မြန်မာပြည်နှင့် နိုင်ငံရေးပြဿနာများ
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ (ဗမာနိုင်ငံ) ကြီးဟာ နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပေမဲ့ ပင်လုံကတိကဝတ်ကို အကောင်အထည် မဖော်နိုင်မှုကြောင့် တစ်နှစ်သား လွတ်လပ်ရေးတိုင်းပြည်ကြီးတွင် ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်း တောက်ခဲ့ရသည်။ လူမျိုးပေါင်းစုံ လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး အတွက် မြေပေါ်မြေအောက် နည်းလမ်းပေါင်းစုံနှင့် ချည်းကပ်ခဲ့သော်လည်း ယနေ့တိုင် ပန်းတိုင်မရောက် သေးပေ။ နွေဦးတော်လှန်ရေးသည် တော်လှန်ရေး ဖြစ်စဉ်တွေထဲက ထပ်မံပေါက်ကွဲထွက်လာသော တော်လှန်ရေး ဖြစ်ရပ်တစ်ခု ဖြစ်သည်။
တော်လှန်ရေးဟု ဆိုရာတွင် တိကျသော ပန်းတိုင်၊ လမ်းစဉ်၊ ဦးဆောင်မှုနှင့် မဟာဗျူဟာ၊ နည်းဗျူဟာ၊ လုပ်ငန်းစဉ် တို့ ရှင်းလင်းစွာ ပြဌာန်းထားဖို့ လိုအပ်ပါသည်။ လက်ရှိတော်လှန်ရေးပြဿနာသည် လူမျိုးတစ်မျိုး တည်းကို အခြေခံပြီး ဖြစ်ပေါ်လာတာမဟုတ်သလို လူတန်းစားတစ်မျိုးတည်းအပေါ် အခြေခံဖြစ်တည်လာတာ မဟုတ်ဘဲ ပြည်ထောင်စုကြီးတစ်ခုလုံး၏ အရေးကိစ္စကြီး ဖြစ်ပေသည်။ ထို့ကြောင့် တပြည်လုံးကို ခြုံငုံသော တော်လှန်ရေးဦးဆောင်မှုနှင့် ပြည်ထောင်သား အလုံးစုံပါဝင်သော တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်နိုင်ဖို့ လိုအပ်ပါသည်။
လက်ရှိတော်လှန်ရေးကို ဖြစ်စေသော အရင်းအမြစ်ကြီးဟာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်နှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူမျိုးစုပြဿနာ တို့ ဖြစ်သည်။ စစ်တပ်ရဲ့ နိုင်ငံရေးတွင်းဝင်ရောက်စွက်ဖက်ပြီး အာဏာရှင်စနစ်တည်ဆောက်မှုနှင့် လက်ဝါးကြီးအုပ်မှုတို့ကြောင့်တိုင်းပြည်ကြီးမှာ နှစ်ပေါင်း ၇၀ ကျော် သည်အထိ တော်လှန်ရေးကြီး အတောမသတ် မီးဟုန်းဟုန်းတောက်ခဲ့ရသည်။ ရန်သူသည် စစ်အာဏာရှင်စနစ် ဖြစ်သလို၊ စစ်အာဏာရှင်စနစ်ကို အသက်သွင်းပဲ့ကိုင်နေသော စစ်ဘီလူးခေါင်းဆောင်တို့ ဖြစ်သည်။ ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် ဆူးခလုပ်ဖြစ်နေသော လူမျိုးကြီးဝါဒ၊ အာဏာရှင်စနစ်၊ တပြည်ထောင်စနစ်နှင့် ထိုအရာများကို အသက်သွင်းနေသော အဖွဲ့အစည်းလူပုဂ္ဂိုလ်တို့သည် တိုင်းပြည်၏ ဘုံရန်သူဖြစ်သည်။
ပြဿနာကို ဖြေရှင်းဖို့ ဆိုလျှင် ပြဿနာအရင်းအမြစ်ကို သိဖို့ လိုအပ်သလို ပြဿနာရဲ့ နောက်ခံသမိုင်းကြောင်း ကိုလည်း သေချာနားလည်သဘောပေါက်ဖို့ လိုအပ်သည်။ ဘာကြောင့် ဒီတိုင်းပြည်ကြီးမှာ ပြည်တွင်းစစ်ကြီး ဖြစ်နေရတာလဲ။ တော်လှန်ရေးတွေ အဆုံးမသတ်နိုင်ရတာလဲ။ စစ်အာဏာရှင်စနစ် အမြစ်မနုတ်နိုင်ရ သေးတာလဲ။ ဘာကြောင့် မြန်မာပြည်ကြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် မတည်ဆောက်နိုင်သေးတာလဲ။ အဖြေကတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို မွေးဖွားပေးခဲ့တဲ့ ပင်လုံကတိကဝတ်ကို အကောင်အထည်မဖော်ပေးသေးတာကြောင့်ပင် ဖြစ်သည်။ ပြည်ထောင်စုစနစ်အစား တပြည်ထောင် အာဏာရှင်စနစ်ကို တည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးတန်းတူခွင့်၊ အမျိုးသားရေးတန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်မျိုးကို မတည်ဆောက်နိုင်သေးလို့ပင် ဖြစ်သည်။ထို့ကြောင့် ပြဿနာအရင်းခံသည် စစ်မှန် သော ပြည်ထောင်စုမတည်ဆောက်နိုင်ခြင်းပင် ဖြစ်သည်။
လွတ်လပ်ရေးရပြီးကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၃)ခု ရှိခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ခုသည် သက်တမ်း ၁၄ နှစ်သာ ခံခဲ့သလို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ၁၀နှစ်အကြာတွင် ကျိုးကြောင်းမဲ့စွာ စစ်အာဏာသိမ်းခဲ့ပြန်သည်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပင်လုံစာချုပ်အပေါ် အခြေခံရေးဆွဲပြဌာန်းရမည့် ဖွဲ့စည်းပုံဖြစ်ခဲ့ရပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်ကြား သဘောတူထားသော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွင် အခြေခံရမည့် လမ်းညွှန်မူ (၇)ချက်နှင့် ကတိကဝတ်များကို လျစ်လျူရှုပြီး ဗမာခေါင်းဆောင်များ (ဝါ) ပြည်မခေါင်းဆောင်များက တိုင်းရင်းသားခေါင်းဆောင်များ၏ ဘာသာစကားမကျွမ်းကျင်မှု၊ နိုင်ငံရေး၊ ဥပဒေရေးရာဝေါဟာရမကျွမ်းကျင်မှုအပေါ် အခွင့်အရေးယူပြီး ဗမာလူမျိုးကြီးဝါဒအရင်းခံသော တပြည်ထောင် စနစ်ကို အတင်းသွတ်သွင်းခဲ့သည်။ ၁၉၄၇ ခြနှစ်အခြေခံဥပဒေကို ရေးဆွဲခဲ့သော ဦးချန်ထွန်းကိုယ်တိုင်က “ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အမည်နာမအားဖြင့် ပြည်ထောင်စုစနစ်လို့ ခေါ်ပေမဲ့ အနှစ်သာရအားဖြင့်တော့ တပြည်ထောင်စနစ်ပဲ ဖြစ်တယ်” လို့ ဝန်ခံပြောဆိုခဲ့သည်။ အဆိုးဆုံးအနေနှင့် ဗမာနယ်ကို ပြည်နယ်တစ်ခုအနေနှင့်မသတ်မှတ်ဘဲ တိုင်းခုနစ်ခုအဖြစ်ပိုင်းခြားသတ်မှတ်ပြီး ပြည်ထောင်စု အာဏာအားလုံးကို သိမ်းပိုက်လိုက်သလို ပြည်နယ်ရေးရာကို စည်းလွတ်ဘောင်လွတ် ဝင်ရောက်စွက်ဖက် ချုပ်ခြယ်ခဲ့သည်။ ထို့ကြောင့်တိုင်းရင်းသားခေါင်းဆောင်များက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် စတဲ့ အခွင့်အရေးများအလွန်အကျွံ ဆုံးရှုံးမှုအပေါ် အကြိမ်ကြိမ် ပြန်လည် ပြင်ဆင်ရန် နိုင်ငံရေးအရ တောင်းဆိုခဲ့ပေမဲ့ ပိုမိုဆိုးရွားလာသော လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် ကြောင့် နိုင်ငံရေးဝါဒ၊ လူမျိုးနှင့် နယ်မြေအခြေပြုတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ အသီးသီး ပေါ်ပေါက်လာခဲ့ပြီး ပြည်တွင်းစစ်အစပျိုးခဲ့ပြီး တတိုင်းပြည်လုံး ဆင်းရဲတွင်းနက်သထက် နက်လာသလို လူအခွင့်အရေးများ အလွန်အကျွံဆုံးရှုံးလာခဲ့ရသည်။ ပြည်တွင်းစစ်နှင့် ပုံစံမျိုးစုံသော အာဏာရှင် စနစ်တွေကြောင့် တိုင်းပြည်ဟာ ကမ္ဘာ့အလယ်မှာ နာမည်ဆိုးနှင့် ကျော်ကြားလျက်ရှိသည်။
မြန်မာ့နိုင်ငံရေးပြဿနာအဆက်ဆက်ကို နိုင်ငံရေးလမ်းစဉ်နှင့် တဖုံ၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နှင့် တသွယ်ဖြေရှင်းခဲ့ပေမဲ့ အမြစ်တွယ်အားကြီးလွန်းသော စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်များကို ယနေ့အချိန်အထိ မဖြိုချနိုင်သေးပေ။ သမိုင်းအချိုးအကွေ့အနေနှင့် ၁၉၆၁ ခုနှစ် ဇွန်လတွင် ရှမ်းပြည်နယ်၌ ကျင်းပခဲ့သော တိုင်းရင်းသား(၇) မျိုးတက်ရောက်ဆွေးနွေးခဲ့သော ညီလာခံ သဘောတူညီချက်အရ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုထောင်စုစစ်စစ် ဖြစ်စေရန်အတွက် ၁၉၄၇ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် သဘောတူညီချက်များ ထွက်ပေါ်လာခဲ့ပေမဲ့ ဦးနု၊ ဦးနေဝင်းအပါအဝင် ဗမာခေါင်းဆောင် အများစုက သဘောမတွေ့မှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး ရလဒ်အနေနှင့် ဖက်ဒရယ် စနစ်အား ခွဲထွက်ရေးစနစ်ဟု နာမည်ဖျက်ပြီး ဦးနေဝင်းစစ်တပ်မှ တိုင်းရင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီး ပထမဆုံးအကြိမ် စစ်အာဏာ သိမ်းခဲ့သည်။ ဦးနုအစိုးရ၏ ဗမာလူမျိုးကြီးဝါဒစိတ်ဓာတ် အကျိုးဆက်အနေနှင့် မြန်မာ့မြေပေါ်တွင် စစ်တပ် အုပ်ချုပ်သော စစ်အုပ်ချုပ်ရေးစနစ်ကြီး စတင်ထွန်းကား လာခဲ့သည်။
ထို့နောက် ဦးနေဝင်းရေးဆွဲခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဆိုရှယ်လစ်စနစ်ကို ပုံဖျက်ထားသော တစ်ပါတီအာဏာရှင်စနစ်ကို မွေးဖွားခဲ့သလို တံခါးပိတ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တာကြောင့် တိုင်းပြည်ကြီး မွဲပြာကျခဲ့ရသည်။ တိုင်းပြည်ကြီးသည် အဘက်ဘက်မှ နိမ့်ကျခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် ထိုနိုင်ငံရေးအပြည်တည်နာကြီးပေါက်ကွဲထွက်လာခဲ့သည်။ ၈၈၈၈အရေးတော်ပုံကြီး (ရှစ်လေးလုံးအရေးတော်ပုံ)ကြောင့် ဦးနေဝင်းအစိုးရ ပြုတ်ကျခဲ့ပေမဲ့ ထိုနည်းတူအာဏာရှင်များကသာ ထပ်ဆင့် အုပ်ချုပ်ခဲ့တာကြောင့် နိုင်ငံရေးအရ တိုးတက်မှု မရှိခဲ့တဲ့အပြင် ပိုမိုဆိုးရွားသော ဦးသန်းရွှေ ဦးဆောင်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီက အာဏာထပ်ဆင့်သိမ်းပြီး ပြည်သူများကို နှိပ်ကွပ် အုပ်ချုပ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးခဲ့ပေမဲ့ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို လွဲပြောင်းပေးအပ်ခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို ထောင်နှစ်ရှည်ချပြီး ပြည်သူများကို နိုင်ငံရေးအသိ ဖြတ်တောက်ခဲ့ပါသည်။
ထို့နောက် ကာလတာရှည်အချိန်ဆွဲပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်ခန့်စေမည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး ၂၀၁၀ ခုနှစ်မှာ စတင်အသက်သွင်းအုပ်ချုပ်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထပ်မံအာဏာသိမ်းခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် စစ်တပ်၏ နိုင်ငံတော်အပေါ် ထားရှိသော ယုတ်မာသော စိတ်ဓာတ်နှင့် အာဏာရှင်စနစ်ကို မည်မျှအကာအကွယ်ပြုအထိမခံ ဖြစ်နေကြောင်း ထင်ရှားသည်။
စစ်တပ်အနေဖြင့် တစ်နှစ်ကျော်ကာလအတွင်း ပြည်သူများ၏ မဆုတ်နစ်သော ဇွဲဖြင့် တော်လှန်နေမှုကို လျစ်လျူရှုပြီး ဆက်ပြီး မိုက်တွင်းနက်နေအုံးမည်ဆိုလျှင် စစ်တပ်၏ နိုင်ငံရေး ထွက်ပေါက်လည်း အပြီးတိုင် ပိတ်သွားနိုင်သလို စစ်တပ်၏ လူမှုရေးစီးပွားရေးတည်ရှိမှုလည်း အလွန်ခက်ခဲလွန်းသွားမည်ဖြစ်သည်။ တိုင်းပြည်ကြီးသည် တစ်နှစ်ထက် တစ်နှစ် တော်လှန်ရေးဝိဉာဉ်၊ တော်လှန်ရေးအသိရင့်သန်လာသလို၊ တော်လှန်ရေးနည်းဟန်တွေကိုလည်း ပိုမိုထိရောက်စွာလုပ်ကိုင်လာနိုင်တာကြောင့် စစ်တပ်အနေနှင့် မိုက်တွင်းမနက်ဘဲ အလျင်အမြန် နိုင်ငံရေးအဝန်းအဝိုင်းမှ နုတ်ထွက်ပြီး စစ်သားတို့၏ ကျင့်ဝတ်ကို နှလုံးမူပြီး စစ်အာဏာရှင်စနစ်ကို မိမိကိုယ်တိုင် ပြန်လည် ဖျက်သိမ်းပြီး သမိုင်းအမည်းစက်ကိုပြန်လည်ဖာထေးဖို့ လိုအပ်သည်။
တချိန်းတည်းတွင် ဗမာနိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ဗမာလူမျိုးကြီးဝါဒ ပပျောက်အောင် တာဝန်ယူဆောင်ရွက်ဖို့ လိုပြီး စည်းလုံးညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အမြန်တည်ဆောက်ဖို့ လိုအပ်ပါသည်။ လက်ရှိတော်လှန်ရေးခေါင်းဆောင်များအနေဖြင့် တိုင်းရင်းသားတို့ ခေတ်အဆက်ဆက်တည်ဆောက်ထားသော နိုင်ငံရေး၊ စစ်ရေးတည်ဆောက်မှုများကို အလေးအနက်ထား လေးစားတန်ဖိုးထားပေးဖို့ လိုသလို တိုင်းရင်းသားအားလုံး လိုလားတဲ့ ပင်လုံကတိကဝတ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောက်ရွက်ပေးခြင်းဖြင့် လိုလားသော တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါသည်။
ကံ့ကော်ဖြူ ရေးတယ်
ဖက်ဒရယ်ဂျာနယ်
ဧပြီ ၁၂၊ ၂၀၂၂