အတွေးအမြင်

စိတ်ခံစားချက် ဦးစားပေးမည်ဆိုလျှင်

ဗိုလ်ဖိုးမှီ (ယော) | အတွေးအမြင်

စိတ်ခံစားချက် ဦးစားပေးမည်ဆိုလျှင်

ဗိုလ်ဖိုးမှီ (ယော) | အတွေးအမြင်

“ရဲဘော်တို့…တော်လှန်ရေးလုပ်တယ်ဆိုတာဆိုတာ စိတ်ခံစားချက်ကို ဦးစားပေးလို့မရဘူး။ စိတ်ခံစားချက်ကို ဦးစားပေးမယ်ဆိုရင် တော်လှန်ရေးဆိုတာ အလိုလို နောက်ရောက်သွားတတ်တယ်။ ဒါကြောင့် တော်လှန်ရေးသည် ပထမ၊ တော်လှန်ရေးသည် ဒုတိယ၊ တော်လှန်ရေးသည် တတိယ ဦးစားပေးဖြစ်နေရမယ်။”

ဒီစကားသည် ကျွန်တော်ထောက်ပို့လုပ်ပေးနေတဲ့ တပ်ဖွဲ့မှ ရဲဘော် တပ်ဖွဲ့ဝင်များကို အလျဉ်းသင့်တိုင်း ပြောကြားနေသော ဆုံးမစကား သို့မဟုတ် ဩဝါဒ စကားဖြစ်သည်။ “တော်လှန်ရေးလုပ်တယ်ဆိုတာ စိတ်ရှည်သည်းခံတတ်ရမည်”ဆိုတာကိုလည်း ရှေ့က စီနီယာ တော်လှန်ရေးအဘကြီးများက ဆုံတွေ့တိုင်း ပြောကြားလေ့ရှိကြသည်။

ကျွန်တော်တို့ လက်နက်ကိုင်ကြခြင်းသည် လက်ရှိ နွေဦးတော်လှန်ရေးမှသာ လက်နက်ကို မြင်ဖူး ကိုင်ဖူးကြခြင်း ဖြစ်သည်။ မလွှဲသာ မရှောင်သာ၍ ကိုင်ကြရခြင်းသာဖြစ်ပြီး လက်နက်နဲ့ ယဉ်ပါးသူများ မဟုတ်ကြပေ။ တနည်းအားဖြင့် ပရော်ဖက်ရှင်နယ်များ (Professionals) မဟုတ်ကြပေ။ သင်ယူတတ်မြောက်ထားသော စစ်ပညာများသည်လည်း ပြည်သူ့စစ် (Militia) အဆင့်သာ ရှိကြသည်။

တချို့သော တော်လှန်ရေးလုပ်နေသူများ၊ အစုအဖွဲ့များသည် လက်နက်ကိုင်စွဲရခြင်း၊ လက်နက်၏ စွမ်းအား (Gun Power) အပေါ်တွင် သာယာလာတာကိုလည်း တွေ့မြင်ရပြီး လက်နက်အားကိုးဖြင့် ပြည်သူလူထုအပေါ် အနိုင်ကျင့်မှု၊ ဗိုလ်ကျမှု၊ အကြပ်ကိုင်မှု၊ ခြိမ်းခြောက်မှုများ ပြုလုပ်လာကြသည်ကိုလည်း တွေ့မြင်နေရသည်။ ကောင်းတဲ့ လက္ခာတော့ မဟုတ်ပေ

။ တော်လှန်ရေးအရှိန် ရလာပြီး ရန်သူ့နယ်မြေ ကျဉ်းမြောင်းလာသည်နဲ့အမျှ အလားတူကိစ္စရပ်များ ပိုမိုများပြားလာကာ ပြည်သူလူထုအပေါ် သေနတ်ပြောင်းဝ လှည့်လာခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းအပေါ် သေနတ်ပြောင်းဝ လှည့်လာခြင်းများ ရှိလာသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ရသည်။ တချို့နေရာများတွင် သေနတ်ပြောင်းဝလှည့်လာသည့်အဆင့်ကို ကျော်လွန်၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများလည်း ရှိလာနေပြီ ဖြစ်သည်။ ထိုအခြေအနေများကို အချိန်မီ ထိန်းကျောင်းရန် အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ ပြည်သူလူထုများတွင် တာဝန်ရှိသည်။

မူလက ရှိနှင့်ပြီးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ (EROs) မှလွဲ၍ နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့အစည်း အများစုသည် နိုင်ငံရေးရည်မှန်းချက် တနည်းဆိုရသော် မူဝါဒ (Policy) ခိုင်ခိုင်မာမာ ချမှတ်ထားသည်ကို မတွေ့ရှိရပေ။ လက်လှမ်းမှီသမျှ လေ့လာကြည့်ရာတွင် ၁။ စစ်အာဏာတော်လှန်ရေး၊ ၂။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ၃။ ပြည်တွင်းငြိမ်းချမ်းရေး စသည့် ရေပန်းစားနေသော မူဝါဒများကိုသာ ပြောဆိုကြသည်ကို တွေ့ရသည်။

ထိုအထဲတွင် ထူးခြားချက်အနေဖြင့် လူမျိုးစု၊ မျိုးနွယ်စုများကို အခြေခံထားသော အစုအဖွဲ့များတွင်တော့ လူမျိုးစု၊ မျိုးနွယ်စုများ၏ ရပိုင်ခွင့်များအပေါ်တွင် မူဝါဒများ ချမှတ်ထားသည်ကို တွေ့ရသည်။ ကျွန်တော်လက်လှမ်းမှီသမျှ လေ့လာမိသာ အဖွဲ့များထဲမှ ဥပမာအနေဖြင့် ယောနယ်အခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တွင် တပ်ဖွဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းထားပြီး နိုင်ငံရေးရည်မှန်းချက်၊ မူဝါဒ၊ ဖွဲ့စည်းပုံ၊ လမ်းစဉ်များကို ရှင်းရှင်းလင်းလင်း ရေးဖွဲ့ထားသည်ကို လေ့လာတွေ့ရှိရသည်။

ပထမအနေဖြင့် အမည်နာမအားဖြင့် ပြောဆိုရပါမူ အဖွဲ့အစည်းအများစု၏ အင်္ဂလိပ်နာမည်ရေးထိုးရာတွင် အပေါ်စတော်ပီ အပ်စ် (‘s) ကိုသာ အသုံးပြုကြပြီး ၎င်းတို့တွင် သူများနဲ့မတူဘဲ အပ်စ် အပေါ်စတော်ပီ (s’) ကို ရေးထားတာ တွေ့ရသည်။ PDF တွင် People’s Defense Force လို့ ရေးကြပြီး ၎င်းတို့တွင် Yaws’ People Defense Force လို့ ရေးသားထားသည်။ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများထဲတွင်

အခန်း (၂) နိုင်ငံရေးရည်မှန်းချက်၊ မူဝါဒ၊ လမ်းစဉ်နှင့် သစ္စာဓိဌာန်

ပုဒ်မ (၆) (က) ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ၏ နိုင်ငံရေးရည်မှန်းချက်

(၁) စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ရေး

(၂) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး

(၃) အခြားတိုင်းရင်းသားများနည်းတူ ယောသူယောသားများ၏ ရပိုင်ခွင့်များ တန်းတူညီမျှခွင့် ရရှိရေး

(၄) ယောလူမျိုးစုကို အခြေခံသော ဖက်ဒရယ်ယူနစ်တခု ပေါ်ပေါက်ရေး

(ခ) မူဝါဒ

(၁) ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ၏ မူဝါဒကို ဗဟိုဦးဆောင်ကော်မတီက ချမှတ်ထားသော မူဝါဒများအတိုင်း လိုက်နာကျင့်သုံးမည်။

(၂) လူမျိုးကြီးဝါဒကို လက်မခံဘဲ အဖိနှိပ်ခံပြည်သူများဖက်က အစဉ်အမြဲ ရပ်တည်မည်။

(၃) မတူကွဲပြားမှုကိုလက်ခံပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးကို အစဉ်အမြဲ တန်ဖိုးထားမည်။

(၄) စစ်မှန်သော လွတ်လပ်မှုနှင့် တရားမျှတမှုအပါအဝင် အခြေခံလူ့အခွင့်အရေး စံတန်ဖိုးများကို လေးစားလိုက်နာမည်။

(၅) အာဏာရှင်စနစ်ကို လက်တွေ့ကျကျ တွန်းလှန်တိုက်ထုတ်နေကြသော မည်သည့် တော်လှန်ရေးအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းများနဲ့မဆို မဟာမိတ်ဆက်ဆံရေးကို ထူထောင်သွားမည်။

(၆) ရည်ရွယ်ချက်၊ ပန်းတိုင်တူညီကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်ပေါင်းစုတရပ် ထူထောင်သွားမည်။

(၇) ပြည်တွင်းငြိမ်းချမ်းရေးအတွက် မိမိတို့ တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်သွားမည်။

(ဂ) လမ်းစဉ်

လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျ ဖိနှိပ်အုပ်ချုပ်နေသော စစ်တပ်၊ စစ်အုပ်စုနှင့် စစ်ဗျုရိုကရက်အရင်းရှင်များကို အမြစ်ဖြတ်တွန်းလှန် တိုက်ထုတ်ရာတွင် နိုင်ငံရေးနည်းလမ်းတခုထဲဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် လက်နက်ကိုင်တော်လှန်ရေးနည်းဖြင့်သာ အာဏာရှင်စနစ် အမြစ်ဖြတ် တွန်းလှန် တိုက်ထုတ်နိုင်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် မိမိတို့၏ ရည်မှန်းချက်များ ရရှိသည်အထိ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုသာ တစိုက်မတ်မတ် လုပ်ဆောင်သွားမည်။

(ဃ) သစ္စာဓိဌာန်

(၁) ငါတို့သည် တိုင်းပြည်နှင့် ပြည်သူလူထု၊ ယောဒေသနှင့် ယောလူမျိုးတို့၏အကျိုးကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ပါမည်။

(၂) ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ မိမိအသက်ကို ပဓာနမထားဘဲ ရဲဝံ့စွာ တိုက်ပွဲဝင်သွားပါမည်။

(၃) ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သော အာဇာနည်အပေါင်းအား အစဉ်အမြဲ အောက်မေ့သတိရ လေးစားပါမည်။

(၄) ငါတို့သည် အဖွဲ့အစည်းအပေါ်၌ သော်လည်းကောင်း၊ တော်လှန်ရေးအပေါ်၌ သော်လည်းကောင်း ဘယ်သောအခါမှ သစ္စာမဖောက်ပါ။

(၅) ငါတို့သည် ရန်သူ့ထံ၌ ဘယ်သောအခါမှ လက်နက်မချပါ။

(င) ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) သည် ဒီမိုကရေစီ ဗဟိုဦးစီးစနစ် (Centralize Democracy) ကို ကျင့်သုံးသည်။

 ဟု ရေးသားဖော်ပြထားသည်။ တစ်ဦးတည်းအမြင်ဖြင့် သုံးသပ်ရသော် ၎င်းတို့၏ ခေါင်းဆောင်ပိုင်းသည် ထိုက်သင့်သည့် နိုင်ငံရေးအတွေးအခေါ် ယူဆချက်၊ ခံယူချက်များ ရှိသည်ဟု ဆိုနိုင်ပါသည်။

လက်ရှိဖြစ်ပေါ်လျက်ရှိသော နွေဦးတော်လှန်ရေးသည် နိုင်ငံရေးစနစ်မကောင်း၍ ဖြစ်လာခြင်း ဖြစ်သည်။ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း၍ မရသည့် အခြေအနေကြောင့် လက်နက်ကိုင်တော်လှန်ရေး (Armed Struggle) ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးရည်မှန်းချက် ရှိရမည်ဖြစ်သည်။

နိုင်ငံရေးရည်မှန်းချက်မရှိပါက “ဆင်ကန်းတောတိုး” ဖြစ်နေမည်ဖြစ်သည်။ ဥပမာအားဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ နိုင်ငံရေးရည်မှန်းချက်အပေါ် အခြေခံ၍ လှုပ်ရှားဆောင်ရွက်ကြရသည်။ ထိုနည်းတူ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EROs) သည် ၎င်းတို့နိုင်ငံရေးဦးဆောင်အဖွဲ့များ၏ လိုအပ်ချက်များအရ စစ်ရေးဖော်ဆောင်ကြရသည်။ နိုင်ငံရေးလိုအပ်ချက်များ ပြည့်မြောက်သွားချိန်တွင် သေနတ်သံများသည်လည်း အလိုလို တိတ်ဆိတ်သွားစမြဲဖြစ်သည်။ ၎င်းအခြေအနေများနဲ့ပတ်သက်၍ တရုတ်နိုင်ငံ၏ ခေါင်းဆောင် မော်စီတုန်း က “စစ်ဆိုတာ နိုင်ငံရေး၏ အသက်။ စစ်ဆိုတာ ရေဘူယျအားဖြင့် နိုင်ငံရေးမဟုတ်ပေ။

နိုင်ငံရေးကို ထူးခြားတဲ့နည်းနဲ့ ဆက်လက်လုပ်ခြင်းဖြစ်တယ်။ နိုင်ငံရေးဟာ အဆင့်တခုခုထိ တိုးပွားလာပြီး မူလနည်းနဲ့ ရှေ့ကို တိုးမသွားနိုင်သည့်အခါ၊ နိုင်ငံရေးလမ်းကြောင်းပေါ်က အတားအဆီးတွေကို ဖယ်ရှားလိုတဲ့အခါ စစ်ဖြစ်ရတယ်။ အတားအဆီးဖယ်ရှားပြီး နိုင်ငံရေးအထမြောက်တာနဲ့ စစ်လည်း အဆုံးသတ်သွားတယ်။ ရည်ရွယ်ချက်အောင်မြင်တဲ့အထိ စစ်ကိုတိုက်ရတယ်။ ဒါကြောင့် နိုင်ငံရေးဟာ သွေးမထွက်တဲ့ စစ်ဖြစ်ပြီး စစ်ဆိုတာ သွေးထွက်တဲ့ နိုင်ငံရေးဖြစ်တယ်။ သေနတ်ကို မလိုလားရင် သေနတ်ကိုပဲ ကိုင်စွဲရမည်။”ဟု စစ်နှင့် နိုင်ငံရေးဒွန်တွဲနေပုံကို ပြောဆိုခဲ့ဖူးသည်။

စစ်နှင့် နိုင်ငံရေးသည် လက်ဝါးနှင့် လက်ဖိုး ကဲ့သို့ တူသည်ဟု ထင်ပါသည်။ ခွဲခြားထား၍မရသလို ဝင်ရောက်စွက်ဖက်၍လည်း မရပေ။ သူ့အလုပ်နဲ့ သူလုပ်ကြရသည်။ ဥပမာ ပါးကိုရိုက်တာချင်း တူပေမယ့် လက်ဝါးဖြင့် ရိုက်မှသာ ပါးရိုက်တာလို့ ခေါ်လို့ရပြီး လက်ဖမိုးနဲ့ရိုက်လျှင် လက်ဖျံရိုက်တာဟု သုံးကြသည်။ စစ်ရေး၊ နိုင်ငံရေးသည် မာယာ ပရိယာယ်များလှသည်။ လိမ္မာပါးနပ်ဖို့ လိုအပ်သည်။

ယခုရက်ပိုင်းအတွင်း “YDF ရဲဘော်နှစ်ဦးကို CNA မှ ဖမ်းဆီးသွားသည့်ကိစ္စ”သည် သတင်းစာမျက်နှာများတွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။ ရဲဘော်နှစ်ဦးဖမ်းဆီးခံရသည့်ကိစ္စနဲ့ပတ်သက်၍ နှစ်ဖက် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ ခရီးသည်ကားများ၊ ကုန်ကားများ လမ်းပိတ်ဆို့ခံခဲ့ ကြရသည်မှာ တပတ်ကျော် ကြာမြင့်ပြီဖြစ်သည်။ ကုန်ကားများတွင် ကြာရှည်အထားမခံသည့် ကုန်စိမ်းများ၊ အသားစားကြက်၊ ဥစားကြက်များ၊ ငါးများ စသည့် ပုပ်ကုန် သိုးကုန်များလည်း ပါဝင်သည်ဟု တဆင့်စကားဖြင့် သိရပါသည်။ ပြည်သူရာနဲ့ချီ၍ ဒုက္ခရောက်ခဲ့ကြရသည်။ မည်သည့်အကြောင်းပြချက်ကြောင့် ရဲဘော်နှစ်ဦးကို ဖမ်းသနည်း။

မည်သည့်အကြောင်းပြချက်ကြောင့် လမ်းများ ပိတ်ခဲ့ရသနည်း။ နောက်ဆုံးဒုက္ခရောက်တာ မည်သူတွေနည်း။ ခေတ်အဆက်ဆက် လက်နက်ကိုင်ပဋိပက္ခများ၏ ဆိုးကျိုးများကို ခံစားကြရသည့် မြေစာပင်များသည် ပြည်သူများသာ ဖြစ်သည်။ နှစ်ဖက်ခေါင်းဆောင်များ အမြော်အမြင်ရှိရန် လိုအပ်သည်။ တချို့ကိစ္စရပ်များသည် စားပွဲဝိုင်းတွင်သာ ပြေလည်အောင် ဖြေရှင်းကြရမည်။ လက်နက်ကိုင်ထားတာကြောင့် လက်နက်နဲ့ အရင် ဖြေရှင်းဖို့ ကြိုးစားကြခြင်းသည် မလိုလားအပ်သော ပြဿနာများကို ဖြစ်ပွားစေနိုင်သည်။

ယခုကိစ္စသည် နှစ်ဖက်စလုံး မှားသည်ဟု မပြောလိုသော်လည်း ဖြေရှင်းပုံသည် မှားယွင်းသည်ဟု မိမိတစ်ဦးတည်း အမြင်အရ ယူဆသည်။ ထိုအခြေအနေမှ ပြေလည်မသွားဘဲ ဆက်လက်တင်းမာ မြင့်တက်လာပါက ဘာသာမတူ၊ လူမျိုးမတူသူတွေကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားလာနိုင်သည်။ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခမှသည် အလုံးစုံပျက်သုဉ်းရေးအထိ ဦးတည်သွားနိုင်သည်။

နောက်တချက်အနေဖြင့် အင်အားနည်းသူသည် အင်အားကြီးသူကို ထိပ်တိုက်ရင်ဆိုင်မှုမျိုးမလုပ်ဘဲ ရှောင်ရှားသင့်သည်။ ရန်သူ စစ်ကောင်စီတပ်ကလွဲ၍ မိမိထက်အင်အားကြီးသူ၊ အတွေ့အကြုံရင့်သူများကို ဖက်ပြိုင်ရန်ဖြစ်မနေဘဲ မိမိရည်မှန်းချက် ပန်းတိုင်ရောက်အောင် အကူအညီများရယူကာ ပြေလည်သင့်မြတ်အောင် နေထိုင်သင့်သည်။ “ဖားတု၍ ခရုခုန် အိုင်ပျက်ရုံသာ ရှိလိမ့်မည်”ဆိုသော မြန်မာ စကားပုံတစ်ခုကဲ့သို့ပင်။

ခေါင်းဆောင်များသည် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး အခြေအနေများ၊ ဖြစ်လာနိုင်သည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို ဆင်ခြင်တုံတရားဖြင့် သုံးသပ်၍ အမြော်အမြင်ကြီးစွားဖြင့် ကိုင်တွယ်ဖြေရှင်း ကြရန် လိုအပ်ပါသည်။ “မဆိုးတဲ့စစ်နှင့် မကောင်းတဲ့ငြိမ်းချမ်းရေး ဆိုတာ မရှိ” ဟု ဘင်ဂျမန် ဖရန့်ကလင်း (B. J Franklin) က ပြောဆိုခဲ့သည်။ မတူကွဲပြားမှုတွေကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ပြီး ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် အရေးကြီးပါသည်။

ရှေ့တွင်ဖော်ပြခဲ့သလို နိုင်ငံရေး၊ စစ်ရေးသည် အင်မတန် မာယာ ပရိယာယ်များသည့်အလျောက် သိမ်မွေ့စွာ ကိုင်တွယ်တတ်ကြဖို့ လိုအပ်ပါသည်။ ပုဂ္ဂိုလ်ရေးခံစားချက်ကို ဦးစားပေး၍ မရပေ။ ပုဂ္ဂိုလ်ရေးခံစားချက်များ၊ စိတ်ခံစားချက်များကို ဦးစားပေးမည်ဆိုပါက ပြည်သူအတွက် အလုပ်အကျွေးပြုရန် လက်နက်ကိုင်ထားသူများသည် ပြည်သူကို ဒုက္ခပေးရာ ရောက်တတ်ပါသည်။ သမိုင်းတရားခံများ ဖြစ်သွားတတ်သည်ကို သတိချပ်သင့်သည်။ ကျွန်တော်တို့၏ အာဏာရှင်တော်လှန်ရေး မပြီးဆုံးသေးပါ။ စစ်တပ်၊ စစ်အုပ်၊ စစ်ဗျိုရိုကရက်စတဲ့ စစ်သုံးစစ်ကို အပြီးသတ် ချေမှုန်းနိုင်ရေး ဦးစားပေးကြရဦးမည်ဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေးလုပ်ဆောင်နေကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်သည် မိမိတို့အပေါ်တွင် မူတည်နေသည်ဟု ခံယူကာ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိ စုပေါင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နိုင်ပါစေကြောင်း ရည်ရွယ်လျက် မိမိ၏ ထင်မြင်ယူဆချက် အတွေးအမြင်များကို ရေးသားတင်ပြလိုက်ရပါသည်။

လေးစားလျက်…..။

ဗိုလ်ဖိုးမှီ (ယော) | FJMM

Related Articles

Back to top button