တိုင်းရင်းသားများသတင်း

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

နစေ့ဉ်တိုင်းရင်းသတင်း

 

(No. 108 , June 29, 2021)

 

၁။ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲအစီစဉ် ပါဝင်ခဲ့သော နောင်မွန် ခရစ်ယာန်ဓမ္မဆရာ ၃ ဦး တရားစွဲခံရ
28 June 2021

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီစဉ်တွင် ပါဝင်ခဲ့သော နောင်မွန်မြို့နယ်မှ ကချင် ခရစ်ယာန်ဓမ္မ ဆရာ တော် ၃ ဦး ကို ပုဒ်မ ၅၀၅(က) ဖြင့် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့စစ်တို့က တရားစွဲဆိုထားကြောင်း သိရသည်။

ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်မြို့နယ်တွင် ပြီးခဲ့သော မတ်လ ၃ရက်နေ့က လူငယ်များဦးဆောင်ပြီး ‘မြန်မာနိုင်ငံ တရားမျှတမှုအမြန်ဆုံး ရောက်ရှိလာရေး’ ခေါင်းစဉ်ဖြင့် နောင်မွန်း ရိုးရာယဉ်ကျေးမှုခန်းမဆောင်တွင် ဂိုဏ်းပေါင်းစုံအထူး ဆုတောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့ရာ ထိုအစီစဉ်တွင် တက်ရောက်ပါဝင်ခဲ့သော ခရစ်ယာန် ဓမ္မဆရာ ၅ ဦးအနက် ၃ဦးကို ဇွန်လ ၂၇ ရက်နေ့က တရားစွဲဆိုထားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောသည်။“ပြည်သူ့စစ်နဲ့ စစ်ကောင်စီရဲ့ လက်ပါးစေ တို့ပူးပေါင်းပြီး မနေ့ကဘဲ တရာစွဲလိုက်တယ်လို့ သိရသည်။ တရားစွဲတာက ဆုတောင်းပွဲမှာ ဦးဆောင်ပြုလုပ်ခဲ့လို့တဲ့။ ဆုတောင်းပွဲပြုလုပ်တာက လူငယ်တွေဖြစ်တယ်။ လူငယ်တွေက KIA နဲ့ပူးပေါင်းပြီး PDF လုပ်နေ တာ ဖြစ်တယ်။ ဒါကြောင့် ဆက်စပ်မှုရှိတယ်ဆိုပြီး တရားစွဲတဲ့သဘောဟုတ်တယ်။ အမှန်တော့ ဆရာတွေက အစီအစဉ်မှာ လာရောက်ဆုတောင်းပေးတာဘဲရှိတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီ၏ လက်ပါးစေဟု ယူဆရသည့် ပူတာအိုဒေသခံ ဦးမယစ်ယောရှုနှင့် ဇာကွန်းဂျောင်းဆာရ်တို့က တရားလိုပြုလုပ် ကာ တရာစွဲဆိုထားသောကြောင့် ယနေ့ မေလ ၂၈ ရက်နေ့ နောင်မွန်မြို့မှ ပူတာအိုမြို့သို့ ရဲကားဖြင့် အမှုရင်ဆိုင်ရန် ခေါ် ဆောင်သွားသည်ဟု သူကဆက်ဆိုသည်။ ဆုတောင်းပွဲတွင် ပါဝင်မှုကြောင့် တရားစွဲဆိုခံထားရသည့် ဆရာတော် ၃ ပါး မှာ သိက္ခာတော်ရဆရာတော် ဂိုရှန်ဆင်ဆားရ် (နှစ်ခြင်းခရစ်ယာန်အသင်းတော်) ၊ သိက္ခာတော်ရဆရာတော် ဇဂေါန်ထီန (ခရစ်တော်၏အသင်းတော်) ၊ သိက္ခာတော်ရဆရာတော် မဟောင်ဒီး (ရဝမ်နှစ်ခြင်း အသင်းတော်) တို့ဖြစ်သည်။ ထို့အပြင် နောင်မွန် KBC ဘုရားကျောင်းနှင့် အမှုတော်ဆောင်များကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ချိတ်ဆက်နေ သူများဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့နှင့် USDP ပါတီဝင်များက စွပ်စွဲမှုများ ရှိခဲ့သည်။

၂။ SSPP ရှမ်းလက်နက်ကိုင်အဖွဲ့အား ဆန္ဒပြစဉ် ဗုံးပေါက်ကွဲမှုဖြစ်၊ ၁ ဦးသေဆုံး ၅ ဦး ဒဏ်ရာရ
28 June, 2021

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ထဲမှာ ဒီကနေ့ နေ့ခင်းပိုင်းက ပြည်သူတွေက SSPP ရှမ်းလက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ခန့် ဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာပြင်းစွာ ရရှိခဲ့ပါတယ်။

နမ့်ခမ်းမြို့ မန့်ဆွမ်းကျေးရွာက ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် ၁ ဦးကို SSPP လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားပြီး သူတို့ လက်ထဲ သေဆုံးသွားတဲ့အပေါ်မကျေနပ်လို့ ဒေသခံတွေဟာ မနေ့ညက မန့်ဆွမ်းရွာမှာ တစ်ကြိမ်ဆန္ဒပြခဲ့ပြီး ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှာလည်း လူအင်အား ၁၀၀၀ ကျော်နဲ့ နမ့်ခမ်းမြို့လယ်ကောင် ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက်ဆန္ဒပြ လာခဲ့ကြပါတယ်။ ဆန္ဒပြစစ်ကြောင်းဟာ နမ့်ခမ်းဈေးကြီးနား ရောက်ခါနီးမှာတော့ အရှေ့မှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားရတယ်လို့ ဆန္ဒပြတဲ့ထဲပါဝင်သူ ပြည်သူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ “ပေါက်ကွဲတာက ကျနော်တို့ရှေ့နားလေး တင် ပေ ၂၀ – ၃၀ လောက်အကွာ ဈေးထောင့်မှာ ဖြစ်သွားတာပါခင်ဗျ။ ကျနော်တို့က အနောက်ဘက်လောက်မှာဆိုတော့ ဖြစ်စဉ်ကို မတွေ့ဘူး။ ပေါက်ကွဲသံတော့ ၆ ခါလောက် ကြားရတယ်။ အဲဒီလိုဖြစ်တော့ ဆန္ဒပြတဲ့လူစုလည်း ကွဲသွားတယ်။ အဲဒီနားက လူတွေ မေးကြည့်တာတော့ ဗုံးခွဲတဲ့လူက ၄ ယောက်ရှိတယ်။ ဆိုင်ကယ် ၂ စီးနဲ့ လာတယ်။ ဆိုင်ကယ်ပေါ်ကနေ ပစ်ချတဲ့သဘော၊ ဒါပေမဲ့ ၁ စီးက သူတို့လည်းဗုံးထိပြီး ၁ ယောက်သေ ၁ ယောက်ဒဏ်ရာပြင်းတယ်၊ တချို့လည်း ၂ ယောက်လုံး သေတယ်လို့ပြောတယ်။ ဘာလို့လဲဆိုတဲ့ အဲဒီ ၂ ယောက်မှာ သေနတ်ပါတယ်၊ မပေါက်သေးတဲ့ဗုံးလည်း ပါတယ်တဲ့၊ သူတို့ကို စစ်တပ်က လာသယ်သွားတော့ နောက်ဆက်တွဲမသိရဘူး။”

ဒါ့အပြင် အဆိုပါပေါက်ကွဲမှုကြောင့် ဈေးရှေ့မှာ ရွှေရင်အေး ရောင်းနေတဲ့ မိန်းကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရသွား သလို ဈေးနဲ့တပြလောက်သာကွာဝေးတဲ့ မြို့လယ်ဘုရားနားမှာလည်း Vigo အဖြူရောင်ကား ၁ စီးပေါ်ကနေ ဗုံးပစ်ချသွား လို့ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးမှာ ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရ အရပ်သားပြည်သူတွေကို ပရဟိတလူမှုကူညီရေးအဖွဲ့က ဆေးရုံကို ပို့ပေးပြီး ဆိုင်ကယ်စီး လက်နက်ကိုင် ၂ ဦး ကိုတော့ စစ်တပ်နဲ့ ရဲတွေ လာသယ်သွားတယ်လို့ ဆိုပါတယ်။

၃။ ရခိုင်မျိုးချစ်ပါတီ ဥက္ကဋ္ဌဟောင်းကို အမည်မသိ လက်နက်ကိုင်တွေ ဖမ်းဆီးသွား
June 28, 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရခိုင်မျိုးချစ်ပါတီ (APP) ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်းကို ဒီနေ့ နေ့လယ်က စစ်တွေမြို့ လယ် မှာရှိတဲ့ အိုးတန်းရပ်ကွက်ကနေ အမည်မသိ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ မိသားစုက RFA ကို ပြောပါတယ်။ ဦးဇော်ဝင်းထွန်းဟာ နေ့လယ် ၁ နာရီအချိန်လောက်က အိုးတန်းရပ်ကွက် မူလွန်ကျောင်းမှာတက်ရောက် နေတဲ့ လေးတန်းအရွယ်သမီးဖြစ်သူကို မုန့်စားဆင်းချိန်အပြီး ကျောင်းကိုပြန်လာပို့ရာမှာ အမည်မသိလက်နက်ကိုင်အနည်း ဆုံး ခြောက်ဦးခန့်က ကားပေါ်ကို ဆွဲတင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ညီဖြစ်သူ ကိုထွန်းလင်း က ပြောပါတယ်။

အရပ်ဝတ်တွေဝတ်ပြီး ပီစတိုလို့ ယူဆရတဲ့ သေနတ်တိုတွေ ကိုင်ဆောင်ထားတဲ့ အဲဒီလက်နက်ကိုင်တွေဟာ စာသင်ကျောင်း ရှေ့မှာ မှန်လုံကားကို အဆင်သင့်ရပ်ပြီးတော့ စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး ဦးဇော်ထွန်းက သမီးကို ကျောင်းထဲကိုပို့ပြီး ပြန်အထွက်မှာ ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ ဆိုပါတယ်။ အဲဒီလက်နက်ကိုင်တွေဟာ မျက်နှာမှာနှာခေါင်းစည်းတွေ တပ်ဆင် ထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ ကို မမှတ်မိလိုက်ဘူးလို့လည်း အခင်းဖြစ်နေရာအနီးမှာ ရှိနေတဲ့ မျက်မြင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဦးဇော်ဝင်းထွန်းရဲ့ ညီဖြစ်သူ ကိုထွန်းလင်းက ပြောပါတယ်။

ဦးဇော်ဝင်းထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ရခိုင်မျိုးချစ်ပါတီ (APP) ဟာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မှာ နိုင်ငံရေး ပါတီအဖြစ် ထူထောင်ခဲ့ပြီး ၂၀၁၉ ဇွန်လ ၁၃ ရက်နေ့မှာ ပါတီကို တရားဝင်ဖျက်သိမ်းပြီး ပါတီဝင်တွေဟာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီထဲကို ဝင်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဦးဇော်ဝင်းထွန်းဟာ ပါတီနိုင်ငံရေးတွေကို ဆက်မလုပ်တော့သ လိုအခြားပြဿနာတွေလည်းမရှိတာကြောင့် ဖမ်းဆီးထားသူတွေအနေနဲ့အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း ဦးဇော်ဝင်းထွန်း ရဲ့ မိသားစုက တောင်းဆိုပါတယ်။

၄။ စစ်ကောင်စီတပ်၏ တကျော့ပြန်ပေါ်တာဆွဲမှုကြောင့် ရွှေကျင်ဒေသခံများ စိုးရိမ်ကြောက်ရွံ့မှုဖြင့် နေထိုင်ရ
June 28, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ် (တပ်မဟာ-၃) တွင် ဒေသအတွင်းရှိ စစ်ကောင်စီတပ်၏ တကျော့ပြန်ပေါ်တာဆွဲမှုကြောင့် ဒေသခံလူထုများမှာ စိုးရိမ်ကြောက်ရွံ့မှုများ ဖြင့် နေထိုင်ကြရသည်ဟု သိရသည်။

ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၁၂) လက်အောက်ခံ ခြေမြန်တပ်ရင်း- ခမရ (၅၄၈) နှင့် စကခ (၈) လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ (၄၀၂) တို့သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က ဆောထိမြို့ နယ် ဘလောခိုကျေးရွာရှိ ရွာသား (၁၃) ဦးကို ပေါ်တာဆွဲရန် လာရောက်ဖမ်းဆီးမှုများရှိသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “စစ်တပ်က ပေါ်တာလာဖမ်း တာဟုတ်ပါတယ်။ ပြန်တော့ပြန်လွှတ်ပေးလိုက်ပြီ။ NCA ထိုးပြီးတဲ့နောက်ပိုင်း စစ်တပ်က ဒီလိုပေါ်တာလာဖမ်းတာ တစ်ခါမှ မရှိတော့ဘူး။ ရွာထဲကိုဝင်ပြီး ဒီလိုပေါ်တာလာဖမ်းတာတွေ ပြန်လုပ်တော့ ဒေသခံတွေက စိုးရိမ်ပြီး ခဏတိမ်းရှောင်လိုက် တာရှိတာပေါ့။ အခုတော့ ရွာထဲကိုအားလုံးပြန်လာပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်က ဒေသအတွင်း ပေါ်တာဆွဲခေါ်မှုများ လုပ်ဆောင်သည့်အတွက် ဘလောခိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၁၁) ရွာမှ ဒေသခံတစ်ထောင်ကျော် ခေတ္တထွက်ပြေးတိမ်းရှောင်ခဲ့ရသလို အဆိုပါဒေသခံများသည် ယခု အချိန်တွင် ၎င်းတို့နေအိမ်သို့ ပြန်ရောက်နေကြပြီးဖြစ်သော်လည်း ထပ်မံပေါ်တာလာဆွဲခံရမည်ကို စိုးရိမ်နေကြသည်ဟု သိရှိ ရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ (၃) ဆောထိ (ရွှေကျင်) မြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ဒရုန်းနှင့် စုံစမ်းထောက်လှမ်းမှုများ မကြာခဏ လုပ်ဆောင်သည့်အပြင် ပြီးခဲ့သည့် မတ်လ (၃၀) ရက်နေ့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ထောင်နှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင် ခဲ့ရသည်ဟု နယ်မြေခံလူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

၅။ မူဆယ်မြို့အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ
June 28, 2021

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ နောင်လောင်းကျေးရွာအုပ်စု မန်ဟောင်းလွယ်ကျေးရွာမှ အမျိုးသားတစ်ဦးသည် ပြီးခဲ့ သည့် ဇွန်( ၂၆ )ရက် ည (၈) နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခံရကြောင်း သိရသည်။“ သေနတ် ကိုင်ထားတဲ့ လူ (၃) ယောက်က အိုက်ကျန်ရဲ့ နေအိမ်ကိုလာတယ်။ အိုက်ကျန် ဘယ်သွားလဲဆိုပြီး သူ့အဖေကိုလာမေးတယ်၊ အဲ့ချိန်မှာ သူ အိမ် မှာ မရှိသေးဘူး၊ သူတို့က(လက်နက်ကိုင်) ဆိုင်ကယ်နား ပြန်သွားပြီးစောင့်နေတယ်၊ အိုက်ကျန်က ပြန်လာတော့ သူတို့က သေနတ်နဲ့ (၅)ချက်ပစ်ထည့်လိုက်တာ”ဟု စိုင်းအိုက်ကျန်နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စိုင်းအိုက်ကျန် သေနတ်ထိမှန်ခံရသည့် ဒဏ်ရာများမှာ ရင်ဘတ်တွင်(၂)နေရာ၊ ခါးအောက်၊ လက်မောင်းနှင့် ဝမ်းဗိုက်တို့တွင် တစ်ချက်စီ ကျည်ထိမှန်ပြီး နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှုခံယူ နေကြောင်း ၎င်းက ပြောသည်။“သူ့ကို ရင်ဘတ်မှာရယ် ပြီးတော့ ခါးအောက်၊ လက်မောင်းဆုံနဲ့ ဝမ်းဗိုက်တွေမှာ သေနတ်မှန်ထားတယ်၊ သူ့ ခန္ဓာကိုယ်မှာ ချည်း စုစုပေါင်းကျည်(၅)ချက်ထိတာ။၊ အခုက နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ကုနေတယ်”ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသည့် စိုင်းအိုက်ကျန်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး SSPP/SSA တွင် ၂၀၁၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း SSPP/SSA ၏ သတင်း ဝက်ဆိုဒ်စာမျက်နှာတွင် တင်ထားသည်။ အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး စိုင်းအိုက်ကျန် ၏ မိသားစုဝင်တစ်ဦး က “အရင်ကတော့ သူ SSPP/SSA မှာလုပ်ဖူးတာတော့ ကြားမိပါတယ်၊ ဒါပေမယ့် သူအလုပ်နားပြီးနောက်ပိုင်း ကျနော်တို့နဲ့အတူ လယ်ခြံအလုပ်တွေပဲလုပ်နေတာပါ”ဟု ဆိုသည်။

၆။ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့မှ ဒေသခံများ၏ ကား၊ ဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီးသိမ်းဆည်း
June 28, 2021

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေလောင်အင်းကျေးရွာအုပ်စု ဏကြီးကျေးရွာတွင် စစ်ကောင်စီနှင့်နယ်ခြား စောင့် တပ် (BGF) အင်အားတစ်ရာကျော်ရှိသည့် ပူးပေါင်းတပ်ဖွဲ့မှ ဒေသခံကျေးရွာသားများ၏ ကား၊ ဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီး သိမ်းဆည်းမှုများကို ယနေ့ (ဇွန် ၂၈) ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီ၏ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၄၉)၊ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၄၀၂) တပ်ဖွဲ့ဝင်များနှင့် အမှတ် (၁၀၁၁) နယ်ခြားစောင့် (BGF) တပ်ရင်းမှ ဗိုလ်မှူးဟင်နရီဦးဆောင်သည့် တပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ ဖြတ်သန်းသွားလာနေ သည့် ကား၊ ဆိုင်ကယ်များအားလုံးကို အကြောင်းပြချက်မရှိ ဖမ်းဆီးသိမ်းဆည်းနေကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။“အခုက ဖုန်းလိုင်းတွေလည်း ပိတ်ထားတယ်။ ပြီးတော့ လမ်းကို သူတို့ပိတ်ထားပြီး လာသမျှ ကား တွေ ဆိုင်ကယ်တွေကို အကုန်ဖမ်းသိမ်းတာ။ အခုအချိန်ထိ ဆိုင်ကယ်က အစီး ၆၀ လောက်ရှိနေပြီး၊ ကားကတော့ ၅ စီး ၆ စီးလောက်ရှိမယ်။ အခုက ဏကြီး စာသင်ကျောင်းမှာပဲ ထားတာ။ အဲ့မှာ စစ်ကောင်စီတပ်ကော၊ BGF ကော ကား ဆိုင်ကယ်ပိုင်ရှင်တွေကော အကုန်ရှိနေတယ်။ အခုလို လမ်းပိတ်မယ်ဆိုတာကိုလည်း ဒေသခံတွေကို ကြိုမပြောသလို ဘာကြောင့် ဖမ်းသိမ်းတာလည်း မပြောဘူး။ ဒါပေမဲ့ တစ်ခုပြောတာက အခုအချိန် လမ်းကို ကား ဆိုင်ကယ်ပေး မသွားဘူး လို့ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒေသသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၁) နယ်မြေထဲတွင်ရှိနေပြီး လက်ရှိတွင် ပိန္နဲတော ဘက်ခြမ်းရှိ လမ်းများကိုလည်း အကုန်ပိတ်ဆို့ထားပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အသစ်ရောက်ရှိလာသည့် တပ်ရင်းတပ်ဖွဲ့ဝင်များဖြစ်ကာ ဗိုလ်မှူးဟင်နရီဦးဆောင်သည့် နယ်မြေခံ BGF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း လုပ်ဆောင်နေပြီး အင်အား ၁၈၀ ကျော်ခန့်ရှိသည်ဟု KNU ဘက်ကပြောသည်။ လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ တပ်အင်အား တိုးချဲ့လာပြီး ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ဖြတ်ထားသလို လမ်းများကိုပါ ပိတ်ဆို့တားမြစ်မှုများ ပြုလုပ် နေ၍ စစ်ဆင် ရေးများ ပြုလုပ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများကဆိုသည်။

၇။ ဖားကန့်တွင် ကိုဗစ်-၁၉ လက္ခဏာ ခံစားရသူ အများအပြားရှိလာနေ
28 June 2021

ဖားကန့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာခံစားနေရသူ အယောက် ၂၀ ကျော်က အကူညီပေးရန် ဆက်သွယ်လာကြောင်း ဖားကန့်မြို့ ကွန်း လူမူကူညီရေးအသင်း တာဝန်ရှိသူများထံမှ သိရသည်။“ကိုဗစ်လက္ခာဏာပြလို့ ဖျားနေတယ်ဆိုပြီး ကျနော့်ဆီဆက်သွယ်လာတာတော့ ၂၀ ဝန်းကျင်လောက်ရှိမယ်။ တစ်ချို့ရပ်ကွက်တွေမှာက ကိုယ့်ဟာကိုကြိတ်ပြီး ကုနေ တဲ့သူတွေရှိတယ်။ ခုဟာက ခါတိုင်းလို ကွာရန်တင်း စင်တာတွေ မလုပ်ရသေးတဲ့အခါကျတော့ အခက်ခဲလေးတွေရှိတယ်” ဟု ကွန်း ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖားကန့်မြို့တွင် ကိုဗစ်လူနာများအား သီးသန့် ကုသပေးသည့် ကွာရန်တင်းစင်တာများ မရှိသည့်အတွက် ပိုးကူး စက်ခံထား ရသူ၊ ရောဂါလက္ခဏာပြသူများသည် ပုဂ္ဂလိကဆေးရုံများတွင် သွားရောက်ကုသနေကြသလိုအချို့မှာတိတ်တိတ်လေး ကုသ နေကြကြောင်းသိရသည်။“ဒီမှာက အလုပ်သမားများတော့ ဘယ်ကလာပြီး ဘယ်ကိုထွက်လို့ဘယ်လို ကူးစက် လာတာလဲ ဆိုတာကိုတော့ ကျနော်တို့လည်း မသိနိုင်ပါဘူး။ ခါတိုင်းဆို ဂိတ်တွေနဲ့ ကွာရန်တင်းစင်တာတွေနဲ့ ကြီးကြပ်တွေနဲ့ ဆိုတော့ လိုက်ရတာမြန်တယ်။ ခုက အဲဒါတွေမရှိတော့ မသိနိုင်ဘူး”ဟု ကွန်း ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအနက် ဖားကန့်မြို့နယ်တွင် ပိုးတွေ့လူနာ (၆၁၀) ဦးဖြင့် အများဆုံးရှိခဲ့ပြီး သေဆုံးသူ (၂)ဦးထိ ရှိခဲ့သည်။

၈။ လားရှိုးမြို့ကိုဗစ်-၁၉ ကြောင့်သေဆုံးသူများလာသဖြင့် ကျောင်းများ ယာယီပြန်ပိတ်
June 28, 2021

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ များလာသဖြင့် အခြေခံပညာကျောင်းများကို
(ဇွန် ၂၈ )ရက် မှစတင်ပြီး ယာယီ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ (ဇွန် ၂၇ ) ရက် မှစတင်ကာ လားရှိုးမြို့ကို at Home အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ကြေညာလိုက်သည်။ လားရှိုး မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးကို ယာယီပြန်ပိတ်လိုက်ကြောင်း လားရှိုးမြို့၊သျှမ်းပြည်နယ် ပညာရေးမှူးရုံး (ရုံးခွဲ) မှ ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အပြင် ပြည်နယ်(သျှမ်း)၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများရှိ ရုံးဝန်ထမ်းများကို အလေ့ကျစနစ်ဖြင့်သာ တက်ရောက်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ ကျောင်းများပိတ်သွားသည့် ကိစ္စနှင့် ပက်သက်ပြီး လားရှိုးမြို့နေ ကျောင်း သား မိဘ တစ်ဦးက “ သူတို့ အခုလို ကျောင်းပိတ်သွားတယ်ဆိုလည်း ကောင်းပါတယ်၊ အရင်ကလည်း ကျောင်းတက် တဲ့ သူတွေမှ သိပ်မများတော့ ကိုဗစ်ကို အကြောင်းပြပြီး ကျောင်းပိတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေတဲ့လူတွေလည်း တကယ်ရှိတော့ ကျောင်းပိတ်လိုက်တာ ကောင်းပါတယ်”ဟု ၎င်းက ပြောသည်။ လားရှိုးမြို့တွင် ကိုဗစ် – ၂၉ ရောဂါပိုး ကူးစက်ခံရသူ (၃၀၀) ကျော်ရှိသွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူမှာ (၈) ဦးထက် မနည်း ရှိလာချိန်မှာ ယခုလို အခြေခံပညာရေးကျောင်းများပိတ်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

၉။ ချင်းပြည်နယ်မှာ တစ်လခွဲအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိ
June 28, 2021

ချင်းပြည်နယ်မှာ Covid-19 ကြောင့် ဇွန်လ ၂၇ ရက် မနေ့ကအထိ တစ်လခွဲအတွင်း သေဆုံးသူ ၅၃ ဦး ရှိနေပြီလို့ ချင်းပြည် နယ်ထဲက Covid-19 ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့မှာ မေလ ၁၂ ရက်နေ့ကစပြီး Covid-19 စတင်ဖြစ်ပွားခဲ့ရာကနေ တစ်ခြားဒေသတွေဆီ ကူးစက်ပျံ့နှံ့ သွားတာ ဖြစ်ပါတယ်။ ဖလမ်းမြို့မှာ ၂၅ ဦး၊ တီးတိန်မြို့မှာ ၁၀ ဦး၊ တွန်းဇံမြို့မှာ ၁၇ ဦးနဲ့ ထန်တလန်မြို့မှာ တစ်ဦး တို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၇ ရက်မနေ့က ဖလမ်းမြို့မှာ လူပေါင်း ၁၁၅ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၂၂ယောက် ရှိခဲ့ပြီး ဖလမ်းမြို့ တစ်မြို့လုံးမှာ ပိုးတွေ့လူနာပေါင်း ၂၁၈ ဦး ရှိနေပြီဖြစ်ပါတယ်။ ဖလမ်းမြို့ပေါ်နဲ့ ရွာတွေမှာ Covid-19 ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၂၅ ဦးအထိ ရှိနေပြီဖြစ်ကာ ချင်းပြည်နယ်ထဲမှာ သေဆုံးသူ အများဆုံးမြို့ ဖြစ်တယ်လို့ Covid-19 ကူညီကယ် ဆယ်ရေး ပရဟိတအဖွဲ့တွေက ပြောပါတယ်။ ဖလမ်းမြို့ကို ဒေသခံမြို့မိမြို့ဖတွေက ဇွန်လ ၂၃ ရက်နေ့ကစပြီး အသွား အလာကန့်သတ် Lockdown ချထားပြီး တီးတိန်မြို့ကိုလည်း ဇွန်လ ၂၅ ရက်နေ့ကစပြီး Lockdown လုပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇွန်လ ၂၇ ရက်နေ့အထိ Covid-19 ပိုးတွေ့သူ တစ်သိန်းငါးသောင်းသုံးထောင့်တစ်ရာခြောက်ဆယ်ရှိပြီး သေဆုံးသူ သုံးထောင့်နှစ်ရာ ကိုးဆယ့်ခုနှစ်ယောက်ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၁၀။ စစ်တပ် သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့
June 29, 2021

သျှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့မှ Non -CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူးဖြစ်သည့် ဒေါ်သူဇာအေး၏ လက်ကိုင် ဖုန်း သို့ ဇွန် (၂၅)ရက်တွင် လက်ကိုင်ဖုန်းထံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့က ခြိမ်းခြောက်စာပို့လာကြောင်း စုံစမ်းသိရသည်။

ခြိမ်းခြောက်ခံရသူ သိန္နီမြို့နယ် ဒေါ်သူဇာအေးက ခြိမ်းခြောက်ခံရသည့် ပတ်သက်၍ အထက်ဌာနသို့ ဇွန်လ(၂၆)ရက်နေ့ ညနေ(၄)နာရီ (၄၄)မိနစ်အချိန်က အထူးကြေးနန်းရေးသား ပေးပို့ထားသည့် ကြေးနန်းတစ်စောင် ပေးပို့ကြောင်း သိန္နီမြို့ နယ်နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“သူက စစ်တပ်သတင်းပေးဒလန်ပါ။ သူ့ကို ဇွန်လ ၂၅ ရက်နေ့ က KIA၊ MNDAA တို့က ခြိမ်းခြောက်စာပို့လာတယ် ကြားတယ်၊ ဇွန်လ ၂၆ ရက်နေ့မှာတော့ သူက အဲ့အကြောင်းကို သူ့ အထက်ဌာနနဲ့ စစ်ကောင်စီ အချို့ကို အထူးကြေးနန်းနဲ့ တိုင်ကြားတယ်ဆိုတဲ့ သတင်းက အပြင်ကို ပေါက်ကြားလာတယ်” ဟု သိန္နီမြို့နေ ပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကြေးနန်းတွင် ၎င်း၏ လက်ကိုင်ဖုန်းနံပါတ်သို့ (KIA/MNDAA)တို့ ပေးပို့လာသည့် ခြိမ်းခြောက် စာမှာ “ကျောင်း ပိတ်ပြီး ဆရာ/ဆရာမ ဝန်ထမ်းတွေကို အမြန်ရုပ်သိမ်းပေးလိုက်ပါ၊ သူတို့အတွက် အာမ မခံနိုင်ဘူး၊ လိုက်နာမှုမရှိရင်တော့ ရှိတာ အကုန်သွားတော့မယ်”ဟုသိရသည်။ ဒေါ်သူဇာအေး သည် ယခင်က ကြံ့ခိုင်ရေးပါတီ၏ အလုပ်အမှုဆောင် အတွင်း ရေးမှူးတစ်ဦးဖြစ်သည့် အပြင် CDM လုပ်ဆောင်သည့် သိန္နီမြို့နယ်အတွင်းမှ ဆရာ/မများ၏ နာမည်စာရင်းနှင့် ကိုယ်ရေးရာ ဇဝင်များကို စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့နှင့် စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်သို့ သတင်းပေးပို့ သူဖြစ်ကြောင်းလည်းသိရ သည်။ ဒေါ်သူဇာအေးသည် CDM ပညာရေးဝန်ထမ်းများအပေါ် ဖိအားပေးခြိမ်းခြောက်သူဖြစ်သည့်အတွက် သိန္နီမြို့နေ ပြည်သူများက ၎င်းအား Social Punishment လုပ်ဆောင်ထားကြသည်ကိုလည်း သိရသည်။

၁၁။ ပြည်သူတွေကိုကာကွယ်ဖို့ ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ်ပြောကြား
June 28, 2021

ပြည်သူလူထုတွေကိုကာကွယ်ဖို့ ကရင်နီတပ်မတော် (KA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ဇွန်လ ၂၅ ရက်နေ့မှာပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၇၀ ရဲ့ သင်တန်းဆင်းပွဲမှာ ကရင်နီရဲဘော်တွေကို ပြောကြားသွား တာဖြစ်ပါတယ်။“ပြည်သူလူထုတွေကို ကာကွယ်ရမှာပေါ့။ လိုအပ်တဲ့နေရာ၊ ကိုယ့်ပြည်သူလူထု၊ ကရင်နီပြည်သူလူထုကို ကာကွယ်ရမှာ ဒါပဲရှိတယ်” လို့ ဗိုလ်ချုပ် အောင်မြတ်က ပြောပါတယ်။ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုများ အချင်းချင်းစည်း လုံးညီညွတ်ပြီး အမျိုးသားသစ္စာဖောက်တွေ ဝင်လာနိုင်တာကြောင့် သတိထားကြဖို့လည်း သူက ပြောကြားသွားပါတယ်။

သင်တန်းကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ထိန်းချုပ်ဧရိယာထဲမှာ ပြုလုပ်ခဲ့ပြီး နေရာဒေသအသီးသီးမှ သင်တန်း သားဦးရေ ၁၈၀ ဦးတက်ရောက်ခဲ့ကြပြီး သစ္စာရေသောက်ခဲ့ကြပါတယ်။ ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးနဲ့ တပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ မေလအတွင်းမှစပြီး တိုက်ပွဲပြင်းထန်လာတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ရတဲ့ ကရင်နီစစ်ရှောင်ဦးရေ တစ်သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။

၁၂။ ပူတာအိုတွင် လာဖမ်းသည့် လူငယ်ကို မမိသဖြင့် ယောက်ဖဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား
28 June 2021

ပူတာအိုမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီးချိန် ထိုလူငယ်မရှိ သည့်အတွက် သူ၏ယောက်ဖဖြစ်သူကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဇွန်လ ၂၈ ရက် ယနေ့ မွန်းလွဲ ၃နာရီဝန်းကျင်ခန့်တွင် ပူတာအို မြို့မရပ်ကွက်နေထိုင်သူ ရင်းထန်ထယ်ရမ်ကို ရဲနှင့်စစ်သား များက အိမ်စီးကားအပါ ကား ၆စီး၊ စစ်အင်အား ၄၀ ဝန်းကျင်ခန့်က လာရောက်ဝန်းရံ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မျက်မြင် သက်သေတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုခဲ့သည်။“သူတို့လာဖမ်းတဲ့ လူငယ်က မရှိတော့ သူ့ယောက်ဖကို ဖမ်းဆီးသွားတယ်။ လူစားအဖြစ်နဲ့ ဖမ်းဆီးသွားတဲ့ပုံစံဟုတ်တယ်။ လာဖမ်းတဲ့ သူက ထွက်ပြေးလွတ်သွား တော့ သူ့အိမ်မှာရှိနေတဲ့ သူ့ယောက်ဖဖြစ်သူကို ခေါ်သွားတယ်။ အဲ့ကြောင့် ဖမ်းခံရတဲ့ သူရဲ့မိသားစုဝင်တွေက အရမ်းစိုး ရိမ်နေတယ်” ဟု ပြောဆိုသည်။

ကိုရင်းထန်ထယ်ရမ်ကို စစ်ကောင်စီက လာရောက်ဖမ်းဆီးမှုမှာ စစ်ကောင်စီ ဒလန် သတင်းပေးချက်အရ ဖြစ်သည်ဟု သိရ သည်။ ဖမ်းဆီးခေါ်ဆောင်သွားခံရသူမှာ အသက် ၃၀ ဝန်းကျင် ဦးရင်ထန်ဒီး ဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းခံထားကြောင်း သိရသည်။

၁၃။ ကျေးသီးမြို့နယ် RCSS နှင့် SSPP တို့ စစ်ရေးတင်းမာနေဆဲ
June 29, 2021

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း သျှမ်းတပ်(၂)တပ် စစ်အင်အားများလည်း ထပ်မံဖြည့်ကြပြီး စစ်ရေး ဆက်လက် တင်းမာနေဆဲ ဟု စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် အတွင်း ဇွန် ၁ရက်မှ စတင်ကာ သျှမ်းတပ်(၂)တပ်သည် နယ်မြေကျူးလွန်မှုဆိုသည့် အငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေသည်။

ထို့ပြင် ဇွန် ၁၃ရက် မှစတင်ကာ သျှမ်းတပ်(၂)တပ်သည် စစ်အင်အားဖြည့်တင်နေကြပြီး၊ တိုက်ပွဲ အချိန်မရွေး ပြင်းထန်လာ နိုင်သဖြင့် ကျေးသီးမြို့နယ် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကို ပြောသည်။ “ ခုတလော စစ်တော့ဖြစ်တယ်။ ခဏလေးပဲဖြစ်တယ်။ ပြီးတော့သူတို့ ၂ ဘက်လုံးက စစ်အင်အားဖြည့်လာတယ်။ စစ်ရေး တော့တင်းမာနေသေးတယ်။ တိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်တဲ့အတွက် ကြောက်နေကြတယ်” ဟု စစ်ဘေးရှောင်းများကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည။ “ သူတို့စစ်ရေးပိုပြင်းထန်းလာရင်တော့ တိုက်ပွဲ အနီးမှာရှိတဲ့ နောင်ဆွမ်းကျောင်းမှာရှိနေတဲ့ ပြည်သူတွေအားလုံးက မြို့ထဲပြောင်းပေးရတယ်။ သူတို့နေရာက ကြားထဲမှာ တည့်တည့်ရှိနေတာလေ။ စစ်ရေးပိုပြင်ထန်းမှာကို ကြောက်နေရတယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် ပြည်သူတစ်ဦးက ပြောသည်။

ကျေးသီးမြို့နယ်တွင် ဇွန် ၁ရက် မှစတင်ခဲ့သည့် သျှမ်းတပ် (၂)တပ်၏ တိုက်ပွဲတွင် အကြီးမာဆုံးတိုက်ပွဲ (၁) ကြိမ်သာရှိခဲ့ပြီး၊ ထိတွေ့မှု တိုက်ပွဲနေ့စဉ်နီးပါး ရှိခဲ့ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အခုချိန်ထိတော့တိုက်ပွဲဖြစ်နေသေးတယ်။ စစ်ရေးတင်းမာနေသေးတယ်။ ကျေးသီးမှာက တိုက်ပွဲ ဘယ်နှကြိမ် လောက် ဖြစ်ခဲ့လဲဆိုတော့ မသိတော့ဘူး။ နေ့တိုင်းလိုလိုဖြစ်နေတယ်။ အကြီးကျယ်ဖြစ်တာတော့ ၁ ကြိမ်ပဲရှိတယ်” ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက ပြောသည်။

၁၄။ ဗန်းမော်မြို့ စားသောက်ဆိုင်တစ်ခုတွင် ဖမ်းဆီးခံရသည့် လူငယ်များ ပြန်လွတ်
28 June, 2021

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ပေါက်ကုန်းရပ် ရွက်လှလမ်းတွင် ဖွင့်လှစ်ထားသော AW Food and shisha paradise ဆိုင်မှာ ဇွန် ၂၅ ရက်နေ့ည ၁၀ နာရီဝန်းကျင်လောက်က စစ်ကောင်စီအဖွဲ့ ဖမ်းခေါ်သွားတဲ့ လူငယ်တွေ ဇွန် ၂၆ ရက်က ပြန်လွတ် လာတယ်လို့ သိရပါတယ်။ အဲဒီဆိုင်ကို ရဲကား ၅ စီး၊ စစ်ကား ၄ စီး၊ အိမ်စီးကား ၃ စီး အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးကာ လူငယ် ၁၀ ယောက်ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဗန်းမော်မြို့တွင်းနဲ့ မြို့ပြင်ဘက်တွေမှာ အကြမ်းဖက်စစ်ကောင်စီဝင်တွေက လူငယ်တွေကို PDF အဖွဲ့ဝင်တွေဆိုပြီး စွပ်စွဲကာ ညစဉ် ဥပဒေမဲ့ ရှာဖွေဖမ်းဆီးနေတာကြောင့် မြို့နေ မိဘအုပ်ထိန်းသူတွေ စိုးရိမ်နေကြပါတယ်။ ကျောင်းသားလူငယ်အများ စုနဲ့ NLD ပါတီဝင် အမှုဆောင်တွေကိုလည်း အခုဇွန်လအတွင်း ဖမ်းဆီးထားတာ ၄၀ ဝန်းကျင်ရှိပြီး အချို့က ဘယ်နေရာမှာ ဖမ်းဆီးခံထားရမှန်းမသိဘဲ အကြမ်းဖက်စစ်တပ်က လူမဆန်စွာ စစ်ကြောရေး ပြုလုပ်နှိပ်စက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၁၅။ မူဆယ်မြို့အတွင်း အသက်(၉ )နှစ် အရွယ်ပါ စစ်သားစုဆောင်းနေဟု သတင်းထွက်ပေါ်
June 29, 2021

သျှမ်းပြည်မြောက်ပိုင်း ထုန့်မောဝ်း(ရွှေလီမြစ်ဝှမ်း) ဒေသအတွင်း အသက် (၉) နှစ်အရွယ်ပါမကျန် စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေသည်။ ဇွန် (၂၈) ရက်နေ့သည် နမ့်ခမ်းမြို့ရှိ လူထုများ SSPP ကို အလိုမရှိ ကြောင်းဆန္ဒဖော်ထုတ်အပြီး၊ အသက် (၉) နှစ်အရွယ်ကလေးပါမကျန် စစ်သားစုဆောင်းမှုများပြုလုပ်နေကြောင်း၊ အမျိုးသမီး များပါမကျန် ခေါ်ဆောင်နေကြောင်း သျှမ်းလူထု ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ရေးသားမှုတွင် မည်သည့် တပ်ဖွဲ့က လာရောက်ခေါ်ဆောင်နေသည်ကို တိတိကျကျရေးသားခြင်းမရှိသလို၊ ဒေသခံ ပြည်သူများ စိုးရိမ်မှုရှိအောင် တမြင် ဖန်တီးရေးသားထားသည့် ပုံစံဖြစ်ကြောင်းလည်း ထုန့်မောဝ်း (ရွှေလီမြစ်ဝှမ်း) ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။“ အမှန်တော့ (၉) နှစ်အရွယ်ကလေးပါသွားတယ်ဆိုတာ အဲ့ဒါက ဆိုက်ဝါး သတင်းပဲ။ ဘယ်အဖွဲ့မှ လာကောက်တာမရှိဘူး။ အချင်းချင်း အထင်မှားအောင် လုပ်နေတဲ့သူတွေလည်းရှိတယ်။ ဒီချိန်မှာ သတိထားဖို့လိုတာပေါ့”ဟု မူဆယ်မြို့နေ အမျိုးသား တစ်ဦး က ပြောသည်။

လူမှုကွန်ယက်ပေါ်တွင် ပျံနှံ့လာသည့် သတင်းမှာ မူဆယ်၊ နမ့်ခမ်း ပေါ်တာဆွဲနေပြီ၊ (၉) နှစ်အရွယ် ကလေးကစ ခေါ်ဆောင်ကာ ကျေးရွာ တရွာလျှင် (၁၅) ယောက် လက်နက်ကိုင်ကို ပေးရမည်ဖြစ်ကာမလိုက်ရင် (၅) သိန်းပေးရမည် ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။“အခုကြားနေရတာက မူဆယ် စွမ်းစော်မှာလည်း ဖမ်းနေတယ်။ ရွှေနန်းတော်ရှေ့မှာလည်း အမျိုးသမီးတွေကို ဆွဲနေတယ်။ ဖမ်းနေတယ်ဆိုပြီး ရပ်ကွက်တွေမှာ သတင်းပျံ့န့ှံနေတယ်။ ဘယ်က ဖမ်းလည်းမေးတော့ သေချာမသိ။ ဘယ်အိမ်ကလည်း ဆိုတော့လည်း သေချာမပြောနိုင်ကြဘူး” ဟု မူဆယ်မြို့ စွမ်းစော်ရပ်ကွက်နေထိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ဒီလိုချိန်မှာ သူများတွေက ကျနော်တို့ အချင်း ချင်းကို အမြတ်ထုတ်လုပ်သွားတဲ့သဘောပါပဲ။ ဒီလိုမျိုး မဖြစ်သင့်ဘူး။ ပြည်သူတွေက အယုံလွယ်တယ်။ သတင်းစိစစ်မှု အားနည်းတယ်တာပေါ့နော်။ အယုံလွယ်တာပေါေ့နာ်။ ပေါ်တာ ဆွဲတာလည်း မရှိပါဘူး”ဟု မူဆယ်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၁၆။ မီဇိုရမ်ပြည်နယ်မှာ လာရောက်ခိုလှုံသူ မြန်မာနိုင်ငံသား ၁ သောင်းကျော်ပြီဟု သိရ
June 28, 2021

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို မကြာခင် သီတင်းပတ်တွေအတွင်း ဝင်ရောက်လာသူ ၇၀၀ ကျော်ရှိ ကြောင်း အိန္ဒိယအရာရှိတဦး၏ ပြောကြားချက်ကိုကိုးကားပြီး လက်ရှိအချိန်မှာလာရောက်ခိုလှုံသူ မြန်မာနိုင်ငံသား ၁ သောင်း ကျော်ရှိလာကြောင်း အိန္ဒိယသတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံသူအများစုသည် အရပ်သားများဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများပါဝင်ကြောင်း အဆိုပါအရာရှိကဆိုသည်။ စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလကစပြီး ယခုအချိန် အထိ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံသော မြန်မာနိုင်ငံသား ၁ သောင်းကျော်ရှိနေပြီး ထိုထဲတွင် ဇွန်လ ၁၄ ရက်နေ့က မီဇိုရမ်ကိုရောက်လာသည့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း Lian Luai နှင့်အတူ လွှတ်တော်အမတ် ၂၂ ဦးထက်မနည်းပါဝင်ကြောင်း ရဲအရာရှိက ပြောသည်။

မီဇိုရမ်ပြည်နယ်ထဲက ဒေသ ၆ ခုသည် မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ကီလိုမီတာ ၅၁၀ ရှည်သည့် နယ်စပ်တလျှောက်မှာ တည်ရှိတာဖြစ်ပြီး အဲဒီဒေသခံများဟာ မြန်မာနိုင်ငံထဲက ချင်းတိုင်းရင်းသားများနှင့် အမျိုးနွယ်တူများဖြစ်ခြင်းကြောင့် ၂ ဖက် ပုံမှန်ကူးလူးသွားလာလေ့ရှိသည့် ဒေသများဖြစ်သည်။

၁၇။ ကြံ့ခိုင်ရေးပါတီ လူမှုရေးအသင်းကားပေါ် ဘိန်းဖြူမိ၊ စစ်ကောင်စီ မှ ဖုံးကွယ်ရန် ကြိုးစား
June 27, 2021

ကလောမြို့နယ်၊ ရေယားဂိတ်၌ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)မှတည်ထောင်ထားသည့် လူမှုကူညီရေး အသင်း ယာဉ်ပေါ်မှ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီမှ သတင်းကိုဖုံးကွယ်ရန်ကြိုးစားနေကြာင်း သိရသည်။ ဇွန် ၂၄ ရက် ညနေပိုင်းတွင် သျှမ်းတောင် နမ့်စန်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီမှ တည်ထောင်ထားသည့် တောင်တန်း လူငယ် လူမှုကူညီ ရေးအသင်း၏ ယာဉ်ပေါ်မှတစ်ထုပ်လျှင်(၁)ကီလိုပါ ဘိန်းဖြူ(၁၀)ထုပ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ ကြံ့ခိုင်ရေး လူမှုရေးအသင်း ပေါ် မူးယစ်ဆေးဝါးဖမ်းဆီးရမည့်သည့် သတင်းကိုဖုံးကွယ်ပေးရန် စစ်ကောင်စီအုပ်စုက ဌာန ဆိုင်ရာ ရဲစခန်းကိုညွှန်ကြားထားကြောင်းသတင်းရရှိသည်။“ယာဉ်မောင်းပဲပါတယ်၊ သူလည်းထွက်ပြေးသွားတယ်၊ ည တွင်း ချင်း သတင်းပိတ်ထားတာ ဘယ်သူမှ မသိကြဘူး၊သတင်းဖုံးကွယ်ပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ကြားတယ်၊ အသင်းဝင်တွေအားလုံးက ကြံ့ခိုင်ရေးပါတီဝင်ပဲ”ဟု နမ့်စန်မြို့ရဲစခန်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ယခင်ကလည်း အသင်းပိုင်ယာဉ်ဖြင့် သစ်များကို တရားမဝင် တင်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများက တိုင်ကြားခဲ့ဖူးပြီး သက်ဆိုင်ရာက အမှုပိတ်သိမ်းပေးခဲ့ဖူးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး တရားမဝင်မူးယစ်ဆေးထုတ်လုပ်မှုကို တိုးချဲ့နေသည်ဟုယမန်နေ့ဇွန်လ(၂၆)ရက်နေ့ အပြည်ပြည် ဆိုင် ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံးက ထုတ်ပြန်ခဲ့သည်။

၁၈။ မြန်မာစစ်တပ်မှ အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုကျူးလွန်နေခြင်းကို အရေးယူရန် နိုင်ငံတကာသို့ လူ့အခွင့် အဖွဲ့များတိုက်တွန်း
June 28, 2021

မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်ခြင်းများ ကျူးလွန်နေခြင်းကို အပြစ်ပေးအရေးယူရန် ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် ညှင်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ လူ့ အခွင့်အရေးအဖွဲ့ ၈ ဖွဲ့မှ နိုင်ငံတကာသို့ တိုက်တွန်းလိုက်သည်။ နိုင်ငံတဝှမ်း ပြည်သူလူထုတစ်ရပ်လုံးနီးပါး စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ချိန်တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်စက်ကြမ်းကြုတ်စွာ ပြန်လည် တုန့်ပြန်လျက်ရှိသည်။

“လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ညှင်းပန်းနှိပ်စက်ခြင်းဟာ နိုငံတကာဥပဒေသာမက မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေကိုပါ ချိုးဖောက် နေတာဖြစ်တယ်” ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ဆိုသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဇွန်လ ၂၅ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၈၈၁ ဦး နှင့် ဖမ်းဆီးခံရသူ ၆၃၄၈ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ စာရင်းအရ သိရ သည်။ နိုင်ငံကာအသိုင်းအဝိုင်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုရန်နှင့် လက်ရှိ မြန်မာနိုင်ငံ အခြေ အနေအား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းမှုပြုလုပ်ရန် အာရှတရားမျှတရေးနှင့်လူ့အခွင့်အရေးအဖွဲ့ (AJAR)၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားများနှင့်လူငယ်များအစည်းအရုံး (AASYC)၊ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက် ရေးအဖွဲ့ (AAPP) စသည့် အဖွဲ့အစည်း ၈ ဖွဲ့က တိုက်တွန်းထားခြင်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အနေဖြင့် ၎င်းတို့သဘောတူညီထားသည့် အချက် ၅ ချက်ကို အကောင်အထည်ဖော်မည့် အချိန်ကာလသတ်မှတ်ရန်နှင့် မြန်မာစစ်အုပ်စုမှ တာဝန်ခံမှုရှိစေရေးအတွက် ထိရောက်ပွင့်လင်းစွာဆောင်ရွက်ရန်လည်း လူ့အခွင့်အရေးအဖွဲ့များ၏ ယနေ့ထုတ်ပြန်ချက်တွင်ပါရှိသည်။ မြန်မာပြည်တွင်းရေး အခြေအနေမတည်ငြိမ်သေးဘဲ အရှေ့ တောင်အာရှ ကိုယ်စားလှယ်အဖွဲ့ကို လာရောက်ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း မြန်မာစစ်တပ်ဖက်က ပြောဆိုထားသည်။ စစ်တပ်အာဏာသိမ်းသည့်ခြင်း ရက်ပေါင်း ၁၄၆ ရက်အထိ ရှိလာပြီးဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်ဆန့် ကျင်ရေးရပ်တန့်မသွားဘဲ ပြည်သူထုလုတစ်ရပ်လုံးနီးပါး နည်းမျိုးစုံဖြင့် ဆက်လက်ဆန္ဒဖော်ထုတ်လျက်ရှိသည်။ https:// www.bnionline.net/mm/news-82344

***********

၁၉။ ရှမ်းပြည်မြောက်ပိုင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၇ဝဝ နီးပါး ရှိနေ
June 28, 2021

ဇွန်လ ၈ ရက်ကနေ ၂၈ ရက်နေ့ အထိ ရက်၂၀ အတွင်း လားရှိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၀၀ နီးပါး ရှိလာနေပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ ဇွန်လ ၈ ရက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကပ်ရောဂါပိုးရှိသူကို စတွေ့ခဲ့ပါတယ်။ ဇွန်လ ၂၈ ရက်နေ့ အထိဆိုရင် လားရှိုးမြို့အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်(၁၄) ခုမှာ ကိုဗစ်ရောဂါ အတည်ပြုလူနာ ၇၀၀ နီးပါး ရှိလာ နေပါပြီ။ ပိုးတွေ့သူများလာလို့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ ကိုးကန့် ဒေသ လောက်ကိုင်မြို့တွေကို နေအိမ်မှာပဲ နေထိုင် ရေး Stay at Home မြို့တွေအဖြစ် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ လားရှိုးမြို့က မိုးလုံ လေလုံ အားကစားကွင်းခန်းမကြီးဟာ အခုဆိုရင် ကိုဗစ်ရောဂါပိုးတွေ့သူတွေကို ထားမယ့် ယာယီဆေးရုံဖြစ်လာနေပါပြီ။ စတင်တွေ့တာကနေ ဇွန်လ ၂၈ ရက်နေ့မှာဆိုရင် လားရှိုးတစ်မြို့တည်းမှာတင် ပိုးတွေ့သူ ၃၀၀ ကျော်ရှိသွားပြီ ဖြစ်ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး ရောဂါကြပ်မတ်ကုဆောင်တွေမှာ နေရာမရှိတော့တာကြောင့် အခုလို မိုးလုံလေလုံ အားကစား ကွင်းနေရာကို ပြောင်းရွှေ့လိုက်တာလို့ လားရှိုးမြို့အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းအင်အား အားနည်းတာကြောင့် လူနာသုံးဆယ်လောက်ကို ကျန်းမာရေးဝန်ထမ်း သုံးဦးနှုန်းနဲ့ ဝန်ဆောင် မှု ပေးနေရပေမယ့် လူနာတွေ တိုးလာရင်တော့ ဝန်ထမ်းတွေ အခက်အခဲရှိလာနိုင်တယ်လို့ လူနာတွေကို ကုသပေး နေတဲ့ လားရှိုးမြို့က အမည်မဖော်လိုတဲ့ သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။ လတ်တလောမှာ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေက ရှိတဲ့အင်အားနဲ့ ဆောင်ရွက်နေရပြီး ပြည်သူတွေဘက်ကလဲ ပူး ပေါင်းတဲ့အနေနဲ့ နေအိမ်ထဲမှာပဲနေဖို့ တောင်းဆိုလိုတယ်လို့ သူကပြောပါတယ်။
တိုးလာနေတာကို ကူညီဖြေရှင်းနေတဲ့ ကျန်းမာရေးအင်အားစုတွေရှိတယ်ဆိုပေမယ့် အရင် NLD အစိုးရ ကာလတုန်းက ကြုံခဲ့တဲ့ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာလို ကျန်းမာရေး ဝန်ထမ်းတွေ စေတနာရှင်တွေ ပရဟိတ တွေ အင်အား ကောင်းကောင်းနဲ့ လှုပ်ရှားဆောင်ရွက်တာမျိုးတော့ မတွေ့ရပါဘူး။ ကိုဗစ်ဖြစ်ပွားမှု နောက်ဆုံးအခြေအနေ တွေကို သိနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တားဆီးရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို RFA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေကြားမှု မရှိပါဘူး။

၂၀။ မသင်္ကာသူများ ဟိုတယ်တွင် လာရောက်တည်းခိုပါက သတင်းပေးရန် စစ်ကောင်စီညွှန်ကြား
June 28, 2021

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဟိုတယ်များတွင် မသင်္ကာသူများ လာရောက်တည်းခိုပါက စောင့်ကြည့်သတင်းပေးရန် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို စစ်ကောင်စီမှ ညွှန်ကြားခြင်းခံရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီဘက်မှ ကရင်ပြည်နယ် ဖားအံမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များကို ဖားအံပြည်နယ်အစိုးရရုံးတွင် အစည်းအဝေးတရပ်ခေါ်ပြီး မသင်္ကာသူများ ဟိုတယ်တွင် လာရောက်တည်းခိုပါက ၎င်းတို့ကို သတင်းပေးရန် ညွှန်ကြားခြင်းခံရသည်ဟု ဟိုတယ်လုပ်ငန်းရှင်နှင့်နီးစပ်သူတစ်ဦးထံက ယခုလိုပြောသည်။ “အစည်းအဝေး ခေါ်တာက အဓိကကတော့ မသင်္ကာတဲ့သူတွေကိုတွေ့ရင် စောင့်ကြည့်ခိုင်းဖို့နဲ့ သူတို့ (စစ်ကောင်စီ) ကို သတင်းပေးဖို့ပဲ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။ ထို့အပြင် စစ်ကောင်စီအနေဖြင့် ပြည်သူလူထုများကို ကိုဗစ်ကာကွယ်ဆေး လာရောက် ထိုးနှံရန် အသိပေးနှိုးဆော်၍မရသဖြင့် ဟော်တယ်နှင့်ခရီးသွားလုပ်ငန်းရှိ ဝန်ထမ်းစာရင်းများအား ကောက်ယူပြီး ကိုဗစ်ကာ ကွယ်ဆေးထိုးရမည်ဟု အသိပေးနှိုးဆော်မှုများရှိသည်ဟုလည်း ၎င်းဟိုတယ်လုပ်ငန်းရှင်နှင့် နီးစပ်သူက ဆက်ပြောသည်။

“အစည်းအဝေးခေါ်တုန်းကတော့ ကျနော်တို့ ဒီသံတောင်ကြီး ကရင်ပြည်နယ်ကတော့ တစ်ယောက်မှမသွားဘူး။ ခရီးသွား လုပ်ငန်းအဖွဲ့လည်း မသွားဖြစ်ဘူးပေါ့နော်။ နောက်ပြီးတော့ ရောဂါအခြေအနေကတစ်ကြောင်း ကျနော်တို့ လုပ်ငန်းရှင်တွေ တစ်ယောက်မှ မသွားဖြစ်ကြဘူး၊ ညွှန်ကြားချက်ကတော့ ဘာမှ စာတော့မရောက်လာသေးဘူး” ဟု ၎င်းကပြောသည်။ ကရင် ပြည်နယ်တွင် မြို့နယ် ၇ မြို့နယ်ရှိသည့်အနက် ဖားအံနှင့် မြဝတီနှင့် သံတောင်မြို့နယ်များတွင် ဟိုတယ်ပေါင်း ၃၀ ကျော်ရှိပြီး အချို့မြို့နယ်ရှိ ဟိုတယ်များတွင် စစ်ကောင်စီမှ အလားတူညွှန်ကြားမှုများရှိသည်ဟု သိရှိရသည်။

၂၁။ ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရ
June 29, 2021

ရေးမြို့နယ်၊ နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဝင်းစိုးမြင့် အား ယမန်နေ့ညပိုင်းတွင် အမည်မသိလက်နက်ကိုင်အုပ်စုက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။“ညကတည်းက ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက် အိမ်ကနေ သူ့ကိုလာခေါ်သွားတယ်၊ ဒီမနက်ပိုင်းက ကားလမ်းမဘေးမှာ သူ့ရုပ်အလောင်းတွေ့ရတယ်”ဟု နှင်းစုံ ရွာသားတစ်ဦးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ် စောထားဝယ် (ခေါ်) ဦးစောဝင်းစိုးမြင့်၏ ဦးခေါင်းတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည့်ရုပ်အလောင်းကို နှင်းစုံကျေးရွာအပြင်ဘက် ရေး-သံဖြူဇရပ်ကားလမ်းမကြီးဘေးတွင် ယနေ့ နံနက် စောစောပိုင်းက ရွာသားများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဆန့်ကျင်ဘက်အုပ်စုတစ်ခုက သတင်းပေးအဖြစ်ယူ ဆပြီး လက်နက် ကိုင်အုပ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ယူဆပြောဆိုမှုများရှိသော်လည်း မွန်သတင်းအေဂျင်စီ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ အလားတူ ပြီးခဲ့သည့် ဧပြီလ (၅) ရက်နေ့က ရေးမြို့နယ် မာန်အောင်ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦးလည်း အသတ်ခံလိုက်ရသည်။

၂၂။ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်အပြီးမှာ လက်နက်ဝယ်ယူမှု ပိုတိုးလာနိုင်
June 28, 2021

ဇွန် ၂၀ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နိုင်ငံတကာလုံခြုံရေး အစည်းအဝေး တက်ရောက် ဖို့ သွားရောက်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၂၇ ရက်နေ့မှာ နေပြည်တော်ကို ပြန် လည်ရောက်ရှိလာပါပြီ။ ရုရှားဟာ နိုင်ငံချင်း အလှမ်းဝေးပေမယ့် မြန်မာနိုင်ငံရဲ့ မိတ်ဆွေဟောင်း မိတ်ဆွေကောင်း နိုင်ငံဖြစ်ပြီး စစ်ဘက်နည်းပညာ အမြင့်ဆုံး အခြေအနေအပြင် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွေကို ပါ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဇွန်လ ၂၂ ရက်နေ့က Russia 24 Media နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ရုရှားက ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းနိုင်ငံ၊ မိတ်ဆွေကောင်းနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံချင်း အလှမ်း ဝေးပေမယ့် စိတ်ချင်း နီးတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံချင်းတော့ အလှမ်းဝေးပေမယ့် စိတ်ချင်းနီးတဲ့ နိုင်ငံ ဖြစ်တယ်။ သဘောထားချင်း နီးစပ်စွာတူညီ တဲ့ နိုင်ငံဖြစ်တယ်။ သမိုင်းနောက်ခံ အခြေအနေတွေလည်း တော်တော်များများ တူတဲ့နိုင်ငံ ဖြစ်တယ်။ ကျွန်တော်တို့ ရုန်းကန် ရတာလည်း တူတဲ့နိုင်ငံဖြစ်တယ်။ ဒါကြောင့် ရုရှားနိုင်ငံနဲ့ ကျွန်တော်တို့ကတော့ ထာဝရ မိတ်ဆွေနိုင်ငံလို့ တင်စားပြော ပါရစေ။ ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်မှာတော့ စစ်ဘက်နည်းပညာ အမြင့်မားဆုံး အခြေအနေပေါ့လေ။ ဆက်လုပ်စရာ ကဏ္ဍတွေလည်းရှိပါတယ်။ သို့သော်လည်း ပိုပြီး လုပ်ဖို့လိုတာတွေကတော့ နှစ်နိုင်ငံကူးလူးဆက်ဆံရေး၊ ကူးသန်းရောင်းဝယ် ရေးကိစ္စတွေ၊ ကမ္ဘာလှည့်ခရီးသွား ကဏ္ဍတွေ၊ ယဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပညာရေးပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျန်းမားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ရည်ရွယ်ထားတယ်။”

မြန်မာဟာ ရုရှားနိုင်ငံနဲ့ တည်နေရာ အနေအထား ဝေးကွာပေမယ့် မြန်မာနိုင်ငံရဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်က တည်းက ရှည်လျှားတဲ့ ဆက်ဆံရေးရှိခဲ့ပြီး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွေကတော့ ဒီနှစ်အတွင်းမှာ ပိုများ လာတာ တွေ့ရပါတယ်။ ရုရှားဟာ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တာကြောင့် အစဉ်အဆက်လုပ် ဆောင်လာတဲ့ လက်နက်ဝယ်ယူမှုတွေကို အရင်ကထက်ပိုပြီး တိုးမြှင့်လာနိုင်တယ်၊ အထူးသဖြင့် ရေတပ်နဲ့ပတ်သက်တဲ့ပူး ပေါင်းဆောင်ရွက်မှုတွေ ပိုများလာနိုင်တယ်လို့ စစ်ရေး၊ လုံခြုံရေးလေ့လာသူ ဦးကျော်ဇောဟန်က သုံးသပ်ပါတယ်။ အာဏာ သိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အပြီးမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဘယ် လောက်ထိ မြင့်တက်လာမလဲ၊ ရုရှားကနေ မြန်မာနိုင်ငံဆီ စစ်လက်နက် စီးဝင်မှု တွေကို ကုလသမဂ္ဂအဖွဲ့ကြီးနဲ့အတူ အမေရိ ကန်နဲ့ EU ဥရောပသမဂ္ဂနိုင်ငံတွေက ဘယ်လောက်ထိလက်တွေ့ကျကျတားဆီးနိုင်မလဲ၊ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ကတိ စကား ဘယ်လောက်ထိ တည်နိုင်မလဲဆိုတာတွေကို ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။

 

 

မှတ်ချက် ။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

#Federal Journal

Related Articles

Back to top button