ပုံ- PNLO ခေါင်းဆောင်များနဲ့ အဖွဲ့၀င်များကိုတွေ့ရစဉ်။(PNLO Info)
စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့်အာဏာရှင်စနစ်မျိုးမဆို ချုပ်ငြိမ်းစေ၍ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အ၀ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်နိုင်ရေး အတွက် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၁၃၊ ၂၀၂၁
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုး ချုပ်ငြိမ်းစေပြီး အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အ၀ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်း တည်ဆောက် နိုင်ရေးအတွက် ပအိုဝ်းတစ်မျိုးသားလုံး ပြည်သူလူထုနှင့်အတူ လက်တွဲ ဖော်ဆောင် နိုင်ရန် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြသော ဒေသပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံမှ ပအိုဝ်းတော်လှန်ရေး အင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ အထူး ဖိတ်ကြားထားသူများ လေ့လာသူများ ပူးပေါင်းပါဝင်၍ ဖက်ဒရယ် ညီလာခံ တရပ်ကျင်းကာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းကြောင်း (ဒီဇင် ဘာ ၁၁ ရက်)တွင် ထုတ်ပြန် ကြေညာထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ညီလာခံသည် ပထမဦးဆုံး အကြိမ်ကျင်းပနိုင်ခဲ့သော ပအိုဝ်းအမျိုးသား ဖက်ဒရယ်ညီလာခံမှ ပအိုဝ်းအမျိုးအသား ဖက်ဒရယ် ကောင်စီကို တရားဝင်ဖွဲ့စည်း တည်ထောင် နိုင်ရန် အလို့ငှာ ဖွဲ့စည်းပုံ၊ မူဝါဒ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တို့ကို အကြေအလည် ညှိနှိုင်းတိုင်ပင်ကြပြီး ရှေးဦးစွာ အတည်ပြု ပြဌာန်းနိုင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။
“ညီလာခံလုပ်ဖြစ်တာကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ပြီးတော့မှပဲ အာဏာသိမ်းခဲ့တယ်၊ လူထုရဲ့ဆန္ဒကို ဆန့်ကျင်ပြီးတော့မှပဲ အာဏာသိမ်းခဲ့တာကို ပြည်သူလူထုတစ်ရပ်လုံး၊ တိုင်းဒေသပြည်နယ်အသီးသီး လူမျိုးပေါင်းစုံကို ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။ ဒီအပေါ်မှာ စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်နှိမ်နှင်းခဲ့တယ်ဆိုတာကိုလည်း အများအသိပဲ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီအာဏာရှင်စနစ်ဟာ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူပေါင်းစုံ လိုလားတောင်းတနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပဲဖြစ်ဖြစ်၊ တည်ဆောက်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပဲပြောပြော လုံးဝဆန့်ကျင်ဖျက်ဆီးနေတယ်။ တည်ဆောက်နိုင်ဖို့ဆိုရင်တော့ ဒီအာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားနိုင်မှရမယ်လို့ ကျွန်တော်တို့ခံယူထားတယ်။ ဒါကြောင့်မို့လို့ ဒီအာဏာရှင် စနစ် ကျွန်တော်တို့ အပြီးသတ်ချုပ်ငြိမ်းနိုင်မှ တော်လှန်နိုင်ဖို့အတွက်ဆိုရင်တော့ အားလုံးပါဝင်ပြီးတော့ တော်လှန်မှသာဖြစ်မယ်။ တိုင်းဒေသအသီးသီးက တိုင်းရင်း သား လူထုတွေတော်လှန်သလိုပဲ ကျွန်တော်တို့ ပအိုဝ်းတိုင်းရင်းသားလူထုတွေ လည်းပဲ အင်အားတစ်ခုအနေနဲ့ ပါဝင်တော်လှန်မယ့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာလည်း ကျွန်တော်တို့ပအိုဝ်းတိုင်းရင်းသားတွေအနေနဲ့ ပါဝင်ပြီးတော့ စုပေါင်း ဦးဆောင်မှုတွေနဲ့ ပါဝင်တည်ဆောက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တောင်ပေါ်ဒေသ မြေပြန့်ဒေသမှာရှိတဲ့ ပအိုဝ်းတိုင်းရင်းသားအင်အားစုတွေ အလွှာအသီးသီး ပြည်ပ နိုင်ငံရောက်နေတဲ့ ပအိုဝ်းအင်အားစုတွေ အင်အားစု အသီးသီး အလွှာအသီးသီးလူပေါင်းစုံပါဝင်ပြီးတော့မှ ဒီညီလာခံကို ကျင်းပခြင်းဖြစ်တယ်။ ဒီညီလာခံကနေပြီးတော့မှ ပအိုဝ်းအမျိူးသားနိုင်ငံရေးကို ဦးဆောင်မယ့် ဖက်ဒရယ်ကောင်စီကိုဖွဲ့စည်းနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ပအိုဝ်းအမျိူးသားညီလာခံကို ကျင်းပခြင်းဖြစ်ပါတယ်” ဟု ပြောပါတယ်။
ပအိုဝ်းအမျိူးသားဖက်ဒရယ်ဖွဲ့စည်းပုံပါ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲ ဖြစ်ဖြစ် တကယ်လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး အခြားတိုင်းရင်းသားတွေ အခြားသော အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ အကောင်ထည်ဖော်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခြင်းဖြစ်ပါတယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ဖက်ဒရယ်ဂျာနယ်ကို ဆက်ပြောပါတယ်။
“ကျွန်တော်တို့ ပအိုဝ်းအမျိူးသားနိုင်ငံရေးကိုဦးဆောင်ဖို့အတွက် နိုင်ငံရေးအစုအဖွဲ့တစ်ခု လိုအပ် နေတယ်။ ဒီအာဏာရှင်တော်လှန်ရေးမှာ အခြားတိုင်းရင်းသားတွေနဲ့ အင်အားစုတစ်ခုအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ ပအိုဝ်းတိုင်းရင်းသား အမျိူးသားအဆင့် ဦးဆောင်နိုင်မယ့်အင်အားစု တစ်ခုလိုအပ်တယ်။ ဒါကြောင့်မို့လို့ ပအိုဝ်းအမျိူးသားဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ညီလာခံကနေပြီးတော့ အင်အားစုအသီးသီး အဓိကအင်အားစု မဏ္ဏိုင်အသီးသီးနဲ့ အချိူးတူပါဝင်ပြီးတော့မှ ပအိုဝ်းအမျိူးသားဖက်ဒရယ်ကောင်စီကို ကျွန်တော်တို့ စုဖွဲ့ထားပြီးတော့ ဖွဲ့စည်းကြေငြာထားပြီးသား ဖြစ်ပါတယ်။ ဒီဖက်ဒရယ်ကောင်စီမှာပါဝင်တဲ့ ၁၅ဦးထဲကနေ ပြီးတော့မှ ဗဟိုအလုပ်မှုဆောင် ၇ ဦးကိုလည်းပဲ ကျွန်တော်တို့ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒီ ဦးဆောင်ကော်မတီ ကနေပြီးတော့မှ ပအိုဝ်းအမျိူးသားဖက်ဒရယ်ဖွဲ့စည်းပုံပါ ရည်မှန်းချက်၊ရည်ရွယ်ချက်တွေ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲဖြစ်ဖြစ် တကယ်လိုအပ်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး အခြားတိုင်းရင်းသား တွေ အခြားသောအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ အကောင်ထည်ဖော်ဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခြင်းဖြစ်ပါတယ်” ဟု ပြောပါတယ်။
ပအိုဝ်းအမျိူးသား ဖက်ဒရယ်ကောင်စီ အနေဖြင့် ဘာသာစကားတွေ၊ ဓလေ့ထုံးတမ်းတွေ၊ မတူညီတဲ့ယဉ်ကျေးမှု၊ စာပေတွေနဲ့ တိုင်းရင်းသား လူမျိူးပေါင်းစုံအသီးသီးများစွာ မှီတင်းနေထိုင်ကြသည့် နိုင်ငံတွင် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို ချုပ်ငြိမ်းစေကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ တော်လှန်ရေး အင်အားစုများ အချင်းချင်း၊ တိုင်းရင်းသားပေါင်းစုံအင်အားစုများကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် NUG / NUCC တို့၏ အခြေခံမူဝါဒများ ကတိကဝတ်များနှင့်အတူ ခိုင်ခိုတင်မာမာနှင့် ပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။