သတင်း

ဖားကန့် မြေစာပုံပြိုကျမှု ထပ်မံမဖြစ်စေရေး စနစ်တကျစီမံပေးဖို့ ကချင်အရပ်ဘက်အဖွဲ့များ တိုက်တွန်း

ဖားကန့် မြေစာပုံပြိုကျမှု ထပ်မံမဖြစ်စေရေး အာဏာပိုင်များနဲ့ လုပ်ငန်းရှင်ကုမ္ပဏီတို့ စနစ်တကျစီမံခန့်ခွဲပေးဖို့ ကချင်အရပ်ဘက်အဖွဲ့များ တိုက်တွန်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁၆ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ မနမှော်မှာ သြဂုတ်လ (၁၃) ရက်နေ့ ၃ နာရီခွဲခန့်က မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမားတွေနဲ့ လက်ကျင်းသမား (၄၀) ဦးခန့် သေဆုံးမှုနဲ့ပတ်သက်ပြီး သဘောထား ထုတ်ပြန်ချက်တစ်ခုကို ကချင်အရပ်ဘက်အဖွဲ့အစည်း(၁၆)ဖွဲ့က ယမန်နေ့ သြဂုတ်လ (၁၅) ရက်နေ့မှာ တိုက်တွန်း ထုတ်ပြန်ပါတယ်။ 

သူတို့သဘောထား ထုတ်ပြန်ချက်ထဲမှာတော့ နိုင်ငံကို အုပ်ချုပ်ခဲ့သော နဝတ/နအဖအစိုးရ၊ သိန်းစိန် အစိုးရ၊ NLD အစိုးရနှင့် အာဏာသိမ်း စစ်ကောင်စီ၊ ကချင်တော်လှန်ရေး လက်နက် ကိုင်အဖွဲ့အစည်းနှင့် ကျောက်စိမ်းလုပ်ငန်းကို လုပ်ဆောင်နေသော ခရိုနီကုမ္ပဏီကြီးများသည် တိုင်းပြည်၏ ကျောက်စိမ်းတူးဖော်မှုနှင့် အသုံးပြုချမှုများတွင် တာဝန်ယူ/ခံမှု လျစ်လျူရှုခဲ့ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေရပြီး စနစ်တကျ ဆောင်ရွက်မှုအားနည်းလို့ ပြည်သူလူထုတွေ နေ့စဥ်နဲ့အမျှ အသက်ဆုံးရှုံးနေရတယ်လို့ ဖော်ပြထားပါတယ်။

” ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုလို့ ပြောရင် အကုန်လုံးနဲ့ ဆိုင်တယ်လို့ ပြောလို့ရပါတယ်။ ဘယ်အဖွဲ့ရယ်လို့ လက်ညှိုးထိုးပြောလို့ မရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီလုပ်ငန်းပေါ်မှာ အကုန်လုံးက ပါဝင်ဆက်စပ်နေတာကြောင့် အကုန်လုံးနဲ့ ဆိုင်တယ်လို့ ပြောလို့ရပါတယ်” လို့ Kachin National Forum ၏ တာဝန်ရှိသူ Zau Tang က FJMM ကိုပြောပါတယ်။ 

အခုလို ဖားကန့်မှော်ဒေသက ကျောက်စိမ်းတူးဖော်ပြီး စွန့်ပစ်တဲ့မြေစာပုံများကို ထပ်မံ ပြိုကျမှုများ မဖြစ်စေဖို့နဲ့ လူတွေအသက်ဆုံးရှုံးမှုများ ထပ်မံ မကြုံတွေ့ရဖို့ ကျောက်စိမ်းတူးဖော်တာနဲ့ စီမံခန့်ခွဲတာကို စနစ်တကျ လုပ်ဆောင်ဖို့ အာဏာပိုင်များနဲ့ လုပ်ငန်းရှင်ကုမ္ပဏီတို့ကို ကချင်အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းပါတယ်။

” စီမံခန့်ခွဲမှုတွေ ဘယ်လို လုပ်သင့်တယ်ဆိုတာက ဒီဒေသက ၁၀ စုနှစ်ကျော်အကြာ တူးဖော်တဲ့နေရာ ဖြစ်တဲ့အတွက် ဒီနေရာကို ထိန်းသိမ်းဖို့က အာဏာပိုင်များနဲ့ လုပ်ငန်းရှင်ကုမ္ပဏီတွေ အားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင်မှဖြစ်မယ်။” လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့အဖွဲ့အစည်းမှာ မရှိသလောက်ဖြစ်နေပြီး အာဏာပိုင်တွေဖြစ်ကြတဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ စစ်တပ် အဖွဲ့အစည်းတွေဟာ ဖားကန့်ဒေသကို မှီခိုနေကြတာဖြစ်ပေမယ့် ထိန်းသိမ်းမှုမရှိပဲ တူးဖော်မှုတွေတာ လုပ်ဆောင်နေတယ်လို့ ထောက်ပြပါတယ်။  

လက်ရှိ ရာသီဥတုကြောင့် အလောင်းရှာဖွေရေး ခက်ခဲနေတဲ့ မနမှော် မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးသူ (၄၀) ဦးခန့်ထဲက ရုပ်အ‌လောင်း ၂၅ ခန့်ကို ပြန်တွေ့ရှိထားပေမယ့် အဲဒီအထဲက ၂၀ ဦးခန့်ကိုသာ ပိုင်ရှင်ပေါ်ပြီး အတည်ပြုနိုင်သေးတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဘက်က ပြောထားပါတယ်။ 

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖားကန့်)

Related Articles

Back to top button