ဓါတ်ပုံ – PK – PDF 2
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၄၊ ၂၀၂၃
ကယား(ကရင်နီ) ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်း ကုရင်ကျေးရွာအုပ်စု တောင်ကြားမှာ စစ်ကောင်စီတပ်ဖွဲ့များ စခန်းချးဖို့ ပြင်ဆင်နေလို့ ယမန်နေ့ ၂၀၂၃ခုနှစ်၊ မတ်လ (၁၁)ရက်နေ့က မနက်ပိုင်းမှာ PK – PDF2 နှင့် မဟာမိတ် အင်အားစုများမှ တောနင်း ရှာဖွေရာကာ သွားရောက်တိုက်ခိုက်တာကြောင့် မနက်ပိုင်း (၁၀)နာရီခွဲခန့်မှ စတင်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိအပါအဝင်၊ တပ်သား ၁၉ ဦးခန့်သေဆုံးပြီး ၆ ဦးလည်း အရှင် ဖမ်းမိခဲ့တယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PK-PDF 2 ) က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အဲဒီတိုက်ပွဲ အတွင်းမှ စစ်ကောင်စီ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း PK-PDF 2 ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးလည်း (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရခဲ့ပါတယ်လို့ သိရပါတယ်။
ထိခိုက်သေဆုံးမှု ရှိခဲ့တဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံမြို့နယ် အထိုင်တပ်မှ လက်နက်ကြီးပစ်ကူမှုများရှိခဲ့ပြီး ညနေ (၅) နာရီခန့်မှာတော့ အဲဒီ စခန်းချဖို့ ပြင်ဆင်နေတဲ့ ကုရင်ကျေးရွာအုပ်စု တောင်ကြားကနေ ပြန်လည် ထွက်ပြေး ဆုတ်ခွာသွားတယ်လို့ PK-PDF 2 က ပြောပါတယ်။
ဒါ့အပြင် ဖယ်ခုံမြို့နယ်ထဲက တောလမ်းတစ်နေရာမှာတော့ PK – PDF 2 ကင်းထောက် တပ်စိပ်နှင့် ဆုတ်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တို့ကြား မတ်လ ၁၂ ရက်နေ့ ညတခေါင် ၁ နာရီခန့်မှာ နှစ်ဖက် ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့လို့ PK-PDF2 ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။