်ကာ ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးနေတာမြင်တွေ့ရတဲ့အတွက် ဆားလင်းကြီး GZ Local PDF က ဒီနေ့မေ(၂၅) မှာ အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။
- ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့ပေါ်သို့ ညပိုင်းအချိန်၌ ဖြတ်သန်းသွားလာသည့် ကုန်တင် ယာဉ်များကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲက ငွေကြေးတောင်းရမ်းမှုများ ပြုလုပ်နေကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။ တောင်ကြီးမြို့ဝင် ထုံးဖိုဂိတ်၊ မြကန်သာအဝိုင်းပါတ်အနီး၊ ဧရာဝတီလမ်းဆုံနှင့် တောင်ကြီး-ကျောက်တလုံးသွားလမ်းမကြီး၊ မီးရထားသံလမ်းဂိတ်တို့တွင် ညပိုင်းအချိန်ဖြတ်သန်းသွားလာသည့် ယာဉ်များကို စစ်တပ်နှင့် ရဲက ငွေကြေးတောင်းရမ်းနေခြင်းဖြစ်သည်ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။