ဆောင်းပါးအတွေးအမြင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် | အပိုင်း ၅

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် | အပိုင်း

စည်းနရီ | အတွေးအမြင်

ကုစားရေးအတွက် ခွဲထွက်ခြင်း အယူအဆ

ကုစားရေးအတွက် ခွဲထွက်ခြင်းအယူအဆသည် ၎င်းတို့၏ အစိုးရ၏ ဆိုးဆိုးရွားရွား ဆက်ဆံခြင်းကို ခံရပါက ပြည်သူများအား လွတ်လပ်ရေး ကြေငြာရန် နည်းလမ်း တစ်ခု ဖြစ်သည်။ လူမျိုးစုများ ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှ လူထုများကို ကာကွယ်ရန် နည်းလမ်း တစ်ခုဖြစ်သည်။ အရင်ကာလများတွင် လူထုများကို သူတို့နိုင်ငံမှ ခွဲထွက်ခွင့်အား နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံချေ။

သို့သော် စစ်အေးတိုက်ပွဲအပြီးတွင် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားရှိလာခဲ့သည်။ ထို့ကြောင့် ဆိုးရွားစွာ ဆက်ဆံခံရသူတို့အဖို့ ခွဲထွက်ခွင့်ရှိသင့်သည်ဟူသော အတွေးဖြစ်လာခဲ့သည်။ ခွဲထွက်ခြင်းဖြင့် ကုစားခြင်းသည် အတွေးအခေါ်သစ်တခုဟုလည်း ဆိုနိုင်ပြီး မည်ကဲ့သို့အလုပ်ဖြစ်နိုင်သည်ကိုမူ သဘောတူညီထားခြင်း မရှိ သေး ချေ။ သို့ရာတွင် ၎င်းအယူအဆသည် စဉ်းစားထိုက်သော အရေးပါသည့် အယူအဆတခုဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများမှလည်း အကာအကွယ် ဖြစ်နိုင်သည်။

နိုင်ငံတကာဥပဒေကော်မရှင် (ILC) က ၂၀၁၀ ခုနှစ်တွင် “ပြန်လည်ကုစားရန် ခွဲထွက်ခွင့်ကို မိခင်နိုင်ငံမှ ၎င်း၏နယ်မြေအတွင်း လူ့အခွင့်အရေးကို ကာကွယ် စောင့် ရှောက် ရန် မလိုလားခြင်း သို့မဟုတ် စောင့်ရှောက်နိုင်စွမ်း မရှိခြင်းစသည့် ခြွင်းချက်အခြေအနေများတွင် နိုင်ငံတကာဥပဒေ၏ကိစ္စရပ်အဖြစ် အသိအမှတ်ပြု ခံရနိုင် သည်” ဟု ဖော်ပြထားသည်။

ပြန်လည်ကုစားရေးအတွက် ခွဲထွက်ခွင့်ရှိ၊ မရှိ ဆုံးဖြတ်ရန် အဆိုပြုထားသော ကိုက်ညီရမည့် စံသတ်မှတ်ချက်များရှိပါသည်။ ဤသတ်မှတ်ချက်များတွင် အောက်ပါတို့ လည်း ပါဝင်သည်။

  • လူထုက ခံစားခဲ့ရသည့် လူ့အခွင့်အရေးချိုးဖောက်မှုအဆင့်။
  • လူထု၏လူ့အခွင့်အရေးကိုကာကွယ်ရန် မိခင်နိုင်ငံမှ မစွမ်းဆောင်နိုင်မှု သို့မဟုတ် ဆန္ဒမရှိခြင်း။
  • လူများကြားတွင် ကွဲပြားသော ဝိသေသလက္ခဏာ သို့မဟုတ် ယဉ်ကျေးမှု တည်ရှိခြင်း
  • ခွဲထွက်ရေးအတွက် ပြည်သူအများစု၏ ထောက်ခံမှု။

ပြန်လည်ကုစားရေးအတွက် ခွဲထွက်ခြင်းသည် လက်တွေ့အကောင်အထည်ဖော်မှုတွင် စိန်ခေါ်မှုရှိသည်။ ပြန်လည်ကုစားရေးအတွက် ခွဲထွက်ခြင်းကို အသုံးပြုနိုင်မည့် အခြေအနေများကို သတ်မှတ်ရန် ခက်ခဲသည်။ အတွင်းရေးကိုယ်ပိုင်ပြဌာန်းခွင့်ကို ငြင်းပယ်ခံရရုံမျှဖြင့် လုံလောက်သည်ဟု အချို့က ငြင်းခုံကြပြီး အချို့က လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးစုကို ရှင်းလင်းမှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင်သာ ကျင့်သုံးသင့်သည်ဟု အချို့က စောဒကတက်ကြသည်။

ထိုသို့သော အကောင်အထည်ဖော်မှုမျိုးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သဘောတူညီမှုရရှိရန်မှာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ပြန်လည်ကုစားရေး အတွက် ခွဲထွက်လာမည့်နယ်မြေအား ချက်ခြင်းထောက်ခံနိုင်ကြသော်လည်း နိုင်ငံအများအပြားသည် တဘက်သတ်ခွဲထွက်ခြင်းကို လက်ခံရန် မတင်မကျဖြစ်ရကာ တင်းမာမှုများ ငြိမ်သက်သွားသည်နှင့် နိုင်ငံအသစ်ကို အသိအမှတ်မပြုခြင်းလည်း ဖြစ်နိုင်သည်။

အချုပ်ရသော် ခွဲထွက်ခြင်းဆိုင်ရာ ပြန်လည်ကုစားရေး အယူအဆသည် လွန်ကဲသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် သီအိုရီအရ ဆွဲဆောင်မှု ရှိပါသော်လည်း ၎င်းအားလက်တွေ့ အကောင်အထည်ဖော်မှုမှာမူ ထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်။ လက်ရှိပထဝီနိုင်ငံရေးအခင်းအကျင်းတွင် ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံမှုရရှိရန် မဖြစ်နိုင်ပေ။ တကယ်တမ်းတွင် ကုလသမဂ္ဂသည် လက်နက်နိုင်ငံများ၏ အသိုင်းအဝိုင်းဖြစ်ပြီး အမျိုးသားလူထုများ၏ အသိုင်းအဝိုင်း မဟုတ်ပေ။

မျှတသောကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ အရေးဆိုမှုများ

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တည်ဆောက်နေသည့် အစုအဖွဲ့အတွက် သင့်လျော်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကို သတ်မှတ်ခြင်းသည် ကျန်နိုင်ငံ၏ အဖွဲ့ဝင်ယူနစ် (ဥပမာ ပြည်နယ်) များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ်  ရိုက်ခတ်လာနိုင်ချေရှိသည့် သက်ရောက်မှုများနှင့် ၎င်းတို့၏ ကိုယ်တိုင်အုပ်ချုပ်ပိုင်ခွင့် အခွင့်အရေးကို ဟန်ချက်ညီစေရန် လိုအပ်သည်။ ဤချိန်ခွင်လျှာသည် ဒီမိုကရက်တစ်နည်းကျ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်မှုဆိုင်ရာ အခြေခံမူများကို ထည့်သွင်းစဉ်းစားသင့်ပြီး ယူနစ်တိုင်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လုပ်ငန်းစဉ်တွင် လျော့ပါးမသွားစေရန်လိုသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်၏ အတိုင်းအတာနှင့် ကန့်သတ်ချက်များကို ခွဲခြားသတ်မှတ်ခြင်းသည်လည်း စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် အခြားသူများ၏ အခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မထိပါးစေရေး၊ သို့မဟုတ် အုပ်စုတစ်စုအား ပိုမိုကျယ်ပြန့်သော နိုင်ငံတော်ကို မတရားထိခိုက်စေရန် ပြုလုပ်စေရေးအတွက် မဟုတ်ပေ။ စီးပွားရေးမူဝါဒများ၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ ဘာသာစကား၊ ဥပဒေများနှင့် လူတဦးချင်းစီ၏ သုခချမ်းသာနှင့် ကိုယ်ပိုင်စီမံခွင့်အပေါ် သက်ရောက် မှုရှိသော အခြားအချက်များကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရပေမည်။

အဆိုပါစိန်ခေါ်မှုများကိုဖြေရှင်းသည့်အခါ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများတွင် တစိုက်မတ်မတ်ပါဝင်ရန်၊ လမ်းညွှန်မူများကိုလိုက်နာရန်နှင့် ကိစ္စတစ်ခု စီ၏ သီးခြားအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရန်အရေးကြီးပါသည်။ တပြေးညီ အားလုံးအတွက် ဖြေရှင်းနိုင်မည့်ပုံစံ မရှိသော်လည်း၊ တရားမျှတမှု အခြေခံ မူများနှင့် သက်ဆိုင်သူအားလုံး၏ သုခချမ်းသာ အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို ဂရုတစိုက် ချိန်ဆခြင်းဖြင့် နှစ်ဦးနှစ်ဖက် သဘောတူထားသည့် ဖြေရှင်းချက်များကို ရရှိနိုင်ပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မည်သူတွင်ရှိသည်ကို ဆုံးဖြတ်ရန် မတင်မကျ ဖြစ်တတ်သည်။ လွယ်ကူသောအဖြေမရှိပါသောကြောင့် ပါဝင်သည့်အချက်အားလုံးကို ထည့်သွင်း စဉ်းစားရန် အရေးကြီးပါသည်။ ချဉ်းကပ်မှုတစ်ခုမှာ လွတ်လပ်လိုသောဆန္ဒကို အာရုံစိုက်ရန်ဖြစ်သည်။ အတူတူဖြစ်တည်ဝေမျှထားသော သမိုင်း၊ ဘုံဓလေ့ထုံးတမ်း များနှင့် လူမျိုးတမျိုးကို တစုတစည်းတည်း ပေါင်းစည်းစေသော ယဉ်ကျေးမှုလက္ခဏာများကို ဤချဉ်းကပ်မှုမှ အသိအမှတ်ပြုသည်။ အခြားနည်းလမ်းမှာ နိုင်ငံ/ပြည်နယ်တစ်ခု၏ လိုအပ်သော လုပ်ငန်းဆောင်တာများကို တာဝန်ယူအကောင်အထည်ဖော်နိုင်မှုအပေါ် အာရုံစိုက်ရန်ဖြစ်သည်။

ဤချဉ်းကပ်မှုသည် ရပိုင်ခွင့်နှင့် တာဝန်ယူနိုင်စွမ်းကို ယှဉ်တွဲစဉ်းစားကာ အခြေခံအဆောက်အအုံများကို ထိန်းသိမ်းရန်နှင့် အများသူငှာကောင်းကျိုးများ ပံ့ပိုးပေး    နိုင်စွမ်းရှိရန် လိုအပ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်သည် ပြည်သူတို့လိုလားသော နိုင်ငံရေးအခြေအနေတစ်ရပ်ကို ရှာဖွေခြင်းဖြစ်ပြီး ပုန်ကန်မှုဟူသည် ရှိရင်းစွဲ နိုင်ငံတော်အား ဖြုတ်ချရန် ကြိုးပမ်းသည့်သဘောဖြစ်သည်ဟု ဆိုနိုင်သည်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုချက်များကို ဟန်ချက်ညီအောင် ထိန်းကျောင်းခြင်းတွင် တရားမျှတမှု၊ ဒီမိုကရေစီ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် တဦးချင်းလွတ်လပ်ခွင့်ဆိုင်ရာ အခြေခံမူများကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ တရားမျှတသော ဆုံးဖြတ်ချက်ကို ရှာဖွေရာတွင် ဖြစ်ရပ်တစ်ခုချင်းကို ခွဲခြမ်းစိတ်ဖြာခြင်း၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများနှင့် ပါဝင်ပတ်သက်သူအားလုံး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သုခချမ်းသာကို ထိန်းကျောင်းပေးသည့် အပြန်အလှန်သဘောတူညီချက်များ လိုအပ်ပါသည်။

နယ်မြေဆိုင်ရာ အရေးဆိုမှု

မြေယာ (land) နှင့် နယ်မြေ (territory) တို့၏ ကွဲပြားပုံမှာ မြေယာသည် လက်တွေ့မြေကြီးနေရာဖြစ်ကာ နယ်မြေသည် လူမှုနိုင်ငံရေးဆိုင်ရာနေရာ ဖြစ်ပါသည်။ နယ်မြေသည် သီးခြားဖြစ်သည့် လူမှုအသိုက်အမြုံ သို့မဟုတ် အုပ်စု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျင့်သုံးရန်၊ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်နှင့် ထူးခြားသော လိုအပ် ချက်များနှင့် တန်ဖိုးများနှင့်အညီ မိမိတို့ဘာသာ စီမံကြရန် ရုပ်ပိုင်းဆိုင်ရာနေရာများ ပံ့ပိုးပေးသောကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်သည်။

နယ်မြေထိန်းချုပ်မှု မရှိသည့်အတွက် အသိအမှတ်ပြုထားသော ဇာတိမြေမရရှိခြင်းသည် ဘေးဖယ်ခံထားသောအသိုင်းအဝိုင်းများဘဝသို့ ဦးတည်သွားစေနိုင်ပြီး၊ ယ‌ဉ်ကျေးမှုများ ပွန်းပဲ့နိမ့်ပါးကာ ပြင်ပလွှမ်းမိုးမှုများကို ခံနိုင်ရည်အားနည်းသွားစေနိုင်သည်။ မြေယာသည် ကိုယ်ပိုင်ပြဌာန်းနိုင်သည့် လူ့အဖွဲ့အစည်းတစ်ခု၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ပေးပြီး ၎င်း၏ကိုယ်ပိုင်ကံကြမ္မာကို ပုံဖော်ရန်နှင့် ၎င်း၏ကိုယ်ပိုင်လက္ခဏာကို ထိန်းသိမ်းနိုင်မှုတို့ကို အခြေခံလည်းဖြစ်ပါသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်၏ အမျိုးသားရေးရှုထောင့်သည် အမြဲတမ်း နယ်နိမိတ်နှင့်ဆိုင်သည့်အမြင် ရှိပေသည်။ တဘက်ကလည်း အချို့ပညာရှင်များက ကိုယ်ပိုင်ပြဌာန်းခွင့် သည် “ကိုယ့်ကိုကိုယ် စီမံအုပ်ချုပ်ပိုင်ခွင့်” ဖြစ်ပြီး “မြေပိုင်ခွင့်” မဟုတ်သည့်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နယ်မြေ တောင်းဆိုမှုရှိကြောင်း ပြသရန် မလိုအပ်ဟု ဆိုကြသည်။ သို့သော် သမိုင်းတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို အတူတူချဉ်းကပ်ကြသည်ကိုလည်း မြင်နိုင်သည်။

လစ်ဘရယ်ဒီမိုကရက်တစ်သီအိုရီတွင်၊ အစိုးရတစ်ရပ်၏တရားဝင်မှုသည် ပြည်သူကိုအစေခံနိုင်မှုနှင့် ၎င်းတို့၏အခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်ခြင်းမှ ဆင်းသက် လာသည်။

အဆုံးစွန်အားဖြင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွင် နယ်မြေပိုင်ဆိုင်မှုတောင်းဆိုချက်များ၏ အရေးပါမှုသည် သီးခြားအကြောင်းအရာ၊ ဥပဒေဘောင်များသာမက လွှမ်းမိုးနေ သော အုပ်ချုပ်မှုနှင့် ပိုင်ဆိုင်မှုဆိုင်ရာ သီအိုရီများပေါ်တွင် မူတည်ပါသည်။ ရှုပ်ထွေးပြီး အချေအတင် ဆွေးနွေးနေသော အကြောင်းအရာတစ်ခုဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်း ခွင့်ရာ လေ့လာမှုအတွင်း မတူညီသော ရှုထောင့်များ ရှိနေပါသည်။

အခွင့်အရေးကို အရည်အသွေးမှတ်ကျောက်တင်ခြင်း

ကိုယ်ပိုင်ပြဌာန်းခွင့်ကိုရှာသောအုပ်စုသည် လစ်ဘရယ်ကိုဆန့်ကျင်သော သို့မဟုတ် ဒီမိုကရေစီကို လက်မခံသောအခါ၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အကျိုးအကြောင်း ဆက်စပ်မှုကို အပြည့်အဝရရှိနိုင်မည် မဟုတ်ပေ။ အမှန်တော့၊ ကိုယ်ပိုင်ပြဌာန်းခွင့်သည် “ပြည်သူ” အတွက်ဖြစ်ပြီး မြေယာဒေသကို ထိန်းချုပ်လိုသော ထိပ်ပိုင်း အုပ်စုအတွက် မဟုတ်ပါချေ။

ကောင်းမွန်စွာ လည်ပတ်နေသော ဒီမိုကရေစီစနစ်များတွင်၊ လူနည်းစုအခွင့်အရေးများကို ကာကွယ်ရန် လိုအပ်မှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ချိန်ခွင်လျှာညှိရန် အရေးကြီး ပါသည်။ အထူးသဖြင့် လစ်ဘရယ်ကိုငြင်းပယ်သည့် သို့မဟုတ် ဒီမိုကရေစီလက်မခံသည့် အုပ်စုက အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်သည့် ယဉ်ကျေးမှု တခုခုကို ကာကွယ်လိုသည့်အခါ အခက်ခဲပေါ်နိုင်သည်။ အမေရိကန်ပြည်တွင်းစစ်သည် ကိုယ်ပိုင်ပြဌာန်းခွင့်ပေး၍မရနိုင်သည့် အခြေအနေတစ်ခု၏ ဥပမာတစ်ခုဖြစ်သည်။ ကျွန်စနစ်ကို ထိန်းသိမ်းလိုသော ပြည်နယ်များသည် အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်လိုခဲ့သည်။ ထိုပြည်နယ်များသည် အာဖရိကန်အမေရိကန်များအတွက် အခြေခံလွတ်လပ်မှုကို ငြင်းပယ်သကဲ့သို့ ဖြစ်မည့်အတွက် ခွဲထွက်ခြင်းကို ခွင့်ပြုရန် မဖြစ်နိုင်ချေ။

အုပ်စုတစ်စုအဖို့ သမိုင်းနဲ့ချီသည့် ထိခိုက်ရမှုများ၊ စီးပွားရေးပြဿနာများ၊ သို့မဟုတ် ယဉ်ကျေးမှုထိန်းသိမ်းခြင်း ကဲ့သို့သော ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုချင်သည့် အကြောင်းရင်းများစွာရှိသည်။ ကိုယ်ပိုင်ပြဌာန်းခွင့် ပေးမည်၊ မပေးမည်ကို ဆုံးဖြတ်သည့်အခါ ကိစ္စတစ်ခုချင်းစီ၏ သီးခြားအခြေအနေများကို ထည့်သွင်းစဉ်းစားဖို့ရန် အရေးကြီးသည်။ ဥပမာအားဖြင့်၊ အုပ်စုတစ်စုသည် နိုင်ငံတော်က ကျူးလွန်ထားသည့် သမိုင်းနှင့်ချီသော ထိခိုက်မှုအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရှာဖွေနေနိုင်သည်။

၎င်းတို့သည် ယခင်က ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ သို့မဟုတ် အောင်နိုင်မှုစသည့် အရာများအပေါ် အခြေခံနိုင်သည်။ ထိုမကျေနပ်ချက်များသည် ယနေ့ခေတ်နှင့် ဆက်နွယ် နေသေးသလားဟု သုံးသပ်ရန် အရေးကြီးပါသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ/မရှိ ဆုံးဖြတ်ရာတွင် သဘောထားကွဲလွဲသူများနှင့် လူနည်းစုများ၏ အခွင့်အရေးများကို ထည့်သွင်းစဉ်းစားရန်လည်း အရေးကြီးပါသည်။

– စည်းနရီ

Related Articles

Back to top button