ဆောင်းပါး

ကိုယ်ကျင့်ဥပဒေကို အခြေခံပြီးညှိနှိုင်းရင်ဆိုင်ခြင်း

 

၈ (ဧပြီ) ၂၀၂၁

ဒီခေါင်းစဥ်ခွဲက ကျနော့်စာအုပ် “ဒစ်ဂျစ်တယ်ပိုက်ဆံ၊ စိမ်းလန်းနည်းပညာနဲ့ ပါဝါအသစ်” ထဲက ဆောင်းပါး တပုဒ်ရဲ့နာမည်ပါ။ အဲဒီမှာ ကိုယ်ကျင့်စံနှုန်းကို အက်သစ် (Ethic) နဲ့  မော်ရယ် (Moral) ဆိုပြီးခွဲရှင်း ထားတယ်။ လူတယောက်ကိုယ်ကျင့်စံ (ကိုယ်ကျင့်တရား) ဘယ်လောက်ကောင်းသလည်း ဆိုတာကို ဘာကိုအခြေခံပြီးခွဲကြသလည်း။ ဥပမာ လူတွေအများစုရွာတရွာမှာ စစ်ဘေးရှောင်ရင်း ငတ်မွတ်နေ ကြတယ်။ ရွာသားတယောက်ကမြို့ပေါ်တက်ပြီး ကုန်တိုက်ထဲက ဆန်အိတ်တွေကို ဖောက်ထွင်းခိုးယူလာပြီး ရွာမှာပြန်ခွဲဝေပေးတယ်။ ဒီရွာသားဟာ ကိုယ်ကျင့်တရား ကောင်းတဲ့သူလားမကောင်းတဲ့သူလား။

အက်သစ်ဆိုတဲ့ ကိုယ်ကျင့်က ဥပဒေအရထိမ်းကျောင်း တဲ့မတ်တဲ့ကိုယ်ကျင့်။ ခိုးတဲ့သူဟာ ခိုးရင်တော့ ခိုးတဲ့ဥပဒေအရ အဖမ်းခံရမှာပဲ။ ဒါပေမယ့် မော်ရယ်ကိုယ်ကျင့်ကျတော့ သူဟာကောင်းမွန်တဲ့ ရည်ရွယ်ချက် တခုနဲ့ လုပ်တာဖြစ်လို့ ခိုးလို့ တရားစွဲဆိုခံရလင့်ကစား သူ့ကိုလူကောင်းအဖြစ်ပဲသတ်မှတ်တယ်။ သို့သော် အဖွဲ့အစည်းတွေရဲ့ စည်းမျဥ်းစည်းကမ်းတွေဟာ သို့မဟုတ် ဥပဒေတွေဟာ အက်သစ်ကိုယ်ကျင့်ပေါ်မှာပဲ အခြေခံတည်ဆောက်တယ်။ မော်ရယ်ကိုယ်ကျင့်က ဘယ်မှာမှသတ်မှတ်ရေးသားထားတာမျိုးမဟုတ်ပဲ လူ့အဖွဲ့အစည်းအတွင်း လူများစုနားလည်လက်ခံထားတာမျိုးမို့ (ပိုကောင်းနိုင်ပေမယ့်) သုံးစွဲဖို့လက်တွေ့မှာ မလွယ်ကူလို့ ဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေကိုလက်ခံပြီး အင်အယ်ဒီ ၂၀၁၂မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်တယ်။ ရွေးကောက်ခံ နေရာအားလုံးလိုလို (နေရာ ၄၀ကျော်) အနိုင်ရခဲ့တယ်။ ၂၀၁၅ မှာ တောင်ပြိုကမ်းပြိုနိုင်တယ်။ ပြောခဲ့တဲ့ ကျနော့်ဆောင်းပါးမှာ‌ရေးခဲ့တာက ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‌မော်ရယ်ကနေ အက်သစ်ကိုယ်ကျင့် အ‌ရွေ့ကို ကူးပြောင်းပြီး စစ်တပ်ကိုရင်ဆိုင်တာဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေဟာ မော်ရယ်ကိုယ်ကျင့်စံ တွေကို ချိုးဖောက်ထားပေမယ့် လက်တွေ့ကျတဲ့ ရွေးချယ်မှုတခုကို ပြုလုပ်ခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံရေးမှာ စစ်တပ်ကို ဥပဒေအခြေခံတဲ့ ညှိနှိုင်းရင်ဆိုင်မှု (Cooperation and Competition) တခုကိုလုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ဒီရွေးချယ်မှုကို ကျနော်တို့ ထောက်ခံအားပေးခဲ့ကြတယ်။ တောက်လျှောက်စစ်တိုက်လာခဲ့ ထိပ်တိုက်တွေ့လာတဲ့ မြန်မာနိုင်ငံသမိုင်းမှာ သင့်မြတ်ရေးလမ်းကြောင်းဟာ လူထုအင်အားထိခိုက်မှု အနဲဆုံးလမ်းကြောင်းလည်းဖြစ်လို့ ရွေးသင့်တာပဲ ဖြစ်တယ်လို့ လူထုကလည်း ယုံယုံကြည်ကြည်နဲ့လက်ခံခဲ့ကြတယ်။

ပြောခဲ့သလို စစ်အာဏာသိမ်းလိုက်တဲ့ အချိန်မှာ ဒီဇတ်လမ်းဟာ ပြီးဆုံးသွားတယ်။ ဒါပေမယ့် ဒီဇတ်လမ်းကို ထဲထဲဝင်ဝင် ဝင်ရောက်လှုပ်ရှားရုန်းကန်ခဲ့ရသူတွေအဖို့ ၂၀၀၈စည်းမျဥ်းစည်းကမ်းနဲ့ ဥပဒေဘောင်တွင်းက ရထားတဲ့ ရွေးကောက်ပွဲရလဒ်စတာတွေကိုထိခိုက်လေမလားဆိုပြီး ၂၀၀၈ခြေဥကိုစွန့်ပစ်ဖို့ တုံ့ဆိုင်းခဲ့ကြပုံ ပေါ်တယ်။ ခုတရားဝင်ဖျက်သိမ်းပြီးပြီ။ ဘာပြောချင်သေးလို့လည်းလို့မေးစရာဖြစ်တယ်။

 

အင်စီအေ (NCA)

စစ်တပ်ဘက်က ၂၀၀၈ ခြေဥကိုချိုးဖောက်အာဏာသိမ်းတာကိုလည်းသိ၊ CRPH က ဒါကို တရားဝင် ဖျက်သိမ်းပါပြီလို့ ကြေညာ သည့်တိုင်အောင် EAO တွေဘက်မှာ အင်စီအေကိုစွဲလမ်းနေသေးတာ တွေ့ရတယ်။ အင်စီအေဟာ ၂၀၁၁မှာ စပေါ်လာတဲ့လမ်း ကြောင်းဖြစ်တယ်။ ၂၀၀၈ ခြေဥနဲ့ တပ်ထွက်အရပ်သားတပိုင်းအစိုးရနဲ့ စတဲ့လမ်းကြောင်းဖြစ်တယ်။ ခုမြစ်ထိပ်ကခြေဥကပိတ်လိုက်ပြီ။ အောက်မှာ အင်စီအေ ရေအလာကို စောင့်နေကြလို့ရဦးမလား။

သို့သော် တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်လို့ပြောတဲ့အခါမှာ မြန်မာတွေရဲ့ ဒီမိုကရေစီရေး နဲ့ စစ်အာဏာရှင်ပျက်သုန်းရေး ဆိုတာတွေနဲ့ မတူတဲ့နေရာတွေရှိတယ်ဆိုတာကို သတိမူဖို့လိုတယ်။ ဥပမာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ဒီမိုကရေစီဖက်ဒရယ်ဆိုပြီး ဘယ်စာလုံးအရင်ရှေ့ကထားမလည်းဆိုတဲ့ အငြင်းပွားမှုမျိုးရှိခဲ့တယ်။ စကားလုံးတွေဆိုပြီးပြီးစလွယ်သဘောထားလို့မရတာက တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာစစ်တပ်ကိုလက်နက်ကိုင်တော်လှန်ခဲ့ရာမှာ မြန်မာပြည်မှာ စစ်တပ်ကပါတီပြောင်းပြီး တပါတီအာဏာရှင်နဲ့အုပ်ချုပ်ချုပ်၊ စစ်တပ်အတိုင်းပဲ စစ်အာဏာရှင်ဆိုပြီးအုပ်ချုပ်ချုပ်၊ အရပ်သား ရွေးကောက်ခံအစိုးရတက်လာပြီးဒီမိုကရေစီဆိုပြီးအုပ်ချုပ်ချုပ်၊ သူတို့အတွက်က အတူတူလိုဖြစ်နေတာ ပါပဲ။

မြန်မာပြည်ဘက်က အစိုးရပုံစံဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးကို အပြောင်းအလဲ မဖြစ်စေဘူး။ ဒီတော့ သူတို့ဘက် ကကြည့်တော့ ဖက်ဒရယ်အရင်လုပ် ပြီးမှဒီမိုကရေစီလာ ဒါပဲ။ မြန်မာတွေဘက်ကကြည့်တော့ စစ်တပ်နဲ့ ချလိုက်၊ ပေါင်းလိုက်၊ ချသလိုပေါင်းသလိုဖြစ်လိုက်ဆိုတာတွေမှာ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်မပေးနိုင်တာက စစ်တပ်ကကြားက ခံနေလို့၊ ဒီမိုကရေစီမရပဲ (တနည်း စစ်တပ်ကိုအရပ်ဘက်အောက်မထည့်ပဲ) ဖက်ဒရယ်ဖြစ်ဖို့မလွယ်ဘူး ဆိုတာပဲ။

ဒီနေရာမှာ ကျနော်တခုပြောချင်တာက ၂၀၀၈ခြေဥပျက်သွားပြီ။ မြန်မာနိုင်ငံရေးဟာ စစ်အာဏာရှင် ဖျက်သိမ်းရေးကို ဖေဖော်ဝါရီ  ၁ ရက်နေ့နောက်ပိုင်း ထင်ရှားလာတာက လူထုကဦးဆောင် တော်လှန်တာဖြစ်တယ်။ သဘောတရားဟာ အက်သစ်ကိုယ်ကျင့်ပျက်ပြီး မော်ရယ်ကိုယ်ကျင့်ကို ပြန်ရောက်သွားပြီဆိုတာဖြစ်တယ်။ အခုလူထုဦး‌ဆောင်မှုကနေ CRPH ရဲ့တရားဝင်မှုနဲ့ စီဒီအမ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စုပေါင်းဖွဲ့မယ့် အမျိုးသားညီညွတ်ရေးအစိုးရဟာ ဥပဒေထက်အခြေခံပိုကျတဲ့ လွတ်လပ်ရေး၊ ညီညွတ်ရေးနဲ့ တရားမျှတရေးစတဲ့ မော်ရယ်ကိုယ်ကျင့်တွေ အပေါ်အခြေခံတည်ဆောက်မှာဖြစ်လို့ အခြေအနေတွေကော ရပ်တည်ပုံတွေကောမှာ အရင်ငါးနှစ်လို မဟုတ်တော့ဘူးလို့ EAO တွေဘက်ကနားလည်သဘောပေါက်ပေးဖို့လိုပါမယ်။ အင်စီအေလည်း ပြီးသွားပါပြီလို့ လက်ခံနိုင်ကြဖို့၊ ရဲရဲပေါင်းရဲကြဖို့လိုတယ်။

 

ဖက်ဒရယ်တပ်

CRPH မှာတပ်လိုမယ်ဆိုတာကို ယေဘူယျအချက်အနေနဲ့လက်ခံတယ်။ သို့သော် ဘယ်လိုတပ်မျိုးနဲ့ ဘယ်သူတွေ ဘယ်လောက် ပါဖို့လိုမလည်း။ ဒီမေးခွန်းအတွက် ရှေ့ဖြစ်လာနိုင်မယ့် ဖြစ်တန်ချေ အနေအထားတွေ (Scenarios) တွေကို ပုံဖော်ကြည့်ဖို့လိုမယ်ထင်တယ်။ ဆိုလိုတာက CRPH တပ်က လောလောဆယ် မြို့ပေါ်ပျောက်ကြားတပ်ပဲလား။ ခုကနေ ၁လ သို့မဟုတ် ၂လအတွင်း (ဖြစ်နိုင်တဲ့ အနေအထား ပုံဖော်တယ်ဆိုတာ အချိန်နဲ့ပါထဲ့သွင်းတွက်ချက်ထားတာကိုဆိုလိုတယ်) မြို့ပေါ်ပျောက်ကြားနဲ့ (အဲဒီပျောက်ကြားကို တစိတ်တပိုင်းလိုက်အထောက်အကူပြုမယ့် EAO တချို့လိုမလား) EAO တွေက ပြည်နယ်မြို့တွေဝင်တိုက်တာမျိုးလား၊ စသည်ဖြင့် ကွဲပြားဖို့လိုမယ်။ အဲသည်အချိန်အတွင်းမှာကိုပဲ ပြည်ပအထောက်အကူတပ်ကဘယ်လိုဝင်ရောက်နိုင်မလည်း စသည်ဖြင့်ဆက်လက်ချိန်ဆတာမျိုးကိုဆို လိုတယ်။

စစ်တပ်ကိုလက်နက်ကိုင်တိုက်လာတာ မနိုင်ကြပါဘူးလို့ ဆိုကြတယ်။ ကိုဗစ်၁၉ မှာလိုပေါ့။ ကာကွယ်ဆေးပေါ်ဖို့ဆိုတာ အခန့်မသင့်ရင် ၁၀နှစ်အနည်းဆုံးအချိန်ယူရတာလို့ပြောကြတယ်။ တကယ်ရှာတော့ တနှစ်အတွင်းရလာတယ်။ မတူတော့ဘူး ၁၉၆၀ကျော် ၇၀ခုနှစ်တွေနဲ့ ၂၀၂၁ ဆိုတာ နှစ်ခြောက်ဆယ်လောက် ဝေးကွာသွားပြီ။ မြန်မာစစ်တပ်ဟာ လွတ်လပ်ရေးရပြီးချိန်ကစလို့ ဒီနေ့အထိ သမိုင်းမှာပထမဆုံးအကြိမ်လူထုနဲ့ အိုးစားကွဲသွားပြီဖြစ်တယ်။ ပထမဆုံးအကြိမ်အင်အားအချိနဲ့ဆုံးအချိန် ဖြစ်တယ်။ ပထမဆုံးအကြိမ်နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကိုမောင်းနှင်လို့မရဘူးဖြစ်နေတယ်။ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်ကျိုးရှာခဲ့လွန်းလို့ တပ်ဟာအခြေခံမှာလိုအပ်ချက်တွေနဲ့ ဖြစ်နေတယ်။

အပြင်မှာ အိုင်စီဂျေအမှုကစောင့်နေတယ်။ ပိတ်ဆို့မှုမျိုးစုံဒါဏ်ကိုစခံနေရပြီ။ ကုလကအထူးညီလာခံ ကျင်းပဖို့ လုပ်နေတယ်။ တခါမှမကြားဖူးတဲ့ ငါးနိုင်ငံစစ်ရေးလေ့ကျင့်မှုကနေပြည်တော်နဲ့လက်တကမ်းက ပင်လယ်ပြင်မှာ။ စီအင်အင်လိုသတင်းဌာနကို ခေါ်ဝါဒဖြန့်ဖို့ကျိုးစားလို့ နိုင်ငံတကာမှာ ပိုလို့မျက်နှာ မပြရဲအောင်ဖြစ်နေတယ်။ ငွေစီးဆင်းမှုဟာ မကြာခင်ရပ်တန့်မလိုဖြစ်နေပြီ။ ဒါအခု စိတ်ထဲပေါ်တာရေးပြတာပဲရှိသေးတယ်။

တဖွဲ့ဖွဲ့က မဟာဗျူဟာ တခုကိုချပြရမယ်။ CRPH ကို တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေဟာ အဖွဲ့အလိုက်၊ နယ်မြေအလိုက်၊ သူတို့အခံ၊ သူတို့အကျိုးစီးပွားကိုကြည့်ပြီး စပေါင်းကြမယ်။ အဲဒီအဖွဲ့တွေက မြို့ပြပျောက်ကြားကို အထောက်အကူပေး။ မပေါင်းနိုင်တဲ့ အဖွဲ့တွေကလည်း သူ့အပိုင်မြေမှာ သူဘယ်လို တိုက်နိုင်မလည်းချိန်ဆ။ စတိုက်ပြီဆိုတာနဲ့မကြာခင်မှာပဲ စစ်တပ်ဟာ အမှားတွေကိုထပ်လုပ်မိလိမ့်မယ်။ လုပ်တာနဲ့ ဒီအကြိမ်ဟာ နိုင်ငံတကာကို မီးစိမ်းပြတာပါပဲ။ ဒီအချိန်စုစည်းတိုက်နိုင်ရင် လပိုင်းပဲ။

 

ကျော်ဇောခိုင်

Related Articles

Back to top button