တိုင်းရင်းသားများသတင်း

နေ့စဉ်တိုင်းရင်းသတင်းများ စုဆောင်းတင်ပြခြင်း

(No. 112 , July 23, 2021)

 

၁။ သီပေါမြို့နယ် သျှမ်းတပ် (၂)တပ် တိုက်ပွဲ ထပ်မံဖြစ်ပွား
July 22, 2021

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် (ဇူလိုင် ၂၂ )ရက် မနက် (၇ )နာရီဝန်ကျင်းတွင် RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် နောင်အန်ကျေးရွာ အနီးတဝှက်တွင် သျှမ်းတပ် (၂)တပ် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။“တိုက်ပွဲဖြစ်တာဟုတ်ပါတယ်။ နောင်အန်ဖက်က ဖြစ်တာပါ။ အရင်ကလိုပဲ ပေါ့။ တိုင်းရင်းသားအချင်းချင်းတိုက်ပွဲဖြစ်တာ။ တိုက်ပွဲက ဒီနေ့မှ ပြန်ဖြစ်တာ။ တိုက်ပွဲဖြစ်တာ မိနစ် ၃၀ ခန့်လောက်ရှိတယ်။ ” ဟု သီပေါမြို့နယ် စစ်ရှောင်းများကိုကူညီးပေးနေသည့် အမျိုးသမီးတဦးက ပြောသည်။

လက်ရှိ သီပေါမြို့နယ် တိုက်ပွဲသည် သျှမ်းတပ်(၂) တပ်တိုက်ပွဲဖြစ်ကြောင်း၊ တိုက်ပွဲရက်ရှည်ကြာသွားနိုင်ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA )ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။ “ ဒီနေ့တိုက်ပွဲဖြစ်တာဟုတ်ပါ တယ်။ ကျနော်တို့နဲ့ SSPP တို့နဲ့ပဲဖြစ်တာ။ သူတို့ဖက်က စစ်ထိုးလာလို့ ကျနော်တို့တိုက်ပွဲဖြစ်ရတာ။ သူတို့အင်အားအများ တက်လာတော့ ကျနော်တို့ ဒီတိုက်ပွဲက ရက်ရှည်သွားနိုင်တယ်။” ဟု ၎င်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ပြော သည်။ ဆက်လက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဖုန်းဟန်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရာတွင် ဖုန်းလက်ကိုင်ဖြေကြားခြင်းမရှိပေ။

ယခုရက်ပိုင်းတွင် သျှမ်းစစ်တပ် (၂) တပ်သည် ကျေးသီးမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။“ သီပေါဘက်ကတော့ တိုက်ပွဲမဖြစ်တာ ၁ လလောက်တော့ရှိနေပြီ။ သီပေါတိုက်ပွဲရပ်တော့ ကျေးသီး လွိုင်ဟွန်းတောင်ဘက်ဖြစ်တယ်။ မနေ့တနေ့ကတော့ ကျောက်မဲမိုင်းငေါ့ဖက် တိုက်ပွဲပြန်ဖြစ်တယ်။ တစ်နေရာတိုက်ပွဲရပ်ရင် တစ်နေရာဖြစ်နေတယ်”ဟု သီပေါမြို့ အမျိုးသားတဦးက ပြောသည်။ တိုက်ပွဲကြောင့် စစ်ရှောင် သောင်းချီထွက်ပြေးတိမ်း ရှောင်နေရပြီးစားဝတ်နေရေးခက်ခဲနေကြောင်း သိရသည်။

၂။ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အဝင်ဂိတ်ပေါက်ကွဲ ၄ ဦးထက်မနည်း သေဆုံး
22 July, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အဝင်ဂိတ်မှာ ဇူလိုင် ၂၂ ရက် ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရ ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိုင်တဲ့ ဂိတ်ကို မနက် ၇ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လာရောက်ဖောက်ခွဲခဲ့တာလို့ ဒေသခံတွေကပြော ပါတယ်။ “အသေးစိတ်တော့မသိရသေးဘူး ၄ ယောက်လောက်သေသွားတယ် ကြားတယ်။ ပစ်တာလား ဖောက်ခွဲတာလား သေချာမပြောတတ်ဘူး။ မနက်က ပေါက်ကွဲသံကြားရတယ်။ ခုတော့ လမ်းတွေကို ပိတ်စစ်တာတွေလုပ်နေတယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဆေးရုံကုန်း နောက်ပိုင်းမှာတပ်စွဲထားတဲ့ အထိုင်တပ်က လာရောက်ပြီး စစ်ဆေးနေသလို လမ်းသွားလမ်းလာတွေကိုလည်း ပိတ်ဆို့စစ်ဆေးနေပါတယ်။ အဆိုပါ ပေါက်ကွဲ သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်ကတော့ သတင်းမထုတ်ပါဘူး။ ကာမိုင်းမြို့မှာ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ဖားကန့်ဘက်ကိုလာတဲ့စစ်ကြောင်းကို ကေအိုင်အေဘက်က ဖုန်းတာဝါတိုင်အနီး ကြားဖြတ်တိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။

၃။ မင်းတပ်မြို့နယ်စပ် ရှိရွှေအောင်သာရွာမှ စစ်ဘေးရှောင် ရွာသူရွာသားများ စားဝတ်နေရေးကိစ္စနဲ့ပတ်သက်၍ လုံလောက်မှု လုံးဝမရှိတော့ကြောင်း သိရ
July 21, 2021

မင်းတပ်မြို့နယ် ရွှေအောင်သာရွာမှ စစ်ဘေးရှောင် ရွာသူရွာသားများသည် စား၀တ်နေရေးအတွက် လုံးဝ လုံလောက်မှု မရှိ ကြောင်းနှင့် အပြင်းအထန် ဒုက္ခရောက်နေကြကြောင်းကို ယင်း စစ်ဘေးရှောင်ပြည်သူတစ်ဦးထံမှ သိရသည်။

“အခု တောထဲမှာပါ၊ စစ်ဘေးရှောင်မင်းတပ်မြို့နယ်ရဲ့ ရွှေအောင်သာရွာက ပြည်သူတွေပါ။ အဲ့မှာ ဇူလိုင်လတုန်းက စစ်ပွဲဖြစ်နေ လို့လေ တောထဲမှာ ထွက်ပြေးတာ၊ လူပေါင်းကတော့ ၃၇ ယောက်ရှိတယ်။ စားစရာတွေလည်း လုံးဝကို အဆင်မပြေဘူး၊ အရမ်း ဒုက္ခရောက်နေလို့ အကူညီတောင်းချင်လို့ ဖုန်းဆက်တာပါ။ ကျွန်မတို့ ဒုက္ခသည်စခန်းဘက်မှာ သွားဖို့ဆိုရင်လည်း အဆင်မပြေ ဘူး၊ သွားဖို့ လုက်တဲ့နေရာတွေကလည်း စစ်တပ်တွေပြည့်နေလို့၊ ပြီးရင် အခုက ကိုဗစ်နဲ့က ပြသနာတစ်ခုရှိပြန်ရော၊ လက်မခံ ကြတော့ဘူး။ တောထဲမှာပဲ ဆင်းဆင်းရဲရဲနဲ့ နေရတာ။ အဓိက ကတော့ စားဖို့ဆန်လေးရှိရင်တော့ အဆင်ပြေမှာပဲ၊ အခုက ဆန် တောင်မရှိတော့ဘူး။ ပြီးရင် ညရောက်ရင်တော့ မီးလည်းလိုပြန်ရော၊ ခု ကျွန်မတို့က တောခိုနေကြတာဆိုတော့။ နောက်ထပ် ကလေးတွေလည်း ပါတယ်ဆိုတော့ အထည်အလဲလုပ်တဲ့ခါမှာ အဝတ်တွေလျှော် ဆပ်ပြာမှုန့်တွေ ဘာတွေရယ်၊ ဖိနပ်ကလေး တွေ အဲ့တာလေးတွေလိုတာ။ မီးခြစ်ရယ် သံမီးတွေရယ် အဲ့တာလေးတွေလိုတာ အဓိက,ကတော့လေ” ဟု ပြောသည်။

“အခု ကျွန်မတို့ရွာကို ပြန်သွားမယ်ဆိုရင်လည်း အိမ်တွေက ကျည်ဆံအပေါက်တွေနဲ့ အိမ်တွေလည်း လုံးဝ နေလို့ရမှာ မဟုတ် ဘူး၊ အိမ်တွေလည်း အကုန်လုံးပျက်စီးတယ်၊ အထဲမှာရှိတဲ့ ပစ္စည်းတွေ အိုးခွက်ပန်းကန်တွေလည်း မရှိတော့ဘူး။ အိမ်ထဲမှာ ဆိုရင်တော့ အကုန်လုံး ပုတ်စော်တွေနံလို့ နေဖို့က လုံးဝ အဆင်မပြေတော့ဘူး။ စစ်တပ်တွေလည်း အခု ၃၀၀ ကျော်ထိ ရှိနေကြ တယ်လို့ ကြားရတယ်။ ကျွန်မတို့က တောမှာနေတာဆိုတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတယ်၊ ပြီးရင် မိုးက လည်း ဆက်တိုက်ရွာနေတယ် မိုးရာသီဆိုတော့လေ၊ အဲ့လိုမျိုးတွေနဲ့ ဒုက္ခရောက်ကုန်လို့လေ” ဟု ပြောသည်။

၄။ Stay at Home နေရန် AA ထုတ်ပြန်ချက် ရခိုင်ပြည်သူများ လိုက်နာဆောင်ရွက်
22 July 2021

ရခိုင်ပြည်နယ်အတွင်းက ပြည်သူများအနေဖြင့် ဇူလိုင်လ၂၀ ရက်မှနေ သြဂုတ်လ ၄ ရက်အထိ ရက်သတ္တပတ်နှစ်အား Stay at Home ကာလအဖြစ် သတ်မှတ်ထားသဖြင့် နေအိမ်အတွင်း နေထိုင်ကြရန် ULA / AA ထုတ်ပြန်ချက်အပေါ် ပြည်သူများ လိုက်နာကြ၍ ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း သိရသည်။ ဒေသတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသတို့တွင် ကိုဗစ် ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိ သေးသည့်အတွက် ဆက်လက် မပြန့်ပွားရန် ပြည်နယ်တခုလုံးအား Stat at Home အဖြစ် မိမိတို့ နေအိမ်တွင်သာ နေထိုင် ကြရန် ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/ AA) ဇူလိုင်လ ၂၀ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) မှ ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က “အစိုးရတွေ ထုတ်ပြန်တာက တာဝန်အရ ထုတ်ပြန်ထားတာပဲ ရှိတယ်။ ပြည်သူကလည်း ယုံကြည်မှု အားနည်းတယ်။ အေအေ ထုတ်ပြန်ချက်က ထိရောက်မှုရှိတယ်လို့ မြင်မိတယ်။ ပြည်သူတွေကလည်း လိုက်နာမှုတွေ ရှိသလို နားလည်း ထောင်တယ်။ မြို့ပေါ်မှာသာမက ကျေး လက် ဒေသမှာပါ တရွာနဲ့ တရွာ အဝင်အထွက်တွေကိုပါ စည်းကမ်းသတ်မှတ်ထားတာတွေ့တယ်”ဟု ဧရာဝတီသို့ ပြော သည်။ စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း Stay at Home အဖြစ် မကြေညာထားသော်လည်း ကိုဗစ်စည်းကမ်းများနှင့်အညီ နေထိုင်ကြရန် ကြေညာထားကြောင်း၊ သို့သော်လည်း ပြည်သူများအနေဖြင့် လမ်းများ၊ ဈေးများတွင် စည်ကားစွာသွားလာမြဲ သွားလာနေကြ ကြောင်းနှင့် Mask မတပ်ဘဲ သွားလာမှုများရှိနေကာ လိုက်နာမှု အားနည်းနေကြကြောင်း သိရသည်။

ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/ AA) ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်နယ်၏ စစ်တွေမြို့ အပါအဝင် တခြားမြို့နယ် များနှင့် ကျေးလက်ဒေသ ပြည်သူများပါ စည်းကမ်း လိုက်နာမှုကို တွေ့ရခြင်းမှာ AA ၏ ဒေသခံ ပြည်သူအပေါ် သြဇာလွှမ်းမိုး မှု အတိုင်းအတာတခုထိ ရှိသည်ကို မြင်တွေ့ရခြင်း ဖြစ်ကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင်တဦး ဖြစ်သူ ဦးခိုင်ကောင်းစံက ပြောသည်။ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းကလည်း ULA / AA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်သူ အများစု လိုက်နာမှုကို တွေ့ရှိရသလို လက်ရှိအချိန်တွင် မြို့မဈေးကြီးကိုလည်း ယာယီ ပိတ်ထားကြောင်း ပြောသည်။ ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA / AA) ၏ ကိုဗစ် စည်းကမ်းချက်များမှာ Stat at Home ကာလအတွင်း မဖြစ်မနေ အပြင် ထွက်သူများ အနေဖြင့် Mask တပ်ဆင်ရန်၊ မိမိနေအိမ်သို့ ဧည့်သည်များ ရောက်ရှိပါကလည်း ချက်ချင်း လက်ခံတွေ့ဆုံ ခြင်း မပြုဘဲ Quarantine ထားရှိရန် ထုတ်ပြန်ထားသည်။

၅။ ကိုဗစ်ရောဂါကုသမှု ခံယူနေသည့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး ကွယ်လွန်
July 21, 2021

ရန်ကုန်မြို့တွင် ကိုဗစ် ရောဂါ ကုသမှု ခံယူနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး စောမိုရှေး ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း DKBA နှင့် နီးစပ်သူထံမှ သိရသည်။

ကိုဗစ်ကူးစက်ခံရမှုကြောင့် ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံရှိ အသည်းရောဂါအထူးကုတွင် ဆေးကုသမှုခံယူနေရသည့် ဗိုလ်ချုပ် ကြီး စောမိုရှေးသည် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း နှင့် နီးစပ်သူ တစ်ဦးက ယခုလိုပြော သည်။ ၎င်းက “သေချာပါပြီး ဆုံးသွားတာ။ ၄ နာရီ ၄၀မှာ ရန်ကုန် မင်္ဂလာဒုံ အသည်းအထူးကု ဆေးရုံကြီးမှာ ဆုံးသွားတာ။” ဟု ကေအိုင်စီသို့ ပြောသည်။ ဗိုလ်ချုပ်ကြီး စောမိုရှေး အနေဖြင့် ယခုလဆန်းပိုင်းလောက်က ကိုဗစ်ကူးစက်ခံခဲ့ရပြီး သွားရောက် ဆေးဝါးကုသမှုခံယူနေသည်မှာ ၁၀ ရက်နီးပါး ရှိနေပြီးဖြစ်ကြောင်း နှင့် ၎င်းတွင်အခြားသော ရောဂါဝေဒနာအခံများလည်းရှိ နေကြောင်း ကွယ်လွန်ချိန်တွင် အသက် ၅၃ နှစ်ရှိပြီးဖြစ်ကြောင်းသိရသည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင် ကရင်အမျိုးအသားအစည်းအရုံး-KNU မှ ခွဲထွက်၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော်-DKBA အနေဖြင့်ရပ်တည်ခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့ သည့် ဗိုလ်ချုပ်ကြီး စောလားပွယ် မှ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်( DKBA)အနေဖြင့် ထပ်မံခွဲထွက်ရပ်တည်ခဲ့ သည်။

၆။ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၆၀၀ ကျော် ထပ်မံတိမ်းရှောင်နေရ၊ အရေးပေါ်အကူအညီများ လိုအပ်နေ
July 21, 2021

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် – ဘောလခဲမြို့နယ်ကြားက တိုက်ပွဲကြောင့် နန်းဖဲကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၇ ရွာမှ ဒေသခံပြည်သူ ၂၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။“အခြေခံလိုအပ်ချက်ကအစ သူတို့လိုအပ်ရင်လိုအပ်လိမ့်မယ်ပေါ့နော အဓိကကတော့ အခုက မိုးရာသီဆိုတော့ မိုးလုံခြုံဖို့ မိုးကာတော့အဓိက လိုအပ်တာပေါ့။ တချို့တွေ တစ်ထည်နှစ်ထည်လောက်ပါသွားပေမယ့် မိုးအရမ်းကြီးတဲ့အခါ သူတို့ မိသားစုအတွက် မလုံလောက်တာမျိုးလည်း ရှိမယ်ပေါ့နော။ အဓိကကတော့ မိုးကာပေါ့ ။ နောက်တစ်ခုက စားနပ်ရိက္ခာပေါ့ တချို့တွေ နည်းနည်းပါးပါးယူသွားတာရှိမယ်။ ရေရှည်ဆိုရင်တော့ စားနပ်ရိက္ခာက အဓိက လိုအပ်တာပေါ့”လို့ စစ်ရှောင်ကူညီ ပေးနေသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဖရူဆိုမြို့နယ် – ဘောလခဲမြို့နယ် ကြားက နန်းဖဲကျေးရွာနဲ့ ကလိလျားကျေးရွာအကြားမှာ ကရင်နီတပ်မတော် (KA) နဲ့ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင်လ (၁၈) ရက်နေ့ ညနေပိုင်းမှာ နာရီဝက်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ကျေးရွာအထိ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပဲဖြစ်ပါတယ်။ တိုက်ပွဲကြောင့် နန်းဖဲ၊ ဒေါစဲခူ၊ ကလောဒူ၊ ကလိလျား၊ ပလဲလယ်၊ ပလိုဒေးခို၊ နန်းခွီးခို စတဲ့ကျေးရွာမှ ဒေသခံပြည်သူ ၂၆၂၉ ဦးခန့် စစ်ရှောင်နေကြရသလို ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်လည်း ပါဝင်တယ်လို့ သိရပါတယ်။

“အခုကခြင်ထောင်လည်းလိုမယ်။ ခြင်ဆေးခွေ မိုးကာလည်းလိုတယ်။ ဆေးဝါးပေါ့ တောမှာသွားနေတော့ ခြင်တွေ၊ ဖြုတ်တွေ ကိုက်တော့ တုပ်ကွေးတွေဖြစ်မှာစိုးလို့ အဲဒါကြောက်ရတယ် ကလေးသူငယ်တွေအတွက်။” လို့ စစ်ရှောင်ဒေသခံ အမျိုးသား တစ်ဦး က ပြောပါတယ်။ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲကြောင့် ဘေးကင်းရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ အတွက် အရေးပေါ်လိုအပ်မှုကို ပါဝင်ကူညီလိုသူများအတွက် 09765733168၊ 09445571977၊ 09788069188၊ 09428003926 ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူများက အသိပေးဖော်ပြထားပါတယ်။

၇။ ကျောက်မဲမြို့နယ် ပန်းတောင်းရွာသား (၁)ဦး မိုင်းနင်းမိ
July 21, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ပန်တောင်းရွာနေ အသက် (၅၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယခုရက်ပိုင်းအတွင်း ခြံထဲသို့ သွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အမျိုးသားသည် ဒဏ်ရာရသည့်ရက်တွင် ကျောက်မဲသို့ချက်ချင်းမလာနိုင်ဘဲ ရက်တပတ်ကြာမှ မိုင်းငေါ့ မြို့ သို့ ရောက်လာကြောင်းသိရသည်။

“အဲ့ရွာဘက်က တိုက်ပွဲတွေ မကြာခဏဖြစ်နေတာမို့လို့ ဒဏ်ရာရထားပေမယ့် ချက်ချင်းမဆင်းလာရဘူး၊ တစ်ပတ်လောက် ကြာမှ ဝမ်ဟဲရွာ မိုင်းငေါ့မြို့ကို ရောက်လာတာလို့ ပြောတယ်၊ အဲ့ရွာကို ရောက်ပြီဆိုတာ သိသိချင်းမှာပဲ မိုင်းငေါ့ လူမှုကူညီရေး အသင်းက ကျောက်မဲပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာ”ဟု ကျောက်မဲသျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ စိုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါလူနာသည် ဘယ်ခြေထောက် ခြေမျက်စိအထက်တွင် မြေမြုပ်မိုင်းစ အသားထဲ ညှပ်ကျန်နေသည့် ဒဏ်ရာ ရရှိထားတာဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် (၁၉)ရက်နေ့က ကျောက်မဲဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေတာဖြစ်ကြောင်း သိရသည်။

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားလေ့သည့် ကျေးရွာများအနီးတွင် ဒေသခံများ မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်နေကြောင်း စုံစမ်းသိရသည်။

၈။ စစ်တွေမှ ပလက်ဝမြို့ကို ပြန်ခေါ်ဆောင်လာသော ချင်းလူငယ် ၅ ဦး ပြန်မလွတ်သေး
July 21, 2021

မေလ ၂၈ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်သွားခြင်းခံရသော ပလက်ဝမြို့မှ ချင်းလူငယ် ၅ ဦးအား ပလက်ဝ ရဲစခန်းမှ စစ်တွေမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ဇူလိုင်လ ၁၁ ရက်နေ့က ပလက်ဝသို့ ပြန်ခေါ်လာခဲ့ကြသော်လည်း ယနေ့အချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ ပလက်ဝအချုပ်ခန်းတွင် ရှိနေကြောင်း သိရသည်။ “ဒီနေ့ ရုံးထုတ်မယ်ပြောတယ်။ ဒါပေမယ့် ကျွန်တော်လည်း ဘာသတင်းမှမကြားသေးဘူး။ ဘယ်လောက်ကြာကြာ ဖမ်းထား မလဲမသိဘူး။ စိတ်မကောင်းဘူး” ဟု အဖမ်းခံရသူများထဲမှ မိသားစုဝင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ပလက်ဝမြို့တွင်း ဗုံးနှစ်လုံးပေါက်ကွဲပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်နေထိုင်သော ချင်းအမျိုးသား ၂၁ ဦးခန့်အား စစ်ကောင်စီမှ စစ်ဆေးရန် ရဲစခန်းသို့ခေါ်သွားကြပြီး ၎င်းတို့အနက် အိုက်ထွန်းမင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ဦးရာကျော် (NGO) နှင့် ကိုအောင်ထွန်းစိုးတို့ ၅ ဦးကို ပုဒ်မ ၅၀၅ နဲ့ စွပ်စွဲဖမ်းဆီးထားကာ ယနေ့အထိ ပြန်မလွတ်ပေးသေးခြင်းဖြစ်သည်။

၉။ ကန့်ကွက်မှုများရှိနေသော်လည်း ကိုဗစ်ကာကွယ်တားဆီးရေးကို ဆက်လက်လုပ်ဆောင်မည်ဟု KNU ကျန်းမာရေး ဌာန ပြော
July 20, 2021

ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအတွက် KNU-ကရင်အမျိုးသားအစည်းအရုံးက ၎င်းတို့အုပ်ချုပ်နယ်မြေများအတွင်း ဖွင့် လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တချို့နှင့် ဝင်ထွက်သွားလာမှု ကန့်သတ်ချက်များကို ကရင်ပြည်နယ် စစ်ကောင်စီ မှ ကန့်ကွက်မှုများရှိသော်လည်း ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဟု KNU ကျန်းမာ ရေးဌာနဘက်က ပြောသည်။

လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါအခြေအနေသည် အမျိုးသားလုံခြုံရေးအဆင့်အထိ သတ်မှတ်ထားခြင်းဖြစ်၍ KNU ဗဟို၏ လမ်းညွှန်ချက်နှင့်အညီ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရမည်သာဖြစ် ကြောင်း ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန ဌာနမှူး ပဒိုစောဒိုင်းမွန်းခင် က ယခုလိုပြောသည်။ ၎င်းက “ကျနော်တို့ ဘက်ကတော့ ကိုယ့်အမျိုးသားပြည်သူကို လာထိခိုက်စေနိုင်မယ့် ဒီကိုဗစ်ကပ်ရောဂါကို မိခင် KNU အနေနဲ့ အမျိုးသား လုံခြုံရေးအဆင့်အထိ သတ်မှတ်ထားတဲ့အတွက် ကျနော်တို့က ဆက်လက်လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမဲ့ အသက် လုံခြုံရေးအထိ ထိခိုက်လာဖို့ရှိရင်တော့ ဒါတော့ ဆက်လုပ်ဖို့က အဆင်မ ပြေဘူးပေါ့။ ဒါပေမဲ့ လုပ်တော့ ဆက်လုပ်ရမှာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ကန့်ကွက်စာ ပေးပို့လာမှုရှိသော်လည်း KNU ဗဟိုအနေဖြင့်လည်း တရားဝင် တစ်စုံတစ်ရာပြန်လည် ညွှန်ကြားထား ခြင်းမျိုးမရှိသည့်အတွက် လက်ရှိကိုဗစ်ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ အမျိုးသားကျန်းမာရေးအတွက် မိမိသာ ကာကွယ်ရမှာဖြစ်ကြောင်းလည်း ပဒို စောဒိုင်းမွန်းခင်က ဆက်ပြောသည်။ လက်ရှိတွင် လည်း KNU ထိန်းချုပ် နယ်မြေတချို့တွင် ကိုဗစ်တတိယလှိုင်း ကူးစက်ခံရမှုများရှိနေပြီး ၎င်းကို ကာကွယ်တားဆီးနိုင်ရေး အတွက် KNU ၏ ကိုဗစ်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ ကိုဗစ်ကာကွယ် တားဆီးရေး လုပ်ငန်းစဉ်များ စည်းကမ်းလမ်း ညွှန်ချက်များကို ထုတ်ပြန်ထားပြီး ကာကွယ်တားဆီးမှုအတွက် ပိုမိုတင်းကြပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောဆို ထားသည်။

၁၀။ မိုင်းကိုင်စစ်ရှောင်များစပါးပျိုးရန် နေရပ်ပြန်
July 22, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များ လယ်စပါး ပျိုးထောင် ကောက်စိုက်သော ရာသီဖြစ်သောကြောင့် နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းခွန်မြို့နယ်ရှိ ဒေသခံပြည်သူများသည် ဝမ်ဟွေ့လုံကျေးရွာအုပ်စုတွင်းသို့ စစ်ဘေးရှောင် (၂၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဇူလိုင် (၂၁) ရက်နေ့က လယ်စပါးပျိုးထောင် ကောက်စိုက် ရာသီဖြစ်ဖြစ်သဖြင့် အသက်ကြီးသူ နှင့် ကလေးများသာ စစ်ရှောင်စခန်းတွင် ချန်ထားခဲ့ပြီး ကျန်သည့်သူများ နေရပ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးကပြောသည်။“ဒီလအတွင်း လယ်စပါးအတွက် ပျိုးထောင် ကောက်စိုက် သော ရာသီဖြစ်တယ်။ တကယ်လို့ ပျိုးမချရရင် လာမယ့် နှစ်အတွက် စားနပ်ရိက္ခာအခက်ခဲဖြစ်နိုင်တယ်”ဟု အသက် (၃၀) အရွယ် စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။ ထိုကျန်ရှိသည့် စစ်ရှောင် (၁၀၀) ကျော်သည် နောင်လီဘုန်းကြီး ကျောင်း၊ နောင်လျန်ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းမှာသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

လက်ရှိ မိုင်းကိုမြို့တွင်လည်း ကိုဗစ်-၁၉ အတည်ပြု လူနာများပြားလာသဖြင့် စစ်ဘေးရှောင်များကို သွားကူညီရန်အတွက် လည်း ရွာထဲသို့ မဝင်တော့ဘဲ ရွာအဝင်တွင် တာဝန်ရှိသူများက အလှူပစ္စည်းများကို လာရောက် လက်ခံခဲ့ကြကြောင်း စစ်ရှောင် ကော်မတီ တစ်ဦးထံမှ သိရသည်။ လွိုင်ဟွန်းတောင်ကို အကြောင်းပြပြီး တလကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့် သျှမ်းတပ် (၂) တပ် ကြောင့် အရပ်သား (၂) ဦး ကျည်ထိမှန်ခြင်း၊ ကျေးသီးမြို့နယ်ရှိ စစ်ရှောင်များ (၃၀၀၀) ကျော် နှင့် မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင် (၂၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၁၁။ ကယန်းပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်စစ်ဆေးရေးဂိတ် လေးခု ဖွင့်လှစ်ထားရှိ
July 22, 2021

တကျော့ပြန်ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းကို ကာကွယ်ဖို့အတွက် ကယန်းပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကယန်းဒေသတွင်း စစ်ဆေးရေးဂိတ် လေးခုဖွင့်လှစ်ထားတယ်လို့ ကယန်းအမျိုး သားကျန်းမာရေးကော်မတီရဲ့ ဒု-ဒါရိုက်တာ ခွန်းစီမွန် က ပြောပါတယ်။“အဓိကခါကျတော့ ကျနော်တို့ အဝင်/အထွက် ကန့်သတ်ထားတယ်။ နောက်ပြီးတော့ အဝင်/အထွက် လူတွေကို ကျနော်တို့ စစ်ဆေးတယ်၊ မှတ်တမ်းယူတယ်၊ အပူချိန်တိုင်း တယ်ပေါ့နော်။ သွားလာရာဇဝင်တွေ မေးမြန်းတာပေါ့။ အဓိက ခရီးဝေးကနေပြန်လာတဲ့လူဆို ကျနော်တို့အနေနဲ့က တခြား ပရဟိတ အသင်းတွေနဲ့ အချိတ်အဆက်လုပ်ပြီးတော့ ဘယ်နေရာမှာ ကွာရန်တင်းအနေနဲ့ ချမှတ်ထားရမလဲ စသဖြင့် အဲ့လိုမျိုး ကျနော်တို့ ကြီးကြပ်လုပ်တယ်” လို့ ဒု-ဒါရိုက်တာ ခွန်းစီမွန်က ပြောပါတယ်။

အဆိုပါ ကိုဗစ်စစ်ဆေးရေးဂိတ်တွေကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သောက်ရေခပ်ကျေးရွာမှာ ၁ ဂိတ်၊ ရှမ် းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကဖုကျေးရွာမှာ ၁ ဂိတ်၊ မိုးဗြဲမြို့အနီးမှာ ၁ ဂိတ်နဲ့ ဖယ်ခုံ-ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာ မှာ ၁ ဂိတ် စုစုပေါင်း လေးဂိတ် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ “အဓိက သံသယလူနာတွေပဲဖြစ်ဖြစ်၊ နောက်ပြီး အဝေးက လာတဲ့ ခရီးသွားဧည့်သည်တွေပဲဖြစ်ဖြစ် ကျနော်တို့ သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာပေါ့။ လမ် းညွှန်ဖို့ ကျနော်တို့မှာ အခက်အခဲရှိတယ်။ အဲ့ဒါမရှိဘူးပေါ့နော်။ အရင်တုန်းကဆို ကျနော်တို့ ဆီးဘူးမှာလည်းပဲ ကျနော်တို့ ကွာရန်တင်းစင်တာ တခုထားတာရှိတယ်။ နောက် PPE တို့ ဘာတို့ အပြည့်အစုံရှိတယ်။ နောက်အခုခါကျတော့ ဒါတွေ အခက်အခဲရှိတယ်” လို့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ဒု-ဒါရိုက်တာ ခွန်းစီမွန်က ဆိုပါတယ်။

လတ်တလော ကယန်းပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတွေ မတွေ့ရှိသေးပေမယ့် ဒေသတွင်း ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေမှာ ကျန်ရှိနေထိုင်နေတဲ့ ပြည်သူတွေကိုတော့ ကိုဗစ်ရောဂါမကူးစက်အောင် Mask (နှာခေါင်းစည်း) ပေးဝေတာတွေ၊ ရောဂါကာကွယ်ရေး အသိပညာပေးတာတွေနဲ့ ဖျားနာသူတွေကို ဆေးကုသပေးတာ တွေ အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

၁၂။ ရခိုင်က စစ်ဘေးရှောင်စခန်းတချို့တွင် စားနပ်ရိက္ခာများနှင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလိုအပ်နေ
Jul 22, 2021

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းတချို့တွင် ဆန်အပါအဝင် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်များဖြစ်သည့် (Mask) နှာခေါင်းစည်း၊ လက်ဆေးစင်၊ ဆပ်ပြာစသည့် လိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာများလိုအပ်ချက်ရှိနေပြီး လက်ရှိတွင် ဆန်များကို မိသားစု နည်းသည့်စစ်ဘေးရှောင်များထံမှ ချေးငှားပြီး စားသောက်နေကြရကြောင်း အဆိုပါ စစ်ရှောင်စခန်းတာဝန်ခံ ဦးညီပု က ပြော သည်။“ဆန်ရိက္ခာတစ်ခုတော့ အဆင်မပြေသေးဘူး။ဟင်း/ငါးတွေကိုတော့ နည်းနည်းပါးပါးအလှူရှင်တွေဆီက ရတာတွေကို စုပြီးတော့ဝယ်ပေးနေတယ်။ဆန်တစ်ခုတော့လိုအပ်နေတယ်။အခုက လူဦးရေနည်းတဲ့ မိသားစုတွေမှာကျန်ရှိသေးတဲ့ဆန်တွေကို ချေးငှားပြီး စားသောက်နေကြတယ်”ဟု သူကဆိုသည်။ လူဦးရေ လေးထောင်ခန့်ရှိသည့် အဆိုပါစင်းဘောကိုင်းစစ်ရှောင် စခန်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် အဆိုပါ စခန်းကို Lock Down ချခဲ့ခြင်း လည်းဖြစ်သည်။

ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း ယမန့်နေက လူကယ်ပြန်ဌာနမှ စားနပ် ရိက္ခာများလာရောက် ကူညီထောက်ပံ့မှုများရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်ပြီး သက်ဆိုင် ရာတာဝန်ရှိသည့် အဖွဲ့များ နှင့် ပရဟိတအဖွဲ့များမှ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လာရောက်ထောက်ပံ့မှုများရှိသေးကြောင်း စခန်းတာဝန်ခံ ဦးစိန်ရွှေဘု က ပြောသည်။ အလားတူ စစ်ဘေးရှောင်လူဦးရ ၂၇၀၀ ကျော်ခိုလှုံနေသည့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင် စခန်း တွင် ကိုဗစ်ဒုတိယလှိုင်းက ကျန်ရှိခဲ့သည့် နှာခေါင်းစည်း၊ လက်ဆန့်ဆေး၊ ဆပ်ပြာတို့မှာ တစ်ပတ်ခန့်သာ အသုံးပြုနိုင်တော့မည့် အခြေအနေဖြစ်နေသည့်အတွက် အကူညီများ လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဦးကျော်သိန်းက ပြောသည်။

၁၃။ ဖားအံလူငယ်များစုပေါင်းပြီး ” Sharing is Caring ” အစီအစဉ်ဖြင့် အခမဲ့ဆေးဝါးပေးလှူ
July 22, 2021

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဖားအံလူငယ်များစုပေါင်းပြီး ” Sharing is Caring ” အစီအစဉ်ဖြင့် (ဇူလိုင်လ ၂၁ ရက်) မှ စ၍ ဖားအံမြို့တွင် အခမဲ့ဆေးဝါးလှူဒါန်းမှု ပြုလုပ်ပေးသည်ဟု သိရှိရသည်။

အမှန်တကယ်ဆေးဝါးလိုအပ်သည့် ပြည်သူလူထုများကိုရည်ရွယ်ပြီး ပေးလှူမည်ဖြစ်ကာ Royal-D၊ LORATADINE TABLETS USP 10 MG၊ BROMCOLEX၊ Paracetamol၊ Vitamin C၊ Pai Ampi၊ Solmux၊ APR 2024၊ air-x၊ mask စသည့် ဆေးဝါးများရရှိနိုင်သည်ဟု ဖားအံလူငယ်တစ်ဦးမှ ပြောသည်။ ” ကျနော်တို့က အခမဲ့ပေးတော့ အမှန်တကယ် လိုအပ်ရင် အမှန်တကယ်လိုအပ်တဲ့ ဆေးတစ်မျိုးကိုပဲ လာယူစေချင်တယ်။ တခါလာယူရင်တော့ ဆေး ၃ ရက်စာအတွက် ပေး မယ်။ ကုန်ရင် လိုအပ်သေးရင် ထပ်လာယူလို့ရတယ်။ ဆေးရှိတဲ့အချိန်ပဲ ပေးနိုင်မယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆေးများကို ဖားအံမြို့ အမှတ် (၉) ရပ်ကွက်၊ ကြာအင်းတောင်ခြေရှိ FRIEND စားသောက်ဆိုင်တွင် အခမဲ့ပေးရယူနိုင် သည်ဟု သိရသည်။

၁၄။ မော်လမြိုင်တွင် ဆေးဝါးတစ်ချို့ပြတ်လပ်
July 20, 2021

မော်လမြိုင်မြို့နယ်က ဆေးဆိုင်တွေမှာ ဆေးဝါးတစ်ချို့ ပြတ်လပ်မှုတွေရှိနေတယ်လို့ ဆေးဝါးပစ္စည်းရောင်းချနေသူတွေက ပြောပါတယ်။ တုတ်ကွေးရာသီဖြစ်တဲ့အပြင် ကိုဗစ်ကုသရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေဖြစ်တဲ့ Cetirizine ၊ Afrin ၊ Ceovit ၊ ပါရာကတ် ၊ ဒီကိုဂျင်အပါအဝင် အားဆေး စတဲ့ဆေးဝါးအချို့ စတင်ပြတ်လပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ဖျားနာရင် သောက်တဲ့ဆေးတွေ အားဆေးတွေ နောက်ပြီး ဒီကိုဗစ်ဖြစ်ရင် သောက်တဲ့ဆေးတွေပေါ့။ အဲဒါတွေက ရောက် ကုန်ပဲ။ ရောက်တာနဲ့ကို ကုန်တာ။ မှာမလောက်ဖြစ်နေတာ။ ကုမ္ပဏီကကို မှာတဲ့ပစ္စည်းကို မဖြည့်ပေးနိုင်တာဖြစ်နေတယ်” လို့ မော်လမြိုင်က ဆေးဝါးပစ္စည်းရောင်းချသူ တစ်ဦးက ပြောပါတယ်။ အိမ်မှာဆောင်ထားသင့်တဲ့ ဆေးဝါးတွေအပြင် ဘရမ်းကြက်ပေါင်းရည်၊ ဌက်သိုက်ရည်အပြင် ဓာတ်ဆားထုတ်တွေလည်း ပြတ်လပ်မှုရှိနေတာဖြစ်ပါတယ်။

ယခင်တွင် ပါရာကဒ် တစ်ကဒ် ၂၅၀ ကျပ်၊ ဒီကိုဂျင် တစ်ကဒ် ၄၀၀ ကျပ်ဖြင့် ရောင်းချနေပြီး အခုတွင် တစ်ကဒ် ၆၀၀ ကျပ်မှ ၈၀၀ ကျပ်ထိ ဈေးတက်လာခဲ့တယ်လို့ သိပါတယ်။ Envervon C ကဲ့သို့ အားဆေးတွေလည်း ဈေးနှုန်းနှစ်ဆခန့် မြင့်တက် လာခဲ့တာဖြစ်ပါတယ်။

၁၅။ SSPP/SSA ဌာနချုပ်နယ်မြေ၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး စထိုးပေးနေ
22 July, 2021

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)ရဲ့ ဗဟိုဌာနချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှာ ဇူလိုင် ၂၂ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေပါတယ်။

SSPP/SSA ဌာနချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနဲ့ ပတ်သက်ပြီး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကိုလည်း စနစ်တကျထိန်းချုပ်နိုင်ခဲ့ပါတယ်။

၁၆။ စစ်တွေဆေးရုံမှ သူနာပြုများအတွက် ရဲဝန်ထမ်း ၁၀ ဦးဖြင့် လုံခြုံရေးပေးသွားမည်
Jul 21, 2021

စစ်တွေဆေးရုံမှ သူနာပြုများအတွက် လုံခြုံရေးအဖြစ် ရဲဝန်ထမ်း ၁၀ ဦးကို ထားရှိပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ယနေ့ ဇူလိုင် ၂၁ ရက်တွင် DMG သို့ ပြောသည်။

အဆိုပါ သူနာပြုများလုံခြုံရေးအတွက် ထားရှိမည့်ရဲဝန်ထမ်း ၁၀ ဦးသည် ရခိုင်တိုင်းရင်းသားများဖြစ်ပြီး ယင်းအထဲတွင် ရဲအရှိ နှစ်ဦးပါဝင်မည်ဖြစ်ကြောင်းနှင့် သောက်စားတတ်သည့် ရဲဝန်ထမ်းများ မပါဝင်စေရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။“သူတို့ကို ဒီနေ့ ၂ နာရီကတည်းက စစ်တွေဆေးရုံကို လွှတ်လိုက်ပြီ။ သူတို့ကို စစ်တွေဆေးရုံအုပ် ကြီးဆီ အပ်ထားတယ်။ သူတို့ကို ကိုဗစ်မကူးစက်ဖို့အတွက်ကိုလည်း ဆေးရုံကပဲ တာဝန်ယူပေးဖို့ပြောထားတယ်။ နောက်ပြီး သူနာပြုဆရာ၊ဆရာမတွေ သွားလာရင် တာဝန်ကျရဲသားတွေကိုပါ ထည့်ပေးမလား၊ မထည့်ပေးဘူးလားဆိုတာကို တော့ ဆေးရုံအုပ်ကြီးက စီစဉ်ပါလိမ့်မယ်”ဟု ဦးလှသိန်းက ရှင်းပြသည်။

သူနာပြုများကို လူမှုကွန်ယက်စာမျက်နှာများမှ ခြိမ်းခြောက်မှုများရှိသည်ဟု တင်ပြလာသည့်အတွက် ထိုသူများကို ရှာဖွေဖော် ထုတ်ကာ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က လူနာရှင်များမှ တာဝန်ကျသူနာပြုများကို ဆဲဆိုနေသည့် ဗွီဒီယိုဖိုင်တစ်ခုလည်း လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့မှု များရှိခဲ့သည်။ စစ်တွေဆေးရုံကြီးတွင် သူနာပြု ဆယ်ဦးခန့် အလုပ်မဆင်းသည့် အခြေအနေဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး လူနာ ရှင်များမှ ပြန်လည်တောင်းပန်မှသာ အလုပ်ပြန်ဆင်းမည်ဖြစ်ကြောင်း သူနာပြုတစ်ဦးက DMG သို့ ပြောဆိုထားသည်။

၁၇။ ကန်ပက်လက်မြို့တွင် စားဝတ်နေရေးအခက်အခဲရှိသော အိမ်ထောင်စုများကို ကြက်ခြေနီအဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ကူညီ
July 20, 2021

လတ်တလောအခြေအနေများကြောင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အနီးတဝိုက်ရှိ အိမ်ထောင်စုများမှာ စားဝတ်နေရေး အခက်အခဲရှိနေကြရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခွန်ဟုန်ကွီးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀) ဦးတို့က အိမ်ထောင်စု (၁) စုလျှင် ဆန် (၁) အိတ်၊ ဆီ (၁) ပိဿာနှင့် ကြက်သွန် (၁) ပိဿာစီဖြင့် အိမ်ထောင်စု (၁၁) စုအား ဇူလိုင်လ (၁၇) ရက်နေ့က သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။

ယခုကာလတွင် ကန်ပက်လက်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း၊ ရောဂါ ကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ရှေးဦးပြုစုခြင်းတို့ကို ကန်ပက်လက်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်လျှက်ရှိပါသည်။

၁၈။ သောင်ရင်းမြစ်ရေ အတက်ကြမ်း၍ အနိမ့်ပိုင်း ရပ်ကွက်များတွင် မြစ်ရေစတင်ဝင်ရောက်
July 23, 2021

ကရင်ပြည်နယ် မြဝတီနယ်စပ် သောင်ရင်းမြစ်ရေသည် အတက်ကြမ်းနေပြီး ဇူလိုင် ၂၂ ရက် ည ၁၂ နာရီခန့်ကစ၍ အမှတ် ၁ ရပ်ကွက် သဲပုံဂိတ်ဘက်ခြမ်းတွင် မြစ်ရေစတင်ဝင်ရောက်မှုများ ရှိနေကြောင်း သိရသည်။

ထိုသို့ မြစ်ရေ ဝင်ရောက်မှုကြောင့် မြစ်ကမ်းအနီးအနိမ့်ပိုင်း ရပ်ကွက်များရှိပြည်သူများ ရေဘေးဒုက္ခကြုံနေရ၍ မြဝတီခရိုင် မီးသတ်ဦးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ လှေများဖြင့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်လျက်ရှိသည်။ သို့သော် မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူများမှာ ဖုန်းဆက်သွယ်မရသလို ယခုထိ လာရောက်ခြင်း မရှိသေးကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

လက်ရှိ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး ရေတက်နှုန်းမှာလည်း မြန်ဆန်လျက် ရှိကြောင်း မိုးကုတ်ဂိတ်တွင် ရေကင်းသွားရောက် ကြည့်သူတစ်ဦး၏ ပြောသည်။ မြဝတီမြို့တွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က သောင်ရင်း မြစ်ရေသည် ညတွင်းချင်းစံချိန်တင် မြင့်တက်မှု ဖြစ်ပွားခဲ့ဘူးပြီး မြို့ဧရိယာ၏ ထက်ဝက်နီးပါး ရေဘေးသင့်ခဲ့ပြီး လူသေဆုံးမှု များ လည်းရှိခဲ့သည်။

၁၉။ မိုင်းပျဉ်းလမ်းလုပ်သား ၁၂ ဦး ရေထဲမျောပါ (၁)ဦးသာ ပြန်တွေ့
July 22, 2021

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေတိုက်စားပြီး မြေပြို ကာ လမ်းလုပ်သား (၁၂)ဦး ရေထဲမျောပါသွားကာ (၁)ဦးကိုသာ အသက်ရှင်လျက် ပြန်တွေ့သေးကြောင်း သိရသည်။

မိုင်းပျဉ်း − တာကောလမ်းပိုင်း ဆင်မောင်ကျေးရွာအုပ်စု (၇)မိုင်နှင့် (၉)မိုင်ကြားတွင် လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းလုပ်သားများဖြစ်ပြီး (၁၁)ဦး ပျောက်ဆုံးနေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။“မိုင်းပျဉ်း − တာကော် လမ်းပိုင်း က ကျဉ်းတော့ ဆောက်လုပ်ရေးက လမ်းချဲ့နေတာ၊ အဲ့လမ်းပိုင်းက မိုးရွာရင် မြေပြိုတာတွေ၊ ရေတိုက်စားတာတွေ မကြာခဏ ဖြစ်တယ်၊ ခုဖြစ်သွားတာကတော့ တော်တော်ဆိုးတယ်၊ လမ်းလုပ်သား (၁၂)ဦးလည်း တောင်ကျရေနဲ့အတူ နမ့်လုံချောင်းထဲ မျောပါသွားတယ်၊ အမျိုးသား (၁)ဦးကိုတော့ ပြန်တွေ့တယ်၊ ကျန်တာတော့ မတွေ့သေးဘူး”ဟု မိုင်းပျဉ်း ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းအထူးတပ်ဖွဲ့(၃)မှ ဦးအာကာကျော် အပါအဝင် ကျား(၈)ဦး၊ မ(၄)ဦး စုစုပေါင်း (၁၂)ဦးသည် တောင်ကျချောင်းရေတိုက်စားပြီး တောင်ပြိုကျမှုကြောင့် ရေစီးနှင့်အတူ နမ့်လုံချောင်းအတွင်းသို့ မျောပါသွားခဲ့ တာဖြစ်ကြောင်း သိရသည်။ ယခု ရက်ပိုင်းအတွင်း သျှမ်းရှေ့ ကျိုင်းတုံမြို့အပါအဝင် မိုင်းယောင်းနှင့် မြို့နယ်တချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀။ ပုဏ္ဏားကျွန်း အထက်မြတ်လှဲကျေးရွာမှ မြိုလူငယ်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်၊ ဒဏ်ရာပြင်း၍ စစ်တွေ ဆေးရုံသို့ ယူဆောင်လာ
July 22, 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှ မြို့လူငယ်တစ်ဦးမှာ ယနေ့ နေ့လယ် ၁၂ နာရီကျော်က မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက်သွားကာ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ ယူဆောင်လာရကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ မြိုလူမျိုး လူငယ်တစ်ဦးဖြစ်သူ ဦးဘမောင် (၁၆) နှစ်ဖြစ်သည်။ “သူ့က အဖော်တွေနဲ့ တောကြက်ကိုင်း ထောင်ထားတဲ့နေရာကို သွားတာပါ။ ကျွန်တော်တို့အိမ်နားမှာ သူ့အဖေနဲ့ ရွာသားတွေ သွားထမ်းလာပြီး ချထားတာပါ။ ဆေးရုံ တင်သွားပါပြီ”ဟု ပြောသည်။ မိုင်းနင်းမိပြီး ညာခြေထောက် ဒူးအောက်ပိုင်းပြတ်ထွက်သွားကြောင်း ၎င်းကပြောသည်။ အဆိုပါလူနာအား ယိုးတရုတ်နာရေးကူညီမှုကားဖြင့် စစ်တွေဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

၂၁။ မော်လမြိုင်သုသာန်မှာ တစ်ရက်ကို COVID လူနာ ၄၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရ
July 21, 2021

မော်လမြိုင် ပိန္နဲကုန်းသုသာန် တစ်ခုတည်းမှာပဲ တစ်ရက်ကို COVID အတည်ပြုလူနာ ၄၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ သုသာန်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မီးသင်္ဂြိုဟ်ပေးမှုအရ ဇူလိုင် ၁၉ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၄၂ ဦး၊ ဇူလိုင် ၂၀ ရက်နေ့မှာ ၄၁ ဦး၊ စုစုပေါင်း ၂ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၃ ဦး မီးသင်္ဂြိုဟ်ပေးရပါတယ်။

“ကိုဗစ်လူနာတွေကတော့ နေ့စဉ်ရက်ဆက်ပဲ၊ အခုနောက်ပိုင်းမှာ တစ်နေ့ထက်တစ်နေ့ လူနာတွေ ပိုပြီး မီးသင်္ဂြိုဟ်ပေး နေရတယ်၊ တခါမှ အဲလာက်မများဘူး” လို့ သုသာန်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မော်လမြိုင်သုသာန်မှာတော့ ပြီးခဲ့တဲ့ ကာလတွေတုန်းက တစ်ရက်ကို COVID အတည်ပြုလူနာ ၃ ဦးလောက်သာ မီးသင်္ဂြိုင်ပေးခဲရပြီး အခုနောက်ပိုင်းမှာတော့ တစ်ရက်ကို ၄၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ဇူလိုင် ၂၀ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၃၀၀ နီးပါးထိ ရှိလာခဲ့ပါတယ်။

၂၂။ မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၆၀ ကျော်ရှိ
21 July 2021

မိုးညှင်းမြို့ တွင် တစ်ပတ်အတွင်း ပိုးတွေ့ အတည်ပြု လူနာပေါင်း ၁၆၀ ကျော်ရှိလာပြီဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၉၀ ဦးရှိခဲ့ပြီး တစ်ပတ်အတွင်း အတည်ပြုလူနာ ၁၆၂ ဦးထိရှိလာပြီဖြစ် ကြောင်းသိရသည်။“ခုချိန်မှာ အချင်းချင်းကူပေးဖို့ကလည်း မလွယ်တော့ဘူး။ ပရဟိတတွေလည်းမနိုင်တဲ့အထိ ဖြစ်လာပြီ။ စားဖို့သောက်ဖို့ခက်ခဲတာတစ်မျိုး ဒီထက်မဆိုးအောင် ဆုတောင်းရုံဘဲရှိတော့တယ်”ဟု မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။ မိုးညှင်းမြို့တွင် ပိုးကူးစက်မှုများလာသောကြောင့် ဇူလိုင်လ ၂၁ ရက်နေ့မှစကာ ဈေးဆိုင်အများအပြား ပိတ်လာကြကြောင်း သိရသည်။

လက်ရှိ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ပိုးကူးစက်မှု ၃၁၉ ဦးထိရှိလာကာ သေဆုံးသူ (၁)ဦး ရှိပြီဖြစ် သည်။

၂၃။ ဖားအံမြို့တွင် Stay at home သတ်မှတ်ပြီး ရပ်ကွက်ရုံး ထုတ်ပေးသည့်လက်မှတ်ဖြင့် အပြင်ထွက်ရ
July 21, 2021

ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာသောကြောင့် ရောဂါထိန်းချုပ်ကာကွယ်သည့်အနေဖြင့် ကရင်ပြည်နယ် ဖားအံမြို့ တွင် Stay at Home အဖြစ် သတ်မှတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးသည့် နေအိမ်ပြင်ထွက်ခွင့်လက်မှတ်ပါရှိမှသာ အပြင် ထွက်ခွင့်ပေးသည်ဟု သိရသည်။ ဇူလိုင်လ ၂၀ ရက်နေ့မှစတင်၍ နေအိမ်ပြင်ပ ထွက်ခွာခွင့်လက်မှတ်များကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အိမ်ထောင်စုတစ်စုလျှင် အပြင်ထွက်ခွင့်လက်မှတ်တစ်ခုထုတ်ပေးထားကာ လက်မှတ်မပါဘဲ အပြင် ထွက်သွားလာသူများကို တွေ့ရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။

ဖားအံမြို့အမှတ်(၉)ရပ်ကွက်မှ ပြည်သူတစ်ဦးက“ ဒီအချိန်မှာ အရေးမကြီးရင် ဘယ်သူမှတော့ အပြင်မထွက်ပါဘူး။ ကဒ်က တစ်အိမ်ကိုတစ်ယောက်ပဲ ထွက်ရတော့ ဘယ်လောက်ပဲအရေးကြီးကြီး တစ်ယောက်က အပြင်ထွက် သွားပြီးဆိုရင် အိမ်ပြန်မ ရောက်မချင်း နောက်တစ်ယောက် ထွက်ခွင့်မရတော့ဘူး။ ကဒ်မပါဘဲ သွားလာသူတွေကို တကယ်လို့အရေးယူမယ်ဆိုရင် တင်း တင်းကြပ်ကြပ်လုပ်ပေါ့။ ”ဟု ကေအိုင်စီသို့ ပြောသည်။ လက်ရှိအချိန်တွင် ဖားအံမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အိမ်ပြင် ထွက်ခွင့် လက်မှတ်ထုတ်ပေးသော်လည်း နေအိမ်အားလုံး လက်မှတ်မရရှိသေးကြောင်း ရပ်ကွက်နေ ပြည်သူများ၏ ပြောဆို ချက်ရ သိရသည်။

မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများသည် နေအိမ်ပြင်ပထွက်ခွင့်လက်မှတ်နှင့်အပြင်ထွက်ခွင့်ရသော်လည်း ကျေးရွာရှိ နေထိုင် သည့်သူများကို အလားတူလက်မှတ်ထုတ်ပေးခြင်းမရှိသောကြောင့် စားဝတ်နေရေးအတွက် မြို့ပေါ်သို့ သွားလာရန်လိုအပ်ပါ က ကျေးရွာအုပ်ချုပ်ရေးမှူးထံ တစ်ရက်စာထောက်ခံစာယူပြီး သွားလာနေကြရသည်ဟု သိရှိရသည်။

၂၄။ တောင်ကြီးမြို့နယ် ကိုဗစ်ကြောင့် သေဆုံးလူနာ စံချိန် မြင့်တက်
July 23, 2021

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့နယ် အတွင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူလူနာ တရက်တည်း (၁၀)ဦး သေဆုံးမှု ရှိသဖြင့် စံချိန် မြင့်တက်လာကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် တောင်ကြီးမြို့နယ် အတွင်း၌ ကိုဗစ် – ၁၉ ကူးစက်ရောဂါကြောင့် သေဆုံးခဲ့ရသူ ၁၁ ဦး ရှိ ပြီး တစ်ရက်တည်းနှင့် အမြင့်ဆုံးအရေအတွက်ကို စံချိန်တင်ခဲ့ကြောင်း သိရသည်။ ထို့အတူ RDT ဖြင့် စစ်ဆေးမှုအရ သျှမ်းပြည်မြို့တော် တောင်ကြီးတွင် လိုင်လ ၂၂ ရက်၊ ညပိုင်းထိ ကိုဗစ် – ၁၉ ပိုးတွေ့သူ ၃၃ ဦးရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် တောင်ကြီးမြို့တွင်း ကိုဗစ် – ၁၉ အတည်ပြု ပိုးတွေ့လူနာများသည် စုစုပေါင်း ၁၀၅၃ ဦးထိ ရှိလာပြီး ယင်းအနက် ဆေးရုံဆင်းခွင့်ရသူ ၂၀၀ ဦးကျော်ခန့် ရှိကာ ၈၀၀ ဦးကျော်ခန့်မှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။

၂၅။ UNHCR ၏ ထောက်ပံ့ပစ္စည်းများ စစ်ကောင်စီကခွင့်ပြုသည့် မင်းတပ်မြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ များသာရရှိကြ
July 21, 2021

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) က လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများကို စစ်ကောင်စီကခွင့်ပြုသော မင်းတပ်မြို့ပေါ်ရှိ စစ်ရှောင်စခန်းတွင် နေထိုင်သူများသာ ရရှိကြသည်ဟု သိရသည်။

UNHCR မှလှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းကိရိယာများအပါအဝင် အစားအစာမဟုတ်သည့် တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် စသည့်ပစ္စည်းများသည် ဇူလိုင်လ ၁၉ ရက်နေ့က မင်းတပ်မြို့သို့ ရောက်ရှိလာပြီး UNHRC တာဝန်ရှိသူများက ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ခွင့်ပြုထားသည့် မြို့ပေါ်ရှိ စစ်ရှောင်စခန်းအချို့တွင် စတင်ပေးအပ်ခဲ့ခြင်းဖြစ် သည် ဟု မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“အစပိုင်းမှာ UNHCR ဘက်ကပြော တာတော့ စခန်းအတွင်းမှာနေထိုင်တဲ့သူတွေကိုပေးမယ်။ ဒုတိယအနေနဲ့ စခန်းမှာ စာရင်းသွင်းပြီးတော့ နေအိမ်ပြန်သွားတဲ့ သူတွေကိုလည်း ပေးမယ်ပြောတယ်။ ဒီနေ့ပြန်ရောက်လာတဲ့အခါမှာတော့ အပြောင်းအလဲဖြစ်သွားတယ်၊ စခန်းထဲမှာ လက်တွေ့ ရှိတဲ့သူပဲပေးမယ်။ အိမ်မှာနေတဲ့သူတွေကိုမပေးတော့ဘူး။ ဟိုဘက်ဖွဲ့အစည်း (စစ်ကောင်စီ) ဘက် ခွင့်မပြုတဲ့အခါမှာ သူတို့ လည်း စိတ်မကောင်းဘူး။ ဒီနေ့တော့ ကျနော်တို့စခန်းမှာရှိတဲ့သူတွေကို ထောက်ပံ့ပစ္စည်းတွေလာပေးကြတယ်” ဟု အဆိုပါ စစ်ဘေးရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူကပြောသည်။

UNHCR မှ လှူဒါန်းသည့် အဆိုပါ ထောက်ပံ့ပစ္စည်းများသည် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၁၀၀၀ လူဦးရေ ၅၀၀၀ ခန့် အကျိူးခံစားခွင့်ရရှိနိုင်ရန် ရည်မှန်းထားကြသော်လည်း စစ်ဘေးရှောင်ပြည်သူများပိုများသည့် ကျေးရွာနှင့် တောထဲက စစ်ဘေးရှောင်စခန်းအထိ သွားရောက်ပေးအပ်ရန် စစ်ကောင်စီက ခွင့်မပြုသည့်အတွက် စစ်ဘေးရှောင် အများစုက အကျိုးခံစားခွင့်ရရှိနိုင်ကြမည်မဟုတ်ပေ။

၂၆။ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နှင့် ယင်းနေ့မတိုင်မီ တရာစွဲထားသော ရာဇဝတ်မှုများ ရုပ်သိမ်းကြောင်း နစကကောင်စီကြေညာ
July 21, 2021

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီက တရားစွဲထားသည့် ရာဇဝတ်မှုပုဒ်မ အမျိုးအစားအချို့ တို့ဖြင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းကြောင်း ဇူလိုင်လ ၂၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ-နစက ထုတ်ပြန်ကြေညာခဲ့ကြောင်း တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်းပြီး တရားစွဲဆိုခံထားရသူအားလုံးကို အမှုမှ ချက်ချင်းလွှတ်ပေးရ မည်ဖြစ်ကြောင်း ထိုထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

“တချို့ဆိုရင် အဲ့ဒီပုဒ်မနဲ့ အမှုရင်ဆိုင်ရပြီးတော့ တရားစွဲဆိုခံထားရတဲ့ အချုပ်မထုတ်ဘဲနဲ့ သက်ဆိုင်ရာအကျဉ်းထောင်မှာပဲ ချုပ်ခံထားရတာ အချုပ်ကာလက တစ်နှစ်ကျော်တဲ့သူတွေ အများကြီးပဲ။ အဲ့တော့ အမှုကို စစ်ဆေးခြင်းလည်းမရှိဘူး ဒီတိုင်း အချုပ်ခံထားရတဲ့သူတွေက တစ်နှစ်ကျော်ဆိုတော့ ကြိုတင်အပြစ်ပေးထားတဲ့သဘော သက်ရောက်နေတာပေါ့”ဟု တရား လွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ ပိတ်သိမ်းလိုက်သည့် အမှုများတွင် ရာဇသတ်ကြီး၊ သစ်တောဥပဒေ၊ လောင်းကစား ဥပဒေ၊ ယစ်မျိုးအက်ဥပဒေ၊ ခြေချုပ်နဲ့ခံဝန်အက်ဥပဒေ၊ မူးယစ်ဥပဒေ၊ လက်နက်ဥပဒေ၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ၊ ရဲအက်ဥပဒေ၊ ရုပ်မြင်သံကြားနှင့်ဗီဒီယို ဥပဒေပါ ပြစ်မှုတို့ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် “အားလုံးကိုတော့ လွှတ်ပေး အမှုပိတ်သိမ်းပေးတာမျိုးတော့ မရှိဘူး၊ သို့သော် အဲ့ဒီအထဲကမှ တော် တော်များများ ကိုတော့ အမှုပိတ်သိမ်းလိုက်တာဖြစ်တဲ့အတွက် ကောင်းတဲ့လက္ခဏာလို့ပဲပြောရမှာပေါ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူ တရားစွဲခံရတဲ့ အလားတူပုဒ်မနဲ့ စွဲဆိုခံထားရတဲ့ အမှုတွေကိုကျ တော့ ပိတ်သိမ်းတဲ့အထဲမှာ အကြုံးမဝင်ဘူး”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ အဆိုပါအမှုများဖြင့် တရားစွဲ ဆိုခံထားရသူတို့သည် ကိုဗစ်-၁၉ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်ရှည်ကြာနေပြီး နိုင်ငံသားများအတွက် သက်ညှာစွာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်ကို ထုန်ပြန်ခဲ့ကြောင်း ဆိုသည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

#FederalJournal

Related Articles

Back to top button