တိုင်းရင်းသား၊ အမျိုးသားနှင့် နိင်ငံသား စသည်တို့ကို ရောထွေးမသုံးစွဲစေလို
(Ethnic, National နှင့် State တို့၏ တူညီမှုနှင့်ကွာခြားချက်များ)
ဆလိုင်းထောင်း
အထက်ပါ ဝေါဟာရများသည် ဗမာစာပေဖြင့် မဆိုထားဘိ အင်္ဂလိပ်ဘာသာဖြင့်ပြင်လျှင် အဓိပ္ပယ် အတိမ်အနက်၊ အနံအလျား တိုင်းတာရန် ခက်ခဲသည်လှပါသည်။ ပညာရှင်များလည်း ငြင်းခုန်ကြပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ လူမျိုးပေါင်းစုံအကြားမှာ ပဋိပက္ခဖြစ်သော အသိုင်းအဝန်းတွင် အထက်ပါ ဝေါဟာရများဖြင့် စာရင်းပြုအုပ်စုခွဲသတ်မှတ်ရန်ရေးမှာ ပိုမိုခက်ခဲပါသည်။ သို့သော် နိုင်ငံရေးအရ သော်လည်းကောင်း၊ မသိနားမလည်မှုကြောင့်သော်လည်းကောင်း၊ အလွန်အကျွံ အဓိပ္ပယ်ဖွင့်ဆိုမှုနှင့် အလွဲသုံးစားပြုလုပ်မှုများအထိ ရှိလာသည့်အတွက် အောက်ပါအတိုင်း ပြန်လည်စဉ်းစားသုံးသပ်နိုင်ကြစေရန် ဆွေးနွေးလိုပါသည်။
Nation နှင့် Ethnic တူညီမှုနှင့် ကွာခြားမှု (အမျိုးသားလား၊ တိုင်းရင်းသားလား)
လူမျိုး(အမျိုးသား)နှင့် တိုင်းရင်းသားတို့၏ ကြင်အင်လက္ခဏာများ တူညီမှုနှင့် ကွာခြားမှုများကို ပညာရှင်များက အမျိုးမျိုးရေးသားဖော်ပြကြပါသည်။ ပညာရှင် Anthony D. Smith က ဇယားဖြင့် နှိုင်းယှဉ်ဖော်ပြထားသည့်အချက်သည် အရိုးရှင်းဆုံးဖြစ်မည်ထင်လို့ အောက်မှ ဖော်ပြထားပါသည်။ သူ့စာရင်းအရ ethnic ခေါ် တိုင်းရင်းသားတစ်ခုက Nation(al) ခေါ် အမျိုးသားအဆင့်သို့ ရောက်ရှိနိုင်ရန် အထူးသဖြင့် ‘ဘုံပြည်သူ့ယဉ်ကျေးမှု(common public culture)ရှိရန်လိုအပ်သည်ကို တွေ့ရသည်။ ထို့ပြင် ဘုံသမိုင်း၊ ဘုံစီးပွားရေးနှင့် ဌာနေဒေသတစ်ခုကို လွှမ်းမိုးစုစည်းနိုင်မှုတို့ လိုအပ်သည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား/လူမျိုး ၂၀ ကျော်ရှိပါသည်။ စစ်အစိုးရအဆက်ဆက်က ၁၃၅ ရှိသည်ဆိုသည်မှာ မှားယွင်းပါသည်။ အထက်ပါ အင်္ဂါရပ်များအရလည်းကောင်း၊ မိမိလက်လှမ်းမှီသလောက် မနုသဗေဒရှုတောင့်အရ ထောက်ရှုလျှင်သော်လည်းကောင်း၊ မြန်မာနိုင်ငံက အများစုသည် ‘ethnic’ အဆင့် ဖြစ်ကြပြီး ဆယ်ဂဏန်းအောက်သာ ‘national’ အင်္ဂါရပ်ဖြင့် ပြည့်စုံသည်ဟု ဆိုရပေမည်။
ခြုံငုံသုံးသပ်လျှင် တစ်ချို့ ‘ethnic’အဆင့်ကို ကျော်လွန်ပြီဖြစ်သော လူမျိုးများကို ‘ethnic group’ထဲမှာ ဆက်ပြီး ထားရှိသတ်မှတ်ခြင်းသည် မသင့်တော်ဘူးလို့ ယူဆသည်(ဥပမာ- ရခိုင်)။ အလားတူတစ်ချို့ ethnic အဆင့်သာရှိသော လူမျိုးစုငယ်(လူဉီးရေအရ ‘ငယ်’သည်ဟု ဆိုလိုခြင်းမဟုတ်)များက သူတို့နာမည်ရှေ့မှာ ‘national’ဟု သုံးနှုန်းတတ်သည်ကလည်း မသင့်တော်ပေ။ ဤနေရာမှာ အင်္ဂလိပ်ဝါဟာရ အပေါ်မှာသာ အခြေခံ၍ အနက်ဖွင့် ခွဲခြမ်းခြင်းဖြစ်ပြီး ဗမာဝေါဟာရဖြစ်သည့် တိုင်းရင်းသား၊ အမျိုးသား၊ လူမျိုး စသည်တို့သည် မိမိနားလည်သလို ဘာသာပြန်ခြင်းဖြစ်သည်။
အမျိုးသားနှင့် နိုင်ငံသား ကွာခြားချက် (Nation versus State)
National ကို မြန်မာဘာသာဖြင့် ‘အမျိုးသား’ဟု အားလုံးက ဘာသာပြန်ကြသော်လည်း Nation ကိုမူ လူမျိုးဟူ၍လည်းကောင်း၊ နိုင်ငံဟူ၍လည်းကောင်း ဘာသာပြန်ကြသည်ကို တွေ့ရသည်။ အလားတူ State ကိုလည်း နိုင်ငံဟုလည်းကောင်း၊ ပြည်နယ်ဟုလည်းကောင်း၊ သုံးနှုန်းလေ့ရှိသည်။
ယင်းကဲ့သို့ရှုပ်ထွေးနေရခြင်းသည် ဗမာစာတစ်ခုတည်းကြောင့်မဟုတ်ဘဲ မူရင်းအင်္ဂလိပ်ဘာသာစကား ပြောဆိုသည့် ဉရောပနိုင်ငံများတွင် ၁၇ ရာစုဝန်းကျင်မှာ Nation-Building ခေါ်အမျိုးသားတည်ဆောက်ရေးနှင့် State-Building ခေါ် နိင်ငံတော်တည်ဆောက်ရေးနှစ်ခုစလုံးကို ရောထွေးခဲ့မှုကြောင့်ဖြစ်သည်။ ထိုကဲ့သို့ ပြိုင်တူ တည်ဆောက်မှုကြောင့် ဉရောပနိုင်ငံ အများစုသည် ယနေ့တွင် အမျိုးသားနိုင်ငံ(Nation-State)ခေါ် လူမျိုးတစ်ခုကိုအခြေခံသည့် နိုင်ငံတော်များ ဖြစ်လာကြသည်။
ထို့ကြောင့် သူတို့နိုင်ငံတွင် လူမျိုးလည်းနိုင်ငံ၊ နိုင်ငံလည်းလူမျိုး၊ ဖြစ်လာသည့်အတွက် လူမျိုးနှင့်နိုင်ငံကို အတူတူ ခေါ်ဆိုသုံးနှုန်းနိုင်ပြီဖြစ်သည်(interchangeable)။ တစ်နည်းအားဖြင့် အမျိုးသားနှင့် နိုင်ငံသား (Nation နှင့် State) သည် သူတို့နိုင်ငံတွင် အတူတူဖြစ်လာသည်။
သို့သော်လည်း ကျန်တော်တို့နိုင်ငံကဲ့သို့သော လူမျိုးပေါင်းစုံမှ အတူယှဉ်တွဲနေထိုင်ရေး(coming together)မူဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဖွဲ့စည်းတည်ထောင်သည့် နိင်ငံသစ်များကို Multi-national State သို့မဟုတ် State-National ဟု ခေါ်ကြသည်။ ဤကဲ့သို့သော Nation-State မဟုတ်သည့် နိုင်ငံမျိုးတွင် State/Union ခေါ် ‘နိုင်ငံတော်’နှင့် Nation ခေါ် ‘လူမျိုး/အမျိုးသား’ကို ရောထွေးသုံးနှုန်းခြင်းသည် ရှုပ်ထွေးမှုရှိစေသည်။
အဘယ်ကြောင့်ဆိုသော် ထိုသို့သုံးနှုန်းခြင်းအားဖြင့် ဉရောပနိုင်ငံများကဲ့သို့ နိုင်ငံတစ်ခုအတွင်း လူမျိုးတစ်ခုတည်း ရှိနေသယောင်ယောင် အဓိပ္ပယ်သက်ရောက်စေပြီး နိုင်ငံထဲမှာ အကြီးဆုံးလူမျိုး(အမျိုးသား)က ကျန်ရှိသော လူမျိုး(ငယ်)များကို အသိအမှတ်မပြုရာ ရောက်သွားတတ်သည်။ လူမျိုးကြီးဝါဒ သို့မဟုတ် ဝါးမြိုရေးဝါဒ(assimilation)၏ လှို့ဝှက်ဗျူဟာလည်းဖြစ်တတ်သည်။
ထို့ကြောင့် National(အမျိုးသား)ဆိုသည့် ဝေါဟာရကို သက်ဆိုင်ရာလူမျိုးများအတွက်သာ ဖြစ်သင့်သည်။ တစ်နိုင်ငံလုံးကို ခြုံငုံပြီးခေါ်သည့်အခါ Union, Federal, State, Statewide (နိုင်ငံ၊ နိုင်ငံတော်၊ နိုင်ငံတစ်ဝှမ်းလုံး၊ ပြည်ထောင်စု) စသည်ဖြင့် ခေါ်သင့်ပါသည်။ ‘တိုင်းပြည်’ဟူဤလည်း ခေါ်ဝေါ်လို့ရတန်ရာသော်လည်း တစ်ချို့ လူမျိုးများက သူတို့ကို ‘ပြည်’ သို့မဟုတ် ‘ပြည်ထောင်’ (သာဓက-မွန်ပြည်၊ ချင်းပြည်ထောင်)ဟု သုံးနှုန်းကြသည် ကိုလည်း သတိချက်ရမည်။ ‘ပြည်’သည် လူမျိုးကို ညွန်းသည်ဟုယူဆသည်။
အလျှင်းသင့်၍ အားနာနာဖြင့် ပြောရလျှင် CRPH ဉီးဆောင်မှုဖြင့် ဖွဲ့စည်းလိုက်သည့် မြန်မာပြည်ထောင်စု အစိုးရ(NUG)၏ အမည်နာမတွင် National (အမျိုးသား)ဟု သုံးနှုန်းသည်ကလည်း သင့်တော်မှုမရှိဘူးဟု ထောက်ပြရပါမည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဆိုတာမျိုးသည် Israel (အိစ္စရဲလ်)နိုင်ငံကဲ့သို့သော အမျိုးသားနိုင်ငံ(Nation-State)များတွင် ဖွဲ့စည်းသုံးနှုန်းခဲ့ခြင်းဖြစ်ပြီး မိမိတို့ လူမျိုးပေါင်းစုံနိုင်ငံတွင် ယင်း National(အမျိုးသား) စကားလုံးသည် နိုင်ငံတစ်ခုလုံးအတွက် သုံးနှုန်းရန်မသင့်ပေ။ ယင်းအစား Federal သို့မဟုတ် Union သို့မဟုတ် Nationalities ဆိုသည့်ဝေါဟာရများကို ရွေးချယ်သင့်သည်။
မှတ်ချက်။
စစ်ကောင်စီအမြစ်ပျက် ခြေမှုန်းရေးကို အဓိကထားပြီး ဆင်နွဲနေသည့်ကာလဖြစ်သည့်အတွက် ဤအချိန်မှာ အချင်းချင်းအကြား ညီညွတ်မှုကျဆင်းစေမည့် ရေးသားမှု ရှောင်ရှားနိုင်ရေး အရေးကြီးပါသည်။ မှန်ပါသည်။ သို့သော် စစ်အုပ်ချုပ်ရေး ရပ်တန့်ပြီးမှ တိုင်းရင်းသား/လူမျိုးအရေးကို ပြောဆိုဆွေးနွေးမည်ဆိုတော့လည်း နှစ်ပေါင်း ၆၀ ကျော်ပြီဆိုတော့ မဖြစ်သေးဘူး။ ထို့ကြောင့် အခုကတည်းက အပြုသဘောဖြင့် ပြောဆိုဆွေးနွေးရပါလိမ့်မည်။
Attributes of Ethnies(ethnics) and Nations
တိုင်းရင်းသားနှင့် လူမျိုးကို ပေါ်ပေါက်စေသော ကြင်အင်များ
Ethnie (Ethnic) တိုင်းရင်းသား | Nation လူမျိုး(အမျိုးသား) |
Proper name
(သင့်လျော်သော အမည်) Common myths of ancestry, etc. (မျိုးရိုးဆိုင်ရာ ဘုံဒဏ္ဉာရီ) Shared memories (ဘုံမှတ်ညဏ်/အမှတ်တရများ) Cultural differentia(e) (ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှု) Link with homeland (ဌာနေဒေသ ထိစပ်ချိတ်ဆက်မှု) Some(elite) solidarity တစ်ချို့(အထက်တန်းလွှာ) စုစည်းညီညွတ်မှု |
Proper name
(သင့်လျော်သော အမည်) Common myths (ဘုံဒဏ္ဌာရီ) Shared history (တူညီသော/ဘုံ သမိုင်း) Common public culture (ဘုံပြည်သူ့ယဉ်ကျေးမှု) Occupation of homeland (ဌာနေဒေသကို ထိန်းချုပ်မှု) Common rights and duties (စုပေါင်းအခွင့်အရေးနှင့် တာဝန်များ) Single economy (တစ်ခုတည်းသော စီးပွားရေး) |