တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 93, November 19, 2024)

၁။ ဘန်ကောက်စစ်ရှောင်စခန်း နေရာဟောင်း ဒုတိယအကြိမ် ဗုံးကြဲခံရမှု သေဆုံးမရှိ၊ ထိခိုက်ပျက်စီးမှုရှိ
 November 18, 2024
ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိရွာက ဘန်ကောက်စစ်ရှောင်စခန်း နေရာဟောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့တာ ကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ အဆောက်အအုံပျက်စီးမှုတွေ ရှိတယ်လို့ သိရပါတယ်။ ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဘန်ကောက်စစ်ရှောင်စခန်း နေရာအဟောင်းကိုပဲ ဒီမနက် ၁၁ နာရီခွဲမှာ ဂျက်ဖိုက်တာနှစ်စင်းနဲ့ ပေါင် ၅၀၀ ဗုံးဖြင့် တစ်ကြိမ်၊ ပေါင် ၂၀၀ ဗုံးသီးဖြင့် တစ်ခါကြဲလျှင် နှစ်ကြိမ်နှုန်းဖြင့် စုစုပေါင်း ဗုံး ငါးလုံးကို သုံးကြိမ်ခွဲ ကြဲချခဲ့တယ်လို့ အမှတ် ၁၀၀၇ တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ် -၂ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗုံးကြဲမှုကြောင့် စခန်းအနီးက ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း၊ စပါးကျီ၊ နေအိမ်အများအပြားနဲ့ စစ်ရှောင်တဲတွေ ပျက်စီးခဲ့တယ်လို့သိရပါတယ်။

လူထိခိုက်မှုအနေနဲ့ ငါးဦးအထိ ထိခိုက်ဒဏ်ရာရမှု အနည်းငယ်ရှိနိုင်တယ်လို့ သွားရောက်ကူညီနေသူတွေ ဆီကသိရပါ တယ်။ ပထမအကြိမ် ဗုံးကြဲမှု ဖြစ်စဉ်နောက်ပိုင်း စစ်ဘေးရှောင်အများစုက တခြားသို့နေရာပြောင်းရွှေ့ နေထိုင်ခဲ့ကြပေမယ့် ရွှေ့ ပြောင်းရန် အခက်အခဲရှိတဲ့ တချို့စစ်ဘေးရှောင်တွေက အဲ့နေရာမှာပဲ ဆက်လက်နေထိုင်နေတာလို့ စစ်ရှောင်တွေကိုကူညီနေတဲ့ ဖယ်ခုံဒေသခံ အမျိုးသမီးတစ်ဦးက မဲခေါင်ကိုအခုလို ပြောပြပါတယ်။“စစ်ရှောင်စခန်းက အရင်တခါအကြဲခံရပြီး နေရာရွှေ့ထား တယ်၊ ဒါပေမယ့်တချို့စစ်ရှောင်တွေက အဲ့မှာကျန်နေသေးတာ”လို့ သူကဆိုပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာသူတွေကို ဆေးရုံ ပို့ကုသပေးနေပြီး နောက်တကြိမ် လေကြောင်းလာတိုက်ခိုက်မှာကို စိုးရိမ်နေကြပါတယ်။ ထိခိုက်ပျက်စီးထားတဲ့ အဆောက်အအုံ တွေကို ရှင်းလင်းတာတွေ မလုပ်ရဲသေးဘူးလို့ သိရပါတယ်။  ဒေသခံစစ်ရှောင်ပြည်သူနဲ့ ဒေသခံတွေက စစ်ကောင်စီအနေနဲ့ ဒီ ဘန်ကောက်စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ မကြာခဏ လေကြောင်းကနေ ကင်းထောက်ပြီး လေကြောင်းတိုက်ခိုက်ရတဲ့ အကြောင်းအရင်းကို မသိရဘူး စဉ်းစားမရဘူးလို့ ဆိုပါတယ်။ Read in Full

၂။ မင်းတပ်မြို့ကို စစ်ကောင်စီက ၁၀ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး လေကြောင်းဖြင့် ဗုံးကျဲမှုများနေ့စဉ်လုပ် ဆောင်နေ
November 19, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ၁၀ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး လေကြောင်းဖြင့် ဗုံးကျဲမှုများကိုလည်း နေ့စဉ် လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများ နှင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။ နိုဝင်ဘာလ ၈ ရက်နေ့ ညဦးပိုင်းမှစတင်၍ ချင်းညီနောင် မဟာ မိတ်ပူးပေါင်းတပ်များက မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်က မင်းတပ်မြို့မှ နေအိမ်များကို မီးရှို့ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲခြင်း များကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က မင်းတပ်မြို့ ၂ မိုင်နှင့် ၃ မိုင် အနီးရှိ နေအိမ်များကို မီးပုလင်းများ အသုံးပြု၍ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်ခဲ့ကြောင်း သိရသည်။

“မီးတော့ရှို့နေတယ် မီးပုလင်းတွေ လက်နက်ကြီးတွေကတဆင့် မီးလောင်တာတွေပါ။ နေအိမ်ဘယ်နှအိမ်ပျက်စီးတယ် ဆိုတာကတော့ မသိရသေးဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆို သည်။ လက်ရှိ  မင်းတပ်ရဲစခန်းနှင့် ခလရ ၂၇၄  စစ်ကောင်စီ ခြေလျင်တပ်ရင်းအနီးဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ပြင်း ထန်နေခဲ့ပြီး မြေပြင် စစ်ကူမပေးနိုင်သဖြင့် လေယာဉ်ဖြင့် ဗုံးကျဲချခြင်းများကို စစ်ကောင်စီက လုပ် ဆောင်နေကြောင်း၊ မင်းတပ် မြို့ကို လက်မလွတ်ရရေးအတွက် လေကြောင်းကို အဓိကအားကိုးပြီး ခုခံနေကြောင်း သိရှိရသည်။ “နေ့စဉ်ကို ဗုံးတွေ ရာချီ ကျဲချ နေတာ။ Y-12 လေယာဉ်ရော တိုက်လေယာဉ်ရော လေယာဉ်ပေါင်းစုံနဲ့ ဗုံးတွေ ကျဲချနေတာဖြစ်ပါတယ်။ ၁၀ ရက်အတွင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကျဲတာ ဗုံးအလုံးပေါင်းထောင်ချီရှိနေပါပြီ။ မြို့ရဲ့ နေရာတော်တော်များများကလည်း မီးလောင် ပြာကျ ပျက်စီးသလောက်ဖြစ်နေပါပြီ” ဟု မင်းတပ်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။  “စုစုပေါင်း မီးလောင်ပြာကျတဲ့ အိမ်ခြေ ကတော့ ရာဂဏန်းအထက်မှာရှိနေပြီ။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပဲ။ စစ်တပ်က တမင်ကို မီးလိုက်ရှို့နေတာ” ဟု မင်းတပ် စစ်ရေးသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။ Read in Full

 
၃။ မင်းပြားမှာ လူပေါင်းရာနှင့်ချီ ငှက်ဖျားရောဂါဖြစ်ပွားနေပြီး သေဆုံးသူ ၅ ဦးအထိရှိလာ
 November 18, 2024
အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည် မင်းပြားမြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ကျော်က လူပေါင်း ရာနှင့်ချီ ငှက်ဖျားရောဂါ ခံစားနေရပြီး သေဆုံးသူ ၅ ဦးအထိ တိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် ငှက်ဖျားရောဂါကူးစက်နေသူ ၁၅၀ ကျော်ရှိပြီး ယခု နိုဝင်ဘာလတွင်လည်း ၃ ဒါဇင် ထက်မနည်း တိုးလာ ကြောင်း ရွာသားများက ပြောပြကြသည်။ ငှက်ဖျားရောဂါ ဝေဒနာခံစားနေကြရသည့် ရာနှင့်ချီသော ဒေသခံများမှာ ကျီးမချေ၊ ကျီးမကြီး၊ င/လင်ကြီး၊ နတ်ထောက်၊ ခွီးချီးမြောင်၊ ဇိုင်ချောင်း၊ ပန်းမြောင်း၊ ထိန်ပင်၊ ရွှီတောင်၊ အညှင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဒိုင်းသား၊ ဝါးတောင်၊ မြင်းကဆိပ်၊ ခွဆုံ စသည့် ကျေးရွာများနှင့် အခြား ကျေးရွာများလည်း ပါဝင်သည်။  မင်းဖူးဒေသခံ တစ်ဦးက “ကျနော်တို့ရွာမှာက ဆေးခန်းရှိပေမယ့်ဆေးကမရှိဘူး။ ဒီအနီးအနားရွာတွေကလည်း ကျနော်တို့ ဆေးခန်းကိုပဲလာပြ ကြတာ။ ဆေးလည်း မလုံလောက်၊ ဆရာဝန်အပါအဝင် သနာပြုတွေကလည်း အလုံအလောက်မရှိဘူး။ ငှက်ဖျားဖြစ်နေကြတာ ကအများကြီးပဲ။ ကျနော်တို့ရွာမှာတောင် လူဆယ်ဂဏန်းအထိရှိတယ်။ သေဖို့ပဲစောင့်ရုံပဲပေါ့ မတတ်နိုင်ဘူးလေနော်”ဟု ပြော သည်။

ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းအပေါ် မင်းပြားမြို့ခံတစ်ဦးက ယခုလိုပြောသည်။”ဟုတ်တယ် ကျနော် တို့ မင်းပြားက ရွာတွေဘက်မှာ ငှက်ဖျားတော်တော်လေးကို ဖြစ်နေကြတယ်လို့ ကြားနေရပါတယ်။ အဓိကတော့ဗျာ နယ်ဘက် က သူတွေက တောတောင်တွေကို၊ လယ်တွေ၊ ယာတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေရတာ။ ခြင်၊ ယင် ကောင်တွေက တအားပေါတာကို အဲဒါကြောင့် ထင်ပါတယ်။ ရောဂါဖြစ်ရင်လည်း ဆေးကုဖို့ ဆေးကမရှိ၊ ဆေးရှိရင်လည်း ပိုက်ဆံက မတတ်နိုင် တော်တော်လေးကိုဆိုးဆိုးဝါးဝါးပါပဲ”ဟုပြောသည်။ အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ထားသော မြို့ရွာများတွင် ဆေးဝါး ပြတ်လပ်မှုများနှင့်အတူ ဆေးရုံ၊ ဆေးခန်းများလည်း ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိကြောင်းနှင့် အရည်အသွေးပြည့်ဝသော ဆရာဝန်များ၊ သူနာပြုများ နည်းပါးနေကြောင်းသိရသည်။ ငှက်ဖျားရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်ကြောင်း သိရပြီး အဆိုပါ ခြင်ကောင်များမှတစ်ဆင့်လည်း လူအချင်းချင်း ကူးစက်မှုဖြစ်ပွားနိုင်ကြောင်း သိရသည်။  Read in Full

၄။ ညောင်ပင်ကွင်းရွာခံအမျိုးသားတစ်ဦးကို KTLA က သေနတ်နဲ့ပစ်
 November 18, 2024
တနင်္သာရီမြို့နယ်၊ညောင်ပင်ကွင်းရွာ(အရှေ့ကမ်း)ကအရပ်သားတစ်ဦးကို ကော်သူးလေတပ်မတော်(KTLA)ကသေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလ ၁၆ ရက်နေ့ မနက် ၅ နာရီခန့်က အသက် ၂၀ ကျော်အရွယ် ကိုတင်ဦး ကို ညောင်ပင်ကွင်းရွာ(အရှေ့ကမ်း)သင်္ချိုင်းအနီးမှာ KTLA တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကဆိုပါ တယ်။ ပစ်ခတ်မှုကြောင့် ကိုတင်ဦး ရဲ့ ဘယ်လက်မောင်းနဲ့ညာလက်မောင်းမှာ ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။“ရွာအစွန်သင်္ချိုင်းနားမှာဖြစ်တာ။ ခေါ်တာမလာလို့ပစ်တယ်ဆိုပြီးပြောတယ်။ လောလောဆယ်တော့ ဒီအကြောင်း ဘယ် သူမှ မဟရဲကြဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ KTLA ဘက်ကတော့ လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာမှာ ကိုတင်ဦး ကိုတွေ့ရတာဖြစ်ပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်ယူတဲ့အချိန် ထွက်ပြေးခဲ့လို့  ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“လုံခြုံရေးအနေအထားအရ တာဝန်ယူထားတဲ့နေရာမှာ ကျနော်တို့ပစ်ပိုင်ခွင့်ရှိတယ်။ အသက်အန္တရာယ်ထိတာမျိုး မဟုတ်ဘဲ ခြေထောက်တို့လက်တို့ကို ပစ်ပိုင်ခွင့်ရှိတယ်။” လို့ KTLA ထီးဆဲ့မယ်တပ်ရင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြော ပါတယ်။ ကိုတင်ဦးဟာ အခုလ ၁၅ ရက်နေ့ ညကတည်းက ညောင်ပင်ကွင်းရွာ(အနောက်ကမ်း)ကနေ ရေကူးပြီး ညောင်ပင်ကွင်း ရွာ (အရှေ့ကမ်း)ကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ မနက်မိုးလင်းမှာတော့ KTLA တပ် ဖွဲ့ဝင်တွေရှိနေတဲ့နေရာကို အင်္ကျီမရှိဘဲ ရောက်လာခဲ့တာကြောင့် မသင်္ကာလို့ခေါ်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့လည်း KTLA ထီးဆဲ့မယ်တပ်ရင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပါတယ်။ လက်ရှိမှာတော့ ကျည်ထိမှန်ဒဏ်ရာရထားတဲ့ ကိုတင်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ KTLA တပ်ဖွဲ့က တာဝန်ယူဆေးကုပေးနေတယ်လို့ ကိုစိုင်းညီက ဆိုပါတယ်။ ညောင်ပင်ကွင်းရွာ (အနောက်ကမ်း)မှာ စစ်ကောင်စီ ခြေမြန်တပ် ရင်း ခမရ(၅၆၁) ရှိပြီး ညောင်ပင်ကွင်းရွာ(အရှေ့ကမ်း)မှာဆိုရင် ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့က နယ်မြေစိုးမိုးထား တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ Read in Full

၅။  ကွတ်ခိုင်မြို့ ဗုံးကြဲခံရပြီး လသားကလေး အပါအဝင် သုံးဦး သေ၊ ဆယ်ဦး ဒဏ်ရာရ
 November 18, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို နိုဝင်ဘာလ ၁၈ ရက်နေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ကလေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လသားအရွယ် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး နောက်ထပ် ဆယ်ဦးဒဏ်ရာရသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကွတ်ခိုင်မြို့ အမှတ် (၄) ရပ်ကွက်က ရေထွက်ဦး ပန်းခြံဈေးနဲ့ ခရစ်ယာန်ဘုရားကျောင်း အနီးကို လာရောက်ဗုံးကြဲတာကြောင့် အရပ်သားတွေထိခိုက်၊ သေဆုံးတာလို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။“ညသန်း ခေါင်ကျော်ပြီ၊ လာပစ်တဲ့အချိန်က။ လတ်တလော သိရသလောက်က လသားအရွယ် ကလေးငယ်နဲ့ သူ့အမေ ဆုံးသွားတယ်။ ပြီးတော့ အသက်ကြီးတဲ့ အဘွားတစ်ယောက် ဆုံးတယ်ဗျ။ ဒဏ်ရာရတဲ့သူက ဆယ်ယောက်ရှိတယ်။ အဲဒီနားအိမ်က သူတွေပဲ” ဒဏ်ရာရသူ ဆယ်ဦးထဲမှာလည်း ကလေးနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး ခုနစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ နောက်ထပ် ကွတ်ခိုင် ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလော မသိရသေး ဘူးလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ကွတ်ခိုင်မြို့ ဗုံးကြဲတိုက်ခိုက်ခံရချိန်မှာလည်း အရပ်သား ခြောက်ဦးသေဆုံးပြီး ဈေး ဆိုင် ခန်းလေးရာခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းကလည်း TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အမျိုးသမီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ နောင်ချိုမြို့ကိုလည်း နိုဝင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ လေကြောင်းက ဗုံးကြဲခံရပြီး မြို့ပေါ် လန်းဆန်း လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့ အရပ် သား ၁၁ ဦးနဲ့ လုံးစံရွာက ကလေးငယ် တစ်ဦး၊ စုစုပေါင်း ၁၂ နှစ်ဦး သေဆုံးခဲ့ပါတယ်။ Read in Full

၆။ မြိတ်မှာ စစ်တပ်က ခရီးသွားလူငယ်တစ်ဦးကို သေနတ်နဲ့ပစ်သတ်
 November 18, 2024
မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စုကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက ခရီးသွားလူငယ်တစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ တုံးဗျောကြီးရွာ ဒေသခံတွေဆီက သိရပါတယ်။ တုံးဗျောကြီးရွာဟောင်းနဲ့ ငါးရံ့အင်းရွာဟောင်း ကြားကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေကို သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့ တာဖြစ်တယ်လို့ တုံးဗျောကြီးရွာဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဒီကနေ့မနက် ၈ နာရီခွဲဝန်းကျင်က အသက် ၂၀ ဝန်းကျင်အရွယ် ခရီးသွားအမျိုးသားတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ တုံးဗျောကြီးရွာခံ တွေက ဆိုပါတယ်။ သေဆုံးသူအမျိုးသားက တနင်္သာရီမြို့နယ်၊ ကျောက်တောင်ရွာကဖြစ်ပြီး မြိတ်မြို့ဘက်ကနေ ဈေးဝယ်ပြီး အပြန်လမ်းမှာ သေနတ်ကျည်ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။“ စစ်သားတွေက မြင်မြင်သမျှပစ်နေတာ။ အဲ့ဘက်က ဥယျာဥ်ခြံတွေပဲရှိတော့ ကျနော်တို့ဆို ခြံအ လုပ်တောင်မဆင်းကြဘူး။ သေနတ်ထိတဲ့သားငယ်က ကုန်သွားတိုက်ပြီး ပြန်လာတဲ့ လမ်းမှာထိတာဗျ” လို့ အသက် ၄၀ ဝန်းကျင်အရွယ် တုံးဗျောရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

သေနတ်ပစ်ခတ်မှုကြောင့် တကူရွာက ဒေသခံအမျိုးသမီးတစ်ဦးလည်း ခြေထောက်မှာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သေဆုံးသူအမျိုးသားနဲ့အတူ ဈေးဝယ်ပြီးပြန်လာတဲ့ ဆိုင်ကယ် ၅ စီးရှိပြီး ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ တုံးဗျောရွာဒေသခံတွေဆီကသိရပါတယ်။ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကျောက်တောင်ရွာက လူငယ်ရဲ့ ရုပ်အလောင်းကိုတော့ မြိတ်မြို့ကိုသယ်ဆောင်သွားပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ တုံးဗျောကြီး ရွာဟောင်းနဲ့ ငါးရံ့အင်းရွာဟောင်းဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ ရှိနေတုန်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တုံးဗျောကျေးရွာအုပ်စုနဲ့ ကပ်ရပ်ဖြစ်တဲ့ မဇောကျေးရွာအုပ်စု၊ သကန်နဲ့ အရှေ့တောင်ရွာတွေဘက်ကိုလည်း အင်အား ၈၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေစစ်ကြောင်းထိုးနေပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေရှိနေ တယ်လို့ မဇောကျေးရွာအုပ်စုနေ ဒေသခံတွေက ပြောပါတယ်။ Read in Full

၇။  အမ်းရှိ နပခနှင့် တပ်ရင်းများ၏ အသက်သွေးကြော ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ကို AAသိမ်းပိုက်
 November 18, 2024
အမ်းရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နှင့် တပ်ရင်းများကို ထောက်ပံ့ပို့ဆောင်နေရသည့် အမှတ်(၉၂၆) ထောက် ပံ့ နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ-၉၂၆) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် လိုက်ကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့ကတည်းက  ထပခ ၉၂၆ ကို သိမ်းယူခဲ့ကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စစ်ကောင်စီ၏ တပ်ရင်းတပ် ဖွဲ့များသို့ မြေပြင်ထောက်ပို့သည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ “တပ်ထိန်းတပ်ခွဲ-၁၀ ဘက်မှာ လည်း လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မနေ့ကတည်းက တိတ်သွားပြီး လေယာဉ်ကပဲ လာကြဲတော့တယ်‌ပြောတယ်။ တပ်ထိန်းတပ်လည်း ပါသွားလောက်ပါပြီ” ဟု အမ်းဒေသခံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ AA သည် ထပခ ၉၂၆ တပ်ကို ပြီးခဲ့ သည့် နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက  ပိတ်ဆို့တိုက်ခိုက်ပြီး မြေပြင် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက် ထားခဲ့ ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၇ ရက်နေ့ အထိ ခမရ ၃၇၁ ပျဉ်းတောရွာအနီးနှင့် အောက်ရွာတို့တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

တပ်ထိန်းတပ်ခွဲ တထခ-၁၀၊ အောက်ရွာ၊ ဆီဆိုင်ကုန်းနှင့် လေယာဉ်ကွင်း တို့တွင် တိုက်ပွဲပြင်းထန်နေပြီး  စစ်ကောင်စီ သည် ပြီးခဲ့သည့်  နိုဝင်ဘာ ၁၆ ရက်နေ့က ဗုံးအလုံးရေ ၂၀ ကျော် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။ “တစ်မိုင်ကုန်းက ဆုတ် လာတဲ့တပ်တွေ အောက်ရွာမှာစီးပြီး ခုခံနေလို့ တိုက်ပွဲပြင်းထန်နေတာလို့‌ပြောပါတယ်”ဟု အမ်းဒေသခံနှင့် နီးစပ်သူတစ်ဦးက ဆက်လက်ပြောကြားသည်။ အမ်း နပခအနီး တိုက်ပွဲများပြင်းထန်နေချိန်တွင် စစ်ကောင်စီက အမ်းရှိ ဖုန်းလိုင်းအချို့ကို ဖြတ် တောက်ခဲ့၍  ပြည်သူ ၃၀၀၀ ခန့် ပိတ်မိပြီး အဆက်အသွယ်ပြတ်တောက်သွားကြောင်းသိရသည်။ “အမ်း နပခကို ဝင်တိုက်ခံရပါ တယ်။ အနီးကပ်တိုက်ပွဲပုံစံဖြစ်သွားတယ်ပြောတယ်။ အဆက် အသွယ်တွေပြတ်တောက်နေပါတယ်”ဟု တပ်တွင်းသတင်းရင်း မြစ်က ပြောသည်။ Read in Full

၈။ ထားဝယ်မှာ သုံးဘီးနဲ့လာတဲ့စစ်ကောင်စီတပ်သားတွေကြားဖြတ်ပစ်ခံရပြီး နှစ်ဦးထက်မနည်းသေဆုံး
 November 18, 2024
ထားဝယ်မြို့ပေါ်က အိပ်ရှေ့ပြင်ရပ်ကွက်နဲ့ ဆင်ဆိပ်ရပ်ကွက်ကြားမှာ စစ်ကောင်စီတပ်သာတွေ လိုက်ပါလာတဲ့ သုံးဘီး တစ်စီး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ အိမ်ရှေ့ပြင်ရပ်ဘက်ကို သုံးဘီးနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကားလမ်းပေါ်က အရက်ချက်စက်ရုံ ဟောင်းအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြားဖြတ်ပစ်ခတ်ခဲ့တာပါ။ ၁၅ မိနစ်ခန့်အကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး နောက် ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားအလောင်းနှစ်လောင်းကို တွေ့ခဲ့တယ်လို့ လမ်းသွား လမ်း လာ တစ်ဦးက ပြောပါတယ်။ “မြင်ရတာကတော့ စစ်သားနှစ်ယောက်။ တစ်ယောက်ကလမ်းပေါ် နောက်တစ်ယောက်က မြောင်း ထဲမှာ။ နှစ်ယောက်လုံးသေနေပြီ” လို့ လမ်းသွားလမ်းလာဒေသခံက ပြောပါတယ်။ အဲဒီပစ်ခတ်မှုကိုတော့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် DNLA နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ တပ်ဖွဲ့ဘက်က ပြောပါတယ်။

ပစ်ခတ်မှုအတွင်း သုံးဘီးပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦးမှာ ငါးဦးသေဆုံးပြီး တစ်ဦးထွက်ပေးသွား တယ်လို့လည်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။ ” စစ်သားငါးကောင် သေပါ တယ်။ တစ်ကောင်ကဒဏ်ရာနဲ့ ထွက်ပြေးသွားသွားတယ်။ အသေးစိတ်ကိုကျနော်တို့ထုတ်ပြန်ပါ့မယ်” လို့ ပြန်ကြားရေးတာဝန်ခံ က ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေရဲ့ သေနတ်နဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘက်က သိမ်းမိခဲ့တယ်လို့ ကနဦးစုံစမ်းသိရပါတယ်။ ဒီနေ့မနက် ပစ်ခတ်မှုအတွင်း သုံးဘီးယာဥ်မောင်းဖြစ်သူလည်း ကျည်ထိမှန် ပြီး သေဆုံးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ “သူ့သုံးဘီးကချောဆွဲခံရတာ။ စစ်သားတွေလာခေါ်‌တော့ အင်္ကျီတောင် ကြယ်သီးတပ်လို့မခံဘဲလိုက်သွားရတာ”လို့ အနီးအနားရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင် မှာပဲ စစ်‌ကောင်စီတပ်သားတွေ အိမ်ရှေ့ပြင်နဲ့ ဆင်ဆိပ်ရပ်ကွက်တွေကို အင်အားအများအပြားနဲ့ ရောက်လာပြီး ရှာဖွေစစ်ဆေး တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပါတယ်။ Read in Full

၉။ MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းပြီး လားရှိုးကတပ်တွေ ပြန်ဆုတ်ပေးဖို့ တရုတ် ဖိအားပေး
November 18, 2024
တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ ကိုးတပ်မတော် (MNDAA) တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်အာဏာပိုင်တွေက အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး လားရှိုးကနေ MNDAA တပ်တွေ ပြန်ဆုတ်ဖို့ ဖိအားပေးထားတယ်လို့ MNDAA တပ်ဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကအတည်ပြုပြောဆိုပါတယ်။“အောက်တိုဘာလကုန်ကတည်းက ဆေးကုဖို့သွားရင်းပြန်မလွှတ်တော့တာ။ အဓိက လားရှိုးကနေ တပ်တွေ ပြန်ဆုတ်ဖို့ကိစ္စပဲ ထိန်းထားပြီး ဆွေးနွေးနေတဲ့ သဘောလို့ ပြောလို့ရပါတယ်”လို့  သတင်းရင်းမြစ်က ပြောပါတယ်။ နေပြည်တော် စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးကလည်း ဦးဖုန်တာရွှင်ကို သူ့ဖခင် ဦးဖုန်ကြားရှင် ပိုင်ဆိုင်တဲ့ ယူနန်က ဟိုတယ်မှာပဲ အကျယ်ချုပ်သဘောနဲ့ ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုးကန့် တပ်မတော် (MNDAA) ခေါင်းဆောင် ဦးဖုန်တာရွှင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီကတည်းက ဦးဖုန်တာရွှင် မြန်မာနိုင်ငံကို ပြန်လာခွင့် မရတော့တာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့မှာ MNDAA တပ်ဖွဲ့က စစ်ကောင်စီရဲ့ အရှေ့မြောက် တိုင်းစစ် ဌာနချုပ်တည်ရှိရာ လားရှိုးကိုသိမ်းပိုက်ခဲ့ပါတယ်။ သြဂုတ် ၂၇ ရက်နေ့မှာတော့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း က “ဝ” တပ်ဖွဲ့ခေါင်းတွေ ဖြစ်တဲ့ UWSP ပါတီ ဒုတိယ-ဥက္ကဋ္ဌ ဦးကျောက်ကော်အမ်း ဦးဆောင်တဲ့အဖွဲ့ကို ယူနန်ပြည်နယ် ခေါ်ယူ တွေ့ဆုံပြီး လားရှိုးကနေ MNDAA တပ်ဖွဲ့တွေ ဆုတ်ခွာဖို့၊ MNDAA ထိန်းချုပ်နယ်မြေတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ လျှပ်စစ်၊ ရေ၊ လူဝင်လူထွက်ခွင့်တွေ ပိတ်ထားဖို့ဖိအားပေးခဲ့ပါတယ်။ ကိုးကန့်တပ်ဖွဲ့က လားရှိုးမြို့ကိုသိမ်းပိုက်တာကို တရုတ်နိုင်ငံကလက်မခံ ကြောင်း၊ ဒါဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထိခိုက်စေကြောင်း တရုတ်ကိုယ်စားလှယ်က “ဝ” တပ်ဖွဲ့ခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်နိုင်ငံဘက်က တရုတ်နယ်စပ်ကနေ MNDAA ထိန်းချုပ်ဒေသအတွင်း စက်သုံးဆီ၊ ဆေး ဝါးနဲ့ စားသောက်ကုန်တွေ သယ်ဆောင်ခွင့်ကို ဖြတ်တောက်ခဲ့ပါတယ်။ ကိုးကန့်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ UWSA  “ဝ”တပ် ဖွဲ့ထိန်းချုပ်ဒေသကနေ ကိုးကန့်ဒေသအတွင်း ကုန်ပစ္စည်းတွေ မဝင်ရောက်နိုင်ဖို့ “ဝ”ထိပ်ပိုင်းခေါင်းဆောင်တွေကိုပါ ဖိအားပေး ထားပြီး နယ်စပ်ဂိတ်တွေမှာ တရုတ် ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် စောင့်ကြပ်တဲ့အထိ တင်းကျပ်ထားခဲ့ပါတယ်။ 

၁၀။ KNA တပ်စိတ်မှူး ခွန်းအန်းဂျေလို ကျဆုံး
 November 19, 2024
ကယန်းအမျိုးသားတပ်မတော် (KNA) တပ်ရင်း အမှတ် ၂၁၀၃ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ခွန်းအန်းဂျေလိုဟာ နိုဝင်ဘာ ၁၇ ရက်မှာ ကျဆုံးခဲ့တယ်လို့ တပ်ရင်းက နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။ အသက် ၄၃ နှစ်အရွယ် တပ်စိတ်မှူး ရဲဘော် ခွန်းအန်းဂျေလို (ခ) ကိုထွန်းအောင်ဟာ နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီခွဲက ရှေ့တန်းစစ်မြေပြင်တနေရာမှာ ကျဆုံး ခဲ့ရတယ်လို့ သိရပါတယ်။ ပြန်ကြားရေးတာဝန်ရှိသူ ခွန်းဆောင်ဒူက “တပ်ရင်းမှာ အရမ်းအားကိုးရတဲ့ တပ်စိတ်မှူးတယောက် ဖြစ်တယ်။ စစ်ကြောင်းမှာလည်း အားကိုးရတဲ့ ​ပုဂ္ဂိုလ်ထဲမှာ ပါတာပေါ့။ တပ်ရင်းအတွက် နစ်နာဆုံးရှုံးမှုတခုလို ခံစားလိုက်ရပါတယ်” လို့ ပြောပါတယ်။

ရဲဘော် ခွန်းအန်းဂျေလို (ခ) ကိုထွန်းအောင် ကျဆုံးမှုအတွက် ဝမ်းနည်းကြေကွဲရပြီး အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ထား အလေးနီပြုတယ်လို့ သိရပါတယ်။ နေရာဒေသအသီးသီးက ပြန့်ကျဲနေတဲ့ ကယန်းလူမျိုးတွေကို တစုတစည်း တည်း ဖြစ်စေချင်တာကြောင့် ကယန်းအမျိုးသားတပ်မတော် (KNA)ကို အောက်တိုဘာ ၃၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန် ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို တော်လှန်နေတယ်လို့ သိရပါတယ်။ Read in Full

၁၁။ TNLA ဖမ်းဆီးထားသည့် NLD အမတ် ဆေးဝါးကုသခွင့်မရ
 November 18, 2024
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ဖမ်းဆီးထားတဲ့ NLD ပါတီ နမ္မတူမြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ကျန်းမာရေးချို့ယွင်းနေပေမဲ့ ဆေးဝါးကုသခွင့်မရဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်(ခ) ဦးမဲတူကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့မှာ TNLA က ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျန်းမာရေး ချို့ယွင်းနေတာပါ။ သူနဲ့ နီးစပ်သူတယောက်က “TNLA က NLD အမတ် ဦးမဲတူကို ဖမ်းထားတာ ၂ လ ကျော်ပြီ။ ၁၅ ရက် တခါပဲ ရေချိုး၊ သွားတိုက်၊ မျက်နှာသစ်ရတယ်။ အခု ဦးမဲတူက ဖျားနေတယ်။ အစာအိမ်ကြောင့် အစာမစားနိုင် ဘူး။ မိသားစုဝင်တွေက ဆန်ပြုတ်ပို့နေရတယ်။ ဆေးကုသခွင့်တောင်းတယ် မပေးဘူး။ ဆရာဝန်လည်း ခေါ်မပေးဘူး” လို့ ပြော ပါတယ်။

ဦးဝင်းလှိုင်ကို TNLA က ဖမ်းဆီးထားတာ ၂ လခွဲကြာရှိနေပြီး ဒီကာလအတွင်း မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ ၃ ပတ်မှာတခါ တွေ့ခွင့်ပြုပြီး ကျန်တဲ့ ဆွေမျိုး၊ မိတ်ဆွေနဲ့ အပြင်လူကိုတော့ တွေ့ခွင့်မပေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ နီးစပ်သူတယောက်က “ဦးမဲတူရဲ့ မိသားစုက တောင်းဆိုလို့ ၃ ပတ် တခါတော့ တွေ့ရတယ်။ တွေ့ခွင့်ရတယ်ဆိုပေမဲ့ စကားတော့ လွတ်လွတ်လပ်လပ် ပြောလို့မရဘူး။ အစောင့်ရှိတယ်။ ကျန်တဲ့အပြင်လူကိုတော့ ပေးမတွေ့ဘူး” လို့ ပြောပါတယ်။ ဦးဝင်းလှိုင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် ဒေသခံပြည်သူ အယောက် ၄၃၀ က လက်မှတ်ရေးထိုးပြီး  တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (PSLF/TNLA) ရဲ့ အထွေထွေ အတွင်း ရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အောက်တိုဘာ ၃၁ ရက်နေ့က တင်ပြတောင်းဆိုခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။ Read in Full

၁၂။  လောင်းလုံးတွင် သန်းခေါင်စာရင်းကောက်အဖွဲ့တွင်ပါသဖြင့် ဖမ်းဆီးခံရသည့် ဝန်ထမ်းများပြန်လွတ်
 November 18, 2024
လောင်းလုံးမြို့နယ်၌ သန်းခေါင်စာရင်းကောက်သည့်အဖွဲ့တွင် ပါဝင်သဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထား သည့် ဝန်ထမ်းကိုးဦး ပြန်လွတ်လာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၁၇ ညနေပိုင်းတွင် အဆိုပါဝန်ထမ်းကိုးဦး နေအိမ်သို့ အသီးသီးပြန်ရောက်လာကြပြီဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။ စစ်ကောင်စီ ၏ သန်းခေါင်စာ ရင်းကောက်အဖွဲ့တွင် ပါဝင်နေသည်ဟုဆိုကာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒေသတွင်းရှိ ကျောင်း ဆရာမများအပါအဝင် ဝန်ထမ်း ကိုးဦးကို အောက်တိုဘာလ ၇ ရက်က ဖမ်းဆီးထားခြင်းဖြစ်သည်။  ဖမ်းဆီးသွားစဉ်က စစ်ဆေး မေးမြန်းရန်ရှိသဖြင့် ခေတ္တလိုက်ခဲ့ရန် ခေါ်ဆောင်သွားခြင်းဖြစ်သော်လည်း ၎င်းဝန်ထမ်းများကို ၄၂ ရက်ကြာ ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။“နောက်တစ်ခါဆိုရင် စစ်‌တပ်နဲ့ပေါင်းပြီး မလုပ်ဖို့၊ ရှင်းရှင်းပြောရရင်တော့ CDM လုပ်မယ်ဆို ပြီး ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တာ” ဟု အဖမ်းခံရသည့် ဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦက ပြောဆိုသည်။ လူကို လွှတ်ပေးလိုက်သော်လည်း ဖုန်း၊ လက်တော့ပ်နှင့် ငွေကြေးအချို့ကိုမူ ပြန်မပေးတော့ကြောင်း ဖမ်းဆီးခံရသူ မိသားစုဝင်နှင့် နီးစပ်သူတို့က ပြောဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အဆိုပါဝန်ထမ်းများအား သွားရောက်ဖမ်းဆီးစဉ်က ရွှေ၊ ငွေကြေးနှင့် အရေးကြီးစာရွက်စာတမ်းများကို သိမ်းဆည်းပြီး စာရင်းနှင့်တကွပြုစုထားကာ ပြန်လွှတ်သည့်အချိန်တွင် စာရင်းအ တိုင်းပြန်ပေးမည်ဖြစ်ကြောင်း ပကဖ ပြန်ကြားရေးတာဝန်ခံကပြောဆိုထားသည်။ ဖမ်းဆီးခံထားရစဉ်အတွင်း ကျန်းမာရေးချို့တဲ့ သူအချို့ အပြည့်အဝဆေးဝါးကုသခွင့်မရခဲ့သည့်အပြင် မိသားစုထံလည်း ဖုန်းဖြင့် ဆက်သွယ်ခွင့်မပြုခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတို့ထံမှသိရသည်။ ဖမ်းဆီးခဲ့သော ဝန်ထမ်းကိုးဦးအနက် ခြောက်ဦးမှာ သင်တန်းတက်ရာတွင်သာပါဝင်ပြီး မြေပြင်တွင်မူ သန်းခေါင်စာရင်းကောက်ရာ၌ ပါဝင်သေးခြင်းမရှိကြောင်း မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးသူတို့ထံမှ သိရသည်။ စစ်ကောင်စီ က သင်တန်းခေါ်ရာတွင်လည်း သန်းခေါင်စာရင်းကောက်ရန် သင်တန်းပေးသည်ဟု ကြိုတင်မသိသည့်အတွက် သင်တန်းတက်မိ ခြင်းသာဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ Read in Full

၁၃။ သံတွဲတွင် စစ်ဘေးရှောင် တစ်သောင်းကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ
 November 18, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် တစ်သောင်းကျော်မှာ စားနပ်ရိက္ခာနှင့်ပတ်သက်၍ စိန်ခေါ်မှုများ စွာရှိနေကြောင်း ကူညီဆောက်ရွက်ပေးနေသူများထံမှ သိရသည်။ ကူညီထောက်ပံ့မှုနည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါး ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း တို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။“ရိက္ခာနဲ့ဆေးဝါး အရေးပေါ်လိုအပ်နေတယ်။ ရိက္ခာဆိုရင် လူတစ်သောင်းကျော်အတွက် တစ်ရက်စာဆိုရင် ပျမ်းမျှ ဆန်အိတ် ၅၀ လောက် လိုတယ်။ အလှူရှင်လည်းနည်းတော့ ဒီလအတွက် အကျပ်အတည်း ဖြစ်နေတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေး နေသူတစ်ဦးက ပြောသည်။ ဒေသတွင်းလူမှုကူညီရေးအဖွဲ့များအပြင် ပုဂ္ဂိုလိကများက တတ်နိုင်သည့်ဘက်မှ ကူညီပေးနေသော် လည်း စစ်ဘေးရှောင်ဦးရေ များပြားသဖြင့် ဖူလုံအောင်ကူညီနိုင်ရန် အခက်အခဲများရှိနေသည်။

စစ်ဘေးရှောင်များအား ကူညီပေးနေသူနောက်တစ်ဦးက “အလှူငွေရှိရင်တော့ ကူညီတယ်။ မရှိရင်တော့ ဆန်ကုန်သည် တွေဆီက အကြွေးဝယ်ပြီး လှူပေးတယ်။ မရဘူးဆိုရင်တော့ နားလိုက်တယ်” ဟု ပြောသည်။ ဆောင်းရာသီဖြစ်၍ အနွေးထည် နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်နေပြီး ဆေးဝါးရှားပါးကာ ဈေးနှုန်းအဆ မတန်မြင့်တက်မှုကြောင့် နာတာရှည်သမားများမှာ အခက်အခဲရှိနေသည်။ သံတွဲမြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ပြီး ဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်သေးခြင်းဖြစ် သည်။ စစ်ဘေးရှောင်များထဲတွင် ငပလီကမ်းခြေ တစ်လျှောက် ကျေးရွာများနှင့် ဂွမြို့နယ်တို့မှလည်း ပါဝင်သည်။“အရင်က ကမ်းခြေဘက်ဆို ငါးတွေဘာတွေလုပ်ကြတယ်။ အခု တိုက်ပွဲဖြစ်ကတည်းက ဘာအလုပ်မှမရှိတာ အတော်ကြာပြီ။ ကုန်ဈေးနှုန်းဆိုလည်း ခေါင်ခိုက်နေတယ်။ အခုထမင်းနပ်မှန် အောင် စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ” ဟု ဂျိတ္တောဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ စစ်‌ရေးပဋိပက္ခကြောင့် ရခိုင် တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်သူဦးရေ ၇ သိန်းနီးပါးရှိနေပြီး အရေးပေါ်အကူအညီလိုအပ်ချက်မှာ မြင့်မားလျက်ရှိသည်။ Read in Full

၁၄။ စန်းကားရွာ အရပ်သားနေအိမ်မှာ စစ်ကောင်စီတပ်စွဲနေထိုင်
 November 18, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်တာ တွေလုပ်နေတယ်လို့ စန်းကားကျေးရွာ ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင် ရေးစတင်လာချိန်ကစလို့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတဲ့ထဲ စန်းကား ကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။ စန်းကားကျေးရွာအုပ်စုမှာ ကျေးရွာ၊ ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး စစ်ရေးအခြေနေကြောင့် အိမ် စောင့်ကလွှဲလို့ ဒေသခံပြည်သူများအားလုံးနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြချိန် စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေမှာ အိမ်သော့ရိုက်ဖွင့်ပြီးနေထိုင်တာတွေရှိနေတယ်လို့ စန်းကးကျေးရွာရပ်ကွက် ၅ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။“အိမ်ကောင်းတွေဘဲဝင်နေတာ သော့ခတ်ထားလည်း သော့ရိုက်ဖွင့်ပြီးမှနေတယ် ရပ်ကွက် ၃ အိမ်တစ်လုံးမှာ ဗျူဟာမှုး လည်းရှိတယ်လို့ ပြောကြတယ်”လို့ ပြောပါတယ်။ အိမ်စောင့်ကလွှဲပြီး ပြည်သူအများပိုင်းထွက်ပြေးတိမ်းရှောင်သွားတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ဇွန်လကစပြီး  ရွာအဝင်အထွက် စစ်ဆေးတာ ပုံမှန်လုပ်နေတဲ့အပြင် ရပ်ကွက် ၇၊ ၃ ၊ ၅ ၊ ၄ စတဲ့ ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့တွင်း ဝင်ရောက်တပ်စွဲနေတယ်လို့ သိရပါတယ်။

လတ်တလော KIA တပ်ဟာ စန်းကားကျေးရွာအုပ်စုမှာပါဝင်တဲ့ ဘန်းဘားရွာ(ဒေသအခေါ်) ရပ်ကွက် ၈ အထိ တပ်ဆုတ် သွားပြီး စစ်ကောင်စီတပ်တွေက ရပ်ကွက် ၇ အထိ နေရာယူထားပြီး နှစ်ဖက်တပ် စစ်ရေးတင်းမာတဲ့အခြေနေမှာရှိနေတယ်လို့ သိရပါတယ်။“ခုရပ်ကွက် ၇ မှာ စကစ ပြန်ထိုင်ထားပြီ ဘန်ဘားဘက်မှာ လဆန်းပိုင်းကလည်း တိုက် ပွဲဖြစ်တယ် ခနနပဲ ခုလော လောဆယ်တော့ ရွာအစွန်တွေမှာ တင်းမာတဲ့အခြေနေရှိနေတယ်”လို့ နောက်ထပ် ရပ်ကွက် ၇ နေ အမျိုးသားတစ်ဦး ပြောပါ တယ်။ စန်းကားကျေးရွာအုပ်စုဟာ စစ်ကောင်စီတပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်တည်ရှိရာ နန့်ပေါင်လေတပ် စခန်း နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး နန့်ပေါင်လေတပ်စခန်းအတွက် လုံခြုံရေးအရ အလွန်အရေးပါတဲ့ရွာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ မေလနှောင်းပိုင်း စန်းကားကျေးရွာအထက်ရှိ နောင်ဟီး- ကြက်ပေါင်ခြံကူးသို့နဲ့ ခတ်ချို- ဇီးလွန်ကသို့ ဖြတ်သန်းခွင့်ကို စစ်တပ်က ပိတ်လိုက်ပြီး ရေကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ လုံခြုံရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ Read in Full

၁၅။ ရာသီအကူးအပြောင်းကြောင့် စစ်ဘေးရှောင်တွေ ဖျားနာမှုများနေ၊ ဆေးဝါးနဲ့ စောင်၊ အနွေးထည်တွေလိုအပ်
 November 19, 2024
ကရင်နီပြည်မှာရှိတဲ့စစ်ရှောင်စခန်းက စစ်ဘေးရှောင်အများစုဟာ ရာသီအကူးအပြောင်းကြောင့် ဖျားနာမှု အဖြစ်များနေ ကြတယ်လို့စစ်ရှောင်ကူညီဆောင်ရွက်သူဆီကနေသိရပါတယ်။ ဒီးမော့ဆိုအနောက်ဖက်ခြမ်းတွေမှာ အဖြစ်များနေတာတွေ့ရပြီး ဒီးမော့ဆိုအရှေ့ခြမ်းနဲ့ လွိုင်ကော်အရှေ့ဖက်ခြမ်းက စစ်ရှောင်တချို့တွေမှာလည်း ဖျားနာမှုအဖြစ်များနေကြတယ်လို့ စစ်ရှောင် အရေးကူညီဆောင်ရွက်တဲ့ Jobs For Kayah အသင်းဝင်တစ်ဦးက ပြောပါတယ်။“ရောဂါဖြစ်ပွားနေတာက ဒီးမော့ဆိုအနောက် ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပိုဖြစ်ကြတယ်။ တချို့ စခန်းဆို စခန်းတစ်ခုလုံးဖြစ်ကြတယ်။ ရာသီအကူးအပြောင်း ကြောင့်လို့ ပြောလို့ရပါတယ်။ ဒီးမော့ဆိုအရှေ့ခြမ်း၊ လွိုင်ကော်အရှေ့ဖက်ခြမ်းတွေလည်းဖြစ်တယ်။”လို့ အဆိုပါ အသင်းဝင် တစ်ဦးက ဆိုပါတယ်။ ဆောင်းအဝင် ရာသီဥတုအေးစိမ့်လာတာကြောင့် အမိုးအကာ၊ စောင်၊ ခြင်ထောင် နဲ့ ဆေးဝါး မလုံလောက် တာတွေကြောင့် ကလေးငယ်အပါအဝင် သက်ကြီးရွယ်အိုတွေလည်း ကူးစက်ဖျားနာကြပြီး တစ်ပတ်ကျော်ကြာမြှင့်နေပြီလို့ သူက ဆက်ပြောပါတယ်။ အဆိုပါ ဖျားနာသူတွေဟာ တကိုယ်လုံးကိုက်ခဲ နာကျင်တာ၊ ခေါင်းမူးတာ၊ နှားစေးချောင်းဆိုးတာ၊ လည်ချောင်းနာတာ စတဲ့လက္ခဏာတွေကို ခံစားနေကြတာဖြစ်ပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာတော့ နှစ်စဥ်နှစ်တိုင်းရာသီအကူးအပြောင်းကာလမှာ ဖျားနာလေ့ရှိတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။“စခန်းဘယ်နှစ်ခုလောက်ဖြစ်နေကြလဲမသိဘူးပေ့ါ။ ဒါပေမဲ့ ဖြစ်ကြတာရှိမှာပဲ။ ရာသီ ကူးပြောင်းဆို နှစ်တိုင်းလိုလိုဖြစ်နေကြတာရှိတယ်။ အခုကျမကိုယ်တိုင်တောင် စဖြစ်ချင်နေပြီ။”လို့ စစ်ရှောင်အမျိုးသမီး တစ်ဦး က ပြောပါတယ်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက စစ်ရှောင်တွေလည်း ဖျားနာမှုတွေရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောဆို ထားပါတယ်။“ဖျားကြတာတော့ တချို့တော့ရှိတယ်။ ပြင်းပြင်းထန်ထန်ဖြစ်နေကြတာတော့ မတွေ့ရသေးဘူး။ ခုကာလက ရာသီအကူးအပြောင်းကြောင့် ဖျားတာပဲထင်တယ်။ ချောင်းဆိုး၊နှာစေးကြတာတော့ရှိတယ်။”လို့ ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။ ဖျားနာသူတွေဟာ ဆေးဝါးတွေကိုတော့ နီးစပ်ရာ ဆေးပေးခန်းတွေမှာ သွားရောက်ပြသရယူ ကြပြီး ဆေးဝါးတင်သွင်းမှု ခက်ခဲကြတာကြောင့်လည်း ဆေးဝါး မလုံလောက်တာတွေ ကြုံတွေ့နေကြတယ်လို့ စစ်ရှောင်ကူညီသူ တွေက ပြောပါတယ်။ စစ်ရှောင်စခန်းအများစုမှာတော့ စောင်၊အနွေးထည်တွေ လိုအပ်ချက်ရှိနေကြသလို ဖျားနာကြသူတွေ အတွက် ဆေးဝါးတွေ လိုအပ်နေကြပါတယ်။ Read in Full

၁၆။ စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း
 November 19, 2024
စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်း တိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး  စိုင်းပန်ရွာစခန်း ကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး ခုလို ပြောပါတယ်။“ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ ရာလာတီးစခန်းကို သိမ်း တယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို  KIA ပူးပေါင်းတပ် က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို  နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီး သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။

KIA ပူးပေါင်းတပ် ထိုးစစ်တိုက်ခိုက်နေတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေမှာရှိတာလည်းဖြစ်ပါ တယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့ အ တွက် KPDF တပ်သား ၂ ဦးကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။“တိုက်ပွဲ တော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာဘဲ တစ်ယောက် ကျထားတာ မနေ့ကလည်းတစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာများတယ်။လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ်လာပစ်သွားတယ်”လို့ KPDF တစ်ဦး ပြောပါတယ်။ လတ်တလော KIA သိမ်းပိုက်လိုက်တဲ့ တပ်စခန်း ၅ ခုစလုံးမှာ ရှမ်းနီ အမျိုးသားများတပ်မတော် SNA နဲ့ စစ်တပ်လက်အောက် ပျူစောထီးအဖွဲ့ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်းတွေဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဟုမ္မလင်းမြို့နယ်နဲ့ဆယ်ဇင်းတစ်လျှောက် ဥရုချောင်းအရှေ့ခြမ်းနဲ့မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ထိုးစစ်ဆင်နေပြီး ခုဆိုရင် ၃ ပတ်ဝန်းကျင် ရှိပြီဖြစ်ပါတယ်။ Read in Full

၁၇။ ထားဝယ်မှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာပြင်းထန်
 November 19, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာထဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေက အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် မအင်ကြင်းမိုးနဲ့ မချစ်မိုးဆွေတို့ ဖြစ်ကြပါ တယ်။ ဒဏ်ရာရသူတွေကတော့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ထားဝယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။“အသက် ၁၈ နှစ်အရွယ် အင်ကြင်းမိုးက တစ်ခါတည်းသေသွား တာ။ သူ့ရဲ့ ယောက်ျားဖြစ်သူက ခြေထောက်နှစ်ဖက်လုံး အပြင်း အထန် ဒဏ်ရာရတယ်။ ပြီးရင် အင်ကြင်းမိုးရဲ့ အစ်မဖြစ်သူက ၀မ်းဗိုက်မှာ ထိမှန်ဒဏ်ရာရတယ်။ နောက်ထပ် လင်မယားစုံတွဲတစ်တွဲလည်း ဒဏ်ရာရတယ်။ သူတို့အားလုံးကို ထား၀ယ်ဆေးရုံ မှာ တင်ထားရတယ်။ ဒဏ်ရာတွေက ပြင်းထန်တယ်” နိုဝင်ဘာလ ၁၅ ရက်နေ့ညက ရှင်မုတ္ထီးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ တွေက နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးတွေ လုပ်ခဲ့တာပါ။

အဲဒီနောက် တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေနိုင်သေးတယ်ဆိုတဲ့ယူဆချက်နဲ့စစ်ကောင်စီတပ်က ရှင်မုတ္ထီးနဲ့အနီးတစ်၀ိုက် ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုး စီးနင်းမှုတွေနဲ့ နှစ်ဖက် တိုက်ပွဲတွေအတွင်း အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (FE5 Tanintharyi) က ထုတ်ပြန်ထားပါတယ်။ Read in Full

၁၈။ မွန်ပြည်နယ်မှာ စစ်မှုထမ်းပျက်ကွက်သူတွေကို အရေးယူမှုစတင်
 November 19, 2024
တပ်အင်အားပြုန်းတီးမှုနဲ့အတူ စစ်သည်လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ်မှာ စစ်မှုထမ်း ပျက်ကွက်သူတွေနဲ့ တိမ်းရှောင်သူတွေကို အမှုဖွင့်အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းပျက်ကွက်သူတွေကို သက် ဆိုင်ရာ နယ်မြေရဲစခန်းတွေ မှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အမှုဖွင့်အရေးယူမှုတွေ လုပ်ဆောင်ထားပြီး ဖမ်းဆီးသွားဖို့ ပြင်ဆင်နေတာပါ။ စစ်မှုထမ်းပျက် ကွက် သူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ် ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အဖွဲ့ ဥက္က ဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ညွှန်ကြားလာပြီးနောက် အရေးယူမှု တွေ စတင်လာတာပါ။ စစ်မှုထမ်းအရေးယူရာမှာ စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူတွေ၊ ဆေး အောင်ပြီး အကြောင်းမဲ့ ပျက်ကွက်သူတွေအပြင် သင်တန်းကျောင်းရောက်ပြီးမှ ပျက်ကွက်သူတွေကိုလည်း အရေးယူဖို့ ညွှန်ကြား ထားတာ ဖြစ်ပါတယ်။ ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် ကတော့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ မထွက်သေးခင်မှာပဲ စစ်မှုထမ်းပျက်ကွက်တဲ့သူတွေကို အရေးယူဖို့ လုပ်ဆောင်တာဟာ လုပ်ချင်တိုင်းလုပ်နေတာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

 “သူတို့(စစ်ကောင်စီ) ပျက်ကွက်နေတာရှိတယ်။ အဲဒါနည်းဥပဒေ ထုတ်မပေးတာ၊ နည်းဥပဒေ ထုတ်မပေးတော့ ဘာ ဖြစ်လဲဆိုတော့ စနစ်တကျစည်းနဲ့ကမ်းနဲ့ပေါ့နော်။ လူလိုပေါ့ အဆက်ဆံမခံရဘူး။ လူလိုဆက်ဆံခံရတယ်ဆိုတာ ဘာကိုပြောတာ လဲဆိုတော့ မကျန်းမာရင်မခေါ်ရဘူး။ မိဘကို လုပ်ကျွေးနေတဲ့သူ တစ်ယောက်တည်း ဖြစ်နေရင်မခေါ်ရဘူး။ နောက်တစ်ခါ မိသားစုကို ကလေးတွေနဲ့ လုပ်ကျွေးနေတဲ့သူကို မခေါ်ရဘူးစသဖြင့် ဒါတွေက လူ့ယဉ်ကျေးမှု လူလိုဟာမျိုးတွေ အဲဒါက နည်း ဥပဒေထဲမှာပါရမှာလေ။ အဲဒီနည်းဥပဒေမရှိတဲ့အခါကျတော့ အခုဖြစ်ချင်တိုင်း ဖြစ်နေတယ်။ လုပ်ချင်တိုင်းလုပ်နေတယ်”လို့ ဆိုပါတယ်။ မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းကတော့ စစ်ကောင်စီက စစ်မှုမထမ်းချင်တဲ့သူ တွေကိုအရေးယူမှုတွေလုပ်ဆောင်တာဟာ စစ်ရေးမှာအရေးနိမ့်လာတာကို ထင်ထင်ရှားရှားပြသတာဖြစ်ပြီး မိဘပြည်သူတစ်ရပ် လုံး ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းတာပါ။“အခု စကစက စစ်မှုမထမ်းချင်လို့ ရှောင်ရှားတဲ့ လူငယ်တွေကို အရေးယူတာပြု လုပ်လာတာက စကစမှာ တစ်နိုင်ငံလုံးအနှံ့ ပြန့်ကျဲလာတဲ့ စစ်မြေပြင်တွေမှာ စစ်ရေးအရအရေးနိမ့်လာတာကို ထင်ထင်ရှားရှား ပြသလာတဲ့ လက္ခဏာတစ်ရပ်လို့ သုံးသပ်ရမှာပါ။ ဒါကြောင့်မို့ စကစရဲ့ အသက်ရှုပေါက်အဖြစ် အသုံးပြုလာတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့  ဖိအားပေးလာမှုအပေါ် လူငယ်တွေရော မိဘပြည်သူတွေပါ ဆန့်ကျင်ရှောင်ရှားကြပြီး စကစသက်ဆိုးရှည် စေမယ့် မည်သည့်နည်းလမ်းကိုမဆို ဆန့်ကျင်ကြပါလို့ တိုက်တွန်းချင်ပါတယ်”လို့ သူက ပြောပါတယ်။ Read in Full

၁၉။ စစ်ကောင်စီကိုတော်လှန်နေတဲ့ ကလလတ အမှတ်(၉၄၂၀)တပ်ရင်း တည်ထောင်ပြီး(၂)နှစ်အတွင်း ရဲဘော် ၃၂ ဦးကျဆုံးခဲ့
 November 19, 2024
နယ်ခြားစောင့်တပ်မှ စစ်ကောင်စီတော်လှန်ရေးတပ်အဖြစ် အသွင်ပြောင်းထားတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ)အမှတ်( ၉၄၂၀) တပ်ရင်းတည်ထောင်ပြီး (၂) နှစ်အတွင်းရဲဘော် ၃၂ ဦးကျဆုံးခဲ့ပါတယ်။ ကလလတဟာ ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုယူခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အ ဖြစ်အသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် နှစ်ဝက်မှာတော့ စစ်ကောင်စီ တပ်ကို တော်လှန်မယ်လို့ တရားဝင်ကြေညာပြီး တော်လှန်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ(၂)နှစ်အတွင်းမှာ ရဲဘော် ၃၂ ဦးကျဆုံးခဲ့တာဖြစ်ပါတယ်။

ကလလတ မှာတပ်ရင်း ၇ ရင်းရှိပြီးအမှတ်( ၉၄၂၀)ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှာစတင်ထူထောင်ခဲ့ရာ မနေ့က (နိုဝင်ဘာ ၁၈)မှာ( ၂ )နှစ်ပြည့်တာဖြစ်ပါတယ်။ လက်ရှိမှာ ဘောလခဲမြို့နယ်စခန်းကုန်းသိမ်းတိုက်ပွဲနဲ့ ဖားဆောင်းမြို့သိမ်း တိုက် ပွဲတွေမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ “တပ်ရင်း စတင်တည် ထောင်ပြီးကတည်းက စစ်ကောင်စီကို တော်လှန်လာတာ(၂)နှစ်ပြည့်ပြီပေါ့၊ ဒီ( ၂ ) နှစ်အတွင်းမှာ ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့ပေမယ့် ရှေ့လျှောက်လည်း စိတ်အားထက်သန်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်”လို့ တပ်ရင်း ပြန် ကြားရေးတာဝန်ရှိသူကပြောပါတယ်။ ကရင်နီ ပြည်အခြေစိုက်၊ Karenni People’s Liberation Army- KPLA ကလလတ အမှတ်( ၉၄၂၀ )တပ်ရင်းတည်ထောင်ခြင်း( ၂) နှစ် ပြည့်ကို မနေ့ (နိုဝင်ဘာလ ၁၈ ရက်)ကကျင်းပပြု လုပ်ခဲ့ကြပါတယ်၊ တပ်ရင်းမွေးနေ့မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃၂ ယောက်ကို ရည်စူးပြီး အာရုဏ်ဆွမ်းကပ်တာ၊ ရဲဘော်တွေပျော်ရွှင်စေဖို့ အားကစားအစီအစဉ်ထည့်သွင်းပြုလုပ်တာတွေအပြင် သက်ဆိုင်ရာ အကြီးအကဲတွေက မိန့်ခွန်းပြောတာတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ Read in Full

၂၀။ ကျောက်မဲမြို့နယ် တောင်ယာသွားစဉ် အမျိုးသမီးနှစ်ဦး ဓားခုတ်ခံရပြီး သေဆုံး
 November 18, 2024
သျှမ်းပြည် ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် ၎င်းမိခင်တို့သည် တောင်ယာသွားရောက်စဉ် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ (နိုဝင်ဘာလ ၁၇ ရက်) နံနက် ၇ နာရီကျော်တွင် ကျောက်မဲမြို့ နယ် နမ့်ဟူးကျေးရွာနေ အသက် (၂၃) နှစ်အရွယ်ရှိ နန်းမိုခမ်းသည် ပြောင်းဖူးချိုးရန် တောင်ယာသို့ တစ်ယောက်တည်း သွား ရောက်ပြီး တစ်နာရီခန့် အကြာတွင်မှ အသက် (၄၅) နှစ်အရွယ် မိခင်ဖြစ်သူ ပါ့နန်းခမ်းသည် တောင်ယာသို့ လိုက်သွားခဲ့သည်။ ၎င်းနောက် နံနက် (၁၀) နာရီခွဲခန့်တွင် ဖခင်ဖြစ်သူမှ တောင်ယာသို့ လိုက်လာရာ လမ်းတွင် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် သားအမိ နှစ်ယောက်ကို တွေ့ရှိပြီး ကျေးရွာလူကြီးများထံသို့ အကြောင်းကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူ့သမီးက မနက်(၇) နာရီလောက် ခြံကို တစ်ယောက်ထဲ ပြောင်းဖူး သွားချိုးတာ။ အမေက ဟင်းချက်ပြီးနောက်မှ ခြံလိုက်သွားတာ။ ၁၀ နာရီလောက် သူတို့အဖေ ခြံသွားတော့ သားအမိနှစ်ယောက်လုံး ဓားခုတ်ဒဏ်ရာနဲ့ ဆုံးနေတာ တွေ့တာနဲ့ ချက်ချင်းရွာလူကြီးဆီ အကြောင်းကြားတာ။ လူသတ်သမားကို မဖမ်းမိသေးဘူး”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာအနီး ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေသူ အမျိုးသမီးနှစ်ဦးကို ‌လူမှုကူညီရေးအသင်း အကူ အညီဖြင့် နောင်ပိန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ မှုခင်းဆေးစစ်မှု လုပ်ဆောင်နေပြီး လူသတ်တရားခံကို ဖမ်းဆီးရမိခြင်းမရှိ သေးကြောင်း ဒေသခံများကဆက်ပြောသည်။ လက်ရှိတွင် လူသတ်တရားခံကို ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်နေ ခြင်းကြောင့် ကျန်ရှိခဲ့သည့်မိသားစုဝင်များကိုထပ်မံလာရောက် အန္တရာယ်ပြုမည်ကိုစိုးရိမ်နေရကြောင်း ၎င်းဒေသခံ အမျိုးသမီး က ဆက်ပြောသည်။ Read in Full

၂၁။ မပခ တိုင်းမှူး ပူတာအိုမြို့ လာပြီးနောက် မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုစတင်လာ
 November 18, 2024
ကချင်ပြည်နယ် ပူတာအိုမြို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နိုဝင်ဘာ ၁၇ ရက်နေ့ ရဟတ်ယာဥ်နဲ့လာသွား တယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားမြို့အခြေစိုက်ထားတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးက နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင် ပူတာအိုမြို့ပေါ်ရှိ ခလရ ၄၆ တပ်ထဲလာသွား တယ်လို့ စစ်တပ်အသိုင်းအဝိုင်းနီးစပ်သူ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။“မပခ တိုင်းမှူးလာသွားတယ် မနေ့က ဘာကိစ္စ လဲတော့ သေသေချာချာမသိဘူး။ ခလရ ၄၆ ထဲ တစ်နာရီလောက်နေသွားတယ်”လို့ အသက် ၅၀ ကျော်အရွယ် လေယာဥ်ကွင်း ရပ်ကွက်နေအမျိုးသားတစ်ဦးပြောပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး ဟာ  ၂ နာရီ မိနစ် ၄၀ တိတိ မှာ ရဟတ်ယာဉ်ဖြင့် ပူတာအိုမြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ထဲရောက်ခဲ့ပြီး ၃ နာရီ မိနစ် ၅၀ ဝန်းကျင် မြစ်ကြီးနားကို ပြန် ဆင်းသွားတယ်လို့သိရပါတယ်။ ပူတာအိုမြို့ပေါ်  တိုင်းမှူးလာရောက်တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့  Starting နဲ့ IPs Star အသုံးပြု တဲ့အင်တာနက်ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတာတွေရှိခဲ့တဲ့အပြင် အဲဒီနေ့ကစပြီး မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုတွေ လည်း စတင်လာတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

“ဘုရားကျောင်းပြီးတော့လိုင်းသွားသုံးမယ်လို့သွားတာ မရဘူးပြောလို့ပြန်လာတယ် လူကြီးလာလို့ အင်တာနက်လိုင်း တွေ ဖြတ်ခိုင်းထားတယ်တဲ့ လူကြီးပြန်မှရမယ်ပြောတယ်။ ပြီးတော့ တိုင်းမှူးပြန်ထွက်သွားတဲ့နောက် ပူတာအိုမြို့ပေါ်မှာ စစ်ကားတွေနဲ့ စစ်သားလည်းအများအပြားတွေ့နေရတယ်”လို့ ပြောပါတယ်။ တိုင်းမူးဗိုလ်မှူးချုပ် အောင်ဇော်ထွေး မြစ်ကြီးနား ဆင်းသွားပြီးနောက် စစ်သားအပြည့်တင်ထားတဲ့ စစ်ကားနှစ်စီး မူလာရှီးဒီဘက်ဆင်းသွားတာရှိသလို မြို့ထဲမှာလည်း စစ်ကား နှစ်စီး စစ်သားအပြည့်တင်ကာ စစ်ရေးလှုပ်ရှားတာ၊ မြို့ထဲ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလမှာလည်း KIA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းယူဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ Read in Full

၂၂။ ကျောက်ဖြူတွင် ပုဂ္ဂလိကဘဏ်များ ပိတ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်ထား
 November 18, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေမှုနှင့်အတူ ကျောက်ဖြူမြို့တွင် စစ်ကောင်စီ က လုံခြုံရေးတိုးမြှင့်ထားပြီး ပုဂ္ဂလိကဘဏ်များကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။ KBZ ဘဏ်၊ CB ဘဏ်၊ ကမ္ဘာ့ ရတနာဘဏ် စသည့် ပုဂ္ဂလိကဘဏ်အားလုံးကို နိုဝင်ဘာလ ၁၅ ရက်မှစ၍ ပိတ်လိုက်ပြီး မြို့တွင်းလုံခြုံ ရေး တိုးမြှင့်ချထားသည် ကိုတွေ့ရကြောင်း ကျောက်ဖြူမြို့ခံများကပြောသည်။ ဘဏ်လုပ်ငန်းရပ်သွားသောကြောင့် ဒေသတွင်းငွေကြေးစီးဆင်းမှု အား နည်းသွားပြီး စီးပွားရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတွင် ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။“စစ်တပ်က လုံခြုံရေးအတွက် အရင်ကထက် လုပ်လာတာရှိတယ်။ ဒါတွေကြောင့် ဘဏ်တွေပိတ်လိုက်တာ ဖြစ်တယ်လို့ သိရတယ်”ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ပြင်ရှိ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်းခြံစည်းရိုးများတွင် ဝါးချွန်များဖြင့် ကာရံထားပြီး လက်ရှိတွင် လည်း ကျောက်ဖြူလေဆိပ်အနီး ခလရ (၃၄) တပ်ရင်းကိုပါ ဝါးချွန်စူးများဖြင့် ကာရံထားကြောင်း သိရသည်။ “အရင်က ကာရံ ထားတဲ့ အုတ်နံရံအရှေ့ပိုင်းက ၁၀ ပေကျော်အကွာမှာ ဝါးချွန်တွေနဲ့ ထပ်ဆင့်ကာရံထားပြီး လုံခြုံ ရေး အပြည်ယူထားတယ်” ဟု ကျောက်ဖြူမြို့ခံ နောက်တစ်ဦးက ပြောသည်။ ကျောက်ဖြူမြို့တွင် ရပ်ကွက်ပေါင်း ၁၇ ခု၊ အိမ်ခြေ ၅,၀၀၀ ကျော်နှင့် လူဦးရေ ၂၅,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။“တိုက်ပွဲတွေဖြစ်လာရင်တော့ စစ်ရှောင်ဖို့ လုံးဝမလွယ်တဲ့ ကိစ္စပါ။ အခုလိုမျိုး ပုံစံတွေကို မြင်ရတော့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

၂၃။ NSCN-AngMai အဖွဲ့မှ လဟယ်-ဆင်သေ-ခန္တီးကြား နာဂ နှစ်သစ်ကူး ပွဲတော်ကာလအထိ ယာဉ်သွားလာမှုပိတ်ထားမည်
 November 18, 2024
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၀၂၅ ခုနှစ် နာဂနှစ်သစ်ကူးပွဲတော်ကာလအထိ လဟယ်မြို့နယ်မှ ယာဉ်ပိုင်ရှင် များအား လဟယ်-ဆင်သေ-ခန္တီးကြား ယာဉ်သွားလာခွင့် ပိတ်ပင်ထားမည် ဖြစ်ကြောင်း NSCN-AngMai အဖွဲ့က မကြာသေးမီက အသိပေးထားတာ ဖြစ်ပါတယ်။ ယခုအကြောင်းအရာအား မေးမြန်းရာမှာ သူတို့အနေနဲ့ နာဂဒေသအတွင်း အပြောင်းအလဲများ လုပ်ဆောင်ရာမှာ အချို့သောလူထုများက နာဂလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းလုပ် ဆောင်ရန် ပျက်ကွက်မှုများရှိနေတာကို သိရှိလာရသောကြောင့် ယခုလို လုပ်ဆောင်ရတာဖြစ်ကြောင်း ပြောဆိုပါတယ်။ သူတို့ပြောပြချက်အရ NSCN-AngMai အဖွဲ့ အနေဖြင့် ကျေးရွာနဲ့ လမ်းပိုင်းတွေမှာ ဂိတ်များတိုးချဲ့ထားရှိပြီး ဂိတ်ကြေးကောက်ခံခြင်း၊ ယာဉ်ခကောက်ခံခြင်းများ လုပ်ဆောင် ရေး ဖွဲ့စည်းတာဝန်ပေးအပ်တာမျိုး လုပ်ဆောင်သွားရန်ရှိမည်ဆိုသော သဘောမျိုးကို သိရှိရပါတယ်။ ယခုကိစ္စကို ဒေသခံ တစ်ဦး က သူ့ရဲ့အမြင်ကို အခုလို ပြောပြထားပါတယ်။ “ကားသမားတွေက AngMai အဖွဲ့ကို အခွန်မပေးတဲ့သူတွေရှိနေတယ်။ တစ်ချို့ ကပေးတယ်။ တချို့ကမပေးဘူး။ တစ်ချို့ကားသမားတွေကပေးထားတဲ့ငွေကြေးကို Angmai အဖွဲ့အောက်ခြေစစ်သားတွေနဲ့ ဂိတ်ကြေးကို တာဝန်ခံ ကောက်ခံတဲ့သူတွေက ရလာတဲ့ပိုက်ဆံက သူတို့အဖွဲ့လက်ထဲမရောက်ဘူး။ အလွဲသုံးစားလုပ်တယ်။ ကောက် ခံတာကို Angmai အဖွဲ့ရဲ့နာမည် သုံးပေမယ့်ပိုက်ဆံကိုတော့ အောက်ခြေစစ်သားတွေက သုံးလိုက်တာတွေရှိလို့ဖြစ် မယ်” လို့ ပြောပါတယ်။

ဒေသခံများ ယာဉ်ပိုင်ရှင်များကတော့ ယခုလို လုပ်ဆောင်မှုမျိုးကို မထောက်ခံကြောင်း လက်ရှိ ပွင်းလင်းရာသီကာလ ကိုသာ အဓိကအားထား လုပ်ငန်းလုပ်ဆောင်ရတာ ဖြစ်လို့ မဖြစ်နိုင်ကြောင်း ပြောဆိုထားပါတယ်။“မဖြစ်နိုင်ဘူး၊ ဘာလို့ဆို လဟယ်မှာ ရေအားလျှပ်စစ်တည်ဆောက်ရေး လုပ်နေတဲ့အတွက်ကြောင့် လိုအပ်တဲ့ ပစ္စည်းသယ်တာ၊ သက် ဆိုင်ရာအစိုးရ အဖွဲ့ အစည်းတွေသွားလာတာမျိုးကိုရော သူတို့ထိန်းနိုင်မလား။ သူတို့ သတ်မှတ်ထားသလို မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။ လက်ရှိ စုံစမ်းမေးမြန်းသိရှိထားချက်အရ စစ်ကောင်စီအဖွဲ့သည် လဟယ်မြို့ပေါ်တွင် နာဂနှစ်သစ်ကူးကျင်းပနိုင်ရေး ကြိုးစာပြင်ဆင်လုပ် ဆောင်နေပြီး စစ်ကောင်စီအစိုးရ စီမံချက်ဖြင့် လဟယ်မြို့အနီး ရေအားလျှပ်စစ် တည်ဆောက်ရေး လုပ်ငန်းကိုလည်း ယခု ပွင့်လင်းရာသီ ကာလတွင် လုပ်ဆောင်ရန် ရှိမည်ဟု သိရပါတယ်။ Read in Full

၂၄။ မိုင်းကိုင် စစ်ကောင်စီဂိတ်မှ ဆန်နှင့် စက်သုံးဆီကို သျှမ်းမြောက်သယ်ယူခွင့် တားမြစ်ပိတ်ပင်
 November 18, 2024
သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင် ကုန်ကားများကို မိုင်းကိုင်မြို့ နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ တားမြစ်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ(၁၅)ရက်မှ စတင်ပြီး မိုင်းကိုင် မြို့ မွေတော်ဘုရားမြောက်ဘက်ရှိ လွယ်မော်ကျေးရွာအနီး တည်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် သျှမ်းပြည်မြောက် ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့ ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာ သယ်ယူမည့် ကုန်တင်ကားများကို ဖြတ်သန်းခွင့် မပေးဘဲ တားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။“၁၅ ရက်နေ့က စပြီးတော့ ဂိတ်မှာ တားထားတာ၊ ကုန်ကားပေးမ ဖြတ်ဘူး။ အဲ့ရက်နောက်ပိုင်း ဆန်ရယ် စက်သုံးဆီနဲ့ အစားအသောက်တွေ တားမြစ်လိုက်တယ်၊ မြောက်ပိုင်းကို အဲ့တာတွေ ပေးမ ဖြတ်တော့ဘူး။ လူစီးကားတော့ စစ်တာ တော်တော်ကြမ်းတယ်၊ နမ့်လန်ကိုတောင် သွားလို့မရတော့ဘူး”ဟု မိုင်းကိုင်မြို့မှ အသက် (၄၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မိုင်းကိုင်နှင့် နမ့်လန်မြို့အကြား ပန်ကေတုနှင့် တုံလော ကျေးရွာများရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်များလည်း စစ်ဆေးမှု ပိုမိုတင်းကြပ်လာပြီး ကုန်စည်ဖြတ်သန်းခွင့် ကို ကန့်သတ်တားမြစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“တောင်ကြီးဘက်က ကုန်ကားတွေ တစ်ရက်ကို ၁၅ စီးလောက် မိုင်းကိုင်မြို့ဝင်ဂိတ်မှာ နေ့ပိုင်း လမ်းပေါ် တန်းစီထား တယ်။ ညဘက် ၁၀ နာရီကျော်ရင် နွားတင်တဲ့ ကားတွေတော့ ပေးဖြတ်တယ်ပြောတယ်။ နမ့်လန်နဲ့ ကျေးသီးဘက် သွားတာ တော့ ထိန်းတာ ကြမ်းတယ်။ တားထားတာ ပန်ကေတုနဲ့ တုံလောဘက်မှာ”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။ မိုင်းကိုင်မြို့အဝင်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်မှ နိုဝင်ဘာလ ၁၅ ရက်တွင် ကုန်တင်ကားများကို ဖြတ်သန်းခွင့် ကန့်သတ်တားမြစ်လိုက်ပြီးနောက် မြို့ပေါ်တွင် စားသုံးကုန်နှင့် စက်သုံးဆီများ ဈေးမြင့်တက်သွားပြီး စက်သုံးဆီ တစ်လီတာလျှင် ကျပ်ငွေ ၅၀၀၀ မှ ၆၀၀၀ ကြားအထိ ဈေးတက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။ အလားတူ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့မှ သျှမ်းပြည်မြောက်ပိုင်းသို့ သွားရာ ရပ်စောက်-ကျောက်ဂူလမ်းကို နိုဝင်ဘာလ (၁၂) ရက်မှ စတင်ပြီး စစ်ကောင်စီ တပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။ သျှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့ကြီးများကို သွားရောက်နိုင်ရန် ရပ်စောက်မြို့နှင့် မိုင်းကိုင်မြို့တို့ကို ဖြတ် သန်းသွားသည့် လမ်းမကြီးများသည် ကုန်တင်ယာဉ်အသုံးပြုမှု များပြားပြီး ယခုကဲ့သို့ ပိတ်ပင်လိုက်သဖြင့် ခရီးသွားများနှင့် ဒေသခံပြည်သူများ ပိုမိုဒုက္ခရောက်မည်ဟု ယာဉ်မောင်းများက သုံးသပ်ပြောဆိုသည်။ Read in Full

၂၅။ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း စစ်တပ်ဂိတ်မှာ သွားလာရေးကန့်သတ်တဲ့အတွက် ခရီးသည်များတစ်ညအိပ်နဲ့သွားနေရ
November 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်ပိတ်ထား တာကြောင့်  မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသည်တွေ တစ်ညအိပ်ခရီးသွားနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါ တယ်။ မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်း ပုံမှန်အားဖြင့် တစ်ရက်ခရီးသာရှိပေမယ့် ဩဂုတ်လကုန်ပိုင်းကစပြီး ပူတာအိုမြို့ အဝင် မူလာရှီးဒီဂိတ်နဲ့ ဖက်မာရွာ၊လုံရှာယန်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဂိတ်က ဖြတ်သန်းခွင့်ကန့်သတ် လိုက်တာလို့ ကားသမားတစ်ဦး ခုလိုပြောပါတယ်။“လမ်းမှာတစ်ညအိပ်နေရတာက ကြာပြီလားဆိုတော့ ပြီးခဲ့တဲ့ ရှစ်လကုန် ပိုင်းလောက်ကတည်းက ဟုတ်တယ် ဆွမ်ပရာဘွမ်ကျော်ပြီး ဟိုဘက်မှာရှိတဲ့ စစ်တပ်ဂိတ်တွေက ဘယ်ဂိတ်မှ ညနေခြောက်နာရီ နောက်ပိုင်းမဖြတ်ခိုင်းဘူး။ အဲ့ကြောင့်လမ်းမှာတစ်ည အိပ်ရတာ ဂိတ်မပိတ်ခင်အမှီသွားရအောင်ကလည်းလမ်းခရီးကဝေးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေး”လို့ ပြောပါတယ်။ ခုလိုစစ်ကောင်စီတပ်ဂိတ်တွေမှာ ညခြောက်နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပေး တာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ ကုန်ကား၊ခရီးသည်ကားများ ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ကျန်းကျေးရွာတွေမှာ ည အိပ်ကြရတယ်လို့ သိရပါတယ်။

“စောစောထွက်တဲ့လူကတော့ဖုန်ကျန်းမှာအိပ်တယ် တချို့ဆွမ်ပရာဘွမ်မှာလည်းအိပ်တယ် ဖတ်မာတို့၊ လုံရှာယာန်တို့ ကနီးပေမယ့် အဲ့မှာမအိပ်ရဲကြဘူး စစ်သားတွေရှိတယ်လေး”လို့ အခြားကားသမားတစ်ဦးကပြောပါတယ်။ ညဘက်ဖြတ်သန်းခွင့် ကန့်သတ်ထားတဲ့ဂိတ်တွေဟာ အထက်မှာဖော်ပြခဲ့တဲ့ မူလာရှီးဒီ၊ လုံရှာယာန်၊ ဖတ်မာ ဂိတ်သုံးဂိတ်အပြင် ပူတာအိုမြို့တွင်း သုတ္တန်ရပ်ကွက်နဲ့ မူလာရှီးဒီရပ်ကွက်ကြားထဲက ခလရ ၃၇ တပ်ဂိတ် စုစုပေါင်းလေးဂိတ်ရှိတယ်လို့သိရပါတယ်။ လမ်းပိုင်းကြန့် ကြာမှုကြောင့် ပူတာအိုမြို့ဒေသမှာ စားသောက်ကုန်နဲ့ လူသုံးကုန်စျေး ဆက်တက်နေဆဲဖြစ်တယ်လို့ ပူတာအိုမြိုအခံအမျိုးသမီး တစ်ဦး ခုလိုပြောပါတယ်။“ပုံမှန်ဆိုရင်တောင်ကားဂိတ်တွေက တစ်ပတ်ကို သုံးကျော့လောက်ပဲရတယ် အသွားအပြန်နဲ့ဆိုရင် အခုက လမ်းမှာလည်းအိပ်ရတော့ တစ်ပတ်ကိုနှစ်ခေါက်လောက်ပဲရတယ်တဲ့ အဲ့ကြောင့် ပစ္စည်းအဝင်ကအရင်က ထက်းတော့ နည်းတယ် အဲ့တာကိုအကြောင်းပြပြီးကုန်စုံဆိုင် တွေကစျေးတင်ပြီးရောင်းတာတွေရှိတယ်”လို့ ကောင်ကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။ Read in Full

၂၆။ ကျောက်မဲမြို့တွင် စစ်ရေးငြိမ်းသော်လည်း ဝမ်းရေးအတွက် အလုပ်လုပ်ရန် ခက်ခဲနေ
November 19, 2024
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်နေသော်လည်း ပြည်သူများဝမ်းရေးအတွက် အလုပ်လုပ်ရန်ခက်ခဲနေသေးကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA) သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ရှောင်အများစု နေရပ်ပြန်လာနေကြပြီး ဝမ်းရေးအတွက် အလုပ်အကိုင် ရှားပါးနေသေးကာ အခက်အခဲများဖြင့် ကြုံနေရကြောင်း ကျောက်မဲ နေရပ်ပြန် စစ်ရှောင်များက ပြောသည်။ လက်ရှိကာလသည် အလုပ်အကိုင် ရှားပါးနေသည့်အချိန်ဖြစ်ပြီး တဖက်တွင်လည်း ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေမှုကြောင့် ရေရှည်စားနပ်ရိက္ခာ ပြတ်လပ် နိုင်ကြောင်းလည်း နေရပ်ပြန် စစ်ရှောင် အမျိုးသမီးက ပြောသည်။“တိုက်ပွဲတွေငြိမ်တော့ နေရပ်ပြန်ရတာတော့ စစ်ရှောင်တော့ လည်း ပိုက်ဆံကကုန်တယ်လေ။ အခု ဒီမှာလည်း လုပ်ကိုင်းစားသောက်လို့လည်းမရဘူး။ နေစရိတ်မကုန်တော့ သက်သာတာ ပေါ့” ဟု နေရပ်ပြန် စစ်ရှောင်အမျိုးသမီး ကဆိုသည်။

လက်ရှိ ကျောက်မဲမြို့နယ် ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ဖြတ်လေးဖြတ်ပုံစံမျိုးဖြင့် အဘက် ဘက်မှ ပိတ်ထားသဖြင့် စားသောက်ကုန်စျေးနှုန်းသည် အဆမတန် စျေးမြင့်တက်လာမှုကြောင့် ပြည်သူများ အဆင်မပြေမှုများ ဖြစ်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။“ ကြက်ဉ တစ်လုံး (၅၀၀)ကျပ်၊ ဆန်တပြည်ကို ရှစ်ထောင်ကျပ် ပေးနေရတာ။ အလုပ်ကလည်း မရှိတော့ တနေ့တနေ့ပိုပြီးကြပ်တည်းလာတယ်။ အဆင်မပြေဘူး။ တိုက်ပွဲဆက်ဖြစ်ရင် ဘယ်နားသွားပုန်းနေရ မှာလဲ” ဟု အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။ ထို့အပြင် ကျောက်မဲမြို့နှင့် အခြားသော သျှမ်းမြောက် ဒေသသို့ သွားမည့် ခရီးသည်များကို ဗထူးဂိတ်တွင် အစစ်ဆေးတင်းကြပ်ထားသော ကြောင့် စားသောက်ကုန် အမြောက်အများတင်ဆောင် ခွင့် မပေးတော့ကြောင်း နေရပ်ပြန်စစ်ရှောင် အမျိုးသားတစ်ဦးကလည်း ပြောသည်။“လူတော့သွားလာလို့ရတယ်။ စားသောက် ကုန်နဲ့ တခြားသောကုန်တွေ ပေးမတင်တော့ဘူး။ ရေသန့် နဲ့ ပဲနို့တောင် တစ်ကဒ်ပြည့်ရင် လှူခဲ့ရမဲ့ အနေထားဖြစ်နေတယ်။ ဆေးဝါးအချို့တော့ တင်ခွင့်ပြုထားတယ်။ တော် တော်လေးကို စစ်ဆေးတင်းကြပ်ထားတာ။” ဟု နေရပ်ပြန် စစ်ရှောင် အမျိုးသား က ဆိုပြန်သည်။ Read in Full

၂၇။ အနန်းကွင်းစစ်ဗျူဟာ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
 November 19, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်း စစ်ဗျူဟာစခန်းသိမ်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဗျူဟာမကျရေးစစ်ကောင်စီက မြေပြင်နဲ့ဝေဟင်ကနေပစ်ကူပေးပစ်ခတ်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။ နိုဝင်ဘာ ၁၈ ရက် မနေ့ည ၁၂ နာရီခွဲလောက်က စစ်ကောင်စီက ခလယ်တံခွန်တိုင်းကျေးရွာ အနီးတဝိုက် လေကြောင်းကနေ ဗုံး ၁ လုံး ကြဲချခဲ့ပါတယ်။ ဒေသခံတယောက်က “ညက ၁၂ နာရီခွဲလောက်က အလုံးကြီး ၁ လုံးကြားတယ်။ ဒီနားကုန်းကပဲ။ ညက ၁၂ နာရီခွဲလောက်က အလုံးကြီး ၁ လုံးကြားတယ်။ ဒီနားကုန်းကပဲ။ တိုက်ပွဲပြင်းထန်ရင် တခြားဒေသလိုပဲ ပြေးရမယ်။ အနန်းကွင်းစစ်ဗျူဟာ မရှိတာပိုကြိုက်တယ်။ ဒီစစ်ကောင်စီဂိတ်ရှိနေရင် ကျနော်တို့ သွားလာရ တာ မလုံခြုံဘူး။ ရှိနေလို့ရှိရင် ကြံဖန်ပြီးတော့ ကျနော်တို့ အပြစ်မရှိလဲ ရှိကြောင်း။ အဲလိုတွေ ကြောက်နေရတယ်”လို့ ပြောပါ တယ်။ နိုဝင်ဘာ ၁၆ ရက်ကစတင်ပြီး အနန်းကွင်းစစ်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ် ဆို့ပြီး တိုက်ခိုက်နေတာကြောင့် စစ်ဗျူဟာစခန်းမကျရေး စစ်ကောင်စီ တပ်ဘက်က ဝေဟင်နဲ့ မြေပြင်ကနေ ပစ်ကူပေးတိုက် ခိုက်နေတယ်လို့သိရပါတယ်။ ဒီနေ့လည်း မုဒုံအမြောက်တပ်၊ ဝဲကလီအမြောက်တပ်နဲ့ တောင်ကလေးကျေးရွာကနေ လက်နက်ကြီးတွေနဲ့ နေ့ညပစ်ခတ်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့အကြိတ်အနယ်ဖြစ်နေတယ်။ လေကြောင်းတွေလာနေ တယ်။ နိုဝင်ဘာ ၁၆ ရက်ကတည်းက မနေ့ကလည်း တနေ့ကုန်ဖြစ်နေတယ်။” နိုဝင်ဘာ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်ဘက်က ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူပြီး မြေပြင်ကနေ တင့်ကားတွေနဲ့ အင်အားဖြည့်တင်းဖို့ကြိုးစားလာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က ဝေဟင်နဲ့မြေပြင်ကနေ နေ့တိုင်းနီးပါး ပစ်ခတ်နေတဲ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေ ကျေးရွာတွေ အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လှုပ်ရှားတာ၊ တပ်စခန်းတွေက ဖမ်းဆီးခေါ်ဆောင်တာ၊ သတ်ဖြတ်တာ၊ ပစ္စည်းလုယူ တာတွေ လုပ်ဆောင်နေတာကြောင့် အနန်းကွင်း၊လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ၊ ဖားပြ စတဲ့အနီးအနားကျေးရွာက ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီက မြေ ပြင်နဲ့ ဝေဟင်ကနေ ကျေးရွာအတွင်းက ပြည်သူလူထုကို ပစ်ခတ်တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အခက် အခဲတွေအောင် ပစ်ခတ်နေတာလို့ စစ်ရှောင်အရေးကူညီပေး နေသူ က ပြောပါတယ်။“တိုက်ပွဲဖြစ်တဲ့ ရပ်ရွာတွေကိုသူတို့(စစ်ကောင်စီ)ပစ်တယ် ဆိုတာက ရပ်ရွာတွေကိုပစ်မှပဲ။ ရပ်ရွာထဲမှာ တော်လှန်ရေး တပ်ဖွဲ့တွေ သူတို့ကိုတော်လှန်နေတဲ့ အဖွဲ့အစည်းတွေ PDF တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ခိုလှုံတယ်ဆိုတဲ့ စိတ်နဲ့ပစ်နေတာ။ ပြည်သူလူထုကိုပစ်ရင် တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ရမယ်၊ ထုတ်ရမယ်၊ ပစ်ရမယ် အဲလို အခက်အခဲတွေနဲ့ သူတို့ကို ပြန်ကာကွယ်ဖို့နှောင့်နှေးတယ်။ အဲပုံစံမျိုးနဲ့ စစ်ကောင်စီက လုပ်တာ”လို့ ပြောပါတယ်။ Read in Full

၂၈။ အရှိုချင်းလူထု ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နယ်မြေရရှိရေး လုပ်ဆောင်မည်ဟု ACDF ဆို
 November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေရရှိရေးအတွက် သက်ဆိုင်ရာ လူထုနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သိရ သည်။ အရှိုချင်းကာကွယ်ရေးတပ် – ACDF တည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်သည့် နိုဝင်ဘာလ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန် သော  သဘောထားထုတ်ပြန်ချက်တွင် ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။“ကျနော်တို့ အရှိုချင်းတွေဟာမတူညီတဲ့ နေရာဒေသ တွေမှာ နေကြတယ်။ အဲဒီအတွက် ကျနော်တို့အတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးပေါ့ နော။ လူနည်းစုဖြစ်တဲ့ မျိုးနွယ်စုလည်းဖြစ်တဲ့ ကျနော်တို့အတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး၊ ပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့။ မတူညီတဲ့ နေရာတွေမှာ အရှိုချင်းတွေ နေရင်တောင်မှ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရမယ်လို့ ဆိုလိုတာပါ” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့်အတူ အရှိုချင်းပြည်သူလူထု၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် သက်ဆိုင်ရာ လူထုနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သိရသည်။ ACDF ၏ အမျိုး သားနိုင်ငံရေး မျှော်မှန်းချက် ၄ ချက်တွင် အရှိုချင်း တိုင်းရင်းသား လူမျိုးများ၏ ကိုယ့်ကြမ္မာကို ဖန်တီးရေးနှင့် ကိုယ် ပိုင်အုပ်ချုပ်ခွင့် နယ်မြေ ရရှိရေး၊ ခေတ်အဆက်ဆက် အရှိုချင်းဘိုးဘေးများ တည်ဆောက်နိုင်ခြင်းမရှိသော “အရှိုချင်း အမျိုးသားနိုင်ငံရေးကို ၂၁ ရာစု မြန်မာနိုင်ငံရေး အခင်းအကျင်းပေါ်တွင် တည်ဆောက်ရေးတို့ဖြစ်သည်။

            “ကျနော်တို့က ဒီနေရာဒေသမရွေးမှာ တိုက်ပွဲတွေမှာဝင်တိုက်ခဲ့တယ်။ ထုတ်ပြန်ချက်တွေမှာလည်း ရှိတယ်။ တချို့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကျင့်ဝတ်အရ ပြောပြလို့ မရတာတွေလည်း ရှိတယ်။ လွန်ခဲ့တဲ့ ၄ ရက်လည်း ဗီဒီယိုထုတ်ပြန်ထားတာ ရှိတယ်။  စခန်းသိမ်း၊ မြို့သိမ်း အတွေ့အကြုံ ယူနေတဲ့ ကျနော်တို့ ရဲဘော်တွေ တပ်ရင်းကို ပြန် လည်ရောက်ရှိလာပြီး” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အခြေခံစစ်ပညာသင်ယူပြီး စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲနှင့် စစ်ရေးအတွေ့အကြုံ သွားယူနေ သောတပ်သားတချို့ တပ်ရင်းသို့ ပြန်လည်ရောက် ရှိလာပြီဖြစ် ကြောင်း ACDF က နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်ထားသည်။ ACDF သည် စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်လာခဲ့သည်မှာ ၃ နှစ်ပြည့်မြောက်ပြီးဖြစ်ပြီး  ဒေသအစုံက မဟာအဖွဲ့ များနှင့် တိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်း ဆင်နွှဲထားကြောင်း သိရသည်။ “ပြည်သူ့လူထုနဲ့ အုပ်ချုပ်ရေး ယန္တရားတွေလည်း ကျနော်တို့ လုပ်နေတာ ရှိသလို ပညာရေးက စစ်ရှောင်တွေမှာ အကောင် အထည်ဖော်နေတာလည်း ရှိတယ်။ ကျန်းမာရေးကိုလည်း လက်လှမ်းမိသလောက် ဖော်ဆောင်နေတာ ရှိပါတယ်။ ဒါက လက်ရှိကာလလုပ်နေတာပေါ့။ ရှေ့ဆက် လည်း လုပ်စရာတွေရှိတယ်” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ Read in Full

၂၉။ ရေဖြူတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်တကွအလင်းဝင်
November 18, 2024
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ် ၅  ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရေဖြူမြို့ နယ်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာသို့ စစ်ကြောင်းထွက်လာရသော စစ်ကောင်စီ၏ ရေတပ်မှ တပ်သား ဝေဖြိုး၊ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ဖြိုးမင်းအောင်၊ ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သား သန်းတိုးအောင်၊ တပ် သား ဖြူးဖွေး တို့သည် MA1 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၅.၅၆ ကျည် ၁၆၁ တောင့် တို့နှင့်အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။“ရက်ပိုင်းလောက်ရှိပါပြီ။ ကျနော်တို့အဖွဲ့တွေနဲ့ အချိတ်ရပြီးမှ အလင်းဝင်လာကြတာပါ။ လက်နက်ပါလာတာက ရေတပ် က တပ်သားပါ။ လောလော ဆယ် တော့သူတို့ကို ပေါ့ပေါ့ပါးပါးပဲ လူ့အခွင့်အရေးနဲ့အညီ ကောင်းကောင်းမွန်မွန်နဲ့ စောင့်ရှောက် ပေးထား ပါတယ်။ သူတို့ကို တပ်ထဲမှာ ဝါဒမှိုင်းမိထားတာက PDF တွေဘက်ရောက်ရင် တော်လှန်ရေးတပ်တွေ ဘက်ရောက်ရင် အသတ်ခံရမယ်ဘာညာဆိုပြီး ရိုက်ထည့်ထားတာ။ အဲလိုမဟုတ်ဘူးဆိုတာကို ကျနော်တို့က ကောင်းကောင်းမွန်မွန်ထားပြီးတော့ လူ့ဂုဏ်သိက္ခာနဲ့အညီထားပေးထားပါတယ်” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများသည် ပြည်သူကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၃ ၊ ဒေါနတပ် ရင်းနယ်မြေဖြစ်သည့် ရှေ့တန်းနယ်မြေကို ပို့ဆောင်ခြင်းခံရသူများဖြစ် ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းအမိန့် ကြေညာချက်များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုသောတပ်မ တော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာ ကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေးတိုက် တွန်း ထားသည်။ Read in Full

၃၀။ ကျိုင်းတုံမှာ စစ်မှုထမ်းအစားထိုးဖို့ ငွေ ၃ ဆ တိုးကောက်
 November 18, 2024
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ စစ်မှုထမ်းမထမ်းမနေရ အပတ်စဥ် (၇) အတွက် လူထုထံက ကောက်ခံငွေဟာ ကျပ် ငါးသောင်းကနေ တစ်သိန်းခွဲအထိ သုံးဆတိုးလာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ စစ်မှုမထမ်းမနေရဥပဒေအရ ရပ်ကွက်၊​ ကျေးရွာအလိုက် လူစုဆောင်းပေးရတာဖြစ်ပြီး မလိုက်ချင်တဲ့ မိသားစုတွေအနေနဲ့ တစ်အိမ်ကို ကျပ်တစ်သိန်းခွဲအထိ တိုးကောက် လာတာလို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။“အခုကောက်တာတစ်သိန်းခွဲတောင်ဖြစ်လာတယ်။​ စစ်သားရှိတဲ့ စစ်တပ် မိသားစုတွေလည်း ပေးရတယ်။​ သူငယ်ချင်းမိသားစုတွေဆီ လာကောက်တယ်။ တချို့က တခြားဒေသကနေ ပြောင်းလာတာ၊ အကုန်ပေးရတာပဲ” လို့ သူက ပြောပါတယ်။ ဒါပေမယ့် ရပ်ကွက်အလိုက်ကောက်ခံတဲ့ပုံစံမတူကြဘဲ ကျိုင်းတုံမြို့ပေါ် ရပ်ကွက် (၅) မှာတော့ ပထမဆုံး ကျပ်သုံးသောင်းကောက်ပြီး နှစ်လမကြာဘူး ကျပ်ငါးသောင်းပေးရသလို ဒီလိုငွေပေးရကြောင်း တခြားသူ တွေကို မပြောဖို့ ပိတ်ပင်သွားတယ်လို့ ကျိုင်းတုံမြို့၊ နောင်ဖာရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။ ကျိုင်းတုံမြို့၊ နောင်ရေး ရပ်ကွက်တစ်မြို့မစျေးသားတစ်ဦးကလည်း “တချို့ ကလေးတွေ ရွာမှာနေရင် ဆွဲခံရမှာစိုးလို့ ကျောင်းအတက်ပြပြီး အဆောင် လာနေကြရတာတွေရှိတယ်။ ဒါလဲ အိမ်ကတော့ ငွေတစ်သိန်းခွဲအထိထည့်ရတာပါပဲ။ ကလေးတွေနဲ့ခွဲနေရ၊ ငွေပိုကုန်နဲ့ ဒုက္ခတွေ ရောက်နေကြတာ”လို့ ပြောပါတယ်။

စစ်ကောင်စီစစ်မှုထမ်းဥပဒေအရ အသက်နဲ့ အကျုံးဝင်သူမရှိတဲ့အိမ်တွေလည်း အနည်းဆုံးကျပ်တစ်သောင်းကနေ စီးပွားရေးအခြေအနေအလိုက် ကျပ်ငါးသောင်းအထိကောက်ခံနေပြီး လူငှားထည့်ခကိုလည်း အရင်ကျပ်သိန်း ၁၀၀ ပေးရာကနေ အခုကျပ်သိန်း ၁၅၀ အထိ တိုးပေးနေတယ်လို့ ဒေသံခတွေက ပြောပါတယ်။“အကျုံးဝင်သူတွေလဲ မရှိသလောက်ဖြစ်နေပြီ။ အုပ်ကြီးတွေနဲ့ စစ်တပ်နဲ့ပဲ လူပို့ လက်ခံလုပ်နေကြတာ၊ စာရင်းရှင်းတာလဲ တစ်ခါမှမရှိဘူး။ စားစရာမရှိ၊ လျော်စရာရှိ။ လူတွေ အရမ်းကို ကြပ်တည်းနေကြပြီ” လို့ စစ်မှုထမ်းအတွက် ငွေထည့်ရတာ ငါးကြိမ်ခန့်ရှိပြီဖြစ်တဲ့ ယန်းလောရပ်သားတစ်ဦးက ပြောပါ တယ်။ စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းရာမှာ စစ်ကောင်စီက နောက်တန်းတာဝန်သာ ထမ်းဆောင်ရမယ် ရှေ့တန်းမသွားရ ဘူးလို့ လိမ်ညာခေါ်ယူခဲ့ပေမယ့် သင်တန်ဆင်းတွေဟာ ရှေ့တန်းစစ်မြေပြင်တွေကို တိုက်ရိုက်ပို့ခံနေရလို့ သေတာများနေပြီလို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဥ် တစ် ကနေ ငါး အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော်  ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့ လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ Read in Full

၃၁။ စစ်အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်တပ်က အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီး
 November 18, 2024
စစ်တပ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း  စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် ပျက်စီးခဲ့ရကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။ ၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၄ သြဂုတ် ၃၁ ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၁,၄၇၄ လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့ကအသိပေးသည်။ ယင်းအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး ၇၃,၃၅၁ လုံး မီးရှို့ ဖျက်ဆီးခံရကာ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့်အရေအတွက်၏ ၆၉ ရာခိုင်နှုန်းရှိကြောင်း Data for Myanmar က ဆိုသည်။ ထို့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်နှင့် ချင်းပြည် နယ်တို့တွင်လည်း အရပ်သားနေအိမ် ၂၆,၈၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း Data for Myanmar အဖွဲ့က ထပ်မံအသိပေးသည်။ Data for Myanmar ၏ ထုတ်ပြန်ချက်တွင် မပါသေးသည့် စက်တင်ဘာ၊ အောက်တိုဘာနှင့်ယခုနိုဝင်ဘာလတွင်လည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အိမ်ခြေ ၅၀၀ ကျော်၊ ကန့်ဘလူခရိုင်တွင် အိမ်ခြေပေါင်း ၈၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ပြော သည်။ “သူတို့က သာမန်စစ်ရှောင်ထက်ဆိုးတယ်။ သာမန်စစ်ရှောင်က အိမ်ကျန်တယ်။ သူတို့ကျတော့ မီးပါအရှို့ခံရတော့ အကုန် လုံး ဘာမှကိုမကျန်တော့တာ။”ဟု S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောသည်။ လက်နက်ကိုင် ခုခံစစ်အားကောင်းသည့်နယ်မြေ၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်မြို့ရွာဒေသများ၊ တော်လှန်ရေးအင်အားစုများ ကို ထောက်ခံသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက် ကြီး၊ လေကြောင်းနှင့် စစ်သင်္ဘောများ၏ ပစ်ခတ်မှု ကြောင့်လည်း နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmarက သုံးသပ်သ​ည်။  စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု များကြောင့် ၂၀၂၁ က နေအိမ်ပေါင်း ၂,၁၁၁ လုံး၊ ၂၀၂၂ တွင် ၄၆,၈၅၆ လုံး၊ ၂၀၂၃ တွင် ၃၁,၄၈၄ လုံး၊ ၂၀၂၄ ခုနှစ် ဇွန်လအထိ နှစ်ဝက်အတွင်း ၁၄,၉၆၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ 

၃၂။  ဖားအံ-ရန်ကုန်လမ်းတစ်လျှောက် အစစ်အဆေးပိုမိုတင်းကြပ်၊ သက်ကြီးရွယ်အိုများပါ အစစ်ခံနေရ
 November 18, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်မှု ပိုမိုလုပ်ဆောင်နေပြီး သက်ကြီးရွယ်အိုမှအစ အစစ်ဆေးခံနေရကြောင်း တန်ဆောင် တိုင်ကာလအတွင်း ခရီးသွားလာသူများထံမှ သိရသည်။ ဖားအံမှ ရန်ကုန်သို့ သွားသည့်လမ်းတစ်လျှောက် စစ်ကောင်စီစစ်ဆေး ရေးနေရာ (၈)ခုထက်မနည်းတွင် မှတ်ပုံတင်နှင့်မျက်နှာတိုက်ဆိုင်စစ်ဆေးသည်အထိ သက်ကြီးရွယ်အိုများပါမချန် စစ်တပ်က စစ်ဆေး ရေးတင်းကြပ်မှုများလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ခရီးသွားလာခဲ့သူတစ်ဦးက ဆိုသည်။ ၎င်းက “အရင်ကလူကြီးတွေ ဆိုရင် မှတ်ပုံတင်မတောင်းဘူး၊ အခုကမှတ်ပုံတင်နဲ့မျက်နှာတိုက်စစ်တယ်။ အဲဒါ ရန်ကုန်ထဲမဝင်သေးဘူး (၃)နေရာလောက်ရှိ တယ်။ ရန်ကုန်ထဲဝင်တော့လည်း နေရာ(၃)ခု လောက်မှာ စစ်တပ်ကကောင်တွေက ကားပေါ်လိုက်တက်တယ်။ အဖေနာမည် က အစမေးတယ်။ သွားရေးလာရေးသိပ်မလွယ်တော့ဘူး” ဟု အဆိုပါခရီးသွားက နိုဝင်ဘာ(၁၄)ရက်နေ့တွင် ပြောသည်။ ထို့အပြင် အစစ်အဆေးကြမ်းသဖြင့် နာမည်ကြီးသည့် ဖားအံမြို့အဝင်ရှိ သံလွင်တံတား ဂိတ်နေရာ၌သာမက ဖားအံ-ရန်ကုန် အဝေးပြေး လမ်းမတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစစ်အဆေးပြုလုပ်မှုပိုမိုများပြားလာသဖြင့် ဖုန်းထုတ်မသုံးရဲတော့သည်အထိ သတိထားနေသည် ဟုလည်း နောက်ထပ် ဖားအံ-ရန်ကုန်ခရီးသွားတစ်ဦိးကပြောသည်။

“ကားစပါယ်ယာတွေကအစ ဖုန်းတွေပိတ်ထားဖို့ ပြောတယ်။ ဂိတ်တွေက တစ်နေရာတစ်နေရာ သိပ်မ ဝေးတော့ သူတို့ လွန်မှ ဖွင့်သုံးလို့ရရင်ပြောမယ် အဲ့ကျမှသုံးပါပေါ့။ ရန်ကုန်ထဲဝင်တော့လည်း စစ်တာ (၃)နေရာလောက် ရှိတယ်။ ကား‌တွေ ပေါ်အထိ အကုန်လိုက်တက်ကြည့်တာ” ဟု ထိုခရီးသွားက ပြောသည်။ သံလွင်ဂိတ်သာမက ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါး ရှည် ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှ (X-Ray) စစ်ဆေးရေးဂိတ်တွင်လည်း ကားကြီးတစ်စီးလျှင် နာရီနှင့်ချီအချိန် ကြာမြင့်စွာ စစ်ဆေးနေ သည့်အတွက် လမ်းခရီးကြန့်ကြာမှုပိုလာကြောင်း ရန်ကုန်-မော်လမြိုင် ခရီးသွားလာသူများ၏ ပြောပြ ချက်အရ သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေနှင့်နီးစပ်သည့် ဖားအံ-ရန်ကုန် အဝေးပြေးလမ်းတစ်လျှောက်တွင်မှု ပြည်ပကုန်ပစ္စည်းအပြင် လူငယ် အလေးထား စစ်ဆေးမှုများပိုမိုပြုလုပ်လျက်ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။ Read in Full

၃၃။ မူဆယ်မြို့ကို စက်သုံးဆီသယ်ယူခွင့် TNLA ကန့်သတ်ထားကြောင်း ဒေသခံတွေ ပြော
 November 18, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)  ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ခမ်းမြို့ကနေ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို စက်သုံးဆီ တင်ပို့ရောင်းချတာတွေ မလုပ်ဖို့ TNLA ဘက်က ကန့်သတ်ထားတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ကစပြီး TNLA ဘက်က အခုလို ကန့်သတ်လိုက်တာ ဖြစ်တာကြောင့် အချိန်တစ်ပတ်ခန့် ကြာမြင့်လာပြီလို့ နမ့်ခမ်းမြို့ခံတစ်ဦးက ပြောပါ တယ်။“စက်သုံးဆီတစ်မျိုးတည်းပဲ တစ်ခြားဟာတွေတော့ မပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်ပေါ့ အဓိကပိတ်လိုက်တာ။ စစ်ကောင်စီက နမ့်ခမ်းဘက်ကို စားသောက်ကုန်တွေ၊ ဆေးဝါးတွေ သယ်ဖို့ပိတ်ထားတယ်။ အဲဒါကြောင့် သူတို့က ပြန်ပိတ်လိုက်တာလို့ပြော တယ်” စစ်ကောင်စီက မူဆယ်မြို့ကနေ TNLA ထိန်းချုပ်ဒေသတွေကို စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကန့်သတ်လိုက်တာပါ။ ဒါကြောင့် TNLA ဘက်ကလည်း အခုလို တန်ပြန်ကန့်သတ်တာလို့ ဒေသခံ တွေက ပြောပါတယ်။

TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ စက်သုံးဆီ သယ်ဆောင်ရောင်းချခွင့် အပေါ်ကန့်သတ် ပိတ်ပင်ထားတာ မရှိဘူး လို့ပြောပါတယ်။“လက်ရှိအချိန်အထိတော့ ပိတ်ပင်တာမရှိသေးဘူး။ လွတ်လပ်စွာရောင်းချခွင့်ရှိပါတယ်” ဒါပေမဲ့ နန့်ခမ်းမြို့နေ မူဆယ်ဘက်သွားတဲ့ TNLA စစ်ဆေးရေးဂိတ်တွေမှာ စက်သုံးဆီသယ်ယူခွင့်မပြုတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။ တရုတ် နိုင်ငံဘက်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကစလို့ မူဆယ်နယ်စပ်ကနေ စက်သုံးဆီနဲ့ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းတချို့ သယ်ယူခွင့်ကို ကန့်သတ်ထားတယ်လို့ နယ်စပ်မှာနေထိုင်တဲ့ ကုန်သည်တွေက ပြောပါတယ်။ ဒီကန့်သတ်မှု တွေကြောင့်လည်း မူဆယ်၊ နမ့်ခမ်း စတဲ့ဒေသတွေမှာ စက်သုံးဆီတွေ ပြတ်လပ်တဲ့အတွက် စက်သုံးအရောင်းဆိုင် တွေ အားလုံး နီးပါ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြင်ပ မှောင်ခိုဈေးကွက်မှာတော့ အရင်က ကျပ်လေးထောင်ကျော်ရှိတဲ့ စက်သုံးဆီဈေးနှုန်းဟာ တစ်လီတာကို ကျပ်တစ်သောင်း နှစ်ထောင်ကျော် ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။ 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button