တိုင်းရင်းသားများသတင်း

နေ့စဉ်တိုင်းရင်းသတင်းများစုဆောင်းတင်ပြခြင်း

Federal

 

၁။ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် နှစ်ဦးကို CDF ပြန်လွှတ်
August 5, 2021

ချင်းပြည်နယ် ဆူရ်ခွာမြို့မှာ စစ်ကောင်စီတပ်နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဟားခါးဒေသကာကွယ်ရေး CDF အဖွဲ့က ဖမ်းဆီးထားတဲ့ ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်နဲ့ အသင်းတော် ဓမ္မဆရာ ကလဲမင်း တို့ကို သြဂုတ်လ ၄ ရက် မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ CDF အဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။

မနေ့က ကက်သလစ်အသင်းတော်က တာဝန်ရှိလူကြီး နှစ်ဦး တွေ့ဆုံခဲ့ပြီး CDF ဘက်က တောင်းဆိုတဲ့ အချက်တွေကို ခံဝန် ကတိနဲ့ သဘောတူလက်မှတ်ထိုးပြီး ပြန်လွှတ်ပေးခဲ့တာလို့ CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ ကက်သလစ် အသင်းတော်ကနေ တာဝန်ရှိတဲ့ လူကြီး နှစ်ယောက်က အာမခံတယ်ပေါ့။ ဒီလိုမျိုး ကျွန်တော်တို့ တောင်းဆိုထားတာတွေ၊ ဒီလိုမျိုးမလုပ်ဖို့ပေါ့။ ပြီးတော့ တာဝန်ထမ်းဆောင်တဲ့ ဆူရ်ခွာမြို့ကနေ ဟားခါးမြို့ကို ပြောင်းပေးဖို့ ရယ် ဒါတွေကို ကျွန်တော်တို့ သဘောတူပြီးတော့မှ လွှတ်တာပါ” CDF အဖွဲ့သားတွေရဲ့သတင်းတွေကို ဘယ်သူ့ဆီမှာမှ သတင်းမပေးဖို့၊ မဟုတ်မမှန် သတင်းတွေကို CNF လူကြီးတွေဆီမှာ မဟုတ်မမှန် တိုင်တန်းပြောဆိုတာတွေ မလုပ်ဖို့၊ စစ်တပ်ကပေးထားတဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေနဲ့ ဆေးဝါးတွေကို လက်မခံဖို့၊ စစ်တပ်က ပေးတဲ့ပစ္စည်းတွေကို ယူဖို့အတွက် တခြားသူတွေကို တိုက်တွန်းတာမျိုး မလုပ်ဖို့ စစ်တပ်နဲ့ မပတ်သက်ဖို့ စတဲ့အချက်တွေကို ခံဝန်ကတိလွှာထဲမှာ လက်မှတ်ထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဟားခါးမြို့နယ် ဆူရ်ခွာမြို့က ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်နဲ့ အသင်းတော် ဓမ္မဆရာ ကလဲမင်း တို့ကို စစ်ကောင်စီ သတင်းပေးဆိုတဲ့ သံသယနဲ့ ဇူလိုင်လ ၂၆ ရက်နေ့က CDF တပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ CDF အဖွဲ့ဟာ ကက်သလစ် ဘုန်းတော်ကြီး နိုအဲလ်ဟရန် တင်းထန်နဲ့ အသင်းတော် ဓမ္မဆရာ ကလဲမင်း တို့ကို ပြန်လွှတ်ခဲ့ပေမယ့် နောက်ထပ်ဖမ်းဆီး ထားတဲ့သူ သုံးဦး ကျန်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂။ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီ၏လှုပ်ရှားစစ်ကြောင်းကို KIA နှင့် PDF ကြားဖြတ်တိုက်ခိုက်
5 August, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကံဆီးနယ်မြေဗျူဟာကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ လှုပ်ရှားစစ်ကြောင်းဟာ သြဂုတ် ၄ ရက်နေ့ညနေပိုင်းက KIA နဲ့ PDF တို့ရဲ့ ပူးပေါင်းတိုက်ခိုက်တာခံခဲ့ရတယ်လို့ သိရပါတယ်။

ကံဆီးကျေးရွာနဲ့ (၃) မိုင်လောက်ဝေးတဲ့ မင်းမှော်ကျေးရွာလမ်းမှာ ညနေ ၄ နာရီလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ PDF တို့ပေါင်းပြီး လမ်းမှာ တိုက်ခိုက်ခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ” ဗျူဟာကထွက်လာတဲ့ စစ်ကြောင်း ကို ကြားဖြတ်တိုက်တာ တော်တော်အထိနာသွားတဲ့ပုံပဲ တချို့ကောင်တွေက ထွက်ပြေးတာရှိတယ်။ ခုထိလည်း တောနင်းလိုက် ရှာနေတယ်’ လို့ သူက ပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းကို KIA နဲ့ PDF တို့ ကြားဖြတ်တိုက် ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးလောက် သေဆုံးပြီး ၁၅ ဦးလောက် ထွက်ပြေးသွားလို့ လိုက်လံ ဖမ်းဆီး နေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာတော့ သြဂုတ်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေနေ့စဉ်ဆိုသလို ဖြစ်ပွားနေတာပါ။

၃။ KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ ကွယ်လွန်
August 4, 2021

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ (ခ) တေးလေးသည် ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့၊ ည ၁၀ နာရီခွဲကျော်တွင် ကိုဗစ်ရောဂါဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း နှင့်နီးစပ်ရာ အသိုင်းအဝိုင်းက ပြောဆိုသည်။

ကွယ်လွန်ချိန်တွင် အသက် ၄၆ နှစ်ရှိသူ ဗိုလ်ချုပ်စောနေစိုးမြသည် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၏ တပ်ရင်း(၂၀၂)တွင် အစ်ကိုအကြီးဆုံးဖြစ်သူ ဒုဗိုလ်မှူးကြီးစောနေကော်မြ တပ်ရင်းမှူးဖြစ်နေချိန် ၎င်းက တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ်တွင် ငြိမ်းချမ်းရေးကောင်စီသို့ ကူးပြောင်းခဲ့ပြီး (၇၇၇)အထူးဗျူဟာတွင် ဗျူဟာမှူးအဖြစ်လည်း ကောင်း၊ ၂၀၂၁ ခုနှစ်မှစတင်ကာ စစ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးကော်မ တီ ဥက္ကဌနှင့် ယခုနောက်ဆုံးတာဝန် စစ်ရေးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

“သူက သူ့လူမျိုး၊ သူ့အဖွဲ့အစည်း၊ သူ့လက်အောက်ငယ်သားတွေကို ချစ်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ အလုပ်လည်း ကြိုး စားသူဖြစ်တယ်။ သူ့မှာက စစ်မှန်သော ငြိမ်းချမ်းရေးလိုလားသူ စောနေစိုးမြ ဆိုတဲ့ ဆောင်ပုဒ်တစ်ခုရှိတယ်။”ဟု သူ၏ အနီး ကပ်လုံခြုံရေးအရာရှိ အရာခံဗိုလ် စောဗီထူး ကပြောသည်။ ဗိုလ်ချုပ်စောနေစိုးမြသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး ၏ ဥက္ကဌနှင့် စစ်ဦးစီးချုပ်တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး စောဘိုမြ(ကွယ်လွန်)နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဌဟောင်း ပဒိုနော်လားဖိုးတို့၏ သားသမီး ၇ ဦး အနက် ခြောက်ဦးမြောက်ဖြစ်ပြီး သားအငယ်ဆုံးဖြစ်သည်။ သူကွယ်လွန် ချိန်တွင် ဇနီးနှင့် သားသမီးလေးဦးအပြင် မိခင် ပဒိုနော်လားဖိုး၊ အစ်မနှစ်ဦး၊ ညီမနှင့် အစ်ကိုဖြစ်သူ ဗိုလ်မှူး ချုပ်စောနယ်ဒါးမြ တို့ ကျန်ရစ်ခဲ့သည်။ ဗိုလ်ချုပ်စောနေစိုးမြ၏ ဈာပနအခမ်းအနား အစီအစဉ်ကို မသိရှိရသေးပေ။

၄။ မိုင်းငေါ့ စစ်ရှောင်ရိုက်ခံရမှု၊ နေအိမ်မီးရှို့ခံရသည့် သတင်းပေးသူ လိုက်လံရှာဖွေနေ
August 4, 2021

သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့တွင် သတင်းပေးသူဟု ယူဆရသည့် သူကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက အရပ်ဝတ်ဖြင့် လာရောက်ရှာဖွေမှုရှိကြောင်းသိရသည်။ လွန်ခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် သျှမ်းသံတော်ဆင့် အနေဖြင့် မိုင်းငေါ့ဒေသခံ (၂) ဦး TNLA ဖမ်းဆီးရိုက်နှက်မှုသတင်း၊ ကျောက်မဲမြို့တွင် နေအိမ် (၂) လုံးကို TNLA မှ မီးရှို့ခဲ့သည့် သတင်းကို ထုတ်ဝေ ခဲ့ပြီးနောက် ညနေအချိန်တွင် အရပ်ဝတ်ဖြင့် စစ်ရှောင်စခန်းအတွင်းသို့ လာပြီး သတင်းပေးသူကို လာရောက်မေးမြန်း ရှာဖွေခဲ့ ကြောင်း သတင်းရရှိသည်။

“သူတို့ စစ်ရှောင်စခန်းမှ မျက်နှာစိမ်းနဲလူ လာတာရှိလာဆိုပြီးလာမေးတယ်။ သူတို့က အရပ်ဝတ်နဲ့ပဲလာတာ။ လက်နက်ကိုင် တပ်ဖွဲ့လို့တော့ပြောတယ်။ ဘယ်တပ်ဖွဲ့လဲတော့မသိဘူး” ဟု မိုင်းငေါ့မြို့ ဒေသခံ အမျိုးသားတဦး ကပြောသည်။ အလား တူ သြဂုတ်လ ၃ ရက်နေ့တွင်လည်း အရပ်ဝတ်ဖြင့် မိုင်းငေါ့မြို့တွင်း ရှိ ရပ်ကွက်တစ်ချို့တွင် မျက်နှာစိမ်းနှင့်လူ ရှိ၊မရှိ ကြောင်းကို လာရောက်စစ်ဆေးမေးမြန်ခဲ့ခြင်း ရှိကြောင်းသိရသည်။ “ဟုတ်တယ်။ ကျမတို့လည်းကြားတယ်။ အရပ်ဝတ်နဲ့တဲ့ မျက်နှာစိမ်းနဲ့ လူလာတာရှိလား လို့ လိုက်မေးနေတယ်။ ဈေးနဲ့ ရပ်ကွက်ကြားတွေမှာလို့ပြောတယ်။ ကျမတို့ဘက်တော့ မရောက်လာဘူး” ဟု မိုင်းငေါ့မြိုနေ အမျိုးသမီးတဦးက ပြောသည်။

မိုင်းငေါ့မြို့ အမျိုးသားတဦး က “ သတင်းထွက်ပြီးတဲ့နောက်မှပဲလိုက်ရှာတာ။ ဘာကြောင့်လာရှာလဲတော့ မသိဘူး”ဟု ပြောသည်။ ထို့ကဲ့သို့ ပြုလုပ်နေခြင်းသည် ဒေသခံပြည်သူများ သတင်းပေးမှုကို မပြုလုပ်ရန် လှည့်ပြီး ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်းလည်း မိုင်းငေါ့ဒေသခံများက ပြောသည်။ သျှမ်းမြောက် မိုင်းငေါ့မြို့အပါအဝင် ကျောက်မဲမြို့နယ်တွင် စစ်ဘေး ရှောင် (၅၀၀)ကျော်ရှိသည့်နေရာဖြစ်ပြီး၊ မိုင်းငေါ့မြို့ အနီးတဝှိက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သည်။

၅။ စစ်ကောင်စီ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသော ဒေသခံ ၂ ဦး ဒဏ်ရာ ရရှိခဲ့သဖြင့် ပြန်လွှတ်ပေး
5 August 2021

ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်ကထောင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ လူသားဒိုင်းအဖြစ် အသုံးပြုခံရ သည့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။

ယမန်နေ့ ညနေ ၆နာရီ မိုးချုပ်ခါနီးအချိန်တွင် မဂေါင်ကထောင်ကျေးရွာမှ ငါးမျှားသွားသည့် အမျိုးသားတစ်ဦးနှင့် နွားမောင်း ရာမှ ပြန်လာသည့် အမျိုသားတစ်ဦးတို့ ၂ ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် လမ်းတွင် မိုင်းခွဲခံရကာ ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု မဂေါင်ဒေသခံတစ်ဦးက ယခုလိုပြောဆိုခဲ့သည်။“ကျမတို့ ရွာအနီးမှာ စစ်သားတွေရှိမှန်းလည်းမသိ။ မိုးချုပ်ခါနီးရှိပြီတဲ့ သူတို့ ၂ယောက်ပြောတာ။ တစ်ယောက်က ငါးမျှာသွား တယ်။ တစ်ယောက် နွားမောင်းပြန်လာတာ။ လမ်းမှာ စစ်သားတွေနဲ့တွေ့လို့ ခေါ်သွားတယ်လို့ ပြောတယ်။ သူတို့ ၂ယောက်ကို ရှေ့ကနေသွားခိုင်းပြီး ကာမိုင်းဘက်ကို သွားတယ်တဲ့။ အဲ့မှာ သွားရင်းနဲ့ လမ်းမှာ မိုင်းကွဲခံရတယ်လို့ဘဲ သိတယ်” ဟု ပြောဆိုသည်။ စစ်ကောင်စီ တပ်၏ လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် အမျိုးသား ၂ ဦးမှာ အသက် ၅၀ အရွယ် ဦးဂမ်အောင်တန် နှင့် အသက် ၄၀ အရွယ် ဦးဆမ်ဆက်တို့ဖြစ်ကြပြီး ၂ ဦးစလုံးမှာ မိုင်းထိဒဏ်ရာရှိထားကြောင်း သိရသည်။

ဒေသခံ ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော စစ်ကြောင်းတွင် စစ်အင်အား ၅၀ ခန့်ရှိပြီး ည ၁၁ နာရီခွဲ ဝန်း ကျင် မဂေါင်းကထောင် မှ ကားမိုင်းဘက်သွားသည့်လမ်း နောင်းခမ်းဘွမ့် (Nawng Hkam Bum) တွင် KIA က မိုင်းခွဲ တိုက် ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။“စစ်တပ်က ဒွမ်ဘုန်းချောင်းတည့်တည့် ကားမိုင်းဘက်ကို သွားတယ် လို့ သိရတယ်။ လဝါးကျေးရွာကနေ ဖားကန့်ဘက် အထွက်မှာရှိတဲ့ မဂေါင်းကထောင် ကျေးရွာအနီးမှာ KIA က လမ်းမှာစောင့်ပြီး မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ နောက်မှ အဲ့နေရာမှာဘဲ အပြန်အလှန် ခန ပစ်ခတ်ကြတယ်လိုပြောတယ်” ဟု ပြောဆိုသည်။ KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ထိုနေရာတွင်၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက် ၆ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခံရသော အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရှိသွားကြောင်း သိရ သည်။

၆။ စစ်ကောက်စီ တပ်ဖွဲ့ ရွာထဲထိ လက်နက်ကြီးပစ်ခတ်
August 5, 2021

သျှမ်းပြည် မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲ အတွင်းတွင် စစ်ကောင်စီတပ်သားများနှင့် ကိုးကန့်တပ်မတော် (MNDDA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတို့မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာခံများ ထွက်ပြေးနေရ ကြောင်း သိရသည်။

ပန်ဆိုင်းမြို့နယ်ခွဲ အတွင်းရှိ ဖိုင်ကောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတို့မှ ပြည်သူများရှိနေသည့် ရွာထဲသို့ လက်နက်ကြီးပစ်လိုက်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။“မနေ့က ရွာထဲကို လက်နက်ကြီးနဲ့ သုံးချက်လောက် လှမ်းပစ်တယ်၊ ထပ်ပစ်မှာစိုးလို့ထွက်ပြေးလာကြတာ၊ ဖိုင်ကောင် ရွာလုံးကျွတ်ပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဖိုင်ကောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာသား များ ၃၀၀ နီးပါးခန့်တို့က နေအိမ်များကို စွန့် ခွာပြီး တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့( သြဂုတ် ၄ )ရက်တွင် MNDAA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ကျေးရွာထဲ လက်နက်ကြီးများကို ပစ်ခတ်မှု ရှိသောကြောင့် တောထဲထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။“သူတို့က ရွာပြင်မှာ တိုက်ပွဲဖြစ်ပြီး ကျေးရွာ ဖက်ကို ကျည်မကျလာစေရန်တော့ တစ်မျိုးပေါ့၊ အခုက လူတွေနေတဲ့ ရွာထဲကို လက်နက်ကြီးတွေ ပစ်ထည့်လိုက်တော့ ရွာသား တွေလည်းမနေရဲတော့ဘူးလေ၊ အခုလို အိမ်ကို စွန့်ခွာပြီး ထွက်ပြေးတော့ လူကိုယ်တိုက်က လွတ်ပေမယ့် ကျန်ခဲ့တဲ့ အိမ်နဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှာလည်း စိုးရိမ်မိတယ်” ဟု၎င်းက ဆိုသည်။ စစ်ကောင်စီ နှင့် MNDAAတိုက်ပွဲအရှိန်ထပ်မံ ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

၇။ KNU ကွန်ဂရက်ရွှေ့ဆိုင်းမှုအပေါ် ချပြရှင်းလင်းသင့်ဟု ရှုမြင်သုံးသပ်မှုများရှိနေ
August 4, 2021

ယခုနှစ်ဇွန်လတွင် ကျင်းပရန် လျာထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇)ကြိမ် မြောက်ကွန်ဂရက် (ညီလာခံ) ကို လတ်တလောဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အခြေ အနေ များကြောင့် ကွန်ဂရက်ကို မကျင်းပနိုင်သေးဘဲရက်ရွှေ့ဆိုင်းနေရသည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကေအဲန်ယူထိန်းချုပ် နယ်မြေတချို့တွင် စစ်ကောင်စီတပ်နှင့် ကရင် လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား ပစ်ခတ်တိုက် ခိုက်မှုများ ဖြစ်ပွားလာသည့်အတွက် တပ်မဟာအလိုက် ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ ညီလာခံတက်ရောက်ရန် အခက်အခဲရှိ နေသလို ကိုဗစ်ကပ်ရောဂါကြောင့် လမ်းကြောင်းပိတ်ဆို့မှုများရှိနေသည့်အတွက် ကွန်ဂရက်ကို ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်ဟု ၁၇ ကြိမ်မြောက် ကွန်ဂရက်ဖြစ်မြောက်ရေး ကော်မတီတာဝန်ရှိသူများက ပြောသည်။

ကွန်ဂရက်ဖြစ်မြောက်ရေး ကော်မတီဝင် KNU ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ပဒိုစော ဆဲပွယ်က “ဇွန်လမှာ လုပ်သွားဖို့ ကျနော်တို့ လျာထားပေမဲ့ မတ်လမှာ တပ်မဟာ ၅၊ တပ်မဟာ ၃ ၊ တပ်မဟာ ၁ မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာရှိ တယ်။ မေလဆန်းပိုင်း၊ ဧပြီလအကုန်မှာဆိုရင်လည်းပဲ တိုက်ပွဲဖြစ်တယ်။ လေယာဉ်လာပြီး ဗုံးကြဲမှုတွေရှိတယ်။ ပြည်သူလူထု တွေ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရတယ်။ မြို့ကို လာမယ့်လမ်းကြောင်းကလည်း သိပ်လွယ် တာမဟုတ်ဘူး။ ရေကြောင်း လမ်းကိုလည်း ပိတ်ထားရတဲ့အတွက်ကြောင့် သွားရေးလာရေး မလွယ်ကူတဲ့အတွက် ကျနော်တို့ ရွှေ့လိုက်တာဖြစ်ပါတယ်။ ”ဟု ပြောသည်။ ကေအဲန်ယူခေါင်းဆောင်အများစုသည် ကွန်ဂရက်ကို ကျင်းပသွားလိုကြပြီး လက်ရှိတွင် ကွန်ဂရက်ကျင်းပနိုင်မည့် ရက်ကို အတိအကျသတ်မှတ်၍ မရသော်လည်း အခြေအနေပေါ်မူတည်၍ ကွန်ဂရက်ကို ကျင်းပနိုင်ရန် ကြိုးပမ်းလုပ်ဆောင် သွားမည်ဟုလည်း ပဒိုစောဆဲပွယ်က ဆက်ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ်မြောက် ကွန်ဂရက် မကျင်းပနိုင်သေးသည့် အခြေအနေနှင့်ပတ်သက်၍ KNU တာဝန်ရှိသူများအနေဖြင့် တရားဝင် ရှင်းလင်းချပြအသိပေးခြင်းမျိုး မရှိသေးသည့်အပေါ် ပြည်တွင်း၊ ပြည်ပရှိ ကရင် ပြည်သူအချို့က မေးခွန်းထုတ် ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။ ထိုအပေါ်တွင် ယခုလို ကွန်ဂရက် ရွှေ့ဆိုင်းမည်ဆိုပါက ကေအဲန်ယူ၏ ဖွဲ့စည်းပုံအရ ချမှတ်ထားသည့် လမ်းညွှန်ချက်အတိုင်း ရှင်းလင်းချပြမှုများလုပ်ဆောင်သွားမည်ဆိုလျှင် ပိုမို ကောင်းမွန်မည်ဟု အချို့က ရှုမြင်သုံးသပ်မှုများရှိကြသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ကွန်ဂရက် ကို ၄ နှစ်တစ်ကြိမ်နှင့် ကျေးရွာအုပ်စုအဆင့်ကို ၂ နှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။ နိုင်ငံရေးအခြေအနေနှင့် စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ကွန်ဂရက်ကို ကျင်းပချိန် တန်သည့် ကာလထက် နောက်ထပ် ၁ နှစ်မှ ၂ နှစ်အထိ ဗဟိုအမြဲတမ်းကော်မတီဝင်များ၏ ၇၀ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် ရွှေ့ဆိုင်းနိုင်သည်ဟု KNU၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

၈။ စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော
5 August 2021

စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည့် နယ်မြေများတွင်နေထိုင်ကြသည့် အရပ်သား များအနေဖြင့် အချိန်မရွေး စစ်ဘေးရှောင်ရနိုင်ခြင်းကြောင့် တနိုင်တပိုင်စားနပ်ရိက္ခာနှင့်ဆေးဝါးများ စုဆောင်းထားကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကပြောသည်။ KNDF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “ကျနော် တို့ ပြည်သူလူထုကို အသိပေးချင်တယ်။ တိုက်ပွဲက နေ့ ည အချိန် မရွေး ဖြစ်သွားနိုင်တယ်။ လူထုက စစ်ဘက်ဆိုင်ရာ သတင်း တွေနားစွင့်ပြီး အထူးသဖြင့် စားနပ်ရိက္ခာခြောက်တွေ ဆန်တွေ တောထဲမှာ အရေးပေါ်ခိုလှုံနိုင်ဖို့ မိုးရာသီဖြစ်လို့ မိုးကာတွေ စုဆောင်းထားဖို့ ကျနော်တို့ သတင်းစကား ပေးလိုတယ်။ ဆေးဝါးတွေလည်း ကြိုဝယ်ထားရင် မမှားဘူးလို့ ပြောချင်တယ်။ စစ်ရေးက ပိုတင်းမာလာလိမ့်မယ်။ ပိုပြီး ပြင်းထန် လာမယ့် အနေအထားမှာ ရှိပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

KNDF သည် ကယားပြည်နယ်အတွင်း မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များစုပေါင်း ထား သည့် တပ်ဖြစ်ကာ လက်ရှိတွင် ဝါရင့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည့် ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းကာ စစ် ကောင်စီကို တိုက်ခိုက်လျက် ရှိသည်။ KNDF အနေဖြင့် စစ်ရေးသတင်းများ နားစွင့်ပြီး တနိုင်တပိုင် ဆန်နှင့် ရိက္ခာခြောက် များ၊ ဆေးဝါးများ စုဆောင်းရန် လူထုကို ပြောဆိုရခြင်းမှာ ကရင်နီလူငယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် စစ်ဘေး ရှောင် ဒုက္ခသည်များအတွက် အလှူ ငွေ ရရှိမှု နည်းပါးလာခြင်း၊ ငွေကြေးများ ခက်ခဲလာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “စစ်ရေးက လူထု အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နေပေမယ့် စကစ ကိုတော့ ရတဲ့နည်းနဲ့ ခုခံကာကွယ်မယ်။ ပြင်းပြင်းထန်ထန် တိုက်ထုတ်သွားမယ်။ စစ်ဖြစ်လာပြီ ဆိုကတည်းက စစ်ဘေးရှောင် တွေ ရှိလာမှာပဲ။ ကျနော်တို့က တဖက်မှာလည်း တိုက်ရ၊ တဖက်မှာလည်း စစ်ဘေးရှောင်အတွက် ရှာရဆိုရင် ကျနော်တို့က အကုန်လုံး လိုက်မကြည့်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ပြည်သူတွေကပဲ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ကြဖို့ ပြော ချင်ပါတယ်”ဟု ပြောသည်။ ကယားပြည်နယ်တွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရေးတွင် ပါဝင်နေသည့် တိုးတက် သော ကရင်နီပြည်သူ့အင်အားစု (PKPF)၊ သတင်းနှင့် ပြန်ကြားရေးဌာနကလည်း ကယားပြည်နယ်တွင်း တိုက်ပွဲများ ပိုပြင်းထန်လာပါက စစ်ကောင်စီဘက်မှ လျှပ်စစ်မီးများ၊ အင်တာနက်နှင့် ဖုန်းလိုင်းများ၊ လမ်းများကို ပိတ်ဆို့ ဖြတ်တောက် နိုင်သဖြင့် လူထုက တကိုယ်ရေသုံး ပစ္စည်းများ၊ အဝတ်အစားများ၊ မိုးကာ၊ အိုးခွက်၊ အခြေခံဆေးဝါးများ၊ ငွေကြေး၊ အားသွင်း ရမည့် Power Bank များ၊ ၅ ရက်စာ ဆန်နှင့် အစာခြောက်များကို အဆင်သင့်ကြိုပြင်ထားကြပါဟု သတိပေးစာ တစောင် ထုတ်ပြန် ထားသည်။

၉။ ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်များ ဆန်ပြုတ်သောက်နေရ
August 5, 2021

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယုလေးကျေးရွာမှ စစ်ဘေးရှောင်များသည် ကိုဗစ် – ၁၉ ကာလ အတွင်း အလုပ်လက်မဲ့ဖြစ်လာသောကြောင့် စားနပ်ရိက္ခာထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့တွင် မိုင်းယုလေး ကျေးရွာမှ စစ်ရှောင်စခန်းအတွက် အိမ်ထောင်စု လူဦးရေ အရ လူမှုကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ဆန်၊ ဆီ၊ ဆားနဲ့ ကုလားပဲများကို နှစ်ပတ်စာ ထောက်ပံ့ပေးမှုရှိခဲ့သော်လည်း လုံလောက်မှု မရှိကြောင်း မိုင်းယုလေးရွာမှ ဒေသခံ တစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြော သည်။“လူတစ်ယောက် တစ်ရက်ကို ဆန်နှစ်ဗူးပေးတယ်၊ နှစ်ပတ် (၁၄) ရက်စာအတွက် ထောက်ပံ့ပေးတယ်၊ ဆီကို တစ်အိမ်ထောင် ၅၀ ကျပ်သားနဲ့ ဆား၊ ကုလားပဲတွေကတော့ တစ်အိမ် တစ်မျိုးစီရတယ်၊ ဒါပေမယ့် အရင်သူ တို့လာမထောက်ပံ့ပေးခင်ကတည်း စားဝတ်နေရေး တွေက ခက်ခဲနေတာလေ၊ အဲ့ကြောင့်ချေးငှားပြီး ယူထား တဲ့ဟာကို ပြန်ဆပ်ရင်းနဲ့ မကျန်နိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ မိုင်းယုလေးကျေးရွာရှိ စစ်ဘေးရှောင်စခန်းများသည် အရပ်သားအစိုးရလက်ထက်တွင် လစဉ်ထောက်ပံ့မှုများ ရရှိခဲ့ သော်လည်း လက်ရှိ စစ်ကောင်စီလက်ထက်တွင် ဟိုခိုစစ်ရှောင်စခန်းအတွင်း နေထိုင် ကြသည့် ပြည်သူများက ဆန်ပြုတ်ကိုသာ ပြုတ်သောက်နေရကြောင်းသိရသည်။“ဆန်ကို ချွေတာတဲ့အနေနဲ့ ပွလာအောင် ပြုတ်သောက်ရတာပေါ့၊ စစ်ကောင်စီက နိုင်ငံတော် အာဏာသိမ်း ပြီးတဲ့ နောက်ပိုင်း ဒါပထမဆုံး ထောက်ပံ့မှုရတာပဲ“ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

၁၀။ တိုက်ပွဲကြောင့် ဝိုင်းမော်ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်
5 August, 2021

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ယခုရက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၀င်တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ တချို့ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

မဒိန်ကျေးရွာအခြေစိုက် နယ်မြေခံ ခလရ ၅၈ တပ်က သုံးလေးရက်ဆက်တိုက် လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် နေတာကြောင့် ဒေသခံပြည်သူတွေရဲ့နေအိမ်တွေဆီ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာနားက မဒိန်၊ ခကွမ်၊ လဘန် နဲ့ တန်ဘောင်ကျေးရွာတွေက ဒေသခံတချို့ဟာ ဩဂုတ် ၄ ရက်ကစပြီး နီးစပ်ရာမြို့တွင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ တပ်နဲ့နီးစပ်တဲ့ ရွာခံမိသားစုတချို့ကို တပ်က ပြောင်းခိုင်းတဲ့ သတင်းကြားပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန် လာမှာကို စိုးရိမ်တာကြောင့် နီးစပ်ရာဆွေမျိုးတွေ အိမ်မှာ တိမ်းရှောင်ခိုလှုံ နေရတယ်လို့ လဘန်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ အများစုက ဝိုင်းမော်ဇုံနယ် အသင်းတော်၀င်းမှာ ခိုလုံနေကြကာ တချို့က နီးစပ်ရာ မြစ်ကြီးနား ဝိုင်းမော်မြို့ရှိ ဆွေမျိုး တွေ အိမ်မှာ ခိုလှုံနေကြရတာဖြစ်ပြီး ကျန်ခဲ့တဲ့ ရွာခံတချို့ကလည်း ညရောက်ပါက စုပေါင်းကာ လုံခြုံတဲ့နေရာမှာ ခိုလုံနေရ တယ်လို့လည်း ဆိုပါတယ်။

၁၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ စနစ်တကျ စီစဉ်ထားမှု မရှိ
August 4, 2021

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စစ်ကောင်စီမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရာမှာ သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စီစဉ်ပေးထားမှု မရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို သြဂုတ် (၁) ရက်နေ့ခန့်က သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံ ပြည်သူများကို ကာကွယ်ဆေး ထိုးပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် ပြည်သူများသည် မနက် ၇ နာရီ မှ ၁၀ နာရီထိ သွားရောက် တန်းစီစောင့်နေရသည်။

“ကာကွယ်ဆေးထိုးဖို့အတွက် သတင်းအတိအကျ ပြည်သူတွေ မသိရဘဲ မိုးရွာထဲမှာ တန်းစီပြီး အထဲရောက်မှ စာရင်းရေး သွင်းထားတာ မရှိတော့ မထိုးရဘဲ ပြန်သွားရတာ အများကြီးပဲ ရှိပါတယ်” ဟု တောင်ကြီး မြို့တော်ခန်းမတွင် သွားရောက် တန်းစီသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်စာရင်းကောက် ယူခြင်း၊ သတင်းအချက်လက် စီးဆင်းမှု အားနည်းခြင်းစသည်တို့ကြောင့် ပြည်သူများက အချိန်မကုန်သင့်ဘဲ သွား ရောက် စောင့်ဆိုင်းနေရကြောင်း တောင်ကြီး ဒေသခံများကပြောသည်။“ခုက ဘယ်ချိန်ထိုးပေးမယ်။ ဘယ်နေရာက ထိုးပေးမယ်ဆို တာ ဘာတစ်ခုမှ မသိရဘူး။ မြို့တော်ခန်းမမှာ တန်းသွားစီတော့ ထိုးမယ့်နေရာမဟုတ်ဘူး။ မိုးလုံလေလုံအားကစားကွင်းမှာ ဆိုပြီး ဖြစ်သွားပြန်ရော၊ နေရာ အတိအကျ မပြောထားဘူး” ဟု တောင်ကြီးဒေသခံ အသက် (၅၀)ကျော် အမျိုးသမီး တစ်ဦးက ဆိုသည်။

၁၂။ လွိုင်ကော်မှာ စစ်ကောင်စီတပ် ပစ်လို့ အရပ်သားတစ်ဦး ဒဏ်ရာရ
August 5, 2021

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ သြဂုတ်လ ၄ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ ကနဦး ဗုံးပေါက်ကွဲမှု အချို့ကို ကြား လိုက်ရပြီးနောက် သေနတ်သံတွေနဲ့ လက်နက်ကြီးသံတွေ ဆက်တိုက်ထွက်ပေါ်လာတာ ဖြစ်သလို အဲဒီလက်နက်ကျည် တွေဟာ လူနေအိမ်တွေကိုပါ ကျရောက်ခဲ့တယ်လို့ လွိုင်ကော်မြို့ခံတွေက RFA ကို ပြောပါတယ်။

အဲဒီလက်နက်ကြီးကြောင့် နောင်ယာရပ်ကွက်က နေအိမ်တစ်ခုက အသက် ၁၆ နှစ်ခန့်အရွယ် အမျိုးသမီးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ လွိုင်ကော်မြို့ကလုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီဘက်က ရမ်းပစ်တာ။ ကောင်မလေးက အိမ်ထဲမှာနေတာ အဲဒါကိုလက်နက်ကြီးကျည်စက အိမ်ကိုဖောက်ပြီးတော့ ကောင်မလေး ခြေထောက်ကိုသွားထိတာ။ ဒဏ်ရာကတော့ အရမ်းကြီးဆိုးဆိုး ဝါးဝါးတော့ မဟုတ်ဘူး။ ဒူးအောက်ပိုင်းနားမှာ ပေါက်သွားတယ်။ နည်းနည်းတော့နက်တာပေါ့။ မနေ့ညကတည်းက သူတို့ရှိတဲ့ဆရာဝန်တွေနဲ့ ကုတယ်ထင်တယ်” ဒဏ်ရာကို နေအိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသထားရတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်အတွင်းက မေလ ၂၀ ရက်မှာ စတင်ခဲ့တဲ့တိုက်ပွဲတွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘော်လခဲနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့နယ်တွေအထိ ပျံ့နှံ့သွားခဲ့ပြီး အရပ်သားအများအပြား အိုးအိမ်စွန့်ခွာထွက် ပြေးခဲ့ရပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၃၁ ရက် ထုတ်ပြန်ချက်မှာတော့ အကြမ်း ဖက်မှု၊ တိုက်ပွဲနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အရပ်သား ၁၂၁၄၀၀ ဟာ နေရပ်စွန့်ခွာ နေရတယ်လို့ ဖော်ပြထားပါတယ်။ ဒုက္ခသည်အများစုကတော့ စစ်တပ်ရဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးစိုးရိမ်ရလို့ မူလနေရပ်ကို ပြန်နိုင်မှာ မဟုတ်သေးဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။

၁၃။ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် SNA ရှမ်းနီတပ်မတော် တိုက်ပွဲဖြစ်
6 August, 2021

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာမှာ သြဂုတ် ၅ ရက်က စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် (SNA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက ၃ နာရီကြာဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ဦး ထိခိုက်ကျဆုံးတာရှိခဲ့ပြီး သူတို့ဘက် ကတော့ ထိခိုက်ကျဆုံးတာ မရှိဘူးလို့ SNA အရာရှိတစ်ဦးက ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ SNA တို့ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၁၄။ ရခိုင်မှာ Stay at Home ကာလ နှစ်ပတ်ထပ်တိုးကြောင်း အေအေအဖွဲ့ ကြေညာ
August 4, 2021

ရခိုင်ပြည်နယ်တစ်ဝန်းမှာ ဒီနေ့ သြဂုတ်လ ၅ ရက်နေ့ကစလို့ လာမယ့် သြဂုတ်လ ၁၈ ရက်နေ့အထိ နေအိမ်မှာနေထိုင်ရေး Stay at Home ကာလအဖြစ် အချိန်နှစ်ပတ် ထပ်တိုး သတ်မှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ကြေညာပါတယ်။ နေအိမ်မှာနေထိုင်ရေး Stay at Home ကာလကို ဇူလိုင် လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၄ ရက်နေ့အထိ ကြေညာခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ ဆက်ရှိနေသေးတာ ကြောင့် လိုအပ်ချက်အရ နောက်ထပ် အချိန်နှစ်ပတ် ထပ်တိုး သတ်မှတ်လိုက်တာလို့ အဲဒီကြေညာချက်မှာ ပါရှိပါတယ်။

ပထမအကြိမ် ကြေညာခဲ့တဲ့ နေအိမ်မှာနေထိုင်ရေး Stay at Home ကာလသတ်မှတ်ချက်ကြောင့် ကပ်ရောဂါကို အတိုင်းအ တာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီး လိုက်နာဖို့ ပျက်ကွက်ခဲ့သူတွေအနေနဲ့လည်း အားလုံး စည်းစည်းလုံးလုံးနဲ့ နောက်ထပ် အချိန်နှစ်ပတ်ကာလကို ရင်ဆိုင်ကျော်ဖြတ်ကြဖို့ကိုလည်း ပြောဆိုထားပါတယ်။ စားဝတ်နေရေးနဲ့ ဈေးရောင်း၊ ဈေးဝယ်ကိစ္စ၊ နာရေးကိစ္စနဲ့ မဖြစ်မနေ သွားလာရမယ့်ကိစ္စတွေမှာ ကိုဗစ် ကာကွယ်ရေးလမ်းတွေနဲ့အညီ သွားလာကြဖို့နဲ့ ကိုဗစ်ကာကွယ်ဆေး ကို အခွင့်အရေးရရင် မဖြစ်မနေ ထိုးထားကြဖို့ကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ရေးအတွက် ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာကြဖို့ စစ်ကောင်စီအစိုးရ ဘက်က နေ့စဉ်ဆော်သြတာတွေ လုပ်ဆောင်သလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ကလည်း နှာခေါင်းစည်းမတပ် သူတွေနဲ့ လောင်းကစားဝိုင်း ပြုလုပ်သူတွေကို ဒဏ်ပေးလုပ်ဆောင်နေတာ တွေ့ရပါတယ်။

၁၅။ စစ်ဦးစီးချုပ် မတင်မြှောက်နိုင်သေးခင် DKBA ကို EC က ယာယီဦးဆောင်မည်
August 4, 2021

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး ကွယ်လွန်ပြီးနောက် အဖွဲ့၏ စီမံ အုပ်ချုပ်မှုအပိုင်းကို စစ်ဦးစီးချုပ်အသစ် တရားဝင် မတင်မြှောက်နိုင်သေးသည့် ကြားကာလတွင် အဖွဲ့၏ဗဟိုအလုပ်အမှု ဆောင်ကော်မတီ (EC)မှ ယာယီ ဦးဆောင်မှု ပြုသွားမည်ဖြစ်ကြောင်း DKBA ဗဟို၏ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များကို ပေးပို့ သည့် အကြောင်းကြားစာအရ သိရသည်။ ယခင်လ ၂၁ ရက်နေ့က DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါဖြင့်ကွယ်လွန်သွား ခဲ့ပြီး ၎င်းနေရာတွင် စစ်ဦးစီးချုပ်အသစ် အစားထိုးခန့်အပ်ရန် လတ်တလောအချိန်တွင် ကိုဗစ် ကပ်ရောဂါကြောင့် ခရီးသွားလာရန် အခက်အခဲနှင့် အဖွဲ့အစည်းအတွင်း အစည်းအဝေး မပြုလုပ်နိုင်သေးသည့် ကြားကာလ တွင် EC ကော်မတီမှ အဖွဲ့ကို စီမံအုပ်ချုပ်သွားမည်ဖြစ်ကြောင်း ၎င်းစာ၌ ဖော်ပြထားသည်။

DKBA ဗဟို စစ်ဦးစီးမှူး ဒုတိယတန်းမှ ဗိုလ်မှူး စောစမင်း “အခုလောလောဆယ် ဒီကပ်ရောဂါအခြေအနေအရနဲ့ အခုက လည်း မိုးကြီးရေလွမ်းနေတော့ သက်ဆိုင်ရာ တပ်ဖက်ခေါင်းဆောင်တွေ အစည်းအဝေးတက်ဖို့ အဆင်မပြေသေးဘူး။ ဒါပေမဲ့ အချိန်ကျရင်တော့ တွေ့ဆုံ ဆွေးနွေးပြီး အတည်ပြုမှုလုပ်ရမှာပေါ့။ ဖွဲ့စည်းပုံ အရတော့ ဒုစစ်ဦးစီးချုပ် စောစတီးက ဦးစီးချုပ် ဖြစ်လာမှာပေါ့။”ဟု ကေအိုင်စီ သို့ပြောသည်။ ထို့အပြင် ဗိုလ်ချုပ်ကြီးစောမိုရှေး၏ လစ်လပ်နေရာကို ဖွဲ့စည်းပုံအရ ဒုစစ်ဦးစီး ချုပ်မှ တာဝန်ယူသွားရမည်ဖြစ် သော်လည်း ၎င်း ဒု-စစ်ဦးစီးချုပ်နေရာတွင် အစားထိုးခန့် အပ်သွားရမည့်သူအတွက် သက်ဆိုင် ရာ ခေါင်းဆောင်များ အသေအချာတွေ့ဆုံ ဆွေးနွေးပြီးမှ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူး စောစမင်း က ဆက်ပြောသည်။

အဆိုပါ DKBA ခေါင်းဆောင်သစ်ပြန်လည်ရွေးချယ်တင်မြှောက်နိုင်ရန် အဖွဲ့တွင်း အစည်းအဝေးကြီးကို ယခု လကုန်ပိုင်း အတွင်း ကျင်းပနိုင်ရန် မျှော်လင့်ထားသော်လည်း ကိုဗစ် ကူးစက်မှု အခြေအနေ အပေါ်မူတည်၍ ပြောင်းလဲ ကျင်းပရနိုင် ကြောင်းလည်း DKBA ဘက်က ဆိုသည်။

၁၆။ မော်လမြိုင်တက္ကသိုလ် ကျောင်းသူ ၂ ဦးကို ၅၀၅ (က) ဖြင့် အမှုဖွင့်ပြီး အကျဉ်းထောင်ပို့ဆောင်
5 August, 2021

မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာနေ တက္ကသိုလ်ကျောင်းသူ ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး အကျဉ်းထောင်ကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာနောက်ဆုံးနှစ်ကျောင်းသူ နန်းစန္ဒာဝင်းနဲ့ ရုက္ခဗေဒ အဝေးသင်း စတုတ္ထနှစ်ကျောင်းသူ နန်းဆုပိုင်ဖူး တို့ကို သြဂုတ် ၃ ရက်ညနေပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီး သွားခဲ့တာပါ။ သူတို့ ၂ ဦးကိုတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေကို လူမှုကွန်ရက်မှတဆင့် သတင်းရပြီးနောက် နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတက္ကသိုလ်ကျောင်းသူ ၂ ဦးဟာ သြဂုတ် ၄ ရက်မှာ ကျိုက်မရော ဗဟိုအကျဉ်းထောင်ကို ပို့ဆောင်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက သြဂုတ် ၃ ရက်မှာ တောင်းဆိုထားပါတယ်။

၁၇။ ကြူကုတ်မြို့အနီး MNDAA နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဒု-တပ်ရင်းမှူးအပါအဝင် ၅ ဦးသေ
6 August, 2021

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့အနီးမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ စစ်ကောင်စီတပ်တို့ သြဂုတ် ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒု-တပ်ရင်းမှူးနဲ့ ဒုတပ်ခွဲမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဩဂုတ် ၅ ရက်မှာ ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

“ကျနော်တို့သိတာတော့ ဒု-ဗိုလ် အဆင့်တစ်ယောက်ရော စစ်တပ်ဘက်က ၆ ယောက်လောက် သေတယ်။ တချို့ ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကြူကုတ် (ပန်ဆိုင်း) ဖိုင်ကောင်းရွာမှာလည်း သြဂုတ် ၄ ရက်က စစ်ကောင်စီတပ်ဖွဲ့က ရမ်းသမ်း ပစ်ခတ်ခဲ့လို့ နေအိမ်တချို့ ပျက်စီးသွားတဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။ ကြူကုတ် (ပန်ဆိုင်း) အနီးက ကျေးရွာတွေမှာ ကိုဗစ်ကြောင့် လော့ဒေါင်းချထားသလို စစ်ကောင်စီတပ်က တပ်စွဲထားတာ ကြောင့် ရှောင်တိမ်းနေကြရတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

“၅ ယောက်လောက်လောက်သေတယ်။ ကျမတို့ လယ်ကွင်းမှာ ရှောင်နေတဲ့ချိန် သူတို့ သယ်လာတယ်။ သူတို့ ဗိုလ်လို့ သိရတယ်။ ဝိုင်းသယ်ပြီး ဆင်းလာကြတယ်။ ခုတောင် သူတို့ ဆင်းသွားလို့ မရလို့လားမသိဘူး။ ပြန်မသွားကြသေးဘူး။ ရွာအထဲမှာတော့မဟုတ်ဘူး။ ကျမတို့ရွာအနီးက နမ်ဟူးရွာစပ်နားတဝိုက်နေနေကြတယ်။ အဲကြောင့် သတိထားပြီး နေနေကြရ တယ်။” မုံးကိုးဒေသနဲ့ ကြူကုတ် (ပန်ဆိုင်း) အနီးနား ဝန်းကျင်က ရွာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ ဇူလိုင်လ ကတည်းက တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

၁၈။ ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံရဖွယ်ရှိကြောင်း PPST ခေါင်းဆောင် သတိပေး

August 5, 2021

လက်ရှိဖြစ်ပေါ်နေသည့် စစ်ဘေး၊ ကပ်ရောဂါဘေးများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ငတ်မွတ်ခေါင်းပါးဘေးများကို ကျော်လွှားနိုင်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ ယာယီခေါင်းဆောင်ကိုယ်စား ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုလိုက်သည်။

ဩဂုတ်လ ၄ ရက်နေ့ တွင် ကျင်းပသည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ (၁၈/၂၀၂၁) အစည်းအဝေးတွင် PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းကိုယ်စား မိန်ခွန်းပြောကြားရာတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက “ကျနော်တို့တိုင်းပြည်ဟာ စိတ်မကောင်းစရာ သတ္တန္တရကပ် လို့ခေါ်တဲ့ လက်နက်ခဲယမ်းတိုက်ပွဲဘေးဒဏ်ကြောင့် ပြည်သူတွေဟာ ၆ လကာလမှာ အများအပြားသေဆုံးခဲ့ကြပါတယ်။ ရောဂန္တရကပ်လို့ခေါ်တဲ့ ရောဂါဘယဘေးကြောင့်လည်း လူတွေဟာ သောင်းနဲ့ချီပြီး သေဆုံးသွားကြရပါတယ်။ ဒီကပ်နှစ်ပါးကို လွန်လို့ရှိင် ဒုဗ္ဘိက္ခန္တရကပ်လို့ခေါ်တဲ့ ဆင်းရဲငတ်မွတ်ခြင်းဘေးကလည်း နောက်ဆက်တွဲ လိုက်လာမည်ဖြစ်သည့်အတွက် ကျနော်တို့ရင်ဆိုင်ရမည့် အခက်အခဲကလည်း အင်မတန်ကြီးမားပါတယ်” ဟု ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “လက်နက်ဘေးရန်ကို ဖြတ်ကျော်ဖို့လိုသလို ရောဂါဘယဘေးကိုလည်း ဖြတ်ကျော်ဖို့လိုပါတယ်။ ဆင်းရဲမွဲတေ ငတ်မွတ်မှုဘေးကိုလည်း ဖြတ်ကျော်ဖို့လိုပါတယ်။ ဒီအဆင့် ၃ ဆင့်စလုံးက ကျနော်တို့ တိုင်းရင်းသားခေါင်း ဆောင်တွေဆီမှာလည်း တာဝန်ကြီးကြီးမားမား ရှိပါတယ်။ ကျနော်တို့အနေနဲ့ ကိုယ့်ရဲ့အနေအထား ကိုယ့်ရဲ့ရပ်တည်ချက်၊ ကိုယ့်ရဲ့တာဝန်ရှိမှုကိုလည်း ကျနော်တို့ ကျရာပခုံးပေါ်မှာ ထမ်းပြီးတော့ တိုင်းကျိုးပြည်သူ အမျိုးဆောင်နိုင်ကြပါစေ”ဟု ပြော သည်။ PPST ၏ အစည်းအဝေးကို ဩဂုတ်လ ၄ ရက်ကနေ ၅ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထို အစည်း အဝေးတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ၊ ကပ်ရောဂါဘေးအခြေအနေနှင့် နောက်ဆက်တွဲ ကြုံတွေ့ လာရသည့် ငတ်မွတ်ခေါင်းပါးဘေးများကို အဖြေရှာနိုင်ရန် ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။

၁၉။ တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းကျေးရွာမှ ကျေးရွာတာဝန်ခံတစ်ဦးကို အမည်မသိလူတစ်စုကဖမ်းဆီးခေါ် ဆောင်သွား ပြီးနောက် တပ်မတော်မှ ရွာအတွင်းသို့ဝင်စစ်
Aug 5, 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာမှ ကျေးရွာတာဝန်ခံတစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးသွား ပြီးနောက် ရွာအတွင်းသို့ တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာမှ တာဝန်ခံ ကိုဇော်မင်းလှိုင်ကို အမည်မသိလူတစ်စုမှ သြဂုတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကျေးရွာသားများက ပြောသည်။ အဆိုပါကြိုးကြာကျေးရွာသို့ သြဂုတ်လ ၅ ရက်နေ့တွင် တပ်မတော်မှ ဝင်ရောက်လာကာ နေအိမ်အချို့ကို စစ်ဆေးခဲ့ကြောင်းလည်း အမည်မဖော်လိုသည့် ကျေးရွာသား တစ်ဦးက ပြောသည်။ “ဒီနေ့မနက်ကစပြီး စစ်ဆေးနေတာပါ။ အခုတော့ ငါးအိမ်လောက် ဝင်စစ်ဆေးမှုလုပ်ထားပြီးပြီ။ တပ်ကပါတယ်၊ ပြီးတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးပါတယ်။ စစ်တာကတော့ အိမ်ထောင်စုစာရင်းကို စစ်ဆေးတယ်လို့သိရတယ်။ တစ်ရွာလုံးကို စစ်ဆေးတာမဟုတ်ဘူး။ သူတို့စစ်ချင်တဲ့အိမ်ကိုဝင်စစ်နေတာ” ဟု ၎င်းကျေးရွာသားက ပြောသည်။

“သူတို့က ပုံစံ ၁၀ ရှိ၊ မရှိစစ်တယ်။ အိမ်ထောင်စုစာရင်း ရှိ၊မရှိကိုစစ်တယ်။ မရှိရင်ဘာလို့မရှိတာလဲ။ လုပ်ထားကြ။ နောက်တစ် ကြိမ်လာစစ်လို့မရှိရင် မလွယ်ဘူးလို့ပြောတယ်။ ရွာထဲကိုတော့ စစ်သား ၁၀ လောက်ပါတယ်။ အပြင်မှာတော့ ကားလေးစီးက စောင့်နေတယ်။ ဒေသခံတွေကတော့ စိုးရိမ်မှုတွေအရမ်းများနေကြတယ်” ဟု ဆိုသည်။ ကြိုးကြာကွင်းကျေးရွာအခြေအနေနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ကောင်စီဥက္ကဌအား DMG မှ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပေ။

၂၀။ ရေးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၀၀ ခန့်၊ သေဆုံးသူ ၇၀ နီးပါးရှိလာ
6 August, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သြဂုတ် ၅ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၂ ဦး တွေ့ရှိပြီးတော့ ၅ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ပရဟိတအဖွဲ့တွေထံက သိရ ပါတယ်။

အခုဆိုရင် ရေးမြို. မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအားလုံးနီးပါးလောက်မှာ ပိုးတွေ့လူနာနဲ့ သေဆုံးသူတွေကဆက်လက်မြင့် တက်လာနေပြီး ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၈၇၂ ဦးအထိရှိလာသလို သေဆုံးသူပေါင်းမှာလည်း ယနေ့အထိ ၆၇ ဦး အထိ ရှိလာနေတာကြောင့် လုံးဝ မထိန်းချုပ်နိုင်ကြသေးဘူးလို့ ပရဟိတသမားတွေက ပြောပါတယ်။ အခုလို သေဆုံးမှုတွေ ဆက်ပြီး မြင့်တက်နေပေမဲ့ ပြည်သူ့ဆေးရုံမှာ အထူးကု သမားတော်တွေမရှိ တာရယ် ဆရာဝန်တွေ မရှိတာကြောင့် အခုရက် ပိုင်းတွေမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးမှုကဆက်လက်မြင့်နေမယ်လို့ ဆိုပါတယ်။ အထူးကုသမားတော်နဲ့ လက်ထောက်ဆရာဝန် တွေ၊ အသက်ရှု စက်ကိရိယာ အထောက်ကူပြု ပစ္စည်းတွေ အလုံလောက်ရှိမယ်ဆိုရင် သေဆုံးမှုနှုန်း လျှော့ချနိုင်မယ်လို့ မြို့ခံ ပရဟိတ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိကိုဗစ် လူနာတွေကို လူနာစောင့်တွေကပဲ တတ်သလောက် မှတ်သလောက်နဲ့ အောက်ဆီဂျင်တွေ လိုတာထက် ပိုပေးပြီး အခုလို မလိုလားအပ်ဘဲဆိုးကျိုးဖြစ်ပြီး သေဆုံးမှုတွေနဲ့ ပိုပြီး ကြုံလာနေရတာပါ။ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အများစုဟာ ရောဂါခံနဲ့ နေအိမ်ဘဲ သေဆုံးနေကြတာဖြစ်ပါတယ်။ ကိုဗစ်စည်းကမ်းကိုမလိုက်နိုင်ဘဲ နေကြတဲ့သူတွေရှိတာကြောင့်လည်း ကိုဗစ်ပိုး ကူးစက်ခံရထားသူတွေဟာ ရေးမြို့နယ်တခုလုံးနီးပါးလောက် ရောဂါက ပျံ့နှံနေပြီး စိုးရိမ်ဖွယ် ရှိနေပြီလို့ ပရဟိတ သမားတွေက ဆိုပါတယ်။

၂၁။ သီပေါမြို့နယ်၌ တစ်လကျော်အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄၄ ဦး ရှိလာ
5 August, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ကိုဗစ်-၁၉ နဲ့ သေဆုံးသူ ၄၄ ဦး အထိ ရှိလာပြီလို့ စစ်ကောင်စီကျန်းမာရေးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ သီပေါမြို့နယ်အတွင်း ကိုဗစ်တတိယလှိုင်းကူးစက်မှုဟာ လျော့ကျမသွားဘဲ ဇူလိုင်လက စလို့ နေ့စဉ် စစ်ဆေးမှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ ပိုး တွေ့ရှိနေတာဖြစ်ပါတယ်။

ဇူလိုင် ၂၂ ရက်ကနေ ဩဂုတ် ၄ ရက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၃၆ ဦးရှိပြီး အဲဒီထဲက ၄၄ ဦး သေဆုံးသွားတာ ဖြစ်ပါ တယ်။ ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၆၀၉ ဦးရှိတယ်လို့ စာရင်းအရ သိရပါတယ်။ သီပေါမြို့နယ်က ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ခံရသူတွေနဲ့ ကုသမှုပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဒေသခံအရပ်ဘက်လူမှုကူညီရေး အသင်းတွေ က ဝိုင်းဝန်းကူညီပေးနေပါတယ်။

၂၂။ ကိုဗစ်ကော်မတီက ပံ့ပိုးတာမရှိလို့ ကျိုက်ဒုံလူမှုကူညီရေးအသင်းများ အခက်အခဲနှင့် ရင်ဆိုင်ရ
5 August, 2021

ကရင်ပြည်နယ် ကျိုက်ဒုံမြို့မှာ ကိုဗစ် ၁၉ ရောဂါ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ပေးနေရတဲ့ လူမှုကူညီရေးနဲ့ ပရဟိတ အသင်းတွေကို တာဝန်ရှိသူတွေက ဝိုင်းဝန်းပံ့ပိုးတာမရှိတဲ့အတွက် အခက်အခဲတွေ့ရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ကိုဗစ် ၁၉ ရောဂါကူးဆက်ခံထားရသူတွေကို အရေးပေါ် ပို့ဆောင်တာ၊ အတည်ပြုနဲ့ သံသယ သေဆုံးသူတွေကို သဂြိုလ်တဲ့နေရာမှာ ကိုဗစ် ၁၉ ကော်မတီက လိုအပ်တဲ့အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ မထောက်ပံ့တဲ့အတွက် အခက်အခဲ တွေ ရှိနေတာပါ။

လူမှုကူညီရေးလုပ်ငန်းတွေကို တက်ကြွစွာလုပ်ဆောင်နေသူတစ်ဦးက”အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ လှုပ် ရှားတာတွေ မရှိ တော့ဘူး။ အရေးပေါ် ပြန်ဖြစ်လာတော့ နိုင်တဲ့ဖက်က ပြန်လုပ်ဆောင်ပေးနေတယ်။ ကျနော်တို့ကို အသက်သွင်းပေးဖို့နဲ့လိုအပ် တဲ့ပစ္စည်းတွေပြန်လည်ထောက်ပံ့ပေးစေချင်တယ်”လို့ ပြောပါတယ်။ လက်ရှိ လူမှုကူညီရေးအသင်းတွေမှာ လုပ်ဆောင်နေတဲ့ လူငယ်တွေဟာ ကြိုတင်ကာကွယ်မှုတွေအတွက်ပံ့ပိုးမှုတွေမရှိလို့ ရောဂါကူးဆက်ခံရမှာကြောက်ပြီးလူမှုကယ်ဆယ်ရေးလုပ်ငန်း တွေမှာ လူငယ်တွေ လာရာက်ပူးပေါင်းလုပ်ဆောင်တာတွေ မရှိတော့ဘူးလို့ မြို့ခံပရဟိတ လူငယ်တစ်ဦးက ဆိုပါတယ်။ ကျိုက်ဒုံမြို့မှာ ဇူလိုင် ၁၅ ရက်နေ့ကနေ စတင်ပြီး အတည်ပြုပိုးတွေ့ရှိခဲ့ရာ ရောဂါ ကူးဆက်ခံရသူ ၅ ဦး၊ ကိုဗစ်အတည်ပြု သေဆုံးသူ ၁ ဦးရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အတည်ပြုလူနာ၊ သေဆုံးသူ၊ သံသယသေဆုံးသူနဲ့ ဆက်စပ်ထိတွေခဲ့သူတွေကို စုံစမ်းစီစစ်တာတွေ မရှိသလို ထိရောက်တဲ့ ကြို တင်ကာကွယ်မှုတွေမရှိတဲ့အပြင် တိကျတဲ့သတင်း ထုတ်ပြန်ချက်တွေမရှိတဲ့အတွက် မြို့နယ်ကိုဗစ်ကော်မတီကို ဝေဖန်နေကြ သလို ရောဂါကူးဆက်ပြန့်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

၂၃။ ပင်လောင်း ဘိလပ်မြေစက်ရုံဝန်ထမ်း (၂၁)ဦး အပါအဝင် ၅၇ ဦး ကိုဗစ်တွေ့
August 5, 2021

သျှမ်းတောင် ပင်လောင်းမြို့နယ်ရှိ ဘိလပ်မြေစက်ရုံတွင် ( သြဂုတ် ၄ ) ရက်၌ အလုပ်သမား (၂၁)ဦး အပါအဝင် ကိုဗစ်ကူးစက် ခံရသူ (၅၇)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

“တီကျစ်မြို့မှာရှိတဲ့ နဂါးဘိလပ်မြေစက်ရုံက အလုပ်သမားတွေပါ၊ စည်းကမ်းလိုက်နာမှု အားနည်းလို့ ကိုဗစ်ပိုးတွေ့ခဲ့တာပေါ့”ဟု ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ နေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများဖြစ်သည့် ပင်လောင်းရဲစခန်းမှ (၃)ဦး၊ ပင်လောင်းဆေးရုံလုပ်သား (၁)ဦးနှင့် တီကျစ် လျှပ်စစ် စက်ရုံမှ ဝန်ထမ်း(၄)ဦးတို့တွင်လည်း ကိုဗစ်ပိုး တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။ ပင်လောင်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့သူ မြင့်တက်နေပြီး အများစုမှာစည်းကမ်းလိုက်နာမှုအားနည်းခြင်းကြောင့် ရောဂါပိုးကူးစက်ခံနေရတာဖြစ်ကြောင်း ဒေသခံတစ်ဦး က ပြောသည်။

“တစ်ဦးချင်း စည်းကမ်းလိုက်နာမှု အားနည်းနေတယ်၊ တချို့က နေမကောင်းဖြစ်တယ်၊ အနံ့ပျောက်နေတယ်၊ ဒါပေမယ့် သက်ဆိုင်ရာကို မပြောဘူး၊ ဆေးခန်းလည်း သွားမပြဘူး၊ တချို့က ကြောက်လို့ မပြောတာတွေလည်း ကြုံတွေ့နေရတယ်” ဟု ၎င်းက ပြောသည်။

၂၄။ လားရှိုးဈေးများ ပိတ်ထားရသည့်အတွက် စားသောက်ကုန် နှင့်ဆေးဝါးအခက်အခဲရှိ
August 4, 2021

သျှမ်းမြောက် လားရှိုးမြို့ရှိ မြို့မဈေးကြီးအပါအဝင် မြို့တွင်းရပ်ကွက်ရှိ အခြားဈေးများကိုလည်း ယာယီပိတ်ထားရသည့် အတွက် အစားအသောက်များ ဝယ်ယူရရှိရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“အစားအသောက်ကို ဈေးသည်တွေဆီကပဲ ဝယ်စားရတယ်၊ အလုပ်မလုပ်ရတော့ ဝင်ငွေလည်းမရှိတော့ဘူး၊ အပြင်လည်း ထွက်လို့မရဘူးဆိုတော့ အစားအသောက်အတွက် ခက်ခဲတယ်”ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ ယခင်က ရပ်ကွက်ထောက်ခံချက်ပါလျှင် အခြားကျေးရွာသို့ သွားလာနိုင်သော်လည်း ယခုတွင် ရွာအဝင်အထွက် လမ်းများပိတ်ထားသည့်အတွက် အစားအသောက်ဝယ်ယူရန် ပိုမိုခက်ခဲနေတာဖြစ်ကြောင်းဆိုသည်။“ကြက်ဥ၊ အသားတု၊ ကြာဇံတွေဆို ဝယ်တဲ့သူတွေများလွန်းလို့ ဝယ်လို့မရတာတွေဖြစ်တယ်၊ ဆေးတွေလည်း အဲ့လိုပဲ၊ မဖွင့်တဲ့ဆိုင်ကများပြီး ဖွင့်တဲ့ ဆေးဆိုင်မှာလည်း ဆေးတွေကပြတ်နေပြီ၊ လိုသလောက်မရတော့တဲ့အခြေနေတွေဖြစ်နေတော့တာ”ဟု ဆိုသည်။

လားရှိုးတွင် နေ့လည် (၁၂)နာရီ နောက်ပိုင်း အပြင်သွားလာခြင်းကို ပိတ်ပင်ထားပြီး ဆေးဆိုင်များကိုတော့ဖွင့်လှစ်ခွင့်ပြုထား သော်လည်း ဆေးဆိုင် အနည်းငယ်သာ ဖွင့်လှစ်ရောင်းချနေတာဖြစ်ကြောင်း သိရသည်။ Stay at home သတ်မှတ်ထားသည့် လားရှိုးမြို့နယ်တွင် ယမန်နေ့က ကိုဗစ်အတည်ပြုလူနာ (၆၄)ဦး တွေ့ရှိခဲ့ရသည့်အတွက် ရောဂါကူးစက်ခံရသူ (၂၀၀၀)နီး ပါးရှိလာပြီး သေဆုံးသူ (၁၀၀)ဝန်းကျင်နှင့် ဆေးရုံဆင်းခွင့်ရသူ (၁၃၀၀)ကျော် ရှိနေကြောင်း သိရသည်။

၂၅။ ကိုဗစ်-၁၉ ပြန့်ပွားနေချိန် အကြမ်းဖက်မှု ချက်ချင်းရပ်ရန် ပူတာအို PDF ထုတ်ပြန်သတိပေး
5 August, 2021

ပြည်သူလူထုဟာ ရန်သူမဟုတ်ပါ။ အလိုမတူရင်ရန်သူဟု သတ်မှတ်ပြီး ကိုဗစ်-၁၉ ပြန့်ပွားနေချိန် အကြမ်းဖက်တာကို ချက်ချင်းရပ်ပေးဖို့ ပူတာအို PDFဘက်က ဩဂုတ် ၄ ရက်က သဘောထား ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်အတွင်းက ပူတာအိုခရိုင်မှာ အာဏာသိမ်းစစ်ကောင်စီဘက်က ဒေသခံ ပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ပူတာအို PDFဘက်ကိ အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။

ပူတာအိုခရိုင်မှာ ကိုဗစ်လူနာ တစ်ရက်တစ်ခြားတိုးလာလို့ ပူတာအိုလူငယ်တွေ၊ ပရဟိတ အသင်းတွေနဲ့ ဒေသခံပြည်သူတွေ အနေနဲ့ ကိုဗစ်ထိန်းချူပ်ရေး ကြိုးပမ်းနေချိန် စစ်ကောင်စီဘက်က မြို့ပတ်ကာ လူငယ်တွေကို ဖမ်းဆီးတာ၊ လိုက်လံရှာဖွေတာ စသဖြင့် အမျိုးမျိုး နောက်ယှက်နေတဲ့ လုပ်ရပ်ကို ချက်ချင်းရပ်ဖို့ နဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်အပေါ် ပြင်းထန်စွာ တုံ့ပြန်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ပူတာအိုမှာ ကိုဗစ်အတည်ပြုလူနာ ၂၀၀ ၀န်းကျင်ခန့်ရှိပြီး သေဆုံးသူ ၂ ဦး ရှိနေပါတယ်။

၂၆။ မိုးညှင်းမြို့က အခြေခံလူတန်းစားများ အားထားရသည့်ဆရာဝန် ၁ ဦး ကိုဗစ်ရောဂါဖြင့် သေဆုံး
5 August, 2021

ကချင်ပြည်နယ်၊ မိုးညှင်းမြို့က အခြေခံလူတန်းစားတွေ အားကိုးအားထားရတဲ့ ဆရာဝန်တစ်ယောက် ကိုဗစ်-၁၉ ကူးစက်ခံရ ပြီး ဩဂုတ် ၃ ရက်က ကွယ်လွန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၅၄ နှစ်အရွယ် ဒေါက်တာ လှစိုး ဟာ လူနာတွေဆီကတဆင့် ရောဂါကူးစက်ခံရပြီးနောက် ဩဂုတ် ၃ ရက် မနက် ၇ နာရီ လောက်က မိုးညှင်းဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။ ဒေါက်တာ လှစိုး နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်က“သူတို့ လင်မယား နှစ်ယောက်လုံး ကူးခံရတာ။ သူက ရောဂါအခံတွေလည်း ရှိတော့ အောက်ဆီဂျင်ပေးထားရတယ်။ ရက် ၂၀ လောက်ရှိပြီ။ သူ့ အမျိုးသမီးကတော့ သက်သာသွားလို့ မနေ့ကပဲ ဆေးရုံက ဆင်းရတယ်” လို့ ပြောပါတယ်။

ဒေါက်တာလှစိုး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က “သူကိုယ်တိုင်လည်း လူနာကို မကူးစက်အောင် တဖွဖွပြောဆို ပညာပေးနေတဲ့သူ။ သူ့ကိုယ်သူလည်း လူနာကို မကိုင်တွယ်ခင် လက်တစ်ခါဆေး၊ ကိုင်တွယ်ပြီးတဲ့အခါ လက်တစ်ခါဆေးတဲ့ ဆရာဝန်။ ဆေးတစ်ချောင်းကို ၈၀၀ ကနေ ၁၃၀၀ လောက်ပဲ ယူတယ်။ အခုလို ကိုဗစ်ကာလ ဈေးကြီး နေချိန်မှာတောင် ၂၀၀၀၊ ၂၅၀၀ ထက် ပိုမယူတဲ့ ဆရာပါ။ ကျမတို့လို အခြေခံ လူတန်းစားတွေအတွက် အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှု အကြီးကြီးပါပဲ” လို့ ပြောပါတယ်။

၂၇။ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရသည့် သံတွဲနှင့် မြောက်ဦးမြို့နယ်တို့မှ အောက်ဆီဂျင်စက်ရုံနှစ်ရုံ ပြန်လည်ပတ်
Aug 5, 2021

အကြောင်းအမျိုးမျိုးကြောင့် အောက်ဆီဂျင်ထုတ်လုပ်မှုကို ရပ်နားထားခဲ့ရသည့် သံတွဲမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ အောက်ဆီဂျင်စက်ရုံ နှစ်ရုံမှာ (သြဂုတ် ၅ ရက်နေ့)တွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ သံတွဲမြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် အောက်ဆီဂျင်စက်ရုံသို့ ရေဝင် ရောက်ကာ အောက်ဆီဂျင်ထုတ်လုပ်မှုကို ရပ်နားထားခဲ့ရသည်။

၎င်းစက်အားပြုပြင်ပြီး ယနေ့တွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ဦးစီး ဆောင်ရွက်နေသည့် သိမ်ကုန်းဆရာတော် အရှင်တေဇိန္ဒက DMG သို့ မိန့်သည်။ “မနေ့က စက်တွေကိုတပ်ပြီးလို့ စက်တွေ ကိုစမ်းပြီး လည်ပတ်တာတွေလုပ်ခဲ့တယ်။ ဒီနေ့တော့ စပြီး အောက်ဆီဂျင်ဖြည့်တာတွေ စလုပ်နေပြီ။ စောင့်ကြည့်ပြီးတော့ ပုံမှန်အတိုင်းဖြစ်အောင်လည်ပတ်သွားမှာပါ”ဟု ဆရာတော်က မိန့်ဆိုသည်။ လက်ရှိတွင် အဆိုပါအောက်ဆီဂျင်စက်ရုံအတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များမှာ စောင့်ကြည့်မှုများ လုပ်ဆောင်ပေးနေပြီး ဝန်ထမ်းများကိုစနစ်တကျ ကျွမ်းကျင်စွာလုပ် ဆောင်နိုင်ရန် သင်ပြပေးသွာမည်ဟု သိရကြောင်းနှင့် အဆိုပါဝန်ထမ်းများမှာလည်း လက်ရှိကာလတွင် ဗော်လန်ဒီယာများဖြစ် ကြောင်း ဆရာတော်က ရှင်းပြသည်။

ယခုကဲ့သို့ သံတွဲမြို့မှ အောက်ဆီဂျင်စက်ရုံလည်ပတ်နိုင်မည်ဆိုပါက အောက်ဆီဂျင်လိုအပ်ချက် မြင့်မားနေသည့် မိမိတို့ ဂွမြို့ နယ်အတွက်လည်း များစွာအထောက်အကူဖြစ်မည်ဖြစ်ကြောင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်ပေးနေသည့် ဂွမြို့နယ် နာရေး ကူညီမှုအသင်းမှ ကိုဉာဏ်ထွန်းမင်းဆိုသည်။ ထို့အတူ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ထားသည့် မြောက်ဦးမြို့မှ အောက်ဆီဂျင်စက်ရုံမှာလည်း သြဂုတ်လ ၃ ရက်နေ့က လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အောက်ဆီဂျင်ထုတ် လုပ်မှုများကို ရပ်နားထားခဲ့ရသဖြင့် လူနာများအတွက် လိုအပ်သည့်အောက်ဆီဂျင်ကို စစ်တွေမှ အကူအညီတောင်းခဲ့ရသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button