သတင်း

ဖားကန့် ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်းကုန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ဖားကန့် ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်းကုန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၇ ရက် ၊ ၂၀၂၃။

ဖားကန့်မြို့နယ်ထဲက ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်းကုန်းကို ကချင်ပြည် လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့ နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကေအိုင်အေ အာဘော် သတင်းရင်းမြစ်တို့နဲ့ ကချင်ဘက်ကလာတဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ နမ့်မှော်- တာမခန်သွားလမ်းပေါ်က အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်းကိုတော့ ဒီကနေ့ ဩဂုတ် ၇ ရက်နေ့ နံနက် (၅) နာရီ အချိန်ခန့် က စတင်ပြီး KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၂၆)၊ (၃၁) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သလို နံနက် (၈) နာရီ အချိန်မှာတော့ စစ်ကောင်စီ တပ်စခန်းကို ပူပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် စစ်သားတချို့သေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည့်အပြင် ကသိုဏ်းတောင်စခန်းက တပ်စိတ်မှူး မိသားစုဝင်တွေနဲ့ စစ်သားတချို့ ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ FJMM ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

တပ်စခန်းကျဆုံးခဲ့ပြီး စစ်သား သေဆုံးမှု ရှိခဲ့တဲ့ စစ်ကောင်စီတပ်ဘက်က KIA စခန်းများရှိတဲ့ နေရာများသို့ အချိန်မရွှေး လေကြောင်းဖြင့် ပြန်လည် တိုက်ခိုက်လာနိုင်တာကြောင့် ဒေသခံတွေက စိုးရိမ်မှု ရှိနေပါတယ်။

ယမန်နေ့ ဩဂုတ် ၄ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်မှာ တည်ရှိတဲ့ မလိယန်ရွာနီး တပ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်ခံရပြီးနောက် တပ်ဆုတ်ခွာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ ၄ကြိမ်တိုင် လာရောက် ဗုံးကြဲပစ်ခတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်း ၁၁ နာရီခန့်ကလည်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီး ပန်ချယ်ကွင်းအလွန်က နန့်ကသာချောင်းဘက်မှာလည်း ကချင်ပြည်လွတ် မြောက်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ရှမ်းနီအမျိုးသားများ တပ်မတာ် (SNA)တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ (ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်းက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများနဲ့ ဖမ်းဆီးရမိတဲ့ တပ်စိပ်မှူး မိသားစုဝင်များ)

Related Articles

Back to top button