ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်စီးနင်း၊ စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၄၊ ၂၀၂၃
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာနဲ့ ပူဖားကျေးရွာတွေမှာ ခြေကုပ်ယူ တပ်စွဲ ထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုတွေက စက်တင်ဘာလ ၂ ရက်မှာ ဝင်ရောက်စီးနင်း ချေမှုန်း တိုက်ခိုက်ခဲ့တယ်လို့ KNDF က ဒီကနေ့မှာ ထုတ်ပြန် ထားပါတယ်။
အဲဒီ တပ်စခန်းတွေကို မနက် ၅ နာရီခွဲ အချိန်မှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF)၊ အလယ်ပိုင်းတိုင်း – ကရင်နီ (ကယား) စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်းနဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ပူးပေါင်းပြီး တစ်ပြိုင်နက် စီးနင်းဝင်ရောက် ချေမှုန်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲတွေက အရမ်းပြင်းထန်တာမျိုးတော့ မဟုတ်ပေမဲ့ ဖြစ်တော့ ဖြစ်နေတာပေါ့။ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ ကတော့ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်။ ဒီတိုက်ပွဲရဲ့ နောက်ဆက်တွဲ သက်ရောက်မှု အနေနဲ့ကတော့ လက်ရှိမှာ ပြောရခက်ပါတယ်။ စကစ ဘက်ကလည်း ဒီနေရာကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်” လို့ KNDF တပ်ရင်း (၆) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက FJMM ကို ပြောပါတယ်။
တိုက်ပွဲတွေက မနက် ၅ နာရီခွဲကနေ မနက် ၉ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီးတော့ ဒဏ်ရာရရှိသူတွေ များပြားသလို ထိတွေ့တိုက်ပွဲအတွင်း ဦးတည်ရာမဲ့ ထွက်ပြေး နေသူတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့တွေ ထံက နေ လက်နက်ငယ်မျိုးစုံ (၁၅)လက် ၊ (၆၀) မမ ပြောင်း (၂) လက် ၊ RPG-7 (၁)လက် ၊ ငါးကြင်းမြီး (၁ )လက် ၊ ဆက်စပ် ခဲယမ်းမီးကျောက်တွေ ၊ ကျည်ဆံတွေ ၊ ဆက်သွယ်ရေးစက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့သလို လက်ရှိမှာလည်း ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီက ထိုးနေတဲ့ စစ်ကြောင်းတွေအပြင် ကျေးရွာတွေအတွင်းမှာ ခြေကုပ်ရယူ တပ်စွဲနေတဲ့ တပ်စခန်းတွေကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံစစ်၊ တန်ပြန်ထိုးစစ်တွေနဲ့ ဖော်ဆောင်ပြီး အောင်မြင်အောင် ကြိုးစားနေသလို ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ် လို့ KNDF က ထုတ်ပြန်အသိပေး ထားပါတယ်။
ဓါတ်ပုံ – KNDF