ကဗျာ

တော်လှန်ရေး  အောင်ပွဲပန်းတိုင်ဆီ….သို့

နောင်မွန်း

တော်လှန်ရေး  အောင်ပွဲပန်းတိုင်ဆီ….သို့

 

မြန်မာပြည်ရဲ့အရှေ့အနောက်မှသည်

မြောက်မှတောင်ဆီသို့

ယမ်းငွေ့တွေ ဝေခဲ့တယ်။

 

မြန်မာပြည်အလယ်ပိုင်း

မုန်တိုင်းထန်တော့

လူငယ်လူရွယ်လေးတွေ

အဝေးတနေရာစီ

အောင်ပွဲတွေရှာဖွေဖို့

ကိုယ်တိုင်စိုက်ရတယ်။

 

ချင်းအမျိုးတို့ ရိုးရာ တူမီးမှသည်

မောင်းပြန်လက်နက်အထိ

တဆင့်မှတဆင့်တက်ကာ

တောင်ဇလပ်ပန်းတို့မြေမှာ

သတ္တိသွေးတွေ နီခဲ့တယ်။

 

နယ်မြေအသေးဆုံးပေမယ့်

အစွမ်းမသေးတဲ့

ကရင်နီအမျိုးတွေ

ကရင်နီမြေမှာ

အောင်ပန်းတွေအလီလီစိုက်ခဲ့တယ်။

 

ရှမ်းမြောက်တကြော

ကိုးကန့်နဲ့တအာင်းပလောင်ညီနောင်ရခိုင်တို့

သွေးသောက်ကာ သစ္စာထား

နယ်မြေအများအပြားကို

တိုက်ယူပြနိုင်ခဲ့တယ်။

 

ပင်လယ်ဘေးက ရခိုင်အမျိုးတို့မြေ

မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့

ကိုယ်တိုင်စိုက်ခဲ့ ကိုယ်တိုင်ရိတ်သိမ်းခဲ့တယ်

အောင်မြေတို့က အလီလီ။

 

တန်ဖိုးကြီး ကျောက်စိမ်းထွက်ရာ

ကချင်အမျိုးတို့ မြေမှာ

တိုက်တိုင်းမရှုံးဘဲ

အောင်ပွဲတခုပြီးတခု စိုက်ထူခဲ့တယ်။

 

ကရင်အမျိုးတို့ ဖားစည်မြေ

ညီနောင်ဘွားတွေ ပညာဝေ

တော်လှန်တိုက်ပွဲ ဖော်ဆောင်နွှဲခဲ့

အောင်လံတွေလွှင့်ခဲ့တယ်။

 

ညီနောင်တို့အညာမြေ

စစ်ကိုင်းမန္တလေးမကွေးမှသည်

ပဲခူးဧရာဝတီ ရန်ကုန်မြေအထိ

 

မွန်တနင်္သာရီ တောင်ပိုင်းမြေမကျန်

တိုက်ပွဲအောင်သံတွေ

ကြားစေမယ်။

 

စစ်အာဏာရှင် နိဂုံး

အဆုံးသတ်ရင်

ညီနောင်ဘွားတိုင်းရင်းသားတွေအားလုံး

စည်းလုံးညီညာ

အောင်မြင်သစ်မှာ

အောင်ပွဲပန်းတိုင်တွေ

အတူတူစိုက်ကြမယ်။  ။

 

နောင်မွန်း

Related Articles

Back to top button