တိုင်းရင်းသားများသတင်း

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

8, June 2021

 

၁။ ကျေးသီးမြို့ နယ် RCSSနှင့် SSPP တိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀၀) ကျော်စားဝတ်နေရေးခက်ခဲ
June 7, 2021

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ လွယ်ဟွန်းတောင်ကြော တစ်လျှောက်တွင် RCSS နဲ့ SSPP တို့၏ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသေးသဖြင့် စစ်ရှောင် (၁၀၀၀) ကျော် အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး ယနေ့ ၇ ရက်နေ့ထိ သျှမ်းတပ်(၂)တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ဖြစ်ပွားမှုကြောင့် စစ်ရှောင် (၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

RCSS နှင့် SSPP တို့သည် တိုက်ပွဲဖြစ်ပွားမှု ( ၇ ) ရက်မြောက်နေ့ ဖြစ်လာပြီဒ စစ်ပွဲကြောင့် အနီးပတ်ဝန်းကျင် ရှိ မတ်ဝေါင်း ရွာ၊ ဝမ်လတ်းရွာ၊ ဟိုနားရွာ၊ ဝမ်ဟိုဖိုင်ရွာ၊ ဖိုင်မုန်ရွာ၊ နားဟျိုးရွာ စတဲ့ကျေးရွာတွေက ရွာသားတွေ ရွာလုံးကျွတ်နီးပါး ထွက် ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။“ရွာမှာ ကျွဲ၊ နွားတွေ ဝက်တွေ အကုန်လုံးထားခဲ့ပြီး ပြေးလာတာ၊ အခုက ဘုန်းကြီး ကျောင်း ရှိနေလို့ တော်သေးတယ်၊ ဒါပေမဲ့ တိုက်ပွဲက ကြာလာတော့ နေရေးထိုင်ရေး စားရေးသောက်ရေးတွက အစ ခက်ခဲ လာပါပြီ”ဟု ကျေးသီးမြို့သို့ စစ်ဘေးရှောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင် (၁၀၀၀)ကျော်သည် ကျေးသီးမြို့ပေါ်ရှိ နောင်ဆွမ်း ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် (၇၀၀) ကျော်ရှိပြီး၊ ကျန်စစ်ရှောင်များသည် ကျန်ဘုန်းကြီးကျောင်း(၄)ကျောင်းတွင်နေထိုင်ကြကြောင်းနောင် ဆွမ်းဘုန်းကြီး ကျောင်းမှ ဦးဇင်းတစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။“ ဦးဇင်းတို့ နောင်ဆွမ်ကျောင်းမှာ (၇၀၀)ကျော်ရှိတယ်။ ကျန်စစ်ရှောင်တွေက ဘုန်းကြီးကျောင်း(၄)ကျောင်းမှာ ရှိကြတယ်။ တချို့ က ဆွေမျိုးရှိတော့ ဆွေမျိုးအိမ်မှာနေကြတယ် စား စရာသောက်စရာကတော့ တော်တော်လေးခက်ခဲလာပါပြီ” ဦးဇင်း က မိန့်သည်။ စစ်ဘေးရှောင်များအတွက် တခြားမြို့မှ အလှူရှင်များ လာရောက်လှူဒါန်းခြင်းမရှိကြောင်း၊ လက်ရှိမှာ ကျေးရွာအတွင်းရှိ အလှူရှင်များက လာရောက်ကူညီဝေမျှပေး နေကြောင်းလည်း ဦးဇင်းက ထပ်လောင်း မိန့်သည်။

၂။ ဟားခါးမြို့မှာ ဗုံးပေါက်ကွဲခဲ့လို့ CDF လူငယ် သုံးဦး သေဆုံး
6 June, 2021

ချင်းပြည်နယ် ‌မြောက်ပိုင်း ဟားခါးမြို့မှာ ဇွန်လ ၅ ရက် မနေ့ညနေပိုင်းက မြို့သစ်ရပ်ကွက်က နေအိမ် တစ်အိမ်မှာ ဗုံးပေါက် ကွဲခဲ့လို့ လူငယ် သုံးဦး သေဆုံးခဲ့တယ်လို့ ဟားခါး CDF အဖွဲ့က ‌ပြောပါတယ်။

“ကျွန်တော်တို့ CDF အဖွဲ့ဝင် သုံးယောက်နေတဲ့ အိမ်နားမှာ ဗုံးပေါက်တာ။ သုံးယောက်လုံး သေသွားတယ်၊ နှစ်ယောက်က တော့ ပွဲချင်းပြီးပဲ။ တစ်ယောက်ကတော့ ဆေးရုံပို့ဖို့ လုပ်တဲ့ချိန် ဆုံးသွားတာ။ အခုထိ ဘယ်သူလုပ်တာလဲ၊ ဘယ်လို ပေါက်ကွဲတာလဲဆိုတာ မသိရသေးဘူး” လို့ ဟားခါး CDF အဖွဲ့ဝင်တစ်ဦးက RFA ကို ‌ပြောပါတယ်။

ဟားခါးမြို့မှာ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီက မြို့တွင်း လမ်းသွား၊ လမ်းလာသူ အယောက် ၄၀ ကျော်ကို ဖမ်းဆီး ထားတဲ့အပြင် သေဆုံးသူ CDF အဖွဲ့ဝင် သုံးဦးရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။ ဗုံးပေါက်ကွဲမှု‌‌‌ကြောင့် သေဆုံးခဲ့သူတွေဟာ ဆလိုင်း Phun Sang၊ ဆလိုင်းTial Chawnနဲ့ ဆလိုင်း Lai Kulh Thang ဖြစ်ပါတယ်။

၃။ လိုင်ဇာမြို့အနီး အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက်
8 June 2021

KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့အနီး လဂျားယန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်၏ ရိက္ခာသယ် ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်နေ့ ယနေ့နံနက် ၉နာရီခန့်အချိန်တွင် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) တပ်ရင်းမှ တက်လာသော စစ်ရိက္ခာသယ်ကား ယာဉ်တန်း ၁၆ စီးကို KIA တပ်ဖွဲ့က ယခင်လိုင်ဇာမြို့အဝင် လဂျားယန် (Laja Yang) ကျေးရွာတွင် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကား ၄ စီးပျက်စီးသွားကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။“စစ်အင်အားတော့မပါဘူး။ အဲ့ကားယာဉ်တန်းကိုလုံခြုံရေးယူလာတဲ့ စစ်သားအနည်းငယ်သာပါတယ်။ ပြီးတော့ စစ်သားတွေနဲ့ပတ်သက်တဲ့ စစ်ရိက္ခာ တွေပါတယ်။ အဲ့ဒါကို KIA က အနောက်ဘက်ကနေ ဝင်ပစ်တော့ ကား ၄ စီးထိသွားတယ်လို့ ကြားရတယ်။ အသေးစိတ် တော့မသိရသေးဘူး” ဟု ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲ ပြန်လည် ပြင်းထန်လာကာ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ အာဏာသိမ်းစစ်တပ် အင်အားတိုးချဲ့သွားလာမှုကို KIA က ပစ်ခတ် တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေကြောင်း သိရသည်။

၄။ နမ္မတူမြို့နယ် အရပ်သား ( ၅) ဦးကို RCSS/SSA မှ (၂ ) လကျော်ကြာထိဖမ်းဆီးထား
June 8, 2021

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အရပ်သား (၅)ဦးကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မ တော်(RCSS/SSA)မှ ဖမ်းဆီးသွားပြီး၊ ၂ လကျော်ကြာထိ ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

RCSS/SSAဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား (၅)ဦးသည် နမ္မတူမြို့နယ် မန်ဆာ‌ဒေသခံ (၂ ) ဦးမှာ မိုင်းချစ်မောင် လေး၊ ဦးအိုက်ငင်း နှင့် ရေအိုးရွာဒေသခံ (၃) ဦးမှာ ရွာသူကြီး ဦးကြာယုံ နှင့် သားဖြစ်သူ နေလင်းစွာ၊ နေလင်းဦး ဖြစ်ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ထိုထဲမှ ဖမ်းခံရသည့် ရေအိုးကျေးရွာ (၂)ဦးသည် အသက် (၁၂)နှစ်အရွယ်နှင့် အသက် (၁၅)နှစ် အရွယ်သာရှိသေး ကြောင်း သိရသည်။ “ ခုချိန်ထိတော့ ဘာသတင်းမှမကြားရသေးဘူး။ အဆက်သွယ် လဲမရဘူး။ သူတို့ဘယ်ချိန် ပြန်လွှတ်လာပေး မလဲမသိသေးဘူး။ ရွာသူကြီးသား (၂)ယောက်ဆိုရင် အသက်တောင်မပြည့် သေးဘူး။ သူတို့တွေကို စိုးရိမ်နေရတယ်”ဟု ရေအိုးကျေးရွာမှ ဖမ်းခံရသူများ နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။“ ဦးကြာယုံ အိမ်မှာက လက်နက်ရှိထားလို့ဆိုပြီးတော့လာစစ်ဆေးပြီး ဖမ်းသွားတယ်။ သူသားလည်းဖမ်းသွားတယ်။ TNLA က ဦးကြာယုံ အိမ်မှာလက်နက်ထားတယ်လို့ပြောတယ်။ သူတို့လာစစ်တာတော့ဘာမှ မတွေ့ရဘူး။ မန်ဆာရွာခံ ၂ ဦးကတော့ အခွန်ကိစ္စနဲ့ ဖမ်းတယ်လို့ ကြားသိတယ်။” ဟု ရေအိုး ကျေးရွာဒေသခံက ပြော သည်။ ထို့ပြင် မန်ဆာကျေးရွာ ဒေသခံ (၂)ဦးသည် TNLA ကို ဆက်ကြေး(အခွန်ကောက်)ပေးနေသည့် သူဟုဆိုပြီး ဖမ်းဆီး သွားကြောင်း သိရသည်။

ထိုသို့ RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းခမ်းစံက “ ကျနော်တို့ အဲ့ဘက်က အသေးစိတ်မသိရသေးဘူး။ မြေပြင်ကိုမေးရင်ပိုပြီးသေချာတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။ အလားတူ RCSS/SSA ၏ တပ်ချုပ်မှူးနယ်မြေခံ သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပါ။

၅။ အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီမှ ယာဒိုကျေးရွာမှာ တပ်စွဲထားဆဲ၊ ဒေသခံများ တိမ်းရှောင်နေရ
June 8, 2021

ကရင်နီပြည်နယ်ကို စစ်အင်အားဖြည့်မယ်လို့ယူဆရတဲ့ စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ဝန်းကျင်က ယမန်နေ့ (ဇွန်လ ၇ ရက်) မှာ တောင်ငူမြို့ဖက်မှ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သို-သောက်ရေခပ်-ယာဒိုလမ်းအတိုင်း လူအင်အား၊ ရိက္ခာအပြည့်ပါတဲ့ စစ်ကားအစီး (၂၀) ကျော်နဲ့ဆင်းလာပြီး ညနေပိုင်းမှစ ယားဒိုကျေးရွာမှာ တပ်စွဲထားသလို ဒီကနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းအထိ တပ်စွဲထားတယ်လို့ ယာဒိုဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က သူတို့ (စစ်ကောင်စီ) လိပ်သိုကနေတက်လာတာ ကား ၂၃ စီးပေါ့နော်၊ ၁၅ စီးက ပြန်ဆင်းသွားတယ်ပေါ့နော်။ သူတို့ရဲ့လူအင်အားကတော့ ၃၀၀ ကျော်လောက်ရှိတယ်ပေါ့၊ အခု ယာဒိုမှာတော့ တပ်စွဲနေဆဲပဲ ရှိသေးတယ်ပေါ့။ မသွား သေးဘူး။ သူတို့အင်အား ၃၀၀ လောက်ကတော့ သူတို့ ကယားဖက်ကို ဦးတည်ပြီးသွားမယ်လို့ အဲလိုပြောထားတယ်။ စိုးရိမ် တာပေါ့ သူတို့တက်လာမယ်ဆိုကတည်းက တောထဲမှာ တစ်ရွာလုံးက သွားကုန်တယ်ပေါ့။ တချို့ပဲ ရွာမှာကျန်ခဲ့ကြတာပေါ့၊ ရှောင်ထားတယ်အကုန်လုံး။ မနေ့ညကတည်းကဆင်းတာ ကားက ကားအလွတ်ပဲပြန်ဆင်းတယ်။ ၈ စီးကျတော့ ယာဒို မှာ ကျန်ခဲ့တယ်ပေါ့။ အဲ့ ၈ စီးကျတော့ သူတို့ရိက္ခာပေါ့နော သယ်သွားဖို့ အစီအစဉ်ရှိတယ်၊ အဲလိုတော့ပြောတယ်။ ပြီးတော့ ကျန်တဲ့အင်အားခါကျတော့ ဆီးဘူးထိကို ခြေလျင်နဲ့သွားကြမယ်ပြောမယ်။ ဒီညခါကျတော့ ဆီးဘူးမှာတော့ သူတို့ပြောပုံအရ ဆီးဘူးမှာ တပ်စွဲဖို့ အခြေအနေရှိတယ်၊ အဲ့လိုပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်မှာ စစ်အင်အားနဲ့ရိက္ခာကို ယာဒိုကျေးရွာမှာ ပို့ဆောင်ထားပြီး ညပိုင်းမှာတော့ စစ်ကား ၁၀ စီးကျော်က သောက်ရေခပ်ကျေးရွာ ယာယီဘောလုံးကွင်းမှာ ညအိပ်ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။ ယာဒိုကျေးရွာအနီးတစ်ဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ညနေပိုင်းမှာ ခြေလျင်ခရီးနဲ့ ဆီးဘူးဒေသကို ဆက်လက်သွားမှာဖြစ်ပြီး ကရင်နီ ပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်း ဝင်ရောက်ဖွယ်ရှိတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ကရင်-ရှမ်း-ကရင်နီ နယ်စပ်ဖြစ်တဲ့ ယာဒိုကျေးရွာ၊ ဆီးဘူးဒေသအနီးတစ်ဝိုက်မှာ စစ်ကောင်စီက တပ်ဖြန့်ဖို့လုပ်ဆောင်နေသလို တောင်ငူ-လွိုင်ကော် ကုန်တင်ယာဉ်၊ ရိက္ခာပို့ဆောင်တဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် ပိတ်ဆို့မှု ပြုလုပ်တာဖြစ်နိုင်ကြောင်း ဒေသခံတွေ က သုံးသပ်ပြောဆိုနေကြပါတယ်။

၆။ NUG အစိုးရရဲ့ ရိုဟင်ဂျာမူဝါဒကို ALP ကန့်ကွက်
6 June, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာမူဝါဒတွေကို ကန့်ကွက်ကြောင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က သဘောထားထုတ်ပြန်လိုက်ပါတယ်။ ပြည်ထောင်စုအတွင်းက ပဋိပက္ခ တွေနဲ့ အရင်းခံပြဿနာတွေကို အပြီးသတ်ချုပ်ငြိမ်းစေဖို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ NUG ရဲ့ ရည်ရွယ်ချက်ကို ကြိုဆိုပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက အရေးကိစ္စတွေကိုတော့ အလျှင်စလို မကိုင်တွယ်သင့်ဘူးလို့ ALP က ဆိုပါတယ်။

“သူတို့ ဘယ်လိုကြေညာချက်ပဲထုတ်ထုတ် ကျွန်တော်တို့ ရခိုင်ပြည်သူခေါင်းဆောင်တွေနဲ့ မဆွေးနွေးမတိုင်ပင်ဘဲနဲ့လုပ် တယ်ဆိုရင် ဒါသူတို့ရဲ့တာဝန်ဖြစ်တယ်။ နောက်ပြဿနာတွေ ဖြစ်လာတဲ့အခါ ဒါသူတို့ရဲ့တာဝန်ပဲဖြစ်တယ်။ သူတို့ လုပ်ချင် လို့ ၈၂ ဥပဒေပဲဖျက်သိမ်း ဖျက်သိမ်း၊ ၂၀၀၈ ဥပဒေပဲဖျက်သိမ်း ဖျက်သိမ်းဒါတွေဟာ ကျွန်တေ်ာတို့အလုပ်မဟုတ်ဘူး။ ဒါပေ မယ့် တစ်ခုရှိတာက ဘင်္ဂါလီအရေးကို ကိုင်တွယ်မယ်ဆိုရင်တော့ ရခိုင်ခေါင်းဆောင်တွေ၊ ရခိုင်တော်လှန် ရေးအဖွဲ့အစည်း တွေနဲ့ ရခိုင် CSO တွေနဲ့ အဓိက ဆွေးနွေးဖို့လိုအပ်လိမ့်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်”လို့ ALP ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က RFA ကိုပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထိလွယ်ရှလွယ်ကိစ္စတွေကို ကိုင် တွယ်ရာမှာ ရခိုင်တွေရဲ့သဘောဆန္ဒမပါဘဲဘယ်အဖွဲ့ အစည်းရဲ့ လုပ်ဆောင်ချက်ကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ALP က ပြောပါတယ်။

NUG ဟာ အရင်အစိုးရ အဆက်ဆက်က အသိအမှတ်မပြုထားခဲ့တဲ့ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို တရားဝင်အသိအမှတ်ပြု သုံးနှုန်းခဲ့ပြီးတော့ ရိုဟင်ဂျာတွေနဲ့ အခြားလူမျိုးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ပြဋ္ဌာန်းတဲ့ လုပ်ငန်းစဉ်ကိုပယ်ဖျက်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ အခြားဖိနိုပ်တဲ့ ဥပဒေ တွေကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းနဲ့ အသစ်ပြဋ္ဌာန်းခြင်း စတဲ့လုပ်ငန်းစဉ်တွေကို အခြေခံဥပဒေတစ်ရပ်ရေးဆွဲပြီး လုပ် ဆောင်တာဟာ အထောက်အကူဖြစ်မယ်လို့ယုံကြည်ပြီး အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်မှာ ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အတွေးအမြင်နဲ့ သဘောထားတွေကို ရယူသွားမယ်လို့ NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒ သဘောထားကြေညာ ချက်မှာဖော်ပြထားပါတယ်။

၇။ ဒီးမော့ဆိုက ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီပစ်ခတ်
6 June, 2021

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ဖွဲ့တွေ ဒီကနေ့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒီးမော့ဆိုမှာ KNDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု – PKPF က သတင်းထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့မှာတော့ လက်နက်ကျည်ထိမှန်လို့ ဒေသခံ သုံးယောက် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေက ဒီးမော့ဆိုမြို့နယ်ထဲက ဒေါငံခါး ခရစ်ယာန်ဘုရားဘုရားကျောင်းကို လက်နက်ကြီး တွေနဲ့ ပစ်ခတ် နေသလို၊ နေအိမ်တွေကိုလည်း မီးရှို့ကြတာတွေကြောင့် ပြန်ခုခံရတာဖြစ်တယ်လို့ KNDF တပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။ ကယားပြည်နယ်မှာ လူနေအိမ်တွေ၊ ဘုရားကျောင်းတွေ၊ မြို့ရွာတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တွေက အကာကွယ်ယူတိုက်ခိုက်နေတာတွေကို ချေမှုန်းမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် စစ်ကောင်စီ ဘက်က ပစ်ခတ်တာတွေဟာ အခုလို ပေါ်ပေါ်ထင်ထင် လုပ်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့ခံ ဦးပလန်က စစ်ကောင်စီတပ်တွေဟာ မနက်ကတည်းက ပစ်ခတ်နေတာ အချက် ၂၀၀ လောက်ရှိပြီး သူ့မြို့မှာ နေအိမ်တစ်လုံး မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။ “အခြေအနေက အလုံးကြီး နှစ်ရာလောက်ရှိနေပြီ။ ထုလာတာ။ အဲဒါကို အိမ်တစ်လုံးထိသွားပြီး မီးလောင်တာတွေ့တယ်။ လက်နက်ကြီးနဲ့ထုတာ။ ဘုရားကျောင်းလည်း ထိတယ်။ အိမ်တစ်လုံး လည်း မီးလောင်သွားတယ်။ လူနေအိမ်တစ်လုံး လောင်သွားတယ်။ လူတွေ ထိခိုက်မှုက လောလောဆယ်တော့ မရှိသေး ဘူး” ကယားပြည်နယ်မှာ တိုက်ပွဲစဖြစ်ကတည်းက ဘာသာရေးဆိုင်ရာ ဘုရားကျောင်းတွေကို အကာအကွယ်ယူပြီး ပြည်သူ့ ကာကွယ်ရေးတပ်တွေ ခိုလှုံတာမျိုး မရှိတဲ့အကြောင်း၊ နိုင်ငံတကာ စစ်ဥပဒေတွေအရ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး ဆိုင်ရာနယ်မြေတွေမှာ ခိုလှုံတာ တပ်စွဲတာမျိုးကို လုံးဝမလုပ်ဘူးလို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) က တပ်ဖွဲ့ဝင်တွေ ပြောပါတယ်။

၈။ အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး
7 June 2021

ပူတာအိုမြို့နယ် ဖတ်မာ (Hpak Ma Mare) ကျေးရွာတွင် အရှိန်ဖြင့်မောင်းလာသော အာဏာသိမ်းစစ်တပ်ယာဉ်တန်းက ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ခဲ့သောကြောင့် ခြေကျိုးသည်အထိ ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ဇွန်လ ၅ရက်နေ့ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအုပ်စုရှိ အုပ်ချုပ်မှူးများနှင့် ဆယ်အိမ်မှူး ၁၇ ယောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ပူတာအိုဘက်သို့ ကားဖြင့်ခေါ်လာစဉ် အဆိုပါယာဉ်တန်းက ဖတ်မာကျေးရွာတွင်နေထိုင်သည့် အသက် ၅၀ အရွယ် ဦး Tsam La ကို တိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “စစ်သားတွေမောင်း လာတဲ့ကားက ကျနော်တို့ရွာက ဦးလေးတစ်ယောက်ကို ဝင်တိုက်ထားတယ်။ သူတို့ကလှည့်တောင် မကြည့်ကြဘူး။ အဲ့ ဦးလေးက တိုက်ခံရတဲ့နေရာမှာ မှောက်လှဲသွားပြီး ခြေထောက်တစ်ဖက်ကျိုးသွားတယ်။ တာဝန်ယူတာလည်း မရှိဘူး” ဟု ပြောဆိုသည်။

ဒဏ်ရာပြင်းထန်ခဲ့သည့် ဦး Tsam La ကို ဖတ်မာကျေးရွာတွင် ဆေးကုသရန်ခက်ခဲသောကြောင့် မိသားစုဝင်များက ဆွမ်ပီယန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားပြီး တိုင်းရင်းဆေး ကုသနေရကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်သည် ဆွမ်ပရာဘွမ်နှင့် ပူတာအို လမ်းမပေါ်ရှိ ပြည်သူများကို ဖမ်းဆီးပြီး ၎င်းတို့၏ စစ်ယာဉ်တန်းလုံခြုံရေးအတွက် လူသားဒိုင်း အဖြစ် ခေါ်ဆောင်မှုများပြုလုပ်နေကြောင်း သိရသည်။

၉။ ကချင်စစ်ဘေးရှောင်များအတွက် နေအိမ်သစ်များ လွှဲပြောင်းအပ်နှံ
6 June, 2021

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဆောက်လုပ်တဲ့လုပ်ငန်းပြီးစီး သွားပြီဖြစ်လို့ ဇွန်လ ၅ ရက်နေ့မှာ နေအိမ်သစ်တွေကို စစ်ရှောင်မိသားစုတွေထံ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကလွှဲပြောင်းအပ်နှံပေးခဲ့ပါတယ်။ အခုဆောက်လုပ်ပြီးစီးတဲ့ နေအိမ် ၁၄၆ လုံးကို ဂျပန်နိုင်ငံကနီပွန်ဖောင်ဒေးရှင်းက ကူညီ ထောက်ပံ့လှူဒါန်းတာဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က တာဝန်ယူ ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကချင်စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် နေရပ် ပြန်နိုင်ရေး နီပွန်ဖောင်ဒေးရှင်းဟာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ကို KBC မှတဆင့် ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အဆိုပါထောက်ပံ့ငွေနဲ့ KBC မှ တာဝန်ယူကာ ကချင်ပြည်နယ်ရှိ ပူတာအို၊ ချီဖွေ၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးမောက်မြို့နယ် အတွင်းရှိ ကချင်စစ်ရှောင်မိသားစုတွေအတွက် အိမ်ခြေ ၆၀၀ ကျော် ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့ အသင်းတော် တာဝန် ရှိ သူတွေထံကနေ သိရပါတယ်။

၁၀။ တောင်ကုတ်မြို့ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ အပါအဝင် ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား
7 June 2021

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မိုးပညာဒါန ပရဟိတ သင်တန်းကျောင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်ဝင်းနိုင်၊ နာယက အဖွဲ့ဝင်များနှင့် သင်တန်းသားများ အပါအဝင် စုစုပေါင်း ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။ ယင်းသင်တန်းကျောင်းမှ ကျောင်းအဖွဲ့ဝင် တဦးက “သူတို့က သံတွဲမြို့ကို သင်တန်းအတွက် စက်ပစ္စည်းဝယ်ဖို့ သွားတာ။ ဘယ်လို အဖမ်းခံရတယ် ဆိုတာတော့ တိတိကျကျ မသိဘူး။ သူ့မိန်းမက သူ့အမျိုးသား ပြန် ရောက်မလာလို့ ဖုန်းခေါ်တာမရဘူး။ သူဝင်ထွက်နေကျ သူ့မိတ်ဆွေအိမ်တွေကို ဖုန်းဆက်မေးတော့လည်း မရောက်ဘူးဆိုမှ စုံစမ်းကြည့်တော့ မျက်မြင် တယောက်က စစ်သားတွေ ဖမ်းခေါ် သွားတယ် ဆိုတာသိရတာ” ဟု ဧရာဝတီသို့ ပြောသည်။

မိသားစုဝင်များက ထိုသို့ ကိုအောင်ဝင်းလှိုင် အပါအဝင် ဒေသခံ ၇ ဦးကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားကို မသိရှိ သလို မည်သို့ အရေးယူ ဆောင်ရွက်ထားသည်ကိုလည်း မသိရှိကြောင်း ပြောသည်။ အဆိုပါ မိုးပညာဒါန သင်တန်းကျောင်း သည် တောင်ကုတ်မြို့နှင့် ၈ မိုင် ကျော်အကွာ မိုးတောင်ရွာတွင် တည်ရှိပြီး ၂၀၂၁ ခုနှစ် ဧပြီလ အတွင်းကစတင် တည် ထောင်ကာ ယခုလ ဇွန်လ ၂ ရက်တွင် သင်တန်း စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ သင်တန်းတွင် ကွန်ပြုတာ၊ အခြေခံ အင်္ဂလိပ် စကားပြော၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေး ပညာများကို သင်ကြား ပို့ချပေးကြောင်းလည်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် နယ်ထိန်း ရဲအရာရှိတို့က ယမန်နေ့ ဇွန်လ ၆ ရက်က ကိုအောင်ဝင်းနိုင်၏ ဇနီးအား ရဲစခန်းသို့ ခေါ်ယူမေးမြန်းမှုများကို ပြုလုပ်ခဲ့ကြောင်း ဖမ်းဆီးခံထားရသူတဦး၏ မိသားစုဝင်က ပြောသည်။ တောင်ကုတ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးကတော့ ၎င်းတို့အား စစ်တပ်မှ ဖမ်းဆီးခဲ့ထားဟု သတင်းများ ထွက်ပေါ်နေ သော်လည်း လက်ရှိအချိန်အထိတော့ ရဲစခန်းသို့ တရားဝင် လွှဲပြောင်းလာခြင်း မရှိသေးကြောင်း ပြောသည်။

၁၁။ ဟိုပုံးမြို့ လူငယ် ၇ ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီး
June 6, 2021

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် ဇွန် ၄ ရက် ညသန်းခေါင်ယံ အချိန်တွင် အာဏာသိမ်းစစ်ကောင်စီမှ လူငယ် (၇) ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ဟိုပုံးမြို့ အနောက်မြို့ပတ်လမ်း မြိုဦးရပ်ကွက်တွင် နေထိုင် သည့် လူငယ် ၅ ဦးသည် ဇွန် ၄ ရက် ၌ အိမ်ရှေ့တွင် ထိုင်နေချိန် စစ်ကောင်စီမှ ရောက်လာပြီးဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ဆိုင်ကယ်ဖြင့် သွားလာနေသည့် လူငယ်(၂)ဦးကိုလည်း ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ သူတို့ ၅ ယောက်က အိမ်ရှေ့က အုတ်ခုံးပေါ်မှာထိုင်ပြီးဝိုင်းဖွဲ့နေတာ။ စစ်သား ကင်းလှည့်နေချိန်နဲ့တွေ့တော့ အိမ်ထဲဝင် သွားတယ်။ သူတိုအိမ်ထဲထိ လိုက်ဖမ်းတာ။ အင်အား အရမ်းများတယ်”ဟု ဟိုးပုံမြို့ဒေသခံတစ်ဦး ကပြောသည်။ အလား တူ ၎င်းတို့ ၅ ဦးကိုဖမ်းဆီးနေချိန်တွင် ဆိုင်ကယ်တစ်စီးက အရပ်သား(၂)ဦးကိုလည်း ဆိုင်ကယ်ရပ်တန့်ခိုင်းပြီး တခါတည်း ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။“လူငယ် (၅)ဦးကို ဖမ်းဆီးပြီးတဲ့ချိန်မှာ လူ (၂)ယောက်နဲ့ဆိုင်ကယ်တစ်စီးဖြတ် လာတယ်။ သူတို့ရပ်ခိုင်းတာ မရပ်ရင်ပစ်မယ်လိုဆိုပြီးအော်ပြောတော့ ဟိုကလည်းရပ်ပေးပြီးဖမ်းသွားတယ်။ ဆိုင်ကယ်လည်းသိမ်းသွား တယ်။ ဖုန်းတွေကောပါတယ်”ဟု ၎င်း က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဟိုပုံးမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသူ စုစုပေါင်း (၁၃) ဦးရှိကြောင်း သိရသည်။

၁၂။ ဟားခါးမြို့နယ်ရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီမှ ဝင်ရောက်စီးနင်း၊ ပစ္စည်းတွေပါယူ
June 7, 2021

ဟားခါးမြို့နယ်ရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီမှ ဝင်ရောက်စီးနင်းပြီး ဒေသခံတို့၏ ပစ္စည်းတွေပါ ယူဆောင်သွားကြကာ ယနေ့တိုင် စစ်ကောင်စီတပ်မှ တပ်စွဲထားခြင်းကြောင့် ကျေးရွာလူထုအနေဖြင့် အိမ်မပြန်ရဲသေးကြောင်း ကျေးရွာဒေသခံ တစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့ရွာကို သူတို့စဝင်လာတဲ့နေ့က အခု ဇွန်လ ၂ ရက်နေ့ဖြစ်တယ်၊ သော့ခတ်ထားတဲ့အိမ်တွေကို သူတို့အကုန် လုံးဖျက်ပြီးတော့ အိမ်ထဲမှာရှိတဲ့ သုံးလို့ရတဲ့ဟာတွေ ဘတ်ထရီက ၁ဝ လုံးလောက်ထင်တယ်၊ ဆိုလာပြားက ၅ ခု၊ တီဗီ၊ မီး စက်ကတစ်လုံး၊ ပြီးရင် နည်းနည်းတန်ဖိုးရှိတဲ့ ဟာတွေပေါ့၊ အဝတ်အစားတွေပါ သူတို့အကုန်လုံးယူတယ်” “ကျွန်တော်တို့ရွာ အိမ်ခြေက ၅ဝ လောက်ရှိတယ်၊ ရွာခံလူဦးရေက ၂၈၀ လောက်ရှိမယ်၊ ကျွန်တော်တို့အကုန်လုံး ရွာကိုစွန့်ပြီးတော့ တောခိုနေ ကြတယ်။ ကျွန်တော်တို့ဘက်ကနေတော့ ခုခံတာတို့ဘာတို့တော့ မရှိပါဘူး၊ ဘာလို့လည်းဆိုတော့ ဘာမှလည်းမရှိဘူးလေ၊ ကျွန်တော်တို့မှာ။ သူတို့ဝင်လာတော့မယ်ဆိုတာနဲ့ ကျွန်တော်တို့ ရွာထဲမှာမရှိကြတော့ဘူး၊ သူတို့ ဆိုရ်ခွားမှာ သောင်းကျန်း တယ်ဆိုတာသိသိချင်း ရွာကနေ ထွက်ခွာလာကြတာဖြစ်တယ်၊ အခြေနေကောင်းလို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ကတော့ ရွာကိုပြန်သွားချင်ပါတယ်၊ ဘာလို့လည်းဆိုတော့ ခုက မိုးတွင်းလည်းဖြစ်တယ်၊ တောထဲမှာလည်းနေရတယ်၊ နောက်ကြာလာရင် စားဖို့သောက်ဖို့အတွက်ပါ စဉ်းစားရမယ်ဆိုတော့” ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင် ကျေးရွာဒေသခံ၊ အမည်မဖော်ပြလိုသူတစ်ဦးက ပြောသည်။

ဟားခါးနှင့် မတူပီလမ်းပေါ်တွင် ကျေးရွာပေါင်း ၂၅ ရွာခန့်ရှိပြီး ဆိုရ်ခွားကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာခန့်မှာ ရွာကိုစွန့်ပြီး စစ်ဘေးရှောင် တောခိုနေကြကြောင်း သိရသည်။

၁၃။ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်၊ဝမ်းလျော အဖြစ်များနေ
June 08, 2021

ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျောရောဂါ အဖြစ်များနေတယ်လို့ ဒီးမောဆိုမြို့နယ် အရှေ့ဖက်ခြမ်းဒေသမှ စစ်ဘေးရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။“ဘယ်လိုမျိုးအရွယ်တွေမှာဖြစ် နေလည်းဆိုရင် ဒါကတော့ အရွယ်မရွေးဘူး။ ယင်နားစာစားမိတာတွေ၊ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာ တွေ က ဒါတွေလည်း ဖြစ်နိုင်တာပဲလေ။ အခုဖြစ်နေတာကတော့ အစကတော့ ကလေးပေါ့။ အခုဆို လူကြီးတွေပါဖြစ်ကုန်ပြီ။ အဲ့ဒါ ကြောင့် ကျနော်တို့ အဆင်မပြေဘူး။ ကျနော်တို့မှာလည်း ဆေးမရှိဘူး။ မလုံလောက်ဘူး။ အဲ့လိုသဘောမျိုးပေါ့။ အလှူ ရှင်ရှိ တယ်။ မလုံလောက်ဘူး။ အဓိက အဲ့ဒါတွေဖြစ်နေတယ်” လို့စစ်ဘေးရှောင်တဲ့ ရပ်ဖိရပ်ဖတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်သူတွေထဲက သက်ကြီးရွယ်အိုနဲ့ ကလေးတွေများတဲ့အတွက် ဆေးဝါးတွေ လုံလောက်မှုမရှိနိုင်ဘူးလို့ဆိုပါ တယ်။ စစ်ဘေးရှောင်ခါစမှာ ကလေးငယ်တွေမှာသာ အဖြစ်များပေမယ့် အချိန်ကြာလာတော့ အသက်အရွယ်မရွေး ကြုံလာ ကြရတယ်လို့ သိရပါတယ်။“တချို့လူတွေဆိုရင် ရောဂါအခံရှိတယ်။ ရှိတော့ အမြဲတမ်းဆေးကို မပြတ်ဆောင်ထားရတဲ့ သူ တွေ၊ ဆေးပြတ်သွားရင် မရတဲ့သူတွေ အဲ့ဒါတွေကျတော့ ကျနော်တို့ တအား အခက်အခဲဖြစ်တယ်ပေါ့နော။ ကျနော်တို့က ဆေးတွေကို အကူအညီတောင်းလို့မရရင် အဲ့လိုလူတွေကို ပစ်ပယ်၊ ပစ်ထုတ်ထားသလို အဲ့လိုမျိုးပုံစံပဲ ဖြစ်သွားမှာပေါ့” လို့ စစ်ဘေးရှောင်နေတဲ့ ရပ်ဖိရပ်ဖတစ်ဦးက ပြောပါတယ်။

“စစ်ပွဲတွေ ပြင်းထန်လာတဲ့အခါ ပြည်သူတွေအတွက် အဓိက ထိခိုက်မှုပိုများတယ်။ တကယ့် မကျန်းမာတဲ့သူတွေအတွက် ပိုပြီးတော့ အခက်အခဲ ရင်ဆိုင်ရတယ်။ တောထဲမှာ နေတဲ့အခါအမှာ ရေကလည်းရှားတယ်။ ရှိတဲ့ရေကလည်း မသန့်ဘူး။ ကလေးငယ်တွေဆိုရင်လည်း အခုဆို ဝမ်းပျက်၊ ဝမ်းလျောရောဂါကို ခံစားလာရတဲ့ အခြေအနေမှာရှိတယ်။ သက်ကြီးရွယ်အို ပိုင်းဆိုရင်လည်း တော်တော်လေး စိတ်ဓာတ်ကျနေတဲ့ အခြေအနေမှာရှိတဲ့အခါ ဒီစစ်ပွဲကြောင့် ဘယ်ပြည်သူမှ စိတ်မချမ်းရ တော့ တော်တော်လေး ဝမ်းနည်းဖွယ်ကောင်းတာပေါ့နော”လို့ ကူညီဆောင်ရွက်နေသူက ပြောပါတယ်။

၁၄။ အသက် ကိုးနှစ်အရွယ် အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရမှု ဥပဒေအရ ထိရောက်စွာအရေးယူပေးရန် တောင်းဆို
June 8, 2021

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် အသက်ကိုးနှစ်အရွယ် အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရ ခြင်းနှင့်ပတ်သတ်ပြီး ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် ဒုက္ခသည်စခန်းတာဝန်ရှိသူများက တောင်းဆိုကြ သည်။ စစ်ဘေးရှောင်စခန်းများတွင် ယင်းကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များ၊ အမျိုးသမီးများအား ကိုယ်ထိ လက်ရောက် အတင်းအဓမ္မပြုကျင့်ခံရခြင်း နောက်ထပ်မရှိစေရန် ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူဆောင် ရွက် ပေးစေချင်သည်ဟု ပီပင်ရင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသိန်းကျော်မြက ဆိုသည်။

“အခုလိုမျိုး အမျိုးသမီးငယ်တွေကို စော်ကားတာကတော့ လုံခြုံမှုမရှိတဲ့အတွက်ကြောင့်ပဲလို့ထင်တယ်။ အခုလိုမျိုး ကိစ္စ တွေနဲ့ပတ်သတ်လို့ တာဝန်ရှိသူတွေအနေနဲ့တော့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးစေချင်တယ်။ အမျိုးသမီးတွေ ကို နုတ်နဲ့ပဲဖြစ်ဖြစ် ကာယကံနဲ့ဆိုရင် ပိုဆိုးတာပေါ့နော်။ အဲဒီလိုမျိုး စော်ကားတာကိုတော့ ကျနော်တို့အနေနဲ့ လုံးဝလက်မ ခံနိုင်ပါဘူး။ အခု ဆေးရုံမှာဆိုပေမဲ့ သူ့အမေကတော့ သူ့သမီးအတွက်နဲ့ အရမ်းတွေရှက်ပြီးတော့ ပြင်ပကလူတွေကိုတောင် တွေ့ဆုံစကားပြောဖို့ အရမ်းကြောက်နေသလိုမျိုးဖြစ်နေတယ်”ဟု ဆိုသည်။ အဓမ္မပြုကျင့်ခံရသည့် အသက်ကိုးနှစ်အရွယ် အမျိုးသမီးငယ်မှာ ဇွန်လ ၄ ရက်နေ့က ယင်းစခန်းတွင်နေထိုင်သူ ဦးကျော်နိုင်မိုးဆိုသူက မုန့်ကျွေးမည်ဟုဆိုကာ ခေါ်ဆောင် သွားပြီးနောက် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

စစ်ဘေးရှောင်စခန်းတွင်ရှိသည့် အမျိုးသမီးများအနေဖြင့် လုံခြုံမှုကင်းမဲ့နေပြီး၊ တာဝန်ရှိသူများအနေဖြင့်လည်း ကူညီ ထောက်ပံ့ပေးသည့်အခါ အလေးထားဆောင်ရွက်သင့်ပြီး ယင်းကဲ့သို့ မလုပ်ဆောင်ပါက လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့် ယှက်မှုများ ဖြစ်လာနိုင်သည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ စောစံငြိမ်းသူကပြောသည်။ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ် ဆေးကုသခံယူနေသည့် တိန်ညိုတိုက်နယ်ဆေးရုံအား သူမ၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ ယင်းအပြင် အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး မြောက်ဦးရဲစခန်း သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။ ပြီးခဲ့သည့် မေလ ၂၃ ရက်ကလည်း ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ဂန္ဓာရီပရဟိတဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးမှာလည်း အဓမ္မပြုကျင့်ခံခဲ့ရသည်။

၁၅။ KIA နဲ့ ဆက်သွယ်သည်ဟုဆိုကာ ချီဖွေစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး စစ်ကောင်စီက ဖမ်းဆီးထား
5 June 2021

ကချင်ပြည်နယ်၊ ချီဖွေမြို့စစ်ရှောင်စခန်း ၂ တွင် နေထိုင်သည့် မူကြိုဆရာမ တစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်အသွယ်ရှိသည်ဟု တိုင်တန်းထားသူရှိသည့်အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စစ်ရှောင်များထံမှ သိရသည်။ ”သူ့အိမ်နားက မိန်းကလေး ၂ ယောက်က KIA ဘက် ဝင်သွားတာကို မိဘတွေက အဲဆရာမဆက်သွယ်ပေး လို့ ဆိုပြီးတိုင်ထားတဲ့သဘောမှာ ရှိတယ်။ အဲကြောင့်လာဖမ်းသွားတယ်လို့ သိရတယ်။”ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် အသက် ၄၀ အရွယ်ရှိ ဒေါ်လဘောင်ခေါညွယ်သည် ဇန်နောင်ယန် မူကြိုကျောင်းမှ မူကြိုဆရာမဖြစ်ပြီး သားသမီး ၄ ဦး မိခင်ဖြစ်ကာ ဖမ်းဆီးခံရချိန် အငယ်ဆုံး သားငယ်ကိုပါ ခေါသွားကြောင်း သိရသည်။“လာဖမ်းတာတော့ အဲ ဆရာမ တစ်ယောက်ကိုဘဲ ဖမ်းတာဟုတ်တယ် ကလေးတော့ မဖမ်းဘူး။ ဒါပေမယ့် ကလေးကလည်း ငယ်သေးတယ် ၃ နှစ် ကျော်ဘဲရှိသေးတော့ သူ့အမေ မခွဲနိုင်လို့ ခေါသွားတာဟုတ်တယ်။ သားအမိ နှစ်ယောက်စလုံး ဖမ်းတာတော့ မဟုတ်ဘူး။”ဟု အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ KIA ဘက်သို့ ဝင်သွားသည့် မိန်းကလေး ၂ ဦးသည် မိမိသဘောဆန္ဒဖြင့် ဝင်ရောက်သွား ခြင်းသာဖြစ်သောကြောင့် ဆရာမဒေါလဘောင်ခေါညွယ်နှင့် မသက်ဆိုင်ကြောင်း ပြောဆိုသည်။ ချီဖွေဒေသသည် အာဏာ သိမ်းစစ်တပ်နှင့် ၎င်း၏လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်သော ပြည်သူ့စစ်အဖွဲ့တို့ အားကောင်းသောကြောင့် KIA နှင့် ဆက်သွယ်သည်ဟု ယူဆရသောသူများကို ဖမ်းဆီးမှုများရှိနေသလို၊ စစ်ရှောင်များကိုလည်း ပြည်သူ့စစ်မလုပ်မနေရ ဖိအားပေးမှုများရှိနေသည်။

၁၆။ ထော်ရွဲရွာရှိ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လှုပ်ရှားမှုလုပ်ဆောင်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်ခံရ
June 7, 2021

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထော်ရွဲရွာရှိ အခြေခံပညာအလယ်တန်း (ခွဲ) ကျောင်း၌ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လှုပ်ရှားမှုလုပ်ဆောင်သူများကို အရေးယူဆောင်ရွက်သွားမည်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အ.လ.က (ခွဲ) ထော်ရွဲ ကျောင်းအုပ် ဆရာမကြီးတို့က ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

ပြီးခဲ့သည့်မေလ (၂၅) ရက်နေ့က စာသင်ကျောင်း၏ တံခါးပေါက်နှင့် အုတ်တံတိုင်းများတွင် စစ်ကျွန်ပညာရေးစနစ် အလိုမရှိ ကြောင်း စာသားများ သွားရောက်ရေးသားသူများ၊ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ်တွင် တင်သူများနှင့် ပြန်လည်မျှဝေသူ များကို ဖမ်းဆီးအရေးယူမည့်အပြင် CDM (အာဏာဖီဆန်မှု) လုပ်နေသူများကိုလည်း အချိန်မရွေး အရေးယူရနိုင်သည် ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ခြိမ်းခြောက်ပြောဆိုလျက်ရှိသည်ဟု ဒေသခံများက ပြော သည်။ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “လူငယ်တစ်ဦးက ကျောင်းရှေ့ဖြတ်သွားတော့ အဲ့ဒီစာကိုမြင်ပြီး ဓာတ်ပုံ ရိုက်ပြီး Facebook ပေါ်တင်လိုက်တယ်။ အဲ့ပို့စ်ကို ရှဲတဲ့သူများတော့ ထော်ရွဲဆရာမကြီးရယ်၊ ထော်ရွဲကမ်းနားကဆရာမကြီးနဲ့ ရွာသူကြီးတို့တိုင်ပင်ပြီးတော့ မြကြာဖြူရွာက BGF ကုန်းကို သွားတိုင်ပြီး ပို့စ်တင်တဲ့သူနဲ့ ကျောင်းမှာစာရေးခဲ့တဲ့သူတွေကို ဖမ်းခိုင်းတယ်။ သတင်းဓာတ်ပုံကို ထပ်ဆင့်ပြန်လည်မျှဝေသူများရှိမယ်ဆိုရင် အရေးယူဆောင်ရွက်သွားမယ်လို့ပြောတယ်” ဟု ပြောသည်။

စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနှင့်ပတ်သက်၍ စာသွားရောက်ရေးသူနှင့် လူမှုကွန်ရက်ပေါ် ဓာတ်ပုံတင်သူများကို ထော်ရွဲကျေးရွာအုပ်ချုပ်ရေးမှူးက နာမည်စာရင်းမှတ်ထားသည့်အပြင် ၎င်းနာမည်စာရင်းရှိသူ၏ နေအိမ်များကိုလည်း ရဲနှင့် စစ်သားများက သွားရောက်စုံစမ်းမေးမြန်းမှုလည်းရှိသည်ဟု သိရသည်။ လက်ရှိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စာသင် ကျောင်းအချို့သည် ကျောင်းပြန်လည်ဖွင့်လှစ်နေပြီးဖြစ်သလို မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိသည့်အထဲတွင် ထော်ရွဲ အ.လ.က (ခွဲ) ကျောင်းသည်လည်း ကျောင်းအပ်နှံသူများမရှိသည့်အတွက် ကျောင်းပြန်လည်မဖွင့်နိုင်သေးသည့်အပြင် ၎င်း ကျောင်းမှ ကျောင်းဆရာ/မ (၁၄) ဦးရှိသည့်အနက် (၇) ဦးမှာ CDM တွင် ပါဝင်ထားသည်ဟု သိရသည်။

၁၇။ ဒေါ့ဖုန်းယန်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်
7 June 2021

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ဘက်သို့ စစ်အင်အား ၂၀၀ ခန့်တိုးချဲ့လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းကို KIA က ယနေ့ မနက် ၁၀နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်လမ်းမကြီးအတိုင်း နွမ်းလန်ကျေးရွာမှ စစ်ကား ၈စီးဖြင့် တက်လာသည့် စစ်ယဉ်တန်းကိ ဒေါ့ဖုန်းယန်မရောက်မှီ ၂ မိုင်ခန့်အလို လိုင်ဂျော်ကုန်းတွင် KIA တပ်ရင်း ၁၉ က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး KNG သတင်း ဌာနကို ပြောဆိုခဲ့သည်။“တိုက်ပွဲက နာရီဝက်လောက်ရှိနေပြီ။ အခုချိန်ထိ လက်နက်ကြီးသံတွေ တစ်ချက်ချက်ကြားနေရ သေးတယ်။ နွမ်လန့် ဘက်မှတက်လာကြတဲ့ စစ်သားတွေဟုတ်တယ်။ KIA ကစောင့်ပြီးဝင်တိုက်တာ။ သေဆုံးထိခိုက်တာ တွေ ဘာမှမသိရသေးဘူး”ဟု ပြောဆိုသည်။

ဒေါ့ဖုန်းယန်မြိုတွင် အာဏာသိမ်းစစ်တပ်က စစ်အင်အားတို့ချဲ့နေသဖြင့် KIA က ကြားဖြတ်တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေ ပြီး တစ်ပတ်တွင် အနည်းဆုံး ၃ ကြိမ်ခန့် ဖြစ်ပွားလျက်ရှိသည်။ ဒေါ့ဖုန်းယန်မြို့သည် ကချင်လွတ်လပ်ရေး တပ်မတော် KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင်ရှိသလို အလောဘွမ်တောင်ခြေအောက်တွင်တည်ရှိနေသောကြောင့် အာဏာသိမ်းစစ်တပ် ဘက်မှ တပ်မ ၈၈ နှင့် ၇၇တို့မှ စစ်အင်အား ၈၀၀ ကျော်ထက်မနည်း တိုးချဲ့ထားကြောင်း ဒေသခံများပြောဆိုချက်မှသိ ရသည်။

၁၈။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေ နောက်နှစ်လ အတွင်း အပြီးစစ်မယ်လို့ဆို
6 June, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကစွဲဆိုထားတဲ့ အမှုတွေကို ရှေ့သီတင်းပတ်မှာ စပြီး စစ်ဆေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဒီနေ့ ပြောလိုက်ပါတယ်။ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ကို နေပြည်တော်ကောင်စီဝင်းထဲက အထူးတရားရုံးမှာ လျှို့ဝှက်ပြီး ဒီနေ့ ဇွန် ၇ ရက်မှာ ဒုတိယအကြိမ်မြောက် လူကိုယ်တိုင် ရုံးထုတ်ခဲ့ပါတယ်။

စွဲဆိုထားတဲ့ အမှုတွေဟာ ရိုးရှင်းတဲ့အမှုတွေဖြစ်တဲ့အတွက် ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဖို့ တရားရုံးကို တင်ပြရာမှာ တရားသူကြီးက လက်ခံလိုက်တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒီ့အတွက် အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း အမှုစစ်ဆေးမယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က အမှု ၆ မှု စွဲဆိုထားပြီး၊ အဲဒီအထဲက ထောင် ၁၄ နှစ်အထိ အများဆုံးကျခံရနိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုကို ဇွန်လ ၂၃ ရက်နေ့မှာ ရုံးချိန်းခေါ်ထားပါတယ်။

အမှုလိုက်ရှေ့နေအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကလည်း သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့နဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ပြန်ပြောပြပါတယ်။ ရုံးမထုတ်ခင်မှာ အမှုကိစ္စ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေအဖွဲ့ နာရီဝက် တွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအားလုံး ကျန်းမာအောင်နေဖို့ မှာကြားလိုက်တယ်လို့ သိရပါတယ်။ သူကိုယ်တိုင် ကျန်းမာရေး ကောင်းမွန်နေ ပေမဲ့ သုံးနေကျဆေးတွေ ကုန်တော့မဲ့အပြင် သူမွေးထားတဲ့ခွေး “တိုက်ချီဒို” အပါအဝင် အတူနေရတဲ့သူ ကိုးဦးစာ စား သောက်ရေးအတွက် ငွေကြေး လိုအပ်တယ်လို့လည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

၁၉။ ချင်းနဲ့ စစ်ကိုင်းမှာ တိုက်ပွဲဖြစ် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ
7 June, 2021

ချင်းပြည်နယ် ဟားခါးမြို့နယ် ဟားခါး-မတူပီ လမ်းမကြီးတလျှောက်မှာရှိတဲ့ရွာတွေမှာ စစ်ကောင်စီတပ်တွေ က CDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရှာဖွေနေလို့ ရွာပေါင်း ခုနစ်ရွာက ဒေသခံ ခြောက်ထောင် နီးပါး ဘေးလွတ်ရာတိမ်း ရှောင်နေရတယ်လို့ သိရှိရပါတယ်။

ဇွန်လ ၁ ရက်နေ့ကစပြီး စစ်သားအင်အား ၁၀၀ ကျော်လောက်က သေနတ်တွေနဲ့ ပစ်ဖောက် ခြိမ်းခြောက် နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဟားခါးမြို့သားတစ်ဦးက ပြောပါတယ်။“အဲဘက်ကရွာတွေက ခနစ်ရွာ လောက်ရှိတယ်။ ထွက်ပြေးတာပေါ့။ အခုထပ်တိုးတာတွေလည်းရှိတယ်။ ဟားခါးနဲ့အနီးဆုံး ၉ မိုင်၊ အဲနားဘက်က ရွာတွေ ထွက်ပြေးတာပေါ့။ စစ်တပ်က အဲလမ်းကြောင်းတွေကို ရှင်းချင်တဲ့ပုံစံပေါ့။ အင်အားတစ်ရာကျော်ဝန်းကျင်လောက်နဲ့ သူတို့က CDF တွေကို လိုက်ရှာတဲ့ပုံစံမျိုး။ ရွာကလူတွေက သူတို့မရောက်ခင် ကြိုပြီးထွက်ပြေးတာပေါ့။”ဆူရ်ခွာ၊ လုံးခင်း၊ ဖိုင်ဇောင်၊ အိုက္ကား၊ ရှာတလိုင်း၊ လုံးရမ်း၊ လောက်လုံး စတဲ့ရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတာပါ။

မင်းတပ်မြို့မှာလည်း ဇွန်လ ၃ ရက်နေ့ကစပြီး ဇွန်လ ၇ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ မင်းတပ်ပြည်သူ့ ကာကွယ်ရေး တပ် CDF အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ CDF မင်းတပ်ဘက်က သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရထားတယ်လို့ CDF မင်းတပ်အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။“ကျွန်တော်တို့ဘက်က တိုက်ပွဲကျတဲ့သူ သုံးယောက်လောက်ရှိတယ်။ ဒဏ်ရာရတဲ့သူ ခုနစ်ယောက် ရှစ်ယောက်လောက်ရှိတယ်။ လက်နက်ကြီးရယ်၊ လေယာဉ်နဲ့ တစ်ချက်လာပစ်သွားသေးတယ်။ ဗုံးလေးလုံး လာချသွားတယ်။ ကျောက်ထုဘက်က လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်ကူတာတွေရှိတယ်။ စစ်ဘေးရှောင် တွေ ထားခဲ့တဲ့ ဆိုင်ကယ်တွေ၊ ပစ္စည်းတွေကိုလည်း မီးရှို့တာတွေလည်းရှိတယ်။”မင်းတပ်နဲ့ သိပ်မဝေးတဲ့ မကွေးတိုင်းနယ်စပ်က ရွှေအောင်သာရွာဘက်ကလည်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

၂၀။ Stay at Home ကြေညာခံရသည့် ချင်းပြည်နယ် ၅ မြို့နယ်နှင့် ကလေး၊ တမူးမြို့နယ်များရှိ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများ ပြန်ပိတ်ခဲ့
June 8, 2021

Covid-19 ကပ်ရောဂါကူးစက်မှု များပြားလာခြင်းကြောင့် Stay at Home ကြေညာထားသည့် ချင်းပြည်နယ် တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် တမှုးမြို့နယ်များရှိ ဇွန်လ ၁ ရက်နေ့ကတည်းက ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံပညာကျောင်းများကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင် ပြန်လည်ပိတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

တွန်းဇံမြို့နယ်ရှိ ကျောင်းသားမိဘ ၁ ဦးမှ “မဖွင့်နိုင်ခဲ့တဲ့ကျောင်းတွေ ပြန်ပိတ်တယ်လို့ပဲပြောရမယ်ထင်တယ်၊ ဇွန်လ ၁ ရက် ကျောင်းဖွင့်ပြီဆိုပေမယ့် ကျောင်းတံခါးက နေ့တိုင်းပိတ်နေတာပဲလေ၊ တက်မယ့်သူလည်း နည်းလို့ဖြစ်မယ်ဟု မဖွင့်နိုင်ခဲ့ သော အခြေခံပညာကျောင်းများကို ဗစ်ကြောင့် ပိတ်လိုက်သည့်အခြေအနေကို ရှင်းပြသည်။ ကလေးမြို့တွင် Covid 19 ကူးစက်ရောဂါကြောင့် သေဆုံး – ၁၂ ဦးအထိရှိပြီဖြစ်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၅ မြို့နယ်တွင် ပိုးတွေ့လူနာ ၃၂၀ ခန့်၊ Covid 19 ကူးစက်မှုအဖြစ်ပွားဆုံး ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ပိုးတွေ့လူနာပေါင်း (၂၉၇) ဦး၊ သေဆုံးသူ ၈ ဦးရှိခဲ့သည်။

၂၁။ အာဇာနည်ဗိမာန်များဖြိုဖျက်ခြင်းသည် သမိုင်းကို ဖျောက်ဖျက်လိုသည့်သဘောဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ပြောဆို
June 8, 2021

စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းရှိ အာဇာနည်ဗိမာန် ၅ နေရာအား ဖြိုဖျက်လိုက်ခြင်းသည် အာဇာနည်များ၏သမိုင်းကို ဖျောက်ဖျက်လိုသည့်သဘောဖြစ်ကြောင်း ကရင်ပြည်နယ်မှ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ် စားလှယ် တစ်ဦး က မွန်သတင်းအေဂျင်စီသို့ ပြောဆိုခဲ့သည်။“အာဇာနည်ရဲ့ သမိုင်းဖျောက်ဖျက်ချင်တဲ့သဘောလည်းပါတာပေါ့၊ ရှင်းရှင်း ပြောရရင် အာဇာနည်ဗိမာန်မှာ ဆေးချယ်ထားတာ အနီရောင်လေဗျာ၊ ကျနော်တို့ NLD လက်ထက်ကလုပ်ထားတဲ့ ကျနော် တို့ လက်ထက်မှာပေါ်ပေါက်ခဲ့တဲ့ အာဇာနည်ဗိမာန်ပေါ့ဗျာ၊ အထင်ကရကြီးတွေပေါ့၊ ရှင်းရှင်းပြောရရင် ဒါ မနှစ်မြို့တဲ့ သဘော ပေါ့၊ သမိုင်းကိုလည်း ဖျောက်ဖျက်ချင်တဲ့သဘောပေါ့” ဟု ၎င်းလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

“အရင်လက်ထက်က နှစ်စဉ်နှစ်စဉ် အာဇာနည်နေ့အခမ်းအနားတွေလုပ်ခဲ့တာ အာဇာနည်နေ့အဆောက်အဦး ဗိမာန်ဆိုတာ မရှိခဲ့ဘူး၊ ကျနော်တို့လက်ထက်တွေမှာ ဒီအခမ်းအနားတွေကို ဝင့်ဝင့်ထည်ထည် ခမ်းခမ်းနားနားလုပ်နိုင်အောင် အဆောက် အဦးတွေ ဆောက်လုပ်ပေးခဲ့တာ၊ ပြည်သူကနေပြီးတော့ တင်ပြလို့အဆောက်အဦးဆောက်ပေးခဲ့ကြတာ၊တချို့ဒေသမှာဆို ရင် ကိုယ်ထူကိုယ်ထ ပြည်သူပိုက်ဆံနဲ့ အဲဒီလို ဆောက်ခဲ့တဲ့အဆောက်အဦးတွေကို အခုဒီလိုမျိုးလုပ်လိုက်တာက မကောင်း ဘူးပေါ့ဗျာ၊ မကောင်းဘူးဆိုတာကတော့ တကယ့် စက်ရှုပ်ရွံရှာဖို့ကောင်းတယ်လို့ ကျနော်မြင်တာပေါ့” ဟု ဆိုသည်။

နော်ငါးခူးရှီးက “ဘာကြောင့် လာဖြိုသွားလဲဆိုတာ ကျွန်မတို့အနေနဲ့ မသိဘူးပေါ့နော်၊ ကျမတို့ ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီး ကရင်ပြည်သူလူထုလေးစားတဲ့ ရုပ်ထုတောင်မှ ကိုယ့်ရဲ့နယ်မြေ ကိုယ့်ရဲ့ Karen State မှာ စိုက်ပိုင်ခွင့်မရှိ ဘူး လေ၊ အရင်ကဆိုရင် ပြဿနာတက်သေးတယ် ရုပ်ထုကို ဟိုရွှေ့ဒီရွှေ့နဲ့ ထားတဲ့နေရာ သူတို့မကြိုက်တာနဲ့ စိုက်ထူခွင့်မရဘူး၊ ပြီးတော့ သူတို့လေးစားတဲ့ သူတို့ခေါင်းဆောင်ဆိုရင်လည်း တိုင်းရင်းသားဒေသမှာ အတင်းအဓ္ဓမ လာစိုက်တာ၊ အဲဒါက လုံးဝမဖြစ်သင့်ဘူးနော်” ဟု ဆိုသည်။

၂၂။ ရွှေကူမြို့က ဖမ်းဆီးခံလူငယ်များကို ၃ လပြည့်သည်အထိ စီရင်ချက်မချသေး
8 June, 2021

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်ရင်း မတ်လ ၈ ရက်နေ့ကတည်းက ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ၃ လပြည့်တဲ့ ယနေ့ ဇွန်လ ၈ ရက်နေ့အထိ စီရင်ချက်မချသေးဘူးလို့သိရပါတယ်။ လက်ရှိ ဗန်းမော်အကျဉ်း ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အဆိုပါလူငယ်တွေကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၂၅ (က) စတဲ့ပုဒ်မတွေနဲ့ အကြမ်း ဖက်စစ်အုပ်စုက တရားစွဲထားတာဖြစ်ပြီး လူငယ်တချို့ကို ပုဒ်မတွေ ထပ်တိုးလာနိုင်တယ်လို့ဖမ်းဆီးခံလူငယ်တွေရဲ့ မိသားစု ဝင်တွေက ပြောပါတယ်။

“သူတို့ကို မတ်လ ၈ ရက်နေ့က ဖမ်းတာ ဒီနေ့ဆို ၃ လတင်းတင်းပြည့်ပြီ။ ဗန်းမော် အကျဉ်းထောင်မှာ အဆင်ပြေတယ်လို့ တော့ တဆင့်စကားတွေကနေ ကြားရတာပဲ။ တွေ့ခွင့်ကတော့ ကိုဗစ်ခေါင်းစဉ်အောက်ကနေ ငြင်းပယ်ခံရတာပေါ့။ ပထမ တပ်ထားတဲ့ပုဒ်မတွေအပြင် နောက်ထပ် ပုဒ်မတွေ ထပ်တိုးခံရနိုင်တယ်လို့ ကြားတယ်။ ဥပမာ ပုဒ်မ ၂၅ နဲ့ဖမ်းဆီးထားတဲ့ သူတွေကို ပုဒ်မ ၅၀၅(က) တပ်လာနိုင်တယ်ပေါ့နော်။ ဘာပြောချင်လဲ ဆိုရင်တော့ ဒီအရေးတော်ပုံကို အောင်မြင်အောင် ဆက်ပြီး တိုက်ပွဲဝင်သွားကြရအောင်ပေါ့နော်။ အခုဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေအပါအဝင်ပေါ့နော်။ အားလုံး ကို သူတို့က အငြိုးကြီးကြီးနဲ့ နှိပ်ကွပ်နေတာလေ။ အဲဒီတော့ ဒီတိုက်ပွဲကနိုင်မှကိုဖြစ်မှာ”လို့ ပြောပါတယ်။

ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီ ပါတီဝင်တွေ အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံရသူ ၈ ဦးအထိရှိနေတာဖြစ်ပါတယ်။

၂၃။ တန့်ယန်းမြို့နယ် လက်နက်ကိုင်အဖွဲ့များ စစ်သားစုဆောင်းနေ
June 8, 2021

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် ပြည်သူ့စစ်များ စစ်သားစုဆောင်းမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ထိုဒေသအတွင်းတွင် မေလနောက်ဆုံးပတ်မှ စတင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း(ပလောင်)တပ်မတော် (TNLA)၊ ကိုးကန့်ဒေသ (MNDAA) နှင့် ဗိုလ်မွန်းဦးဆောင်သည့် ဝမ်ပန်ပြည် သူ့စစ် တို့ စစ်သားစုဆောင်းနေကြောင်း သတင်းရရှိသည်။ သို့သော် တန့်ယန်းမြို့နယ်အတွင်း နေထိုင်သည့် သူများသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို စစ်သားမလုပ်ချင်သဖြင့် ဝမ်ပန်ပြည်သူ့စစ်ထဲသို့ ဝင်ရောက်သွားကြကြောင်း မိုင်းတွမ်း ဒေသခံများ က ပြောသည်။“ခုလက်ရှိ လူသစ်စုဆောင်းတာက ပလောင် နဲ့ ကိုးကန့်။ သျှမ်းတပ်တွေလည်း ကောက်တယ်။ ဒေသခံတွေတော့ မြို့ထဲကို ထွက်ပြေးကုန်ပြီ။ တစ်ချို့လည်း စစ်သားလုပ်ရမှာကြောက်လို့ ပြည်သူ့စစ်ထဲ ဝင်ကြတယ်” ဟု ထွက်ပြေးနေသည့် မိုင်းတွမ်း ဒေသခံတဦးကပြောသည်။

သျှမ်းတပ် (SSPP/SSA) သည် ၂၀၂၀ ခုနစ်မှ စတင်ကာ တန့်ယန်းမြို့နယ်ရှိ ကျေးရွာများထဲ ပိုမိုလှုပ်ရှား လာကြကြောင်း SSPP ၏ တန့်ယန်းနယ်မြေ အရာရှိတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။“ကျနော်တို့ မသွားလှုပ်ရှားရင် တခြား အဖွဲ့တွေက ပိုပြီး လှုပ်ရှားလာမယ်။ ဒါကြောင့် ကျနော်တို့ ၂၀၂၀ ကစပြီး အဲ့ဘက်ပိုင်းကို ပြန်လှုပ်ရှားလာတယ်။ ငွေတွေ ဆန်တွေ လူတွေ တောင်းတာကတော့ စစ်တပ်တိုင်းရဲ့ ပေါ်လစီဖြစ်တယ်။ အသက် (၁၈) နှစ်ပြည့်ရင် ဘယ်သူမဆို စစ်သင်တန်းတက်ရမှာပါ”ဟု SSPP အရာရှိတစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

၂၄။ စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၈ ဦးအား ကံပေါက်ဒေသခံပြည်သူများမှ အမည်ပျက်စာရင်းကြေညာ
June 7, 2021

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အ.ထ.က-ကံပေါက်၊ မူလွန်-လှည်းကုန်း၊ မူလွန်-မိကျောင်းအိုင် စသည့် ကျောင်း ၃ ကျောင်းမှ စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၈ ဦးအား ဒေသခံပြည်သူများမှ အမည်ပျက်စာရင်းကြေညာလိုက်သည်။

အ.ထ.က-ကံပေါက်ကျောင်းတွင် စာရင်းရှိကျောင်းသားဦးရေ ၁၆၀၀ ကျော်ရှိသော်လည်း ဇွန်လ ၄ ရက်နေ့အထိစာရင်းများ အရ ကျောင်းအပ်သူ ၁၀၀ နီးပါးနှင့် ကျောင်းတက်သူ ၄၀ နီးပါးသာရှိကြောင်း သိရသည်။ ကျောင်းအပ်နှံသူအများစုမှာ ကံပေါက်ဒေသအနီးတဝိုက်ရှိ တပ်ရင်းတပ်စခန်းများမှ တပ်မိသားစုဝင်များဖြစ်ကြပြီး ကျန်အနည်းစုမှာ တပ်ထောက်ခံသူ မိသားစုဝင်များမှ ဖြစ်ကြသည်။ ကံပေါက်ဒေသခံအများစုကမူ စစ်ကောင်စီသြဇာခံ ဆရာ/ဆရာမများဖြင့် ဖွင့်လှစ်သည့် ကျောင်းပညာရေးကို အပ်နှံခြင်းမရှိချေ။ အထက-ကံပေါက်တွင် ပညာရေးဝန်ထမ်းအင်အား ၆၀ နီးပါးရှိသည့်အနက် စစ်ကောင်စီမှ ၄၄ ဦး ထုတ်ပယ်ခဲ့သဖြင့် စစ်ကောင်စီသြဇာခံ ပညာရေးဝန်ထမ်း ၁၃ ဦးဖြင့် ကျောင်းဖွင့်လျက်ရှိသည်။

ရေဖြူမြို့နယ်တွင် မူလတန်းအဆင့် ၁၀၅၄ ဦး၊ အလယ်တန်းအဆင့် ၄၃၇ ဦး၊ အထက်တန်းအဆင့် ၆၁ ဦး ကျောင်းတက် ရောက်ခဲ့ကြောင်း စစ်ကောင်စီသြဇာခံ ပြန်/ဆက်မှ ဇွန် ၄ ရက်နေ့က ကြေညာခဲ့သည်။

၂၅။ ငွေလိုနေသည့် အာဏာသိမ်းတပ်က သစ်တွေထပ်ထုတ်ရောင်းဦးမည်
7 June 2021

အာဏာသိမ်းယန္တရားလည်ပတ်ရေး သစ်လေလံတင်ရောင်းချပွဲများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီ အနေ ဖြင့် ယခုဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် သစ်မာ၊ သစ်လုံး/ခွဲသား ၁၄၁၈၁ တန်အား အွန်လိုင်းကတဆင့် ပြည်တွင်း ရောင်းချပွဲ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနအနေဖြင့် လေလံပွဲအား ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ယင်းမာပင်ခန်းမတွင် ပြုလုပ်မည်ဖြစ်ပြီး ရောင်းချမည့်သစ်များမှာ စစ်ကိုင်းတိုင်း (အနောက်/အ ရှေ့)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှဖြစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း သစ်တောဦးစီးဌာနအနေဖြင့် မြင့်ဘရားသားကုမ္ပဏီအား ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်း သစ်တန် ၁၅၀၀ အမြန်ထုတ်ယူခွင့်အား ချထားပေးခဲ့ကြောင်းသိရသည်။ ယခုကဲ့သို့ ချထားပေးမှုမှာ တံတားဆောက် လုပ်ရေးကဲ့သို့ ကြီးမားသည့် စီမံကိန်းများအတွက်ဆိုပါက ဖြစ်နိုင်ခြေရှိသော်လည်း ယခုကဲ့သို့ စစ်တပ်ကနိုင်ငံတော်အာဏာ သိမ်းထားသည့် အခြေအနေမျိုးတွင် အလွန်များပြားသည့် ပမာဏဖြစ်ကြောင်းလည်း သစ်တောအရာရှိတဦးကပြောကြား သည်။ စစ်ကောင်စီ၏ သစ်လေလံပွဲများနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က “နိုင်ငံပိုင်လုပ်ငန်းတခုက အခုလိုရောင်းချတာဟာ စစ်အစိုးရကမြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဆက်လက် ဖိနှိပ် ထားဖို့ အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံခြားငွေ ရှာပေးဖို့ကလွဲလို့ တခြားမကြောင်းမရှိနိုင်ပါဘူး”ဟု ထုတ်ပြန်ပြောဆို ထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ဝင်ငွေရှာဖွေရေးအတွက် သစ်များအား လေလံတင်ရောင်းချမှုများ ဆက်တိုက် ဆိုသလို ပြုလုပ်လျှက်ရှိသည့်အပြင် သစ်အခြေခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟုဆိုကာ ကော်မတီများထပ်မံဖွဲ့ စည်းလိုက် ကြောင်းလည်း သိရသည်။ ပြည်တွင်းသစ်လုပ်ငန်းရှင်တဦးက “အခု ပြည်တွင်းသစ်အခြေခံလုပ်ငန်းတွေ၊ သစ်စက်လုပ်ငန်း တွေ တိုးတက်ရေးဆိုပြီး ကော်မတီတွေထပ်ဖွဲ့တယ်၊ ပြီးရင်ဘယ်လို ဆက်ပြီးလုပ်ကြမလဲ ဆွေးနွေးကြမယ်ပေါ့၊ ဒီဆွေးနွေးမှု ကိုတော့ တက်ရောက်ဖို့ရှိပါတယ်”ဟု ပြောသည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့် သစ်လေလံပွဲများတွင်း တက်ရောက်ခြင်းမရှိခဲ့ ကြောင်းလည်းပြောသည်။

၂၆။ ရှဒူးဇွပ်စစ်ရှောင်များ ရေဘေးမှလွတ်မြောက်ရေး နေရာအသစ်တွင် ပြောင်းရွေ့ရန်ခက်ခဲနေ
8 June 2021

နှစ်စဉ် ရေးဘေးဒဏ် ကြုံတွေ့နေရသည့် တနိုင်းလီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာ စစ်ရှောင်ပြည်သူများက စစ်ရှောင်နေရာ အသစ်သို့ ရွှေ့ပြောင်းနေထိုင်လိုသော်လည်း ငွေကြေးအခက်အခဲကြောင့် အကောင်ထည်မဖော်နိုင်သေးကြောင်း သိရသည်။ ထို့ကြောင့် ယခုနှစ်မိုးတွင်းကိုလည်း ရေဘေးဒဏ်ဖြင့် ထပ်မံကျော်ဖြတ်ရမည်ကို စိုးရိမ်ကြောင်း စစ်ရှောင်တာဝန်ခံ က ပြောသည်။“ကျနော်တို့စစ်ရှောင်တွေအားလုံးက မိုးတွင်းမရောက်ခင် စခန်းအသစ်မှာ ရွှေ့ပြောင်းနေထိုင်ဖို့ ပြင်ဆင်ထား တာ ဟုတ်တယ်။ စစ်ရှောင်အားလုံးက ရေဘေးဒဏ်ကိုစိုးရိမ်တဲ့အတွက် ရွှေ့ပြောင်းကြဖို့ ဆန္ဒရှိကြတယ်။ ဒါပေမယ့် ကိုယ် တတ်နိုင်သလောက်နဲ့ ဆောက်ပြီးနေဖို့က ပိုက်ဆံမတတ်နိုင်ကြဘူး။ မိသားစုအနည်းက တတ်နိုင်ပေမယ့် အများက တော့ မတတ်နိုင်ကြ ဘူး။ ဒီမှာ ဆက်နေရင်က ရေကြီးတဲ့ဒဏ်က ပြန်ကြုံရမှာဘဲ။ စစ်ရှောင်အားလုံးလည်း စိုးရိမ်နေကြတယ်” ဟု ပြောဆိုသည်။

ရှဒူးဇွပ်စစ်ရှောင်စခန်းတွင် ခေါင်မိုးအထိ ရေကြီးရေလျှံဖြစ်နေပြီး စစ်ရှောင်များ ရေဘေးဒဏ်ကိုကြုံတွေ့နေရသည်မှာ ၂ နှစ်ရှိပြီ ဖြစ်သည်။ ၎င်းတို့ ပြောင်းရွှေ့လိုသောနေရာမှာ အောင်ရာကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရာကျောင်းဝင်း၏ အနောက်ဘက်တွင်ရယူထားသော မြေ ၈ ဧကခန့်ကျယ်သော နေရာတွင်ဖြစ်သည်။ ရှဒူးဇွပ်စစ်ရှောင်များသည် ၂၀၁၇ ခုနှစ် တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားလာသည့်အတွက် လော့ဂျာမှ ထွက် ပြေးလာသူများဖြစ်သည်။

၂၇။ သံတွဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (TPDF) ဖွဲ့စည်း
June 08, 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် သံတွဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Thandwe People Defence Force – TPDF) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယင်းအဖွဲ့က ကြေညာလိုက်သည်။ ယင်းအဖွဲ့ကို ပါဝင်သင့် ပါဝင်ထိုက်သည့် နိုင်ငံရေး အင်အားစုများနှင့် စစ်ကောင်စီအား တော်လှန်လျက်ရှိသော ရဲဘော်များစုစည်းညှိနှိုင်း၍ ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဟု ယင်းအဖွဲ့၏ ယမန်နေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် “စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အလျင် အမြန်တည်ဆောက်နိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ထိရောက်သော တော်လှန် ရေးတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်‌ရေး၊ သံတွဲမြို့နယ်မှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ရန်မှ ကာကွယ်ပေးနိုင်ရေးနှင့် NUG, CRPH, အကြမ်းဖက်စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်လျက် ဟန်ချက်ညီသော နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲများ စနစ်တကျဖော်ဆောင်နိုင်ရေး”စသည့်ရည်ရွယ်ချက် (၄) ခုဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

Federal Journal

 

Related Articles

Back to top button