တိုင်းရင်းသားများသတင်း

နေ့စဉ်တိုင်းရင်းသတင်းများစုဆောင်းတင်ပြခြင်း

(No. 128 , September 14, 2021)

 

၁။ လေကြောင်း တိုက်ခိုက်မှုကြားက လုံလဲရ် စစ်စခန်းကို CDF များ သိမ်းပိုက်နိုင်
13 September 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ စစ်အခြေစိုက် စခန်းတခုကို ချင်းဒေသကာကွယ်ရေး တပ်(ထန်တလန်)က သုံးရက်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းသိမ်းတိုက်ပွဲကို (စက်တင်ဘာ လ ၁၂ ရက်) ညနေ ပိုင်းက ဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။“စခန်းကို ဝိုင်းပြီးတော့မှ သိမ်းတာပေါ့။ ၅ နာရီ ဝန်းကျင်လောက်ပေါ့။ ၄ နာရီ ဝန်း ကျင်လောက်မှာ ဆက်တိုက် ပစ်တာ။ နောက်တခုက နေ့လယ် ၁ နာရီလောက်က ဂျက်လေယာဉ်နဲ့ ၂ ကြိမ်လာပစ်တယ်။ ဒုတိယ နေ့ ညမှာ ကျနော်တို့ဘက်က အင်အားဖြည့်ပြီးမှ ဝင်တိုက်တယ်။ စခန်းကိုလည်း မီးရှို့လိုက်တယ်။ လက်နက်ခဲယမ်းတွေ ရ လိုက်တယ်” ဟု CDF ထန်တ လန်၏ ပြောရေးဆိုခွင့် ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်မှ စတင်ကာ စစ်ကောင်စီ၏ အထက်ပါ အခြေစိုက် စခန်းကို CDF များက အင်အား ၂၀၀ ကျော်ဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်လေယာဉ်သုံးသဖြင့် အစပိုင်းတွင် ပြန်လည် ဆုတ်ခွာခဲ့ ရကြောင်း ချင်းဒေသ ကာကွယ်ရေးတပ် (ထန်တလန်) က မနေ့က ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ ထန်တလန်ဒေသရှိ စစ်အခြေ စိုက်စခန်း တိုက်ခိုက်ခံရသည်မှာ မှန်ကန်ပြီး ၃ ရက်ဆက်တိုက် လူအင်အား ၄၀၀ ကျော်ဖြင့် ဝိုင်းအတိုက်ခံနေရသဖြင့် ပထမပိုင်းတွင် လေကြောင်း ပစ်ကူပေးခဲ့ကြောင်း၊ မနေ့က စတင်ကာ စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

CDF ဘက်ကမူ ယခုလို ချင်းပြည်နယ်ရှိ နယ်စပ်စခန်းများထဲတွင် ဒုတိယ အတောင့်တင်းဆုံး၊ ဘန်ကာ တည်ဆောက်ပုံ ကောင်းသည့် စစ်စခန်းတခုကို ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့ကြောင်း၊ အလောင်း ၁၂ လောင်း ရရှိခဲ့ကြောင်း ပြောသည်။ CDF ၏ ပြောခွင့်ရသူတဦးက “လက်နက်အကုန်လုံး သိမ်းထားပြီးပြီ။ ကျနော်တို့ကတော့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး၊ စစ်အာ ဏာရှင်စနစ်ကို အမြစ် ဖြတ်ချင်တယ်။ သူတို့ ပြုတ်မကျမချင်း ကျနော်တို့ CDF တွေက ဆက်လက် တိုက်ခိုက် သွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဗုံးကြဲတိုက်ခိုက်ခံရသော်လည်း CDF ဘက်မှ ထိခိုက်သေဆုံးမှု မရှိဘဲ ထိခိုက်ဒဏ်ရာ ရရှိမှုသာ ရှိကြောင်း သိရသည်။

၂။ KNU ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုး(ထားဝယ်)မြို့နယ်ဥက္ကဌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရ
September 10, 2021

KNU- ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ-၄၊ လယ်ဒိုစိုး(ထားဝယ်)မြို့နယ်ဥက္ကဌ ပဒိုစောချဲ့ ကို စက်တင်ဘာလ ၉ ရက်၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီဘက်က ဖမ်းဆီးသွားခဲ့သည်ဟု ၎င်းမြို့နယ်၏အတွင်းရေးမှူး ပဒိုစောဆာမျိုးမျိုးက ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ KNU လယ်ဒိုစိုးမြို့နယ် ဥက္ကဌသည် ထားဝယ်ခီးဘက်သို့ ခရီးသွားခဲ့ပြီး အပြန်လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည် ဟု ပဒိုစောဆာမျိုးမျိုးက ယခုလို ပြောသည်။ “မနေ့က နေ့လည်အချိန်လောက်ဖြစ်မယ်။ မြို့နယ်မှူးက ထားဝယ်ခီးနယ် ဘက် ကို သွားတော့လမ်းမှာ အဖမ်းခံလိုက်ရ တယ်လို့ သတင်းကြားမိတယ်။ အသေးစိတ်တော့ သေချာမသိရသေးဘူး။ ကြားမိတာ တော့ အပြန်လမ်း ဝဲသေနေရာလောက်မှာ ဖမ်းလိုက်တာတဲ့။”ဟု ကေအိုင်စီသို့ ပြောသည်။ အဆိုပါ KNU မြို့နယ်ဥက္ကဌကို ဖမ်းဆီးလိုက်သည့် စစ်ကောင်စီတပ်ဖွဲ့မှာ မည်သည့်တပ်ရင်းတပ်ဖွဲ့ကဖြစ်ကြောင်းနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ဆိုသည့် အသေးစိတ် အချက်အလက်များ သိရှိနိုင်ရန် တာဝန်ရှိသူများက လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သို့သော် မြို့နယ်ဥက္ကဌ အဖမ်းခံရသည့် နယ်မြေသည် အမှတ်(၈) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံတပ်များ လှုပ်ရှားနယ် မြေဖြစ်ကြောင်း လယ်ဒိုစိုးမြို့နယ် တာဝန်ရှိသူများထံမှ သိရသည်။ “ဘာကြောင့် ဖမ်းသွားလဲဆိုတာလည်း ဘာမှမသိရဘူး။ ခေါင်းဆောင်ပိုင်းက သွားလိုက်တယ်လို့ကြားပေမဲ့ ဘာသတင်းမှ မသိရသေးဘူး။ ဒီက စရဖ အကြီးဆုံးတယောက်ကို မေး ကြည့်တော့လည်း သူလည်း ဘာမှမသိရဘူး ဆိုပြီးတော့ ပြောတယ်။”ဟု KNU နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ပြော သည်။

၃။ သျှမ်းတပ်(၂)တပ် မိုင်းကိုင်မြို့နယ်အတွင်း စစ်ရေးပြင်းထန်နေ
September 14, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီး ယန့(စက်တင်ဘာ ၁၄)ရက် မနက် ၈ နာရီ မှ စတင်ကာ လက်ရှိအချိန်ထိ သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။

“တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ဒီမနက် (၈) နာရီလောက်က ခုလက်ရှိချိန်ထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ မြေပြင်သတင်းအချက် လက်တော့ ကျနော်တို့လဲ မသိရသေးဘူး” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ တိုက်ပွဲပြင်းထန်းဖြစ်ရခြင်းနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းကြောင့် ဖြစ်ပွားသည်ကို မသိရှိသေးပေ။ သျှမ်းတပ်(၂)တပ်သည် လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းကစတင်ကာ နယ်မြေကျူးလွန်မှုဆိုသည့် အပြန်အလှန် ငြင်းခုံမှုကြောင့် ဖြစ်ပွားလာခဲ့သည့်မှာ ယနေ့ချိန်ထိဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တိုဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ရှာင် ထောင်ချီ နယ်မြေစွန့်ခွာပြီး စစ်ရှောင်နေရသလို တဖက်မှာလည်း ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စစ်ရှောင်အတွင်း ကိုဗစ်ကူးစက်ခံရမှုထိ ရှိလာကြသည်။ လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်မှုပြုလုပ်နေချိန် သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်ပွားနေခြင်းကိုလည်း သျှမ်းလူထုများက လက်မခံသည့်အပြင် စစ်ရေး အမြန်အဆုံးသတ်ပြီး စစ်အာဏာရှင်ကို တွန့်လှန်ပေးရန်လည်း ပြည်သူများက တောင်းဆိုလိုက်သည်။

၄။ ပြည်သူကိုကာကွယ်ဖို့ နိုင်ငံတကာကို အားကိုးလို့မရတော့ကြောင်း NUG ကြေညာ
September 13, 2021

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကနေ မြန်မာပြည်သူလူထုကို ကူညီကာကွယ်ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို အား ကိုးလို့မရတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က စက်တင်ဘာလ ၁၃ ရက် နေ့မှာ ကြေညာလိုက် ပါတယ်။

NUG အနေဖြင့် နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုပြီး ရည်မှန်းချက်အောင်မြင်ရေး အတွက် နိုင်ငံ တကာ ဥပဒေတွေကို ဆက်လက်လိုက်နာသွားမှာဖြစ်သော်လည်း တဘက်မှာ စစ်ကောင်စီဟာ နိုင်ငံအချို့ရဲ့ တရားဝင်ဖိတ်ကြား မှုနဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ရနေတဲ့အပြင် တချို့ နိုင်ငံတွေနဲ့ စစ်ရေး၊ စီးပွားရေး သဘောတူညီချက် တွေကိုပါ ရရှိနေတာဟာ NUG ရဲ့ တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်မှုတွေရှိလာတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။ NUG ဟာ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုကို အကာ အကွယ်ပေးဖို့ ပြီးခဲ့တဲ့ ခုနှစ် လ အတွင်း ကြိုးစားခဲ့ပေမယ့် နိုင်ငံရေးနဲ့ သံတမန်ရေး ကြိုးပမ်းမှုသက်သက်နဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ကြောင်း သေချာ ခဲ့တဲ့နောက် ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့ ကာကွယ်ရေး အဖွဲ့တွေကို မလွှဲမရှောင်သာ ဖွဲ့စည်းခဲ့ရတယ်လို့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေ၊ ဂျီနီဗာ သဘော တူညီချက်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာဖို့ ကြိုးပမ်းသွားမယ်လို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။ တစ်နိုင်ငံလုံးမှာ ခုခံရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ခုခံတွန်းလှန်မှုတွေကို စတင်နေကြပြီဖြစ်တာ ကြောင့် ဒီကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ပိုမိုမြင့်တက်လာနိုင်ပေမယ့် ပြည်သူတွေအနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ ပူးပေါင်းဆောက်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ NUG အနေနဲ့ စစ်ကောင်စီကို ခုခံတွန်းလှန် မယ့် ပြည်သူ့ တော်လှန်ရေးစတင်ပြီလို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာထားပါတယ်။

၅။ ကယားတွင် ဒေသခံ ၂၆ ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီး
13 September 2021

ကယားပြည်နယ်အတွင်း ယခုရက်ပိုင်းအတွင်း အရပ်သား ၂၆ ဦးကို စစ်ကောင်စီက မသင်္ကာမှုဖြင့် ထပ်မံဖမ်းဆီးခြင်း ခံထား ရသည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဧရာဝတီကို ပြောသည်။ ဖမ်းဆီးခံရသူများသည် သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁၂ ရက်အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်များကြား စစ်ရေးတင်းမာနေသည့် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော် မြို့နယ်တို့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ကိုဗညားက “ဒီရက်ပိုင်းထဲမှာ ဖမ်းခံရတာ လွိုင်ကော်မြို့၊ တီးလုံ အုပ်စု ထဲမှာ ၁၂ ယောက်၊ ဒီးမော့ဆိုမှာ ၅ ယောက်၊ လွိုင်ကော်၊ ရွာတန်းရှည်မှာ ၅ ယောက်၊ တနိုင်တပိုင် သစ်တင်တဲ့ ကား ဖမ်းခံရ တာ ၄ ယောက်၊ စုစုပေါင်း ၂၀ ကျော် ရှိပါတယ်”ဟု ပြောသည်။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့သည် ကယား ပြည်နယ်တွင်း လူ့ အခွင့်အရေး ပညာပေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လူထု၏ လူ့အခွင့်အရေး အခြေအနေ၊ စစ်ရေးပဋိပက္ခအတွင်း လူ့အခွင့် အရေး ချိုးဖောက်ခံရမှုများကို စောင့်ကြည့် မှတ်တမ်းတင်ကာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း များထံသို့ ကယားပြည်နယ်၏ လူ့အခွင့်အရေး အခြေအနေများကို ပေးပို့ခြင်းများ ပြုလုပ်နေသည့် လွတ်လပ်သည့် အရပ်ဘက် အဖွဲ့အစည်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်တွင်း ဖမ်းဆီးခံရသည့် ၅ ဦး အနက် ၁ ဦးသည် ဒေါပိုးစီကျေးရွာမှ ဒေသခံဖြစ်ကာ ကျန် ၄ ဦးသည် စံပြ ၆ မိုင်ကျေးရွာမှ ဒေသခံများ ဖြစ်သည်ဟု ဆိုသည်။ စံပြ ၆ မိုင် ကျေးရွာမှ ဖမ်းဆီးခံရသည့် ၄ ဦးထဲမှ ၂ ဦးသည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် မောင်ဖီဒေးလယ်နှင့် မောင်ပါစကွားလယ်တို့ ဖြစ်ပြီး လူမှုကွန်ရက်၌ ပျံ့နှံ့လာသည့် ဓာတ်ပုံထဲမှ လူငယ် နှစ်ဦး ဖြစ်သည်။ ၎င်းတို့အား ကြိုးတုပ်၍ ရိုက်နှက်ထားကာ စစ်အာဏာရှင်စနစ်အား ကန့်ကွက်သည့် သင်္ကေတ လက်သုံး ချောင်း ထောင်ထားသည့် ပုံကို စစ်ကောင်စီတပ်သားများဘက်မှ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ ကရင်နီပြည်နယ် အတိုင် ပင်ခံကောင်စီ (KSCC) ၏ စာရင်းအရ ကရင်နီပြည်ဟု ကရင်နီလူမျိုးများ ခေါ်ဆိုသည့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့တွင် ဒေသခံဦးရေ တသိန်းခွဲသည် စစ်ရေးပဋိပက္ခ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။

၆။ ဒေသခံ သုံးသောင်းကျော် အိန္ဒိယဘက်ထွက်ပြေးနေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ပြော
September 13, 2021

၂၀၂၁ ပြည့်နှစ် မေလကနေ စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ချင်းပြည်ကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်တစ်ခုလုံးမှာရှိတဲ့ နေရာ ၇၀ က ကောက်ယူထားတဲ့ စာရင်းတွေအရ ချင်းလူမျိုးဒေသခံ ၁၁၁ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ၄၅၀ ဦးထဲမှာ ၃၃၀ ဦးကတော့ လက်ရှိ အဖမ်းခံ ထားရဆဲ ဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Right Organization) က စက်တင်ဘာလ ၁၂ ရက်စွဲနဲ့ ဒီကနေ့ထုတ်ပြန်ပါတယ်။

ဒေသခံပြည်သူ ၃၃၀၀၀ ကျော်ဟာလည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲက ဒုက္ခသည် စခန်းတွေကို ထွက်ပြေးခဲ့ရ ပြီး အဲဒီအထဲမှာ မင်းတပ်မြို့က ဒေသခံ ၂၀၀၀၀ ကျော်နဲ့ ထန်ထလန်မြို့က ဒေသခံပြည်သူ ၅၀၀၀ ကျော် ပါဝင်တယ်လို့ ထုတ် ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ထဲမှာရှိတဲ့ ဝန်ထမ်း ၂၀၀၀၀ နီးပါး ထဲက ၇၁ ရာခိုင်နှုန်းသော ဝန်ထမ်း ၁၅၀၀၀ ကျော်ကလည်း အကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တယ်လို့ ချင်း လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် – ၁၉ ကပ်ရောဂါလှိုင်းအပြင် တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့တွေမှာ လူသားချင်းစာနာရေး အကူအညီတွေပေးဖို့ အခက်အခဲတွေ ဖြစ်နေသလို တစ်ပြည်နယ်လုံးအတွက် ကျန်းမာရေး အကျပ် အတည်းပါ ထပ်ဖြစ်လာနေတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

၇။ ကျောက်မဲ မန်ခါစစ်ရှောင်စခန်း ကိုဗစ်ကူးစက်ခံရသူ (၁၀၀) ကျော်ထိ ရှိလာ
September 13, 2021

သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းမှ ကိုဗစ်ကူးစက်ခံရသူ (၁၀၀)ကျော်ထိ ရှိလာကြောင်း သတင်းရရှိသည်။ ကျောက်မဲ မန်ခါစစ်ရှောင်စခန်းတွင် ပန်ဟုန်၊ လွယ်ကုန်ကျေးရွာတို့မှ စစ်ရှောင် (၂၆၀)ကျော် ရောက်ရှိခိုလှုံနေတာဖြစ်ပြီး ပြီးခဲ့ သည့် စက်တင်ဘာ (၁၂)ရက်နေ့က ကိုဗစ်ပိုးကူးစက်ခံရသူ ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မန်ခါစစ်ရှောင်စခန်းမှာ ကိုဗစ်ကူးစက်ခံရတာက (၁၀၀)ဝန်းကျင်ထိ ရှိသွားပြီ၊ စခန်းက တစ်ဝက်ကျော်လောက်ကို ကိုဗစ် ကူးစက်ခံထားရတာ၊ ခု စစ်ရှောင်စခန်းနားက စာသင်ကျောင်းမှာ သီးသန့်ထားပြီး ကုသနေတယ်”ဟု ကျောက်မဲ သျှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့်ရက် ပိုင်းက ကိုဗစ်ကူးစက်ခံရသူ (၁၉)ဦး တွေ့ရှိခဲ့ရပြီး မိုင်းတင်းကျေးရွာအုပ်စု နမ့်ဆော့စစ်ရှောင်စခန်းတွင်လည်း ကိုဗစ်ကူးစက်ခံ ရသူ (၂၄)ဦး တွေ့ရှိခဲ့ရကြောင်း သိရသည်။

“စစ်ရှောင်စခန်းမှာက အားလုံး စုပြီး နေရတာဆိုတော့ ကိုဗစ်ကူးရင်လည်း အစုလိုက် အပြုံလိုက်ဖြစ်သွားတယ်၊ ရွာမှာနေ တော့ ဗုံးသံ၊ သေနတ်သံတွေကြောက်လို့ စစ်ရှောင်ပြေးလာရတယ်၊ ခုက ကိုဗစ်ကူးစက်ခံရတော့ တော်တော်ခက်ခဲနေပြီ” ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကိုဗစ်ကူးစက်ခံရသည့် စစ်ဘေးရှောင်များ အား ကျောက်မဲခရိုင်ဆေးရုံကြီး၊ မိုးလုံလေလုံခန်းမနှင့် စစ်ဘေးရှောင်စခန်းအနီး စာသင်ကျောင်းတို့တွင် သီးသန့်ထားရှိထား ကြောင်း သိရသည်။

၈။ ဒီးမော့ဆို ငွေတောင်ရွာတွင် နေအိမ်တချို့ မီးရှို့ ဖျက်ဆီးခံရ
September 13, 2021

ကယားပြည်နယ်၊ ဒီးမော့ဆိုရှိ ငွေတောင်ရွာတွင် နေအိမ် ၂ လုံးမှာ ယနေ့ (စက်တင်ဘာ ၁၃ ရက်) နေ့လယ်ပိုင်းအချိန်တွင် မီးရှို့ ဖျက်ဆီးခံလိုက်ရကြောင်းသိရသည်။ “အဲဒီရွာကလူတွေအကုန် စစ်ရှောင်နေကြတော့ဘယ်သူရှို့မှန်းအတိအကျမသိဘူး။ တအိမ် လုံး ပြာကျသွားတယ်။ အဲဒီအိမ်ကနေ ဘေးအိမ်ကို မီးကူးလို့ ဘေးအိမ်မှာ လောင်ကုန်တယ်” ဟု ဒေသခံတဦး က ဆိုသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကြား တိုက် ပွဲများကြောင့် စက်တင်ဘာ ၇ ရက်တွင် စံပြ ၆ မိုင် ကျေး ရွာနှင့် ၅ မိုင်ကျေးရွာအတွင်းမှ ဒေသခံများ၏ နေအိမ် ၆ လုံး ပျက်စီးသွားကာ၊ ထိုသို့ ပျက်စီးရခြင်းမှာ စစ်ကောင် စီဘက်မှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာတွင်း ကျပေါက်ကွဲ၍ မီးလောင်ရခြင်းဖြစ်သည်ဟု ဒေသခံတချို့ကပြောပြီး တချို့ကလည်း စစ်ကောင်စီတပ်များ ရွာတွင်း ဝင်ရောက်ကာ မီးရှို့ခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေးက စံပြ ၆ မိုင်ကျေးရွာအတွင်း အရပ်သား နေအိမ်များ မီးလောင်ပျက်စီးရခြင်းမှာ စစ်ကောင်စီဘက်က ဝင်ရောက်မီးရှို့ခြင်း ဖြစ်သည်ဟု သတင်း ထုတ်ပြန်ထားသည်။

၉။ လူထုရပ်တည်ချက်နဲ့ ကွဲလွဲနေတဲ့ အပစ်ရပ် ၁၀ ဖွဲ့ ဝေဖန်ခံနေရ
11 September 2021

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆက်လက်အခြေခံနေသည့် တိုင်းရင်းသား လက်နက် ကိုင် ၁၀ ဖွဲ့၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး လူအများကြား ပြစ်တင်ဝေဖန်မှုများ ရှိလာသည်။ အစည်းအဝေးအပြီးထုတ်ပြန် လိုက်သည့် အဖွဲ့ခေါင်းဆောင်ကိုယ်စား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ မှ ဗိုလ်မှူးကြီး စိုင်းငင်း ပြောကြားသော မိန့်ခွန်းတွင် NCA ၏ အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်း ဖြင့် ဆွေးနွေးဖြေရှင်းရေး ကို ဆက်လက် အခြေခံထားသည့်အပေါ် ဝေဖန်ကြခြင်း ဖြစ်သည်။ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်း ယူလိုက်ပြီးနောက် NCA စာချုပ်သည်လည်း ပျက်ပြယ်သွားပြီ ဟု ယူဆထားသည့် ပြည်သူများ အတွက် PPST ၏ ရပ်တည် ချက်မှာ မဖြစ်သင့်ကြောင်း ပြောဆိုနေကြခြင်းဖြစ်သည်။

PPST က ထုတ်ပြန်သည့် အဆိုပါ မိန့်ခွန်းတွင် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေး အပါ အဝင် တိုင်းပြည်အာဏာကို အရပ်သားအုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာ လွှဲပြောင်းရေး ဝိုင်းဝန်း ဖြေရှာ ရန်၊ လူထုကို အကာအကွယ်ပေးသော လုံခြုံရေးစနစ် တည်ဆောက်ရန် စသည့် နိုင်ငံရေး ရည်မှန်းချက် ၇ ချက်ချမှတ်ထား ကြောင်းပါရှိသည်။ PPST အဖွဲ့ဝင် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ထိုသို့ ဝေဖန်နေ ခြင်းများသည် ဥပဒေကြောင်း နားမလည်သဖြင့် ပြောနေကြခြင်းသာ ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသည်။

ဥပဒေ အထောက်အကူပြုအဖွဲ့ တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ တဦးဖြစ်သူ ဦးအောင်ထူးကမူ လက်ရှိနိုင်ငံရေး အခြေ အနေအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မဖြစ်နိုင်သဖြင့် NCA အနှစ်သာရကို ဆက်လက် အခြေခံနေ ခြင်းသည် လွဲမှားနေကြောင်း သုံးသပ်သည်။ ဦးအောင်ထူးက “တကယ်တော့ တော်လှန်ရေး အဖွဲ့အစည်း အမည်ခံထားသော် လည်း တော်လှန်ရေးအပေါ် မယုံကြည်ဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ် တိုက်ရမယ်ဆိုတာကို မယုံကြည်ဘူး။ အာဏာ ရှင်တွေနဲ့ပဲ ရသမျှလေး မျှဝေပြီး နှစ်ဖက်လှုပ်ရှားသာတဲ့ အခြေအနေလေးကိုပဲ မြွေမသေတုတ် မကျိုး ဆက်သွားပြီး ပွင့်ပွင့်လင်း လင်း ပြောရရင် ဗမာ ပြည်ကြီး အခုလိုပဲ နစ်သထက်နစ်နေတဲ့ အခြေအနေကိုပဲ ကြည့်နေချင်တာက ပိုများတယ်။ စွန့်စွန့်စားစား တိုက်ပွဲဝင် ပြီးတော့မှ စနစ်တခုလုံး ပြောင်းဖို့အတွက်ကို အားမသန်ဘူး”ဟု မှတ်ချက်ပြုသည်။ တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုး ကလည်း PPST ၏ နိုင်ငံရေးရည်မှန်းချက်များသည် အပေါ်ယံကြည့်ပါက ကောင်းမွန်သော် လည်း လက်တွေ့အကောင်ထည်ဖော်ရန်ဆိုပါက ဖြစ်နိုင်ခြေနည်းကြောင်းသုံးသပ်သည်။ ၎င်းက “ပြည်တွင်း အခြေအနေက လည်း နိုင်ငံရေးအခြေအနေအရရော၊ စစ်ရေးအခြေအနေအရရော အရမ်းတင်းမာတယ်။ တဖက်နဲ့ တဖက်က အပြုတ်တိုက် ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ရင်ဆိုင်နေတာပေါ့။ အဲဒီ အခြေအနေမျိုးမှာ စေ့ စပ်ဆွေးနွေးရေး ဆိုတာက အချိန်အခါမသင့်ဘူး။ PPST ရဲ့ ဆုံးဖြတ်ချက်တွေက အပေါ်ယံကြည့်ရင်တော့ ကောင်း တယ်။ လက်တွေ့ ပြည်တွင်းမှာတော့ အဲဒါကို အကောင် အထည်ဖော်ဖို့ ဖြစ်နိုင်ခြေနည်းတယ်” ဟု ဆိုသည်။

၁၀။ ရခိုင်က IDP စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု မြို့နယ်နှစ်ခုတွင်ပြီးစီး
Sep 11, 2021

ရခိုင်မှ IDP စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံလျက်ရှိရာ လက်ရှိတွင် အမ်းနှင့် ပေါက်တောမြို့နယ်တို့၌ ထိုးနှံပြီးစီးနေပြီ နေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရ သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၁၀ ခုမှ မွတ်ဆလင်ဒုက္ခသည်များနှင့် စစ်ဘေးရှောင်ဒုက္ခသည်စုစုပေါင်း ၅၀၀၀၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန်အတွက် ဆေးအလုံးရေ ၂၅၀၀၀ ရရှိထားပြီး စခန်းအလိုက်ခွဲတမ်းချပြီး ထိုးပေးနေ ကြောင်း သိရသည်။

“အမ်း၊ ပေါက်တောက ဒုက္ခသည်တွေအကုန်လုံးကို ထိုးပြီးသွားပြီ။ ကျန် ၈ မြို့နယ်မှာ ဆက်ပြီးတော့ထိုးနေတယ်။ ၄၅ နှစ်အထက်၊ ၆၅ အထက်၊ ဆေးလုံလောက်တဲ့နေရာတွေမှာဆိုရင် ၁၈ နှစ်အထက်ဆိုပြီးတော့ ၃ ခု ခွဲတန်းချထားတယ်။ ဆေးရရှိ တဲ့အပေါ်မှာမူတည်ပြီးတော့ အသက်အရွယ်အလိုက် မြို့နယ်ကျန်းမာရေးနဲ့တိုင်ပင်ပြီးထိုးနေကြတယ်”ဟု ပြည်နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။ ရခိုင်ပြည်နယ်တွင် ကိုဗစ် ကာကွယ်ဆေးထိုးရန် လူဦးရေ ၁၆ သိန်းရှိသည့်အနက် ၃ သိန်းခန့်ကို ထိုးပေးပြီးဖြစ်ကာ ကျန်သည့် လူဦးရေများကို လည်း ဆေးရရှိသည့်အပေါ်မူတည်ပြီး ဆက်လက်ထိုးပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်ကဆိုသည်။

လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်မှု လျော့နည်းလာသော်လည်း ရောဂါပိုးကူးစက်မှုများတွေ့နေဆဲဖြစ်သဖြင့် ပြည်သူလူထုများအ နေဖြင့် မပေါ့ဆရန်နှင့် မိမိအသိစိတ်ဖြင့်နေထိုင်ကြရန်လိုအပ်ကြောင်းလည်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။ ကိုဗစ်တတိယလှိုင်းကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် ကိုဗစ်ကာကွယ်၊ ကုသရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက DMG သို့ပြောကြားထားသည်။

၁၁။ ကုလအထွေထွေညီလာခံ၌ စစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မပြုရေး အမေရိကန်နှင့် တရုတ် သဘောတူ
14 September, 2021

စက်တင်ဘာ ၁၄ ရက်စတင်ကျင်းပမယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်ကောင်စီဘက်က ကိုယ်စား လှယ် တက်ရောက်မိန့်ခွန်း မပြောနိုင်အောင် ထိထိရောက်ရောက်တားဆီးဖို့ အမေရိကန်နဲ့ တရုတ်တို့ သဘောတူညီရရှိခဲ့တယ် လို့ သံတမန်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Foreign Policy မဂ္ဂဇင်းမှာ ရေးသား ဖော်ပြထားပါတယ်။ ဒီအစီအစဉ် ကို ဥရောပသမဂ္ဂ (အီးယူ) ကိုယ်စားလှယ်တွေ၊ အာဆီယံနိုင်ငံတွေနဲ့ ရုရှားနိုင်ငံတို့ကလည်း အလွတ်သဘောထောက်ခံအတည် ပြုပေးခဲ့ပါတယ်။

ဒါဟာ ဒီနှစ်အစောပိုင်းက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ကျူးလွန်ပြီးနောက်မှာ နိုင်ငံတကာရဲ့ တရားဝင် အသိ အမှတ်ပြုခံရ အောင် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကို ထိုးနှက်ချက်တရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ နောက် ကွယ်က သီတင်းပတ်ချီ သံတမန်ရေးစေ့စပ်ညှိနှိုင်းမှုတွေအတွင်း မြန်မာအနေနဲ့ ကြံ့ကြံ့ခံဖို့ လိုအပ်မှာဖြစ်ပြီး အရင်အစိုးရကို ကိုယ်စားပြုတဲ့ လက်ရှိ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဆင့်မြင့်အစည်းအဝေးတွေအတွင်း ပြောဆိုဆွေးနွေးခွင့်ကို ဆက်ထိန်းထားရ ဖို့နဲ့ ဒါမှသာ အနည်းဆုံး နို၀င်ဘာလအထိ မြန်မာနိုင်ငံမှာ တရားဝင်အစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု ဖို့ ဖိအားပေးမယ့် စစ်ကောင်စီရဲ့ ဘယ်လိုကြိုးပမ်းမှုကိုမဆို နှောင့်နှေးစေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့အသင့်တော်ဆုံး ကုလသမဂ္ဂ အမြဲတမ်းကိုယ်စား လှယ်ကို ရွေးချယ်ဆုံးဖြတ်ပေးမယ့် ကုလသမဂ္ဂကိုယ်စားလှယ် ၉ ဦးပါ စိစစ်ရွေးချယ်ရေးအဖွဲ့ Credential Committee ကို ခန့်အပ် ကြေညာဖို့ အစီအစဉ်ရှိပါတယ်။ တရားဝင် မကြေညာသေးပေမဲ့ အဆိုပါ ၉ ဦးကော်မတီကို ဆွီဒင်နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပြီး အဖွဲ့တွေထဲမှာ ဘူတန်၊ ဘဟားမား၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီယာရာလီယွန်၊ တောင်အာဖရိကနဲ့ အမေရိကန်တို့မှ ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။ မြန်မာပြည်သူလူထုကတော့ မြန်မာ နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် လက်ရှိသံအမတ်ကြီးကျော်မိုးထွန်းကို ထောက်ခံတဲ့အကြောင်း အွန်လိုင်းကနေ လက်မှတ်ကောက်ခံလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာတွေကလည်း ကမ္ဘာ တဝန်းမှာ NUG အစိုးရနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲတွေ ပြုလုပ် နေကြပါတယ်။

၁၂။ ရေးမြို့နယ် လယ်သမားများ စရိတ်အဆင့်ဆင့် အခက်ကြုံ
September 14, 2021

စပါးဈေးနှုန်းလည်း ငြိမ်သက်နေခြင်းတို့ကြောင့် တခြားသောဒေသများနည်းတူ ရေးမြို့နယ်ဒေသခံ လယ်သမားများလည်း ရပ်တည်မှု အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့မှာ ဒီနှစ်ဓာတ်ဆီဈေးနှုန်း၊ စပါးပိုးသတ်ဆေး၊ မြေသြဇာ၊ ဒါတွေအားလုံးရဲ့ ဈေးနှုန်းက အကုန်လုံး ထက်ဝက် ဈေးတက်လာကြပြီး စပါးဈေးနှုန်းကလည်း ပုံမှန်အတိုင်းပဲ ရှိနေတော့ ကျွန်တော်တို့အတွက် ကျပ်တည်းနေတယ်”လို့ ဒေသခံ လယ်သမားတစ်ဉီးကပြောပါတယ်။ တချို့လယ်သမားတွေဆိုရင် ဒီထက်ပိုအကုန်အကျစရိတ်များနေသလို ရာသီဉတု ကမောက် ကမ ဖြစ်စဉ်တွေကြောင့် ဆန်စပါး စိုက်ပျိုးထားရှိရာ လယ်ကွင်းတွေ ရေလွှမ်းမိုးဖုံးလွှမ်းခံရပြီး စပါးပင်အများအပြား သေသွား တာမျိုးလည်း ရှိနေတဲ့အပြင် စပါးပင်တွေကို ကြွက်ကိုက်တာလည်း ကြုံရ၊ ပိုးစားတာလည်းခံရတာကြောင့် ကုန်ကျစရိတ် နှစ်ဆမြင့်တက်သွားတယ်လို့ ဆိုပါတယ်။ “အရင်နှစ်က ကျွန်တော်တို့လယ်သမားတွေ အစိုးရဆီက ချေးငွေရနေတော့ နည်း နည်းသက်သာတာပေါ့၊ ဒီနှစ် လုံးဝ ချေးငွေမထုတ်ပေးတော့ ကျွန်တော်တို့ငွေကြေး အခက်ကြုံရတာပေါ့”လို့ ပြောပါတယ်။

စပါးစိုက် ရာသီခွင်တစ်ခုမှာ လတ်တလောအနေအထားအရ ကောက်စိုက်သမားတွေကို တစ်ဧက ကျပ် တစ်သိန်းခွဲနှုန်း၊ မြေသြဇာ တစ်ဧကကျပ် တစ်သိန်းနှုန်း၊ စက်သုံးဆီ တစ်ဧကစရိတ် နှစ်ဂါလံ ကျပ်တစ်သောင်းနှုန်း၊ လုပ်သားစရိတ် တစ်ဧက ကျပ်နှစ်သောင်းခွဲ အစရှိသဖြင့် ကျခံ သုံးစွဲပေးရတယ်လို့ ထပ်မံ သိရပါတယ်။ ဒါ့အပြင် တစ်ဧကချင်းစီမှာ လယ်ယာထွန်ယက် ခအတွက် ကျပ်နှစ်သောင်း၊ သွင်းအားစုထဲက မြေသြဇာစရိတ် ကျပ်နှစ်သိန်း ခုနစ်သောင်း၊ ရိတ်သိမ်းခြွေလှေ့စရိတ် တစ်ဧက ခြောက်သောင်းဟာလည်း ထပ်မံကုန်ကျ အသုံးပြုဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။

၁၃။ တီးတိန်၊ မြို့မရဲစခန်းရှေ့ ဆိုင်ကယ်ဖြင့် ဖြတ်သွားသော ပြည်သူ ၁ ဦး ပစ်သတ်ခံရ
September 14, 2021

ချင်းပြည်နယ် တီးတိန်မြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က မြို့မရဲစခန်းရှေ့တင် ဆိုင်ကယ်ဖြင့် ဖြတ် သွားသူများအား ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

“ရဲစခန်းရှေ့က လမ်းကိုသွားတော့ ရဲက သူ့ကိုရပ်ဖို့တားတယ်၊ ရဲစခန်းဖက်က ရပ်ပြီး စစ်ဆေးခံဖို့နဲ့ မရပ်ရင်ပစ်မယ်လို့ ပြော တာ သူကမရပ်တော့ ရဲစခန်းဖက်ကနေပစ်သတ်တာပေါ့ မနေ့ကတော့ သူ့အလောင်းကို ရွာကိုပြန်သယ်ကြတယ်၊ ၂ ယောက်က ဒဏ်ရာရတယ်၊ မိန်းကလေးက သူ့ရဲ့ပေါင်မှာ တချက် ယောက်ျားလေးက ဘယ်ဖက်ခြေထောက်မှာ ၂ ချက်ဒဏ်ရာရတယ်” ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။ ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ တီးတိန်မြို့နယ် ဂေါန်မွှောလ် (Gawngmual) ရွာသားဖြစ်သည်ဟု သိရ သည်။

၁၄။ မြစ်ကြီးနားမြို့ အ.ထ.က(၅) ကျောင်းအနီးရှိ ရဲစခန်းမှ လမ်းသွားလမ်းလာများကို သေနတ်ဖြင့်ပစ်ခတ်
September 13, 2021

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမကြီး အ.ထ.က(၅)ကျောင်းအနီးရှိ အရန်ရဲစခန်းမှ ယမန်နေ့ ည ၈ နာရီ ခန့်က လမ်းသွားလမ်းလာ ဆိုင်ကယ်မောင်းနှင်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရဲစခန်းမှ သေနတ်ဖြင့် နှစ် ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အနီးဝန်းကျင်တွင် နေထိုင်သည့် ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။ “အရန် ရဲစခန်းက ကင်းစောင့်တဲ့သူ ပစ်လိုက်တာနေမှာ၊ အခုချိန်ပစ်တာက သူတို့ပဲရှိတာ၊ နှစ်ကြိမ်ပစ်တာ။ အဲ့တာပစ်ပြီးနောက် ဆိုင်ကယ် အရမ်းမြန်အောင် မောင်းသွားတာ။ ဘာလို့ပစ်တာလည်းတော့ သေချာမသိဘူး။ သူတို့က ဒီလိုပဲ ဆိုင်ကယ်မရပ် ပေးရင် ပစ်နေကြပဲ” ဟု သူကပြောသည်။

လူသွားလူလာ ရှင်းလင်းနေချိန်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသူသည် ကျည်ဆံထိမှန်ခြင်းရှိ၊ မရှိကိုမူ မသိကြောင်းသူကပြောသည်။ လမ်းသွားလမ်းလာကို ပစ်ခတ်ခဲ့သည့် ရဲစခန်းအရှေ့မှ ကားလမ်းမတွင် သံဆူးကြိုးများချထားကြောင်း သူကဆက်ပြောသည်။

အဆိုပါ ရဲစခန်းအနီးတွင် ဇွန်လ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲခန့် ကလည်း ဆိုင်ကယ်စီးနှင်းလာသည့် လူငယ်နှစ်ဦးကို သေနတ် ၁၀ ချက် ဖောက်ကာ ဖမ်းဆီးမှုရှိခဲ့သည်။

၁၅။ လယ်မူလား (ပုလော) မြို့နယ်ရှိ စစ်ရှောင်ရွာသားများ နေရပ်မပြန်ရဲသေး
September 10, 2021

တနင်္သရီတိုင်းဒေသကြီး၊ လယ်မူလား (ပုလော) မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး၊ တပ်မဟာ -၄၊ လက်အောက်ခံတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်နေရသည့် ဒေသခံ များ အဖမ်းခံရမည် စိုး၍ နေရပ်မပြန်ရဲသေးကြောင်း ဒေသခံများက ပြောသည်။ “အခုချိန်ထိ မပြန်လာရဲသေးဘူး၊ ပြေးတဲ့သူ တွေက။ အခု ထွက်ပြေးနေရတဲ့ ရွာက ၅ ရွာရှိတယ်။ လူဦးရေ ဘယ် လောက် ရှိလဲတော့ မသိဘူး။ သတင်းတွေ ကြားမိတာက ပေါ်တာ ဆွဲမယ်ဆိုလား မိန်းကလေးရော၊ ယောက်ျားလေးတွေရော တွေ့သမျှ အကုန်ဖမ်းမယ်ဆိုပြီး သတင်းကြားမိတော့ ရှောင်နေကြတာလည်းပါတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်သွားပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားမှုမရှိသေးကြောင်း ဒေသခံများကပြောသည်။ သို့သော် ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်များ ထပ်မံဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့်ဆက်လက်တိမ်းရှောင်နေသူ တချို့ရှိသလိုရွာများသို့ပြန်လည်ဝင်ရောက်နေထိုင် သူတချို့လည်းရှိနေပြီးဖြစ်သည်။ “တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် သူတို့(စစ်ကောင်စီ) ပြန်ဆုတ်သွားတော့ ပြန်ငြိမ်းသွားတယ်။ ဘားမှတော့ဖြစ်တာမကြားရပေမဲ့ စိုးရိမ်နေရတုန်းပဲ။ ဒေသခံတွေက သတိထားနေရတယ်။ ဖြစ်တော့ ဆက်ဖြစ်နိုင်တယ် ဘယ် အချိန် ဖြစ်မလဲဘဲ မသိရတာ။ အခုဘယ်မှ မသွားရဲဘူး” ဟု ပုလောမြို့နယ်၊ ဒေသခံအခြားအမျိုးသမီး တစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် တပ်မဟာ (၄) နယ်မြေထဲကို တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ရင်း ၇ နှင့် ထားဝယ်ဒေသခံ PDF များပါဝင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ မီဒီယာ များ၏ သတင်းများတွင် ဖော်ပြထားသည်။

၁၆။ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ် လူ(၅) ဦးထက် ပိုမစုရ၊ ပုဒ်မ ၁၄၄ ထပ်မံထုတ်
September 10, 2021

သျှမ်းပြည်မြောက်ပိုင်းရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်ကြမ်းမြို့နယ်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အမိန့်ထပ်မံ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပေဒ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရန်ဟု ဆိုကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦး စီးမှူး ရုံးက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေး တာဝန်ရှိသူများမှအပ မည်သူမဆို အမိန့်တစ်စုံတစ်ရာ မပါဘဲ ည ၉ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် မပြုကြောင်းနှင့် လမ်းများ၊ အများ ပြည်သူနှင့် ဆိုင်သည့် နေရာများတွင် လူ ၅ ဦးထက် ပိုပြီး စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းများ မပြုလုပ်ရဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်၍ ပုဒ်မ ၁၄၄ အား ၂ လတစ် ကြိမ် ထုတ်ပြန်လာ ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၁၇။ မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် သင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရ
11 September 2021

ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်နေ့ကတည်းက မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသော သင်္ဘော က ရွှေကူမြို့ အဝင် ရွှေဘုံသာကျေးရွာတွင် ပစ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။“အဲသင်္ဘောက ရွှေကူမြို့အဝင် ရွှေဘုံသာရွာနားမှာ ညနေ ၆ နာရီခွဲနားလောက်မှာ ပစ်ခံရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်အင်အားအပြည့်တင်ဆောင်ထားသည့် ပင်လုံသင်္ဘောပစ်ခံရပြီးနောက် စစ်ကောင်စီဘက်မှလည်း သင်္ဘောပေါ်မှ ပြန်လှမ်း ပစ်ကာ အပြန်အလှန်ပစ်ခတ်မူဖြစ်ခဲ့ကြောင်း သိရသည်။“သူတို့က ပစ်ခံရတော့ မြစ်ကြောင်းတစ်လျှောက် ရွာဘက်ကို ရမ်းပစ် ပြီး တက်လာတာဟုတ်တယ်။ မိုးလဲရွာဆို လက်နက်ကြီးကျလို့ နေအိမ်တစ်လုံးမီးလောင်တယ်။ ပြီးတော့ ရွှေဂုန်တိုင်ရွာမှ ပြည်သူများနေအိမ်ထိမှန်ပြီး လက်နက်ကျည်စထိသူလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်သူသည် ရွှေဘုံသာကျေးရွာမှ မလဲ့လဲ့ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။ထို့ပြင် ဒေသခံအချို့လည်း ဖမ်းဆီးခံရ ကြောင်းသိရသည်။“ဖမ်းဆီးခံရတာလည်း ရှိတယ်လို့ ကြားရတယ် ဘယ်နှစ်ယောက်ဖမ်းခံရလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မူတွင် စစ်ကောင်စီဘက်မှ အထိအခိုက်များ ရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

၁၈။ ကယားမှာ ဖမ်းဆီးစစ်ဆေးမှုများနေလို့ စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ ရိက္ခာဝယ်ယူဖို့ အခက်အခဲဖြစ်နေ
September 13, 2021

ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲတွေအရှိန်ပြန်မြင့်နေသလို စစ်ကောင်စီဘက်ကလည်း မြို့ပေါ်တံတားတွေ၊ မီးပွိုင့်တွေမှာပါ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ဒီလိုလုပ်ဆောင်တာကြောင့် ဒေသခံတွေအနေနဲ့ အပြင် ထွက်ဖို့ အခက်အခဲဖြစ်နေပြီး စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ ရိက္ခာဝယ်ယူဖို့လည်း အခက်အခဲ ကြုံနေရတယ်လို့ စစ်ရှောင် အရေးကူညီသူတွေကဆိုပါတယ်။

“GTCကျောင်းပေါ့နော် နောက် မိုင်းလုံးဘက်မှာ စစ်ဆေးတယ်။ မိုင်းလုံးဘက်ဆိုအရင်က အစစ်အဆေးမရှိဘူး။ အခုကမြို့ အဝင်အထွက်တွေလည်းစစ်ဆေးတယ်။ ဆေးဝါးနဲ့ ရိက္ခာ ဝယ်ယူရတာ အခက်အခဲ ဖြစ်တယ်။ ပြည်သူတွေကလည်း အခုဆို စစ်ဘေးရှောင်ရင် ခဏရှောင်တာမျိုးမဟုတ်ဘဲ အချိန်ကြာ စစ်ရှောင်ရမယ့်ပုံစံမျိုးနဲ့ ပစ္စည်းတွေသယ်ယူပြီး စစ်ရှောင်နေရတယ်”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကိုဗညားကပြောပါတယ်။

လက်ရှိမှာတော့ ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်နေရသူ တစ်သိန်းကျော်ရှိနေပြီး စက်တင်ဘာ (၇)ရက်နောက်ပိုင်း တိုက်ပွဲတွေထပ်မံပြင်းထန်လာတာကြောင့် ဒီးမော့ဆိုမြို့ တစ်မြို့လုံးနီးပါး ထပ်မံစစ်ဘေးရှောင်နေရပါတယ်။ ဒီရက်ပိုင်းအတွင်း အသက်မပြည့်သေးသူတွေပါ ဖမ်းဆီးခံရမှုရှိနေတယ် လို့ ဒေသခံတွေကဆိုပါတယ်။

၁၉။ မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်
13 September 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မန်ဟီးရိုး မြို့နယ်ခွဲ ဟက်ဟင်ရွာမှာ မြန်မာနိုင်ငံနဲ့ တရုတ် နယ်ခြားစည်းကို တရုတ် ဘက်က နယ်ကျွံကာ ယူထားတာကြောင့် ဒေသခံများဟာ စက်တင်ဘာ ၁၂ ရက်နေ့က ကာထားတဲ့ စည်းရိုးတွေကို သွားရောက် ဖျက်စီးလိုက်ကြကြောင်း သိရပါတယ်။“ဒီနေ့က ရွှေလီဟိုဘက်ကမ်းမှာ ရှိနေတဲ့ (ဝမ့်ဟတ်ဟင်) ဟက်ဟင်ရွာက ဒီနေ့ ဆန္ဒပြ တယ်ပေါ့နော်။ တရုတ်ပြည်က မြန်မာပြည်ထဲမှာပေါ့နော် နယ်စပ်နားမှာ တိုင်လာစိုက်တာ။ တိုင်ဆိုတာ ခြံစည်းရိုးပေါ့နော် လာစိုက်ထားတာ။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြကြတာ။”လို့ နမ့်ခမ်းမြို့ ဟက်ဟင်ရွာမှာ တရုတ်နယ်ခြား စည်းရိုး နယ်ကျော် ကာယူနေတာကြောင့် ဒေသခံ ရွာသူ၊ ရွာသားများ စက်တင်ဘာ ၁၂ ရက်နေ့က လာကာထားတဲ့ စည်းရိုးကို ဖျက်ပစ်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နမ့်ခမ်းမြို့မှ ဒေသခံ အမျိုးသား တစ်ဦးကလည်း ‘မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ ဟတ်ဟင်ရွာအပေါ်နား လေးက ရှမ်းရွာ မှာ ခုက တရုတ်တွေက တစ်လံကျော်ကျော်၊ နှစ်လံလောက် ကာယူလိုက်တာလေနော်။ ကချင်ပြည်နယ်ဘက်လည်း အဲလိုပါပဲ။ တောင်တွေ ဘာတွေ အားရပါးရ ကာယူလိုက်တာ။” လို့ ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲ နယ်စပ် တစ်လျှောက်မှာလည်း တရုတ်ဘက်က မြန်မာနယ်ထဲအထိ ဝင်ရောက်ကာ ခြံစည်းရိုးကာမှုများရှိနေသည်ဟု ဒေသခံတွေက ပြောဆိုနေကြသည်ကို တွေ့ပါတယ်။

၂၀။ စစ်ကောင်စီက ထောက်ပံ့သော အလှူငွေများကို ပလက်ဝမြို့နယ် ခရစ်ယာန်အသင်းတော်ပေါင်းစုံက ဒေသလိုအပ် ချက်အတွက် ပြန်လည်လှူဒါန်း
September 14, 2021

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့သော အလှူငွေများကို ပလက်ဝမြို့နယ် ခရစ်ယာန်အမှုတော် ဆောင်ပါစတာ များက စက်တင်ဘာလ ၁၁ ရက်နေ့က လက်ခံရရှိခဲ့သော်လည်း ၎င်းတို့ လက်ခံရရှိခဲ့သော ငွေကြေးများကို ပလက်ဝမြို့နယ် အတွင်း ဒေသလိုအပ်ချက်များအတွက် အသုံးပြုရန် ပြန်လည်လှူဒါန်းလိုက်ကြသည်ဟု သိရသည်။

“သူတို့ပေးတာက စာရင်းလဲမမှန်ပါဘူး၊ လက်ရှိ မြို့ပေါ်မှာရှိတဲ့ သင်းအုပ်ဆရာရှိတဲ့ စာရင်းအားလုံးတော့မဟုတ်ဘူး ဒါပေမယ့် အရင်ကရှိပြီးသားစာရင်းလားမသိဘူး။ ၃၀၀ ဝန်းကျင်လောက်ပဲပေးတယ်။ ကျွန်တော်တို့ သင်းအုပ်ဆရာ အားလုံး က ပရဟိတအဖွဲ့ကို အားလုံး ဒီနေ့ ကျွန်တော်တို့ ပြန်လှူလိုက်တယ်”ဟု ပလက်ဝမြို့နယ် ခရစ်ယာန်အမှုတော် ဆောင်ပါစတာ တစ်ဦးက ပြောသည်။ ပလက်ဝမြို့နယ်တွင် ခရစ်ယာန်အမှုတော်ဆောင် (၅၀၀) ဝန်းကျင်ရှိသည်ဟု သိရပြီးလက်ရှိ စစ်ကောင်စီ က ခရစ်ယာ န်အမှုတော်ဆောင် (၃၁၀) အတွက် တစ်ဦးလျှင် ကျပ် ၁၈၀၀၀ နှူန်းဖြင့် ထောက်ပံ့လှူဒါန်းပေးသော ငွေကျပ် ၅၅၈၀၀၀၀ ကို ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် လိုအပ်သော မီးစက်တစ်လုံးနှင့် ဒီဇယ်ဝယ်ရန် (၁၀ သိန်း)၊ Oxygen Plant ဖြစ်မြောက်ရေးအတွက် (၁၀ သိန်း) နှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက် ကျပ် ၃၃၆၄၀၀၀ နှင့် ၂၁၆၀၀၀ ကျပ် တန်ဖိုးရှိ (ဆန်၊ဆီ၊ ဆား၊ ပဲ) တို့ကို ပြန်လည်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များကလည်း စစ်ကောင်စီက ထောက်ပံ့လှူဒါန်း သော ကျပ် (၃၉၆၀၀၀၀) ကို မင်းတပ်ပရဟိတမိတ်ဆွေအဖွဲ့ထံကို သာရေးနာရေးနှင့် လူမှုရေးကိစ္စအဝဝတို့တွင် အသုံးပြုရန် အတွက် တဆင့် လှူဒါန်းပေးခဲ့ပြီးဖြစ်သည်။ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသည် ချင်းပြည်နယ် ၉ မြို့နယ်အတွင်းရှိ သာသနာ့တာဝန်ထမ်းဆောင်လျှက်ရှိသော ခရစ်ယာန်အမှုတော်ဆောင်များကို တစ်ဦးလျှင် ၁၈၀၀၀ နှုန်းဖြင့် ကူညီထောက်ပံ့ လျှက်ရှိပြီး ဟားခါး၊ ဖလမ်းမြို့နယ်များမှ ခရစ်ယာန်ပါစတာများက လက်မခံဘဲ ၎င်းတို့လက်ခံရရှိသည့် ငွေကြေးများအား ပြန်လည်အပ်နှံခဲ့ကြသည်။

၂၁။ သျှမ်းအဆိုတော်အိမ် ကို TNLA မှ ဝင်ရောက်ဖျက်ဆီး၊ ပစ္စည်းများ ယူဆောင်သွား
September 13, 2021

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ သျှမ်းအဆိုတော် စိုင်းသျှန်ဖ ၏ နေအိမ်ကို တအောန်းပလောင်အမျိုး သားတပ်မတော် (TNLA) က ဝင်ရောက် မွှေနှောက်ဖျက်ဆီးကာ ပစ္စည်းများယူဆောင်သွားကြောင်း သတင်းသိရသည်။ ဖြစ်စဉ် မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုမှ အဆိုတော် စိုင်းရှန်ဖ နေအိမ်ကို TNLA တပ်သားများက ဝင်မွှေပြီး စတူရီယို အခန်းထဲရှိ ပစ္စည်းတချို့နှင့် စက်ခေါင်း၊ ရေစုပ်စက်တို့ကို ယူဆောင်သွားကြောင်း သတင်းသိရပါသည်။

“သူတို့လာသောင်းကျန်းသွားတဲ့အချိန်မှာ ကျနော်လည်း အိမ်မှာ ရှိမနေဘူး၊ သူတို့လာတာက ရွာလူကြီးလည်း မပါဘူး၊ သူတို့ စစ်သားတွေပဲ ရောက်လာတယ်၊ ကျနော့်စတူဒီယို အခန်းကို သော့ဖျက်ပြီး ဝင်မွှေသွားတာ၊ Apple i5 ကွန်ပျူတာ တစ်လုံး၊ (၂၂)ကောင် အင်ဂျင်စက်တစ်လုံး၊ Studio ခန်းပစ္စည်း၊ YAMAHA Keyboard တစ်လုံးနဲ့ ရေစုပ်စက်တစ်စုံ ယူသွားတယ်” ဟု အဆိုတော် စိုင်းသျှန်ဖ က သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုလာရောက်အချိန်တွင် အဆိုတော် စိုင်းသျှန်ဖ ကိုယ်တိုင်နေ အိမ်ထဲတွင် မရှိသည့်တွက် TNLA မှ ယူဆောင်သွားသည့် ပစ္စည်းအသေးစိတ်ကို မသိရှိရသေးကြောင်း၊ TNLA တပ်ဖွဲ့ မှ မည်သည့်အကြောင်းကြောင့်် လာရောက်မွှေနှောက်သည်ကိုလည်း မသိရှိကြောင်း စိုင်းသျှန်ဖ က ပြောသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တပ်ပေါင်းစုဖြစ်တဲ့ SSPP/SSA၊ တအာန်းပလောင် အမျိုးသားတပ်မတော်(TNLA) တို့က တိုက်ပွဲမကြာခဏ ဖြစ်ပွားသည့်နေရာဖြစ်သည်။ အဆို ပါ ဖြစ်စဉ်များနှင့် ပက်သက်ပြီး တအာင်း(ပလောင်)အမျိုးသားတပ်မတော်ကို ဆက်သွယ်မေးမြန်းရာ အဆိုတော် စိုင်းသျှန်ဖ နေအိမ်ကို ဝင်ရောက်မှုသည် မှန်ကန်ကြောင်း ဖြစ်သော်လည်း အသေးစိတ် အချက် အလက်များကို မသိရှိရသေးကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဝင်ရောက်စစ်ဆေးတာ တော့ ဟုတ်ပါတယ်၊ အသေးစိတ် အချက်အလက်ကို သိရဖို့ ဒေသတွင်းက လှုပ်ရှားတဲ့အဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းထား ပါတယ်၊ အခုတော့ မသိရှိရသေးဘူး” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၂။ ဖားအံမြို့အနီး ကျေးရွာများတွင်စစ်ကားများဖြတ်သန်းသွားလာမှုကြောင့် ဖမ်းဆီးမည်ကိုရွာသားများ ထိတ်လန့်နေ
September 13, 2021

ဖားအံမြို့အနီးရှိ ကျေးရွာများတွင် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြို့တွင်းမြို့ပြင်၌ စစ်တပ်ကားများ ဖြတ်သန်း သွားလာ ခြင်းများကြောင့် ဖမ်းဆီးခံရမည်ကိုစိုးရိမ်သည့်အတွက် ရွာသားအချို့မှာ ညပိုင်းတွင်ရှောင်တိမ်းရမှုများရှိနေကြောင်း ရပ်ကွက်၊ ကျေးရွာနေထိုင်သူများထံမှ သိရှိရသည်။ စစ်ကောင်စီတပ်မှ စစ်ကားများမှာ ဖားအံမြို့အနီးအနားရွာများသို့ ဝင်ထွက်ခြင်း၊ အရပ်သားကားများဖြင့်လည်း သွားလာနေခြင်းများကြောင့် မြို့တွင်းရှိ နေထိုင်သူများ အပါအဝင် ကျေးရွာအချို့မှ ဒေသခံရွာသူ ရွာသားများမှာ စိုးရိမ်စိတ် ဖြင့် နေထိုင်သွားလာနေရသည်ဟု ရွာခံအချို့က ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့တောင်ဘက်ရှိ ရွာခံတစ်ဦးက “အခုရွာမှာနေတဲ့လူတွေက နေ့နေ့ညည ကြောက်နေရတယ်။ ရွာတွေထဲမှာ ကားတွေဝင် ထွက်ရှိတော့ ဘာကိုဖမ်းဖို့လာလဲ မသိဘူး။ တချို့ပြောတာက PDF လိုက်စုံစမ်းတယ်။ တချို့ကတော့ ပေါ်တာတွေဖမ်းမယ်လို့ ကြားတယ်။ CDM သမားတွေကိုလည်း လိုက်ဖမ်းဖို့ရှိတယ် ကြားတယ်။ မြို့တွေမှာလည်း လူ လိုက်ဖမ်းတယ်။ သူတို့ဖမ်းချင် တဲ့လူမရှိရင် ရွာတွေမှာလိုက်ဖမ်းမယ်။ အခုရွာမှာနေရတာလည်း လုံးဝ မလုံခြုံတော့ဘူး” ဟု ပြောသည်။ ထို့အပြင် ဖားအံမြို့ ထဲတွင်လည်း စစ်ကောင်စီဘက်မှ ဖမ်းဆီးမှုများ ညတိုင်းနီးပါး ရှိလာသလို စက်တင်ဘာလ ၉ ရက် နေ့ကလည်း ဖားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ကို ညဘက် ဝင်ရောက်ဖမ်းဆီးမှုများရှိကြောင်းလည်း ဖားအံမြို့ခံ များက ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် စက်တင်ဘာလ ၁၀ရက်နေ့က ရေးသားထားကြသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သူတို့က မသင်္ကာရင် အကုန်လိုက်ဖမ်းတာဘဲ။ ဒီအချိန်မှာ ဘယ် သူမဆို အဖမ်းခံမထိတာ အကောင်းဆုံးပဲ။ ကိုယ် ဘာမှမလုပ်တောင်မှ အဖမ်းခံရတတ်တယ်။ ဘာမှမလုပ်ကိုင်ရဲတော့ ဘူး။ ကြောက်ပဲ လိုက်ကြောက်နေရတဲ့ အခြေအနေရောက်ပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။ ယင်းသို့ သတင်းများ ထွက်ပေါ်နေသော်လည်း ရွာသားများ အဖမ်းခံရမှုရှိမရှိကို အတည်ပြုချက် ရရှိနိုင်ရန် ကေအိုင်စီ က စုံစမ်းမေးမြန်းသော်လည်း လက်ရှိအချိန်ထိ အဖမ်းခံ ရသည့်သတင်း အတိအကျကိုမူ မသိရှိသေးပေ။

၂၃။ တောင်လေးလုံးထောင်ရောက် နိုင်ငံရေးအကျဉ်းသားများ ပိုင်ဆိုင်မှုကို စစ်ကောင်စီ တောင်းယူ
September 14, 2021

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း တောင်လေးလုံးသို့ အကျဉ်းချ ထားခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက စာရင်းကောက် တောင်းယူ ကြောင်း သတင်းသိရသည်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရေးနှင့် အာဏာရှင်စနစ် ဖြုတ်ကျရေးအတွက် တောင်ကြီးမြို့နယ်အတွင်း ဆန္ဒပြ တောင်းဆို သူများကို စစ်ကောင်စီက လိုက်လံရှာဖွေဖမ်းဆီးပြီး ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးအကျည်းထောင်) တွင် အကျဉ်း ချထားခံထားရသူများ၏ ပိုင်ဆိုင်မှု စာရင်းများကို စစ်ကောင်စီတို့က လိုက်လံတောင်းယူနေကြောင်း နိုင်ငံရေးအကျဉ်းသား တစ်ဦး၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။“ထောင်က(တောင်လေးလုံး) ဝန်ထမ်းပါဆိုပြီးတော့ ဖုန်း ဆက်လာတယ်၊ ပြီးတော့ ကျမအမျိုးသားရဲ့ ပိုင်ဆိုင် မှု ဘာတွေရှိလဲ ဘယ်လောက်ရှိလဲ ဆိုပြီး မေးလာတယ်၊ ကျမက ဘာလို့ မေးလဲဆိုတော့ အထက်က မေးခိုင်း လို့ပါတဲ့၊ ကျမတို့မှာ လင်မယားတွေဆိုတော့ လင်ပိုင်တဲ့ ပစ္စည်းလည်း မိန်းမပိုင်တာပဲ၊ မိန်းမပိုင်ပစ္စည်းတွေလည်း ယောက်ျားပိုင်တဲ့ ပစ္စည်းလိုပဲလေ”ဟု ဖုန်းဆက်မေးမြန်းခြင်းခံရသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းမှုကိုခံရပြီး တောင်လေးလုံးအကျဉ်းထောင်တွင် အကျဉ်းချထားခံထားရ သည့် နွေဦးတော် လှန်ရေးကာလအတွင်း ပါဝင်ခဲ့သည့် လူငယ်များ၏ ပိုင်ဆိုင်မှုများကို သိမ်းမည်ဟုလည်း သတင်းများ ထွက်ပေါ်နေကြောင်း ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခြင်းခံရသည့် ကျောင်းသားတစ်ဦး၏ ဖခင်ကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဟုတ်ပါတယ်၊ ကျနော်ဆီကိုလည်း ဖုန်းဆက်မေးလာတယ်၊ သားရဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းလုပ်ပေးထားပါ တဲ့၊ ဘာကြောင့်လဲ ဆိုတော့ မပြောပြဘူး၊ အပြင်ကနေ ကြားရသလောက်တော့ ဖမ်းဆီးခံထားရတဲ့ လူငယ် တွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းမယ်ဆိုလည်း ကြားမိတယ်”ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဖခင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၄။ ကယားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၀၅ ဦးထိ မြင့်တက်လာ
14 September, 2021

စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှုန်းလည်း မြင့်တက်နေပြီး သေဆုံးသူ ၁၀၀ ကျော် ရှိလာနေပြီ ဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာ ၁၃ ရက်နေ့အထိ ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူပေါင်း ၂၆၁၂ ဦးရှိနေပြီ ဖြစ်ပြီး သေဆုံးသူပေါင်း ၁၀၅ ဦးအထိ မြင့်တက်လာပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့က လူပေါင်း ၁၄၃ ဦးကို စစ်ဆေးရာမှာ ၄၆ ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး လွိုင်ကော်ဆေးရုံမှာ ၃ ဦး သေဆုံးခဲ့ပါတယ်။

ရောဂါပိုးတွေ့ရှိသူ ၂၆၂၁ ဦးထဲက ၁၆၅၇ ဦးဟာ လွိုင်ကော်မြို့နယ်ကဖြစ်ပြီး ဖားဆောင်းမြို့နယ်မှာတော့ ၇၈၃ ဦးနဲ့ ပထမနဲ့ ဒုတိယအများဆုံးမြို့နယ်တွေ ဖြစ်ပြီး သေဆုံးမှုမှာလည်း လွိုင်ကော်မြို့နယ်မှာ ၉၆ ဦးနဲ့ ဖားဆောင်းမြို့နယ်မှာ ၈ ဦးတို့ ဖြစ်ပါ တယ်။ ကယားပြည်နယ် မြို့နယ် ၇ ခုထဲက ရောဂါပိုးတွေ့ရှိမှု မရှိခဲ့တဲ့ မယ့်စဲမြို့နယ်မှာ စက်တင်ဘာ ၁၃ ရက်နေ့က လူ ၁၂ ဦး ကို ရောဂါပိုးစစ်ဆေးခဲ့ရာမှာ ၁၂ ဦးလုံး ရောဂါပိုးတွေ့ရှိခဲ့ကြောင်းလည်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ သိရ ပါတယ်။ မြို့တွင်းမှာ ရောဂါပိုးမြင့်တက်နေသလိုပဲ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ လွိုင်ကော်မြို့အရှေ့ ဘက်ခြမ်းနဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာလည်း ရောဂါပိုးတွေ့ရှိတဲ့အတွက် ကိုဗစ်ရောဂါပိုး ထပ်ပြီးပြန့်ပွား လာမှာ ကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

၂၅။ စစ်ကောင်စီ ရိက္ခာသယ် ချောဆွဲကား ဗုံးဖောက်ခွဲခံရမှုတွင် သေဆုံးသူယာဉ်မောင်းမှာ နမ့်ဖတ်ကာ မှ ဖြစ်နေ
11 September 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းနဲ့ ကြူကုတ်(ပန်ဆိုင်း)ကြား လုံခန်ရွာနား အကွေ့မှာ စစ်ကောင်စီရဲ့ ရိက္ခာ တင် လာတဲ့ အရပ်သားကားတစ်စီး စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်က ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသော ကားသမားမှာ နမ့်ဖတ်ကာကျေးရွာမှ ဖြစ်သည်ဟု သိရသည်။

“ယမန်နေ့ ညနေပိုင်းက ၁၀၅ မိုင်-ပန်ဆိုင်းလမ်းရှိ လုံခန်ရွာအကျော်၊ နမ့်တောင်းရွာအနီး သေဆုံးသွားတဲ့ ရပ်ကွက်( ၄)၊ နမ့်ဖတ်ကာမှ ယာဉ်မောင်း ဦးအိုက်လျန်(၄၃)နှစ်၊ တအာင်း(ပလောင်) တိုင်းရင်းသားလူမျိုးရဲ့ ရုပ်အလောင်းကို မနက်ပိုင်း တွင် ဂရုဏာလူမှုကူညီရေး အသင်း(မူဆယ်)နှင့်အတူ မိမိတို့အသင်းမှသွား ရောက်သယ်ဆောင်ခဲ့ပါတယ်။ ရုပ်အလောင်းအား နေ့လည်ပိုင်းတွင် နမ့်ဖတ်ကာလူမျိုးပေါင်းစုံသုဿာန်မှာ မီးသင်္ဂြုလ်ပေးခဲ့ပါ တယ်။” ဟု လူမှုကူညီ ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ ကားမှာ ချောဆွဲခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ဆိုသည်။

ကားတွင်ပါလာသော ဆန်အိတ်ရိက္ခာများမှာ မုံးကိုးနှင့်ဖောင်းဆိုင်ဘက်တွင်ရှိနေသော စစ်ကောင်စီတပ်အတွက်ဖြစ်သည်ဟု သိရပြီး ၎င်းတို့ကို ကိုးကန့် MNDAA က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းလည်း သေဆုံးသွားခြင်း ဖြစ်သည်။ ရှမ်းမြောက် တရုတ်နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ကြား ပုံမှန် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။

၂၆။ စစ်ကောင်စီက ကြိတ်ရွာအပြင်ဘက်တွင် တပ်စခန်းအသစ် ပြန်ဆောက်ရန် စီစဉ်နေ
September 13, 2021

စစ်ရေးတင်းမာမှုဖြစ်ပေါ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ကျေးရွာတွင် စစ်ကောင်စီက ရွာအပြင်ဘက်၌ တပ်စခန်း အသစ် ပြန်ဆောက်ရန် စီစဉ်နေသည်ဟု ဒေသအတွင်း သတင်းအရင်းအမြစ်များက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်များ သည် ပြီးခဲ့သည့်လက ကြိတ်စခန်းကို စွန့်ခွာသွားပြီးနောက် ယခင်နေရာတွင် ပြန်လည် စခန်းထိုင်ရန် စီစဉ်သော်လည်း ဒေသခံ များက လက်ခံခြင်းမရှိသည့်အတွက် ကြိတ်ရွာ၏အပြင်ဘက်ရှိ ခိုလာဖေ တောင်ဘက်ရှိ ဒေသခံတစ်ဦး၏ မြေကွက်ကိုဝယ်ယူ၍ စခန်းပြန်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယခုလို စခန်းပြန်ဆောက်ရန် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျိုက်ဒုံမြို့၌ နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးစောမုတ်သုန် က မြေပိုင်ရှင်နှင့် အရောင်းအဝယ်စာချုပ် ပြုလုပ်ပြီး ကျပ်သိန်း ၆၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အရောင်း အဝယ်ကို သိထားသူ အမည်မဖော်လိုသူတဦးက ကေအိုင်စီသို့ ပြောသည်။ ” သူတို့ စခန်းပြန်လာဆောက်မယ်။ ခိုလာဖေမှာ လို့တော့ ကြားသိထားတယ်။ ရွာသားတစ်ဦးရဲ့မြေကို ပိုက်ဆံပေးပြီး ဝယ်လိုက်တယ်။ သူတို့ ဘယ်တော့ လာဆောက်မလဲတော့ မသိဘူး။ အခုလည်း ရွာမှာ အယောက် ၅၀ လောက်တော့ ရှိနေသေးတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပိုင်ကလန်ဒုံနှင့် ကွင်းကလေးကျေးရွာတွင် တပ်အင် အား တစ်ရာကျော် ပြန်သွားဆုတ်သော်လည်း ၎င်းကြိတ်ကျေးရွာတွင် ဒေသခံလူနေအိမ် အချို့၌ တပ်အင်အား ၅၀ ခန့် တပ်စွဲ ထားပြီး တပ်စခန်းဆောက်ရန်အတွက် ကျန်ရှိနေခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်ပြီး နောက် ဒေသခံများအနေဖြင့် နေ့စဉ်လူမှုဘဝအတွက် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားနေသော်လည်း ပစ်ခတ်မှုများ ထပ်ဖြစ်လာမည်ကို စိုးရိမ်ကြောက်လန့်စိတ် ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

၂၇။ ကိုဗစ်ကြောင့် ပိတ်ထားသည့် ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများ ယခုလအတွင်း ပြန်ဖွင့်နိုင်ဟုဆို
September 14, 2021

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်းပိတ်ထားရသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုလအတွင်း ပြန်ဖွင့်နိုင် ခြေရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောသည်။ “နယ်စပ်ကုန်သွယ်ရေး ကြောင့် ကိုဗစ်ဖြစ်တာမရှိခဲ့ဘူး။ ပြန်ဖွင့်ဖို့ကို ပြည်နယ်အစိုးရက ပြည်ထောင်စုစီးပွားရေးဝန်ကြီးကိုတင်ပြဖို့လုပ်နေတယ်။ အခြေခံအားဖြင့် အချက်အလက်တွေကို တင်ပြဖို့လုပ်နေပြီ။ မတင်ရသေးဘူး။ တင်ပြလို့ ပြည်ထောင်စုက ခွင့်ပြုတယ်လို့ ကြေညာချက်ရတာနဲ့ ဖွင့်မယ်။ ဒီစက်တင်ဘာလထဲမှာ ဖြစ်နိုင်တယ်။” ဟုပြောသည်။

ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်းမြင့်တက်လာခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ် သည့် စစ်တွေရွှေမင်းဂံစခန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောမြို့ရှိ ကညင်ချောင်း စီးပွားရေးဇုံတို့ကို ပြီး ခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှ စတင်ပိတ်ထားခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ မောင်တောမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွန့် ကမူ ရခိုင်တွင် ကိုဗစ် ဖြစ်ပွားမှုလျော့ကျလာသော်လည်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှုလျော့ကျခြင်းမရှိသေးသည့်အတွက် စီးပွား ရေးထက် ကျန်းမာရေးကို ပိုဦးစားပေးသင့်သည်ဟု ထောက်ပြပြောဆိုသည်။

အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းများကို စက်တင်ဘာလ ၁၅ ရက်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ရှိသူများက သြဂုတ်လ ၂၃ ရက်တွင် တွေ့ဆုံဆုံးဖြတ်ထားခဲ့ကြသေးသည်။ သို့သော် သြဂုတ်လ ၃၁ ရက်စစ်ဆေးချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲသော Delta မျိုးစိတ်ပိုးရှိသူ ၁၅ ဦးတွင် စစ်တွေမှ ၁ ဦးပါဝင်လာခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်ဖွင့်မည့်အစီအစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

၂၈။ နမ္မတူမြို့နယ်တွင် သံဃာအပါး ၆၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ

13 September, 2021

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စနေနေ့ကစ ကျန်းမာရေး ဆိုင်ရာတာဝန်ရှိသူတွေက ဘုန်းကြီးကျောင်းနဲ့စာသင်တိုက်တွေကို ကွင်းဆင်းပြီး ကိုဗစ်-၁၉ ရောဂါပိုးရှာဖွေစစ်ဆေးပေးနေရာမှာ စက်တင်ဘာ ၁၂ ရက် အထိ အပါး ၆၀ ကျော် ကူးစက်ခံထားရပါတယ်။

အထူးသဖြင့် သံဃာတော် ၂၅ ပါးနဲ့အထက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေ လိုက်လံ စစ်ဆေးပေးနေတာဖြစ်ပြီး နမ္မတူမြို့ပေါ်ရှိ ရွှေမြင်သာကျောင်းတိုက်၊ နမ္မတူ ဘုရားတောင်ပေါ်ဝေယျာဝိစ္စကျောင်းတိုက်၊ ရွှေတောင်ချမ်းသာကျောင်းတိုက်၊ ဆိုက်ခေါင်ရွာ တုန့်ဟုန်းခမ်း ကျောင်းတိုက်၊ ဣစ္ဆာသယမြို့လယ်ကျောင်းတိုက်တွေမှာ သွားရောက်စစ်ဆေးရာက သံဃာ အပါးပေါင်း ၆၀ ကျော်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာလို့ နမ္မတူမြို့ မေတ္တာရှင်ပရဟိအသင်းမှ ကိုချစ်မွှေးက ဒီဗွီဘီကို ပြောပါတယ်။ “စပြီး သွားစစ်တာကတော့ ၁၁ ရက်နေ့ကပေါ့နော်၊ နမ္မတူ ပန်ဟိုက်ရပ်ကွက်ရွှေမြင်သာကျောင်းမှာ သံဃာ ၉၁ ပါးနဲ့ သီလရှင် ၂ ပါး ကိုစစ်တာ အဲဒီထဲက ပိုးတွေ့တာ ၄၆ ပါး ၊ မနေ့က နမ္မတူတောင်ပေါ်ဘုရား ဝေယျာဝစ္စကျောင်းတိုက်မှာ ၆၆ ပါးစစ်တယ်။ သာမဏေ ၆ ပါးပိုးတွေ့တယ်။ ရွှေတောင်ကျောင်းမှ ၃၅ ပါးစစ်တာ အကုန်နက်ကတစ်ပ်။ ပြီးတော့ ဒီကနေ့ ဆိုက်ခေါင်ရွာ တုန့်ဟုန်းခမ်းကျောင်းတိုက်မှာ ၃၆ ပါးစစ်တာ သာမဏေ ၃ ပါးပိုးတွေ့ပြီး မြို့ လယ်ကျောင်းမှာ ၃၇ ပါးစစ် တဲ့ထဲက ဦးဇင်း ၄ ပါးနဲ့ သာမဏေ ၂ ပါးမှာ ပိုးတွေ့ပါတယ် ၊ စုစုပေါင်း ၆၁ ပါးကူးစက်ခံထားရပါတယ် ”

ကူးစက်ခံရတဲ့ သံဃာတွေမှာ အခြေအနေဆိုးတဲ့လက္ခဏာမရှိကြောင်း၊ သူတို့တွေအတွက် သတ္တုတွင်းသင်တန်းကျောင်း ယာယီ ကုသရေးစင်တာမှာ နေရာထိုင်ခင်း ပြင်ဆင်ပေးထားပေးပါတယ်။ ဒါပေမဲ့ ကျောင်းတိုက်တိုင်းမှာ ကျယ်ဝန်းတဲ့နေရာ၊ သီးသန့် အဆောင်တွေလည်းရှိလို့ သက်ဆိုင်ရာကျောင်းက ဆရာတော်တွေဆန္ဒအရ အဆိုပါကျောင်းတိုက်တွေမှာပဲ ထားရှိတယ်လို့ ဆိုပါတယ်။

၂၉။ စစ်တွေမြို့မှ ခရီးတိုပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ရပ်နားရန် ယာယီကားဂိတ်တစ်ခုပြုလုပ်ထား
Sep 11, 2021

ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့မှ အခြားမြို့နယ်များသို့ ခရီးတိုပြေးဆွဲနေသည့် ခရီးသည်တင်ကားများအတွက် ယခင်ကား ဂိတ်အဟောင်းအနီးတွင် ယာယီကားဂိတ်တစ်ခုကို ပြုလုပ်ထားပေးထားကြောင်း သိရသည်။

စစ်တွေ-ပုဏ္ဏားကျွန်း၊ စစ်တွေ-ကျောက်တော်၊ စစ်တွေ-မြောက်ဦး ပြေးဆွဲနေသည့် ခရီးသည်တင်ကားများမှာ မြေယုလမ်းမ ကြီးပေါ်တွင်ရပ်နားကြသဖြင့် လမ်းသွားလမ်းလာများအတွက် လမ်းကျဉ်းမြောင်းခြင်း၊ အန္တရာယ်များဖြစ်လာနိုင်၍ စည်းကမ်း တကျသွားလာနိုင်ရန် ယခုကဲ့သို့ယာယီကားဂိတ်ကိုပြုလုပ်ပေးခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်း ကပြောသည်။“ကားဂိတ်ကတော့ ယာယီလုပ်ထားတာ ပြီးသွားပြီ။ ကားတွေကို နေရာချထားဖို့ပဲကျန်တော့တယ်။ အဲဒါတွေကို တော့ တဖြည်းဖြည်းလုပ်ဆောင်သွားမယ်။ အခုလောလောဆယ်မှာတော့ ကားတွေနေရာချဖို့ပဲလိုပြီ”ဟု ဦးသန်းထွန်းက DMG ကိုပြောသည်။

ထိုသို့ခရီးတိုပြေးဆွဲနေသည့် အချို့ကားများမှာ ကြားဖြတ်ကားများဖြစ်သည့်အတွက် လက်ရှိလုပ်ကိုင်ထားသည့် ယာယီကား ဂိတ်တွင်ရပ်နားရန် တရားဝင်လိုင်းကားများဖြစ်အောင် လုပ်ဆောင်ပေးခြင်းများရှိကြောင်းလည်း ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်ကပြောသည်။“ကုန်ကြောင်းလိုင်းတွေပြေးဆွဲနေတဲ့ကားတွေက ကြားဖြတ်ကား တွေဖြစ် နေတော့ ကျနော်တို့က တရားဝင်လိုင်းကားလိုင်းတွေဖြစ်သွားအောင် လုပ်ပေးတာရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို ဟိုမှာပါကင်ထိုးဖို့နေရာတွေအတွက် အစိုးရလုပ်ပေးထားတာတွေ့တယ်။ အဲလိုနေရာတွေဖြစ်တဲ့အခါကျတော့ ကျနော်တို့က သူတို့ကိုလည်းလိုင်းပြေးပေါ့နော်။ တရားဝင်လိုင်းမှတ်ပုံတင်လုပ်ခိုင်းတာပေါ့နော်။ ဖြည်းဖြည်းနဲ့စည်းရုံးပြီးတော့ အဲဒီလို လုပ်ခိုင်းနေတာရှိတယ်”ရဲမှူးကြီးသက်လွင်ကပြောသည်။

၃၀။ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုကြောင့် ထိုင်းကုန်စည် တင်သွင်းရန် ကုန်သည်များ စောင့်ကြည့်နေ
September 11, 2021

မြဝတီမြို့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ယခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေမှု ကြောင့် ထိုင်းကုန်စည်တင်သွင်းရန် နယ်စပ်ကုန်သည်များ အခြေအနေစောင့်ကြည့်နေရသည်ဟု မြဝတီနယ်စပ်ကုန်သည်များ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် က ပြောသည်။ နယ်စပ်ငွေကြေးဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက မြန်မာ ကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ နှစ်ထောင်ဝန်းကျင်ရှိရာမှ စက်တင်ဘာ ၁၁ ရက်နေ့တွင် ကျပ်တစ်သိန်းလျှင် ထိုင်းဘတ် ၁၆၈၀ ထိသာ ရှိတော့သည့်အတွက် မြန်မာကျပ်တန်ဖိုး ထိုးကျသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ကုန်သည် များထံမှ သိရသည်။

အလားတူ ယခင် ဩဂုတ်လအတွင်းက ထိုင်းနိုင်ငံထုတ် ပဲလွန်းဆီ ၁ လီတာဗူး (၁)ဖာလျှင် ထိုင်းဘတ်ငွေ ၅၀၀ ခန့် မြန်မာ ကျပ်ငွေ ၂၅,၀၀၀ ဝန်းကျင်ရှိရာမှ ယခုရက်ပိုင်းအတွင်း မြန်မာငွေစျေး ကျမှုကြောင့် နယ်စပ်စျေးကွက်မှာပင် ကျပ် ၃၂,၀၀၀ ခန့်ပေး၍ ဝယ်နေရသည်ဟု နယ်စပ်ကုန်သည်များက ပြောဆိုသည်။ ယခုလို ကျပ်ငွေတန်ဖိုး ထိုးကျမှုကြောင့် ထိုင်းကုန်စည် များကို ဈေးကြီးပေးဝယ်နေရသလို အကျိုးဆက်အနေဖြင့် ပြည်တွင်း၌ ထိုင်းကုန်စည်များ ဈေးနှုန်းကြီးမြင့်လာသည်ဟု မြဝတီမြို့ခံများက ပြောသည်။

“ မြဝတီမြို့မှာက ဟင်းသီးဟင်းရွက်ကစပြီး အဆင့်မြင့် လူသုံးကုန်ပစ္စည်းတွေအထိ ထိုင်းကနေ ဝယ်ယူဖြန့်ဖြူး ရောင်းချတာ များတယ်။ ယခုလို မြန်မာငွေစျေး အဆမတန် ကျဆင်းလာတော့ ကုန်ဈေးနှုန်းမြင့်တက်လာတယ်။ ကိုဗစ်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ အတော်လေး အခက်အခဲရှိနေတယ်” ဟု မြဝတီမြို့ခံ ကိုဝင်းဇော်က ပြောသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

Federal Journal

Related Articles

Back to top button